ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • dp အခန်း ၁၀ စာ. ၁၆၄-၁၇၉
  • မင်းတကာ့မင်းကို မည်သူ ဆန့်ကျင်အန်တုနိုင်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မင်းတကာ့မင်းကို မည်သူ ဆန့်ကျင်အန်တုနိုင်သနည်း
  • ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဦးချိုနှစ်ချောင်းရှိသော သိုးထီး
  • သိုးထီး ဟိတ်ကြီးဟန်ကြီးထုတ်ခြင်း
  • ဆိတ်ထီးက သိုးထီးကို ဝှေ့လှဲခြင်း
  • ဆန်းကြယ်သောဦးချိုငယ်
  • ဦးချိုငယ် တန်ခိုးအာဏာ ကြီးထွားလာခြင်း
  • “ကိုယ်တော်၏ သန့်ရှင်းရာဌာနတော်” ဖြိုဖျက်ခံရ
  • “သန့်ရှင်းရာဌာန” ကို မူလအခြေအနေမှန်သို့ ပြန်ရောက်စေခြင်း
  • ကမ္ဘာကို မည်သူ အုပ်ချုပ်မည်နည်း
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ဒံယေလကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဘုရားသခင့် စေတမန်အားဖြင့် ခွန်အားရရှိ
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ကျွန်ုပ်တို့ခေတ်အတွက် ဘုရားသခင့် ပရောဖက်ပြုချက်စကားတော်ကို အာရုံစိုက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
dp အခန်း ၁၀ စာ. ၁၆၄-၁၇၉

အခန်း တစ်ဆယ်

မင်းတကာ့မင်းကို မည်သူ ဆန့်ကျင်အန်တုနိုင်သနည်း

၁၊ ၂။ ဗေလရှာဇာမင်းကြီး နန်းစံသုံးနှစ်တွင် ဒံယေလမြင်ရသည့် ရူပါရုံသည် ကျွန်ုပ်တို့အဖို့ အဘယ်ကြောင့် အရေးကြီးသနည်း။

ယေရုရှလင်မြို့ရှိ ယေဟောဝါ၏ဗိမာန်တော် ဖျက်ဆီးခံရချိန်မှ နှစ်ပေါင်းငါးဆယ့်ခုနစ်နှစ် ကုန်လွန်ခဲ့လေပြီ။ ဗေလရှာဇာနှင့် သူ၏ခမည်းတော် နဗိုနိုက်ဒတ်စ်တို့သည် သမ္မာကျမ်းစာမှ တတိယ ကမ္ဘာ့အာဏာစက်ဖြစ်သည့် ဗာဗုလုန်အင်ပါယာကို ပူးတွဲအုပ်ချုပ်ကြသည်။a ဘုရားသခင့်ပရောဖက် ဒံယေလသည် ဗာဗုလုန်တွင် သုံ့ပန်းအဖြစ် နယ်နှင်ခြင်းခံနေရသည်။ “ဗေလရှာဇာမင်းကြီး နန်းစံသုံးနှစ်တွင်” ယေဟောဝါသည် ဒံယေလအား စစ်မှန်သောကိုးကွယ်မှု ပြန်လည်ထူထောင်ခြင်းနှင့်ဆိုင်သော အသေးစိတ်အချက်အလက် အချို့ပါရှိသည့် ရူပါရုံတစ်ခုကို မြင်စေတော်မူ၏။—ဒံယေလ ၈:၁။

၂ ဒံယေလမြင်တွေ့ခဲ့ရသည့် ပရောဖက်ပြုချက်ဆိုင်ရာ ရူပါရုံသည် သူနှင့်တကွ “ဆုံးခန်းကာလ” အတွင်းအသက်ရှင်နေကြသည့် ကျွန်ုပ်တို့အားလုံးအတွက် လေးနက်သည့် အကျိုးသက်ရောက်မှုရှိသည်။ “ဤရူပါရုံသည် ချိန်းချက်သော ဆုံးခန်းကာလနှင့် ဆိုင်သည်ဖြစ်၍ အမျက်တော်အဆုံး၌ ဖြစ်ပျက်လတ္တံ့သောအရာကို ယခု သင့်အား ငါအသိပေးမည်” ဟုကောင်းကင်တမန် ဂါဗြေလက ဒံယေလအား ကြားပြော၏။ (ဒံယေလ ၈:၁၆၊ ၁၇၊ ၁၉၊ ၂၇၊ ကဘ) ထို့ကြောင့် ဒံယေလမြင်ခဲ့သည့်အရာကို စိတ်ဝင်စားစွာဖြင့် ဆင်ခြင်သုံးသပ်လျက် ယနေ့ကျွန်ုပ်တို့အဖို့ အဘယ်အဓိပ္ပာယ်ရှိသည်ကို ကြည့်ကြပါစို့။

ဦးချိုနှစ်ချောင်းရှိသော သိုးထီး

၃၊ ၄။ မြစ်အရှေ့တွင် အဘယ်တိရစ္ဆာန်ရပ်နေသည်ကို ဒံယေလ တွေ့မြင်ရသနည်း။ ၎င်းသည် အဘယ်အရာကို အမှတ်သင်္ကေတပြုသနည်း။

၃ ဒံယေလ ဤသို့ရေးသား၏– “ရူပါရုံ၌ စ၍မြင်ရသည်မှာ ငါကြည့်မြင်နေစဉ်တွင် ငါသည် ဧလံစီရင်စုနယ်၊ ရှုရှန်နန်းတော်၌ ရှိနေသည်။ ရူပါရုံတွင် ဆက်၍မြင်ရသည်မှာ ငါသည် ဥလဲမြစ်နားမှာ ရောက်ရှိနေသည်။” (ဒံယေလ ၈:၂၊ ကဘ) ဒံယေလသည် ဗာဗုလုန်မြို့၏အရှေ့ဘက် မိုင် ၂၂၀ ခန့်အကွာတွင် တည်ရှိသည့် ဧလံပြည်၏မြို့တော် ရှုရှန် (ဆူးဆာ) မြို့၌ အမှန်တကယ် ရောက်ရှိနေသည်၊ သို့မဟုတ် ရူပါရုံအားဖြင့်သာ ရောက်ရှိနေခြင်းဖြစ်သည်ဟူ၍ကား ရှင်းလင်းစွာဖော်ပြထားခြင်းမရှိပေ။

၄ ဒံယေလက ဤသို့ဆက်၍ဆိုသည်– “ငါမျှော်ကြည့်သော် သိုးထီးတစ်ကောင်သည် မြစ်အရှေ့တွင် ရပ်နေသည်ကို ရုတ်တရက်မြင်ရ၏။ ၎င်း၌ ဦးချိုနှစ်ချောင်းရှိ၏။” (ဒံယေလ ၈:၃က၊ ကဘ) ဤသိုးထီးသည် အဘယ်အရာကို ကိုယ်စားပြုသည်မှာ ဒံယေလအဖို့ ဆန်းကြယ်နက်နဲရာ မဟုတ်ချေ။ နောက်ပိုင်းတွင် ကောင်းကင်တမန် ဂါဗြေလက ဤသို့ဖော်ပြ၏– “သင်မြင်ရသော ဦးချိုနှစ်ချောင်းရှိသည့် သိုးထီးသည် မီးဒီးယားဘုရင်နှင့် ပါးရှားဘုရင်တို့ ဖြစ်ကြ၏။” (ဒံယေလ ၈:၂၀၊ ကဘ) မီးဒီးယားလူမျိုးသည် တောင်ထူထပ်သော ကုန်းပြင်မြင့်မှနေ၍ အဆီးရီးယားပြည်၏ အရှေ့ပိုင်းသို့ ရောက်ရှိလာကြသည်။ ပါးရှားလူမျိုးသည် မူလက ပါးရှားပင်လယ်ကွေ့၏ မြောက်ပိုင်းဒေသတွင် ရေကြည်ရာမြက်နုရာ လှည့်လည်ကျက်စားခဲ့ကြသည်။ သို့ရာတွင် မီးဒီးယား-ပါးရှား အင်ပါယာ ကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ ပြည်သူတို့သည် တစ်စတစ်စနှင့် စည်းစိမ်ခံစားတတ်လာကြသည်။

၅။ “နောက်မှပေါ်ထွက်” သောဦးချိုသည် အဘယ်သို့ သာ၍ရှည်လာသနည်း။

၅ “ထိုဦးချိုနှစ်ချောင်းစလုံး ရှည်လျားသော်လည်း တစ်ချောင်းသည် သာ၍ရှည်၏။ သာ၍ရှည်သောဦးချိုသည် နောက်မှပေါ်ထွက်သတည်း” ဟူ၍ ဒံယေလကဆို၏။ (ဒံယေလ ၈:၃ခ၊ ကဘ) နောက်မှပေါ်ထွက်သော သာ၍ရှည်သည့်ဦးချိုသည် ပါးရှားလူမျိုးကိုပုံဆောင်ပြီး ကျန်တစ်ချောင်းမှာ မီးဒီးယားလူမျိုးကို ကိုယ်စားပြုသည်။ အစပိုင်းတွင် မီးဒီးယားလူမျိုးသည် ကြီးစိုးလွှမ်းမိုးသည့် အနေအထားတွင် ရှိခဲ့သည်။ သို့သော်လည်း ဘီ.စီ.အီး. ၅၅၀ ပြည့်နှစ်တွင် ပါးရှားဘုရင် ကုရုမင်းက မီးဒီးယားဘုရင် အက်စ်တိုင်းယာဂျစ်ဇ်ကို လွယ်လင့်တကူအောင်နိုင်ခဲ့သည်။ ကုရုမင်းသည် လူမျိုးနှစ်မျိုး၏ ထုံးစံဓလေ့များနှင့် ဥပဒေပညတ်များကိုပေါင်းစပ်၍ နှစ်နိုင်ငံကိုပေါင်းစည်းကာ ၎င်းတို့၏နယ်မြေပိုင်နက်ကို တိုးချဲ့ခဲ့သည်။ ထိုအချိန်မှစ၍ သူ၏အင်ပါယာသည် ပူးတွဲကမ္ဘာ့အာဏာစက် ဖြစ်လာလေသည်။

