ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • dp အခန်း ၁၇ စာ. ၂၈၆-၃၀၅
  • ဆုံးခန်းကာလအတွင်း စစ်မှန်သည့် ကိုးကွယ်သူများကို ခွဲခြားသိမြင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆုံးခန်းကာလအတွင်း စစ်မှန်သည့် ကိုးကွယ်သူများကို ခွဲခြားသိမြင်ခြင်း
  • ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မဟာမင်းမြတ် အရေးယူဆောင်ရွက်ခြင်း
  • သန့်ရှင်းသူတို့ “နိုးထ”
  • သူတို့သည် ‘ကြယ်များကဲ့သို့ ထွန်းလင်းခြင်း’
  • သူတို့ “လှည့်လည်သွားလာ”
  • သူတို့ ‘အစိတ်စိတ် ထုချေခံရ’
  • သူတို့သည် ‘စင်ကြယ်၊ ဖြူစင်၊ သန့်စင်’ ခံရ
  • သန့်ရှင်းသူတို့အဖို့ ပျော်ရွှင်မှု
  • ယေဟောဝါသည် ဒံယေလအား အံ့ဖွယ်ဆုကျေးဇူး ကတိပြု
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ဘုရားသခင့် စေတမန်အားဖြင့် ခွန်အားရရှိ
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ဒံယေလပရောဖက်ပြုသည့်နေ့များနှင့်ကျွန်ုပ်တို့၏ယုံကြည်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဒံယေလကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
dp အခန်း ၁၇ စာ. ၂၈၆-၃၀၅

အခန်း ဆယ့်ခုနစ်

ဆုံးခန်းကာလအတွင်း စစ်မှန်သည့် ကိုးကွယ်သူများကို ခွဲခြားသိမြင်ခြင်း

၁။ ဒံယေလ အခန်းကြီး ၇ အရ ကျွန်ုပ်တို့ခေတ်တွင် အရေအတွက်နည်းပါးပြီး ခုခံကာကွယ်မှုကင်းမဲ့သော လူမျိုးတစ်မျိုးသည် အဘယ်အဖြစ်အပျက်ကို ရင်ဆိုင်ကြုံတွေ့ရမည်နည်း။

အရေအတွက်အလွန်နည်းပါးပြီး ခုခံကာကွယ်မှုကင်းမဲ့သော လူမျိုးတစ်မျိုးသည် အင်အားကြီးမားသော ကမ္ဘာ့အာဏာစက်တစ်ခု၏ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခြင်းကို ခံရသည်။ ထိုသူတို့သည် ဘေးမသီရန်မခ လွန်မြောက်ခဲ့သည့်အပြင် အသစ်တစ်ဖန် အားသစ်တက်လန်းခဲ့သည်။ ဤသို့ရပ်တည်နိုင်ခဲ့သည်မှာ သူတို့၏ ကိုယ်ပိုင်အစွမ်းခွန်အားကြောင့် မဟုတ်ဘဲ သူတို့ကို ယေဟောဝါဘုရားသခင် တန်ဖိုးထားသောကြောင့်ဖြစ်သည်။ ၂၀ ရာစုနှစ်၏ အစောပိုင်းကာလတွင် ဖြစ်ပျက်ခဲ့သည့် ၎င်းဖြစ်ရပ်များကို ဒံယေလ အခန်းကြီး ၇ ၌ကြိုဟောထားသည်။ ဤလူမျိုးကား မည်သူတို့နည်း။ ဒံယေလကျမ်း ထိုအခန်းကြီး၌ပင် သူတို့ကို “အထွတ်အမြတ်အရှင်” ယေဟောဝါ ဘုရားသခင်၏ “သန့်ရှင်းသူတို့” ဟူ၍ ရည်ညွှန်းဖော်ပြထားသည်။ ဤသူတို့ တစ်ဦးချင်းသည် နောက်ဆုံးတစ်နေ့တွင် မေရှိယနိုင်ငံတော်၌ ပူးတွဲအုပ်ချုပ်သူများ ဖြစ်ကြမည်ဟူ၍လည်း ဖော်ပြထားသည်။—ဒံယေလ ၇:၁၃၊ ၁၄၊ ၁၈၊ ၂၁၊ ၂၂၊ ၂၅-၂၇။

၂။ (က) ယေဟောဝါသည် မိမိ၏ ဘိသိက်ခံအမှုတော်ထမ်းများနှင့်ပတ်သက်၍ မည်သို့သဘောထားရှိသနည်း။ (ခ) ဤခေတ်ကာလအတွင်း လိုက်လျှောက်သင့်သော အမြော်အမြင်ရှိသည့် လမ်းစဉ်ကား အဘယ်နည်း။

၂ ဒံယေလ အခန်းကြီး ၁၁ တွင် ကျွန်ုပ်တို့ သိရှိခဲ့ရသည့်အတိုင်း မြောက်ဘုရင်သည် ဤသစ္စာရှိသူများ၏ လုံခြုံသော ဝိညာဉ်ရေးပြည်တော်ကို ခြိမ်းခြောက်ပြီးနောက် ၎င်းကိုယ်တိုင် အဆုံးစီရင်ခံရလိမ့်မည်။ (ဒံယေလ ၁၁:၄၅; ယေဇကျေလ ၃၈:၁၈-၂၃ နှိုင်းယှဉ်။) မှန်ပါသည်၊ ယေဟောဝါသည် မိမိ၏သစ္စာရှိဘိသိက်ခံများကို အစွမ်းကုန် ကာကွယ်တော်မူ၏။ ဆာလံ ၁၀၅:၁၄၊ ၁၅ ၌ ဤသို့ဆို၏– “သူတို့အတွက် . . . [ယေဟောဝါသည်] ရှင်ဘုရင်တို့ကိုဆုံးမလျက်၊ ‘ငါ့ထံ၌ ဘိသိက်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ပရောဖက်တို့ကို အပြစ်မပြုနှင့်’ ဟုမိန့်တော်မူ၏။” သို့ဖြစ်၍ ကသောင်းကနင်းနိုင်သော ဤခေတ်ကာလတွင် အရေအတွက် တိုးပွားလျက်ရှိသည့် “လူအုပ်ကြီး” အနေဖြင့် ဤသန့်ရှင်းသူများနှင့် အတတ်နိုင်ဆုံး ရင်းရင်းနှီးနှီး ပေါင်းသင်းခြင်းသည် အမြော်အမြင်ရှိရာရောက်ကြောင်း သင်သဘောမတူပေလော။ (ဗျာဒိတ် ၇:၉; ဇာခရိ ၈:၂၃) သိုးကဲ့သို့သောသူများသည် ထိုအတိုင်းပင်ပြုမူဖို့—ကိုယ်တော်၏ ဘိသိက်ခံဝိညာဏ ညီတော်များ၏လုပ်ငန်းကို အားပေးထောက်ခံခြင်းဖြင့် သူတို့နှင့်ပေါင်းသင်း—ရန် ယေရှုခရစ် အကြံပြု တင်ပြတော်မူခဲ့၏။—မဿဲ ၂၅:၃၁-၄၆; ဂလာတိ ၃:၂၉။

၃။ (က) ယေရှု၏ ဘိသိက်ခံနောက်တော်လိုက်များအား ရှာတွေ့ပြီး သူတို့နှင့် ရင်းရင်းနှီးနှီးရှိရန် အဘယ်ကြောင့် မလွယ်ကူသနည်း။ (ခ) ဤကိစ္စနှင့်ပတ်သက်၍ ဒံယေလ အခန်းကြီး ၁၂ ကမည်သို့အကူအညီ ပေးမည်နည်း။

၃ သို့သော် ဘုရားသခင့်ရန်သူတော်ကြီး စာတန်သည် ဘိသိက်ခံများအား ရေကုန်ရေခန်း တိုက်ခိုက်နေ၏။ မှောက်မှားသည့်ဘာသာကို မြေတောင်မြှောက် မြှင့်တင်ပြီး ကမ္ဘာကြီးကို ခရစ်ယာန်အတုများဖြင့် ပြည့်စေခဲ့ပြီ။ ဤသို့ဖြင့် လူအများသည် လှည့်ဖြားခံရကြသည်။ အခြားသူတို့မူကား မှန်သောဘာသာကို ကိုယ်စားပြုသူများအား ရှာတွေ့နိုင်မည်မဟုတ်ဟုယူဆကာ ဘာသာတရားများကို စိတ်ကုန်လာကြသည်။ (မဿဲ ၇:၁၅၊ ၂၁-၂၃; ဗျာဒိတ် ၁၂:၉၊ ၁၇) ဤလောကသည် ယုံကြည်ခြင်းကို လုံးပါးပါးအောင် အစဉ်တိုက်စားလျက်ရှိသောကြောင့် “သိုးစုငယ်” ကိုရှာတွေ့ပြီး၍ သူတို့နှင့် ပေါင်းသင်းနေသူတို့ အနေနှင့်ပင် ယုံကြည်ခြင်းတရား၌ တည်မြဲတည်နေကြရန် တိုက်လှန်နေရ၏။ (လုကာ ၁၂:၂၃) အသင်ကော မည်သို့နည်း။ သင်သည် “အထွတ်အမြတ်အရှင်၏ သန့်ရှင်းသူတို့” ကိုတွေ့ရှိပြီး သူတို့နှင့် ပေါင်းသင်းဆက်ဆံနေပါသလော။ သင်တွေ့ရှိထားသူတို့သည် ဘုရားသခင် ရွေးကောက်သူများ အမှန်ဖြစ်ကြောင်း သက်သေထူသည့် ခိုင်လုံသော အထောက်အထားများကို သင်သိမြင်သလော။ ထိုသို့သော အထောက်အထားများသည် သင်၏ယုံကြည်ခြင်းကို ကျားကန်ပေးနိုင်သည့်အပြင် အခြားသူတို့အား ယနေ့ကမ္ဘာ့ ဘာသာရေးအရှုပ်အထွေးကို သဲသဲကွဲကွဲ ထိုးဖောက်သိမြင်နိုင်အောင်လည်း ကူညီပေးနိုင်သည်။ ဒံယေလ အခန်းကြီး ၁၂ တွင် အသက်ကယ်ခြင်းဆိုင်ရာ ကြွယ်ဝသောအသိပညာ ဘဏ္ဍာသိုက်ရှိ၏။

မဟာမင်းမြတ် အရေးယူဆောင်ရွက်ခြင်း

၄။ (က) ဒံယေလ ၁၂:၁ တွင်မိက္ခေလနှင့်ပတ်သက်၍ အဘယ်သိသာကွဲပြားသည့် အကြောင်းအရာနှစ်ခုကို ကြိုဟောထားသနည်း။ (ခ) ဒံယေလကျမ်းတွင် ဧကရာဇ်မင်းတစ်ပါး “မတ်တတ်ရပ်ခြင်း” ဆိုသည်မှာ အဘယ်အဓိပ္ပာယ်ကို ဆိုလိုလေ့ရှိသနည်း။

