ဆင်းရဲဒုက္ခ တစ်နေ့နေ့အဆုံးတိုင်မည်လော
ဘဝတွင် ခက်ခဲကျပ်တည်းမှုများကို တစ်ခါမျှမခံစားခဲ့ဖူးသူတစ်ဦးဦးကို သင်သိပါသလော။ သိနိုင်စရာအကြောင်းမရှိပါ! ကမ္ဘာတွင် ဒုက္ခဆင်းရဲအဘယ်ကြောင့် ဤမျှများနေရကြောင်း သင့်အား ယုံကြည်စိတ်ချလောက်ဖွယ် ပြောပြနိုင်မည့်သူတစ်ဦးဦးကိုကော သိရှိပါသလော။ လူများ အဘယ်ကြောင့်ဒုက္ခဆင်းရဲရောက်ရသည်ကို သင်သိပါသလော။
လူအများက လူတစ်ဦးသည် အတိတ်ဘဝတို့တွင် မိမိ၏ပြုမူလုပ်ဆောင်မှုအကျိုးဆက်များကို ခံစားရကြောင်းသွန်သင်သည့် ကံတရားကြောင့်ဖြစ်သည်ဟု ထင်မှတ်ကြသည်။ လူများသည် မိမိကိုယ်တိုင်အပြစ်မပြုပါဘဲလျက်နှင့် ခက်ခဲကျပ်တည်းမှုများကို ခံစားရလေ့ရှိသောကြောင့် ကံတရားယုံကြည်ချက်ကို ဆင်ခြင်တုံတရားနှင့်ညီသောအရာအဖြစ် ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားသည်။ သူတို့သည် ဆင်းရဲနွမ်းပါးသောမိသားစုများတွင် မွေးဖွားကောင်းမွေးဖွားလာမည်၊ အချို့ဆိုလျှင် ပုံပျက်ပန်းပျက်၊ ဒုက္ခိတအဖြစ်ပင် မွေးဖွားလာခဲ့ပေမည်။ အတိတ်ဘဝက မကောင်းမှုတစ်ခုခုလုပ်ခဲ့သောကြောင့် မိမိတို့အပြစ်ဒဏ်ခံရခြင်းဖြစ်သည်ဟု အများအားဖြင့် တွေးထင်ကြသည်။ သင်လည်း ဤနှယ်ပင်တွေးကောင်းတွေးပေမည်။
သို့ရာတွင် ဤအမြင်ကို လူတိုင်းလက်မခံပါ။ လူသားများ၌ မိမိတို့၏လက်ရှိဘဝကို ထိခိုက်စေသည့် အတိတ်ဘဝမရှိကြောင်း လူအများ ယုံကြည်ကြသည်။ ဤကဲ့သို့သောအမြင်ကို ကျွန်ုပ်တို့ ထည့်စဉ်းစားထိုက်သည်။ အဘယ်ကြောင့်နည်း။ အောက်ပါအခြေအနေများကို သုံးသပ်ကြည့်ပါ။
အချို့နိုင်ငံများတွင် တိုင်းသူပြည်သားအများစုသည် ဖြူခါပြာခါကျနေသည်။ ရလဒ်အနေနှင့် ယင်းဒေသများတွင် နေထိုင်သောကလေးအများစုခမျာ ခက်ခဲကျပ်တည်းမှုများစွာကို ခံစားကြရပြီး အဖျားအနာနှင့် ဆင်းရဲနွမ်းပါးမှုတို့ကို များသောအားဖြင့် တစ်သက်လုံးဆက်၍ခံစားကြရရှာသည်။ ဤသို့ ဖြစ်ခြင်းက ထိုကလေးအားလုံးသည် အတိတ်ဘဝက ဆိုးသွမ်းခဲ့ကြသောကြောင့် ယခုဒုက္ခခံနေရသည်ဟူသည့် အဓိပ္ပာယ်လော။ တစ်ဖက်တွင်မူ ချမ်းသာကြွယ်ဝသောနိုင်ငံများရှိ ကလေးများစွာသည် ဥစ္စာဓနကုံလုံကြွယ်ဝသော