သိုးထီး ဟိတ်ကြီးဟန်ကြီးထုတ်ခြင်း

၆၊ ၇။ သိုးထီးရှေ့တွင် “မည်သည့်သားရဲမျှ” အဘယ်သို့ “မခံမရပ်နိုင်” ဖြစ်ကြသနည်း။

၆ သိုးထီးအကြောင်း ဆက်လက်ဖော်ပြရာ၌ ဒံယေလက ဤသို့ဆို၏– “ထိုသိုးထီးသည် အနောက်၊ တောင်၊ မြောက် သုံးမျက်နှာသို့ တိုးဝှေ့၍ မည်သည့်သားရဲမျှ သူ့ရှေ့တွင် မခံမရပ်နိုင်သည့်အပြင် လက်တွင်းမှလည်း အဘယ်သူမျှ ကယ်လွှတ်ခြင်းငှာ မစွမ်းနိုင်။ သူသည် အလိုရှိသည်အတိုင်းပြု၍ ဟိတ်ကြီးဟန်ကြီးထုတ်လေ၏။”—ဒံယေလ ၈:၄၊ ကဘ။

၇ ဒံယေလ မြင်ခဲ့ရသည့် ရှေ့ပိုင်းရူပါရုံတစ်ခုတွင် ဗာဗုလုန်ကို ပင်လယ်ထဲမှတက်လာသည့် သားရဲနှင့်ပုံခိုင်းထားသည်။ ၎င်းသားရဲသည် လင်းယုန်အတောင်ရှိသော ခြင်္သေ့နှင့်တူသည်။ (ဒံယေလ ၇:၄၊ ၁၇) သင်္ကေတဖြင့်ဖော်ပြသော ၎င်းသားရဲသည် ယခုရူပါရုံအသစ်ထဲမှ “သိုးထီး” ရှေ့တွင် မခံမရပ်နိုင်ခဲ့ချေ။ ဗာဗုလုန်သည် ဘီ.စီ.အီး. ၅၃၉ ခုနှစ်တွင် မဟာကုရုမင်း၏ လက်ထဲသို့ကျဆင်းခဲ့သည်။ ထိုအချိန်နောက်ပိုင်း နှစ်ပေါင်း ၅၀ နီးပါးအတွင်း “မည်သည့်သားရဲ၊” သို့မဟုတ် မည်သည့်အစိုးရမျှ သမ္မာကျမ်းစာ ပရောဖက်ပြုချက်မှ စတုတ္ထ ကမ္ဘာ့အာဏာစက်ဖြစ်သည့် မီးဒီးယား-ပါးရှား အင်ပါယာကို ဆန့်ကျင်အန်တုနိုင်စွမ်း မရှိခဲ့ချေ။

၈၊ ၉။ (က) သိုးထီးသည် အဘယ်သို့ “အနောက်၊ တောင်၊ မြောက် သုံးမျက်နှာသို့ တိုးဝှေ့” ခဲ့သနည်း။ (ခ) ပါးရှားဘုရင် ပထမမြောက် ဒါရိမင်းကြီး၏ အရိုက်အရာ ဆက်ခံသူအကြောင်း ဧသတာဝတ္ထုက အဘယ်သို့ဆိုသနည်း။

၈ ‘နေထွက်ရာအရပ်’ ဖြစ်သည့် အရှေ့မျက်နှာမှလာသော မီးဒီးယား-ပါးရှား ကမ္ဘာ့အာဏာစက်သည် အလိုရှိသည်အတိုင်းပြု၍ “အနောက်၊ တောင်၊ မြောက် သုံးမျက်နှာသို့ တိုးဝှေ့” လေ၏။ (ဟေရှာယ ၄၆:၁၁) မဟာကုရုမင်း၏ အရိုက်အရာကိုဆက်ခံသည့် ဒုတိယမြောက် ကဲမ်ဘိုင်းဆစ္စ ဘုရင်သည် အီဂျစ်ကိုအောင်နိုင်ခဲ့သည်။ သူ၏အရိုက်အရာဆက်ခံသူမှာ ပါးရှားဘုရင် ပထမမြောက် ဒါရိုင်းယပ်စ်ဖြစ်သည်။ သူသည် ဘီ.စီ.အီး. ၅၁၃ ခုနှစ်တွင် အနောက်မျက်နှာသို့ ချီတက်ကာ ပေါ့စ်ပရပ်စ် ရေလက်ကြားကိုဖြတ်ပြီးလျှင် သရေးစ်နိုင်ငံ၏ ဥရောပခြမ်းနယ်မြေကို ဝင်ရောက်ကျူးကျော်လေ၏။ သရေးစ်နိုင်ငံ၏မြို့တော်မှာ ဘိုင်ဇန်းတီယမ် (ယခု အစ္စတန်ဘူလ်) ဖြစ်သည်။ သူသည် ဘီ.စီ.အီး. ၅၀၈ ခုနှစ်တွင် သရေးစ်ကိုနှိမ်နင်းပြီးလျှင် ဘီ.စီ.အီး. ၄၉၆ ခုနှစ်တွင် မက်ဆီဒိုးနီးယားကို အောင်နိုင်လေ၏။ ဤသို့ဖြင့်၊ ဒါရိုင်းယပ်စ် လက်ထက်ရောက်သောအခါ မီးဒီးယား-ပါးရှား “သိုးထီး” သည်အဓိကအရပ်သုံးမျက်နှာရှိ နယ်မြေများကို သိမ်းပိုက်နိုင်ခဲ့သည်။ ၎င်းတို့မှာ မြောက်ဘက် ဗာဗုလုန်နှင့် အဆီးရီးယား၊ အနောက်ဘက် အာရှမိုင်းနား၊ တောင်ဘက် အီဂျစ်တို့ဖြစ်ကြသည်။

၉ မီးဒီးယား-ပါးရှား အင်ပါယာ၏ ကြီးကျယ်မြင့်မြတ်ခြင်းကို ထောက်ခံသည့်အနေနှင့် သမ္မာကျမ်းစာက ဒါရိုင်းယပ်စ်၏ အရိုက်အရာဆက်ခံသူ ပထမမြောက် ဇားခ်စီးဇ်နှင့်ပတ်သက်၍ သူသည် “အိန္ဒိယပြည်မှစ၍ ကုရှပြည်တိုင်အောင် တိုင်းပြည်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်တို့ကို အစိုးရသော ရှင်ဘုရင်အာရွှေရု” ဟူ၍ဆိုထားသည်။ (ဧသတာ ၁:၁) သို့ရာတွင် ဤအင်ပါယာကြီးသည် အခြားအာဏာစက်တစ်ခုကို အရှုံးပေးရတော့မည်။ ဤအကြောင်းနှင့်ပတ်သက်၍ ဒံယေလ၏ရူပါရုံက ဘုရားသခင့်ပရောဖက်ပြုချက်စကားတော် အပေါ်ထားရှိသော ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသည့် အာရုံဖမ်းစားနိုင်သော အသေးစိတ်အချက်အလက်များကို ဖွင့်ပြပေးသည်။

ဆိတ်ထီးက သိုးထီးကို ဝှေ့လှဲခြင်း

၁၀။ ဒံယေလ၏ ရူပါရုံတွင် “သိုးထီး” ကိုအဘယ်တိရစ္ဆာန်က ဝှေ့လှဲလိုက်သနည်း။

၁၀ ဒံယေလခမျာ ယခုမြင်ရသည့် အရာများကြောင့် မည်မျှအံ့အားသင့်သွားမည်ကို စိတ်ကူးကြည့်ပါ။ မှတ်တမ်းက ဤသို့ဆို၏– “ထိုအမှုကို ငါဆင်ခြင်နေစဉ် ဆိတ်ထီးတစ်ကောင်သည် နေဝင်ရာအရပ်မျက်နှာမှ မြေကိုမနင်းဘဲ မြေကြီးတစ်ပြင်လုံး ကျော်လာသည်ကို ရုတ်တရက်မြင်ရ၏။ ထိုဆိတ်ထီး၏မျက်စိနှစ်လုံးကြား၌ ထင်ရှားသော ဦးချိုတစ်ချောင်းရှိ၏။ ဆိတ်ထီးသည် မြစ်အရှေ့တွင် ရပ်နေသည်ကို ငါမြင်ခဲ့ရသည့် ဦးချိုနှစ်ချောင်းရှိသော သိုးထီးရှိရာသို့ မာန်ဟုန်ပြင်းစွာဖြင့် တန်းတန်းမတ်မတ်ပြေးသွား၏။ သိုးထီးအနားသို့ ရောက်သောအခါ နာကြည်းဒေါသစိတ်နှင့် သိုးထီးကိုဝှေ့လှဲ၍ ဦးချိုနှစ်ချောင်းကို ချိုးဖဲ့သဖြင့် သိုးထီးသည် ဆိတ်ထီးရှေ့၌ ခံရပ်နိုင်သောအစွမ်း မရှိသည်ကို ငါမြင်၏။ ထိုကြောင့် ဆိတ်ထီးသည် သိုးထီးကို မြေသို့လှဲ၍ ဖိနင်းလေရာ သူ့လက်မှ ကယ်လွှတ်နိုင်သူမရှိချေ။” (ဒံယေလ ၈:၅-၇၊ ကဘ) ဤအရာအားလုံး အဘယ်အဓိပ္ပာယ်ရှိသနည်း။