၄ ဒံယေလ ၁၂:၁ တွင်ဤသို့ဖတ်ရ၏– “ထိုကာလ၌ သင့်အမျိုးသားချင်းတို့ကို မတ်တတ်ရပ်လျက် စောင့်ရှောက်သော မဟာမင်းမြတ် မိက္ခေလသည် မတ်တတ်ထလိမ့်မည်။” ဤအခန်းငယ်၌ မိက္ခေလနှင့်ပတ်သက်၍ သိသာကွဲပြားသည့် အကြောင်းအရာနှစ်ခုကို ကြိုဟောထားသည်– တစ်၊ ကိုယ်တော် “မတ်တတ်ရပ်လျက်” ရှိကြောင်း၊ အချိန်ကာလ တစ်ခုအတွင်းဖြစ်ပျက်သည့် အကြောင်းကိစ္စရပ်များ၏ အခြေအနေကို ပြဆို၏; နှစ်၊ ကိုယ်တော် “မတ်တတ်ထလိမ့်မည်၊” ထိုအချိန်ကာလအတွင်း ဖြစ်ပျက်သည့် ဖြစ်ရပ် တစ်ခုကိုပြဆိုသည်။ ဦးဆုံးအနေနှင့် မိက္ခေလက ဒံယေလ၏ “အမျိုးသားချင်းတို့ကို မတ်တတ်ရပ်လျက် စောင့်ရှောက်” သည့်အချိန်ကာလကို ကျွန်ုပ်တို့ သိလိုကြသည်။ မိက္ခေလဆိုသည်မှာ ကောင်းကင်အုပ်စိုးရှင်အနေနှင့် ယေရှု ရရှိသည့် အမည်နာမဖြစ်ကြောင်း သင်သတိရပေမည်။ ကိုယ်တော် “မတ်တတ်ရပ်လျက်” ရှိသည်ဟူသောရည်ညွှန်းချက်က ဤစကားရပ်ကို ဒံယေလကျမ်းတွင် အခြားနေရာများ၌ အသုံးပြုပုံကို သတိရစေသည်။ ဤစကားရပ်သည် အများအားဖြင့် ဘုရင်တစ်ပါး မင်းအာဏာကိုလက်ခံခြင်း အစရှိသည့် လုပ်ဆောင်မှုကို ရည်ညွှန်းလေ့ရှိသည်။—ဒံယေလ ၁၁:၂-၄၊ ၇၊ ၂၀၊ ၂၁။

၅၊ ၆။ (က) အဘယ်အချိန်ကာလပိုင်းတွင် မိက္ခေလ မတ်တတ်ရပ်လျက်ရှိသနည်း။ (ခ) မိက္ခေလသည် အဘယ်အချိန်တွင် အဘယ်သို့ “မတ်တတ်ထတော်မူ” မည်နည်း။ အဘယ်အကျိုးရလဒ် ထွက်ပေါ်လာမည်နည်း။

၅ သမ္မာကျမ်းစာ ပရောဖက်ပြုချက်တွင် အခြားတစ်နေရာ၌ အထူးတလည် ဖော်ပြထားသည့် အချိန်ကာလတစ်ခုကို ကောင်းကင်တမန်က ညွှန်ပြနေခြင်းဖြစ်သည်မှာ ထင်ရှား၏။ ယေရှုက ထိုအချိန်ကာလကို ကောင်းကင်ဘုံတွင် မိမိဘုရင်အဖြစ် အုပ်ချုပ်ရန် “ရောက်ရှိချိန်” (ဂရိ၊ ပါရိုးစီးယား) ဟုခေါ်ဆို၏။ (မဿဲ ၂၄:၃၇၊ ၃၉၊ ကဘ) ဤအချိန်ကာလကို “နောက်ဆုံးသော နေ့ရက်များ” ဟူ၍လည်းကောင်း၊ “ဆုံးခန်းကာလ” ဟူ၍လည်းကောင်း ခေါ်ဆို၏။ (၂ တိမောသေ ၃:၁; ဒံယေလ ၁၂:၄၊ ၉) ထိုကာလ စတင်ခဲ့သည့် ၁၉၁၄ ခုနှစ်မှစ၍ မိက္ခေလသည် ကောင်းကင်ဘုံတွင် ရှင်ဘုရင်အနေနှင့် မတ်တတ်ရပ်လျက် ရှိလာခဲ့သည်။—ဟေရှာယ ၁၁:၁၀; ဗျာဒိတ် ၁၂:၇-၉ နှိုင်းယှဉ်။

၆ သို့သော် မိက္ခေလသည် မည်သည့်အချိန်တွင် “မတ်တတ်ထ” မည်နည်း။ အထူးအရေးယူဆောင်ရွက်မှုပြုရန် မတ်တတ်ထသည့်အခါ၌ဖြစ်မည်။ အနာဂတ်တွင် ယေရှု ဤသို့ပြုတော်မူမည်။ ဗျာဒိတ် ၁၉:၁၁-၁၆ တွင် ယေရှုသည် တန်ခိုးကြီးသော မေရှိယဘုရင်အနေနှင့် ကောင်းကင်ဗိုလ်ခြေတို့၏ ရှေ့ဆုံးမှနေ၍ မြင်းစီးလျက် ဘုရားသခင့်ရန်သူများကို သုတ်သင်ချေမှုန်းလျက်ရှိကြောင်း ပရောဖက်ပြု ဖော်ပြထားသည်။ ဒံယေလ ၁၂:၁ (ကဘ) တွင် ဤသို့ဆက်၍ဆို၏– “လူမျိုး ဖြစ်ကတည်းက ထိုကာလတိုင်အောင် မဖြစ်စဖူးသော ဆင်းရဲဒုက္ခကာလသည် ရောက်လာလိမ့်မည်။” ခရစ်တော်သည် ယေဟောဝါ၏အာဏာသားအနေနှင့် ကြိုဟောထားသည့် “ကြီးစွာသောဒုက္ခ” အတွင်း ဆိုးယုတ်သောအစီအစဉ်စနစ် တစ်ရပ်လုံးကို အဆုံးသတ်တော်မူမည်။—မဿဲ ၂၄:၂၁; ယေရမိ ၂၅:၃၃; ၂ သက်သာလောနိတ် ၁:၆-၈; ဗျာဒိတ် ၇:၁၄; ၁၆:၁၄၊ ၁၆။

၇။ (က) လာလတ္တံ့သော “ဆင်းရဲဒုက္ခကာလ” အတွင်း သစ္စာရှိသူအပေါင်းအဖို့ အဘယ်မျှော်လင့်ချက် ရှိသနည်း။ (ခ) ယေဟောဝါ၏စာစောင်ကား အဘယ်နည်း။ ၎င်းစာစောင်တွင် စာရင်းဝင်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။

၇ အဆိုပါမှောင်မိုက်ကာလအတွင်း ယုံကြည်ခြင်း ကျင့်သုံးသူတို့၏ အခြေအနေသည် မည်သို့ဖြစ်မည်နည်း။ ကောင်းကင်တမန်က ဒံယေလအား ဤသို့ထပ်လောင်း ပြောကြားခဲ့၏– “ထိုကာလအတွင်း စာစောင်တွင် စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် လွတ်မြောက်ကြလိမ့်မည်။” (လုကာ ၂၁:၃၄-၃၆ နှိုင်းယှဉ်။) ၎င်းစာစောင်ကား အဘယ်နည်း။ အနှစ်သာရအားဖြင့် ၎င်းစာစောင်သည် ယေဟောဝါ ဘုရားသခင်၏အလိုတော် ဆောင်သောသူတို့အား ကိုယ်တော်သတိရခြင်းကို ပုံခိုင်းသည်။ (မာလခိ ၃:၁၆; ဟေဗြဲ ၆:၁၀) ဤအသက်စာစောင်တွင် စာရင်းဝင်သူတို့သည် ဘုရားသခင့်ကာကွယ်စောင့်ရှောက်ခြင်း ခံရသောကြောင့် ကမ္ဘာပေါ်တွင် လုံခြုံမှုအရှိဆုံး လူမျိုးဖြစ်ကြသည်။ သူတို့အပေါ်သို့ မည်သည့်ဘေးအန္တရာယ်ပင် ကျရောက်ပါစေ ၎င်းတို့ကို ဖယ်ရှားပစ်နိုင်သည်၊ ဖယ်ရှားပစ်မည်လည်းဖြစ်သည်။ လာလတ္တံ့သော “ဆင်းရဲဒုက္ခကာလ” မတိုင်မီ သူတို့ သေဆုံးသွားသည့်တိုင်အောင် သူတို့သည် ယေဟောဝါ၏ အကန့်အသတ်မဲ့သော မှတ်ဉာဏ်တွင် လုံခြုံစွာ ရှိနေကြမည်ဖြစ်သည်။ ကိုယ်တော်သည် ယေရှုခရစ် အနှစ်တစ်ထောင် အုပ်စိုးရာကာလအတွင်း သူတို့ကို သတိရ၍ ထမြောက်စေတော်မူလိမ့်မည်။—တမန်တော် ၂၄:၁၅; ဗျာဒိတ် ၂၀:၄-၆။

သန့်ရှင်းသူတို့ “နိုးထ”

၈။ ဒံယေလ ၁၂:၂ တွင် အဘယ်နှစ်သိမ့်အားတက်ဖွယ် မျှော်လင့်ချက်အလားအလာ ဖော်ပြထားသနည်း။

၈ ထမြောက်ခြင်း မျှော်လင့်ချက်မှာ အမှန်ပင် နှစ်သိမ့်အားတက်ဖွယ်ဖြစ်ပေသည်။ ဒံယေလ ၁၂:၂ (ကဘ) က ၎င်းအကြောင်း ဤသို့ဆို၏– “မြေမှုန့်၌ အိပ်ပျော်သောသူ အများတို့သည် နိုးထပြီးလျှင် အချို့တို့ကား ထာဝရအသက်ရှင်ခြင်း အဖြစ်သို့လည်းကောင်း၊ အချို့တို့ကား ကဲ့ရဲ့ခြင်းနှင့် ထာဝရရွံရှာဖွယ် အဖြစ်သို့လည်းကောင်း ရောက်ကြလိမ့်မည်။” (ဟေရှာယ ၂၆:၁၉ နှိုင်းယှဉ်။) ဤစကားများက အထွေထွေ ထမြောက်ခြင်းနှင့်ဆိုင်သော ယေရှုခရစ်၏ အသည်းခိုက်လောက်သည့် ကတိတော်ကို သတိရစေသည်။ (ယောဟန် ၅:၂၈၊ ၂၉) မည်မျှပီတိဖြစ်စရာကောင်းသော မျှော်လင့်ချက်ပါတကား! ယခု သေဆုံးလျက်ရှိသော ချစ်ခင်မြတ်နိုးရသည့် မိတ်ဆွေများနှင့် မိသားစုဝင်များသည် အနာဂတ်ကာလတွင် တစ်ဖန်ပြန်၍ အသက်ရှင်လာကြမည်ကို စဉ်းစားကြည့်ပါ! သို့ရာတွင် ဒံယေလကျမ်းမှ ၎င်းကတိတော်မှာ ထမြောက်ခြင်း အမျိုးအစား နောက်တစ်မျိုး—ဖြစ်ပျက်ပြီးသော ထမြောက်ခြင်း—ကိုအဓိက ရည်ညွှန်းပေသည်။ မည်သို့ ဖြစ်နိုင်သနည်း။

၉။ (က) ဒံယေလ ၁၂:၂ သည် ဆုံးခန်းကာလအတွင်း ပြည့်စုံမည်ဟု မျှော်လင့်ခြင်းသည် အဘယ်ကြောင့် ကျိုးကြောင်းဆီလျော်သနည်း။ (ခ) မည်သို့သောထမြောက်ခြင်းကို ၎င်းပရောဖက်ပြုချက်က ရည်ညွှန်းခြင်းဖြစ်သနည်း။ ကျွန်ုပ်တို့ မည်သို့သိရှိရသနည်း။

