ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-1 အခန်း ၁၆ စာ. ၁၀၂-၁၀၅
  • လမ်းညွှန်မှုနှင့် ကာကွယ်မှုအတွက် ယေဟောဝါအား ယုံကြည်ကိုးစားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လမ်းညွှန်မှုနှင့် ကာကွယ်မှုအတွက် ယေဟောဝါအား ယုံကြည်ကိုးစားပါ
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သွေးသွန်းသည့် တိုင်းပြည်
  • အာဇုတ်မြို့ စစ်ပွဲ
  • “အဝတ်ကို မဝတ်၊ ခြေနင်းကို မစီး”
  • မျှော်လင့်ချက် ပျောက်၊ ဂုဏ်အသရေ မှေးမှိန်
  • ယေဟောဝါ၌ ယုံကြည်ကိုးစားလော့
  • တိုင်းနိုင်ငံများ၏ တစ်ဖက် ယေဟောဝါ၏ အကြံတော်
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ဤလောကမှ အကူအညီ မရ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • စွဲမက်စရာကောင်းသော အီသီယိုးပီးယား
    နိုးလော့!—၁၉၉၇
  • အာရှုရိကို မကြောက်ကြနှင့်
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
ip-1 အခန်း ၁၆ စာ. ၁၀၂-၁၀၅

အခန်း ဆယ့်ခြောက်

လမ်းညွှန်မှုနှင့် ကာကွယ်မှုအတွက် ယေဟောဝါအား ယုံကြည်ကိုးစားပါ

ဟေရှာယ ၂၀:၁-၆

၁၊ ၂။ ဘီ.စီ.အီး. ရှစ်ရာစု၌ ဘုရားသခင့် လူမျိုးသည် အဘယ်အန္တရာယ်နှင့် တွေ့ကြုံရသနည်း၊ အများစုသည် အကာအကွယ်အတွက် မည်သူ့ကို အားကိုးလိုကြသနည်း။

ဤကျမ်း၏ အစောပိုင်း အခန်းကြီးများတွင် တွေ့ခဲ့ရသည်အတိုင်း ဘီ.စီ.အီး. ရှစ်ရာစုတွင် ဘုရားသခင့် လူမျိုးသည် ထိတ်လန့်ဖွယ် ခြိမ်းခြောက်မှုတစ်ခုနှင့် ရင်ဆိုင်ရသည်။ သွေးဆာနေသော အာရှုရိတို့သည် တစ်နိုင်ငံပြီး တစ်နိုင်ငံ သိမ်းပိုက်နေပြီ ဖြစ်ရာ တောင်ပိုင်းယုဒနိုင်ငံကို ဝင်ရောက်တိုက်ခိုက်တော့မည့်အချိန်မှာ မဝေးတော့ပေ။ ပြည်တော်ရှိ ပြည်သူပြည်သားတို့သည် အကာအကွယ်အတွက် မည်သူ့ထံ အကူအညီ တောင်းမည်နည်း။ သူတို့သည် ယေဟောဝါနှင့် ပဋိညာဉ် ဖွဲ့ထားသူများ ဖြစ်ကြရာ အကူအညီအတွက် ကိုယ်တော့်ကို မှီခိုအားကိုးသင့်သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆) ထိုသို့ ဘုရင်ဒါဝိဒ် အားကိုးခဲ့သည်။ သူဤသို့ အသိအမှတ်ပြု ဝန်ခံခဲ့၏– “ထာဝရဘုရားသည် ငါ၏ ကျောက်၊ ငါ၏ မြို့ရိုး၊ ငါ့ကို ကယ်လွှတ်သောသခင်” ဖြစ်တော်မူ၏။ (၂ ဓမ္မရာဇဝင် ၂၂:၂) သို့သော် ဘီ.စီ.အီး. ရှစ်ရာစုမှ လူများစွာသည် ယေဟောဝါအား မိမိတို့၏ ခိုလှုံရာအဖြစ် ယုံကြည်ကိုးစားခြင်း မပြုကြပါ။ သူတို့က အီဂျစ်နှင့် အီသီယိုးပီးယားတို့သည် အာရှုရိ ခြိမ်းခြောက်ကျူးကျော်သည့်အခါ ကာကွယ်နိုင်မည်ဟု မျှော်လင့်လျက် ထိုနှစ်နိုင်ငံကို အားကိုးရန် သာ၍ စိတ်သန်နေကြသည်။ သူတို့ အမှားကြီး မှားခဲ့သည်။

