ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fy အခန်း ၃ စာ. ၂၇-၃၈
  • အိမ်ထောင်ခိုင်မြဲရေးသော့ချက်နှစ်ခု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်ထောင်ခိုင်မြဲရေးသော့ချက်နှစ်ခု
  • မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပထမသော့ချက်
  • ဒုတိယသော့ချက်
  • ခရစ်တော်ကဲ့သို့သောဦးစီးမှု
  • ဇနီး၏လက်အောက်ခံမှု
  • ကောင်းမွန်သော ပြောဆိုဆက်သွယ်မှု
  • လင်သားတစ်ဦးအနေနှင့် မေတ္တာ နှင့် ရိုသေမှု ပြခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ရိုသေလေးစားခံရသော လင်ယောက်ျား
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • မိသားစု ပျော်ရွှင်နိုင်ပုံ​—အပိုင်း ၁
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • မိသားစုဘဝကို အောင်မြင်စေခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
fy အခန်း ၃ စာ. ၂၇-၃၈

အခန်း သုံး

အိမ်ထောင်ခိုင်မြဲရေးသော့ချက်နှစ်ခု

၁၊ ၂။ (က) အိမ်ထောင်ကို မည်မျှကြာကြာတည်တံ့စေရန် ဘုရားသခင် ကြံရွယ်တော်မူသနည်း။ (ခ) မည်သို့ဖြစ်နိုင်သနည်း။

ပထမ လူယောက်ျားနှင့် လူမိန်းမတို့ကို ဘုရားသခင် ထိမ်းမြားစုံဖက်ပေးစဉ်က သူတို့သည် ခေတ္တယာယီမျှသာ ပေါင်းသင်းရန်ဟူသော လက္ခဏာလုံးဝမရှိခဲ့ပါ။ အာဒံနှင့်ဧဝတို့သည် ရာသက်ပန် ပေါင်းသင်းသွားရန်ဖြစ်သည်။ (ကမ္ဘာဦး ၂:၂၄) ဂုဏ်သရေရှိသော အိမ်ထောင်တစ်ခုအဖို့ ဘုရားသခင်သတ်မှတ်သည့်စံမှာ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦး ပေါင်းစည်းခြင်းပင်ဖြစ်သည်။ အိမ်ထောင်ဖက်တစ်ဦး သို့မဟုတ် နှစ်ဦးစလုံးက ကြီးလေးသော လိင်ဆိုင်ရာကိုယ်ကျင့်တရား ဖောက်ပြားမှသာလျှင် ကျမ်းစာအရ လင်မယားကွာရှင်း၍ နောက်အိမ်ထောင်ပြုပိုင်ခွင့်ရှိသည်။—မဿဲ ၅:၃၂။

၂ ပုဂ္ဂိုလ်နှစ်ဦးသည် အကန့်အသတ်မရှိ ရှည်လျားသောကာလတစ်လျှောက် အတူတကွ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းနေထိုင်နိုင်ပါသလော။ နေထိုင်နိုင်ပါသည်၊ ဤသို့ပေါင်းသင်းနိုင်ရန် ကျမ်းစာက အရေးကြီးသောအချက်နှစ်ချက်၊ သို့မဟုတ် သော့ချက်နှစ်ချက်ကို ဖော်ပြထားသည်။ လင်မယားနှစ်ဦးစလုံးက ယင်းတို့ကိုလက်တွေ့အသုံးပြုလျှင် ပျော်ရွှင်ချမ်းမြေ့သည့် အိမ်ထောင်ရေးတံခါးကို ဖွင့်နိုင်မည့်အပြင် ကောင်းချီးမင်္ဂလာများစွာကိုပါ ခံစားရကြမည်။ ၎င်းသော့ချက်တို့ကား အဘယ်နည်း။

ပထမသော့ချက်

၃။ အိမ်ထောင်ဖက်တို့သည် အဘယ်မေတ္တာသုံးမျိုးကို ပြုစုပျိုးထောင်သင့်သနည်း။

၃ ပထမသော့ချက်မှာ မေတ္တာဖြစ်သည်။ စိတ်ဝင်စားစရာမှာ ကျမ်းစာတွင် အမျိုးမတူသော မေတ္တာများအကြောင်း ဖော်ပြထားသည်။ တစ်မျိုးမှာ ရင်းနှီးသောမိတ်ဆွေအချင်းချင်းထားရှိသည့် ချစ်ခင်စုံမက်ခြင်းဖြစ်သည်။ (ယောဟန် ၁၁:၃) နောက်တစ်မျိုးမှာ မိသားစုဝင်အချင်းချင်းထားရှိသည့် မေတ္တာဖြစ်သည်။ (ရောမ ၁၂:၁၀) တတိယတစ်မျိုးမှာ ဆန့်ကျင်ဘက်လိင်ရှင်တစ်ဦးအပေါ်ထားရှိသည့် စိတ်ကူးယဉ်ဆန်သောမေတ္တာဖြစ်သည်။ (သု. ၅:၁၅-၂၀) ဤမေတ္တာသုံးမျိုးစလုံးကို လင်မယားနှစ်ဦးစလုံး ကြိုးစားပြုစုရမည်မှာ ဆိုဖွယ်မရှိ။ သို့သော် ဤမေတ္တာသုံးမျိုးထက် အရေးကြီးသည့် စတုတ္ထအမျိုးအစားမေတ္တာတစ်မျိုး ရှိပါသည်။

၄။ စတုတ္ထမေတ္တာအမျိုးအစားကား အဘယ်နည်း။

၄ ခရစ်ယာန်ဂရိကျမ်းစာ၏ မူရင်းဘာသာစကားတွင် ဤစတုတ္ထအမျိုးအစားမေတ္တာကို အဂါးပေး ဟုခေါ်သည်။ ထိုစကားလုံးကို ၁ ယောဟန် ၄:၈ တွင်အသုံးပြုထားသည်။ ထိုကျမ်းချက်၌ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုဆိုသည်။ မှန်ပေသည်၊ “ဘုရားသခင်သည် ငါတို့ကို ရှေးဦးစွာချစ်တော်မူသောကြောင့် ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။” (၁ ယောဟန် ၄:၁၉) ခရစ်ယာန်တို့သည် ဘုရားသခင်အပေါ် ဤသို့သောမေတ္တာကို ရှေးဦးစွာမွေးမြူပြုစုပြီးနောက်မှ လူသားချင်းအပေါ် ပြသကြသည်။ (မာကု ၁၂:၂၉-၃၁) ‘ခရစ်တော်သည် ငါတို့ကိုချစ်တော်မူသောအားဖြင့် ငါတို့အတွက် ကိုယ်ကိုကိုယ် စွန့်တော်မူသည့်နည်းတူသင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့’ ဟူ၍ဖော်ပြသည့် ဧဖက် ၅:၂ ၌လည်း အဂါးပေး စကားလုံးကိုသုံးထားသည်။ ယေရှုက ဤမေတ္တာမျိုးသည် ကိုယ်တော်၏နောက်တော်လိုက် အစစ်များကို ခွဲခြားသိသာစေမည်ဟု မိန့်တော်မူ၏– “သင်တို့သည် အချင်းချင်းချစ် [အဂါးပေး] ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) ၁ ကောရိန္သု ၁၃:၁၃ တွင်လည်း အဂါးပေး ကိုသုံးထားကြောင်း သတိပြုပါ– “ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာ [အဂါးပေး] သည် အမြတ်ဆုံးဖြစ်သတည်း။”