၉ စကားစပ်ကို သုံးသပ်ကြည့်ပါ။ ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရသည့်အတိုင်း အခန်းကြီး ၁၂ မှ ပထမအခန်းငယ်မှာ ဤအစီအစဉ်စနစ်၏ အဆုံးနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ နောက်ဆုံးသော နေ့ရက်ကာလတစ်ခုလုံးနှင့်လည်း သက်ဆိုင်ပေသည်။ စင်စစ်အားဖြင့် ဤအခန်းကြီးမှ ပရောဖက်ပြုချက် အများစုမှာ လာမည့်မြေကြီးပရဒိသုတွင် ပြည့်စုံရန်မဟုတ်ဘဲ ဤဆုံးခန်းကာလအတွင်း ပြည့်စုံလျက်ရှိသည်ကို တွေ့မြင်နေရသည်။ ဤကာလအတွင်း ထမြောက်ခြင်းတစ်မျိုးမျိုး ဖြစ်ပျက်ခဲ့သလော။ တမန်တော်ပေါလုက “ခရစ်တော်နှင့် စပ်ဆိုင်သောသူတို့” သည် “ကိုယ်တော် ရောက်ရှိချိန်အတွင်း၌” ထမြောက်လိမ့်မည်ဟု ရေးသားခဲ့သည်။ သို့သော် ကောင်းကင်အသက်တာသို့ ထမြောက်သူတို့သည် “မပုပ်နိုင်သောအဖြစ်” သို့ထလာကြသည်။ (၁ ကောရိန္သု ၁၅:၂၃၊ ၅၂၊ ကဘ) သူတို့အထဲမှ တစ်ဦးတစ်ယောက်မျှ ဒံယေလ ၁၂:၂ တွင်ကြိုဟောထားသည့် “ကဲ့ရဲ့ခြင်းနှင့် ထာဝရရွံရှာဖွယ် အဖြစ်သို့” မထမြောက်ကြချေ။ ထမြောက်ခြင်း နောက်တစ်မျိုး ရှိသေးသလော။ သမ္မာကျမ်းစာတွင် ထမြောက်ခြင်းဆိုရာ၌ ရံဖန်ရံခါ ဝိညာဉ်ရေးသဘောမျိုး ဆောင်ပေသည်။ သာဓကအနေနှင့် ယေဇကျေလနှင့် ဗျာဒိတ် နှစ်ကျမ်းစလုံးတွင် ဝိညာဉ်ရေး ပြန်လည်ရှင်သန်လာခြင်း သို့မဟုတ် ရှင်ပြန်ထမြောက်ခြင်းနှင့် သက်ဆိုင်သည့် ပရောဖက်ပြုချက်ဆိုင်ရာ ကျမ်းပိုဒ်များပါရှိသည်။—ယေဇကျေလ ၃၇:၁-၁၄; ဗျာဒိတ် ၁၁:၃၊ ၇၊ ၁၁။

၁၀။ (က) ဆုံးခန်းကာလအတွင်း ဘိသိက်ခံအကြွင်းအကျန်တို့သည် အဘယ်သဘောမျိုးဖြင့် ရှင်ပြန်ထမြောက်ခဲ့ကြသနည်း။ (ခ) ပြန်လည်ရှင်သန်လာသည့် ဘိသိက်ခံအချို့တို့သည် အဘယ်သို့ ‘ကဲ့ရဲ့ခြင်းနှင့် ထာဝရရွံရှာဖွယ် အဖြစ်သို့’ နိုးထခဲ့ကြသနည်း။

၁၀ ဤဆုံးခန်းကာလအတွင်း ဘုရားသခင့်ဘိသိက်ခံအမှုထမ်းများ ဝိညာဉ်ရေး ပြန်လည်ရှင်သန်လာခြင်းမျိုး ရှိခဲ့ပါသလော။ ရှိခဲ့ပါသည်! ၁၉၁၈ ခုနှစ်တွင် အနည်းငယ်သော သစ္စာရှိခရစ်ယာန် အကြွင်းအကျန်တို့သည် သူတို့၏ စနစ်တကျဖွဲ့စည်းထားသည့် လူထုဓမ္မအမှု ပျက်ပြားသွားသည့်အထိ ထူးဆန်းအံ့ဩဖွယ် တိုက်ခိုက်ခံခဲ့ရသည်မှာ သမိုင်းဖြစ်ရပ်မှန် ဖြစ်ပေသည်။ ၎င်းနောက် ဖြစ်နိုင်ခြေမရှိဟု ယူဆရသည့်ကြားထဲမှ ၁၉၁၉ ခုနှစ်တွင် သူတို့သည် ဝိညာဉ်ရေးသဘောအရ အသက်ပြန်ရှင်လာကြသည်။ ဤဖြစ်ရပ်မှန်များသည် ဒံယေလ ၁၂:၂ တွင်ကြိုဟောထားသည့် ထမြောက်ခြင်းနှင့် အံကိုက်ပင်ဖြစ်သည်။ အချို့တို့သည် ထိုအချိန်နှင့် နောက်ပိုင်းတွင် ဝိညာဉ်ရေးအရ “နိုးထ” ခဲ့ကြသည်။ သို့သော် ဝမ်းနည်းဖွယ်ရာမှာ နိုးထလာသူအားလုံးတို့သည် ဝိညာဉ်ရေးအရ ရှင်သန်သည့်အခြေအနေ၌ ဆက်၍တည်မနေခဲ့ကြချေ။ နိုးထလာပြီးနောက် မေရှိယနိုင်ငံတော်ကို ငြင်းပယ်သူတို့နှင့် ဘုရားသခင့်အမှုတော်ကို စွန့်ခွာသွားကြသူတို့သည် မိမိတို့ကိုယ်ကို ဒံယေလ ၁၂:၂ တွင်ဖော်ပြသည့် ‘ကဲ့ရဲ့ခြင်းနှင့် ထာဝရရွံရှာဖွယ် အဖြစ်သို့’ ရောက်စေကြ၏။ (ဟေဗြဲ ၆:၄-၆) သို့သော် သစ္စာရှိ ဘိသိက်ခံများမူကား ဝိညာဉ်ရေးပြန်လည်ရှင်သန်လာသည့် အခြေအနေကို ကောင်းစွာအသုံးပြု၍ မေရှိယနိုင်ငံတော်ကို သစ္စာရှိရှိထောက်ခံခဲ့ကြ၏။ ပရောဖက်ပြုချက်နှင့်အညီ သစ္စာရှိမှုကြောင့် သူတို့သည် “ထာဝရအသက်ရှင်ခြင်း အဖြစ်သို့” ရောက်ခဲ့ကြရ၏။ ယနေ့ အတိုက်အခံများကြားတွင် ဝိညာဉ်ရေးဘက်၌ ထက်သန်တက်ကြွနေသည်ကိုထောက်၍ သူတို့သည် မည်သူမည်ဝါဖြစ်ကြောင်း ကျွန်ုပ်တို့ သဲသဲကွဲကွဲ သိမြင်နိုင်သည်။

သူတို့သည် ‘ကြယ်များကဲ့သို့ ထွန်းလင်းခြင်း’

၁၁။ ယနေ့ “ထိုးထွင်းသိမြင်ဉာဏ် ရှိသူတို့သည်” မည်သူတို့နည်း။ သူတို့သည် မည်သည့်သဘောမျိုးဖြင့် ကြယ်များကဲ့သို့ ထွန်းလင်းကြသနည်း။

၁၁ ဒံယေလ အခန်းကြီး ၁၂ မှနောက်အခန်းငယ်နှစ်ခန်းက “အထွတ်အမြတ်အရှင်၏ သန့်ရှင်းသူများ” ကိုခွဲခြားသိမြင်နိုင်ရန် သာ၍ပင် အထောက်အကူပေးသည်။ အခန်းငယ် ၃ (ကဘ) တွင် ကောင်းကင်တမန်က ဒံယေလအား ဤသို့ဆို၏– “ထိုးထွင်းသိမြင်ဉာဏ်ရှိသူတို့သည် မိုးမျက်နှာကြက်၏ အရောင်အဝါကဲ့သို့လည်းကောင်း၊ လူအများတို့ကို ဖြောင့်မတ်ရာသို့ ရောက်စေသူတို့လည်း ကြယ်များကဲ့သို့လည်းကောင်း ကာလအစဉ် ထွန်းလင်းကြလိမ့်မည်။” ယနေ့ “ထိုးထွင်းသိမြင်ဉာဏ်ရှိသူတို့သည်” မည်သူတို့နည်း။ အထောက်အထားများက “အထွတ်အမြတ်အရှင်၏ သန့်ရှင်းသူတို့” ကိုပင် တစ်ဖန်ညွှန်ပြ၏။ အားလုံးခြုံကြည့်လျှင် သစ္စာရှိဘိသိက်ခံအကြွင်းအကျန်မှလွဲ၍ မည်သူတို့၌ မဟာမင်းမြတ် မိက္ခေလသည် ရှင်ဘုရင်အနေနှင့် ၁၉၁၄ ခုနှစ်တွင် စ၍မတ်တတ်ရပ်လျက်ရှိကြောင်း သိမြင်သည့် ထိုးထွင်းသိမြင်ဉာဏ်ရှိသနည်း။ သူတို့သည် ဤကဲ့သို့သော အမှန်တရားများကို ဟောပြောခြင်းအပြင် ခရစ်ယာန်အကျင့်အကြံကောင်းကို ထိန်းသိမ်းခြင်းအားဖြင့် ဝိညာဉ်ရေးအရ အမှောင်ထုဖုံးလွှမ်းနေသည့် ဤလောက၌ ‘အလင်းအိမ်များကဲ့သို့ ထွန်းလင်း’ လာခဲ့ကြသည်။ (ဖိလိပ္ပိ ၂:၁၅; ယောဟန် ၈:၁၂) သူတို့နှင့်ပတ်သက်၍ ယေရှုက ဤသို့ ပရောဖက်ပြုတော်မူ၏– “ထိုအခါ ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏နိုင်ငံတော်၌ ထွန်းလင်းကြလတ္တံ့။”—မဿဲ ၁၃:၄၃။

၁၂။ (က) ဆုံးခန်းကာလအတွင်း ဘိသိက်ခံတို့သည် “လူအများတို့ကို ဖြောင့်မတ်ရာသို့ ရောက်စေ” ခြင်းတွင် မည်သို့ပါဝင်ပတ်သက်လာခဲ့သနည်း။ (ခ) ခရစ်တော်၏ အနှစ်တစ်ထောင် အုပ်ချုပ်ရာကာလအတွင်း ဘိသိက်ခံတို့သည် အဘယ်သို့ လူအများတို့ကို ဖြောင့်မတ်ရာသို့ ရောက်စေ၍ ‘ကြယ်များကဲ့သို့ ထွန်းလင်းကြ’ မည်နည်း။