မိသားစုများတွင် မွေးဖွားခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ဆင်းရဲနွမ်းပါးသောနိုင်ငံများတွင် အသက်ရှင်နေကြသူများထက် ကျန်းမာရေးပိုကောင်းကြပြီး သာ၍ကောင်းသောအကျိုးကျေးဇူးများကို ခံစားကြရသည်။ ထိုကြောင့် ချမ်းသာသောနိုင်ငံများတွင် မွေးဖွားလာကြသူများသည် ဆင်းရဲနွမ်းပါးသောနိုင်ငံများတွင် မွေးဖွားလာကြသူများထက် အတိတ်ဘဝက သာ၍ကောင်းသောသူများဖြစ်ခဲ့ကြသည်ဟူသည့် အဓိပ္ပာယ်လော။
ယင်းကိုယုံကြည်ခြင်းသည် အမှန်ပင်ကျိုးကြောင်းညီညွတ်ပါသလော။ ချမ်းသာသောနိုင်ငံများတွင် မွေးဖွားလာသူများသည် ဆင်းရဲနွမ်းပါးသောနိုင်ငံများတွင် မွေးဖွားလာသူများထက် သာလွန်မြင့်မြတ်သည်ဟု ကောက်ချက်ချစေနိုင်သည်မဟုတ်လော။ သို့သော် ယင်းသည် မမှန်နိုင်ကြောင်း ကျွန်ုပ်တို့သိကြသည်။ ထို့ကြောင့် လူတစ်ဦးလက်ရှိခံစားနေရသည့် ဒုက္ခဆင်းရဲမှာ အတိတ်ဘဝဟုအဆိုရှိသောအချိန် အဆိုးတစ်ခုခုလုပ်ခဲ့သောကြောင့်ဖြစ်သည်ဟူသည့် ယုံကြည်ချက်ကို ဒွိဟဖြစ်စရာခိုင်လုံသောအကြောင်းရှိသည်။ ဤကိစ္စနှင့်ပတ်သက်၍ အမှန်တရားကို ဧကန်မုချသိဖို့ နည်းလမ်းရှိပါသလော။
အမှန်ပင်ရှိသည်၊ ယင်းကို ရှိရှိသမျှ၌ ရှေးအကျဆုံးစာအုပ်ထဲတွင် ရှင်းပြထားသည်။ ဤစာအုပ်ကို အခြားမည်သည့်စာအုပ်ထက်မဆို ဘာသာစကားပို၍များစွာ ပြန်ဆိုထားသည်။ ထို့ကြောင့် ကမ္ဘာအနှံ့အပြားရှိလူသားအားလုံး ယင်းကို ရရှိနိုင်သည်။ ယင်းကို အရှေ့အလယ်ပိုင်းတွင်နေထိုင်သူများက ရေးသားခဲ့ပြီး သမ္မာကျမ်းစာအဖြစ် အများအားဖြင့် ညွှန်းဆိုကြသည်။
ဤရှေးကျသောစာအုပ်က ပထမယောက်ျားနှင့် မိန်းမတို့ကို စုံလင်သောလူသားများအဖြစ် ဖန်ဆင်းခဲ့ကြောင်း ကျွန်ုပ်တို့အားပြောပြသည်။ သူတို့ကို ကမ္ဘာပေါ် ပြည့်စုံကုံလုံသောဝန်းကျင်—လှပသည့် ဥယျာဉ်ကဲ့သို့သော ပရဒိသုတွင် နေရာချခဲ့သည်။ ထို့ကြောင့် သူတို့သည် ဒုက္ခဆင်းရဲလုံးလုံးကင်းသည့် ဘဝဖြင့်နေထိုင်ခဲ့ကြသည်။ သူတို့သည် မည်သည့်ဒုက္ခဆင်းရဲမျှ မတွေ့ရဘဲ ကြုံလာနိုင်သည့်မည်သည့်အခက်အခဲကိုမဆို ကျော်လွှားနိုင်ရန် သူတို့၏ဖန်ဆင်းရှင်က ကြံရွယ်ဖန်တီးထားတော်မူသည်။ ထာဝရပျော်ရွှင်စွာအသက်ရှင်နေထိုင်နိုင်ရန် အရေးကြီးသောစည်းကမ်းချက်တစ်ခုကို သူတို့လိုက်နာဖို့တောင်းဆိုခံရသည်။ ထိုတောင်းဆိုချက်မှာ အသက်ရှင်နေထိုင်ရေးအတွက် ကိုယ်တော်၏နည်းဥပဒေသများကို နာခံခြင်းဖြင့် သူတို့၏ဖန်ဆင်းရှင်ကို ကျေးဇူးတင်စိတ်တင်ပြရန်ဖြစ်သည်။
