ယေရှုခရစ်—ကိုယ်တော်ကား မည်သူနည်း
“ကိုယ်တော်ကို ကြီးမြတ်၍ ပညာရှိဆရာအဖြစ် ယုံကြည်ကြ၏။ ကိုယ်တော်သည် အသက်ရှင်ခဲ့သမျှတွင် လူတို့အပေါ် ဩဇာအညောင်းဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သည်မှာ သေချာပါသည်။” (ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း) “ကိုယ်တော်” ကားမည်သူနည်း။ ခရစ်ယာန်ဘာသာကိုတည်ထောင်သူ ယေရှုခရစ်ဖြစ်သည်။ ကိုယ်တော် မည်သူဖြစ်ကြောင်း သင်သိသလော။ ကိုယ်တော်သည် သင့်အသက်တာကို တစ်နည်းနည်းဖြင့် ထိခိုက်ပါသလော။
ခရစ်ဝင်ကျမ်းများဟုခေါ်ဆိုသည့် သမ္မာကျမ်းစာရှိ သမိုင်းဝင်ကျမ်းလေးစောင်၌ ယေရှု၏ဓမ္မအမှုဖြစ်ရပ်များကို မှတ်တမ်းတင်ထားသည်။ ဤမှတ်တမ်းများမှာ မည်မျှအထိမှန်ကန်သနည်း။ ယင်းတို့ကို ဆန်းစစ်ပြီးနောက် ကျော်ကြားသောသမိုင်းဆရာ ဝီလ်ဒူးရဲန့်က “မျိုးဆက်တစ်ဆက်အတွင်း ထိုသာမန်လူအနည်းငယ်သည် ဤမျှသြဇာကြီးမားဆွဲဆောင်မှုရှိသောဥပဓိရုပ်တစ်ခု၊ ဤမျှမြင့်မားသော ကျင့်ဝတ်စံချိန်တစ်ခု၊ ဤမျှလှုံ့ဆော်မှုဖြစ်စေသော လူ့ညီအစ်ကိုအသင်းအပင်းကို ဖန်တီးနိုင်ခဲ့မည်ဆိုလျှင် ယင်းတို့သည် ခရစ်ဝင်ကျမ်းပါ အံ့ဖွယ်အမှုများထက် ပို၍မယုံနိုင်စရာဖြစ်လိမ့်မည်” ဟုရေးသားခဲ့၏။
သို့သော် အရှေ့တိုင်းနှင့် အခြားနေရာရှိ သန်းနှင့်ချီသောသူတို့အတွက် ယေရှုခရစ်မှာ သူစိမ်းတစ်ဦးဖြစ်ပေသည်။ ကိုယ်တော်တည်ရှိခဲ့သည်ဟု သူတို့ယုံကြည်ကြမည်ဖြစ်သော်လည်း မိမိတို့၏အသက်တာတွင် ကိုယ်တော်သည် မည်သို့မည်မျှပတ်သက်ခြင်းမရှိဟု ယူမှတ်ကြသည်။ အခြားသူတို့က ကိုယ်တော့်နောက်လိုက်များဟုဆိုသူတို့၏လုပ်ရပ်ကြောင့် ယေရှုအား ဂရုမမူထိုက်သူအဖြစ် ဖယ်ရှားလိုက်ကြ၏။ ‘ဂျပန်မှာရှိတဲ့မြို့တွေထဲမှာ ခရစ်ယာန်အများဆုံးမြို့ဖြစ်တဲ့ နာဂါစကီးမြို့ပေါ်ကို သူတို့ အဏုမြူဗုံးချခဲ့ကြတယ်’ ဟူ၍ ဂျပန်လူမျိုးအချို့ကဆိုမည်။
သို့တိုင် လူနာတစ်ဦးသည် ဆရာဝန်၏ညွှန်ကြားချက်ကို လိုက်နာဖို့ပျက်ကွက်ပါက လူနာဖျားနာမှုအတွက် ဆရာဝန်ကို အပြစ်တင်မည်လော။ လုံးဝအပြစ်တင်မည်မဟုတ်ချေ။ ခရစ်ယာန်ဘောင်ရှိလူတို့သည် နေ့စဉ်ကြုံရသော သူတို့၏ပြဿနာများကိုဖြေရှင်းရာ၌ ယေရှု၏ညွှန်ကြားချက်ကို ကြာမြင့်စွာကပင် လျစ်လျူရှုခဲ့ကြပြီ။ သို့ဖြစ်၍ ခရစ်ယာန်အမည်ခံသူများက ကိုယ်တော်၏ညွှန်ကြားချက်များကို မလိုက်နာသည့်အတွက် ယေရှုကိုငြင်းပယ်မည့်အစား ကိုယ်တော်နှင့်ပတ်သက်၍ သင်ကိုယ်တိုင်ကိုယ်ကျ လေ့လာပါလေ။ ယေရှုသည် အမှန်တကယ်မည်သူဖြစ်ကြောင်း၊ သင့်အသက်တာကိုပင် ကိုယ်တော်မည်သို့ပြောင်းလဲစေနိုင်ကြောင်း သမ္မာကျမ်းစာကိုဖွင့်၍ စေ့စေ့ကြည့်ရှုပါ။