၁၂ ဒံယေလ ၁၂:၃ ၌ ဆုံးခန်းကာလအတွင်း ၎င်းဘိသိက်ခံများ အားသွန်ခွန်စိုက် လုပ်ဆောင်ကြမည့် အလုပ်အကြောင်းကိုပင် ဖော်ပြထားသည်။ သူတို့သည် “လူအများတို့ကို ဖြောင့်မတ်ရာသို့ ရောက်စေ” လိမ့်မည်။ ဘိသိက်ခံအကြွင်းအကျန်တို့သည် ခရစ်တော်၏အမွေခံဖက် ၁၄၄,၀၀၀ မှကျန်ကြွင်းသူတို့ကို စတင်စုသိမ်းခဲ့သည်။ (ရောမ ၈:၁၆၊ ၁၇; ဗျာဒိတ် ၇:၃၊ ၄) ၁၉၃၀ ပြည့်လွန်နှစ်များ အလယ်လောက်တွင် ထိုလုပ်ငန်း ပြီးစီးသည့်နောက် သူတို့သည် “အခြားသိုးများ” ထဲမှ “လူအုပ်ကြီး” ကိုစတင်စုသိမ်းခဲ့သည်။ (ဗျာဒိတ် ၇:၉; ယောဟန် ၁၀:၁၆) ဤသူတို့လည်း ယေရှုခရစ်၏ရွေးနုတ်ရာပူဇော်သကာကို ယုံကြည်ကြောင်း တင်ပြကြသည်။ သို့နှင့် ယေဟောဝါ၏ရှေ့တော်တွင် စင်ကြယ်သည့်အနေအထားကို သူတို့ရရှိကြ၏။ ယနေ့ အရေအတွက် သန်းနှင့်ချီရှိသော ဤသူတို့သည် ဆိုးယုတ်သောဤလောက၏ လာမည့်ပျက်စီးခြင်းကို ကပ်ကျော်မည့် မျှော်လင့်ချက်ကို ရင်ဝယ်ပိုက်ထားကြသည်။ ခရစ်တော်၏ အနှစ်တစ်ထောင် အုပ်စိုးရာကာလအတွင်း ယေရှုနှင့် ၁၄၄,၀၀၀ သောအပေါင်းပါဘုရင်များနှင့် ယဇ်ပုရောဟိတ်များတို့သည် မြေကြီးပေါ်ရှိ နာခံသောလူသားများအပေါ် ရွေးနုတ်ဖိုး၏ အကျိုးကျေးဇူးများကို အပြည့်အဝ အသုံးပြုခြင်းအားဖြင့် ယုံကြည်ခြင်း တင်ပြသူအပေါင်းတို့အား အာဒံထံမှ အမွေရခဲ့သည့် အပြစ်တရား၏ နောက်ဆုံးအစအန တစ်ခုမကျန်ကို သုတ်သင်ပယ်ရှင်းနိုင်ရန် ထောက်ကူပေးလိမ့်မည်။ (၂ ပေတရု ၃:၁၃; ဗျာဒိတ် ၇:၁၃၊ ၁၄; ၂၀:၅၊ ၆) ထိုအချိန်ကျလျှင် ဘိသိက်ခံတို့သည် အပြည့်ဝဆုံးသော သဘောဖြင့် “လူအများတို့ကို ဖြောင့်မတ်ရာသို့ ရောက်စေ” ခြင်းတွင်ပါဝင်၍ မိုးကောင်းကင်၌ ‘ကြယ်များကဲ့သို့ ထွန်းလင်းကြ’ လိမ့်မည်။ ခရစ်တော်နှင့် အပေါင်းပါအုပ်စိုးရှင်များ၏ ဂုဏ်ကျက်သရေနှင့်ပြည့်စုံသော ကောင်းကင်အစိုးရအောက်ရှိ မြေကြီးပေါ်တွင် အသက်ရှင်ခြင်း မျှော်လင့်ချက်ကို သင်တန်ဖိုးထားသလော။ “သန့်ရှင်းသူတို့” နှင့်အတူ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောခြင်းတွင် ပါဝင်ခွင့်ရသည်မှာ ထူးမြတ်လှသည့် အခွင့်အရေးတစ်ရပ် အမှန်ဖြစ်ပေသည်!—မဿဲ ၂၄:၁၄။

သူတို့ “လှည့်လည်သွားလာ”

၁၃။ အဘယ်သဘောမျိုးဖြင့် ဒံယေလကျမ်းစကားတော်သည် တံဆိပ်ခတ်ပိတ်လျက် လျှို့ဝှက်ထားရာဖြစ်သနည်း။

၁၃ ဒံယေလ ၁၀:၂၀ မှအစပြုလာသော ဒံယေလအားကြားပြောသည့် ကောင်းကင်တမန်၏ ကြေညာချက်သည် ယခု ကြည်နူးအားတက်ဖွယ်ကောင်းသော ဤစကားများဖြင့် နိဂုံးချုပ်ထားသည်– “သင်ဒံယေလမူကား၊ ဤစကားတော်ကို လျှို့ဝှက်ထားလျက် စာစောင်ကိုလည်း တံဆိပ်ခတ်ပိတ်လော့။ လူအများတို့သည် လှည့်လည်သွားလာသဖြင့် မှန်သောအသိပညာ တိုးပွားလိမ့်မည်။” (ဒံယေလ ၁၂:၄၊ ကဘ) ဒံယေလအား မှုတ်သွင်းရေးသားစေခဲ့သော အကြောင်းအရာ အများအပြားမှာ အမှန်ပင် လျှို့ဝှက်၍ တံဆိပ်ခတ်ပိတ်ထားသည့်အရာ၊ လူ့အသိဉာဏ်ဖြင့် နားမလည်နိုင်သည့်အရာများ ဖြစ်ခဲ့သည်။ စင်စစ်ဆိုလျှင် ဒံယေလကိုယ်တိုင်က “ငါမူကား ထိုစကားကိုကြားရလျက် နားမလည်” ဟုရေးသားခဲ့သည်။ (ဒံယေလ ၁၂:၈၊ ကဘ) ဤသဘောမျိုးဖြင့် ဒံယေလ၏ကျမ်းသည် ရာစုနှစ်ပေါင်းများစွာ တံဆိပ်ခတ်ပိတ်လျက် ရှိခဲ့သည်။ ယနေ့ကော မည်သို့ရှိသနည်း။

၁၄။ (က) “ဆုံးခန်းကာလ” အတွင်း မည်သူတို့သည် ‘လှည့်လည်သွားလာ’ ခဲ့ကြသနည်း။ အဘယ်နေရာ၌နည်း။ (ခ) ဤ ‘လှည့်လည်သွားလာခြင်း’ ကိုယေဟောဝါ ကောင်းချီးပေးခဲ့ကြောင်း အဘယ်သက်သေအထောက်အထား ရှိသနည်း။

၁၄ ကျွန်ုပ်တို့သည် ဒံယေလကျမ်းတွင် ကြိုဟောထားသည့် “ဆုံးခန်းကာလ” တွင်အသက်ရှင်ရသည့် အခွင့်ထူးရရှိကြ၏။ ပရောဖက်ပြုထားသည့်အတိုင်း သစ္စာရှိသူအများတို့သည် ဘုရားသခင့်နှုတ်မြွက်တရားတော်တွင် “လှည့်လည်သွားလာ” ခဲ့ကြသည်။ အကျိုးရလဒ်ကား အဘယ်နည်း။ ယေဟောဝါ၏ကောင်းချီးမင်္ဂလာဖြင့် မှန်သောအသိပညာ တိုးပွားလာခဲ့သည်။ ယေဟောဝါ၏ သစ္စာရှိဘိသိက်ခံခရစ်ယာန်များသည် ထိုးထွင်းသိမြင်ဉာဏ်ရရှိကြသဖြင့် လူ့သားသည် ၁၉၁၄ ခုနှစ်တွင် ဘုရင်အဖြစ် စိုးစံလျက်ရှိကြောင်းကို သိရှိနားလည်လာ၍ ဒံယေလ ပရောဖက်ပြုချက်မှ သားရဲများ ကိုယ်စားပြုသည့်အရာများကို သိမြင်သည့်အပြင် “လူသူကင်းမဲ့စေသည့် စက်ဆုပ်ရွံရှာဖွယ်အရာ” အကြောင်းကိုလည်း ကြိုတင်သတိပေးနိုင်ခဲ့သည်။ ဤသည်တို့မှာ သာဓကအနည်းငယ်မျှသာ ဖြစ်ပေသည်။ (ဒံယေလ ၁၁:၃၁) ထို့ကြောင့် တိုးပွားလာသည့် ဤအသိပညာတို့မှာ “အထွတ်အမြတ်အရှင်၏ သန့်ရှင်းသူတို့” ကိုခွဲခြားသိမြင်စေသည့် အမှတ်အသား နောက်တစ်ခုဖြစ်ပေသည်။ သို့သော် ထပ်ဆင့်သက်သေအထောက်အထားများကို ဒံယေလ ရရှိခဲ့သည်။

သူတို့ ‘အစိတ်စိတ် ထုချေခံရ’

၁၅။ ယခု ကောင်းကင်တမန်တစ်ပါးက အဘယ်မေးခွန်း မေးမြန်းသနည်း။ ဤမေးခွန်းက မည်သူတို့ကို သတိရစေကောင်း ရစေမည်နည်း။

၁၅ ဒံယေလသည် တိုင်းဂရစ္စမြစ် ဟူ၍လည်းခေါ်တွင်သည့် ဟိဒကေလ “မြစ်ကြီး” ကမ်းပေါ်တွင်ရှိစဉ် ကောင်းကင်တမန်ထံမှ ဤသတင်းစကားများကို ရရှိခဲ့သည်ကို ကျွန်ုပ်တို့မှတ်မိသည်။ (ဒံယေလ ၁၀:၄) ယခုသော် သူသည် ကောင်းကင်တမန်သုံးပါးကိုမြင်၍ ဤသို့ဆို၏– “ငါဒံယေလသည် ကြည့်ရှုလျှင်၊ အခြားသောသူနှစ်ပါးတို့သည် မြစ်ကမ်းတစ်ဖက်တစ်ချက်၌ တစ်ပါးစီ ရပ်နေကြသည်ကို မြင်ရ၏။ တစ်ပါးက ‘အံ့ဖွယ်သော ဤအမှုများ၏အဆုံးသည် မည်မျှကြာလိမ့်မည်နည်း’ ဟုပိတ်ချောထည် ဆင်ယင်လျက် မြစ်ရေအထက်တွင်ရှိသောလူအား မေးမြန်း၏။” (ဒံယေလ ၁၂:၅၊ ၆၊ ကဘ) ဤတွင် ကောင်းကင်တမန် မေးလိုက်သည့်မေးခွန်းက ကျွန်ုပ်တို့အား “အထွတ်အမြတ်အရှင်၏ သန့်ရှင်းသူတို့” ကိုပြန်၍သတိရစေ၏။ ၁၉၁၄ ခုနှစ် “ဆုံးခန်းကာလ” အစတွင် ဘုရားသခင့်ကတိတော်များပြည့်စုံရန် မည်မျှကြာလိမ့်မည်နည်း ဟူသောမေးခွန်းကို သူတို့ အထူးတလည် အရေးတယူ စဉ်းစားခဲ့သည်။ ဤမေးခွန်း၏အဖြေက သူတို့သည် ဤပရောဖက်ပြုချက်၏ အာရုံစိုက်ရာဖြစ်ကြောင်း ထင်ရှားလာသည်။

၁၆။ ကောင်းကင်တမန်က မည်သည့်ပရောဖက်ပြုချက်ကို မြွက်ကြားသနည်း။ ဤပရောဖက်ပြုချက် ဧကန်မုချပြည့်စုံမည့်အကြောင်း သူမည်သို့ အလေးအနက်ပြသနည်း။

၁၆ ဒံယေလ၏မှတ်တမ်းက ဤသို့ဆက်၍ဆို၏– “ပိတ်ချောထည် ဆင်ယင်လျက် မြစ်ရေအထက် ရှိသောသူက ‘တစ်ကာလ၊ ကာလများ၊ ကာလတစ်ဝက်ပတ်လုံး ကြာလိမ့်မည်။ သန့်ရှင်းသောလူမျိုး၏အစွမ်းကို အစိတ်စိတ်ထုချေပြီးလျှင်ပြီးချင်း ဤအမှုအရာအလုံးစုံသည် ပြီးစီးခြင်းသို့ရောက်လိမ့်မည်’ ဟု၊ လက်ယာလက်နှင့် လက်ဝဲလက်ကို ကောင်းကင်သို့မြှောက်လျက် ကာလအစဉ် အသက်ရှင်တော်မူသော အရှင်ကိုတိုင်တည်၍ ကျိန်ဆိုသည်ကို ငါကြား၏။” (ဒံယေလ ၁၂:၇၊ ကဘ) ဤကား တည်ကြည်လေးနက်သောကိစ္စ ဖြစ်ပေသည်။ ကောင်းကင်တမန်က လက်နှစ်ဖက်စလုံးကိုမြှောက်လျက် ကျိန်ဆိုသည်မှာ သူ၏ကိုယ်ဟန်အမူအရာကို ကျယ်ပြောသည့် မြစ်ကမ်းနှစ်ဖက်ရှိ ကောင်းကင်တမန်နှစ်ပါး မြင်သာစေရန် ဖြစ်ကောင်းဖြစ်မည်။ ဤနည်းဖြင့် ၎င်းပရောဖက်ပြုချက်သည် လုံးဝယုံမှားသံသယမရှိ ပြည့်စုံလာရမည်ကို အလေးအနက်ပြသသည်။ သို့ရာတွင် ထိုကာလများသည် မည်သည့်အချိန်ကို ရည်ညွှန်းသနည်း။ သင်ထင်သလောက် အဖြေရှာတွေ့ရန် မခဲယဉ်းပါ။