၅၊ ၆။ (က) မေတ္တာသည် ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့ထက် အဘယ်ကြောင့် သာ၍မြတ်သနည်း။ (ခ) မေတ္တာသည် အိမ်ထောင်ရေးကို ခိုင်မြဲတည်တံ့စေရခြင်း၏ အကြောင်းတရားအချို့ကား အဘယ်နည်း။

၅ ဤ အဂါးပေး မေတ္တာသည် ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းတို့ထက် အဘယ်ကြောင့်သာ၍မြတ်ရသနည်း။ ဤမေတ္တာသည် ဘုရားသခင့်နှုတ်မြွက်စကားတော်မှ အခြေခံမူများ—မှန်ကန်သောမူများ—၏ထိန်းကွပ်မှုအောက်တွင်ရှိ၍ဖြစ်သည်။ (ဆာလံ ၁၁၉:၁၀၅) ဤမေတ္တာမျိုးရှိသူသည် တစ်ဖက်သား ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည်ဖြစ်စေ ဘုရားသခင့်အမြင်အရ ကောင်းမြတ်မှန်ကန်သောအရာကို ကိုယ်ကျိုးမဖက်လုပ်ဆောင်ရန် အာရုံစိုက်တတ်ကြသည်။ ဤသို့သောမေတ္တာသည် ဇနီးမောင်နှံတို့အား အောက်ပါကျမ်းစာသြဝါဒကို လိုက်နာနိုင်အောင် ထောက်ကူပေးသည်– “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ [“ယေဟောဝါ၊” ကဘ] သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့။” (ကောလောသဲ ၃:၁၃) ချစ်ခင်ယုယတတ်သော ဇနီးမောင်နှံတို့သည် “အချင်းချင်း အားကြီးသောမေတ္တာ [အဂါးပေး] ရှိကြ” ၏။ ဤမေတ္တာကို ပြုစုပျိုးထောင်ကြ၏။ အကြောင်းမူကား “ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်” ၍ဖြစ်သည်။ (၁ ပေတရု ၄:၈) မေတ္တာသည် အမှားများကိုဖုံးအုပ်တတ်သည်ကို သတိပြုပါ။ အမှားများကို ဖယ်ရှားပစ်မည်ကားမဟုတ်။ မစုံလင်သည့်လူသားများသည် အမှားအယွင်းမကင်းသောကြောင့်ဖြစ်သည်။—ဆာလံ ၁၃၀:၃၊ ၄; ယာကုပ် ၃:၂။

၆ “မေတ္တာသည် မည်သည့်အခါမျှ အရေးနိမ့်ခြင်းမရှိ” သောကြောင့် ဇနီးမောင်နှံတို့အနေဖြင့် ဘုရားသခင်နှင့် အချင်းချင်းအပေါ် ဤမေတ္တာမျိုး ကြိုးစားမွေးမြူမည်ဆိုပါက အိမ်ထောင်ရေးခိုင်မြဲ၍ ချမ်းမြေ့ပျော်ရွှင်မည်ဖြစ်သည်။ (၁ ကောရိန္သု ၁၃:၈၊ ကဘ) မေတ္တာသည် “စုံလင်ခြင်းအဖွဲ့အနှောင်” ဖြစ်၏။ (ကောလောသဲ ၃:၁၄၊ သမ) သင်သည် အိမ်ထောင်သည်ဖြစ်ပါက သင်တို့ဇနီးမောင်နှံအနေဖြင့် ဤမေတ္တာမျိုးကို မည်သို့ကြိုးစားမွေးမြူနိုင်မည်နည်း။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အတူဖတ်ရှု၍ အမြင်သဘောထားဖလှယ်ပါ။ ယေရှု၏ မေတ္တာစံနမူနာတော်ကိုလေ့လာပြီး ကိုယ်တော်ကိုတုပပါ။ ကိုယ်တော်နည်းတူ တွေးတောပြုမူပါ။ ထို့ပြင် ဘုရားသခင့်နှုတ်မြွက်တရားတော် သင်ကြားပေးရာ ခရစ်ယာန်အစည်းအဝေးများကိုတက်ပါ။ ဘုရားသခင့် သန့်ရှင်းသောဝိညာဉ်တော်၏အသီးဖြစ်သည့် မြင့်မြတ်သောဤမေတ္တာမျိုးကို ရင့်သန်ကြီးထွားစေရန် ကူညီမစမှုအတွက် ဘုရားသခင်ထံဆုတောင်းပါလေ။—သု. ၃:၅၊ ၆; ယောဟန် ၁၇:၃; ဂလာတိ ၅:၂၂; ဟေဗြဲ ၁၀:၂၄၊ ၂၅။

ဒုတိယသော့ချက်

၇။ ရိုသေလေးစားခြင်းဆိုသည်မှာ အဘယ်နည်း။ အိမ်ထောင်တွင် မည်သူ ရိုသေလေးစားမှုပြသင့်သနည်း။

၇ လင်နှင့်မယားတို့သည် တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ကြလျှင် တစ်ယောက်ကိုတစ်ယောက်လည်း ရိုသေလေးစားကြပေမည်။ လေးစားခြင်းသည် သာယာချမ်းမြေ့သည့်အိမ်ထောင်အတွက် ဒုတိယသော့ချက်ပင်ဖြစ်သည်။ လေးစားခြင်းကို “သူတစ်ပါးအား စာနာထောက်ထားခြင်း၊ ဂုဏ်တင်ခြင်း” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်က လင်နှင့်မယားအပါအဝင် ခရစ်ယာန်မှန်သမျှတို့အား “အချင်းချင်းဂုဏ်တင်ရာ၌ ဦးဆောင်ကြလော့” ဟုဆုံးမထားသည်။ (ရောမ ၁၂:၁၀၊ ကဘ) “ထိုနည်းတူ ခင်ပွန်းတို့၊ [ကိုယ့်ဇနီးတို့ကို] အားနည်းသောတန်ဆာ မိန်းမသားကဲ့သို့ ဂုဏ်တင်လျက်၊ အသိပညာနှင့်အလျောက် သူတို့နှင့်အတူ ဆက်၍ပေါင်းသင်းနေထိုင်ကြလော့” ဟူ၍ တမန်တော်ပေတရုက ရေးသားခဲ့သည်။ (၁ ပေတရု ၃:၇၊ ကဘ) ဇနီးဖြစ်သူသည် “မိမိခင်ပွန်းကို အလွန်ရိုသေလေးစားရမည်” ဟုဆုံးမထားသည်။ (ဧဖက် ၅:၃၃၊ ကဘ) တစ်စုံတစ်ယောက်အား သင်ဂုဏ်တင်လေးစားသည်ဆိုလျှင် ထိုသူအားကြင်နာစွာဆက်ဆံ၍ သူ၏ဂုဏ်သိက္ခာနှင့် အမြင်သဘောထားတို့ကိုလေးစားပြီး အကျိုးသင့်အကြောင်းသင့်ရှိသော သူ၏ မည်သည့်တောင်းဆိုချက်ကိုမဆို ဖြည့်ဆည်းပေးရန် အဆင်သင့်ရှိပေမည်။