ဝမ်းနည်းစရာမှာ၊ ဤပထမမောင်နှံစုံသည် သားသမီးများမရနိုင်သေးမီအချိန်တွင် သူတို့ဖန်ဆင်းရှင်၏ ရိုးရိုးမျှဖြစ်သောပညတ်လေးကို မနာခံခြင်းအားဖြင့် ကျေးဇူးကန်းသူများဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။ ရလဒ်အနေနှင့် သူတို့၏စုံလင်သောကျန်းမာရေးနှင့် လှပသည့်ဥယျာဉ်ကဲ့သို့သောစံအိမ်လေး ဆုံးရှုံးသွားသည်။ မကြာမီ၊ အဖျားအနာနှင့် နောက်ဆုံး၌ အိုမင်းပြီး သေခြင်းအပါအဝင် ဒုက္ခဆင်းရဲအမျိုးမျိုး စလာတော့သည်။ သားသမီးများမွေးဖွားလာသောအခါ သူတို့သည် သူတို့မိဘများ၏ မစုံလင်သောအခြေအနေကို အမွေဆက်ခံခဲ့သည်။ ထို့ကြောင့် လူသားများသည် မွေးဖွားချိန်မှစ၍ မြောက်မြားလှသည့် ဒုက္ခဆင်းရဲအမျိုးမျိုးကို မရှောင်ကွင်းနိုင်ဘဲ အိုမင်းပြီး သေဖို့ အကြောင်းဖန်လာလေတော့သည်။
ယင်းသည် သင့်အတွက် ခိုင်လုံ၍ယုတ္တိတန်သလော။ မဖြစ်လျှင် ဤအကြောင်းကို ကျေးဇူးပြု၍သုံးသပ်ပါ။ ထောင်နှင့်ချီသောကလေးများသည် အေအိုင်ဒီအက်စ်ဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးပါလျက် မွေးဖွားလာသည်။ ယင်းမှာ ဤကလေးများ အဆိုးတစ်ခုခုပြုခဲ့သောကြောင့် မဟုတ်သည်ကားသေချာသည်။ ဤသို့မဟုတ်ဘဲ သူတို့ခမျာ ရောဂါကူးစက်နေသော သူတို့၏မိခင်ထံမှ ဗိုင်းရပ်စ်ပိုးရလာခြင်းကြောင့်ဖြစ်သည်။ မိခင်ဖြစ်သူသည် အကျင့်ယိုယွင်းသောကြောင့် ရောဂါကူးစက်သွားခြင်းဖြစ်ပေမည် သို့မဟုတ် အကျင့်ယိုယွင်းသော သူမ၏လင်သားထံမှ ရောဂါကူးစက်ခံခဲ့ရပေမည်။ မည်သို့ပင်ဖြစ်ပါစေ ဗိုင်းရပ်စ်ပိုးသည် သူမ၏ မမွေးသေးသောကလေးထံသို့ တစ်ဆင့်ကူးစက်သွားသည်။ အလားတူစွာ နာခံမှုမရှိသော ပထမလူသားမောင်နှံ၏ သားစဉ်မြေးဆက်တို့သည် မစုံမလင်မွေးဖွားလာခြင်းမှာ ဇီဝအကြောင်းရပ်များကြောင့် ဖြစ်သည်။