မေတ္တာ—ကိုယ်တော့်ညွှန်ကြားချက်
ယေရှုခရစ်သည် လွန်ခဲ့သော အနှစ် ၂,၀၀၀ နီးပါးခန့်က ပါလက်စတိုင်းတွင်နေခဲ့သည့် ကြီးမြတ်သောဆရာတစ်ပါးဖြစ်သည်။ ကိုယ်တော့်ကလေးဘဝနှင့်ပတ်သက်၍ အနည်းငယ်သာသိရ၏။ (မဿဲ၊ အခန်းကြီး ၁ နှင့် ၂; လုကာ၊ အခန်းကြီး ၁ နှင့် ၂) အသက် ၃၀ တိုင်သော် “သမ္မာတရားဘက်၌သက်သေခံ” ရန် ယေရှုသည် ခရစ်ယာန်ဓမ္မအမှုကို စတင်လေသည်။ (ယောဟန် ၁၈:၃၇; လုကာ ၃:၂၁-၂၃) ယေရှုဘဝနှင့်စပ်လျဉ်း၍ သမိုင်းဝင်မှတ်တမ်းတင်သူလေးဦးက ကိုယ်တော်၏ လူအများရှေ့ဓမ္မအမှုဆောင်ချိန်၊ မြေကြီးပေါ်တစ်ခဏတာနေထိုင်သည့် နောက်ဆုံးအချိန်သုံးနှစ်ခွဲကိုသာ အဓိကထားခဲ့သည်။
ကိုယ်တော်၏ခရစ်ယာန်ဓမ္မအမှုအတွင်း ယေရှုသည် မိမိတပည့်တော်များ၏အသက်တာရှိ ပြဿနာအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းပေးသည့် သော့ချက်ကိုပေးခဲ့၏။ ထိုသော့ချက်ကား အဘယ်နည်း။ မေတ္တာပင်။ သမိုင်းတွင် အထင်ရှားဆုံးတရားတော်များထဲမှ တစ်ခုဖြစ်သည့် တောင်ပေါ်တရားတော်တွင် ယေရှုသည် တပည့်တော်များအား လူသားအချင်းချင်းအပေါ် မည်သို့မေတ္တာပြသရမည်ကို သွန်သင်တော်မူခဲ့သည်။ ကိုယ်တော်က “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့” ဟူ၍မိန့်ဆို၏။ (မဿဲ ၇:၁၂) ဤမူကို ရွှေပညတ်ဟုခေါ်သည်။ “သူတစ်ပါး” ဟုယေရှုရည်ညွှန်းရာ၌ မိမိ၏ရန်သူများပင်ပါဝင်သည်။ ထိုတရားတော်၌ပင် ကိုယ်တော်က “သင်တို့၏ရန်သူကို ချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသောသူတို့အဖို့ ဆုတောင်းကြလော့” ဟူ၍မိန့်တော်မူသည်။ (မဿဲ ၅:၄၄၊ သမ္မာ) ထိုသို့သောမေတ္တာသည် ယနေ့ကျွန်ုပ်တို့ရင်ဆိုင်နေရသော ပြဿနာများစွာကို မဖြေရှင်းပေးပေလော။ . . . “ဤတောင်ပေါ်တရားတော်၌ ခရစ်တော်ဟောကြားခဲ့သည့် တရားတော်အတိုင်း . . . သဘောတူကျင့်သုံးခဲ့ကြမည်ဆိုလျှင် . . . တစ်ကမ္ဘာလုံး၏ပြဿနာများကိုပင် ဖြေရှင်းပြီးဖြစ်လိမ့်မည်။” မေတ္တာပေါ်မူတည်သော ယေရှု၏သွန်သင်ချက်များကို ကျင့်သုံးမည်ဆိုလျှင် လူသားတို့၏မနှစ်မြို့ဖွယ်ရာများကို ပျောက်ကင်းစေနိုင်သည်။