၁၁။ (က) “အမွေးကြမ်းသော ဆိတ်ထီး” နှင့်၎င်း၏ “ဦးချိုကြီး” အကြောင်း ကောင်းကင်တမန် ဂါဗြေလက မည်သို့ရှင်းပြသနည်း။ (ခ) ထင်ရှားသောဦးချိုက မည်သူ့ကို ပုံခိုင်းသနည်း။

၁၁ ဒံယေလနှင့် ကျွန်ုပ်တို့သည် ဤရူပါရုံ၏ အဓိပ္ပာယ်ကို မှန်းဆရန်အကြောင်းမရှိပေ။ “အမွေးကြမ်းသော ဆိတ်ထီးသည် ဂရိဘုရင်ဖြစ်၏။ မျက်စိနှစ်လုံးကြား၌ရှိသော ဦးချိုကြီးသည် ပထမဘုရင်ဖြစ်၏” ဟူ၍ ကောင်းကင်တမန် ဂါဗြေလက ဒံယေလအား ကြားပြော၏။ (ဒံယေလ ၈:၂၁၊ ကဘ) ဘီ.စီ.အီး. ၃၃၆ ခုနှစ်တွင် ပါးရှားအင်ပါယာ၏ နောက်ဆုံးသော ရှင်ဘုရင်၊ တတိယမြောက် ဒါရိုင်းယပ်စ် (ကတ်ဒိုမဲင်းနာ့စ်) သည် မင်းမြှောက်ခံရသည်။ ထိုနှစ်၌ပင် အလက်ဇန္ဒားသည်လည်း မက်ဆီဒိုးနီးယားတွင် ဘုရင်ဖြစ်လာသည်။ မဟာအလက်ဇန္ဒားသည် ကြိုဟောထားသည့် ပထမ “ဂရိဘုရင်” ပင်ဖြစ်ကြောင်း သမိုင်းကပြဆိုသည်။ ဘီ.စီ.အီး. ၃၃၄ ခုနှစ်တွင် အလက်ဇန္ဒားသည် “နေဝင်ရာအရပ်မျက်နှာ၊” သို့မဟုတ် အနောက်မျက်နှာမှ အစပြု၍ လျင်မြန်စွာ ရွေ့ရှားလာသည်။ “မြေကိုမနင်း” သည့်အလား နယ်မြေများကို သိမ်းပိုက်လျက် “သိုးထီး” ကိုဝှေ့လှဲခဲ့၏။ မီးဒီးယား-ပါးရှားတို့၏ရာစုနှစ် နှစ်ခုနီးပါးကြာ စိုးမိုးခြယ်လှယ်မှုကို အဆုံးသတ်လိုက်ခြင်းဖြင့် ဂရိသည် သမ္မာကျမ်းစာတွင် အရေးပါသည့် ပဉ္စမမြောက် ကမ္ဘာ့အာဏာစက် ဖြစ်လာလေသည်။ ဘုရားသခင့်ပရောဖက်ပြုချက်ဆိုင်ရာ ထူးခြားလှသော ပြည့်စုံချက်ပါတကား!

၁၂။ သင်္ကေတဖြင့်ဖော်ပြသော ဆိတ်ထီး၏ “ဦးချိုကြီး” သည် မည်သို့ “ကျိုးပဲ့” သွားသနည်း။ ၎င်းချိုနေရာ၌ ပေါ်ထွက်သည့် ဦးချိုလေးချောင်းကား အဘယ်နည်း။

၁၂ သို့သော် အလက်ဇန္ဒား၏ အာဏာသည် သက်တမ်းရှည်ကြာမည် မဟုတ်ချေ။ ရူပါရုံက ဤသို့ထပ်၍ဖော်ပြသည်– “ထိုဆိတ်ထီးသည် အလွန့်အလွန် ဟိတ်ကြီးဟန်ကြီး ထုတ်သော်လည်း အင်အားကြီးမားသည်နှင့် တစ်ပြိုင်နက် ဦးချိုကြီးကျိုးပဲ့သဖြင့် ၎င်းချိုနေရာ၌ ကောင်းကင်အရပ် လေးမျက်နှာသို့ မျက်နှာမူလျက် ဦးချိုလေးချောင်း အထင်အရှား ပေါ်ထွက်လေ၏။” (ဒံယေလ ၈:၈၊ ကဘ) ဤပရောဖက်ပြုချက်ကို ရှင်းပြရာ၌ ဂါဗြေလက ဤသို့ဆို၏– “ထိုဦးချိုကျိုးပဲ့သဖြင့် ၎င်းချိုနေရာ၌ နောက်ဆုံးတွင် ဦးချိုလေးချောင်း ပေါ်ထွက်သည်မှာ သူ၏လူမျိုးမှ နိုင်ငံလေးပါး ပေါ်ထွက်လာမည်ဖြစ်သော်လည်း သူ၏တန်ခိုးကို မမီကြ။” (ဒံယေလ ၈:၂၂၊ ကဘ) ဤဟောကိန်းနှင့်အညီ အလက်ဇန္ဒားသည် အောင်မြင်ခြင်းအထွတ် ရောက်ရှိနေချိန် အသက် ၃၂ နှစ်အရွယ်တွင် “ကျိုးပဲ့၊” သို့မဟုတ် သေဆုံးသွားလေသည်။ သူ၏ဧရာမအင်ပါယာကြီးကိုလည်း နောက်ဆုံးတွင် ဗိုလ်ချုပ်ကြီးလေးဦးက ခွဲဝေယူလိုက်ကြသည်။

ဆန်းကြယ်သောဦးချိုငယ်

၁၃။ ဦးချိုလေးချောင်းအနက် တစ်ချောင်းမှ အဘယ်အရာ ပေါက်လာသနည်း။ ၎င်းသည် မည်သို့ပြုမူသနည်း။

၁၃ ရူပါရုံ၏နောက်အပိုင်းသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂,၂၀၀ ကျော်ကြာမြင့်ပြီး မျက်မှောက်ခေတ်အထိ ဆက်တိုက်ပြည့်စုံလျက်ရှိသည်။ ဒံယေလ ဤသို့ရေးသားထား၏– “ထိုဦးချိုလေးချောင်းတွင် တစ်ချောင်းထဲက အခြားသော ဦးချိုငယ်တစ်ချောင်း ပေါ်ပြန်၍ တောင်အရပ်သို့လည်းကောင်း၊ နေထွက်ရာအရပ်သို့လည်းကောင်း၊ ရတနာပြည်သို့လည်းကောင်း မျက်နှာမူ၍ အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။ ကောင်းကင်ဗိုလ်ခြေတိုင်အောင် ကြီးမားသည်ထက် ကြီးမားလာသဖြင့် ထိုဗိုလ်ခြေအချို့နှင့် ကြယ်နက္ခတ်အချို့ကို မြေသို့ချ၍ နင်းချေလေ၏။ ထိုမျှမက ဗိုလ်ခြေအရှင်တိုင်အောင် ဟိတ်ကြီးဟန်ကြီးထုတ်လျက် ကိုယ်တော်ထံမှ ဆက်မြဲဝတ်ကိုပယ်၍ အတည်တကျဖြစ်နေသော ကိုယ်တော်၏ သန့်ရှင်းရာဌာနတော်ကို ဖြိုဖျက်လေ၏။ လွန်ကျူးခြင်းအပြစ်ကြောင့် ဆက်မြဲဝတ်နှင့်တကွ တစ်ဗိုလ်ခြေကို လွှဲအပ်ရယူသဖြင့် သစ္စာတရားကိုလည်း မြေသို့ချလျက် ပြုသမျှအောင်မြင်လေ၏။”—ဒံယေလ ၈:၉-၁၂၊ ကဘ။

၁၄။ သင်္ကေတဖြင့်ဖော်ပြသည့် ဦးချိုငယ်၏ လှုပ်ရှားဆောင်ရွက်မှုများအကြောင်း ကောင်းကင်တမန် ဂါဗြေလက မည်သို့ဆိုသနည်း။ ထိုဦးချို အဘယ်သို့ဖြစ်သွားမည်နည်း။