လူသားအားလုံးသည် ဤပထမမောင်နှံစုံမှ ဆင်းသက်လာကြောင်း ကျမ်းစာက ကျွန်ုပ်တို့အားဖော်ပြထားသည်။ ထို့ကြောင့် လူအားလုံးသည် မွေးဖွားချိန်မှစ၍ မစုံလင်ကြသောကြောင့် ဒုက္ခဆင်းရဲရောက်ရခြင်းဖြစ်သည်။ ထို့ကြောင့် မွေးရာပါ လူ့မစုံလင်မှုကိုသာမကဘဲ မစုံလင်သောဝန်းကျင်တွင် နေထိုင်ရခြင်းက ယနေ့လူ့ဒုက္ခဆင်းရဲကိုဖြစ်စေသော အဓိကအကြောင်းဖြစ်ကြောင်း ကျမ်းစာကဖော်ပြသည်။
မည်သည့်လူသားမျှ ဤအရာများကို မပြောင်းပစ်နိုင်ရကား သင်ဤသို့စဉ်းစားပေမည်– ‘ဤအတိဒုက္ခအခြေအနေမှ လွတ်မြောက်ဖို့မျှော်လင့်ချက် မရှိတော့ပြီလော။’ ကျမ်းစာ၏အဖြေကား ဤသို့– ယေဟောဝါဟူ၍နာမတော်ရှိသော ဖန်ဆင်းရှင်သည် လူသားများကို စုံလင်မှုပြန်လည်ရရှိစေရန်နှင့် တစ်ကမ္ဘာလုံးကို ဘုန်းကျက်သရေရှိသော ပရဒိသုတစ်ခုဖြစ်စေရန် မိမိ၏သားတော်ယေရှုခရစ်အားဖြင့် ပြင်ဆင်ပေးချက်များ လုပ်ဆောင်ထားတော်မူသည်။ ကျမ်းစာက ဤသို့ဖော်ပြသည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်းတင်ပြသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”—ယောဟန် ၃:၁၆၊ ကဘ။
ကိုယ်တော်၏မေတ္တာနှင့် ကရုဏာတော်ကြောင့် ဖန်ဆင်းရှင်သည် လူသားတို့၏မစုံလင်သောအခြေအနေနှင့် ဒုက္ခဆင်းရဲအနှောင်အဖွဲ့ရှိရှိသမျှတို့မှ ကွင်းလုံးကျွတ်လွတ်မြောက်စေရန် မိမိ၏သားတော် ယေရှုခရစ်ကို အသုံးပြုတော်မူမည်။ ယေရှုအားဖြင့် ဖန်ဆင်းရှင်သည် တစ်ဖက်သားကို ဖိနှိပ်သူများနှင့် မဟာဖန်ဆင်းရှင်က လူသားများအား နေစေလိုသည့်ပုံစံကို စိုးစဉ်းမျှဂရုမစိုက်သူများကို ဤကမ္ဘာပေါ်မှ ရှင်းပစ်တော်မူမည်။ ယောဟန် ၃:၁၆ (ကဘ) တွင် ဖော်ပြသည့်အတိုင်း ကိုယ်တော်ကို ကျေးဇူးတင်စိတ်ပြသည့် “ယုံကြည်ကြောင်းတင်ပြသော” သူများသာ ဖန်ဆင်းရှင်က များမကြာမီ ဖြစ်ပေါ်စေမည့် ကမ္ဘာသစ်တွင် အသက်ရှင်ခွင့်ရရှိကြမည်။
ကျမ်းစာပရောဖက်ပြုချက်များအရ ကျွန်ုပ်တို့သည် ဤအရာများဖြစ်ပျက်တော့မည့် အခါသမယနှင့် အလွန်နီးကပ်သောကာလတွင် အသက်ရှင်နေကြကြောင်း သိရခြင်းက သင့်အားအံ့အားသင့်စေပေမည်။ အမှန်မှာ ကျမ်းစာက ကျွန်ုပ်တို့ခေတ်ကို ဤအစီအစဉ်၏ “နောက်ဆုံးအချိန်” ဟု ခေါ်ထားသည်။ (၂ တိမောသေ ၃:၁၊ ကဘ) ဤအစီအစဉ်၏အဆုံးပြီးနောက် ကမ္ဘာတစ်ခွင်ပရဒိသုတစ်ခုဖြစ်လာမည်။ ထိုပရဒိသုတွင် ထိုက်တန်သူများဟုစီရင်ခံရသူများသည် ပထမလူသားမောင်နှံကို ဖန်ဆင်းခဲ့ချိန်က ဖန်ဆင်းရှင် မူလရည်ရွယ်ထားတော်မူသည့်အတိုင်း ဒုက္ခဆင်းရဲမှန်သမျှမှ လွတ်ကင်းကာ ထာဝစဉ်အသက်ရှင်ကြလိမ့်မည်။