၂ ယေဟောဝါက အီဂျစ် သို့မဟုတ် အီသီယိုးပီးယားတွင် ခိုလှုံရာနေရာ ရှာလျှင် ဘေးဒုက္ခရောက်မည် ဖြစ်ကြောင်း မိမိ၏ ပရောဖက် ဟေရှာယမှတစ်ဆင့် သတိပေးသည်။ ပရောဖက်၏ မှုတ်သွင်းခံစကားများတွင် သူ၏ တစ်ခေတ်တည်းသားများအတွက် အကျိုးပြုသော သင်ခန်းစာ ပါရှိပြီး ကျွန်ုပ်တို့အတွက် ယေဟောဝါအား ယုံကြည်ကိုးစားခြင်း၏ အရေးကြီးမှုဆိုင်ရာ အဖိုးတန် သင်ခန်းစာ ပါရှိသည်။

သွေးသွန်းသည့် တိုင်းပြည်

၃။ အာရှုရိသည် စစ်အင်အားကို အဓိကထားခဲ့ပုံအကြောင်း ဖော်ပြပါ။

၃ အာရှုရိသည် စစ်အင်အားကြီးကြောင်း နာမည်ကြီးနေသည်။ ရှေးခေတ်မြို့ကြီးများစာအုပ်တွင် ဤသို့ ရေးမှတ်ထား၏– “သူတို့သည် အစွမ်းခွန်အားကို ဘုရားအဖြစ် ကိုးကွယ်ခဲ့ကြသည်၊ အလွန်ကြီးမားသော ကျောက်ရုပ်ထုကြီးများ၊ ခွန်အား၊ သတ္တိနှင့် အောင်မြင်ခြင်းတို့၏ အမှတ်အသား ဖြစ်သည့် တုတ်ခိုင်ကြီးမားသည့် ခြေ၊ လင်းယုန်အတောင်များ၊ လူဦးခေါင်းများ ပါရှိသည့် ခြင်္သေ့နှင့် နွားထီးရုပ်ကြီးများ၌သာ ဆုတောင်းကြလေ့ရှိသည်။ စစ်တိုက်ခြင်းသည် ထိုလူမျိုး၏ စီးပွားရေးလုပ်ငန်း ဖြစ်ပြီး ပုရောဟိတ်များသည် စစ်ကို အစဉ်လှုံ့ဆော်ပေးသူများ ဖြစ်ကြသည်။” ပရောဖက် နာဟုံက အာရှုရိ၏ မြို့တော် နိနေဝေမြို့ကို “လူအသက်ကို သတ်တတ်သော မြို့” ဟု ဖော်ပြခဲ့ခြင်းသည် ခိုင်လုံသော အကြောင်းနှင့် ပြောခြင်း ဖြစ်သည်။—နာဟုံ ၃:၁။

၄။ အာရှုရိတို့သည် အခြားတိုင်းနိုင်ငံများအား မည်သို့ ထိတ်လန့်ကြောက်ရွံ့အောင် လုပ်ခဲ့ကြသနည်း။