၈-၁၀။ အိမ်ထောင်ရေးကို တည်တံ့ခိုင်မြဲ၍ ပျော်ရွှင်ချမ်းမြေ့စေရန် လေးစားမှုက ထောက်ကူပေးနိုင်သည့် နည်းလမ်းအချို့ကား အဘယ်နည်း။

၈ ပျော်ရွှင်ချမ်းမြေ့သည့်အိမ်ထောင်ရေး မွေ့လျော်ခံစားလိုသူတို့သည် “ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ [ကိုယ့်ကြင်ဖော်၏] အမှုအရာကို အချင်းချင်းရှုမှတ်ကြ” ခြင်းအားဖြင့် မိမိကြင်ဖော်အား ရိုသေလေးစားကြသည်။ (ဖိလိပ္ပိ ၂:၄) သူတို့သည် မိမိတို့၏ကောင်းကျိုးကိုသာ စဉ်းစားမည်မဟုတ်။ ဤသို့ပြုလျှင် တစ်ကိုယ်ကောင်းဆန်ရာကျမည်။ သို့အစား မိမိတို့၏ကြင်ဖော်အတွက်ပါ အကျိုးအရှိဆုံးဖြစ်မည့်အရာကို စဉ်းစားကြသည်။ စင်စစ်ဆိုလျှင် သူတို့သည် ကြင်ဖော်ဖြစ်သူ၏ကောင်းကျိုးကို ဦးစားပေးကြသည်။

၉ လင်နှင့်မယား အပြန်အလှန် ရိုသေလေးစားကြမည်ဆိုလျှင် အမြင်သဘောထားချင်း ကွဲပြားမှုရှိမည်ကို အသိအမှတ်ပြုကြပေမည်။ လူနှစ်ဦး အရာရာတိုင်းတွင် အမြင်သဘောထားချင်း ထပ်တူထပ်မျှဖြစ်ရန်မျှော်လင့်ခြင်းသည် လျော်ကန်မည်မဟုတ်။ ခင်ပွန်းဖြစ်သူအဖို့ အရေးကြီးသောအရာသည် ဇနီးဖြစ်သူအဖို့ အရေးကြီးချင်မှကြီးမည်။ ဇနီးဖြစ်သူ၏အကြိုက်သည် ခင်ပွန်းဖြစ်သူ၏အကြိုက် ဖြစ်ချင်မှဖြစ်မည်။ သို့သော် တစ်ဖက်သား၏ အမြင်သဘောထားနှင့် ရွေးချယ်သည့်အရာသည် ယေဟောဝါ၏ပညတ်နှင့်မူဘောင်အတွင်း ရှိနေသမျှကာလပတ်လုံး ယင်းတို့ကို အချင်းချင်း လေးစားသင့်ပေသည်။ (၁ ပေတရု ၂:၁၆; ဖိလေမုန် ၁၄ နှိုင်းယှဉ်။) ၎င်းပြင် တစ်ဖက်သားကို လူပုံအလယ်၌ဖြစ်စေ၊ သီးသန့်ဖြစ်စေ သိက္ခာချခြင်း၊ ရယ်စရာဟားစရာဖြစ်အောင် ပြုလုပ်ခြင်းကိုရှောင်ကြဉ်ခြင်းဖြင့် တစ်ဖက်သား၏ဂုဏ်သိက္ခာကို အချင်းချင်းလေးစားသင့်သည်။

၁၀ မှန်ပေသည်၊ ဘုရားသခင်ကိုချစ်ခြင်း၊ အချင်းချင်းချစ်ခြင်းနှင့် အပြန်အလှန်လေးစားခြင်းတို့သည် အောင်မြင်သောအိမ်ထောင်ရေးအတွက် အရေးပါသောသော့ချက်နှစ်ခုဖြစ်သည်။ အိမ်ထောင်သည်ဘဝ၏ သာ၍အရေးကြီးသောနေရာအချို့၌ ၎င်းတို့ကို မည်သို့လက်တွေ့အသုံးချနိုင်သနည်း။

ခရစ်တော်ကဲ့သို့သောဦးစီးမှု

၁၁။ ကျမ်းစာအရ အိမ်ထောင်ဦးစီးကား မည်သူနည်း။

၁၁ လူယောက်ျားသည် အောင်မြင်သောအိမ်ထောင်ဦးစီးဖြစ်နိုင်သည့် အရည်အသွေးများဖြင့် ဖန်ဆင်းခံရကြောင်း ကျမ်းစာကဆိုသည်။ ယင်းကြောင့် ​ယောက်ျားဖြစ်သူသည် ယေဟောဝါ၏ရှေ့တော်တွင် ဇနီးနှင့် သားသမီးတို့၏ ​ဝိညာဉ်ရေးနှင့်ကာယရေးအတွက် တာဝန်ရှိသည်။ သူသည် ယေဟောဝါ၏အလိုတော်ကိုထင်ဟပ်စေသည့် မျှတသောဆုံးဖြတ်ချက်များ ချရမည့်အပြင် ဘုရားဝတ်၌မွေ့လျော်သော အပြုအမူဘက်တွင်လည်း စံနမူနာကောင်းဖြစ်ရပေမည်။ “အချင်းမိန်းမတို့၊ သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။” (ဧဖက် ၅:၂၂၊ ၂၃) သို့သော်၊ ခင်ပွန်းဖြစ်သူ၏အပေါ်မှာလည်း ခေါင်းဖြစ်သော အခွင့်အာဏာရှိသူတစ်ပါးရှိကြောင်း ကျမ်းစာကဆို၏။ ​“ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်ကိုလည်းကောင်း သင်တို့သိမှတ်စေခြင်းငှာ ငါအလိုရှိ၏” ဟုတမန်တော်ပေါလုဆို၏။ (၁ ကောရိန္သု ၁၁:၃) ဉာဏ်အမြော်အမြင်ရှိသည့်ခင်ပွန်းသည် မိမိ၏ဦးခေါင်းတည်းဟူသော ခရစ်တော်ယေရှုကိုတုပလျက် ဦးစီးမှုအခွင့်အာဏာကိုကျင့်သုံးရန် သင်ယူပေမည်။

