အပိုင်း ၈
ပရဒိသုကမ္ဘာတွင် ထာဝစဉ်အသက်ရှင်လေ
၁၊ ၂။ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် လူ့ဘဝမည်သို့ရှိမည်နည်း။
၁ ဘုရားသခင်သည် ဆိုးသွမ်းမှုနှင့်ဆင်းရဲဒုက္ခတို့ကို မြေကြီးမှဖယ်ရှားပစ်ပြီး မိမိကောင်းကင်နိုင်ငံတော်၏ မေတ္တာပါထိန်းချုပ်မှုအောက်ရှိ ကမ္ဘာသစ်ကို ဆောင်ကြဉ်းပေးတော်မူသောအခါ လူ့ဘဝမည်သို့ရှိမည်နည်း။ ဘုရားသခင်သည် ‘လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေ’ ရန် ကတိထားတော်မူသည်။—ဆာလံ ၁၄၅:၁၆။
၂ ပုံမှန်အားဖြင့် သင့်ဆန္ဒမည်သို့ရှိသနည်း။ ပျော်ရွှင်သည့်အသက်တာ၊ တန်ဖိုးရှိသည့်အလုပ်၊ ရုပ်ပိုင်းဆိုင်ရာဖူလုံမှု၊ လှပသည့်ပတ်ဝန်းကျင်၊ လူသားများစပ်ကြားငြိမ်းချမ်းရေးနှင့် မတရားမှု၊ ဖျားနာမှု၊ ဆင်းရဲဒုက္ခနှင့် သေခြင်းမှလွတ်ကင်းမှုတို့ မဟုတ်ပေလော။ ရွှင်လန်းဖွယ်ကောင်းသည့် ဝိညာဏအလားအလာကော မည်သို့နည်း။ ယင်းတို့အားလုံး မကြာမီ ဘုရားသခင်၏ နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ပြည့်စုံလာမည်။ သမ္မာကျမ်းစာပရောဖက်ပြုချက်များက ဖော်ပြသည့် ထိုကမ္ဘာသစ်တွင်ခံစားရမည့် ထူးမြတ်သောကောင်းချီးများကို မှတ်သားပါ။
ပြည့်ဝစုံလင်သည့် ငြိမ်သက်ခြင်းရှိလူသားများ
၃-၆။ ကမ္ဘာသစ်တွင် လူသားများငြိမ်သက်မှုရမည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အတွက် မည်သည့်အာမခံချက်ရှိသနည်း။
၃ “ [ဘုရားသခင်သည်] လေးကိုချိုးလျက်၊ လှံကိုအပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့လျက် မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ၏။”—ဆာလံ ၄၆:၉။
၄ “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။”—ဟေရှာယ ၂:၄။
၅ “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [မြေကြီး၊ ကဘ] ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၁။
၆ “မြေတစ်ပြင်လုံးသည် ငြိမ်ဝပ်ချမ်းသာခြင်းရှိ၏။ ရွှင်လန်းစွာသီချင်းဆိုသံနှင့် ကြွေးကြော်ကြ၏။”—ဟေရှာယ ၁၄:၇။
လူနှင့်တိရစ္ဆာန်ငြိမ်းချမ်းစွာ
၇၊ ၈။ ထိုတွင် လူနှင့်တိရစ္ဆာန်တို့စပ်ကြား မည်သည့်ငြိမ်းချမ်းမှုရရှိမည်နည်း။
၇ “တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူအိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသောအကောင်တို့သည် အတူသွားလာကြ၍ လူသူငယ်သည် သူတို့ကိုပို့ဆောင်လိမ့်မည်။ နွားမနှင့်ဝံမသည် အတူကျက်စား၍ သူတို့သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။ နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသောသူငယ်သည်လည်း မြွေဟောက်တွင်းဝ၌ မိမိလက်ကိုသွင်းလိမ့်မည်။ ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။”—ဟေရှာယ ၁၁:၆-၉။
