ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက စာ. ၄၇-စာ. ၅၁
  • အသင်းတော်အတွက် ဟောပြောချက်များ ပြင်ဆင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသင်းတော်အတွက် ဟောပြောချက်များ ပြင်ဆင်ခြင်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များ
  • သွန်သင်ခြင်းဟောပြောချက်
  • လုပ်ငန်းတော်အစည်းအဝေး
  • စည်းဝေးပွဲများနှင့် စည်းဝေးကြီးများ
  • မဖင့်နွှဲပါနှင့်
  • ကျောင်းအတွက် ကျောင်းသားတာဝန်များကို ပြင်ဆင်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • တာဝန်ကျအကြောင်းအရာကို အသုံးပြုခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ပြင်ဆင်ခြင်း၏တန်ဖိုး
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • အောက်လိုင်းတစ်ခု ရေးဆွဲခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက စာ. ၄၇-စာ. ၅၁

အသင်းတော်အတွက် ဟောပြောချက်များ ပြင်ဆင်ခြင်း

အသင်းတော်တစ်ခုလုံးအကျိုးရရန် သီအိုကရက်တစ်ဓမ္မအမှုကျောင်းအစီအစဉ်ကို ပြင်ဆင်ပေးထားသည်။ အခြားသောအသင်းတော်အစည်းအဝေးများအပြင် စည်းဝေးပွဲများနှင့် စည်းဝေးကြီးများ၌ အဖိုးမဖြတ်နိုင်သော သတင်းအချက်အလက်ကိုလည်း တင်ဆက်ပေးသည်။ ယင်းအစီအစဉ်များတွင် ကဏ္ဍတစ်ခုကို တာဝန်ပေးခံရပါက သင်သည် ကြီးလေးသောတာဝန်တစ်ခု ပေးအပ်ခံရခြင်းဖြစ်သည်။ ခရစ်ယာန်ကြီးကြပ်မှူးတိမောသေအား မိမိ၏သွန်သင်ခြင်း၌အမြဲသတိပြုနေရန် တမန်တော်ပေါလုတိုက်တွန်းခဲ့သည်။ (၁ တိ. ၄:၁၆) ခရစ်ယာန်အစည်းအဝေးများ၌ တက်ရောက်လာသူတို့သည် တန်ဖိုးရှိအချိန်ကို သီးသန့်ဖယ်ထားကြပြီး—အချို့မူ များစွာကြိုးပမ်းအားထုတ်ခဲ့ကြရပြီး ဘုရားသခင်နှင့် သူတို့ဆက်ဆံရေးနှင့်သက်ဆိုင်သော ကိစ္စရပ်များအတွက် ညွှန်ကြားမှုခံယူရန် တက်ရောက်လာကြခြင်းဖြစ်သည်။ ထိုကဲ့သို့သွန်သင်ချက်ပေးရခြင်းက အမှန်ပင် ခမ်းနားသောအခွင့်ထူးတစ်ခု ဖြစ်ပေသည်! ယင်းကို သင် မည်သို့သင့်လျော်စွာ ကိုင်တွယ်နိုင်မည်နည်း။

ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များ

ကျောင်း၏ ဤကဏ္ဍကို အပတ်အတွက် သတ်မှတ်ပေးထားသည့် ကျမ်းစာဖတ်ရှုခြင်းအပေါ် အခြေခံသည်။ အကြောင်းအရာက ယနေ့ကျွန်ုပ်တို့အား မည်သို့အကျိုးသက်ရောက်စေပုံကို အလေးပေးတင်ပြသင့်သည်။ နေဟမိ ၈:၈ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း ဧဇရနှင့် သူ၏အပေါင်းအဖော်များသည် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ လူထုရှေ့ဖတ်ရွတ်ခြင်း၊ ရှင်းပြခြင်း၊ ‘အနက်ကိုပြန်ခြင်း’ နှင့် နားလည်စေခြင်းငှာပြုခဲ့ကြသည်။ ကျမ်းစာပေါ်လွင်ချက်များကို သင်ကိုင်တွယ်ခြင်းတွင် ထိုသို့ပြုလုပ်ရန်အခွင့်အလမ်းရစေသည်။