၁၄ အထက်ဖော်ပြပါ စကားများ၏အဓိပ္ပာယ်ကို နားလည်နိုင်ရန် ဘုရားသခင့် ကောင်းကင်တမန်ကို ကျွန်ုပ်တို့ ဂရုပြုရပေမည်။ အလက်ဇန္ဒား၏အင်ပါယာမှ နိုင်ငံလေးပါး ခွဲထွက်မည့်အကြောင်း ဖော်ပြပြီးနောက် ကောင်းကင်တမန် ဂါဗြေလက ဤသို့ဆို၏– “သူတို့နိုင်ငံများ၏ အဆုံးပိုင်း၌ လွန်ကျူးသောသူတို့၏အပြစ် ပြည့်စုံသောအခါ ကြမ်းကြုတ်ရက်စက်သော မျက်နှာရှိလျက် ပရိယာယ်စကားများကိုနားလည်သော ဘုရင်တစ်ပါး ပေါ်ထွန်းလိမ့်မည်။ ထိုမင်းသည် မိမိတန်ခိုးအားဖြင့်မဟုတ်ဘဲ တန်ခိုးကြီးလိမ့်မည်။ အံ့ဖွယ်နည်းဖြင့် ဖျက်ဆီးလျက် ပြုလုပ်ရာ၌ မုချအောင်မြင်၍ ထိရောက်မှုရှိမည်။ တန်ခိုးကြီးသောသူတို့နှင့် သန့်ရှင်းသူတို့အဝင်ဖြစ်သော လူမျိုးတော်တို့ကို အမှန်စင်စစ် ဖျက်ဆီးလိမ့်မည်။ သူသည် ထိုးထွင်းဉာဏ်နှင့်အညီ သူ့လက်ထဲတွင် ကောက်ကျစ်စဉ်းလဲခြင်း အကြံအစည်ကို မုချအထမြောက်စေမည်။ နှလုံးထဲ၌ ဟိတ်ကြီးဟန်ကြီးထုတ်လျက် ပူပန်ကြောင့်ကြမှု ကင်းသည့်ကာလ၌ လူအများကိုဖျက်ဆီးလိမ့်မည်။ မင်းတကာ့မင်းကိုပင် အန်တုဖက်ပြိုင်ရန် မတ်တတ်ထမည်ဖြစ်သော်လည်း လူ့လက်ဖြင့်မဟုတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။”—ဒံယေလ ၈:၂၃-၂၅၊ ကဘ။

၁၅။ ဤရူပါရုံနှင့်ပတ်သက်၍ မည်သို့ပြုလုပ်ရန် ဒံယေလအား ကောင်းကင်တမန်က မှာကြားသနည်း။

၁၅ “သင်မူကား၊ ဤရူပါရုံသည် ကြာမြင့်စွာသော နေ့ရက်များစွာနှင့် ဆိုင်သောကြောင့် မပေါက်ကြားစေရန် လျှို့ဝှက်ထားလော့” ဟု ကောင်းကင်တမန်က ဒံယေလအားမှာကြား၏။ (ဒံယေလ ၈:၂၆၊ ကဘ) ရူပါရုံ၏ဤအပိုင်းသည် “နေ့ရက်များစွာ” ကြာပြီးမှ ပြည့်စုံမည်ဖြစ်သောကြောင့် ဒံယေလအနေဖြင့် ရူပါရုံကို “မပေါက်ကြားစေရန် လျှို့ဝှက်ထား” ရမည်ဖြစ်သည်။ ဤရူပါရုံ၏ အနက်အဓိပ္ပာယ်ကို ဒံယေလ နားမလည်ခဲ့သည်မှာ ထင်ရှားသည်။ သို့သော်လည်း ယနေ့ဆိုလျှင် ထို “နေ့ရက်များစွာ” သည်ကုန်လွန်ခဲ့ပြီး ဖြစ်ပေမည်။ ထို့ကြောင့် ‘ဤပရောဖက်ပြုချက်ဆိုင်ရာ ရူပါရုံ၏ ပြည့်စုံချက်နှင့်စပ်လျဉ်း၍ ကမ္ဘာ့သမိုင်းက အဘယ်အရာဖော်ပြသနည်း’ ဟူ၍ ကျွန်ုပ်တို့မေးနိုင်ပေသည်။

ဦးချိုငယ် တန်ခိုးအာဏာ ကြီးထွားလာခြင်း

၁၆။ (က) သင်္ကေတဖြင့်ဖော်ပြသည့် အဘယ်ဦးချိုမှ ဦးချိုငယ် ပေါ်ထွက်ခဲ့သနည်း။ (ခ) ရောမသည် သမ္မာကျမ်းစာပရောဖက်ပြုချက်မှ ဆဋ္ဌမမြောက် ကမ္ဘာ့အာဏာစက် မည်သို့ဖြစ်လာသနည်း။ သို့သော် ၎င်းသည် အဘယ်ကြောင့် သင်္ကေတဖြင့်ဖော်ပြသည့် ဦးချိုငယ်မဟုတ်သနည်း။

၁၆ သမိုင်းအရ ဦးချိုငယ်မှာ သင်္ကေတဖြင့်ဖော်ပြသည့် ဦးချိုလေးချောင်းထဲမှ အနောက်ဘက် အကျဆုံးသောအချောင်း၏ အတက်ဖြစ်သည်။ ဤကား မက်ဆီဒိုးနီးယားနှင့် ဂရိနယ်တွင် ဗိုလ်ချုပ်ကြီး ကစဲန်းဒါး တည်ထောင်သည့် ဟေလင်းနစ်နိုင်ငံပင်ဖြစ်သည်။ နောက်ပိုင်းတွင် ဤနိုင်ငံကို သရေးစ်နှင့် အာရှမိုင်းနားဒေသ၏ဘုရင် ဗိုလ်ချုပ်ကြီး လိုင်ဆင်းမကာ့စ် အုပ်စိုးသည့်နိုင်ငံက သိမ်းသွင်းလိုက်သည်။ ခေတ်သုံးသက္ကရာဇ်မတိုင်မီ ဒုတိယရာစုနှစ်တွင် ဟေလင်းနစ်ပိုင်နက်၏ အဆိုပါ အနောက်ပိုင်းဒေသများကို ရောမကသိမ်းပိုက်လိုက်သည်။ ဘီ.စီ.အီး. ၃၀ ပြည့်နှစ်ရောက်သော် ရောမသည် ဟေလင်းနစ်နိုင်ငံအားလုံးကိုသိမ်းပိုက်၍ သမ္မာကျမ်းစာ ပရောဖက်ပြုချက်မှ ဆဋ္ဌမမြောက် ကမ္ဘာ့အာဏာစက် ဖြစ်လာလေသည်။ သို့သော်လည်း ရောမအင်ပါယာသည် ဒံယေလ ရူပါရုံမှ ဦးချိုငယ် မဟုတ်ချေ။ အကြောင်းမှာ ၎င်းအင်ပါယာသည် “ချိန်းချက်သော ဆုံးခန်းကာလ” တိုင်အောင် တည်ရှိခြင်း မရှိခဲ့၍ဖြစ်သည်။—ဒံယေလ ၈:၁၉၊ ကဘ။

၁၇။ (က) ဗြိတိန်သည် ရောမအင်ပါယာနှင့် မည်သည့်ဆက်နွှယ်မှု ရှိသနည်း။ (ခ) ဗြိတိသျှအင်ပါယာသည် မက်ဆီဒိုးနီးယားနှင့် ဂရိတို့၏ ဟေလင်းနစ်နိုင်ငံနှင့် မည်သို့ဆက်နွှယ်သနည်း။

၁၇ သို့ဖြစ်လျှင် ‘ကြမ်းကြုတ်ရက်စက်သော မျက်နှာရှိသည့်ဘုရင်’ သည်မည်သူဖြစ်ကြောင်း သမိုင်းကပြဆိုသနည်း။ ဗြိတိန်သည် စင်စစ်အားဖြင့် ရောမအင်ပါယာ၏ အနောက်မြောက်ဘက်ရှိ အတက်တစ်ခုဖြစ်ခဲ့သည်။ စီ.အီး. ပဉ္စမရာစုနှစ်၏ အစောပိုင်းကာလတိုင်အောင် ယခု ဗြိတိန်ဟုခေါ်သည့်ဒေသတွင် ရောမနယ်ပယ်များရှိခဲ့သည်။ ကာလရွေ့လျောလာသည်နှင့်အမျှ ရောမအင်ပါယာ ယိုယွင်းဆုတ်ယုတ်ခဲ့သော်လည်း ဂရိ-ရောမ ယဉ်ကျေးမှု၏သြဇာမူကား ဗြိတိန်နှင့်တကွ ရောမအုပ်ချုပ်မှုအောက် ရောက်ရှိခဲ့ကြသည့် အခြားဥရောပဒေသများတွင် ဆက်လက်လွှမ်းမိုးလာခဲ့သည်။ “ရောမအင်ပါယာ ကျဆုံးပြီးနောက်တွင် ခရစ်ယာန်အသင်းတော်က ၎င်း၏နေရာ၌ အစားဝင်ရောက်ခဲ့သည်” ဟုနိုဘဲလ်ဆုရှင် မက္ကစီကို ကဗျာဆရာနှင့် စာရေးဆရာ အော့တေဗီးယိုပါ့ဇ်က ရေးသားခဲ့သည်။ “အသင်းတော် အာဏာပိုင် အကြီးအကဲများနှင့် နောက်ပိုင်းပညာရှင်များက ခရစ်ယာန်အယူဝါဒအပေါ် ဂရိအတွေးအခေါ်ကို ထပ်ဆင့်ပေါင်းစည်းစေခဲ့သည်” ဟူ၍ သူကဖြည့်စွက်ဆိုထားသည်။ ၂၀-ရာစုနှစ် တွေးခေါ်ရှင်လည်းဖြစ်၊ သင်္ချာပညာရှင်လည်းဖြစ်သော ဘာထရန်ဒ် ရပ်စဲလ်ကလည်း ဤသို့သုံးသပ်ဖော်ပြထားသည်– “ဂရိမှ မြစ်ဖျားခံဆင်းသက်လာသည့် အနောက်တိုင်းယဉ်ကျေးမှုမှာ လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင့်ငါးရာက မီလီတာ့စ် [အာရှမိုင်းနားရှိ ဂရိမြို့တစ်မြို့] တွင်အစပြုခဲ့သည့် ဒဿနိကဗေဒဆိုင်ရာနှင့် သိပ္ပံနည်းကျ ရိုးရာအစဉ်အလာအပေါ် အခြေခံထားသည်။” သို့ဖြင့် ဗြိတိသျှအင်ပါယာ၏ ယဉ်ကျေးမှုဇာစ်မြစ်မှာ မက်ဆီဒိုးနီးယားနှင့် ဂရိတို့၏ ဟေလင်းနစ်နိုင်ငံ၌ အရင်းခံသည်ဟု ဆိုနိုင်ပေသည်။

