နိုင်ငံတော်သတင်း နံပါတ် ၃၅
လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြပါဦးမည်လော
အိမ်နီးချင်းကိုချစ်သည့်မေတ္တာခေါင်းပါးလာ
သန်းပေါင်းများစွာသောသူတို့သည် ခိုကိုးရာမဲ့ပြီး စိတ်ဆင်းရဲနေကြရသည်။ အငြိမ်းစားယူထားသည့်အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးက ဤသို့ပြောပြသည်– ‘တစ်ညနေခင်းမှာ ကျွန်မနဲ့တစ်ထပ်တည်းမှာနေတဲ့မုဆိုးမတစ်ယောက် ကျွန်မတံခါးကိုလာခေါက်ပြီး သူမဟာအထီးကျန်ဖြစ်နေကြောင်းပြောပြတယ်။ သူမကို ကျွန်မယဉ်ကျေးစွာနဲ့ပဲ အလုပ်မအားကြောင်း တဲ့တိုးပြောလိုက်တယ်။ ကျွန်မကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပြီး ထွက်သွားရှာတယ်။’
ဝမ်းနည်းစရာမှာ ယင်းညမှာပင် ထိုမုဆိုးမသည် မိမိကိုယ်ကိုအဆုံးစီရင်ခဲ့သည်။ ထိုသို့ဖြစ်ပြီးနောက် လုပ်ငန်းရှင်အမျိုးသမီးက သူမသည် “အထိနာသောသင်ခန်းစာ” ကိုသင်ယူလိုက်ရကြောင်းပြောသည်။
အိမ်နီးချင်းကိုချစ်သည့်မေတ္တာကင်းမဲ့ခြင်းသည် ကြေကွဲဝမ်းနည်းရလေ့ရှိသည်။ ယခင်ယူဂိုဆလားဗီးယားပြည်ထောင်စုအဝင် ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနားတွင် လူမျိုးစုပဋိပက္ခကာလများတစ်လျှောက် လူတစ်သန်းကျော်တို့သည် သူတို့၏နေအိမ်များမှ မောင်းထုတ်ခံခဲ့ရပြီး ထောင်ပေါင်းများစွာတို့မှာမူ အသတ်ခံခဲ့ကြရသည်။ မည်သူတို့ ပြုလုပ်ခြင်းဖြစ်သနည်း။ “ကျွန်မတို့ရဲ့အိမ်နီးချင်းတွေပါပဲ” ဟုရွာမှမောင်းထုတ်ခံခဲ့ရသည့်မိန်းကလေးတစ်ဦးက မြည်တမ်းခဲ့သည်။ “ကျွန်မတို့ သူတို့ကိုသိတယ်။”
ရဝမ်ဒါတွင် ထောင်ပေါင်းများစွာသောသူတို့သည် များသောအားဖြင့် သူတို့၏အိမ်နီးချင်းများ၏သတ်ဖြတ်ခြင်းကို ခံရကြသည်။ “ဟူတူနှင့်တွတ်စီတို့သည် မည်သူကဟူတူ၊ မည်သူကတွတ်စီဖြစ်သည်ကို ဂရုမမူ သို့မဟုတ် မသိရှိဘဲလျက်ပင် အတူတကွ [နေထိုင်ခဲ့ကြ]၊ ထိမ်းမြားပေါင်းသင်းခြင်းများပြုခဲ့ကြသည်။ ထိုနောက်ပိုင်းတွင် အခြေအနေရုတ်ခြည်းပြောင်းလဲသွားပြီး စတင်သတ်ဖြတ်ကြလေတော့သည်” ဟူ၍သည်နယူးယောက်တိုင်းမ်စ်က ဖော်ပြသည်။
