အခန်း ၇၀
ဝမ်းတွင်းပါ မျက်မမြင်တစ်ဦးအား စက္ခုအလင်းရစေခြင်း
ယုဒလူတို့ကိုယ်တော်အား ခဲနှင့်ပေါက်ရန်အားထုတ်ကြသော်လည်း၊ ယေရုရှလင်မှထွက်မသွားပါ။ ဥပုသ်နေ့တွင် ကိုယ်တော်နှင့်တပည့်များမြို့တွင်းလမ်းလျှောက်နေစဉ် ဝမ်းတွင်းပါမျက်မမြင်တစ်ဦးကိုတွေ့ကြသည်။ တပည့်များက ‘ဆရာ၊ ဤသူသည်အဘယ်သူ၏အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့်လော။ မိဘအပြစ်ကြောင့်လော” ဟုမေးကြ၏။
လူတစ်ဦးသည် အမိဝမ်း၌အပြစ်ပြုနိုင်ကြောင်း အချို့ရဗ္ဗိဆရာများနည်းတူ တပည့်များယုံကြည်ကြ၏။ သို့သော်ယေရှုက “ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင်၏အမှုတော်ကို သူ၌ထင်ရှားစေမည်အကြောင်းတည်း” ဟုဖြေသည်။ မိမိ၊ သို့မဟုတ် မိဘများပြုမိသည့်အပြစ်ကြောင့် ထိုသူမျက်စိကန်းခြင်းမဟုတ်ပါ။ အာဒံ၏အပြစ်ကြောင့် လူအားလုံးမစုံလင်သဖြင့် ဝမ်းတွင်းပါမျက်ကွယ်ခြင်း၊ ချို့တဲ့ခြင်းဖြစ်ရကြသည်။ ထိုချို့တဲ့မှုသည် ဘုရားသခင့်အမှုတော်ကို ခရစ်တော်ထင်ရှားပြရန်အခွင့်ကောင်းရစေသည်။
ဤအမှုများကိုအရေးတကြီးလုပ်ကိုင်ရမည်ဟုယေရှုဆိုသည်။ “ငါ့ကိုစေလွှတ်တော်မူသောသူ၏အမှုကို နေ့အချိန်ရှိစဉ်တွင်ငါပြုရမည်။ အဘယ်သူမျှအမှုမပြုနိုင်သောအချိန်တည်းဟူသော ညအချိန်လာသေး၏။ ငါသည်ဤလောက၌ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏။” မကြာမီသေခြင်းသည် ယေရှုအားသင်္ချိုင်းအမှောင်သို့ ပို့ဆောင်တော့မည်။ အဘယ်အရာကိုမျှမပြုနိုင်သော ထိုအချိန်မတိုင်မီ ကိုယ်တော်သည်လောကအလင်းဖြစ်ရမည်။
ထို့နောက်ယေရှုမြေပေါ်တံတွေးထွေး၍ရွှံ့လုပ်ပြီးမှ သူ၏မျက်စိကိုရွှံ့နှင့်လူး၍ “သင်သွားလော့၊ ရှိလောင်ကန်၌ မျက်စိကိုဆေးလော့” ဟုမှာသည့်အတိုင်းလုပ်ကိုင်လေသော် ထိုသူစက္ခုအလင်းရလေသည်။ သူ့အသက်တာတွင် ဦးဆုံးမြင်ရခြင်းဖြစ်သည့်အတွက် မည်မျှဝမ်းမြောက်လေမည်တကား။
သူ့အိမ်နီးချင်းနှင့်မိတ်ဆွေများ များစွာအံ့သြကြ၏။ “ဤသူသည်ထိုင်၍တောင်းသောသူဖြစ်သည်မဟုတ်လော” ဟုမေးရာအချို့က “ဟုတ်ကဲ့” ဟုဖြေကြ၏။ မယုံကြည်နိုင်သူအချို့က “ထိုသူနှင့်တူသည်” ဟုဆိုလျှင်၊ ထိုသူက “အကျွန်ုပ်သည်ထိုသူပင်ဖြစ်သည်” ဟုဝန်ခံသည်။
“အဘယ်သို့သင်၏မျက်စိပွင့်သနည်း” ဟုလူတို့ကသိလိုကြသည်။
ထိုသူက “ယေရှုအမည်ရှိသောသူတစ်ယောက်သည် ရွှံ့လုပ်၍အကျွန်ုပ်မျက်စိကိုလူးပြီးမှ၊ ရှိလောင်ရေကန်သို့သွား၍ မျက်စိဆေးလော့ဟုဆိုသည်အတိုင်းအကျွန်ုပ်သွား၍ဆေးလျှင် မျက်စိမြင်သည်” ဟုရှင်းပြ၏။
“ထိုသူသည်အဘယ်မှာရှိသနည်း” ဟုမေးကြရာ “အကျွန်ုပ်မသိ” ဟုဖြေသည်။
လူများကထိုသူအားဖာရိရှဲတို့ထံသို့ပို့လေရာ အလားတူမေးမြန်းခံရသည်။ သူလည်းယခင်အတိုင်းရှင်းပြ၏။
ဖာရိရှဲတို့သည် စက္ခုအလင်းရသောသူနှင့်အတူ ဝမ်းမြောက်သင့်သော်လည်း ယေရှုအားရှုတ်ချလို၍ ‘ထိုသူဥပုသ်မစောင့်။ ဘုရားသခင်သူ့အားစေလွှတ်ခြင်းမဖြစ်နိုင်’ ဟုဆို၏။ လူအချို့မူ “ဆိုးသောသူသည် ဤသို့သောနိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြုနိုင်သနည်း” ဟုဆိုကြသည်။ ထိုသို့အချင်းချင်းကွဲပြားခြင်းသို့ရောက်ကြ၏။
တစ်ဖန်စက္ခုအလင်းရသူအား “သင်၏မျက်စိကိုဖွင့်သောသူသည် အဘယ်သို့သောသူဖြစ်သနည်း” ဟုမေးကြရာ ထိုသူက “ပရောဖက်ဖြစ်သည်” ဟုဆိုသည်။
ယင်းကိုဖာရိရှဲများလက်မခံနိုင်၍ ထိုသူနှင့်ယေရှုညှိပြီး လူတို့ကိုလှည့်စားနေသည်ဟုယုံကြည်သောကြောင့် ထိုကိစ္စကိုဖြေရှင်းရန် ထိုသူ၏မိဘအားအခေါ်လွှတ်ကြ၏။ ယောဟန် ၈:၅၉၊ ၉:၁-၁၈။
▪ မျက်မမြင်ဖြစ်ရခြင်း၏ အကြောင်းကား အဘယ်နည်း။ အဘယ်အကြောင်းကြောင့်မဟုတ်သနည်း။
▪ အဘယ်သူမျှအမှုမပြုနိုင်သော ညအချိန်ကား အဘယ်နည်း။
▪ မျက်မမြင်သူ စက္ခုအလင်းရသည့်အခါ၊ သိကျွမ်းသူများ မည်သို့တုံ့ပြန်ကြသနည်း။
▪ ထိုသူစက္ခုအလင်းရခြင်းနှင့်ပတ်သက်၍ ဖာရိရှဲတို့မည်သို့သဘောထား ကွဲလွဲမှုရှိကြသနည်း။