၁၂။ လက်အောက်ခံခြင်းနှင့် ဦးစီးမှုအာဏာကျင့်သုံးခြင်း နှစ်ရပ်စလုံး၌ အဘယ်ကောင်းမြတ်သည့် စံနမူနာကို ယေရှုထားတော်မူခဲ့သနည်း။

၁၂ ယေရှု၌လည်း ယေဟောဝါတည်းဟူသောဦးခေါင်း ရှိတော်မူရာ ကိုယ်တော်သည် ယေဟောဝါ၏အုပ်စိုးခြင်းကို သင့်တင့်လျောက်ပတ်စွာ လက်အောက်ခံတော်မူ၏။ “ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့လိုက်၏” ဟူ၍ ယေရှုမိန့်ဆို၏။ (ယောဟန် ၅:၃၀) ကောင်းမြတ်လှသည့် စံနမူနာပါတကား! ယေရှုသည် ‘ဝေနေယျသတ္တဝါအပေါင်းတို့တွင် သားဦးဖြစ်တော်မူ၏။’ (ကောလောသဲ ၁:၁၅) ကိုယ်တော်သည် မေရှိယဖြစ်လာတော်မူ၏။ ဘိသိက်ခံခရစ်ယာန်အသင်းတော်၏ဦးခေါင်းနှင့် ကောင်းကင်တမန်ရှိသမျှတို့၏အထက် ဘုရားသခင့်နိုင်ငံတော်၏ ရွေးချယ်ခံဘုရင် ဖြစ်လာမည့်အရှင်လည်းဖြစ်၏။ (ဖိလိပ္ပိ ၂:၉-၁၁; ဟေဗြဲ ၁:၄) ကမ္ဘာပေါ်ရှိစဉ် ယေရှုသည် ဤမျှမြင့်မြတ်သည့်ရာထူးနှင့် အလားအလာ ရှိသော်ငြားလည်း ခက်ထန်ကြမ်းကြုတ်ခြင်း၊ အလျှော့မပေးခြင်း၊ တရားလွန်တောင်းဆိုခြင်း ရှိတော်မမူ။ တပည့်တော်များအား မိမိအမိန့်ကိုနာခံရမည်ဟု အစဉ်သတိပေးတတ်သည့် သက်ဦးဆံပိုင်ဘုရင်လည်း မဟုတ်ပေ။ ယေရှုသည် မေတ္တာကရုဏာတရား ကြီးမားတော်မူ၏။ အထူးသဖြင့် အဖိနှိပ်ခံနင်းပြားများအပေါ်ဖြစ်၏။ “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည်ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏” ဟုကိုယ်တော်မိန့်တော်မူ၏။ (မဿဲ ၁၁:၂၈-၃၀) ကိုယ်တော်နှင့်ပေါင်းဖော်ရသည်မှာ ကြည်နူးချမ်းမြေ့စရာပင်ဖြစ်သည်။

၁၃၊ ၁၄။ ချစ်ခင်ယုယတတ်သောခင်ပွန်းသည် ယေရှုကိုတုပလျက် ဦးစီးမှုအာဏာကို မည်သို့ကျင့်သုံးမည်နည်း။

၁၃ ပျော်ရွှင်ချမ်းမြေ့သည့် မိသားစုဘဝမျိုးကို လိုချင်တောင့်တသောခင်ပွန်းအနေဖြင့် ယေရှု၏ ကောင်းမြတ်သောစရိုက်များကို ဆင်ခြင်သုံးသပ်သင့်ပေသည်။ ခင်ပွန်းကောင်းတစ်ယောက်သည် အာဏာရှင်ဆန်ဆန် ခက်ထန်ကြမ်းကြုတ်မည်မဟုတ်၊ ဦးစီးမှုအာဏာကိုလည်း ဇနီးဖြစ်သူအား နိုင်လိုမင်းထက်ပြုမူရန် တင်းပုတ်သဖွယ် မမှန်မကန် အသုံးချမည်မဟုတ်။ သို့အစား ဇနီးဖြစ်သူအား ချစ်ခင်လေးစားဂုဏ်တင်မည်ဖြစ်သည်။ ယေရှုသည် “နှိမ့်ချသောစိတ်သဘောရှိ” သည်ဆိုလျှင် ခင်ပွန်းဖြစ်သူသည် သာ၍ရှိသင့်ပေသည်။ အကြောင်းမှာ သူသည် ယေရှုနှင့်မတူဘဲ အမှားပြုတတ်၍ဖြစ်သည်။ အမှားပြုမိသည့်အခါ ဇနီးဖြစ်သူ၏ နားလည်ခွင့်လွှတ်မှု ရလို၏။ ထို့ကြောင့် စိတ်နှိမ့်ချသောခင်ပွန်းသည် “ကိုယ်မှားပါတယ်၊ တောင်းပန်ပါတယ်” ဟူသောစကားမျိုးကို ဖွင့်ပြောရန်မလွယ်သော်လည်း မိမိအမှားများကို ဝန်ခံတတ်သည်။ ခင်ပွန်းဖြစ်သူသည် မာနကြီး၍ခေါင်းမာသူမဟုတ်ဘဲ ဝင့်ဝါခြင်းမရှိ စိတ်နှိမ့်ချသူဖြစ်ပါက သူ၏ဦးစီးမှုကို ဇနီးဖြစ်သူ လေးစားလိုက်နာရန် သာ၍လွယ်ကူပေမည်။ အတုံ့အလှည့်အားဖြင့် ရိုသေလေးစားမှုရှိသောဇနီးသည်လည်း အမှားပြုမိသည့်အခါများ၌ ဝန်ချတောင်းပန်တတ်သည်။

၁၄ အိမ်ထောင်ပျော်ရွှင်ချမ်းမြေ့ရေးအတွက် အထောက်အကူပြုနိုင်သည့် အရည်အသွေးများဖြင့် လူမိန်းမကို ဘုရားသခင် ဖန်ဆင်းတော်မူခဲ့၏။ ဉာဏ်အမြော်အမြင်ရှိသည့်ခင်ပွန်းသည် ဤအချက်ကိုသိမှတ်ပြီး သူ့ကိုချိုးနှိမ်မည်မဟုတ်။ အမျိုးသမီးအများစုတွင် မိသားစုကို ပြုစုစောင့်ရှောက်ရာ၌လည်းကောင်း၊ လူလူချင်းဆက်ဆံရေး ပြုစုပျိုးထောင်ရာ၌လည်းကောင်း လိုအပ်သည့်အရည်အချင်းများဖြစ်သော စာနာထောက်ထားမှုနှင့် အကင်းပါးမှုတို့ ပို၍ရှိတတ်ကြသည်။ အများအားဖြင့် အမျိုးသမီးများသည် အိမ်ကို နေချင်စဖွယ်ဖြစ်အောင်ဖန်တီးရာ၌ အလွန်ကျွမ်းကျင်ကြသည်။ နယပုံပြင်ကျမ်း အခန်းကြီး ၃၁ တွင်ဖော်ပြသည့် “စွမ်းရည်ရှိသောမယား” သည် အလွန်ကောင်းသော အရည်အချင်းနှင့် ထူးကဲသောပင်ကိုစွမ်းရည် အများအပြားရှိခြင်းကြောင့် သူ၏မိသားစုသည် အကျိုးကျေးဇူး အပြည့်အဝခံစားရသည်။ အဘယ်ကြောင့်နည်း။ သူ့ခင်ပွန်းဖြစ်သူသည် နှလုံးထဲ၌ သူ့ကို “အားကိုးယုံကြည်” ၍ဖြစ်သည်။—သု. ၃၁:၁၀၊ ၁၁၊ ကဘ။