ထိုသို့သောတာဝန်ကို သင်မည်သို့ပြင်ဆင်သင့်သနည်း။ ဖြစ်နိုင်လျှင် တာဝန်ရထားသည့်ကျမ်းစာအပိုင်းကို တစ်ပတ်၊ တစ်ပတ်ထက်မက ကြိုတင်ဖတ်ရှုပါ။ ထို့နောက် အသင်းတော်နှင့် ယင်း၏လိုအပ်ရာများကို စဉ်းစားကြည့်ပါ။ ၎င်းအတွက်ဆုတောင်းပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ဤအပိုင်း၌ အဘယ်သွန်သင်ချက်၊ အဘယ်ဥပမာများ၊ အဘယ်မူများက ထိုလိုအပ်ရာများနှင့်အကိုက်ဖြစ်သနည်း။

သုတေသနပြုမှုသည် မရှိမဖြစ်လိုအပ်သည်။ စီဒီရွမ်ကင်းမျှော်စင်စာကြည့်တိုက် သို့မဟုတ် ကင်းမျှော်စင်စာပေများအညွှန်းတို့ကို သင့်ဘာသာစကားဖြင့် ရနိုင်သလော။ ရနိုင်ပါက၊ ၎င်းတို့ကို ကောင်းစွာအသုံးချပါလေ။ အဓိကအာရုံစိုက်ရန် သင်ရွေးချယ်ထားသည့် အခန်းငယ်များဆိုင်ရာ ရှင်းပြထုတ်ဝေထားပြီးခဲ့ရာကို သုတေသနပြုခြင်းအားဖြင့် ဉာဏ်အလင်းပေးသည့် အကြောင်းအရာနောက်ခံ၊ ပရောဖက်ပြုချက်များပြည့်စုံမှု၏ရှင်းလင်းချက်များ၊ ယေဟောဝါအကြောင်း အဘယ်ကျမ်းပိုဒ်များက ဖော်ပြသည်ကို ဆန်းစစ်တင်ပြထားမှုများ သို့မဟုတ် အခြေခံမူဆွေးနွေးချက်များကို သင်တွေ့ရှိပေမည်။ အချက်အလက်များများထည့်ဖို့ မကြိုးစားပါနှင့်။ ရွေးချယ်ထားသည့်အခန်းငယ် အနည်းငယ်ပေါ်တွင်သာ အာရုံစူးစိုက်ပါ။ အခန်းငယ်အနည်းငယ်ကို ခြုံငုံမိစေပြီး ကောင်းစွာရှင်းလင်းတင်ဆက်ခြင်းသည် သာ၍ကောင်းသည်။

သင့်တာဝန်သည် ပရိသတ်အား ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းမှ သူတို့ မည်သို့အကျိုးရရှိခဲ့ကြောင်း မှတ်ချက်ပေးရန် ဖိတ်ခေါ်ဖို့လည်းလိုပေမည်။ မိမိတို့ကိုယ်ပိုင်နှင့်မိသားစုလေ့လာမှု သို့မဟုတ် မိမိတို့ဓမ္မအမှု သို့မဟုတ် မိမိတို့အသက်လမ်းတွင် အကျိုးရစေမည့်အဘယ်အရာကို သူတို့တွေ့ရှိခဲ့ကြသနည်း။ လူများ၊ နိုင်ငံများနှင့် ကိုယ်တော်ဆက်ဆံမှုများတွင် ယေဟောဝါ၏အဘယ်အရည်အသွေးများ ပေါ်လွင်ထင်ရှားခဲ့သနည်း။ သူတို့၏ယုံကြည်ခြင်းကိုခိုင်ခံ့စေပြီး ယေဟောဝါအား တန်ဖိုးထားလေးမြတ်မှု တည်ဆောက်ပေးသည့်အဘယ်အရာကို ပရိသတ် သိရှိခဲ့ကြသနည်း။ အသေးစိတ်ကျကာ ရှုပ်ထွေးသည့်အချက်များဖြင့် အချိန်ကုန်ခံမနေပါနှင့်။ အဓိပ္ပာယ်နှင့် ရွေးချယ်ထားသည့် အချက်များ၏ လက်တွေ့ကျသောတန်ဖိုးကို အလေးပေးပါ။