၄ အာရှုရိ၏ စစ်နည်းဗျူဟာများသည် သူမတူအောင် ရက်စက်ကြမ်းကြုတ်သည်။ ထိုခေတ်က ပန်းပုရုပ်ကြွင်းများ၌ အာရှုရိ စစ်သည်များသည် သုံ့ပန်းများ၏ နှာခေါင်း သို့မဟုတ် နှုတ်ခမ်းများကို ဖောက်၍ ချိတ်များနှင့် ချိတ်ကာ ခေါ်ဆောင်လာပုံကို ဖော်ပြထားသည်။ အချို့သော သုံ့ပန်းများ၏ မျက်စိကို လှံဖြင့် ထိုးဖောက်ခဲ့ကြသည်။ ကျောက်စာတစ်ခု၌ စစ်အောင်ပွဲတစ်ခုအကြောင်း ဖော်ပြထားသည်၊ ယင်းတွင် အာရှုရိ စစ်သားများသည် ၎င်းတို့သုံ့ပန်းများ၏ ကိုယ်လက်အင်္ဂါများကို လှီးဖြတ်ကာ မြို့ပြင်တွင် ခေါင်းတစ်ပုံ၊ ခြေလက်တစ်ပုံ နှစ်ပုံ,ပုံထားကြောင်း ရေးသားဖော်ပြထားသည်။ ရှုံးနိမ့်သွားသူများ၏ ကလေးများကို မီးရှို့ခဲ့သည်။ ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုဖြင့် ထိတ်လန့်ကြောက်ရွံ့အောင် လုပ်နည်းက သူတို့၏ ရန်သူများအား ပြန်လည်ခုခံရန် ခွန်အားလျော့စေကာ အာရှုရိ၏ စစ်ရေးသာစေခြင်း ဖြစ်ရပေမည်။

အာဇုတ်မြို့ စစ်ပွဲ

၅။ ဟေရှာယအချိန်တွင် မည်သူသည် တန်ခိုးကြီး အာရှုရိဘုရင် ဖြစ်သနည်း၊ ထိုမင်းနှင့်ပတ်သက်သော သမ္မာကျမ်းစာ မှတ်တမ်းသည် မှန်ကန်ကြောင်း မည်သို့ ထင်ရှားခဲ့သနည်း။

၅ ဟေရှာယအချိန်တွင် အာရှုရိ အင်ပါယာသည် သာဂုန်မင်းလက်အောက်တွင် တန်ခိုးအာဏာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။a လောကစာပေများတွင် ထိုမင်းအကြောင်း ဖော်ပြထားခြင်း မရှိသောကြောင့် ဝေဖန်သူများက ဤမင်း တည်ရှိခဲ့ခြင်းကို နှစ်ပေါင်းများစွာတိုင် သံသယဝင်ခဲ့ကြသည်။ သို့ရာတွင် အချိန်တန်သော် ရှေးဟောင်း သုတေသနပညာရှင်များသည် သာဂုန်မင်း၏ နန်းတော်အပျက်အယွင်းကို တူးဖော်တွေ့ရှိခဲ့ရာ သမ္မာကျမ်းစာ မှတ်တမ်း မှန်ကန်ကြောင်း ထင်ရှားသွားသည်။

၆၊ ၇။ (က) သာဂုန်မင်းသည် အဘယ်အကြောင်းကြောင့် အာဇုတ်မြို့ကို တိုက်ခိုက်ရန် အမိန့်ပေးခြင်း ဖြစ်နိုင်သနည်း။ (ခ) အာဇုတ်မြို့ ကျရှုံးခြင်းသည် ဖိလိတ္တိပြည်၏ အိမ်နီးချင်းနိုင်ငံများအပေါ် အဘယ်အကျိုး သက်ရောက်သနည်း။