၈ “ထိုကာလ၌ ငါသည် သူတို့အတွက် တောသားရဲ၊ မိုးကောင်းကင်ငှက်၊ မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်များနှင့် မိတ်သဟာယဖွဲ့ ၍ လေး၊ ဓား၊ စစ်တိုက်လက်နက်တို့ကို မြေပေါ်ကပယ်ရှားသဖြင့် သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည်။”—ဟောရှေ ၂:၁၈။
စုံလင်သည့်ကျန်းမာမှုနှင့် ထာဝရအသက်
၉-၁၄။ ကမ္ဘာသစ်တွင်ရှိမည့် ကျန်းမာရေးအခြေအနေကို ဖော်ပြပါ။
၉ “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။”—ဟေရှာယ ၃၅:၅၊ ၆။
၁၀ “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။”—ဗျာဒိတ် ၂၁:၄။
၁၁ “မြို့သားကလည်း ငါနာသည်ဟုမဆိုရ။”—ဟေရှာယ ၃၃:၂၄။
၁၂ “ထိုသူသည် သူငယ်ထက်အသားအရေနုထွား၍ ပျိုသောအသက်နှင့် တစ်ဖန်ပြည့်စုံလိမ့်မည်။”—ယောဘ ၃၃:၂၅။
၁၃ “ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။”—ရောမ ၆:၂၃။
၁၄ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် . . . ထာဝရအသက်ကိုရ [မည်။]”—ယောဟန် ၃:၁၆။
သေသူများအသက်ပြန်ရှင်
၁၅-၁၇။ သေဆုံးသွားသူများအတွက် မည်သည့်မျှော်လင့်ချက်ရှိသနည်း။
၁၅ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်။”—တမန်တော် ၂၄:၁၅။
၁၆ “[အောက်မေ့ရာ၊ ကဘ] သင်္ချိုင်းများ [ဘုရားသခင်အမှတ်သညာ] မှာရှိသော သူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။”—ယောဟန် ၅:၂၈၊ ၂၉။
၁၇ “သမုဒ္ဒရာသည် မိမိ၌ရှိသောလူသေတို့ကို အပ်ပေး၏။ မရဏာနှင့် မရဏာနိုင်ငံသည်လည်း မိမိတို့၌ရှိသောလူသေတို့ကို အပ်ပေးကြ၏။”—ဗျာဒိတ် ၂၀:၁၃။
မြေကြီး၊ ပေါများကြွယ်ဝသည့်ပရဒိသု
၁၈-၂၂။ ကမ္ဘာတစ်ခုလုံး မည်သည့်အသွင်သို့ ပြောင်းလဲသွားမည်နည်း။
၁၈ “ကောင်းချီးမိုးရေကျရလိမ့်မည်။ တောသစ်ပင်သည် အသီးကိုသီးလိမ့်မည်။ မြေသည်လည်း အသီးအနှံကိုပေးလိမ့်မည်။ ပြည်သားတို့သည် ငြိမ်ဝပ်စွာနေရကြလိမ့်မည်။”—ယေဇကျေလ ၃၄:၂၆၊ ၂၇။
၁၉ “မြေသည် မိမိဘဏ္ဍာကိုပေး၍ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းချီးပေးတော်မူ၏။”—ဆာလံ ၆၇:၆။
၂၀ “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။”—ဟေရှာယ ၃၅:၁။
၂၁ “တောင်ကြီးတောင်ငယ်တို့သည် သင်တို့ရှေ့ မှာ သီချင်းဆိုသံနှင့်ကြွေးကြော်၍ တော၌ရှိသမျှသောအပင်တို့သည် လက်ခုပ်တီးကြလိမ့်မည်။ အမျိုးမျိုးသောဆူးပင်အရာ၌ ထင်းရူးပင်နှင့် မုရတုပင်တို့သည် ပေါက်ကြလိမ့်မည်။”—ဟေရှာယ ၅၅:၁၂၊ ၁၃။
၂၂ “သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်။”—လုကာ ၂၃:၄၃။
အားလုံးအတွက် အိမ်ကောင်းရာကောင်း
၂၃၊ ၂၄။ လူတိုင်းအတွက် ဖူလုံသည့်အိမ်ကောင်းရာကောင်းရမည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့မည်သည့်အာမခံချက်ရရှိထားသနည်း။