၁၈။ “ဆုံးခန်းကာလ” အတွင်း ‘ကြမ်းကြုတ်ရက်စက်သော မျက်နှာရှိသည့်ဘုရင်’ ဖြစ်လာသော ဦးချိုငယ်ကား အဘယ်အရာနည်း။ ရှင်းပြပါ။

၁၈ ၁၇၆၃ ခုနှစ်အရောက်တွင် ဗြိတိသျှအင်ပါယာသည် အင်အားကြီးမားသည့် ပြိုင်ဘက်များဖြစ်ကြသည့် စပိန်နှင့် ပြင်သစ်ကို အောင်နိုင်လိုက်သည်။ ထိုအချိန်မှစ၍ ၎င်းသည် အဏ္ဏဝါသခင်မ အဖြစ်လည်းကောင်း၊ သမ္မာကျမ်းစာ ပရောဖက်ပြုချက်မှ သတ္တမမြောက် ကမ္ဘာ့အာဏာစက် အဖြစ်လည်းကောင်း ထင်ရှားလာသည်။ ၁၇၇၆ ခုနှစ်တွင် အမေရိကန်ကိုလိုနီ ၁၃ ခုက ဗြိတိန်ထံမှသီးခြားခွဲထွက်ကာ အမေရိကန်ပြည်ထောင်စုနိုင်ငံ တည်ထောင်လိုက်သည့်တိုင်အောင် ဗြိတိသျှအင်ပါယာသည် ကမ္ဘာ့မြေမျက်နှာပြင် လေးပုံတစ်ပုံနှင့် ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံကို လွှမ်းခြုံသည့်အထိ ကြီးထွားကျယ်ပြန့်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုက ဗြိတိန်နှင့်ပူးပေါင်းကာ အင်္ဂလိပ်-အမေရိကန် ပူးတွဲကမ္ဘာ့အာဏာစက် ဖြစ်လာသည့်အခါတွင် သတ္တမမြောက် ကမ္ဘာ့အာဏာစက်သည် ပို၍ပင်အင်အားကြီးမားလာသည်။ ဤအာဏာစက်သည် စီးပွားရေးအရလည်းကောင်း၊ စစ်ရေးအရလည်းကောင်း အမှန်ပင် ‘ကြမ်းကြုတ်ရက်စက်သော ဘုရင်’ ဖြစ်လာလေသည်။ သို့ဖြင့် “ဆုံးခန်းကာလ” အတွင်း ကြမ်းကြုတ်ရက်စက်သော နိုင်ငံရေးအာဏာစက်ဖြစ်လာသည့် ဦးချိုငယ်မှာ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ပင် ဖြစ်ပါသည်။

၁၉။ ရူပါရုံတွင်ဖော်ပြသည့် “ရတနာပြည်” ကားအဘယ်နည်း။

၁၉ ဦးချိုငယ်သည် “ရတနာပြည်” သို့မျက်နှာပြုလျက် “အလွန် ကြီးမားခြင်းသို့ ရောက်” သည်ကို ဒံယေလတွေ့မြင်ခဲ့ရ၏။ (ဒံယေလ ၈:၉၊ ကဘ) ရွေးချယ်ခံ လူမျိုးတော်အား ယေဟောဝါ ပေးသနားသည့် ကတိထားရာပြည်တော်မှာ အလွန်လှပသဖြင့် “အပြည်ပြည်၏ ရတနာ” ဟူ၍ပင် ခေါ်ဝေါ်သမုတ်ခံရ၏။ ဆိုလိုသည်မှာ မြေကြီးတစ်ပြင်လုံး၏ ရတနာဖြစ်သည်။ (ယေဇကျေလ ၂၀:၆၊ ၁၅၊ သမ) မှန်ပါသည်၊ ဗြိတိန်သည် ၁၉၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ယေရုရှလင်မြို့ကို သိမ်းပိုက်ခဲ့သည့်အပြင် ၁၉၂၀ ပြည့်နှစ်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီးက ဂရိတ်ဗြိတိန်အား ပါလက်စတိုင်းကို ထိန်းသိမ်းစောင့်ရှောက်ရန် ၁၉၄၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့အထိ အခွင့်အာဏာ အပ်နှင်းခဲ့သည်။ သို့သော် ၎င်းရူပါရုံမှာ ပရောဖက်ပြုချက်နှင့်ဆိုင်ပြီး အမှတ်သင်္ကေတ အများအပြား ပါဝင်သည်ဖြစ်ရာ ရူပါရုံတွင် ဖော်ပြသည့် “ရတနာပြည်” မှာယေရုရှလင်မြို့ကို သင်္ကေတပြုခြင်းမဟုတ်ဘဲ သတ္တမမြောက် ကမ္ဘာ့အာဏာစက်၏ ခေတ်ကာလအတွင်း သန့်ရှင်းသူတို့အဖြစ် ဘုရားသခင် ရှုမြင်ခြင်းကိုခံရသည့် လူမျိုးတော်၏ မြေကြီးဆိုင်ရာ အခြေအနေကို သင်္ကေတပြုခြင်းသာဖြစ်သည်။ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်က သန့်ရှင်းသူတို့ကိုခြိမ်းခြောက်ရန် မည်သို့ကြိုးပမ်းခဲ့ကြောင်း ကြည့်ကြပါစို့။

“ကိုယ်တော်၏ သန့်ရှင်းရာဌာနတော်” ဖြိုဖျက်ခံရ

၂၀။ ဦးချိုငယ် မြေသို့ချပစ်ရန် ကြိုးပမ်းသော “ကောင်းကင်ဗိုလ်ခြေ” နှင့် “ကြယ်နက္ခတ်များ” ကားအဘယ်နည်း။

၂၀ ဦးချိုငယ်သည် “ကောင်းကင်ဗိုလ်ခြေတိုင်အောင် ကြီးမားသည်ထက် ကြီးမားလာသဖြင့် ထိုဗိုလ်ခြေအချို့နှင့် ကြယ်နက္ခတ်အချို့ကို မြေသို့ချ” ၏။ ကောင်းကင်တမန်၏ ရှင်းပြချက်အရ မြေသို့ချရန် ဦးချိုငယ် ကြိုးစားသည့် “ကောင်းကင်ဗိုလ်ခြေ” နှင့် “ကြယ်နက္ခတ်” တို့မှာ “သန့်ရှင်းသူတို့အဝင်ဖြစ်သော လူမျိုးတော်တို့” ပင်ဖြစ်သည်။ (ဒံယေလ ၈:၁၀၊ ၂၄၊ ကဘ) ဤ “သန့်ရှင်းသူတို့” ကားဝိညာဉ်တော်-ဘိသိက်ခံ ခရစ်ယာန်များပင်တည်း။ သူတို့သည် ခရစ်တော်ယေရှု သွန်းလောင်းသည့် အသွေးတော်ကြောင့် အာဏာတည်လာသည့် ပဋိညာဉ်သစ်အားဖြင့် ဘုရားသခင်နှင့် ဆက်ဆံရေး ထူထောင်ပြီးဖြစ်သဖြင့် သန့်ရှင်းစင်ကြယ်၍ ဘုရားသခင်၏အမှုတော်အတွက် သီးသန့်ထားခြင်း ခံရသူများဖြစ်ကြသည်။ (ဟေဗြဲ ၁၀:၁၀; ၁၃:၂၀) သူတို့အား မိမိ၏သားတော်နှင့်အတူ ကောင်းကင်အမွေတော် ဆက်ခံသူများအဖြစ် လျာထားသတ်မှတ်ပြီးဖြစ်သောကြောင့် ယေဟောဝါက သူတို့ကို သန့်ရှင်းသူတို့အဖြစ် ရှုမြင်တော်မူ၏။ (ဧဖက် ၁:၃၊ ၁၁၊ ၁၈-၂၀) သို့ဖြစ်သောကြောင့် ဒံယေလ၏ ရူပါရုံမှ “ကောင်းကင်ဗိုလ်ခြေ” မှာကောင်းကင်ဘုံတွင် သိုးသငယ်နှင့်အတူ စိုးစံကြမည့် ၁၄၄,၀၀၀ သော “သန့်ရှင်းသူတို့” အနက်မှ မြေကြီးပေါ်ကျန်ကြွင်းသူတို့ကို ရည်ညွှန်းခြင်းဖြစ်သည်။—ဗျာဒိတ် ၁၄:၁-၅။