သွန်သင်ခြင်းဟောပြောချက်

၎င်းသည် ကင်းမျှော်စင် သို့မဟုတ် နိုးလော့!ရှိဆောင်းပါးတစ်ပုဒ် သို့မဟုတ် စာအုပ်တစ်အုပ်၏အပိုင်းတစ်ပိုင်း အစရှိသည့် ထုတ်ဝေထားသည့်အကြောင်းအရာပေါ် အခြေပြုပေမည်။ များသောအားဖြင့် သတ်မှတ်ထားသောအချိန်အတွက် အကြောင်းအရာ လိုသည်ထက်ပိုရှိပါသည်။ ထိုတာဝန်ကို သင်မည်သို့ကိုင်တွယ်သင့်သနည်း။ သွန်သင်သူတစ်ယောက်အနေဖြင့် အကြောင်းအရာကို ငုံမိရုံသာပြုသောသူကဲ့သို့ မဖြစ်ရပါ။ ကြီးကြပ်မှူးတစ်ဦးသည် “ဆုံးမသြဝါဒပေးတတ်သူ” ဖြစ်ရမည်။—၁ တိ. ၃:၂။

သင်၏ပြင်ဆင်မှုကို တာဝန်ကျအကြောင်းအရာလေ့လာခြင်းဖြင့် စတင်ပါ။ ကျမ်းချက်များကို ဖွင့်ဖတ်ပါ။ တွေးတောဆင်ခြင်ပါ။ ဟောပြောသည့်ရက်မတိုင်ခင် ကြိုတင်၍ ကောင်းစွာပြုလုပ်ရန် ကြိုးပမ်းပါ။ ဟောပြောချက်ကိုအခြေပြုထားသော ထုတ်ဝေပြီးအကြောင်းအရာကို ကြိုတင်ဖတ်ရှုဖို့ ညီအစ်ကိုများ အားပေးခံထားရကြောင်း စိတ်တွင်စွဲမှတ်ထားပါ။ သင့်တာဝန်သည် ယင်းကိုပြန်လည်သုံးသပ်ရုံ သို့မဟုတ် အကျဉ်းချုပ်တင်ပြရုံသက်သက်မဟုတ်ဘဲ ယင်းကို မည်သို့ကျင့်သုံးရမည်ကို ပြသရန်ဖြစ်သည်။ အသင်းတော်ကို အမှန်ပင်အကျိုးရစေမည့်နည်းဖြင့် အကြောင်းအရာ၏ သင့်လျော်သောအစိတ်အပိုင်းများကို အသုံးပြုပါ။

ကလေးတိုင်းတွင် မိမိတို့ကိုယ်ပိုင်အရည်အသွေးရှိကြသကဲ့သို့ပင် အသင်းတော်တစ်ခုစီတွင်လည်း ထူးခြားသည့်စရိုက်ရှိကြသည်။ ထိရောက်စွာသွန်သင်သည့်မိဘတစ်ဦးသည် မိမိကလေးကို ကျင့်ဝတ်စည်းမျဉ်းများအား အလွတ်ရွတ်ပြရုံသာပြုမည်မဟုတ်ပါ။ သူသည် ကလေးနှင့်အတူ ကျိုးကြောင်းဆင်ခြင်သည်။ သူသည် ကလေး၏အရည်အသွေးနှင့် ကလေးရုန်းကန်နေရသော အခက်အခဲများကို ထည့်တွက်စဉ်းစားသည်။ ထိုနည်းထပ်တူပင် အသင်းတော်ရှိသွန်သင်သူများသည် မိမိတို့ ဟောပြောနေသည့်အုပ်စု၏လိုအပ်ရာများကို နားလည်ကာဖြေရှင်းပေးဖို့ ကြိုးပမ်းအားထုတ်ကြသည်။ သို့သော် ပိုင်းခြားသိမြင်မှုရှိသောသွန်သင်သူတစ်ဦးသည် ပရိသတ်ရှိတစ်စုံတစ်ယောက်အား အရှက်ရစေနိုင်သည့်ဥပမာများအသုံးပြုခြင်းကို ရှောင်ကြဉ်မည်။ သူသည် ယေဟောဝါ၏နည်းလမ်းတော်တွင် လျှောက်လှမ်းခြင်း၏ရလဒ်တစ်ခုအနေနှင့် ခံစားနေရသည့် အကျိုးကျေးဇူးများကို ထောက်ပြမည်ဖြစ်ပြီး သူတို့ရင်ဆိုင်ရသောပြဿနာများကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းရန် အသင်းတော်အားကူညီမည့် ကျမ်းစာမှသွန်သင်ချက်ကို ပေါ်လွင်စေမည်ဖြစ်သည်။