၆ သာဂုန်မင်း၏ စစ်ဆင်ရေးတစ်ခုနှင့်ပတ်သက်၍ ဟေရှာယ ဤသို့ အကျဉ်းချုပ်ဖော်ပြ၏– “အာရှုရိ ရှင်ဘုရင် သာဂုန် စေလွှတ်သော ဗိုလ်မင်း တာတန်သည် အာဇုတ်မြို့သို့ စစ်ချီ၍ ထိုမြို့ကို လုပ်ကြံ” ၏။ (ဟေရှာယ ၂၀:၁)b သာဂုန်သည် ဖိလိတ္တိမြို့ ဖြစ်သော အာဇုတ်မြို့ကို တိုက်ခိုက်ရန် အဘယ်ကြောင့် အမိန့်ပေးသနည်း။ အကြောင်းရင်းတစ်ခုမှာ ဖိလိတ္တိလူတို့သည် အီဂျစ်နှင့် မဟာမိတ် ဖွဲ့ထားပြီး ဒါဂုန်ဘုရားကျောင်း တည်ရှိရာ အာဇုတ်မြို့သည် အီဂျစ်နှင့် ဖိလိတ္တိပြည်သို့ သွားသော ကမ်းနားလမ်းပေါ်တွင် တည်ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုမြို့သည် မဟာဗျူဟာ ကျသောနေရာတွင် တည်ရှိသည်။ ၎င်းကို တိုက်ခိုက်သိမ်းပိုက်ခြင်းသည် အီဂျစ်ပြည်ကို တိုက်ခိုက်အနိုင်ယူရန်အတွက် ပဏာမ ခြေလှမ်းတစ်လှမ်းအဖြစ် ရှုမြင်နိုင်သည်။ ထို့ပြင် အာရှုရိ မှတ်တမ်းများတွင် အာဇုတ်ဘုရင် အာဇုရိသည် အာရှုရိကို တိုက်ခိုက်ရန် လျှို့ဝှက်ကြံစည်ခဲ့သည်ဟု ဖော်ပြထား၏။ ထို့ကြောင့် သာဂုန်သည် ပုန်ကန်သော ဘုရင်ကို ဖယ်ရှားပြီး ဘုရင်၏ ညီတော် အဟီမီးတီးကို နန်းတင်ခဲ့သည်။ သို့သော် ပြဿနာများ ပြေလည်မသွားပါ။ ပုန်ကန်မှုနောက်တစ်ခု ပေါ်ပေါက်လာပြန်ရာ ဤအကြိမ်တွင် သာဂုန်သည် ပို၍ အင်အားသုံး အရေးယူဆောင်ရွက်လေသည်။ သူသည် အာဇုတ်မြို့ကို ပိတ်ဆို့အနိုင်တိုက်ခိုက်ရန် အမိန့်ပေးသည်။ ဟေရှာယ ၂၀:၁ သည် ဤအဖြစ်အပျက်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်နိုင်သည်။

၇ အာဇုတ်မြို့ ကျရှုံးသွားခြင်းသည် အိမ်နီးချင်းနိုင်ငံများအပေါ်၊ အထူးသဖြင့် ယုဒနိုင်ငံအပေါ် ကြောက်မက်ဖွယ် အရိပ်မဲတစ်ခု ကျသကဲ့သို့ ဖြစ်သည်။ မိမိ၏ လူမျိုးသည် တောင်ပိုင်းရှိ အီဂျစ် သို့မဟုတ် အီသီယိုးပီးယားကဲ့သို့သော “လူလက်ရုံး” ကို အားကိုးကြမည် ဖြစ်ကြောင်း ယေဟောဝါ သိတော်မူ၏။ ထို့ကြောင့် အလွန်အရေးပါသော သတိပေးချက်တစ်ခုကို သရုပ်ဖော်တင်ပြရန် ဟေရှာယကို ကိုယ်တော် တာဝန်ပေးသည်။—၂ ရာဇဝင်ချုပ် ၃၂:၇၊ ၈။

“အဝတ်ကို မဝတ်၊ ခြေနင်းကို မစီး”