၁၇။ (က) ဒံယေလ ၇:၂၅၊ ဒံယေလ ၁၂:၇ နှင့် ဗျာဒိတ် ၁၁:၃၊ ၇၊ ၉ တို့၌ မှတ်တမ်းတင်ထားသည့် ပရောဖက်ပြုချက်များတွင် အဘယ်ဆင်တူချက်များကို တွေ့ရှိရသနည်း။ (ခ) သုံးကာလခွဲကား မည်မျှတာရှည်သနည်း။

၁၇ ဤပရောဖက်ပြုချက်သည် အခြားပရောဖက်ပြုချက်နှစ်ခုနှင့် ထူးထူးခြားခြား ဆင်တူ၏။ ဤစာအုပ် အခန်း ၉ တွင် ကျွန်ုပ်တို့သုံးသပ်ခဲ့သည့် တစ်ခုကို ဒံယေလ ၇:၂၅ တွင်တွေ့ရသည်။ အခြားတစ်ခုကို ဗျာဒိတ် ၁၁:၃၊ ၇၊ ၉ တွင်တွေ့ရသည်။ ဆင်တူသည့်အချက်အချို့ကို သတိပြုပါ။ ပရောဖက်ပြုချက် တစ်ခုစီသည် ဆုံးခန်းကာလအတွင်း ပြည့်စုံရန် သတ်မှတ်ထားသည်။ ဤပရောဖက်ပြုချက်တို့သည် ဘုရားသခင်၏ သန့်ရှင်းသော အမှုထမ်းများနှင့် သက်ဆိုင်မှုရှိပြီး သူတို့ နှိပ်စက်ညှဉ်းပန်း ခံရမည်သာမက သူတို့၏ လူထုဟောပြောခြင်းလုပ်ငန်း ယာယီရပ်ဆိုင်းသွားမည်ဟုပင် ဖော်ပြထားသည်။ ဘုရားသခင့်အမှုထမ်းများသည် နှိပ်စက်ညှဉ်းပန်းသူတို့၏ အကြံကိုမှောက်လှန်လျက် ပြန်လည်ရှင်သန်၍ လုပ်ငန်းတာဝန်ကို ပြန်လည်ထမ်းဆောင်ကြမည်ဟု ပရောဖက်ပြုချက် အသီးသီးက ဖော်ပြထားသည့်အပြင် သန့်ရှင်းသူတို့အတွက် ဆင်းရဲကျပ်တည်းသောကာလ မည်မျှတာရှည်မည့်အကြောင်းကိုပါ ဖော်ပြထားသည်။ ဒံယေလကျမ်း (၇:၂၅ နှင့် ၁၂:၇) မှ ပရောဖက်ပြုချက် နှစ်ခုစလုံးက ‘တစ်ကာလ၊ ကာလများ၊ ကာလတစ်ဝက်’ အကြောင်းရည်ညွှန်းထားသည်။ ၎င်းသည် သုံးကာလခွဲဖြစ်ကြောင်း ကျမ်းပညာရှင်များက ယေဘုယျအားဖြင့် အသိအမှတ်ပြုကြသည်။ ဗျာဒိတ်ကျမ်းက ထိုကာလကို ၄၂ လ သို့မဟုတ် ရက်ပေါင်း ၁,၂၆၀ ဟုဖော်ပြသည်။ (ဗျာဒိတ် ၁၁:၂၊ ၃) ဤအချက်က ဒံယေလကျမ်းမှ သုံးကာလခွဲမှာ ရက်ပေါင်း ၃၆၀ စီရှိသည့် သုံးနှစ်ခွဲကိုရည်ညွှန်းကြောင်း အတည်ပြုသည်။ သို့ရာတွင် ဤရက်ပေါင်း ၁,၂၆၀ သည်မည်သည့်အချိန်တွင် အစပြုသနည်း။

၁၈။ (က) ဒံယေလ ၁၂:၇ အရ ရက်ပေါင်း ၁,၂၆၀ ၏အဆုံးကို အဘယ်အဖြစ်က အမှတ်သင်္ကေတပြုမည်နည်း။ (ခ) မည်သည့်အချိန်တွင် ‘သန့်ရှင်းသောလူမျိုး၏အစွမ်း အစိတ်စိတ် ထုချေ’ ခံရသနည်း။ မည်သို့ထုချေခံရသနည်း။ (ဂ) ရက်ပေါင်း ၁,၂၆၀ သည် မည်သည့်အချိန်တွင် အစပြုသနည်း။ ဘိသိက်ခံတို့သည် ထိုကာလအတွင်း မည်သို့ ‘လျှော်တေအဝတ်ကိုဝတ်လျက် ပရောဖက်ပြု’ ခဲ့ကြသနည်း။

၁၈ ရက်ပေါင်း ၁,၂၆၀ ကုန်ဆုံး မည့်အချိန်နှင့်ပတ်သက်၍ ဤပရောဖက်ပြုချက်၌ ရှင်းလင်းစွာ ဖော်ပြထားသည်။ “သန့်ရှင်းသောလူမျိုး၏အစွမ်းကို အစိတ်စိတ်ထုချေပြီးလျှင်” ကုန်ဆုံးမည်ဖြစ်သည်။ ၁၉၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၏ ဥက္ကဋ္ဌ ဂျေ. အက်ဖ်. ရပ်သဖို့ဒ်အပါအဝင် အထင်ကရအဖွဲ့ဝင်တို့သည် မမှန်သောစွဲချက်ဖြင့် အပြစ်ရှိကြောင်းဆုံးဖြတ်၍ နှစ်ရှည်ထောင်ဒဏ် စီရင်ချက်ဖြင့် အကျဉ်းချခံကြရသည်။ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သူတို့၏လုပ်ငန်း ‘အစိတ်စိတ် ထုချေ’ ခံလိုက်ရကြောင်း၊ သူတို့၏အစွမ်း ကျိုးပဲ့သွားကြောင်းကို အမှန်ပင် တွေ့မြင်လိုက်ရသည်။ ၁၉၁၈ ခုနှစ်,နှစ်လယ်မှစ၍ သုံးနှစ်ခွဲ နောက်ပြန်ရေတွက်လိုက်လျှင် ၁၉၁၄ ခုနှစ် နှစ်ကုန်ပိုင်းသို့ရောက်ရှိသည်။ ထိုအချိန်၌ ဘိသိက်ခံလူနည်းစုကလေးသည် အပြင်းအထန် နှိပ်စက်ညှဉ်းပန်းမှုအတွက် အားတင်းထားခဲ့ကြသည်။ ပထမကမ္ဘာစစ် စတင်ဖြစ်ပွားနေပြီ၊ သူတို့၏လုပ်ငန်းမှာလည်း အတိုက်အခံပြုခြင်း တိုး၍တိုး၍ ခံနေရသည်။ ၁၉၁၅ ခုနှစ်အတွက် သူတို့၏ နှစ်ချုပ်ကျမ်းချက်ကိုပင် ‘ငါသောက်မည့်ခွက်ကို သင်တို့သောက်နိုင်ကြသလော’ ဟူ၍ နောက်တော်လိုက်များအား ခရစ်တော်မေးခဲ့သည့် မေးခွန်းပေါ်တွင် အခြေပြုထားခဲ့ကြသည်။ (မဿဲ ၂၀:၂၂) ဗျာဒိတ် ၁၁:၃ ၌ဟောထားသည့်အတိုင်း နောက်ဆက်တွဲ ရက်ပေါင်း ၁,၂၆၀ ကာလသည် ဘိသိက်ခံများအတွက် ဝမ်းနည်းပူဆွေးရာကာလ ဖြစ်ခဲ့သည်။ လျှော်တေအဝတ်ကိုဝတ်လျက် ပရောဖက်ပြုသည့်နှယ် ဖြစ်ခဲ့သည်။ နှိပ်စက်ညှဉ်းပန်းမှု ပြင်းထန်သည်ထက် ပြင်းထန်လာသည်။ သူတို့ထဲမှ အချို့တို့သည် ထောင်ချခံရကြသည်၊ အချို့တို့သည် သောင်းကြမ်းသည့်လူအုပ်၏ အကြမ်းဖက်ရမ်းကားခြင်း ခံရကြပြီး အချို့တို့သည် ညှဉ်းဆဲခြင်း ခံရကြသည်။ များစွာသောသူတို့သည် ၁၉၁၆ ခုနှစ်တွင် အသင်း၏ ပထမဥက္ကဋ္ဌ စီ. တီ. ရပ်စယ်လ် ကွယ်လွန်ခြင်းကြောင့် စိတ်ပျက်အားလျော့ခဲ့ကြသည်။ သို့သော် ဟောပြောခြင်းဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်အနေနှင့် ဤသန့်ရှင်းသူတို့ အသတ်ခံရခြင်းနှင့်အတူ ၎င်းမှောင်မိုက်ကာလ အဆုံးသတ်သွားပြီးနောက် မည်သို့ဖြစ်ပျက်လာမည်နည်း။

၁၉။ ဗျာဒိတ် အခန်းကြီး ၁၁ မှပရောဖက်ပြုချက်က ဘိသိက်ခံများသည် ကြာရှည်စွာ တိတ်ဆိတ်နေကြမည်မဟုတ်ကြောင်း မည်သို့စိတ်ချစေသနည်း။

၁၉ ဗျာဒိတ် ၁၁:၃၊ ၉၊ ၁၁ တွင်တွေ့ရသည့် အလားတူ ပရောဖက်ပြုချက်၌ “သက်သေခံနှစ်ပါး” အသတ်ခံရပြီးနောက် ပြန်၍အသက်ရှင်လာသည့်အချိန်အထိ တိုတောင်းသည့်ကာလတစ်ခု—သုံးရက်ခွဲ—သာ သေနေကြရမည်ဟု ဖော်ပြထားသည်။ အလားတူစွာ ဒံယေလ အခန်းကြီး ၁၂ မှပရောဖက်ပြုချက်၌လည်း သန့်ရှင်းသူတို့သည် တိတ်ဆိတ်စွာ နေမည်မဟုတ်ဘဲ ရှေ့လျှောက်လုပ်ဆောင်ရန် အလုပ်များစွာရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သူတို့သည် ‘စင်ကြယ်၊ ဖြူစင်၊ သန့်စင်’ ခံရ

၂၀။ ဒံယေလ ၁၂:၁၀ အရ ဘိသိက်ခံတို့သည် ပြင်းထန်သည့်စမ်းသပ်ခြင်း ခံရပြီးနောက် အဘယ်ကောင်းချီးများ ခံစားရမည်နည်း။

၂၀ အထက်၌ ဖော်ပြခဲ့သည့်အတိုင်း ဒံယေလသည် ဤအရာများကို ရေးသားခဲ့သော်လည်း နားမလည်ခဲ့ချေ။ သို့တိုင်အောင် သန့်ရှင်းသူတို့သည် နှိပ်စက်ညှဉ်းပန်းသူတို့လက်၌ အမှန်ပျက်သုဉ်းမည်လောဟူ၍ သူသိလိုခဲ့ပေမည်။ အကြောင်းမှာ သူက “ဤအရာများ၏ အဆုံးပိုင်းကား မည်သို့ဖြစ်ပါမည်နည်း” ဟူ၍မေးလျှောက်ခဲ့၍ဖြစ်သည်။ ကောင်းကင်တမန်က ဤသို့ဖြေကြား၏– “ဒံယေလ၊ သွားလော့၊ ထိုစကားတော်ကို ဆုံးခန်းကာလတိုင်အောင် လျှို့ဝှက်ထားလျက် တံဆိပ်ခတ်ပိတ်လေပြီ။ လူအများတို့သည် မိမိတို့ကိုယ်ကို စင်ကြယ်စေ၍ ဖြူစင်စေကြမည့်အပြင် သန့်စင်ခြင်းလည်းခံရကြမည်။ လူဆိုးတို့သည် အဆိုးပြုမြဲပြုမည်ဖြစ်ရာ လူဆိုးတစ်ယောက်မျှ နားမလည်ရာ၊ ထိုးထွင်းသိမြင်ဉာဏ်ရှိသူတို့မူကား နားလည်ကြလိမ့်မည်။” (ဒံယေလ ၁၂:၈-၁၀၊ ကဘ) သန့်ရှင်းသောသူတို့အဖို့ သေချာသည့် မျှော်လင့်ချက်တစ်ရပ်ရှိ၏။ သူတို့သည် ဖျက်ဆီးခြင်းခံရမည့်အစား ဖြူစင်အောင်ပြုခြင်း ခံရမည့်အပြင် ယေဟောဝါ ဘုရားသခင့်ရှေ့တော်၌ စင်ကြယ်သည့်အနေအထား ရရှိကြမည်။ (မာလခိ ၃:၁-၃) သူတို့သည် ဝိညာဉ်ရေးရာများကို ထိုးထွင်းသိမြင်ခြင်းကြောင့် ဘုရားသခင့်မျက်မှောက်တော်တွင် စင်ကြယ်သည့်အနေအထားကို ဆက်လက်ထိန်းထားနိုင်ကြသည်။ တစ်ဖက်တွင် လူဆိုးတို့မူကား ဝိညာဉ်ရေးအရာများကို နားလည်လိုသည့်ဆန္ဒ မရှိကြချေ။ သို့ရာတွင် ဤအရာတို့သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း။