ကောင်းသောသွန်သင်ခြင်းသည် ပရိသတ်ထဲရှိသူတို့၏နှလုံးကို ထိမိသည်။ ယင်းသည် အချက်အလက်များကိုဖော်ပြရုံမျှသာမက ၎င်းတို့ကိုယ်စားပြုရာအပေါ် တန်ဖိုးထားလေးမြတ်မှုကို တည်ဆောက်ပေးရန်လည်း လိုအပ်ပါသည်။ ယင်းက သွန်သင်မှုခံနေရသူများအတွက် စစ်မှန်သောစိုးရိမ်ကြောင့်ကြပေးမှု လိုအပ်စေသည်။ ဝိညာဉ်ရေးရာသိုးထိန်းများသည် သိုးစုကိုသိသင့်သည်။ သူတို့သည် အသီးသီးရင်ဆိုင်နေရသည့် ပြဿနာများကို မေတ္တာပါစွာ စိတ်တွင်စွဲမှတ်ပါက နားလည်မှု၊ သနားကြင်နာမှုနှင့် စာနာမှုပြသလျက် အားတက်သရောဟောပြောနိုင်ပေမည်။

ထိရောက်သောသွန်သင်သူများ သိကြသည့်အတိုင်း ဟောပြောချက်တစ်ခုတွင် အတိအကျသတ်မှတ်ထားသည့် ရည်မှန်းချက်တစ်ခုရှိထားရမည်။ သော့ချက်များသည်ပေါ်လွင်ကာ မှတ်မိစေမည့်နည်းဖြင့် အကြောင်းအရာကို တင်ဆက်သင့်သည်။ ပရိသတ်သည် မိမိတို့အသက်တာအား အကျိုးသက်ရောက်စေမည့် လက်တွေ့ကျသော သဘောတရားများကို မှတ်မိနိုင်စေသင့်သည်။

လုပ်ငန်းတော်အစည်းအဝေး

သင်သည် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ဆောင်းပါးတစ်ပုဒ်ကိုအခြေပြုထားသည့် ဟောပြောချက်တစ်ခုပေးသောအခါ စိန်ခေါ်ချက်သည် တစ်မူကွဲပြားပေမည်။ ဤတွင် သင်သည် အသင့်လျော်ဆုံးအရာကို ရွေးချယ်ရန်မဟုတ်ဘဲ ပေးထားသည့်အကြောင်းအရာကို ပရိသတ်ထံ ပြည့်ပြည့်ဝဝတင်ပြရန် တောင်းဆိုခံရလေ့ရှိသည်ကို တွေ့ရမည်။ ပေးသည့်မည်သည့်သွန်သင်ချက်မဆိုအတွက် အခြေခံဖြစ်သောကျမ်းစာအပေါ် ကျိုးကြောင်းဆင်ခြင်ရန် ပရိသတ်ကိုကူညီပေးပါ။ (တိ. ၁:၉) အချိန်ကန့်သတ်ထားရာ များသောအားဖြင့် ထပ်ဆင့်အကြောင်းအရာကို ထည့်ပြောချိန်မရှိချေ။