၈။ ဟေရှာယသည် အဘယ် မှုတ်သွင်းခံ ပရောဖက်ပြုချက်ကို သရုပ်ဆောင်ပြရသနည်း။

၈ ယေဟောဝါသည် ဟေရှာယကို ဤသို့ မိန့်တော်မူ၏– “သင်သည် သွား၍ ခါးစည်းသော လျှော်တေအဝတ်နှင့် ခြေနင်းကို ချွတ်လော့။” ယေဟောဝါ မိန့်တော်မူသည်အတိုင်း ဟေရှာယ လိုက်နာသည်။ “သူသည် ပြု၍ အဝတ်ကို မဝတ်၊ ခြေနင်းကို မစီးဘဲ သွားလာလျက် နေ၏။” (ဟေရှာယ ၂၀:၂) လျှော်တေအဝတ်သည် ပရောဖက်များ ဝတ်လေ့ရှိသော အထည်ကြမ်း ဖြစ်ပြီး သတိပေးသတင်းနှင့် ဆက်နွှယ်သောအခါများတွင် ဖြစ်သည်။ ဆင်းရဲဒုက္ခ ရောက်သည့်အခါ သို့မဟုတ် သတင်းဆိုးများ ကြားရသည့်အခါများတွင်လည်း ယင်းကို ဝတ်ဆင်ကြသည်။ (၄ ဓမ္မရာဇဝင် ၁၉:၂; ဆာလံ ၃၅:၁၃; ဒံယေလ ၉:၃) ဟေရှာယသည် လုံးဝ အဝတ် မဝတ်၊ ဗလာကျင်းနှင့် သွားလာနေသည်ဟု ဆိုလိုပါသလော။ မဟုတ်ပါ။ “အဝတ်ကို မဝတ်” ဟု ပြန်ဆိုထားသော ဟေဗြဲစကားလုံးသည် တစ်စိတ်တစ်ပိုင်း သို့မဟုတ် မလုံမလဲ ဝတ်ဆင်ထားခြင်းကိုလည်း ဖော်ညွှန်းနိုင်သည်။ (၁ ဓမ္မရာဇဝင် ၁၉:၂၄၊ ကဘ၊ အောက်ခြေမှတ်ချက်) ထို့ကြောင့် ဟေရှာယသည် မိမိ၏ အပေါ်ဝတ်ရုံကိုသာ ချွတ်ခြင်း ဖြစ်ပေမည်၊ အများအားဖြင့် ဝတ်လေ့ရှိသော အတွင်းအင်္ကျီတိုကို ဝတ်ထားမည် ဖြစ်သည်။ အာရှုရိတို့၏ ပန်းပုရုပ်ပုံများတွင် ယောက်ျားသုံ့ပန်းများကို ထိုကဲ့သို့သော ပုံစံဖြင့် ရုပ်လုံးဖော်လေ့ရှိသည်။

၉။ ဟေရှာယ သရုပ်ဆောင်ပုံ၏ ပရောဖက်ပြုချက် အဓိပ္ပာယ်မှာ အဘယ်နည်း။

၉ ဟေရှာယ၏ ထူးဆန်းသော အပြုအမူ၏ အဓိပ္ပာယ်ကို ဇဝေဇဝါ ဖြစ်စရာ မရှိပါ– “ထာဝရဘုရားကလည်း ‘ငါ့ကျွန် ဟေရှာယသည် အီဂျစ်ပြည်နှင့် ကုရှပြည်တစ်ဖက်၌ ပုဗ္ဗနိမိတ်၊ သက်သေလက္ခဏာအဖြစ်ဖြင့် သုံးနှစ်ပတ်လုံး ဝတ်လုံကို မဝတ်၊ ဖိနပ်ကို မစီးဘဲ သွားလာသကဲ့သို့ ထိုနည်းတူ အာရှုရိ ဘုရင်သည် အီဂျစ်လူနှင့် ကုရှလူ အကြီးအငယ်အား ဝတ်လုံကို မဝတ်၊ ဖိနပ်ကို မစီး၊ တင်ပါးကိုမျှ မဖုံးစေရဘဲ သုံ့ပန်းဖမ်းယူသိမ်းသွားလိမ့်မည်။’” (ဟေရှာယ ၂၀:၃၊ ၄၊ သမ္မာ) မှန်ပါသည်၊ အီဂျစ်လူတို့နှင့် အီသီယိုးပီးယားလူတို့သည် မကြာမီ သုံ့ပန်းများအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရမည်။ မည်သူမျှ လွတ်မြောက်မည် မဟုတ်ပါ။ “လူအကြီးအငယ်တို့”—ကလေးများနှင့် အသက်ကြီးသူများ—၏ ပိုင်ဆိုင်ရာအားလုံး ချွတ်ခွာခံရကာ သုံ့ပန်းများအဖြစ် ခေါ်ဆောင်ခြင်း ခံရမည်။ ယုဒပြည်သူပြည်သားများသည် အီဂျစ်နှင့် အီသီယိုးပီးယားကို ယုံကြည်ကိုးစားခြင်းသည် အချည်းနှီး ဖြစ်မည် ဖြစ်ကြောင်း ဤစိတ်ပျက်ဖွယ် သရုပ်ဖော်ချက်အားဖြင့် ယေဟောဝါ သတိပေးခြင်း ဖြစ်သည်။ ထိုတိုင်းနိုင်ငံများ ကျရှုံးခြင်းက သူတို့၏ ‘အဝတ်ကို ချွတ်’—လုံးဝ နှိမ့်ချခံရခြင်း ဖြစ်မည်!