လုပ်ရပ်ဖြင့်ပြသော ကိုယ်တော့်မေတ္တာ
ယေရှုသည် မိမိသင်ကြားခဲ့ရာကိုကျင့်ခဲ့၏။ ကိုယ်တော်သည် မိမိအမှုရေးရာထက် အခြားသူတို့၏အမှုရေးရာများကို ဦးစားပေးပြီး မေတ္တာကို လုပ်ရပ်အားဖြင့်တင်ပြခဲ့သည်။ တစ်နေ့၌ ယေရှုနှင့် တပည့်တော်တို့သည် အစာစားချိန်မယူဘဲ လူများစွာ၏အကျိုးကို သယ်ပိုးခဲ့ကြသည်။ ယေရှုသည် မိမိ၏တပည့်တော်များ “ခဏအားဖြည့်၍ငြိမ်သက်စွာနေ” ဖို့လိုအပ်ကြောင်း သိမြင်ရာ ဆိတ်ငြိမ်ရာအရပ်သို့ ဦးဆောင်သွားခဲ့၏။ သို့သော် လူအုပ်ကြီးမှာ သူတို့ထက်အရင်ရောက်နှင့်ပြီး သူတို့အလာကိုစောင့်နေခဲ့ကြသည်။ ယေရှု၏နေရာ၌ သင်ရှိနေပါက သင်မည်သို့တုံ့ ပြန်မည်နည်း။ ယေရှုသည် သူတို့အပေါ် “သနားခြင်းစိတ်တော်ရှိ၍ များစွာသောဆုံးမ [စကား] ကို ပေးတော်မူ၏။” (မာကု ၆:၃၀-၃၄) ဤပြင်းပြသောသနားခြင်းစိတ်က အခြားသူတို့ကိုကူညီပေးရန် ကိုယ်တော်အား လှုံ့ဆော်ခဲ့သည်။
အခြားသူတို့အကျိုးအတွက် ယေရှုလုပ်ဆောင်ပေးမှုသည် ဝိညာဉ်ရေးဆိုင်ရာသွန်သင်ချက်ဖြင့်သာ ကန့်သတ်မထားချေ။ လက်တွေ့ကျအကူအညီကိုလည်း ကိုယ်တော်ပေးခဲ့သည်။ ဥပမာ၊ ကိုယ်တော်သည် မိုးချုပ်သည့်အထိ တရားနားထောင်ကြသော အမျိုးသား ၅,၀၀၀ (အမျိုးသမီးနှင့် ကလေးများအပြင်) ကိုကျွေးမွေးခဲ့သည်။ နောက်ပိုင်းဖြစ်ရပ်၌ နောက်ထပ် ၄,၀၀၀ ကိုကျွေးမွေးခဲ့၏။ အစောပိုင်းတွင် ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုအသုံးပြုခဲ့ပြီး နောက်တစ်ကြိမ်တွင် မုန့်ခုနစ်လုံးနှင့် ငါးကလေးအနည်းငယ်ကို အသုံးပြုခဲ့သည်။ (မဿဲ ၁၄:၁၄-၂၁; ၁၅:၃၂-၃၈; မာကု ၆:၃၅-၄၄; ၈:၁-၉) အံ့ဖွယ်လော။ မှန်ပါသည်၊ ကိုယ်တော်သည် အံ့ဖွယ်ပြုသူဖြစ်ခဲ့သည်။
ယေရှုသည် ဖျားနာသူများစွာကိုလည်း ကုသပေးခဲ့၏။ ကိုယ်တော်သည် မျက်စိကန်းသူ၊ ခြေကျိုးသူ၊ အနူသည်များနှင့် နားပင်းသူတို့ကို ပျောက်ကင်းစေခဲ့သည်။ လူသေကိုပင် ကိုယ်တော် ထမြောက်စေခဲ့သည်တကား! (လုကာ ၇:၂၂; ယောဟန် ၁၁:၃၀-၄၅) တစ်ကြိမ်တွင် အနူသည်တစ်ဦးသည် ကိုယ်တော်အား “ကိုယ်တော်အလိုရှိလျှင် ကျွန်တော်ကိုသန့်ရှင်းစေနိုင်တော်မူသည်” ဟုအသနားခံခဲ့၏။ ယေရှု မည်သို့တုံ့ပြန်ခဲ့သနည်း။ “လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျက်၊ ‘ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေ’ ဟုမိန့်တော်မူ၏။” (မာကု ၁:၄၀၊ ၄၁) ယေရှုသည် သူတို့ကိုကူညီပေးဖို့ ပြင်းပြသောဆန္ဒအားဖြင့် လှုံ့ဆော်ခံခဲ့ရသည်။ ယင်းသို့သော အံ့ဖွယ်အမှုများဖြင့် ရောဂါသည်များအပေါ် မိမိ၏မေတ္တာကို ပြသခဲ့သည်။