၂၁။ သတ္တမကမ္ဘာ့အာဏာစက်က လူသူကင်းမဲ့စေရန် ကြိုးပမ်းသည့် “သန့်ရှင်းရာဌာန” အတွင်း မည်သူတို့နေထိုင်ကြသနည်း။

၂၁ ယနေ့ ၁၄၄,၀၀၀ ထဲမှ ကျန်ကြွင်းသူတို့သည် “ကောင်းကင်ယေရုရှလင်မြို့”—မြို့နှင့်တူသော ဘုရားသခင့်နိုင်ငံတော်—နှင့် မြို့တွင်းရှိ ဗိမာန်တော်အစီအစဉ်၏ မြေကြီးဆိုင်ရာ ကိုယ်စားလှယ်တော်များ ဖြစ်ကြသည်။ (ဟေဗြဲ ၁၂:၂၂၊ ၂၈; ၁၃:၁၄) ဤသဘောမျိုးဖြင့် သူတို့သည် “သန့်ရှင်းရာဌာန” အတွင်း နေထိုင်လျက်ရှိကြသည်။ ယင်းသန့်ရှင်းရာဌာနကို သတ္တမမြောက် ကမ္ဘာ့အာဏာစက်ကနင်းချေ၍ လူသူကင်းမဲ့စေရန် ကြိုးပမ်းလျက်ရှိသည်။ (ဒံယေလ ၈:၁၃) ထိုသန့်ရှင်းရာဌာနကို “အတည်တကျဖြစ်နေသော [ယေဟောဝါ] ၏သန့်ရှင်းရာဌာနတော်” ဟုခေါ်ဆိုလျက် ဒံယေလက ဤသို့ဆို၏– “ကိုယ်တော် [ယေဟောဝါ] ထံမှ ဆက်မြဲဝတ်ကိုပယ်၍ အတည်တကျဖြစ်နေသော ကိုယ်တော်၏ သန့်ရှင်းရာဌာနတော်ကို ဖြိုဖျက်လေ၏။ လွန်ကျူးခြင်းအပြစ်ကြောင့် ဆက်မြဲဝတ်နှင့်တကွ တစ်ဗိုလ်ခြေကို လွှဲအပ်ရယူသဖြင့် သစ္စာတရားကိုလည်း မြေသို့ချလျက် ပြုသမျှ အောင်မြင်လေ၏။” (ဒံယေလ ၈:၉-၁၂၊ ကဘ) ဤအချက် မည်သို့ပြည့်စုံခဲ့သနည်း။

၂၂။ ဒုတိယကမ္ဘာစစ်အတွင်း သတ္တမမြောက် ကမ္ဘာ့အာဏာစက်သည် ထူးခြားထင်ရှားသည့် “လွန်ကျူးခြင်းအပြစ်” တစ်ခုကို မည်သို့ ကျူးလွန်ခဲ့သနည်း။

၂၂ ဒုတိယကမ္ဘာစစ်အတွင်း ယေဟောဝါသက်သေများ အဘယ်အရာများ တွေ့ကြုံခဲ့ရသနည်း။ ပြင်းထန်သည့် ညှဉ်းပန်းနှိပ်စက်မှု ခံခဲ့ရကြသည်။ နာဇီနှင့် ဖက်ဆစ်နိုင်ငံများမှ ညှဉ်းပန်းခြင်း အစပြုခဲ့သည်။ သို့သော် များမကြာမီတွင် ‘တန်ခိုးအာဏာ ကြီးထွားလာသည့် ဦးချိုငယ်’ ၏ကြီးမားကျယ်ပြန့်သော နယ်ပယ်တစ်လျှောက်တွင် ‘သစ္စာတရားသည် မြေကြီးသို့ချခြင်း ခံရလေသည်။’ ဗြိတိသျှ ဓနသဟာယနိုင်ငံ အားလုံးနီးပါးတွင် နိုင်ငံတော်ကြွေးကြော်သူများ “ဗိုလ်ခြေ” နှင့် သူတို့၏ “သတင်းကောင်း” ဟောပြောခြင်းလုပ်ငန်းတော်သည် ပိတ်ပင်ခြင်းခံရသည်။ (မာကု ၁၃:၁၀) အဆိုပါနိုင်ငံများသည် ဥပဒေအရစစ်မှုထမ်းရန် လူအင်အားစုစည်းသည့်အခါ ယေဟောဝါသက်သေများအား ဓမ္မအမှုတော်ဆောင်များအနေနှင့် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် မပေးဘဲနေခြင်းအားဖြင့် ဘုရားသခင့်ဓမ္မအမှုတော်ဆောင်များအဖြစ် သူတို့၏ သီအိုကရက်တစ် ခန့်အပ်မှုကို မထီလေးစားပြုခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ယေဟောဝါ၏ သစ္စာရှိ အမှုတော်ထမ်းများသည် လူအုပ်ဖြင့်အကြမ်းဖက်ခြင်းနှင့် ဂုဏ်သိက္ခာထိပါးခြင်း အမျိုးမျိုးတို့ကို ကြုံတွေ့ခဲ့ရကြသည်။ စင်စစ်အားဖြင့် သတ္တမမြောက် ကမ္ဘာ့အာဏာစက်သည် ယေဟောဝါ၏ လူမျိုးတော်က သူတို့၏ကိုးကွယ်မှု၏ “ဆက်မြဲဝတ်” အဖြစ် ဘုရားသခင်ထံ ပုံမှန်ပူဇော်နေကျ “နှုတ်ခမ်းအသီး” တည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ပယ်ရှားပစ်ရန် ကြိုးပမ်းခဲ့သည်။ (ဟေဗြဲ ၁၃:၁၅) ဤနည်းဖြင့် ၎င်းကမ္ဘာ့အာဏာစက်သည် အမြင့်ဆုံးသောဘုရားသခင်၏ တရားသောပိုင်နက်ဖြစ်သည့် “အတည်တကျဖြစ်နေသော ကိုယ်တော်၏ သန့်ရှင်းရာဌာနတော်” ကိုကျူးကျော်ထိပါးသည့် “လွန်ကျူးခြင်းအပြစ်” ကိုကျူးလွန်ခဲ့သည်။

၂၃။ (က) ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်သည် “မင်းတကာ့မင်းကို အန်တုဖက်ပြိုင်” ရန်မည်သို့မတ်တတ်ထခဲ့သနည်း။ (ခ) “မင်းတကာ့မင်း” ကားမည်သူနည်း။

၂၃ ဒုတိယကမ္ဘာစစ်အတွင်း “သန့်ရှင်းသူတို့” ကိုညှဉ်းပန်းခြင်းအားဖြင့် ဦးချိုငယ်သည် “ဗိုလ်ခြေအရှင်တိုင်အောင် ဟိတ်ကြီးဟန်ကြီးထုတ်” ခဲ့လေသည်။ တစ်နည်းအားဖြင့် ကောင်းကင်တမန် ဂါဗြေလ ဆိုသကဲ့သို့ “မင်းတကာ့မင်းကို . . . အန်တုဖက်ပြိုင်” ရန်မတ်တတ်ထခဲ့သည်။ (ဒံယေလ ၈:၁၁၊ ၂၅၊ ကဘ) “မင်းတကာ့မင်း” ဟူသောဘွဲ့ထူးသည် ယေဟောဝါ ဘုရားသခင် တစ်ပါးတည်းနှင့်သာ သက်ဆိုင်ပေသည်။ “မင်း” ဟုပြန်ဆိုသည့် ဟေဗြဲစကားလုံး ဆာရ် သည် “အုပ်ချုပ်ရေးအာဏာ ကျင့်သုံးသည်” ဟူ၍အဓိပ္ပာယ်ရှိသည့် ကြိယာနှင့်ဆက်စပ်မှုရှိသည်။ ဤစကားလုံးသည် ဘုရင့်သားတော် သို့မဟုတ် မင်းအရာရှိတစ်ဦးဦးကို ရည်ညွှန်းသည့်အပြင် ဦးသျှောင် သို့မဟုတ် အကြီးအမှူးတစ်ဦးကိုလည်း ရည်ညွှန်းပေသည်။ ဒံယေလကျမ်းတွင် အခြားသော ကောင်းကင်တမန်မင်းများ—ဥပမာ၊ မိက္ခေလ—အကြောင်းကိုလည်း ဖော်ပြသည်။ ဘုရားသခင်သည် ထိုကဲ့သို့သောမင်း ရှိရှိသမျှတို့တွင် အဓိပတိမင်း ဖြစ်တော်မူ၏။ (ဒံယေလ ၁၀:၁၃၊ ၂၁; ဆာလံ ၈၃:၁၈ နှိုင်းယှဉ်။) မင်းတကာ့မင်းဖြစ်သော ယေဟောဝါအား ဆန့်ကျင်အန်တုဝံ့သူရှိမည်ဟု ကျွန်ုပ်တို့ စိတ်ကူးကြည့်နိုင်ပါသလော။