မျှော်လင့်ချက် ပျောက်၊ ဂုဏ်အသရေ မှေးမှိန်

၁၀၊ ၁၁။ (က) အီဂျစ်နှင့် အီသီယိုးပီးယားသည် အာရှုရိရှေ့မှောက်တွင် အစွမ်းမရှိကြောင်း ယုဒ သိလာသည့်အခါ မည်သို့ တုံ့ပြန်မည်နည်း။ (ခ) ယုဒပြည်သူပြည်သားတို့သည် အီဂျစ်နှင့် အီသီယိုးပီးယားကို အဘယ်ကြောင့် ယုံစားလိုခြင်း ဖြစ်နိုင်သနည်း။

၁၀ ခိုလှုံရာအဖြစ် မျှော်လင့်ထားခဲ့သော အီဂျစ်နှင့် အီသီယိုးပီးယားသည် အာရှုရိရှေ့မှောက်တွင် အစွမ်း မရှိကြောင်း သိလာရသည့်အခါ မိမိ၏ လူမျိုးတော် မည်သို့ တုံ့ပြန်ကြမည်ကို ယေဟောဝါ ဆက်၍ ပရောဖက်ပြု ဖော်ပြ၏။ “မြို့သားတို့သည် ကြောက်ကြလိမ့်မည်။ သူတို့ ကိုးစားသော ကုရှပြည်ကိုလည်းကောင်း၊ ဝါကြွား [“ဂုဏ်အသရေဖြစ်၊” ကဘ] သော အဲဂုတ္တုပြည်ကိုလည်းကောင်း ရှက်ကြလိမ့်မည်။ ထိုကမ်းနားမှာနေသောသူများကလည်း ‘ကြည့်ပါ။ အာရှုရိ ရှင်ဘုရင်၏ လက်မှ လွတ်ခြင်းငှာ ငါတို့ မျှော်လင့်ရာအရာ၊ ပြေး၍ ခိုလှုံရာအရာသည် ထိုသို့ ဖြစ်ပါသည်တကား။ ငါတို့သည် အဘယ်သို့ လွတ်နိုင်ပါမည်နည်း’ ဟု ထိုအခါ ဆိုကြလိမ့်မည်။”—ဟေရှာယ ၂၀:၅၊ ၆။

၁၁ ယုဒနိုင်ငံသည် အီဂျစ်နှင့် အီသီယိုးပီးယား အင်အားကြီးနိုင်ငံများနှင့် ယှဉ်လိုက်လျှင် ပင်လယ်ကမ်းနားတွင် ရှိသော ရှည်မျောမျော နယ်မြေတစ်ခုမျှသာ ဖြစ်သည်။ “ဤပင်လယ်ကမ်းနား” တွင် နေထိုင်သော ပြည်သူပြည်သားအချို့သည် အီဂျစ်ပြည်၏ ဂုဏ်အသရေ—စွဲမှတ်ဖွယ်ကောင်းသော ပိရမစ်များ၊ အလွန် မြင့်သော ဗိမာန်များနှင့် ဥယျာဉ်များ၊ သစ်သီးခြံများ၊ ရေကန်များနှင့် ဝန်းရံနေသော ကြီးမားကျယ်ပြောသည့် အပန်းဖြေအိမ်များကို မက်မောစိတ်စွဲလမ်းနေကြပေမည်။ အီဂျစ်တို့၏ ခမ်းနားကြီးကျယ်သည့် ဗိသုကာလက်ရာများသည် ကြံ့ခိုင်တည်မြဲမည့်ပုံရသည်။ ဤနိုင်ငံကို အမှန်ပင် ဖျက်ဆီးနိုင်မည် မဟုတ်ပါ! ထို့ပြင် ဂျူးလူမျိုးတို့သည် အီသီယိုးပီးယား၏ လေးသည်တော်များ၊ စစ်ရထားများနှင့် မြင်းစီးသူရဲများကိုလည်း အထင်ကြီးခဲ့ကြပေမည်။