၂၁။ (က) ဒံယေလ ၁၂:၁၁ တွင်ကြိုဟောထားသည့် အချိန်ကာလသည် အဘယ်သတ်မှတ်ချက်များ ဖြစ်ပျက်ပြီးနောက်၌သာ စတင်မည်ဖြစ်သနည်း။ (ခ) “ဆက်ကပ်မြဲဝတ်” ကားအဘယ်နည်း။ ၎င်းသည် အဘယ်အချိန်တွင် ပယ်ရှားခံလိုက်ရသနည်း။ (စာမျက်နှာ ၁၀၆ မှလေးထောင့်ကွက်ကိုရှု။)

၂၁ ဒံယေလအား ဤသို့ကြားပြောခဲ့၏– “ဆက်ကပ်မြဲဝတ်ကို ပယ်ရှား၍ လူသူကင်းမဲ့စေသော စက်ဆုပ်ရွံရှာဖွယ်အရာကို တည်ထားသည့်အချိန်မှစ၍ ရက်ပေါင်း တစ်ထောင်နှစ်ရာကိုးဆယ် ကြာလိမ့်မည်။” ထို့ကြောင့် ၎င်းအချိန်ကာလသည် သတ်မှတ်ချက်အချို့ ဖြစ်ပျက်ပြီးနောက်တွင် စတင်မည်ဖြစ်သည်။ “ဆက်ကပ်မြဲဝတ်”—သို့မဟုတ် “ဆက်ကပ်မြဲ ပူဇော်သကာ”a—ပယ်ရှားခံရမည်။ (ဒံယေလ ၁၂:၁၁၊ အောက်ခြေမှတ်ချက်) ကောင်းကင်တမန်က အဘယ်ပူဇော်သကာကို ရည်ညွှန်းခြင်းဖြစ်သနည်း။ မြေကြီးဆိုင်ရာဗိမာန်တော်တွင် ပူဇော်သည့် တိရစ္ဆာန်ယဇ်ကို ရည်ညွှန်းနေခြင်းမဟုတ်ပါ။ စင်စစ်ဆိုလျှင် ယေရုရှလင်မြို့တွင် တစ်ချိန်ကတည်ရှိခဲ့သည့် ဗိမာန်တော်ပင်လျှင် “အစစ်အမှန်၏ပုံတူ” မျှသာဖြစ်သည်။ အစစ်အမှန်ကား စီ.အီး. ၂၉ ခုနှစ်တွင် ခရစ်တော် ယဇ်ပုရောဟိတ်မင်း ဖြစ်လာသည့်အချိန်၌ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့သော ယေဟောဝါ၏ ကြီးမြတ်သော ဝိညာဉ်ရေးဗိမာန်တော်ပင်ဖြစ်သည်။ ဘုရားသခင်၏ စင်ကြယ်သောကိုးကွယ်မှု အစီအစဉ်ကို ကိုယ်စားပြုသည့် ၎င်းဝိညာဉ်ရေး ဗိမာန်တော်တွင် အပြစ်ဖြေရာယဇ်ကို အစဉ်အမြဲ ပူဇော်စရာမလိုပေ။ အကြောင်းမှာ “ခရစ်တော်သည် လူအများ၏အပြစ်ကို ခံခြင်းငှာ အခါခပ်သိမ်းအတွက် တစ်ကြိမ်တည်း တင်လှူပူဇော်” ပြီးဖြစ်၍တည်း။ (ဟေဗြဲ ၉:၂၄-၂၈၊ ကဘ) သို့ပင်ငြားလည်း ခရစ်ယာန်စစ်အားလုံးတို့သည် ဤဗိမာန်တော်တွင် ယဇ်ပူဇော်လျက်ရှိကြသည်။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ငါတို့သည် နာမတော်ကိုဝန်ခံရာ နှုတ်ခမ်းအသီး တည်းဟူသော ချီးမွမ်းခြင်းယဇ်ကို [ခရစ်တော်] အားဖြင့် ဘုရားသခင်အား အစဉ်မပြတ် ပူဇော်ကြကုန်အံ့။” (ဟေဗြဲ ၁၃:၁၅၊ ကဘ) ထို့ကြောင့် ၎င်းပရောဖက်ပြုချက်၏ ပထမသတ်မှတ်ချက်—“ဆက်ကပ်မြဲဝတ်” ကိုပယ်ရှားခြင်း—သည် ဟောပြောခြင်းလုပ်ငန်း ရပ်ဆိုင်းလုမတတ်ဖြစ်ခဲ့သည့် ၁၉၁၈ ခုနှစ် နှစ်လယ်တွင် ဖြစ်ပျက်ခဲ့သည်။

၂၂။ (က) လူသူကင်းမဲ့စေသည့် “စက်ဆုပ်ရွံရှာဖွယ်အရာ” ကားအဘယ်နည်း။ ၎င်းကို မည်သည့်အချိန်တွင် တည်ထားခဲ့သနည်း။ (ခ) ဒံယေလ ၁၂:၁၁ တွင်ကြိုဟောထားသည့် အချိန်ကာလသည် အဘယ်အချိန်တွင်စ၍ အဘယ်အချိန်တွင် ဆုံးသနည်း။

၂၂ သို့သော် ဒုတိယသတ်မှတ်ချက်ဖြစ်သည့် “လူသူကင်းမဲ့စေသော စက်ဆုပ်ရွံရှာဖွယ်အရာကို တည်ထား” ခြင်း သို့မဟုတ် တင်မြှောက်ခြင်းကော ဘာကိုဆိုလိုသနည်း။ ဒံယေလ ၁၁:၃၁ အကြောင်းဆွေးနွေးစဉ်က တွေ့မြင်ခဲ့ရသည့်အတိုင်း ဤစက်ဆုပ်ရွံရှာဖွယ်အရာမှာ ပထမတွင် နိုင်ငံပေါင်းချုပ်အသင်းကြီးဖြစ်ပြီး နောက်ပိုင်းတွင် ကုလသမဂ္ဂအနေနှင့် ပေါ်ထွက်လာခဲ့သည့် အဖွဲ့ဖြစ်သည်။ ၎င်းအဖွဲ့အစည်း နှစ်ရပ်စလုံးသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် အမွှမ်းတင်ခံရသောကြောင့် စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်၏။ ဤသို့ဖြင့် လူအများတို့၏ နှလုံးသားတွင် ဤအဖွဲ့အစည်းတို့သည် ဘုရားသခင့်နိုင်ငံတော်၏နေရာကို ယူထားလေသည်။ နိုင်ငံပေါင်းချုပ်အသင်းကြီးကို ၁၉၁၉ ခုနှစ် ဇန်နဝါရီလတွင် တရားဝင်အခမ်းအနားဖြင့် အဆိုတင်သွင်းခဲ့သည်။ ထိုအချိန်တွင် ဒံယေလ ၁၂:၁၁ မှသတ်မှတ်ချက် နှစ်ရပ်စလုံး ပြည့်စုံခဲ့သည်။ ထို့ကြောင့် ရက်ပေါင်း ၁,၂၉၀ သည် ၁၉၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ပြီး ၁၉၂၂ ခုနှစ် [ကမ္ဘာ့မြောက်ခြမ်း] ဆောင်းဦးရာသီအထိ ကြာရှည်ခဲ့သည်။

၂၃။ ဒံယေလ အခန်းကြီး ၁၂ တွင်ကြိုဟောထားသည့်ရက်ပေါင်း ၁,၂၉၀ အတွင်း ဘုရားသခင်၏ သန့်ရှင်းသူတို့သည် စင်ကြယ်သည့် အနေအထားသို့ အဘယ်သို့ တိုးတက်ရောက်ရှိခဲ့သနည်း။

၂၃ ထိုအချိန်အတောအတွင်း သန့်ရှင်းသူတို့သည် ဘုရားသခင့်မျက်မှောက်တော်တွင် ဖြူစင်ခြင်း၊ စင်ကြယ်ခြင်းအဖြစ်သို့ တိုးတက်ရောက်ရှိခဲ့သလော။ အမှန်ပင် ရောက်ရှိခဲ့ကြပါသည်! ၁၉၁၉ ခုနှစ် မတ်လတွင် ကင်းမျှော်စင်အသင်း၏ ဥက္ကဋ္ဌနှင့် ရင်းနှီးသောအပေါင်းပါတို့သည် ထောင်မှလွတ်လာကြသည်။ နောက်ပိုင်းတွင် သူတို့တင်ခံရသည့် မမှန်သောစွဲချက်များမှ ကင်းလွတ်ခဲ့သည်။ လုပ်ရမည့်လုပ်ငန်းများ မပြီးစီးသေးကြောင်းသိရှိသဖြင့် မဆိုင်းမတွဘဲ ချက်ချင်းပင် စတင်လှုပ်ရှားကာ ၁၉၁၉ ခုနှစ် စက်တင်ဘာလတွင် စည်းဝေးကြီးကျင်းပရန် စီစဉ်ဖွဲ့စည်းခဲ့ကြသည်။ ထိုနှစ်၌ပင် ကင်းမျှော်စင် ၏အဖော်မွန် မဂ္ဂဇင်းတစ်စောင်ကို ဗွေဆော်ဦး ထုတ်ဝေလိုက်သည်။ မူလက ရွှေခေတ် (ယခု နိုးလော့!) ဟုအမည်တွင်သည့် ၎င်းမဂ္ဂဇင်းသည် ဤလောက၏ ဖောက်ပြန်မှုကို မကြောက်မရွံ့ ဖော်ထုတ်ရာ၌လည်းကောင်း၊ ဘုရားသခင့်လူမျိုးတော်အား စင်ကြယ်ခြင်းအဖြစ်၌ တည်မြဲစေရန် ထောက်ကူရာ၌လည်းကောင်း ကင်းမျှော်စင် ကိုအစဉ်သဖြင့် ထောက်ခံခဲ့သည်။ ကြိုဟောထားသည့်ရက်ပေါင်း ၁,၂၉၀ ကုန်ဆုံးချိန်တွင် သန့်ရှင်းသူတို့သည် စင်ကြယ်၍ နဂိုအနေအထားသို့ ကောင်းစွာတက်လှမ်းရောက်ရှိခဲ့သည်။ ဤကာလကုန်ဆုံးသည့် ၁၉၂၂ ခုနှစ် စက်တင်ဘာလတွင် သူတို့သည် အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်၊ စီဒါပွိုင့်မြို့တွင် အလွန်ထူးခြား အရေးပါသော စည်းဝေးကြီးတစ်ခုကို ကျင်းပခဲ့ကြသည်။ ၎င်းစည်းဝေးကြီးသည် ဟောပြောခြင်းလုပ်ငန်းအတွက် ကြီးမားသောတွန်းအား ဖြစ်စေခဲ့သည်။ သို့ရာတွင် ဆက်လက်တိုးတက်စရာ များစွာလိုအပ်လျက်ရှိသေးသည်။ ၎င်းတို့သည် သတ်မှတ်ထားသည့် နောက်ကာလတွင် ဖြစ်ပျက်လာသည်။