၂၃ “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ . . . သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ . . . သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။ ငါရွေးကောက်သောသူတို့သည် အချည်းနှီးမလုပ်မဆောင်ရကြ။ အသက်တိုသောသားကို မဖွားမမြင်ရကြ။”—ဟေရှာယ ၆၅:၂၁-၂၃။
၂၄ “လူအပေါင်းတို့သည် ကိုယ်ပိုင်သောစပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူတစ်ယောက်မျှ မရှိရ။”—မိက္ခာ ၄:၄။
ပရဒိသုတွင် သင်ထာဝစဉ်အသက်ရှင်နိုင်
၂၅။ ကျွန်ုပ်တို့အနာဂတ်တွင် မည်သည့်အံ့ချီးဖွယ်အလားအလာရှိသနည်း။
၂၅ အံ့ချီးဖွယ်အနာဂတ်မြင်ကွင်းပါတကား! ယနေ့ကြုံတွေ့ရသောနေ့စဉ်ပြဿနာများ ဘယ်တော့မျှမရှိတော့မည့် ဘုရားသခင့်ကမ္ဘာသစ်တွင် ခိုင်မာသည့်မျှော်လင့်ချက်ထားရှိပါမူ ဘဝသည် စစ်မှန်သည့်ရည်ရွယ်ချက်ရှိလိုက်မည်ဖြစ်ခြင်း! “အရင်မိုးကောင်းကင်နှင့်မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။” (ဟေရှာယ ၆၅:၁၇) ထိုအခါတွင် အစဉ်အမြဲအသက်ရှင်သွားရမည်ကို သိရခြင်းက အားရနှစ်သိမ့်ဖွယ်ပါတကား– “ [ဘုရားသခင်သည်] သေခြင်းကိုလည်း အစဉ်နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။”—ဟေရှာယ ၂၅:၈။
၂၆။ ဘုရားသခင့်ကမ္ဘာသစ်တွင် ထာဝစဉ်နေခြင်း၏သော့ချက်ကား အဘယ်နည်း။
၂၆ ယခု အလွန်နီးကပ်နေပြီဖြစ်သော ထိုပရဒိသုကမ္ဘာသစ်တွင် အသင်ထာဝစဉ်နေထိုင်လိုသလော။ ‘ဒီလောကနိဂုံးချုပ်တဲ့အခါ ဘုရားသခင့်မျက်နှာသာရပြီး ကိုယ်တော့်ကမ္ဘာသစ်မှာ ဆက်အသက်ရှင်ဖို့ ကျွန်တော်ဘာလုပ်ရမလဲ’ ဟုသင်မေးပေမည်။ ဘုရားသခင်ထံဆုတောင်းရာတွင် ယေရှုဖော်ပြထားသည့်အချက်တစ်ခုကို သင်ပြုရန်လိုသည်– “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ယောဟန် ၁၇:၃။
၂၇။ ဘုရားသခင့်ရည်ရွယ်ချက်တွင် ပါဝင်ရန် သင်ဘာလုပ်ရမည်နည်း။
၂၇ ထို့ကြောင့် သမ္မာကျမ်းစာတစ်အုပ်ကို ရယူပြီး ဤစာစောင်တွင် သင်ဖတ်ရသည့်အရာများကို မှန်မမှန်စစ်ဆေးကြည့်ပါ။ ဤကျမ်းစာအမှန်တရားများကို ဆည်းပူး၊ သွန်သင်ပေးသောအခြားသူများကို ရှာဖွေပါ။ ကျမ်းစာနှင့်ဆန့်ကျင်သည့် အရာများကိုသွန်သင်၊ လုပ်ဆောင်သောအရေခြုံဘာသာရေးများမှ အဆက်ဖြတ်ပါ။ ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်နေသော အခြားသူသန်းပေါင်းများစွာတို့နှင့်အတူ ပရဒိသုမြေကြီးပေါ်တွင် လူသားများထာဝစဉ်နေရန်နှင့်ပတ်သက်သည့် ဘုရားသခင့်ရည်ရွယ်ချက်တွင် သင်မည်သို့ပါဝင်နိုင်ကြောင်းကို စူးစမ်းပါ။ ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်၏ လက်တစ်ကမ်းအနာဂတ်နှင့်ဆိုင်သော ကြေညာချက်ကို မမေ့ပါနှင့်– “ဤလောကမှစ၍ ဆိုင်ရာတပ်မက်ခြင်းသည် ပျောက်လွင့်ဆဲဖြစ်၏။ ဘုရားသခင့်အလိုတော်ကို ဆောက်ရွက်သူမူကား ကာလအစဉ်တည်နေ၏။”—၁ ယောဟန် ၂:၁၇၊ သမ။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
မြေကြီးဆိုင်ရာပရဒိသုကို ပြန်လည်ဖြစ်ပေါ်စေမည့် ဘုရားသခင့်ရည်ရွယ်ချက်သည် မကြာမီပြည့်စုံလာတော့မည်