အလားတူပင်၊ အစ္စရေးနိုင်ငံတွင် ဂျူးနှင့်အာရပ်တို့သည် အတူနေထိုင်ကြသည်၊ သို့သော် များစွာတို့သည် တစ်ဦးကိုတစ်ဦးမုန်းကြသည်။ အခြေအနေသည် အိုင်ယာလန်နိုင်ငံရှိ ကက်သလစ်နှင့်ပရိုတက်စတင့်နှင့် အခြားနိုင်ငံများရှိ တိုးပွားလာသောလူသားထုတို့၏အခြေအနေနှင့် ထပ်တူပင်ဖြစ်သည်။ ကမ္ဘာကြီးသည် ဤမျှမေတ္တာကင်းမဲ့ရသည့်အဖြစ်မျိုး သမိုင်းတွင်တစ်ခါမျှမရှိခဲ့ဖူးပါ။
အိမ်နီးချင်းကိုချစ်သည့်မေတ္တာ အဘယ်ကြောင့်ခေါင်းပါးလာရသနည်း
ကျွန်ုပ်တို့၏ဖန်ဆင်းရှင်က အဖြေပေးထားသည်။ ကိုယ်တော်၏နှုတ်ကပါဌ်တော်သမ္မာကျမ်းစာက ကျွန်ုပ်တို့အသက်ရှင်သည့်အချိန်ကို “နောက်ဆုံးအချိန်” ဟုခေါ်ဆိုထားသည်။ ယင်းကား လူတို့သည် “ပင်ကိုအရချစ်ခင်စုံမက်ခြင်းမရှိသောသူ” ဖြစ်ကြမည်ဟု သမ္မာကျမ်းစာကပရောဖက်ပြုထားသည့်အချိန်ကာလဖြစ်သည်။ သမ္မာကျမ်းစာက “အစီအစဉ်စနစ်၏ဆုံးခန်း” ဟူ၍လည်းခေါ်ဆိုထားသည့် ဤ “ခဲယဉ်းသောကာလ” နှင့်စပ်လျဉ်း၍ ယေရှုခရစ်က “အများသောသူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်” ဟုကြိုတင်မိန့်တော်မူခဲ့သည်။—၂ တိမောသေ ၃:၁-၅၊ ကဘ; မဿဲ ၂၄:၃၊ ကဘ၊ ၁၂။
ထို့ကြောင့် ယနေ့အချိန်၏မေတ္တာကင်းမဲ့မှုမှာ ကျွန်ုပ်တို့သည် ဤလောက၏နောက်ဆုံးအချိန်တွင် အသက်ရှင်နေကြရကြောင်း သာဓကတစ်စိတ်တစ်ဒေသဖြစ်သည်။ ဝမ်းသာစရာမှာ ဤဘုရားတရားမဲ့လောကသည် မကြာမီ မေတ္တာတရားအုပ်စိုးသည့် ဖြောင့်မတ်သောကမ္ဘာသစ်တစ်ခုနှင့်အစားထိုးခံရတော့မည်ဟူ၍လည်း ဆိုလိုခြင်းဖြစ်သည်။—မဿဲ ၂၄:၃-၁၄; ၂ ပေတရု ၂:၅; ၃:၇၊ ၁၃။
သို့သော် လူသားအပေါင်းတို့သည် တစ်ဦးကိုတစ်ဦးချစ်ခင်နိုင်သည်ဟူသော အဆိုပါပြောင်းလဲမှုသည် ဖြစ်နိုင်ကြောင်းယုံကြည်ရသည့်အကြောင်းရင်း ကျွန်ုပ်တို့၌ အမှန်ပင်ရှိသလော။
အိမ်နီးချင်းကိုချစ်သည့်မေတ္တာ—အမှန်တကယ်တည်ရှိ
“အဘယ်သူသည် အကျွန်ုပ်၏အိမ်နီးချင်းဖြစ်ပါသနည်း” ဟူ၍ ပထမရာစုကျမ်းတတ်ဆရာတစ်ဦးက ယေရှုကိုမေးသည်။ ‘သင်၏ဂျူးအမျိုးသားချင်း’ ဖြစ်သည်ဟု ယေရှုပြောဖို့ သူမျှော်လင့်ခဲ့မည်မှာယုံမှားဖွယ်မရှိချေ။ သို့သော် ခင်မင်တတ်သောရှမာရိလူမျိုးတစ်ဦးနှင့်စပ်လျဉ်းသည့်ပုံပြင်တွင် အခြားလူမျိုးများသည်လည်း ကျွန်ုပ်တို့၏အိမ်နီးချင်းများဖြစ်ကြောင်း ယေရှုဖော်ပြခဲ့သည်။—လုကာ ၁၀:၂၉-၃၇၊ သတင်းကောင်း; ယောဟန် ၄:၇-၉။