သန့်ရှင်းသူတို့အဖို့ ပျော်ရွှင်မှု

၂၄၊ ၂၅။ (က) ဒံယေလ ၁၂:၁၂ တွင် အဘယ်အချိန်ကာလအကြောင်း ကြိုဟောထားသနည်း။ ၎င်းကာလသည် အဘယ်အချိန်တွင်စ၍ အဘယ်အချိန်တွင်ဆုံးကြောင်း ထင်ရှားသနည်း။ (ခ) ရက်ပေါင်း ၁,၃၃၅ ရက်အစပိုင်းတွင် ဘိသိက်ခံအကြွင်းအကျန်တို့၏ ဝိညာဉ်ရေးအခြေအနေ မည်သို့ရှိခဲ့သနည်း။

၂၄ ယေဟောဝါ၏ကောင်းကင်တမန်က သန့်ရှင်းသူတို့နှင့်ပတ်သက်သည့် ပရောဖက်ပြုချက်ကို ဤစကားများဖြင့် နိဂုံးချုပ်ထားသည်– “ရက်ပေါင်း တစ်ထောင်သုံးရာ သုံးဆယ်ငါးရက်တိုင်အောင် ငံ့လင့်၍ မီသောသူသည် ပျော်ရွှင်၏။” (ဒံယေလ ၁၂:၁၂၊ ကဘ) ၎င်းကာလ စသည့်အချိန်နှင့် ဆုံးသည့်အချိန်နှင့်ပတ်သက်၍ ကောင်းကင်တမန်က မည်သည့်သဲလွန်စမျှ ပေးမထားချေ။ သမိုင်းကြောင်းအရ ၎င်းကာလသည် ရှေ့ပိုင်းကာလနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်ကြောင်း အရိပ်အမြွက်ပြဆို၏။ ဤရှုထောင့်မှတွက်ချက်လျှင် ၎င်းကာလသည် ၁၉၂၂ ခုနှစ် ဆောင်းဦးရာသီမှ ၁၉၂၆ ခုနှစ် နွေဦးရာသီ (ကမ္ဘာ့မြောက်ခြမ်း) အထိ တာရှည်၏။ ထိုကာလ ကုန်ဆုံးချိန်တွင် သန့်ရှင်းသူတို့သည် ပျော်ရွှင်ခဲ့ကြသလော။ ဟုတ်ကဲ့၊ အရေးကြီးသော ဝိညာဉ်ရေးမျက်နှာစာများတွင် သူတို့ အမှန်ပင် ပျော်ရွှင်ခဲ့ကြပေသည်။

၂၅ ၁၉၂၂ ခုနှစ် စည်းဝေးကြီး ပြီးသည့်နောက်၌ပင် ဘုရားသခင်၏ သန့်ရှင်းသူအချို့တို့သည် အတိတ်ကာလကို ရော်ရမ်းတမ်းတလျက်ပင် ရှိခဲ့ကြသည်။ သူတို့၏အစည်းအဝေးများတွင် အဓိကထား၍ လေ့လာသည့်စာပေများမှာ သမ္မာကျမ်းစာနှင့် စီ. တီ. ရပ်စယ်လ် ပြုစုရေးသားသည့် သမ္မာကျမ်းစာ လေ့လာသုံးသပ်ချက်များ စာအုပ်အတွဲများပင် ဖြစ်နေသေးသည်။ ထိုအချိန်၌ ၁၉၂၅ ခုနှစ်တွင် ရှင်ပြန်ထမြောက်ခြင်းစတင်ပြီး မြေကြီးပေါ်တွင် ပရဒိသုပြန်လည်တည်ထောင်လာမည်ဟု ယေဘုယျအားဖြင့် ယူဆခဲ့ကြသည်။ သို့နှင့် လူအများတို့သည် အတိအကျသတ်မှတ်ထားသည့် ရက်စွဲတစ်ခုကိုစိတ်စွဲ၍ အမှုတော်ဆောင်ခဲ့ကြသည်။ အချို့ဆိုလျှင် လူထုဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ရန် မောက်မာစွာပင် ငြင်းပယ်ခဲ့ကြသည်။ ဤသည်မှာ ပျော်ရွှင်ဖွယ်အခြေအနေ မဟုတ်ပေ။

၂၆။ ရက်ပေါင်း ၁,၃၃၅ ရက် တစ်စတစ်စ ကုန်လွန်လာသည်နှင့်အမျှ ဘိသိက်ခံတို့၏ ဝိညာဉ်ရေးအခြေအနေ မည်သို့ပြောင်းလဲလာသနည်း။

၂၆ သို့သော် ရက်ပေါင်း ၁,၃၃၅ ရက် တစ်စတစ်စ ကုန်လွန်လာသည်နှင့်အမျှ အခြေအနေအားလုံး စတင်ပြောင်းလဲလာသည်။ လယ်ကွင်းဓမ္မအမှုတွင် လူတိုင်းပါဝင်ရေး ပုံမှန်အစီအစဉ်များကို အတည်ပြုပြဋ္ဌာန်းလိုက်သဖြင့် ဟောပြောခြင်းသည် ရှေ့တန်းသို့ရောက်ရှိခဲ့သည်။ ကင်းမျှော်စင် ကိုအပတ်စဉ်လေ့လာသည့် အစည်းအဝေးများကို စီစဉ်ခဲ့သည်။ သမိုင်းဝင်ဆောင်းပါးဖြစ်သည့် “လူမျိုးတစ်မျိုး မွေးဖွားခြင်း” ပါရှိသည့် ၁၉၂၅ ခုနှစ်၊ မတ်လ ၁ ရက်ထုတ်က ဘုရားသခင့်လူမျိုးတော်အား ၁၉၁၄-၁၉ ခုနှစ်ကာလအတွင်း ဖြစ်ပျက်ခဲ့ရာများကို အပြည့်အဝ နားလည်စေခဲ့သည်။ ၁၉၂၅ ခုနှစ်ကုန်လွန်ပြီးနောက် သန့်ရှင်းသူတို့သည် လတ်တလောရောက်လာမည့် သတ်မှတ်ထားချိန် တစ်ချိန်ချိန်ကိုရည်မျှော်လျက် ဘုရားသခင့်အမှုတော် ထမ်းဆောင်ခြင်းမပြုတော့ချေ။ သို့အစား ယေဟောဝါ၏နာမတော် သန့်ရှင်းစင်ကြယ်ရေးသည် အထူးအရေးပါလာသည်။ ဤအရေးကြီးသည့် အမှန်တရားကို ၁၉၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ထုတ် ကင်းမျှော်စင် မှ “ယေဟောဝါအား မည်သူဂုဏ်တင်မည်နည်း” ဟူသောဆောင်းပါး၌ သမိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြင့် မီးမောင်းထိုးပြခဲ့သည်။ ၁၉၂၆ ခုနှစ် မေလတွင်ကျင်းပသည့် စည်းဝေးကြီးတွင် ကယ်လွှတ်ခြင်း စာအုပ်ကိုဖြန့်ချိခဲ့သည်။ ၎င်းစာအုပ်မှာ သမ္မာကျမ်းစာ လေ့လာသုံးသပ်ချက် ကိုအစားထိုးရန်ရည်ရွယ်သည့် စာအုပ်အသစ် တသီတတန်းထဲမှ တစ်အုပ်ဖြစ်သည်။ သန့်ရှင်းသူတို့သည် အတိတ်ကာလကို ရော်ရမ်းတမ်းတခြင်း မရှိတော့ချေ။ အနာဂတ်ကာလနှင့် အနာဂတ်လုပ်ငန်းစဉ်ကိုသာ ယုံကြည်စိတ်ချမှုအပြည့်ဖြင့် မျှော်လင့်ခဲ့ကြသည်။ ဤသို့ဖြင့် ပရောဖက်ပြုချက်နှင့်အညီ ရက်ပေါင်း ၁,၃၃၅ ရက်သည် သန့်ရှင်းသူတို့ ပျော်ရွှင်သည့်အခြေအနေသို့ ရောက်ရှိခြင်းနှင့်အတူ ကုန်ဆုံးခဲ့သည်။

၂၇။ ဒံယေလ အခန်းကြီး ၁၂ ကိုခြုံငုံသုံးသပ်ခြင်းဖြင့် ယေဟောဝါ၏ဘိသိက်ခံများ မည်သူမည်ဝါဖြစ်ကြောင်း ပြတ်ပြတ်သားသား ခွဲခြားသိမြင်နိုင်ရန် မည်သို့ထောက်ကူပေးသနည်း။

၂၇ အုတ်အော်သောင်းတင်းဖြစ်သော ထိုခေတ်ကာလကို လူတိုင်းကြံ့ကြံ့ခံ ဖြတ်သန်းနိုင်ခဲ့ခြင်း မရှိခဲ့သည်မှာ ဆိုဖွယ်မရှိ။ ယင်းအကြောင်းကြောင့် ကောင်းကင်တမန်က ‘ငံ့လင့်ခြင်း’ ၏အရေးကြီးမှုကို အလေးထား ပြောကြားခဲ့ခြင်းဖြစ်သည်မှာ ယုံမှားဖွယ်မရှိပေ။ ခံနိုင်ရည်ရှိရှိဖြင့် မပြတ်ငံ့လင့်စောင့်စားခဲ့သူတို့သည် ကြွယ်ဝသည့်ကောင်းချီးများ ခံစားရကြ၏။ ဒံယေလ အခန်းကြီး ၁၂ ကို ခြုံငုံသုံးသပ်ခြင်းဖြင့် ဤအချက်ကို ရှင်းလင်းစွာတွေ့မြင်နိုင်သည်။ ကြိုဟောထားသည်နှင့်အညီ ဘိသိက်ခံတို့သည် ဝိညာဉ်ရေးသဘောအရ ပြန်လည်အသက်ဝင်လာသည်၊ သို့မဟုတ် ရှင်ပြန်ထမြောက်လာသည်။ သူတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ထူးထူးချွန်ချွန် ထိုးထွင်းသိမြင်သည့်ဉာဏ်ကို ရရှိသည့်အပြင် ကျမ်းစာ၌ “လှည့်လည်သွားလာ” နိုင်သည့်အစွမ်းလည်း ရရှိသဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်ထိန်းကျောင်းမှုအားဖြင့် အလွန်ရှေးကျသော နက်နဲရာများကို ဖွင့်ဆိုနိုင်ကြသည်။ ယေဟောဝါသည် သူတို့ကို စင်ကြယ်စေလျက် ဝိညာဉ်ရေးအရ တောက်ပသောကြယ်များကဲ့သို့ ထွန်းလင်းစေတော်မူ၏။ ဤသို့ဖြင့် သူတို့သည် လူအများတို့ကို ယေဟောဝါရှေ့တော်တွင် ဖြောင့်မတ်သောအနေအထားသို့ ရောက်စေကြ၏။

၂၈၊ ၂၉။ “ဆုံးခန်းကာလ” အဆုံးသတ်လု နီးလာသည်နှင့်အမျှ ကျွန်ုပ်တို့ မည်သို့သန္နိဋ္ဌာန် ချသင့်သနည်း။