တစ်ဖက်တွင်မူ သင်သည် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် ဆောင်းပါးမပါသည့် အကြောင်းအရာကိုတင်ဆက်ရန် တာဝန်ပေးခံရပေမည်။ ကင်းမျှော်စင် ဆောင်းပါးတစ်ခုကို ညွှန်းပေးထားပေမည် သို့မဟုတ် တာဝန်တွင် တိုတုတ်သောမှတ်စုအနည်းငယ်ပါဝင်ပေမည်။ သွန်သင်သူတစ်ယောက်အနေဖြင့် တာဝန်ကျအကြောင်းအရာနှင့်ဆက်နွှယ်လျက်ရှိသော အသင်းတော်လိုအပ်ရာများကိုသုံးသပ်ရန်မှာ သင့်တာဝန်ဖြစ်သည်။ တိုတုတ်၍လိုရင်းရောက်သည့် ပုံဥပမာတစ်ခုကို အသုံးပြုရန် သို့မဟုတ် သင့်လျော်သော တွေ့ကြုံမှုတစ်ခုကိုပြောပြပေးဖို့ လိုပေမည်။ သင့်တာဝန်သည် ထိုအကြောင်းကို ဟောပြောရန်သာမကဘဲ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ပြဋ္ဌာန်းထားသည့်အလုပ်ကို ပြီးမြောက်စေရန်နှင့် ယင်းကိုလုပ်ဆောင်ခြင်း၌ ရွှင်လန်းမှုရရန် အသင်းတော်အား အကူအညီပေးသည့်နည်းဖြင့် ၎င်းကိုကိုင်တွယ်ရန်ဖြစ်ကြောင်း သတိရပါ။—တ. ၂၀:၂၀၊ ၂၁။

သင့်တာဝန်ကိုပြင်ဆင်စဉ် အသင်းတော်သားများ၏အခြေအနေများလည်း ထည့်စဉ်းစားပါ။ သူတို့လုပ်ဆောင်နေပြီးဖြစ်ရာအတွက် သူတို့အားချီးမွမ်းပါ။ တာဝန်ကျအကြောင်းအရာတွင်ပေးထားသည့် အကြံပြုချက်များကို သူတို့ကျင့်သုံးခြင်းက ဓမ္မအမှုတွင် သူတို့၏ထိရောက်မှုနှင့် ရွှင်လန်းမှုကို မည်သို့တိုးပွားစေနိုင်မည်နည်း။

သင့်တာဝန်တွင် သရုပ်ပြတစ်ခု သို့မဟုတ် လူတွေ့မေးမြန်းခန်းတစ်ခု လိုအပ်သလော။ ထိုသို့ဆိုလျှင် ၎င်းကိုကောင်းစွာ ကြိုတင်စီစဉ်သင့်သည်။ ယင်းအတွက် စီစဉ်ဆောင်ရွက်ပေးရန် တစ်စုံတစ်ယောက်ကို လွယ်လွယ်နှင့်တောင်းဆိုလိုက်လိုစိတ် ပေါ်နိုင်ပေသည်၊ သို့သော် ယင်းသို့ပြုခြင်းက အကောင်းဆုံးရလဒ်များကို အမြဲမပေါ်ထွက်စေပါ။ အတတ်နိုင်ဆုံး သရုပ်ပြ သို့မဟုတ် လူတွေ့မေးမြန်းခန်းကို စည်းဝေးရက်မတိုင်မီ အစမ်းလေ့ကျင့်ပါ။ ဤသင့်အပိုင်းကဏ္ဍအား ပေးထားသည့်ညွှန်ကြားချက်ကို အမှန်အားဖြည့်ပေးသည့်နည်းဖြင့် ကိုင်တွယ်ကြောင်းသေချာစေပါ။

စည်းဝေးပွဲများနှင့် စည်းဝေးကြီးများ

ကောင်းမွန်သောဝိညာဉ်ရေးရာ အရည်အချင်းများတွင် တိုးတက်ကြသည့်ညီအစ်ကိုများနှင့် ထိရောက်သောလူထုဟောပြောချက်ပေးသူ၊ သွန်သင်သူများ ဖြစ်လာသည့်ညီအစ်ကိုများသည် အချိန်တန်သော် စည်းဝေးပွဲတစ်ခု သို့မဟုတ် စည်းဝေးကြီးတစ်ခု၌ အစီအစဉ်တွင်ပါဝင်ရန် တောင်းဆိုခြင်းခံရပေမည်။ ယင်းတို့သည် သီအိုကရက်တစ်ပညာရေးအတွက် အမှန်ပင် အထူးအခါသမယများဖြစ်သည်။ ယင်းကဲ့သို့သောတာဝန်သည် စာမူတစ်ခု၊ အောက်လိုင်းတစ်ခု၊ သမ္မာကျမ်းစာပြဇာတ်တစ်ခုအတွက် ခေတ်သစ်နှင့်သက်ဆိုင်သည့် ညွှန်ကြားချက်များ၊ သို့မဟုတ် ညွှန်ကြားချက်စာပိုဒ်တစ်ခု ဖြစ်ပေမည်။ ဤကဲ့သို့သောအစီအစဉ်တွင် လုပ်ဆောင်ရန်အခွင့်အရေးရရှိပါက သင့်အား ပေးထားသည့်အကြောင်းအရာကို ဂရုတစိုက်လေ့လာပါ။ ယင်း၏တန်ဖိုးကို နားလည်သဘောပေါက်သည်အထိ လုပ်ဆောင်ပါ။

စာမူဟောပြောချက်တစ်ခုတာဝန်ပေးခံရသော သူတို့သည် အကြောင်းအရာကို လုံးကောက်ဖတ်ပြသင့်သည်။ သူတို့သည် အကြောင်းအရာကို စကားလုံးပြန်စီခြင်း သို့မဟုတ် အစီအစဉ်ပြုပြင်ခြင်း မပြုကြပါ။ သူတို့သည် အဓိကအချက်များနှင့် ယင်းတို့အား အဆင့်ဆင့်ရှင်းလင်းတင်ပြထားပုံတို့ကို ရှင်းလင်းစွာပိုင်းခြားသိမြင်ရန် ၎င်းကို လေ့လာကြသည်။ သူတို့သည် လျောက်ပတ်စွာ အဓိပ္ပာယ်ပေါ်လွင်အောင်ဖတ်ခြင်း၊ စိတ်အားထက်သန်မှု၊ လှိုက်လှဲပျူငှာမှု၊ ခံစားမှု၊ ထက်သန်မှုနှင့် ယုံကြည်စိတ်ချမှုအပြင် ကြီးမားသည့်ပရိသတ်အတွက် ဟောပြောချက်ကို သင့်လျော်သောအသံပမာဏနှင့် စိတ်ပြင်းပြမှုတို့ဖြင့် ဟောပြောနိုင်သည်အထိ အသံထွက်ဖတ်ရှုခြင်းကို လေ့ကျင့်ကြသည်။

ဟောပြောချက်အောက်လိုင်း တာဝန်ပေးခံရသော ညီအစ်ကိုများသည် အောက်လိုင်းနှင့်နီးကပ်စွာ မိမိတို့၏အကြောင်းအရာကို အဆင့်ဆင့်ရှင်းလင်းသွားဖို့တာဝန်ရှိသည်။ ဟောပြောချက်ပေးချိန်အတောအတွင်း အောက်လိုင်းမှဖတ်ပြခြင်း သို့မဟုတ် ယင်းကို စာမူပုံစံဖြင့် ပြင်ဆင်ခြင်းပြုမည့်အစား ဟောပြောသူသည် အကြောင်းအရာကို နှလုံးမှနေ၍ လက်တန်းတင်ဆက်သင့်သည်။ ဖော်ပြထားသည့်အဓိကအချက်တစ်ချက်စီကို ရှင်းလင်းစွာတင်ဆက်နိုင်ရန် အောက်လိုင်းတွင်ပေးထားသည့်အချိန်ကို အနီးကပ်လိုက်ခြင်းသည် အရေးကြီးသည်။ ဟောပြောသူသည် အဓိကအချက်များအောက်တွင် ဖော်ပြထားသည့်အယူအဆများနှင့် ကျမ်းချက်များကို ကောင်းစွာအသုံးပြုသင့်သည်။ သူသည် အောက်လိုင်းတွင်ပေးထားသည့် အချက်များကို ချန်ပြီး မိမိကြိုက်နှစ်သက်ရာအချက်များ ထည့်သွင်းခြင်းကို မပြုလုပ်သင့်ပေ။ မှန်ပါသည်၊ သွန်သင်ခြင်း၏အခြေခံအုတ်မြစ်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်သည်။ ခရစ်ယာန်အကြီးအကဲများ၏တာဝန်မှာ ‘နှုတ်ကပါဌ်တော်ကိုဟောပြော’ ရန်ဖြစ်သည်။ (၂ တိ. ၄:၁၊ ၂) ထို့ကြောင့် ဟောပြောသူသည် အောက်လိုင်းရှိကျမ်းချက်များကို အထူးအာရုံစိုက်သင့်သည်—ယင်းတို့ကို ကျိုးကြောင်းဆင်ခြင်ပြီး သက်ဆိုင်မှုကို တင်ပြရန်ဖြစ်သည်။

