အခန်း ၃၄
တမန်တော်များကို ရွေးချယ်ခြင်း
ယေရှုကိုဘုရားသခင်၏သိုးသငယ်အဖြစ် နှစ်ခြင်းဆရာယောဟန်ကြေညာပြီး လူထုအကြားယေရှုစတင်ဓမ္မအမှုဆောင်ချိန်မှာ တစ်နှစ်ခွဲကြာခဲ့ပေပြီ။ ထိုအချိန်၌ အန္ဒြေ၊ ရှိမုန်ပေတရု၊ ယောဟန်၊ ယာကုပ် (ယောဟန်၏ညီအစ်ကို) မှစ၍ ဖိလိပ္ပုနှင့်နာသနေလ (ဗာသောလမဲ) တို့သည် ယေရှု၏တပည့်ဦးများဖြစ်ပြီး နောင်တွင်တပည့်များထပ်တိုးလာသည်။
ယေရှုသည်တမန်တော်များကို ယခုရွေးရန်အသင့်ဖြစ်နေပြီ။ သူတို့ကား အထူးလေ့ကျင့်ခံရမည့် ကိုယ်တော်နှင့်ရင်းနှီးသူများဖြစ်လာကြမည်။ သို့သော်ရွေးချယ်ခြင်းမပြုမီ ယေရှုတောင်ပေါ်တက်၍ တစ်ညလုံးဆုတောင်းသည်။ ဘုရားသခင့်ကောင်းချီးနှင့် ဉာဏ်ပညာကိုတောင်းခံဟန်တူသည်။ မိုးလင်းချိန်တွင် တပည့်များကိုခေါ်ပြီး သူတို့အထဲမှ ၁၂ ဦးကိုရွေးချယ်သည်။ သို့တစေ ကိုယ်တော့်တပည့်ဆက်ခံနေကြသောကြောင့် သူတို့ကိုတပည့်များဟုခေါ်သည်။
အထက်ပါ ယေရှုရွေးချယ်သူခြောက်ဦးကား တပည့်ဦးများဖြစ်သည်။ အခွန်တဲမှယေရှုခေါ်လာသည့် မဿဲလည်းရွေးချယ်ခံရသည်။ ကျန်ငါးဦးမှာ ယုဒ (သဒ္ဒဲ)၊ ယုဒရှကာရုတ်၊ ကာနနိတ်လူရှိမုန်၊ သောမနှင့်အာလဖဲ၏သားယာကုပ်တို့ဖြစ်သည်။ ဤယာကုပ်သည် အခြားတမန်တော်ယာကုပ်ထက် အသက်နှင့်အရွယ်ငယ်ပုံရသဖြင့် ယာကုပ်အငယ်ဟူ၍ခေါ်ခံရသူဖြစ်သည်။
ယေရှုနှင့်အတန်ကြာအတူနေလာသဖြင့် သူတို့ ၁၂ ဦးကိုကိုယ်တော်ကောင်းစွာသိသည်။ သူတို့အများစုမှာ ကိုယ်တော့်ဆွေမျိုးများဖြစ်ကြသည်။ ယာကုပ်နှင့်ယောဟန်ဆိုလျှင် ယေရှု၏တစ်ဝမ်းကွဲညီအစ်ကိုများဖြစ်သည်။ အာလဖဲသည် ယေရှုမွေးစားဖခင်၊ ယောသပ်၏အစ်ကိုဖြစ်နိုင်၍ သူ၏သားတမန်တော်ယာကုပ်လည်း ယေရှု၏အစ်ကိုဝမ်းကွဲတစ်ဦးဖြစ်ပေမည်။
သူတို့အမည်များကိုယေရှုမှတ်မိရန် ခက်မည်မဟုတ်။ သို့သော်သင်မှတ်မိနိုင်သလော။ ရှိမုန်အမည်ဖြင့်နှစ်ပါး၊ ယာကုပ်အမည်ဖြင့်နှစ်ပါး၊ ယုဒအမည်ဖြင့်နှစ်ပါးရှိပြီး ရှိမုန်၌ညီအန္ဒြေ၊ ယာကုပ်၏ညီယောဟန်ရှိကြောင်း မှတ်သားရုံနှင့်ရှစ်ပါးအမည်ကို သင်မှတ်မိနိုင်၏။ ကျန်လေးပါးမှာ အခွန်ခံ (မဿဲ)၊ နောင်တွင်သံသယဝင်သူ (သောမ)၊ သစ်ပင်အောက်မှခေါ်တော်မူခြင်းခံရသူ (နာသနေလ) နှင့်သူ့မိတ်ဆွေဖိလိပ္ပုတို့ဖြစ်ကြသည်။
တမန်တော်ဆယ့်တစ်ပါးသည် ယေရှု၏နေရင်းဒေသ ဂါလိလဲမှဖြစ်သည်။ နာသနေလသည်ကာနမြို့မှဖြစ်ပြီး ဖိလိပ္ပု၊ ပေတရုနှင့်အန္ဒြေတို့သည် မူလကဗက်ဇဲဒမြို့မှဖြစ်သော်လည်း နောက်ပိုင်းတွင် ပေတရုနှင့်အန္ဒြေတို့သည် မဿဲနေထိုင်ခဲ့ဟန်တူသည့် ကပေရနောင်မြို့သို့ပြောင်းရွှေ့ကြသည်။ ယာကုပ်နှင့်ယောဟန်တို့သည် ငါးလုပ်ငန်းလုပ်ကိုင်သူများဖြစ်သဖြင့် ထိုမြို့သို့မဟုတ်အနီးတစ်ဝိုက်တွင် နေထိုင်ဖွယ်ရှိ၏။ ယေရှုကိုသစ္စာဖောက်သူ ယုဒရှကာရုတ်တစ်ဦးတည်းသာ ယုဒနယ်မှဖြစ်ဟန်တူသည်။ မာကု ၃:၁၃-၁၉။ လုကာ ၆:၁၂-၁၆။
▪ အဘယ်တမန်တော်တို့သည် ယေရှု၏ဆွေမျိုးသားချင်းများဖြစ်ပုံရှိသနည်း။
▪ မည်သူတို့သည် ယေရှုတမန်တော်များဖြစ်ကြသနည်း။ သူတို့အမည်များကို သင်မည်သို့မှတ်မိနိုင်သနည်း။
▪ တမန်တော်များသည် အဘယ်အရပ်ဒေသတို့မှဖြစ်ကြသနည်း။