၂၈ “အထွတ်အမြတ်အရှင်၏ သန့်ရှင်းသူတို့” ကိုခွဲခြားသိမြင်စေသည့် ပရောဖက်ပြုချက်ဆိုင်ရာ လက္ခဏာအမှတ်အသားများ ဤမျှများပြားသည်ဖြစ်ရာ သူတို့ကိုသိမှတ်၍ ပေါင်းသင်းမှုပြုရန် ပျက်ကွက်မှုအတွက် အဘယ်ဆင်ခြေ ပေးနိုင်မည်နည်း။ ယေဟောဝါအား ဝတ်ပြုရာ၌ အရေအတွက် ယုတ်လျော့လျက်ရှိသည့် ဘိသိက်ခံအတန်းအစားနှင့် ပူးပေါင်းကြသော လူအုပ်ကြီးသည် အံ့ချီးဖွယ်ကောင်းချီးများကို ခံစားရကြမည်။ ကျွန်ုပ်တို့အားလုံးလည်း ဘုရားသခင့်ကတိတော်များ ပြည့်စုံသည်ကို မပြတ်ငံ့လင့်စောင့်စား နေရကြမည်။ (ဟဗက္ကုတ် ၂:၃) ကျွန်ုပ်တို့ခေတ်တွင် မဟာမင်းမြတ် မိက္ခေလသည် ဘုရားသခင့်လူမျိုးတော်အတွက် မတ်တတ်ရပ်လာသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ များမကြာမီ ကိုယ်တော်သည် ဤအစီအစဉ်စနစ်ကို သုတ်သင်ဖျက်ဆီးမည့် ဘုရားပေးတာဝန်ဖော်ဆောင်သူ အာဏာသားအနေနှင့် အရေးယူဆောင်ရွက်တော့မည်ဖြစ်သည်။ ကိုယ်တော်အရေးယူသည့်အခါ ကျွန်ုပ်တို့၏အခြေအနေ မည်သို့ရှိမည်နည်း။

၂၉ ထိုမေးခွန်း၏အဖြေမှာ ယခုအချိန်၌ တည်ကြည်ဖြောင့်မတ်သော အသက်တာဖြင့် အသက်ရှင်ခြင်း ရှိမရှိပေါ်တွင် မူတည်ပါလိမ့်မည်။ “ဆုံးခန်းကာလ” ကုန်ဆုံးလုနီးလာသည်နှင့်အမျှ ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ခိုင်မာစေရေးအတွက် ဒံယေလကျမ်း၏ နောက်ဆုံးအခန်းငယ်ကို သုံးသပ်ကြည့်ကြပါစို့။ ဤအခန်းငယ်အကြောင်းကို လာမည့်အခန်းတွင် ဆွေးနွေးရာ၌ ဘုရားသခင့်ရှေ့တော်တွင် ဒံယေလ မည်သို့ရပ်တည်ခဲ့ကြောင်း၊ အနာဂတ်တွင် ကိုယ်တော့်ရှေ့မှောက်တွင် သူမည်သို့ရပ်တည်မည်အကြောင်း တွေ့မြင်နိုင်ရန် ထောက်ကူပေလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a ဂရိ စက်ပ်တွားဂျင့် ကျမ်းစာတွင် “ပူဇော်သကာ” ဟူ၍ ရိုးရိုးလေး ပြန်ဆိုထားသည်။

အဘယ်အချက်ကို သိမြင်ခဲ့သနည်း

• မိက္ခေလသည် အဘယ်အချိန်ကာလအတွင်း “မတ်တတ်ရပ်လျက်” ရှိသနည်း။ အဘယ်အချိန်နှင့် အဘယ်နည်းဖြင့် “မတ်တတ်ထ” လိမ့်မည်နည်း။

• ဒံယေလ ၁၂:၂ သည်မည်သို့သော ရှင်ပြန်ထမြောက်ခြင်းကို ရည်ညွှန်းသနည်း။

• အောက်ပါကာလများ၏ အစနှင့်အဆုံးကို အဘယ်ရက်စွဲများက အသီးသီးမှတ်သားသနည်း–

ဒံယေလ ၁၂:၇ မှသုံးကာလခွဲ၊

ဒံယေလ ၁၂:၁၁ မှရက်ပေါင်း ၁,၂၉၀၊

ဒံယေလ ၁၂:၁၂ မှရက်ပေါင်း ၁,၃၃၅၊

• ဒံယေလ အခန်းကြီး ၁၂ ကိုဂရုပြုခြင်းဖြင့် ယေဟောဝါ၏ စစ်မှန်သောကိုးကွယ်သူများကို ခွဲခြားသိမြင်နိုင်ရန် မည်သို့ထောက်ကူပေးသနည်း။

[စာမျက်နှာ ၂၉၈ ပါ လေးထောင့်ကွက်]

ဆက်ကပ်မြဲဝတ်ကို ပယ်ရှားခြင်း

ဒံယေလကျမ်းတွင် “ဆက်ကပ်မြဲဝတ်” ဟူသောစကားရပ် ငါးကြိမ်ပါရှိ၏။ ၎င်းသည် ယေဟောဝါအား ကိုယ်တော်၏အမှုတော်ထမ်းများ ပုံမှန်ဆက်ကပ်ပူဇော်သည့် ချီးမွမ်းခြင်းယဇ်—“နှုတ်ခမ်းအသီး”—ကိုရည်ညွှန်းသည်။ (ဟေဗြဲ ၁၃:၁၅) ယင်းဆက်ကပ်မြဲဝတ် ပယ်ရှားခံရမည်ဟူသော ဟောကိန်းကို ဒံယေလ ၈:၁၁၊ ၁၁:၃၁ နှင့် ၁၂:၁၁ တို့တွင်ဖော်ပြထားသည်။

ကမ္ဘာစစ်ကြီးနှစ်ခုစလုံးတွင် ယေဟောဝါ၏လူမျိုးတော်သည် “မြောက်ဘုရင်” နှင့် “တောင်ဘုရင်” တို့၏နယ်ပယ်အတွင်း၌ အပြင်းအထန် နှိပ်စက်ညှဉ်းပန်း ခံခဲ့ကြရသည်။ (ဒံယေလ ၁၁:၁၄၊ ၁၄) ပထမကမ္ဘာစစ် ပြီးဆုံးခါနီး၊ ဟောပြောခြင်းလုပ်ငန်း လုံးလုံးလျားလျား ရပ်ဆိုင်းလုမတတ်ဖြစ်ခဲ့သည့် ၁၉၁၈ ခုနှစ် နှစ်လယ်လောက်တွင် “ဆက်ကပ်မြဲဝတ်” ပယ်ရှားခံလိုက်ရသည်။ (ဒံယေလ ၁၂:၇) ဒုတိယကမ္ဘာစစ်အတွင်း၌လည်း အင်္ဂလိပ်-အမေရိကန် အာဏာစက်က “ဆက်ကပ်မြဲဝတ်” ကိုရက်ပေါင်း ၂,၃၀၀ တိုင်တိုင် “ပယ်” ရှားခဲ့သည်။ (ဒံယေလ ၈:၁၁-၁၄; ဤစာအုပ် အခန်း ၁၀ ကိုရှု။) သမ္မာကျမ်းစာတွင် အတိအကျ ဖော်ပြထားခြင်းမရှိသည့် အချိန်ကာလ တစ်ခုအတွင်း၌လည်း “ဆက်ကပ်မြဲဝတ်” ကို နာဇီ “စစ်သည်ဗိုလ်ပါများ” ကပယ်ရှားခဲ့သည်။—ဒံယေလ ၁၁:၃၁; ဤစာအုပ် အခန်း ၁၅ ကိုရှု။

[စာမျက်နှာ ၃၀၁ ပါ ဇယား/ရုပ်ပုံ]

ဒံယေလကျမ်းမှ ပရောဖက်ပြုချက်ဆိုင်ရာ အချိန်ကာလများ

ခုနစ်ကာလ (နှစ်ပေါင်း ၂,၅၂၀)– ဘီ.စီ.အီး. ၆၀၇ ခုနှစ် အောက်တိုဘာလမှ

ဒံယေလ ၄:၁၆၊ ၂၅ စီ.အီး. ၁၉၁၄ ခုနှစ် အောက်တိုဘာလအထိ

(မေရှိယနိုင်ငံတော် တည်ထောင်သည်။

ဤစာအုပ် အခန်း ၆ ကိုရှု။)

သုံးကာလခွဲ ၁၉၁၄ ခုနှစ် ဒီဇင်ဘာလမှ ၁၉၁၈ ခုနှစ် ဇွန်လအထိ

(ရက်ပေါင်း ၁,၂၆၀)– ဘိသိက်ခံခရစ်ယာန်များ အနှောင့်အယှက်ပေးခံရ။

ဒံယေလ ၇:၂၅; ၁၂:၇ ဤစာအုပ် အခန်း ၉ ကိုရှု။)

ညဦးနှင့် နံနက်ပေါင်း ၁၉၃၈ ခုနှစ် ဇွန်လ ၁ ရက် သို့မဟုတ် ၁၅ ရက်မှ

၂,၃၀၀– ၁၉၄၄ ခုနှစ် အောက်တိုဘာလ ၈ ရက် သို့မဟုတ် ၂၂ ရက်အထိ

ဒံယေလ ၈:၁၄ (“လူအုပ်ကြီး” ပေါ်ထွက်၍ တိုးပွားလာ။

ဤစာအုပ် အခန်း ၁၀ ကိုရှု။)

သီတင်း ၇၀ (နှစ်ပေါင်း ၄၉၀)– ဘီ.စီ.အီး. ၄၅၅ ခုနှစ်မှ စီ.အီး. ၃၆ ခုနှစ်အထိ

ဒံယေလ ၉:၂၄-၂၇ (မေရှိယ ကြွလာခြင်းနှင့် ကိုယ်တော်၏

မြေကြီးဆိုင်ရာ ဓမ္မအမှုတော်။ ဤစာအုပ် အခန်း ၁၁ ကိုရှု။)

ရက်ပေါင်း ၁,၂၉၀– ၁၉၁၉ ခုနှစ် ဇန်နဝါရီလမှ

ဒံယေလ ၁၂:၁၁ ၁၉၂၂ ခုနှစ် စက်တင်ဘာလအထိ

(ဘိသိက်ခံခရစ်ယာန်များ နိုးထ၍

ဝိညာဉ်ရေးဘက် တိုးတက်လာ။)

ရက်ပေါင်း ၁,၃၃၅– ၁၉၂၂ ခုနှစ် စက်တင်ဘာလမှ ၁၉၂၆ ခုနှစ် မေလအထိ

ဒံယေလ ၁၂:၁၂ (ဘိသက်ခံခရစ်ယာန်များ

ပျော်ရွှင်သောအခြေအနေသို့ ရောက်ရှိ။)

[စာမျက်နှာ ၂၈၇ ပါ ရုပ်ပုံများ]

ယေဟောဝါ၏ အထင်ကရအမှုတော်ထမ်းတို့သည် အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့ရှိ ဖယ်ဒရယ် အကျဉ်းထောင်တွင် မတရားသဖြင့် ထောင်ချခံခဲ့ရကြသည်။ ဝဲမှယာသို့– (ထိုင်နေသူများ) အေ. အိပ်ချ်. မက္ကမီလန်၊ ဂျေ. အက်ဖ်. ရပ်သဖို့ဒ်၊ ဒဗ္ဗလျူ. အီး. ဗန် အမ်းဘား; (ရပ်နေသူများ) ဂျီ. အိပ်ချ်. ဖစ်ရှာ၊ အာရ်. ဂျီ. မာတင်၊ ဂျီ. ဒီချက်ကာ၊ ဖက်ဖ်. အိပ်ချ်. ရော်ဘင်ဆင်နှင့် စီ. ဂျေ. ဝူးဒ်ဝပ်သ်

[စာမျက်နှာ ၂၉၉ ပါ ရုပ်ပုံမျာ]

အလွန်ထူးခြား အရေးပါသော စည်းဝေးကြီးများကို အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်၊ စီဒါပွိုင့်မြို့တွင် ၁၉၁၉ ခုနှစ် (အထက်ပုံ) နှင့် ၁၉၂၂ ခုနှစ် (အောက်ပုံ) တွင်ကျင်းပခဲ့သည်

[စာမျက်နှာ ၃၀၂ ပါ ရုပ်ပုံ]

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