မဖင့်နွှဲပါနှင့်

ဟောပြောရန်အခွင့်အရေးများစွာရသည့် အသင်းတော်တစ်ခုတွင် သင်အမှုထမ်းဆောင်နေသလော။ ယင်းတို့အားလုံးကို သင်မည်သို့ကျေပွန်စွာ ဆောင်ရွက်နိုင်မည်နည်း။ သင့်အပိုင်းကဏ္ဍများအား အနီးကပ်မှပြင်ဆင်ခြင်းကို ရှောင်ပါ။

အသင်းတော်ကိုအမှန်အကျိုးရစေမည့် ဟောပြောချက်များသည် လုံလုံလောက်လောက် ကြိုတင်စဉ်းစားထားရန်လိုသည်။ သို့ဖြစ်၍ တာဝန်တစ်ခုရသည်နှင့် အကြောင်းအရာကို ဖတ်ရှုသည့်အလေ့အကျင့် ပြုလုပ်ပါ။ ယင်းသို့ပြုခြင်းက အခြားလုပ်ဆောင်မှုများကိုလုပ်ဆောင်ရင်း ထိုအကြောင်း ကောင်းစွာတွေးတောခွင့်ရစေသည်။ ဟောပြောချက်မပေးခင်ရက်များ၊ အပတ်များအတွင်း ထိုအချက်အလက်ကို အကောင်းဆုံး မည်သို့အသုံးချနိုင်ကြောင်းတွေ့ မြင်ရန် ထောက်ကူသည့်မှတ်ချက်များကို သင်ကြားရပေမည်။ ၎င်း၏အခန့်သင့်မှုကိုဖော်ပြသည့် အခြေအနေများ ပေါ်ပေါက်လာပေမည်။ သင်တာဝန်ရရှိပြီးသည်နှင့် ယင်းကို ချက်ချင်းဖတ်ရှုတွေးတောခြင်းအတွက် အချိန်ကုန်သော်လည်း ယင်းသည် အကျိုးရှိရှိအသုံးချသောအချိန်ဖြစ်သည်။ နောက်ဆုံး သင်သည် အောက်လိုင်းကို အဆင့်ဆင့်တည်ဆောက်ဖို့ ထိုင်လိုက်သောအခါ၊ ကောင်းစွာကြိုတင်ပြင်ဆင်ထားခြင်း၏ အကျိုးကျေးဇူးများကို ရရှိပါလိမ့်မည်။ ထိုနည်းဖြင့် တာဝန်များကိုကိုင်တွယ်ခြင်းက ဖိစီးမှုကို ကြီးမားစွာလျော့ပေါ့စေမည်ဖြစ်ပြီး လက်တွေ့ကျ၍ အသင်းတော်၌ရှိသောသူများ၏နှလုံးထဲ ရောက်သွားစေသည့်နည်းဖြင့် အကြောင်းအရာကို တင်ဆက်ရန် သင့်အား ကူညီပေးမည်ဖြစ်သည်။

မိမိလူမျိုးတော်အတွက် ယေဟောဝါ၏ပညာရေးအစီအစဉ်နှင့်ဆက်စပ်ပြီး သင့်အားအပ်နှင်းထားသည့်ဆုကျေးဇူးကို တန်ဖိုးထားလေးမြတ်သည့်အတိုင်းအတာအထိ သင်သည် ကိုယ်တော်အားဂုဏ်တင်မည်ဖြစ်ကာ ကိုယ်တော်အားချစ်မြတ်နိုးသူတို့အတွက် ကောင်းချီးတစ်ရပ်ဖြစ်ပေလိမ့်မည်။—ဟေရှာ. ၅၄:၁၃; ရော. ၁၂:၆-၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