၁၅။ ခင်ပွန်းဖြစ်သူသည် ခရစ်တော်ကိုတုပလျက် ဇနီးအပေါ် မေတ္တာနှင့်လေးစားမှုကို မည်သို့ပြသနိုင်သနည်း။

၁၅ အချို့ယဉ်ကျေးမှုတွင် ခင်ပွန်းဖြစ်သူ၏အခွင့်အာဏာကို အလွန်အမင်း အလေးပေးကြသဖြင့် သူ့အားမေးခွန်းမေးခြင်းကိုပင် မရိုမသေပြုခြင်းအဖြစ် မှတ်ယူကြသည်။ ဇနီးကိုလည်း ကျွန်ကဲ့သို့ ဆက်ဆံကောင်းဆက်ဆံမည်။ ဦးစီးမှုအခွင့်အာဏာကို ဤသို့ မမှန်မကန်ကျင့်သုံးခြင်းဖြင့် ဇနီးဖြစ်သူနှင့်ဆက်ဆံရေးသာမက ဘုရားသခင်နှင့်ဆက်ဆံရေးပါ ထိခိုက်ပျက်စီးနိုင်သည်။ (၁ ယောဟန် ၄:၂၀၊ ၂၁ နှိုင်းယှဉ်။) တစ်ဖက်တွင် အချို့ခင်ပွန်းတို့သည် အိမ်ထောင်တွင် ဦးဆောင်ခြင်းမပြုဘဲ ဇနီးဖြစ်သူအား စိုးမိုးခြယ်လှယ်ခွင့်ပြုကြသည်။ ခရစ်တော်၏အုပ်စိုးခြင်းကို သင့်တင့်လျောက်ပတ်စွာဝန်ခံသော ခင်ပွန်းသည် ဇနီးဖြစ်သူကို ခေါင်းပုံဖြတ်မည်မဟုတ်သကဲ့သို့ ဂုဏ်သိက္ခာညှိုးနွမ်းအောင်လည်း ပြုလုပ်မည်မဟုတ်။ သို့အစား၊ ယေရှု၏ ကိုယ်ကျိုးစွန့်မေတ္တာကိုတုပလျက် ပေါလု၏ အောက်ပါအကြံပြုချက်အတိုင်း ပြုလုပ်မည်ဖြစ်သည်– “ခင်ပွန်းတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ၍ အသင်းတော်အတွက် မိမိအသက်ကို စွန့်တော်မူသည့်နည်းတူ သင်တို့၏ဇနီးများကို ချစ်ကြလော့။” (ဧဖက် ၅:၂၅၊ သတင်းကောင်း) ခရစ်တော်ယေရှုသည် မိမိ၏နောက်တော်လိုက်တို့ကို လွန်စွာချစ်တော်မူသဖြင့် သူတို့အဖို့ အသေခံတော်မူ၏။ ခင်ပွန်းကောင်းတစ်ဦးသည် ဇနီးထံမှ အလွန်အကျွံတောင်းဆိုမည်မဟုတ်ဘဲ ကိုယ်ကျိုးမဖက်သော ထိုသဘောထားမျိုးကိုတုပကာ သူ၏ကောင်းကျိုးကို ရှာကြံပေမည်။ ခင်ပွန်းအနေနှင့် ခရစ်တော်၏အုပ်စိုးခြင်းကိုဝန်ခံ၍ ခရစ်တော်ကဲ့သို့သောမေတ္တာနှင့် လေးစားမှုမျိုးပြသမည်ဆိုလျှင် ဇနီးဖြစ်သူသည်လည်း ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံရန် လှုံ့ဆော်ခံရပေမည်။—ဧဖက် ၅:၂၈၊ ၂၉၊ ၃၃။

ဇနီး၏လက်အောက်ခံမှု

၁၆။ ဇနီးဖြစ်သူသည် ခင်ပွန်းနှင့်ဆက်ဆံရာ၌ အဘယ်အရည်အချင်းများ ပြသသင့်သနည်း။

၁၆ အာဒံကိုဖန်ဆင်း၍ အတန်ကြာပြီးနောက် “ထာဝရဘုရားသခင်ကလည်း ‘ယောက်ျားသည် တစ်ယောက်တည်းမနေစကောင်း၊ သူနှင့်တော်သောအထောက်အမ [ဖြည့်ဖက်] ကို သူ့အဖို့ ငါဖန်ဆင်းဦးမည်’ ဟုမိန့်တော်မူ၏။” (ကမ္ဘာဦး ၂:၁၈၊ သမ္မာ) ဘုရားသခင်သည် ဧဝကို ပြိုင်ဘက် အဖြစ်မဟုတ်ဘဲ “ဖြည့်ဖက်” အဖြစ် ဖန်ဆင်းတော်မူ၏။ အိမ်ထောင်သည် ပြိုင်ဘက်မာလိန်မှူးနှစ်ဦးရှိသည့် သင်္ဘောနှင့်မတူသင့်ပေ။ ခင်ပွန်းဖြစ်သူသည် မေတ္တာနှင့်ဦးစီး၍ ဇနီးဖြစ်သူသည် မေတ္တာ၊ ရိုသေလေးစားမှုနှင့် စိတ်ပါလက်ပါ လက်အောက်ခံခြင်းတို့ကို ပြသရန်ဖြစ်သည်။

၁၇၊ ၁၈။ ဇနီးဖြစ်သူသည် ခင်ပွန်း၏ကူဖော်လောင်ဖက်စစ် ဖြစ်နိုင်သည့်နည်းလမ်းအချို့ကား အဘယ်နည်း။

၁၇ သို့သော်၊ ဇနီးကောင်းတစ်ဦးသည် လက်အောက်ခံရုံမျှသာ ခံမည်မဟုတ်။ ခင်ပွန်းဆုံးဖြတ်ချက်ချရာ၌ ထောက်ခံအားပေးခြင်းအားဖြင့် ကူဖော်လောင်ဖက်စစ်ဖြစ်အောင် ကြိုးစားသည်။ ခင်ပွန်းဖြစ်သူ၏ဆုံးဖြတ်ချက်များကို သဘောတူသည့်အခါမျိုး၌ ဇနီးဖြစ်သူအနေနှင့် ထောက်ခံအားပေးရန် ပို၍လွယ်ကူပေမည်။ သို့သော် သဘောမတူသည့်အခါမျိုး၌ပင် အားတက်တရော ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ခင်ပွန်း၏ဆုံးဖြတ်ချက် ပိုမိုအကျိုးဖြစ်ထွန်းအောင်မြင်စေရန် ထောက်ကူနိုင်ပေသည်။