၁၂။ ယုဒသည် မည်သူ့ကို ယုံကြည်ကိုးစားသင့်သနည်း။

၁၂ ဟေရှာယ၏ သရုပ်ဖော် သတိပေးချက်နှင့် ယေဟောဝါ၏ ပရောဖက်ပြုစကားများကို ထောက်ရှုကြည့်ပါက အီဂျစ်နှင့်အီသီယိုးပီးယားတို့ကို ယုံစားဖို့ စိတ်ယိုင်နေသည့် ဘုရားသခင့်လူမျိုးဟုအခေါ်ခံထားသူ မည်သူမဆိုသည် အလေးအနက်စဉ်းစား စရာများရှိလာပေသည်။ လူသားများကို ယုံစားမည့်အစား ယေဟောဝါအား ကိုးစားခြင်းသည် ပို၍ ကောင်းပါသည်! (ဆာလံ ၂၅:၂; ၄၀:၄) ယင်းအတိုင်း ဖြစ်ပျက်လာသည့်အခါ ယုဒသည် အာရှုရိဘုရင်၏ လက်ချက်ဖြင့် ကြောက်မက်ဖွယ် ဆင်းရဲဒုက္ခများ ခံစားခဲ့ရပြီး နောက်ပိုင်းတွင် ဗိမာန်တော်နှင့် မြို့တော်ကို ဗာဗုလုန်က ဖျက်ဆီးပစ်လိုက်ကြောင်းတွေ့ရသည်။ သို့သော် “ဆယ်ဖို့တွင် တစ်ဖို့၊” “သန့်ရှင်းသောအနွယ်” သည် သစ်ပင်ကြီးတစ်ပင်၏ အငုတ်ကဲ့သို့ ကျန်ကြွင်းမည်။ (ဟေရှာယ ၆:၁၃) အချိန်ရောက်လာသည့်အခါ ဟေရှာယ၏ စကားများသည် ယေဟောဝါအား ဆက်၍ ယုံကြည်ကိုးစားခဲ့ကြသည့် ဤအုပ်စုငယ်၏ ယုံကြည်ခြင်းကို ပို၍ ခိုင်မြဲစေမည်!

ယေဟောဝါ၌ ယုံကြည်ကိုးစားလော့

၁၃။ ယနေ့ ယုံကြည်သူ၊ မယုံကြည်သူအားလုံးတို့အပေါ် အဘယ်ဖိစီးမှုများ သက်ရောက်သနည်း။

၁၃ အီဂျစ်နှင့် အီသီယိုးပီးယားကို ကိုးစားခြင်း၏ အချည်းနှီးဖြစ်မှုဆိုင်ရာ ဟေရှာယ၏ သတိပေးချက်သည် အကျိုးမဲ့ သမိုင်းမျှသာ မဟုတ်ပါ။ ကျွန်ုပ်တို့ခေတ်အတွက် လက်တွေ့ကျသော အဖိုးတန်အရာ ပါရှိသည်။ ကျွန်ုပ်တို့သည် “ကိုင်တွယ်ရ ခဲယဉ်းသည့် ကျပ်တည်းသောကာလ” တွင် အသက်ရှင်နေရသည်။ (၂ တိမောသေ ၃:၁၊ ကဘ) ငွေကြေးပြဿနာများ၊ နေရာအနှံ့ ဆင်းရဲနွမ်းပါးမှု၊ နိုင်ငံရေး မရေရာမှု၊ ပြည်တွင်း မငြိမ်မသက်မှုနှင့် စစ်ပွဲကြီးငယ်များကြောင့် ဖြစ်သော ဝမ်းနည်းဖွယ် ဆိုးကျိုးများကို ဘုရားသခင့် အုပ်ချုပ်မှုအား ငြင်းဆန်သူများသာမက ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများလည်း ခံစားကြရသည်။ “အကူအညီအတွက် မည်သူ့ထံသို့ သွားရမည်နည်း” ဟူသည့် မေးခွန်းကို တစ်ဦးစီ ရင်ဆိုင်နေရသည်။