ထို့နောက် ဘုရားသခင်ကိုချစ်သည့်မေတ္တာ၊ အိမ်နီးချင်းကိုချစ်သည့်မေတ္တာက ကျွန်ုပ်တို့၏အသက်တာကိုလွှမ်းမိုးထားသင့်ကြောင်း ယေရှုအလေးပေးပြောဆိုသည်။ (မဿဲ ၂၂:၃၄-၄၀) သို့သော် သူတို့၏အိမ်နီးချင်းများကို အမှန်တကယ်ပင်ချစ်ခဲ့ဖူးကြသောလူ့အုပ်စုတစ်စုံတစ်ရာ ရှိခဲ့ပါသလော။ ကနဦးခရစ်ယာန်များ ထိုသို့ချစ်ခဲ့ကြပါသည်! အခြားသူများကိုချစ်သည့်မေတ္တာကြောင့် သူတို့ကိုလူသိများခဲ့ကြသည်။—ယောဟန် ၁၃:၃၄၊ ၃၅။
ယနေ့ကော အသို့နည်း။ ခရစ်တော်ကဲ့သို့သောမေတ္တာကို ပြသသူတစ်စုံတစ်ဦးရှိပါသလော။ ကနေဒီယာနာစွယ်စုံကျမ်းကဤသို့ဆိုသည်– “ယေဟောဝါသက်သေများ၏လုပ်ငန်းသည် ယေရှုနှင့်ကိုယ်တော်၏တပည့်တော်များကျင့်သုံးခဲ့သည့် အစကနဦးခရစ်ယာန်ဘာသာတရား တစ်ဖန်ပြန်အသက်ဝင်ခြင်းနှင့် ပြန်လည်တည်ထောင်ခြင်းဖြစ်သည် . . . အားလုံး ညီအစ်ကိုများဖြစ်ကြသည်။”
ယင်းက ဘာကိုဆိုလိုသနည်း။ ယေဟောဝါသက်သေများသည် မိမိတို့၏အိမ်နီးချင်းများကို မုန်းတီးရန် မည်သည့်လူမျိုး၊ နိုင်ငံသား၊ လူမျိုးစုနောက်ခံဖြစ်ပါစေ မည်သည့်အကြောင်းကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်းဆိုလိုပါသည်။ သူတို့သည် ပုံဆောင်သဘောအရ သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်းထုလုပ်ကြသောကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သတ်ဖြတ်ကြမည်မဟုတ်ပါ။ (ဟေရှာယ ၂:၄) အမှန်ပင်၊ သက်သေခံများသည် သူတို့၏အိမ်နီးချင်းများကိုကူညီရန် အစပြုလုပ်ဆောင်ကြခြင်းကြောင့် လူသိများကြသည်။—ဂလာတိ ၆:၁၀။
ကယ်လီဖိုးနီးယားပြည်နယ်၏ စက်ခ်ရာမင်တိုယူနီယံသတင်းစာမှ အယ်ဒီတာ့အာဘော်တစ်ခုက ဤသို့သတိပြုမိသည်မှာအံ့သြစရာမဟုတ်ပါ– “တစ်ကမ္ဘာလုံးသည် ယေဟောဝါသက်သေတို့၏အယူဝါဒအတိုင်း အသက်ရှင်ကြမည်ဆိုလျှင် သွေးထွက်သံယိုမှုနှင့်မုန်းတီးမှုသည် ချုပ်ငြိမ်းကာ မေတ္တာလွှမ်းမိုးနေမည်ကိုပြောရန်လုံလောက်ပါသည်။” ဟန်ဂေရီ၏ရင်းဂ်မဂ္ဂဇင်းတွင် စာရေးဆရာတစ်ဦးက ဤသို့မှတ်ချက်ချသည်– “ကမ္ဘာပေါ်တွင်နေထိုင်သူများသည် ယေဟောဝါသက်သေတွေချည်းသာဖြစ်လျှင် စစ်ပွဲများရှိတော့မည်မဟုတ်ဘဲ ရဲတို့၏တာဝန်သည် ယာဉ်ထိန်းသိမ်းခြင်းနှင့် နိုင်ငံကူးလက်မှတ်များထုတ်ပေးဖို့တာဝန်သာရှိတော့မည်ဟု ကျွန်တော်သဘောထိုင်ခဲ့သည်။”
သို့သော် လူသားအပေါင်းတို့သည် တစ်ဦးကိုတစ်ဦးချစ်ခင်ကြဖို့ဆိုလျှင် ကမ္ဘာချီပြောင်းလဲမှုကြီးလိုအပ်မည်ကို ငြင်းကွယ်၍မရနိုင်ပါ။ ထိုပြောင်းလဲမှုသည် မည်သို့ဆိုက်ရောက်လာမည်နည်း။ (ကျေးဇူးပြု၍ ကျောဘက်စာမျက်နှာကို ရှု။)
လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြချိန်ဝယ်
ယေရှုသင်ပေးသည့်ဆုတောင်းခန်းက ထူးခြားသောပြောင်းလဲမှုသည် အလွန်နီးနေပြီဖြစ်ကြောင်းဖော်ပြသည်။ ကျော်ကြားသောမိမိ၏တောင်ပေါ်ဒေသနာတော်တွင် ယေရှုက “နိုင်ငံတော်လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟူ၍ဆုတောင်းရန် ကျွန်ုပ်တို့ကိုသင်ပေးတော်မူသည်။—မဿဲ ၆:၁၀၊ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း။
ဘုရားသခင့်နိုင်ငံတော်ကား အဘယ်နည်း။ ယင်းသည် ကောင်းကင်မှအုပ်ချုပ်မည့် တကယ့်အစိုးရတစ်ခုဖြစ်သည်။ ထို့ကြောင့် ယင်းကို “ကောင်းကင်နိုင်ငံတော်” ဟူ၍ခေါ်သည်။ “ငြိမ်သက်ခြင်းမင်းသား” ယေရှုသည် ထိုနိုင်ငံ၏အုပ်စိုးရှင်ဖြစ်ရန် ခမည်းတော်၏ခန့်အပ်ခြင်းကိုခံရသည်။—မဿဲ ၁၀:၇; ဟေရှာယ ၉:၆၊ ၇; ဆာလံ ၇၂:၁-၈။
ဘုရားသခင့်နိုင်ငံတော်လာသောအခါ မုန်းတီးမှုပြည့်နေသောဤကမ္ဘာသည် မည်သို့ဖြစ်သွားမည်နည်း။ “ဘုရားသခင့်နိုင်ငံတော်” သည် ဤလောက၏ ယိုယွင်းသောအုပ်ချုပ်ရေးအားလုံးကို “ချိုးဖဲ့ဖျက်ဆီး” ပစ်မည်ဖြစ်သည်။ (ဒံယေလ ၂:၄၄) သမ္မာကျမ်းစာက “ဤလောက . . . သည် ကွယ်ပျောက်ဆဲဖြစ်၏။ ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်သောသူမူကား၊ [အမြဲ] တည်၏” ဟူ၍ရှင်းပြသည်။—၁ ယောဟန် ၂:၁၇၊ သမ္မာ။