၁၈ ဇနီးသည် ခင်ပွန်းဖြစ်သူအား အိမ်ထောင်ဦးစီးကောင်းဖြစ်အောင် တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်သည်။ ခင်ပွန်းအား အပြစ်ရှာဝေဖန်ခြင်း၊ မိမိအား မည်သည့်အခါမှ စိတ်ကျေနပ်အောင် လုပ်ပေးနိုင်မည်မဟုတ် ဟူသောအထင်မျိုးရှိအောင် ပြုလုပ်ခြင်းတို့ကိုရှောင်၍ သူ၏ကြိုးစားဦးဆောင်မှုကို တန်ဖိုးထားလေးစားကြောင်း ပြသနိုင်သည်။ ခင်ပွန်းနှင့် အပြုသဘောဆောင်သည့်နည်းဖြင့် ဆက်ဆံရာ၌ “နူးညံ့သိမ်မွေ့ခြင်းသဘော” သည် ခင်ပွန်းဖြစ်သူ၏အမြင်တွင်မက “ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်” ကြောင်းသတိရသင့်သည်။ (၁ ပေတရု ၃:၃၊ ၄; ကောလောသဲ ၃:၁၂) ခင်ပွန်းသည် ယုံကြည်သူတစ်ဦး မဟုတ်လျှင်ကော။ ယုံကြည်သူဟုတ်ဟုတ် မဟုတ်ဟုတ် “ဘုရားသခင်၏ နှုတ် [မြွက်] တရားတော်ကို ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်စိမ့်သောငှာ [ဇနီး] တို့သည် ကိုယ်ခင်ပွန်းကိုချစ်သောသူ၊ သားသမီးတို့ကိုချစ်သောသူ၊ ဣန္ဒြေစောင့်သောသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံသောသူဖြစ်” ရမည်ဟု ကျမ်းစာက အားပေးထားသည်။ (တိတု ၂:၄၊ ၅) ကိုယ်ကိုကိုယ်သိသောစိတ်ကိစ္စ ပေါ်ပေါက်ပါက “နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘော” တင်ပြမည်ဆိုလျှင် ခင်ပွန်းဖြစ်သူသည် သူ၏ရပ်တည်ချက်ကို လေးစားလိုက်လျောရန် ပို၍အလားအလာရှိမည်။ မယုံကြည်သောခင်ပွန်းအချို့သည် “တရားမနာသော်လည်း [ဇနီးတို့၏] ရိုသေသမှုနှင့် စင်ကြယ်သောအပြုအမူများအား ထောက်ထား [၍] မယားဖြစ်သူတို့အကျင့် . . . ဖြင့်၊ အဟောအပြောကင်းလျက် ဘာသာတူ” ဖြစ်လာကြသည်။—၁ ပေတရု ၃:၁၊ ၂၊ ၁၅၊ သမ; ၁ ကောရိန္သု ၇:၁၃-၁၆။

၁၉။ ခင်ပွန်းဖြစ်သူက ဇနီးအား ဘုရားသခင့်ပညတ်ကို ချိုးဖောက်ခိုင်းပါက မည်သို့ပြုမည်နည်း။

၁၉ ဘုရားသခင် တားမြစ်ထားသည့်အရာကိုပြုလုပ်ရန် ခင်ပွန်းဖြစ်သူက တောင်းဆိုလာလျှင် မည်သို့ပြုမည်နည်း။ ဤသို့ဖြစ်လာပါက ဘုရားသခင်သည် မိမိ၏အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်ကြောင်း သတိရသင့်သည်။ ဘုရားသခင့်ပညတ်တော်ကို ချိုးဖောက်ရန် အာဏာပိုင်များက တောင်းဆိုလာသည့်အခါ တမန်တော်များပြုလုပ်ခဲ့သည့် နမူနာအတိုင်း သူပြုလုပ်ပေမည်။ “ပေတရုနှင့် တမန်တော်တို့က ‘အကျွန်ုပ်တို့သည် လူ့အမိန့်ထက် ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ရမည်’” ဟုပြန်ပြောကြကြောင်း တမန်တော် ၅:၂၉ (သတင်းကောင်း) ကဖော်ပြ၏။

ကောင်းမွန်သော ပြောဆိုဆက်သွယ်မှု

၂၀။ မေတ္တာနှင့်လေးစားမှု မရှိမဖြစ်လိုအပ်သော အရေးကြီးသည့်ကဏ္ဍတစ်ရပ်ကား အဘယ်နည်း။

၂၀ အိမ်ထောင်ရေးကဏ္ဍ နောက်တစ်ရပ်ဖြစ်သည့် ပြောဆိုဆက်သွယ်မှုတွင်လည်း ချစ်ခြင်းမေတ္တာနှင့် ရိုသေလေးစားမှု မရှိမဖြစ်လိုအပ်သည်။ ချစ်ခင်ယုယတတ်သောခင်ပွန်းသည် ဇနီးဖြစ်သူ၏ လုပ်ကိုင်ဆောင်ရွက်မှုများ၊ ပြဿနာများ၊ ကိစ္စအသီးသီးနှင့်ပတ်သက်သည့် ဇနီး၏အမြင်သဘောထားများအကြောင်း ပြောဆိုကြပေမည်။ ဤသို့ပြောဆိုမှုမျိုးကို သူလိုအပ်သည်။ ဇနီးဖြစ်သူနှင့်စကားပြောရန် အချိန်ပေးပြီး သူပြောဆိုသည်ကို ဂရုစိုက်နားထောင်ပေးသည့်ခင်ပွန်းသည် သူ့ကိုချစ်ခင်လေးစားကြောင်း ပြသရာရောက်သည်။ (ယာကုပ် ၁:၁၉) အချို့ဇနီးများက သူတို့၏ခင်ပွန်းများသည် သူတို့နှင့်စကားပြောဆိုရန်အတွက် အချိန်အနည်းငယ်သာပေးကြောင်း ညည်းညူကြသည်။ စိတ်မကောင်းစရာဖြစ်သည်။ မှန်ပါသည်၊ အလုပ်များသော ယခုခေတ်ကာလမျိုး၌ ခင်ပွန်းဖြစ်သူတို့သည် အပြင်တွင် ပို၍အချိန်ကြာကြာ အလုပ်လုပ်ရပြီး စီးပွားရေးအခြေအနေများကြောင့် ဇနီးဖြစ်သူအချို့သည်လည်း အလုပ်လုပ်ရကြသည်။ သို့သော်၊ အိမ်ထောင်ရှင်မောင်နှံတို့သည် တစ်ယောက်ကိုတစ်ယောက် အချိန်ပေးရန်ဖယ်ထုတ်ထားရမည်။ မဟုတ်ပါက ဆက်ဆံရေးကျဲပြီး စိမ်းကားသွားနိုင်သည်။ အိမ်ထောင်ပြင်ပမှ စာနာထောက်ထားမှုရှိသောအဖော်ကို မလွဲမသွေရှာရတော့မည်ဟူသောအထင်မျိုး ဝင်လာပြီဆိုလျှင် ပြဿနာဆိုးရွားသွားနိုင်သည်။