၁၄။ ကျွန်ုပ်တို့သည် ယေဟောဝါတစ်ပါးတည်းကိုသာ အဘယ်ကြောင့် ယုံကြည်ကိုးစားသင့်သနည်း။

၁၄ ယနေ့ခေတ်၏ ငွေကြေးဝိဇ္ဇာများ၊ နိုင်ငံရေးသမားများနှင့် လူသားများ၏ အသစ်တီထွင်ဖန်တီးမှု၊ နည်းပညာကို အသုံးပြုကာ လူ့ပြဿနာများကို ဖြေရှင်းမည်ဟု ဆိုကြသည့် သိပ္ပံပညာရှင်များကို အချို့က အထင်ကြီးကြပေမည်။ သို့ရာတွင် သမ္မာကျမ်းစာ၌ ရှင်းလင်းစွာ ဤသို့ဆို၏– “ထာဝရဘုရား၌ ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက် သာ၍ ကောင်း၏။” (ဆာလံ ၁၁၈:၉) ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်ဆိုင်သော လူ့အကြံအစည်အားလုံးသည် ပရောဖက် ယေရမိ သင့်လျော်စွာ ဖော်ပြခဲ့သကဲ့သို့ အချည်းနှီး သက်သက်သာ ဖြစ်ကြောင်း တွေ့လာရမည်– “အိုထာဝရဘုရား လူသည် မိမိ သွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ် သိပါ၏။”—ယေရမိ ၁၀:၂၃။

၁၅။ ဒုက္ခသည် လူသားများအတွက် တစ်ခုတည်းသော မျှော်လင့်ချက်သည် မည်သည့်နေရာတွင် တည်မှီနေသနည်း။

၁၅ ထို့ကြောင့် ဘုရားသခင့် ကျေးကျွန်များသည် ဤလောက၏ ခွန်အားကြီးဟန် သို့မဟုတ် ပညာရှိဟန်ရှိသော မည်သည့်အရာကိုမျှ အထင်ကြီးလွန်းခြင်း မရှိရပါ။ (ဆာလံ ၃၃:၁၀; ၁ ကောရိန္သု ၃:၁၉၊ ၂၀) ဒုက္ခသည်လူသားများအတွက် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဖန်ဆင်းရှင်၊ ယေဟောဝါအပေါ်တွင်သာ တည်မှီနေသည်။ ကိုယ်တော့်ကို ယုံကြည်ကိုးစားသောသူများသည် ကယ်တင်ခြင်း ခံရမည်။ မှုတ်သွင်းခံ တမန်တော် ယောဟန် ရေးသားခဲ့သကဲ့သို့ “လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရ တည်၏။”—၁ ယောဟန် ၂:၁၇။

[အောက်ခြေမှတ်ချက်များ]

a သမိုင်းပညာရှင်များက ထိုမင်းကို ဒုတိယမြောက် သာဂုန်မင်းအဖြစ် ဖော်ပြကြသည်။ အာရှုရိဘုရင် မဟုတ်ဘဲ အစောပိုင်း ဗာဗုလုန်ဘုရင်ကို “ပထမမြောက် သာဂုန်” ဟု အမည်တပ်ထားသည်။

b “တာတန်” သည် နာမည် မဟုတ်ပါ၊ အာရှုရိ စစ်တပ်ကို ဦးစီးသည့် ဗိုလ်ချုပ်ကြီးကို ပေးသည့် ဘွဲ့နာမတစ်ခု ဖြစ်သည်၊ အင်ပါယာတွင် ဒုတိယ အာဏာအကြီးဆုံးပုဂ္ဂိုလ် ဖြစ်နိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