“သန့်ရှင်းရာဌာန” ကို မူလအခြေအနေမှန်သို့ ပြန်ရောက်စေခြင်း

၂၄။ ဒံယေလ ၈:၁၄ ၌အဘယ်အာမခံချက် ပေးထားသနည်း။

၂၄ မင်းတကာ့မင်းကို မည်သူကမျှ ဆန့်ကျင်အန်တုနိုင်မည်မဟုတ်၊ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ကဲ့သို့သော “ကြမ်းကြုတ်ရက်စက်သောမျက်နှာ” ရှိသည့်ဘုရင်ပင် ထိုသို့မပြုနိုင်ချေ! ဘုရားသခင့်သန့်ရှင်းရာဌာနတော်ကို လူသူကင်းမဲ့စေရန် ၎င်းဘုရင်၏ ကြိုးပမ်းအားထုတ်မှုမှာ မအောင်မြင်ခဲ့ချေ။ ကောင်းကင်တမန်က “ညဦးနှင့် နံနက်ပေါင်း နှစ်ထောင့်သုံးရာ” ကြာပြီးမှ “သန့်ရှင်းရာဌာနသည် မူလအခြေအနေမှန်သို့ မလွဲမသွေ ပြန်လည်ရောက်ရှိလိမ့်မည်၊” သို့မဟုတ် “အောင်ပွဲခံလိမ့်မည်” ဟုဆို၏။—ဒံယေလ ၈:၁၃၊ ၁၄၊ ကဘ၊ ခေတ်သုံးအင်္ဂလိပ် သမ္မာကျမ်းစာ။

၂၅။ ပရောဖက်ပြုချက်ဆိုင်ရာ ရက်ပေါင်း ၂,၃၀၀ သည်မည်မျှကြာရှည်သနည်း။ ၎င်းသည် အဘယ်ဖြစ်ရပ်နှင့် ဆက်စပ်မှုရှိရမည်နည်း။

၂၅ ရက်ပေါင်း ၂,၃၀၀ သည် ပရောဖက်ပြုချက်ဆိုင်ရာ ကာလတစ်ခုဖြစ်၏။ ထို့ကြောင့် ရက်ပေါင်း ၃၆၀ ရှိသည့် ပရောဖက်ပြုချက်ဆိုင်ရာနှစ် အကျုံးဝင်ပတ်သက်လာသည်။ (ဗျာဒိတ် ၁၁:၂၊ ၃; ၁၂:၆ ၁၄) ဤသို့ဖြင့် ဤရက်ပေါင်း ၂,၃၀၀ သည် ၆ နှစ်၊ ၄ လနှင့် ရက် ၂၀ နှင့်ညီသည်။ ဤကာလသည် အဘယ်အချိန်တွင် ဖြစ်သနည်း။ ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ဘုရားသခင့်လူမျိုးတော်သည် တိုင်းပြည်အသီးသီးတွင် ပို၍ပို၍ပြင်းထန်သည့် နှိပ်စက်ညှဉ်းပန်းခြင်းကို စတင်ကြုံတွေ့ခဲ့သည်။ ဒုတိယကမ္ဘာစစ် အတောအတွင်း၌လည်း ယေဟောဝါသက်သေများသည် အင်္ဂလိပ်-အမေရိကန် ပူးတွဲကမ္ဘာ့အာဏာစက်၏ နယ်ပယ်ဒေသများတွင် အပြင်းအထန် နှိပ်စက်ညှဉ်းပန်းခြင်း ခံရကြသည်။ အဘယ်ကြောင့်နည်း။ ‘လူထက် ဘုရားသခင်အား အုပ်စိုးရှင်အဖြစ် နာခံမည်’ ဟူသော သူတို့၏ခိုင်မာသည့် ရပ်တည်ချက်ကြောင့်ဖြစ်သည်။ (တမန်တော် ၅:၂၉) ထို့ကြောင့် ရက်ပေါင်း ၂,၃၀၀ သည်ထိုကမ္ဘာစစ်နှင့် ဆက်စပ်မှုရှိရပေမည်။b သို့သော် ပရောဖက်ပြုချက်ဆိုင်ရာ ၎င်းကာလသည် အဘယ်အချိန်တွင်စ၍ အဘယ်အချိန်တွင်ဆုံးသနည်း။

၂၆။ (က) ရက်ပေါင်း ၂,၃၀၀ ကို အစောဆုံး အဘယ်အချိန်မှစ၍ ရေတွက်သင့်သနည်း။ (ခ) ရက်ပေါင်း ၂,၃၀၀ ကာလသည် အဘယ်အချိန်တွင် ကုန်ဆုံးသနည်း။

၂၆ “သန့်ရှင်းရာဌာန” ကိုရှိသင့်သော မူလအခြေအနေသို့ “ပြန်လည်ရောက်ရှိစေ” ရန်၊ သို့မဟုတ် ပြန်လည်ထူထောင်ရန်အတွက် ရက်ပေါင်း ၂,၃၀၀ သည် ဘုရားသခင့်အမြင်တွင် သန့်ရှင်းရာဌာန “အခြေအနေမှန်” ၌ရှိခဲ့သည့်အချိန်မှ အစပြုရပေမည်။ အစောဆုံးအနေနှင့် ၎င်းကာလသည် “အဖွဲ့အစည်းတော်” ဆောင်းပါး အပိုင်း ၁ ကို ကင်းမျှော်စင် ၌ ပုံနှိပ်ထုတ်ဝေခဲ့သည့် ၁၉၃၈ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင်စတင်သည်။ ၁၉၃၈ ခုနှစ်၊ ဇွန်လ ၁၅ ရက်ထုတ်တွင် အပိုင်း ၂ ပါရှိလာသည်။ ၁၉၃၈ ခုနှစ်၊ ဇွန်လ ၁ ရက် သို့မဟုတ် ၁၅ ရက်မှစ၍ ရက်ပေါင်း ၂,၃၀၀ (ဟေဗြဲ ပြက္ခဒိန်အရ ၆ နှစ်၊ ၄ လနှင့် ရက် ၂၀) ကိုရေတွက်မည်ဆိုလျှင် ၁၉၄၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက် သို့မဟုတ် ၂၂ ရက်သို့ ရောက်ရှိပေမည်။ ၁၉၄၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နှင့် အောက်တိုဘာလ ၁ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ ပင်စဲလ်ဗေးနီးယားပြည်နယ်၊ ပစ္စဘာ့မြို့၌ ကျင်းပသည့် အထူးအစည်းအဝေး၏ ပထမနေ့တွင် ကင်းမျှော်စင်အသင်း၏ ဥက္ကဋ္ဌက “ယနေ့ သီအိုကရက်တစ် ညှိနှိုင်းခြင်း” အကြောင်း ဟောပြောခဲ့သည်။ အောက်တိုဘာလ ၂ ရက်နေ့တွင်ကျင်းပသည့် နှစ်ပတ်လည်အစည်းအဝေး၌ အသင်းအဖွဲ့၏ ပဋိညာဉ်စာတမ်းကို တရားဥပဒေ ခွင့်ပြုသည့်ဘောင်အတွင်း သီအိုကရက်တစ် အစီအစဉ်နှင့် နီးစပ်မှုရှိနိုင်သမျှရှိစေရန် ကြိုးစား၍ပြင်ဆင်ခဲ့သည်။ သမ္မာကျမ်းစာဆိုင်ရာ ရှင်းလင်းသည့် လိုအပ်ချက်များကို ထုတ်ပြန်ပြီးနောက် မကြာမီအတွင်း ယေဟောဝါသက်သေများ၏ အသင်းတော်များ၌ သီအိုကရက်တစ် စီစဉ်ဖွဲ့စည်းနည်းကို ပိုမိုပြည့်ဝစွာ ကျင့်သုံးလာခဲ့သည်။

၂၇။ ဒုတိယကမ္ဘာစစ်တွင် နှိပ်စက်ညှဉ်းပန်းခြင်း အပြင်းအထန်ခံရသည့် နှစ်များအတွင်း “ဆက်မြဲဝတ်” ကန့်သတ်ချုပ်ချယ်ခြင်းခံခဲ့ရကြောင်း အဘယ်အထောက်အထား ရှိသနည်း။

၂၇ ၁၉၃၉ ခုနှစ်တွင် အစပြုသည့် ဒုတိယကမ္ဘာစစ် အတောအတွင်း ရက်ပေါင်း ၂,၃၀၀ ဆက်သွားနေစဉ် ဘုရားသခင့် သန့်ရှင်းရာဌာနတော်တွင် “ဆက်မြဲပူဇော်သကာ” ပူဇော်ခြင်းသည် နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် အကြီးအကျယ် ကန့်သတ်ချုပ်ချယ်ခံရသည်။ ၁၉၃၈ ခုနှစ်တွင် ကင်းမျှော်စင်အသင်းသည် ကမ္ဘာတစ်ဝန်းရှိ သက်သေခံများ၏လုပ်ငန်းကို ကြီးကြပ်သည့် ဌာနခွဲပေါင်း ၃၉ ခုရှိခဲ့သော်လည်း ၁၉၄၃ ခုနှစ်အရောက်တွင် ၂၁ ခုသာကျန်ရှိတော့သည်။ ထိုကာလအတွင်း နိုင်ငံတော်ကြွေးကြော်သူများ အရေအတွက် တိုးပွားနှုန်းမှာလည်း မဆိုစလောက်သာရှိခဲ့သည်။

၂၈၊ ၂၉။ (က) ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီးတွင် ယေဟောဝါ၏ အဖွဲ့အစည်းတော်တွင် အဘယ် တိုးတက်ဖြစ်ပေါ်မှု ရှိခဲ့သနည်း။ (ခ) “သန့်ရှင်းရာဌာန” ကိုဖျက်ဆီး၍ လူသူကင်းမဲ့စေရန် ရန်သူ၏ ရက်စက်ကြမ်းကြုတ်သည့် ကြိုးပမ်းမှုအကြောင်း မည်သို့ပြောနိုင်သနည်း။