၂၁။ လျောက်ပတ်သောအပြောအဆိုသည် အိမ်ထောင်ပျော်ရွှင်ချမ်းမြေ့ရေးအတွက် မည်သို့ထောက်ကူမည်နည်း။

၂၁ လင်မယားပြောဆိုဆက်သွယ်ပုံမှာလည်း အရေးကြီးသည်။ “သာယာသောစကားတို့သည် . . . စိတ်ဝိညာဉ်၌ချိုမြိန်လျက် ကိုယ်အရိုးကို ကျန်းမာစေလျက်ရှိကြ၏။” (သု. ၁၆:၂၄) အိမ်ထောင်ဖက်သည် ယုံကြည်သူဟုတ်ဟုတ် မဟုတ်ဟုတ် “သင်တို့စကားသည် ဆားအားဖြင့် ငန်သောအရသာနှင့်ပြည့်စုံလျက်၊ အစဉ်မပြတ် တင့်တယ်လျောက်ပတ်ပါစေ” ဟူသောဆုံးမစကားသည် တန်းတူသက်ဆိုင်ပေသည်။ (ကောလောသဲ ၄:၆) လူတစ်ဦးသည် တစ်နေ့တာ ပင်ပင်ပန်းပန်းလုပ်ဆောင်ပြီးနောက် အိမ်ထောင်ဖက်ဖြစ်သူထံမှ ကြင်နာထောက်ထားမှုရှိသည့် စကားတစ်ခွန်းနှစ်ခွန်းကြားရခြင်းသည် များစွာတာသွားပေသည်။ “သင့်တော်သောအချိန်၌ ပြောဆိုသောစကားသည် ငွေပန်းထည်၌ခြယ်သော ရွှေပန်းသီးကဲ့သို့ဖြစ်၏။” (သု. ၂၅:၁၁၊ ကဘ) လေသံနှင့် သုံးသည့်စကားလုံးတို့သည် အလွန်အရေးကြီး၏။ သာဓကအားဖြင့် လူတစ်ဦးသည် အခြားသူတစ်ဦးအား “တံခါးပိတ်လိုက်” ဟူ၍စိတ်ဆိုးမာန်ဆိုး၊ မာရေကျောရေနှင့် ပြောမိနိုင်သည်။ သို့သော်၊ “တစ်ဆိတ်လောက် တံခါးပိတ်ပေးပါလား” ဟူ၍ အေးဆေးပြီး နားလည်မှုပြည့်ဝသည့်လေသံဖြင့် ပြောလိုက်သည့်စကားသည် “ဆားအားဖြင့် ငန်သောအရသာ” မည်မျှရှိလိုက်မည်တကား။

၂၂။ ဇနီးမောင်နှံတို့အနေဖြင့် ကောင်းမွန်သောပြောဆိုဆက်ဆံမှု ထိန်းသိမ်းရေးအတွက် အဘယ်စိတ်သဘောထားမျိုး ရှိရန်လိုသနည်း။

၂၂ အပြောအဆိုညင်သာမည်၊ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးမည်၊ ကြင်နာမှု၊ နားလည်စာနာမှုနှင့် နူးညံ့သိမ်မွေ့မှုရှိမည်ဆိုလျှင် ကောင်းမွန်သည့် ပြောဆိုဆက်သွယ်မှု ရှင်သန်ကြီးထွားမည်။ ကောင်းမွန်သည့် ပြောဆိုဆက်သွယ်မှုကိုထိန်းသိမ်းရန် တက်ညီလက်ညီကြိုးပမ်းခြင်းအားဖြင့် လင်မယားနှစ်ဦးစလုံးသည် မိမိတို့၏လိုအပ်ရာများကို လွတ်လွတ်လပ်လပ်ထုတ်ဖော်ပြောဆိုသည့်အပြင် စိတ်ပျက်စရာ သို့မဟုတ် ဖိစီးမှုဒဏ် ကြုံရသည့်အခါများ၌ပင် အချင်းချင်း နှစ်သိမ့်အားပေး ယိုင်းပင်းကူညီနိုင်ကြသည်။ “စိတ်ငယ်သောသူတို့ကို အားပေးကြလော့” ဟုဘုရားသခင့်နှုတ်မြွက်စကားတော်က တိုက်တွန်းထားသည်။ (၁ သက်သာလောနိတ် ၅:၁၄) ခင်ပွန်းဖြစ်သူ စိတ်ဓာတ်ကျဆင်းသည့်အခါရှိသကဲ့သို့ ဇနီးဖြစ်သူ စိတ်ဓာတ်ကျဆင်းသည့်အခါလည်း ရှိတတ်ပေသည်။ အချင်းချင်း ‘နှစ်သိမ့်အားပေး’ တည်ဆောက်နိုင်ကြသည်။—ရောမ ၁၅:၂။

၂၃၊ ၂၄။ စိတ်သဘောချင်းမတိုက်ဆိုင်သည့်အခါ မေတ္တာနှင့်လေးစားမှုတို့က မည်သို့အထောက်အကူပြုသနည်း။ သာဓကတစ်ခုပေးပါ။

၂၃ အချင်းချင်း ချစ်ခင်လေးစားမှုရှိကြသည့် ဇနီးမောင်နှံတို့သည် စိတ်သဘောချင်းမတိုက်ဆိုင်မှု မှန်သမျှကို စိန်ခေါ်မှုအဖြစ် သဘောထားကြမည်မဟုတ်။ တစ်ယောက်ကိုတစ်ယောက် “ခါးသီးစွာအမျက်မထွက်” မိအောင်ကြိုးစားကြမည်။ (ကောလောသဲ ၃:၁၉၊ ကဘ) “ဖြည်းညင်းစွာ ပြန်ပြောခြင်းသည် ဒေါသကိုငြိမ်းစေတတ်” ကြောင်းနှစ်ဦးစလုံး သတိရသင့်သည်။ (သု. ၁၅:၁၊ သမ္မာ) မိမိအိမ်ထောင်ဖက်က ခံစားချက်ကို ရင်ဖွင့်ပြောဆိုလာသည့်အခါ အထင်အမြင်သေးခြင်း၊ ပြစ်တင်ရှုတ်ချခြင်း မပြုမိအောင် သတိထားပါ။ ရင်ဖွင့်ပြောဆိုခြင်းသည် တစ်ဖက်သား၏ အမြင်သဘောထားကို သိမြင်နားလည်နိုင်သည့် အခွင့်အရေးတစ်ရပ်အဖြစ် ရှုမြင်ပါ။ သဘောထားကွဲလွဲမှုများကို အတူတကွ ညှိနှိုင်းဖြေရှင်း၍ နှစ်ဦးနှစ်ဝလက်ခံနိုင်သည့်အဖြေရအောင် ကြိုးစားပါ။