ယုံကြည်ရန် ခက်သလော။ သို့သော် ယေရှုသည် မိမိ၏အံ့ဖွယ်အမှုအများစုကို လူထုရှေ့၌ လုပ်ဆောင်ခဲ့၏။ မိမိအား အချိန်တိုင်း အပြစ်ရှာဖို့ ကြိုးစားနေကြသောဆန့်ကျင်သူများပင် အံ့ဖွယ်အမှုများ ကိုယ်တော်လုပ်ဆောင်ခဲ့သည်ဟူသောအချက်ကို မငြင်းဆိုနိုင်ခဲ့ချေ။ (ယောဟန် ၉:၁-၃၄) ထို့အပြင် ကိုယ်တော့်အံ့ဖွယ်အမှုများ၌ ရည်ရွယ်ချက်ရှိ၏။ ယင်းတို့က ယေရှုအား ဘုရားသခင်စေလွှတ်သူအဖြစ် ပိုင်းခြားသိစေဖို့ အကူအညီဖြစ်စေသည်။—ယောဟန် ၆:၁၄။
ယေရှု၏သွန်သင်ချက်များနှင့် ကိုယ်တော့်အသက်တာကို အကျဉ်းသုံးသပ်ကြည့်ရုံမျှဖြင့် ကိုယ်တော့်အား ချစ်ခင်စေရန်နှင့် ကိုယ်တော့်မေတ္တာကို အတုယူလိုစိတ်ရှိရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသည်။ သို့တိုင်၊ ယင်းသည် သင့်အသက်တာကို ယေရှုထိခိုက်စေသည့် တစ်ခုတည်းသောနည်းလမ်းမဟုတ်ချေ။ ကိုယ်တော်သည် မေတ္တာကို သင်ကြားပေးခဲ့သည့် ကြီးမြတ်သောဆရာမျှသာမဟုတ်ပေ။ ဘုရားသခင်၏တစ်ပါးတည်းသောသားတော်အဖြစ် မိမိ၌လူ့ဘဝမတိုင်မီ အသက်တာရှိခဲ့ကြောင်း ကိုယ်တော်ဖော်ပြခဲ့သည်။ (ယောဟန် ၁:၁၄; ၃:၁၆; ၈:၅၈; ၁၇:၅; ၁ ယောဟန် ၄:၉) ကိုယ်တော်သည် လူ့ဘဝပြီးနောက် နောက်ဘဝလည်းရှိပြီး ယင်းက ကိုယ်တော်အား သင့်အတွက် သာ၍ပင်အဓိပ္ပာယ်ရှိစေသည်။ သမ္မာကျမ်းစာက ယေရှုသည် ရှင်ပြန်ထမြောက်၍ ယခု ဘုရားသခင့်နိုင်ငံတော်၏ဘုရင်အဖြစ် နန်းထိုင်နေပြီဖြစ်ကြောင်း ဖော်ပြသည်။ (ဗျာဒိတ် ၁၁:၁၅) ယေရှုက “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟူ၍မိန့်တော်မူ၏။ (ယောဟန် ၁၇:၃; ၂၀:၃၁) အမှန်ပင်၊ ယေရှုခရစ်နှင့်စပ်လျဉ်းသော အသိပညာကိုရယူခြင်းက . . . အဆုံးမဲ့အသက်တာကိုဖြစ်စေနိုင်သည်! ထိုသို့မည်သို့ဖြစ်နိုင်သနည်း။ ယေရှုအကြောင်းကို ပိုမိုလေ့လာကာ ကိုယ်တော့်အားအတုယူရန် ‘ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့ကိုအနိုင်အထက်သွေးဆောင်’ ပုံကို သိမြင်ပါလေ။ (၂ ကောရိန္သု ၅:၁၅) ယေဟောဝါသက်သေများသည် သင့်အား ကူညီရန်ဝမ်းမြောက်ပါလိမ့်မည်။—ယောဟန် ၁၃:၃၄၊ ၃၅။
ဤစာစောင်တွင် မှတ်သားဖော်ပြမထားဘဲ ကိုးကားထားသောကျမ်းချက်များသည် ယုဒသန် (မြန်မာ) ကျမ်းစာမှဖြစ်ပါသည်။