အခန်း ၉၀
ယေရုရှလင်မြို့သို့ယေရှုနောက်ဆုံးခရီးသွားရာတွင် အနာကြီးရောဂါသည်ဆယ်ဦးအား သန့်စင်စေခြင်း
ယေရုရှလင်အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်ဝေးသောဧဖရိမ်မြို့သို့ ယေရှုကြွသွားခြင်းဖြင့် မိမိကိုသတ်ရန် ယုဒလွှတ်ရုံး၏အားထုတ်မှုကိုပျက်ပြားစေ၏။ ထိုမြို့တွင်ရန်သူတို့နှင့်ကင်းဝေးရန် တပည့်တို့နှင့်အတူနေလေသည်။
သို့သော် စီအီး ၃၃ ခုနှစ်ပသခါပွဲနီးကပ်လာပြီဖြစ်၍ ရှမာရိနယ်ကိုဖြတ်၍ ဂါလိလဲနယ်သို့ယေရှုတစ်ဖန်ကြွချီလေ၏။ အသေခံတော်မမူမီ ၄င်းဒေသသို့နောက်ဆုံးရောက်ခြင်းဖြစ်သည်။ ကိုယ်တော်နှင့်တပည့်တို့သည် ပသခါပွဲတက်ရောက်မည့်အခြားသူများနှင့်အတူ ယေရုရလင်မြို့သို့သွားနေပုံရှိသည်။ သူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်ကမ်း ပေရိယနယ်ကိုဖြတ်သွားကြသည်။
ခရီးအစပိုင်း၌ ရှမာရိ သို့မဟုတ် ဂါလိလဲနယ်အတွင်းရှိ ရွာတစ်ရွာသို့ဝင်စဉ် လူနူဆယ်ဦးခရီးဦးကြိုပြုကြ၏။ ဤကြောက်ဖွယ်ရောဂါသည် ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ်သောလက်ချောင်း၊ ခြေချောင်း၊ နားရွက်၊ နှာခေါင်း၊ နှုတ်ခမ်းတို့ကို တစ်စတစ်စနှင့်စားသွားတတ်သည်။ ရောဂါမကူးစက်စေရန် ဘုရားပညတ်ကဤသို့ဆိုသည်။ “အထက်နှုတ်ခမ်းကိုဖုံးလျက် ‘မစင်ကြယ်၊ မစင်ကြယ်’ ဟုဟစ်အော်ရမည်။ ထိုအနာစွဲသည့်ကာလပတ်လုံး သူသည်ညစ်ညူး၏။ . . . တစ်ယောက်တည်းနေရမည်။”
လူနူဆယ်ဦးသည် ပညတ်တရားကိုလိုက်နာ၍ ယေရှုနှင့်ခပ်ဝေးဝေးမှနေ၍ “သခင်ယေရှု၊ အကျွန်ုပ်တို့ကိုကယ်မသနားတော်မူပါ” ဟုဟစ်အော်ကြ၏။
အဝေးမှသူတို့ကိုမြင်လျှင်ယေရှုက “သင်တို့သွား၍ မိမိတို့ကိုယ်ကိုယဇ်ပုရောဟိတ်များအားပြကြလော့” ဟုမိန့်မှာ၏။ ဤသို့ဆိုရခြင်းမှာ ရောဂါပျောက်ကြောင်းကြေညာခွင့်ကို ယဇ်ပုရောဟိတ်တို့အား ဘုရားပညတ်ကအပ်နှင်းထားသောကြောင့်ဖြစ်၍ ထိုသို့သောသူတို့သည် ကျန်းမာသူများနှင့်ပြန်နေခွင့်ရကြသည်။
လူနူဆယ်ဦးသည် ယေရှု၏အံ့ဖွယ်တန်ခိုးကိုယုံကြည်ကြသည်ဖြစ်ရာ ရောဂါမပျောက်ကင်းသေးသော်လည်း ယဇ်ပုရောဟိတ်တို့ထံသွားကြ၏။ သွားနေစဉ်တွင် သူတို့၏ယုံကြည်ခြင်းကအကျိုးပေးလေ၏။ သူတို့ကျန်းမာသန့်စင်လာပြီတကား။
သန့်စင်သွားသောလူနူကိုးဦးက ခရီးဆက်သွားကြသော်လည်း ရှမာရိတစ်ဦးမူ ယေရှုထံပြန်လာ၍ သူ၌ဖြစ်ပျက်သမျှအတွက် အလွန်ကျေးဇူးတင်ကြောင်းကျယ်သောအသံနှင့် ဘုရားကိုချီးမွမ်းပြီး ယေရှုခြေတော်ရင်း၌ပျပ်ဝပ်လျက် ကျေးဇူးကြီးလှကြောင်းလျှောက်ဆို၏။
ယေရှုကလည်း “တစ်ကျိပ်သောသူတို့သည် စင်ကြယ်ခြင်းသို့ရောက်ကြသည်မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ ဤလူမျိုးခြားတစ်ဦးမှတစ်ပါး ဘုရားဂုဏ်တော်ကိုချီးမွမ်းခြင်းငှာ ပြန်လာသူတစ်ယောက်မျှမရှိသလော” ဟုမေး၏။
ထိုနောက်ရှမာရိလူအား “သင်ထ၍သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကိုငြိမ်းစေပြီ” ဟုမိန့်ဆို၏။
လူနူဆယ်ဦးကို ယေရှုကုသပေးကြောင်းဖတ်ရှုရာတွင် “ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း” ဟူသောကိုယ်တော့်မေးခွန်းမှသင်ခန်းစာကို နှလုံးသွင်းအပ်ပေသည်။ ထိုကိုးဦး၏ကျေးဇူးကန်းမှုသည် ကြီးလေးသောပျက်ကွက်မှုဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်ဖြောင့်မတ်သောကမ္ဘာသစ်တွင် ထာဝရအသက်ရရှိမည်ဟူသောသေချာသည့်ကတိတော်အပါအဝင် ဘုရားထံမှရရှိရာများအတွက် ရှမာရိလူကဲ့သို့ကျေးဇူးသိတတ်မည်လော။ ယောဟန် ၁၁:၅၄၊ ၅၅။ လုကာ ၁၇: ၁၁-၁၉။ ဝတ်ပြုရာ ၁၃:၁၆၊ ၁၇၊ ၄၅၊ ၄၆။ ဗျာဒိတ် ၂၁:၃၊ ၄။
▪ မိမိကိုသတ်ရန်ကြိုးစားမှုကို ယေရှုမည်သို့ပျက်ပြားစေသနည်း။
▪ ထိုနောက်အဘယ်နေရာသို့ ကြွသွားတော်မူသနည်း။ ကိုယ်တော်၏ဦးတည်ချက်ကား အဘယ်နေရာနည်း။
▪ လူနူများ အဘယ်ကြောင့်လူများအဘယ်ကြောင့်အဝေးမှနေကြသနည်း။ သူတို့အားယဇ်ပုရောဟိတ်တို့ထံ ယေရှုအဘယ်ကြောင့်လွှတ်လိုက်သနည်း။
▪ ဤတွေ့ကြုံမှုမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရရှိသနည်း။