ဤကောင်းချီးများဖြစ်ပျက်လာမည်ဟု သင်မည်သို့သေချာပေါက်သိနိုင်မည်နည်း။ ထပ်ဆင့်အကြောင်းအရာများအတွက် သင့်အားဤဝေစာကိုပေးထားခဲ့သည့် ယေဟောဝါသက်သေများကို အဆက်အသွယ်လုပ်ရန် ကျေးဇူးပြု၍ ချီတုံချတုံမဖြစ်ပါနှင့်။
သုံးသပ်ရန် ကျမ်းစာအကိုးအကားများ
ကမ္ဘာဦး ၁:၃၁က– “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ၏။”
ကမ္ဘာဦး ၂:၈– “ထာဝရအရှင်ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင် ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌နေရာချတော်မူ၏။”
ကမ္ဘာဦး ၂:၁၆၊ ၁၇– “ထာဝရအရှင်ဘုရားသခင်ကလည်း ‘ကောင်းမကောင်းကိုသိကျွမ်းရာအပင်မှတစ်ပါး၊ ထိုဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကို သင်သည်စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်’ ဟု လူကိုပညတ်ထားတော်မူ၏။”
ရောမ ၅:၁၂– “ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။”
ဆာလံ ၄၉:၇– “မိမိညီအစ်ကိုကို အဘယ်သူမျှ အလျှင်းမရွေးနိုင်။ ရွေးရန်အဖိုးကို ဘုရားသခင်၌မပေးနိုင်။”
ဟေရှာယ ၃၃:၂၄– “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။”
၂ တိမောသေ ၃:၁၊ ကဘ– “သို့ရာတွင် နောက်ဆုံးအချိန်၌ ခဲယဉ်းသောကာလသည် ရောက်လာမည်ကို သိမှတ်လော့။”
၁ တိမောသေ ၆:၁၇၊ ၁၉– “ငွေရတတ်သောသူတို့သည် . . . ဘုရားသခင် ကိုကိုးစားရမည်အကြောင်းနှင့် . . . မှန်သောအသက်ကို ဝင်စားလိုသောငှာ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ဆည်းပူးခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့။”
ဗျာဒိတ် ၂၁:၃-၅– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။”
အမှတ်အသားမပါသော ကျမ်းချက်အားလုံးသည် ယုဒသန်ဘာသာပြန်ကျမ်းမှ ဖြစ်သည်။
[Picture Credit Line on page 6]
Cover Photo: Patrick Frilet/Sipa Press