၂၈ ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည့်အတိုင်း ဒုတိယကမ္ဘာစစ်ပြီးခါနီး လများအတွင်း ယေဟောဝါသက်သေများသည် သီအိုကရက်တစ် အဖွဲ့အစည်း တစ်ရပ်အနေနှင့် အမှုတော်ထမ်းဆောင်ခြင်းအားဖြင့် ဘုရားသခင့် အုပ်ချုပ်ခွင့်အာဏာတော်ကို ထင်ရှားစေရန် သူတို့၏အဓိဋ္ဌာန်ကို ပြန်လည်ခိုင်မာစေခဲ့ကြသည်။ ဤဦးတည်ချက်နှင့်အတူ ၁၉၄၄ ခုနှစ်တွင် သူတို့၏လုပ်ငန်းနှင့် အုပ်ချုပ်ရေးအဆောက်အအုံတို့ကို ပြန်လည်စီစဉ်ခြင်း စတင်ခဲ့သည်။ အမှန်ဆိုလျှင် ၁၉၄၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်ထုတ် ကင်းမျှော်စင် တွင် “နောက်ဆုံးလုပ်ငန်းတော်အတွက် ဖွဲ့စည်းခြင်း” ခေါင်းစဉ်ရှိ ဆောင်းပါးတစ်ပုဒ် ပါရှိလာသည်။ ထိုကာလအတွင်း ထွက်ပေါ်ခဲ့သည့် ၎င်းဆောင်းပါးနှင့်တကွ အမှုတော်ဆောင်ခြင်းကို အလေးပေးညွှန်ပြသည့် အခြားအခြားသော ဆောင်းပါးများက ရက်ပေါင်း ၂,၃၀၀ ကုန်ဆုံးပြီဖြစ်ကြောင်း၊ “သန့်ရှင်းသောဌာန” လည်း “အခြေအနေမှန်” သို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း ထောက်ပြသည်။

၂၉ “သန့်ရှင်းရာဌာန” ကိုဖျက်ဆီး၍ လူသူကင်းမဲ့စေရန် ရန်သူ၏ ရက်စက်ကြမ်းကြုတ်သည့် ကြိုးပမ်းမှုများသည် လုံးဝဥဿုံ ပျက်ပြားသွားလေသည်။ မြေကြီးပေါ် ကျန်ကြွင်းသည့် “သန့်ရှင်းသူတို့” နှင့်တကွ သူတို့၏ “လူအုပ်ကြီး” အပေါင်းပါတို့သည် အမှန်ပင် အောင်လံလွှင့်၍ အောင်ပွဲခံခဲ့ကြသည်။ (ဗျာဒိတ် ၇:၉) သန့်ရှင်းရာဌာနတော်မှာလည်း တော်မှန်သော သီအိုကရက်တစ် အခြေအနေမှနေ၍ ယခုအခါ ယေဟောဝါ၏ မြင့်မြတ်သောဘုရားဝတ်ကို စဉ်ဆက်မပြတ် ပြုလျက်ရှိ၏။

၃၀။ ‘ကြမ်းကြုတ်ရက်စက်သော မျက်နှာရှိသည့် ဤဘုရင်’ သည်များမကြာမီ မည်သို့ဖြစ်သွားတော့မည်နည်း။

၃၀ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်၏ အနေအထားသည် ခိုင်မာဆဲပင်ဖြစ်သည်။ သို့သော်လည်း “လူ့လက်ဖြင့်မဟုတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ ရောက်လိမ့်မည်” ဟုကောင်းကင်တမန် ဂါဗြေလကဆို၏။ (ဒံယေလ ၈:၂၅၊ ကဘ) များမကြာမီ၊ သမ္မာကျမ်းစာ ပရောဖက်ပြုချက်မှ ဤသတ္တမမြောက် ကမ္ဘာ့အာဏာစက်—‘ကြမ်းကြုတ်ရက်စက်သော မျက်နှာရှိသည့် ဤဘုရင်’ သည်လူ့လက်ဖြင့်မဟုတ်ဘဲ အာမဂေဒုန်၌ လူ့ဓမ္မတာထက်လွန်ကဲသော တန်ခိုးအာဏာဖြင့် ကျိုးပဲ့ပျက်စီးရလိမ့်မည်။ (ဒံယေလ ၂:၄၄၊ ၄၅; ဗျာဒိတ် ၁၆:၁၄၊ ၁၆) ထိုအခါ မင်းတကာ့မင်းဖြစ်သော ယေဟောဝါဘုရားသခင်၏ အချုပ်အခြာအာဏာတော်သည် သင်္ကာယနကင်းရှင်းကြောင်း သိရှိရသည်မှာ မည်မျှဝမ်းသာပီတိဖြစ်စရာပါတကား!

[အောက်ခြေမှတ်ချက်များ]

a သမ္မာကျမ်းစာတွင် အထူးအရေးပါသည့် ကမ္ဘာ့အာဏာစက် ခုနစ်နိုင်ငံတို့မှာ အီဂျစ်၊ အဆီးရီးယား၊ ဗာဗုလုန်၊ မီးဒီးယား-ပါးရှား၊ ဂရိ၊ ရောမနှင့် အင်္ဂလိပ်-အမေရိကန် ပူးတွဲကမ္ဘာ့အာဏာစက်တို့ ဖြစ်ကြသည်။ ဤနိုင်ငံအားလုံးသည် ယေဟောဝါ၏လူမျိုးတော်နှင့် ပတ်သက်ဆက်ဆံမှုများ ရှိခဲ့ကြသောကြောင့် ထူးခြားကြသည်။

b ဒံယေလ ၇:၂၅ တွင်လည်း ‘အထွတ်အမြတ်အရှင်၏ သန့်ရှင်းသူတို့ အဆက်မပြတ် အနှောင့်အယှက်ပေးခံရ’ သည့်အချိန်ကာလအကြောင်း ဆိုထားသည်။ ရှေ့တစ်ခန်းတွင် ရှင်းပြခဲ့သည့်အတိုင်း ထိုကာလသည် ပထမကမ္ဘာစစ်နှင့် ဆက်စပ်မှုရှိသည်။

အဘယ်အရာကို သိမြင်ခဲ့သနည်း

• အောက်ပါတို့သည် အဘယ်အရာကို အသီးသီးပုံဆောင်သနည်း–

“ဦးချိုနှစ်ချောင်း” ရှိသည့် “သိုးထီး”၊

“ဦးချိုကြီး” ရှိသည့် “အမွေးကြမ်းသော ဆိတ်ထီး”၊

“ဦးချိုကြီး” နေရာတွင် ပေါ်ထွက်လာသည့် ဦးချိုလေးချောင်း၊

ဦးချိုလေးချောင်းအနက် တစ်ချောင်းမှပေါ်ထွက်သည့် ဦးချိုငယ်၊

• ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်သည် “သန့်ရှင်းရာဌာန” ကိုဆိတ်ညံရာဖြစ်စေရန် မည်သို့ကြိုးပမ်းခဲ့သနည်း။ အောင်မြင်မှု ရရှိခဲ့ပါသလော။

[စာမျက်နှာ ၁၆၆ ပါ မြေပုံ၊ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

မီးဒီးယား-ပါးရှား အင်ပါယာ

မက်ဆီဒိုးနီးယား

အီဂျစ်

မင်ဖိ

အီသီယိုးပီးယား

ယေရုရှလင်

ဗာဗုလုန်

အက္ခဘက်တာနာ

ရှုရှန်

ပါဆဲပလိစ္စ

အိန္ဒိယ

[စာမျက်နှာ ၁၆၉ ပါ မြေပုံ၊ ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ဂရိအင်ပါယာ

မက်ဆီဒိုးနီးယား

အီဂျစ်

ဗာဗုလုန်

အိန္ဒုမြစ်

[စာမျက်နှာ ၁၇၂ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ရောမအင်ပါယာ

ဗြိတိန်

အီတလီ

ရောမ

ယေရုရှလင်

အီဂျစ်

[စာမျက်နှာ ၁၆၄ ပါ ရုပ်ပုံ]

[စာမျက်နှာ ၁၇၄ ပါ ရုပ်ပုံ]

အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်၏ ထင်ရှားသောပုဂ္ဂိုလ်အချို့–

၁။ ဂျော့ချ် ဝါရှင်တန်၊ ပထမ အမေရိကန် သမ္မတ (၁၇၈၉-၉၇ ခုနှစ်)

၂။ ဗြိတိန် ဗစ်တိုးရီးယား ဘုရင်မ (၁၈၃၇-၁၉၀၁ ခုနှစ်)

၃။ ဝူးဒရိုး ဝီလ်စင်၊ အမေရိကန် သမ္မတ (၁၉၁၃-၂၁ ခုနှစ်)

၄။ ဒေးဗစ် လွိုက်ဒ် ဂျော့ချ်၊ ဗြိတိန် ဝန်ကြီးချုပ် (၁၉၁၆-၂၂ ခုနှစ်)

၅။ ဝင်စတန် ချာချီလ်၊ ဗြိတိန် ဝန်ကြီးချုပ် (၁၉၄၀-၄၅၊ ၁၉၅၁-၅၅ ခုနှစ်)

၆။ ဖရန်ကလင် ဒီ. ရူးစဗဲလ်တ်၊ အမေရိကန် သမ္မတ (၁၉၃၃-၄၅ ခုနှစ်)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