ဘုရားသခင့်ကမ္ဘာသစ်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ဖြောင့်မတ်သောသူတို့သည် မြေကြီးကိုအပိုင်ရ၍ အမြဲနေထိုင်ရကြလိမ့်မည်။” (ဆာလံ ၃၇:၉-၁၁၊ ၂၉၊ ကဘ; သု. ၂:၂၁၊ ၂၂) မည်မျှကျက်သရေမင်္ဂလာထွန်းပြောင်သောအခါသမယ ဖြစ်လိုက်မည်ဖြစ်ခြင်း! “နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။” (ဗျာဒိတ် ၂၁:၄) သေဆုံးသွားသူများပင် ပြန်ရှင်လာပြီး မြေကြီးတစ်ခုလုံးသည် ပကတိပရဒိသုအဖြစ်သို့ အသွင်ပြောင်းသွားမည်ဖြစ်သည်။—ဟေရှာယ ၁၁:၆-၉; ၃၅:၁၊ ၂; လုကာ ၂၃:၄၃; တမန်တော် ၂၄:၁၅။
ဘုရားသခင်၏ကမ္ဘာသစ်တွင် အသက်ရှင်နေထိုင်ရန် ကျွန်ုပ်တို့သည် ဘုရားသခင်သင်ကြားပေးတော်မူသည့်အတိုင်း တစ်ဦးကိုတစ်ဦးချစ်ခင်ကြရမည်။ (၁ သက်သာလောနိတ် ၄:၉) အရှေ့တိုင်းသားကျမ်းစာကျောင်းသားတစ်ဦးက ဤသို့ဆိုသည်– “ကျမ်းစာကတိပြုထားတဲ့အတိုင်း လူသားအားလုံး တစ်ဦးကိုတစ်ဦးချစ်ခင်တတ်အောင် သင်ယူပြီးဖြစ်မယ့်အချိန်ကို ကျွန်တော်စောင့်မျှော်နေပါတယ်။” ဘုရားသခင်သည် မိမိ၏ကတိတော်များကို စောင့်စည်းမည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်တကား! “ငါသည် နှုတ်ထွက်အတိုင်းပြုမည်။ ကြံသည်အတိုင်းစီရင်မည်” ဟုကိုယ်တော်မိန့်တော်မူသည်။—ဟေရှာယ ၄၆:၁၁။
သို့သော် ဘုရားသခင့်နိုင်ငံတော်အောက် ကောင်းချီးများခံစားရရန် ကမ္ဘာတစ်ဝန်းရှိ နှလုံးရိုးဖြောင့်သူသန်းပေါင်းများစွာတို့လုပ်ဆောင်နေသကဲ့သို့ သမ္မာကျမ်းစာအသိပညာကိုရယူရမည်ဖြစ်သည်။ (ယောဟန် ၁၇:၃) ၃၂-မျက်နှာရှိ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်းဘရိုရှာက သင့်အားကူညီပေးပါမည်။ ရှေ့စာမျက်နှာတွင်ပါသည့်ကူပွန်ကို ဖြည့်စွက်ပြီး သင့်အိမ်နှင့်အနီးဆုံးလိပ်စာကိုပို့ပေးခြင်းဖြင့် တစ်အုပ်ရယူပါ။
□ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း ဘရိုရှာကို ကျွန်ုပ်ရယူလိုပါသည်။
□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုနှင့်ပတ်သက်ပြီး ကျေးဇူးပြု၍ကျွန်ုပ်ကိုဆက်သွယ်ပါ။
[Picture Credit Line on page 2]
Sniper and funeral in Bosnia: Reuters/Corbis-Bettmann