၂၄ ခင်ပွန်းဖြစ်သူ၏ စိတ်သဘောနှင့်မတိုက်ဆိုင်သည့် ပြဿနာဖြေရှင်းနည်းတစ်ရပ်ကို စာရာက အာဗြဟံအား တင်ပြခဲ့သည့်အချိန်အခါကို သတိရပါ။ သို့သော် ဘုရားသခင်က “သူ၏စကားကို နားထောင်လော့” ဟူ၍ အာဗြဟံအားမိန့်တော်မူ၏။ (ကမ္ဘာဦး ၂၁:၉-၁၂) အာဗြဟံနာခံသဖြင့် ကောင်းချီးမင်္ဂလာရရှိခဲ့သည်။ ထိုနည်းတူ ခင်ပွန်းဖြစ်သူ၏အကြံအစည်နှင့် ခြားနားသည့်အရာတစ်ခုခုကို ဇနီးဖြစ်သူက အဆိုတင်သွင်းခဲ့သော် မည်သည့်နည်းဖြင့်မဆို နားထောင်ပေးသင့်သည်။ တစ်ချိန်တည်းတွင် ဇနီးဖြစ်သူကလည်း တစ်ဖက်သတ်ဒိုင်ခံမပြောဘဲ ခင်ပွန်းပြောသည့်စကားကို နားထောင်ပေးသင့်သည်။ (သု. ၂၅:၂၄) ခင်ပွန်းဖြစ်စေ၊ ဇနီးဖြစ်စေ တစ်ချိန်လုံးအလျှော့မပေးဘဲ တင်းခံနေမည်ဆိုလျှင် မေတ္တာမဲ့ရာ၊ အရိုအသေမဲ့ရာကျပေမည်။

၂၅။ အိမ်ထောင်သည်ဘဝ၏ အရင်းနှီးဆုံးကဏ္ဍတွင် ပျော်ရွှင်မှုရှိစေရန် ကောင်းမွန်သောပြောဆိုဆက်သွယ်မှုက မည်သို့ထောက်ကူသနည်း။

၂၅ ဇနီးမောင်နှံ ကိုယ်လက်နှီးနှောရာ၌လည်း ကောင်းမွန်သောပြောဆိုဆက်သွယ်မှုရှိရန် အရေးကြီးသည်။ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ချုပ်တည်းမှုမရှိခြင်းတို့သည် အိမ်ထောင်ရေးတွင် အရင်းနှီးဆုံးဖြစ်သည့် ဤဆက်ဆံမှုကို ကြီးစွာထိခိုက်ပျက်စီးစေနိုင်သည်။ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်သွယ်ခြင်းနှင့်အတူ သည်းခံခြင်းသည် မရှိမဖြစ်လိုအပ်သည်။ တစ်ဦး၏ကောင်းကျိုးကို တစ်ဦးက ကိုယ်ကျိုးမဖက်ဘဲ ဦးစားပေးမည်ဆိုလျှင် လိင်ကိစ္စသည် ကြီးလေးသည့်ပြဿနာဖြစ်လာရန် အကြောင်းနည်းပါးပေမည်။ အခြားကိစ္စများမှာကဲ့သို့ ဤကိစ္စ၌လည်း “ကိုယ်အကျိုးကို အဘယ်သူမျှ မရှာစေနှင့်၊ သူ့အကျိုးကို လူတိုင်းရှာစေ။”—၁ ကောရိန္သု ၇:၃-၅; ၁၀:၂၄။

၂၆။ အိမ်ထောင်တိုင်းတွင် အကောင်းနှင့်အဆိုး၊ အတက်နှင့်အကျ ရှိမည်ဖြစ်သော်လည်း ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နာခံခြင်းဖြင့် အိမ်ထောင်သည်မောင်နှံတို့အား ပျော်ရွှင်မှုတွေ့ရှိရန် မည်သို့ထောက်ကူမည်နည်း။

၂၆ မည်မျှကောင်းမြတ်သည့်အကြံဉာဏ်ကို ဘုရားသခင့်နှုတ်မြွက်စကားတော်က ပေးထားသည်တကား! မှန်ပါသည်၊ အိမ်ထောင်တိုင်းတွင် အကောင်းနှင့်အဆိုး၊ အတက်နှင့်အကျ ရှိစမြဲဖြစ်သည်။ သို့သော် ကျမ်းစာတွင်ဖော်ပြထားသည့် ယေဟောဝါ၏အကြံတော်ကို လင်မယားနှစ်ဦးစလုံးခံယူ၍ မူကိုအခြေခံသည့်မေတ္တာနှင့် ရိုသေလေးစားမှုအပေါ် မိမိတို့၏ဆက်ဆံရေးကို အခြေပြုမည်ဆိုလျှင် သူတို့၏အိမ်ထောင်သည် ရာသက်ပန်ခိုင်မြဲ၍ ပျော်ရွှင်ချမ်းမြေ့မည်ကို ယုံကြည်စိတ်ချနိုင်ပေသည်။ ဤသို့ဖြင့် သူတို့သည် အချင်းချင်းကိုသာမက အိမ်ထောင်ရေးစတင်တီထွင်သောအရှင် ယေဟောဝါဘုရားသခင်ကိုပါ ဂုဏ်တင်ရာရောက်ပေမည်။

ဇနီးမောင်နှံတို့အား ခိုင်မြဲတည်တံ့၍ ပျော်ရွှင်ချမ်းမြေ့သည့်အိမ်ထောင်ရေး ရယူခံစားနိုင်အောင် . . . ဤကျမ်းစာမူများက မည်သို့ထောက်ကူနိုင်သနည်း

ခရစ်ယာန်စစ်တို့သည် အချင်းချင်းချစ်ကြ၏။—ယောဟန် ၁၃:၃၅။

ခရစ်ယာန်တို့သည် အချင်းချင်းခွင့်လွှတ်ရန် အသင့်ရှိကြ၏။ —ကောလောသဲ ၃:၁၃။

ဦးစီးမှုဆိုင်ရာ လျောက်ပတ်သည့်စည်းစနစ်ရှိ၏။—၁ ကောရိန္သု ၁၁:၃။

သင့်တော်သည့်အချိန်တွင် သင့်တော်သည့်နည်းဖြင့် ပြောဆိုရန် အရေးကြီး၏။—သု. ၂၅:၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