သင်၌ မသေနိုင်သောဝိညာဉ် ရှိသလော
တမလွန်ဘဝရှိပါသလော။ ၎င်းမေးခွန်းသည် လူသားများကို နှစ်ပေါင်းထောင်နှင့်ချီ၍ စိတ်ရှုပ်စေခဲ့ပြီ။ ခေတ်ကာလများတစ်လျှောက် လူတန်းစားအသီးသီးရှိလူများသည် ဤအကြောင်းကို ဆင်ခြင်သုံးသပ်ကာ အမျိုးမျိုးယုံကြည်လာကြသည်။
ပစိဖိတ်ဒေသတစ်လျှောက်ရှိ ပေါ်လနီးရှား၊ မယ်လနီးရှားနှင့် မိုက်ခရိုနီးရှားတို့မှ လူများစွာသည် လူသေသောအခါ “ဝိညာဉ် [စပီးရစ်၊ ကဘ]” ဆက်လက်အသက်ရှင်နေသည်ဟု ယုံကြည်ကြသည်။ လူသေသည့်အခါ ကိုယ်ခန္ဓာအတွင်းမှ တစ်စုံတစ်ရာသည် အမှန်တကယ်ပင်ထွက်ခွာသွား၍ ဆက်အသက်ရှင်နေသလော။ အသက်ရှင်သူတစ်ဦး၏ဝိညာဉ် [စပီးရစ်] ကားအဘယ်နည်း။ ကျွန်ုပ်တို့သေလွန်သောအခါ ယင်းသည် မည်သို့ဖြစ်သွားသနည်း။ ဘုရားသခင့်မှုတ်သွင်းခံစကားတော် သမ္မာကျမ်းစာက အဆိုပါမေးခွန်းများကို မှန်မှန်ကန်ကန်နှင့် ကျေနပ်ဖွယ်အဖြေများကိုပေးထားသည်။
ဝိညာဉ် [စပီးရစ်] ကားအဘယ်နည်း
သမ္မာကျမ်းစာတွင် “ဝိညာဉ်” [စပီးရစ်] ဟုပြန်ဆိုထားသောစကားလုံးများသည် အဓိကအားဖြင့် “ထွက်သက်ဝင်သက်” ကိုဆိုလိုသည်။ သို့သော် ယင်းသည် အသက်ရှူခြင်းထက်မက အဓိပ္ပာယ်သက်ရောက်သည်။ ဥပမာ၊ သမ္မာကျမ်းစာရေးသူယာကုပ်က “ဝိညာဉ်” [စပီးရစ်] နှင့်ကင်းသောကိုယ်သည် အသေဖြစ်” ၏ဟုဖော်ပြသည်။ (ယာကုပ် ၂:၂၆) ထို့ကြောင့် ဝိညာဉ်စပီးရစ်သည် ခန္ဓာကိုယ်ကို သက်ဝင်လှုပ်ရှားစေသည့်အရာဖြစ်၏။
ဤသက်ဝင်လှုပ်ရှားစေသောအစွမ်းသည် အဆုတ်တစ်လျှောက်ရွေ့လျားနေသည့် ထွက်သက်ဝင်သက် သို့မဟုတ် လေမျှသာမဖြစ်နိုင်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကမ္ဘာ့စွယ်စုံကျမ်းအရ ထွက်သက်ဝင်သက်ရပ်တန့်သွားပြီးနောက်၌ပင် ကိုယ်ခန္ဓာဆဲလ်များတွင် အသက်သည် အခိုက်အတန့်—“မိနစ်အတန်ကြာ”—ကျန်ရှိနေသည်။ ထိုအကြောင်းကြောင့် အသက်ပြန်ဝင်လာစေရန် ကြိုးစားအားထုတ်ရာတွင် အောင်မြင်နိုင်ခြင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို တစ်ဦးမှတစ်ဦးသို့ အစားထိုးပေးနိုင်ခြင်းဖြစ်သည်။ သို့သော် အသက်မီးပွားကို ခန္ဓာကိုယ်ဆဲလ်များမှငြိမ်းသတ်လိုက်သည်နှင့် အသက်ပြန်ရှင်စေရန် ကြိုးစားမှုအားလုံး အချည်းနှီးပင်။ ကမ္ဘာပေါ်ရှိ ထွက်သက်ဝင်သက်ရှိသမျှသည် ဆဲလ်တစ်ခုကိုပင် ပြန်၍အသက်ဝင်မလာနိုင်စေချေ။ ထို့ကြောင့် ဝိညာဉ် [စပီးရစ်] သည်ဆဲလ်များကိုအသက်ရှင်နေစေသည့် မမြင်နိုင်သောအသက်စွမ်းအား—အသက်မီးပွား—ဖြစ်သည်။ ဤအသက်စွမ်းအားကို အသက်ရှူခြင်းအားဖြင့် ပံ့ပိုးပေးသည်။—ယောဘ ၃၄:၁၄၊ ၁၅၊ ကဘ။
ထိုဝိညာဉ် [စပီးရစ်] သည် လူသားများ၌သာလှုပ်ရှားသလော။ ယင်းနှင့်စပ်လျဉ်း၍ မှန်ကန်သောယူဆချက်ရရှိရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုကူညီပေးသည်။ “အထက်သို့တက်တတ်သော လူသား၏ဝိညာဉ် [စပီးရစ်] ကိုလည်းကောင်း၊ အောက်အရပ်မြေသို့ဆင်းတတ်သော တိရစ္ဆာန်၏ဝိညာဉ် [စပီးရစ်] ကိုလည်းကောင်း အဘယ်သူသည် ပိုင်းခြား၍သိသနည်း” ဟူ၍ ပညာရှိဘုရင်ရှောလမုန်က ရေးခဲ့သည်။ (ဒေ. ၃:၂၁) ထို့ကြောင့် တိရစ္ဆာန်ရော လူတို့ပါ ဝိညာဉ် [စပီးရစ်] ရှိသည်ဟုဆို၏။ မည်သို့ဖြစ်နိုင်မည်နည်း။
ဝိညာဉ် [စပီးရစ်] သို့မဟုတ် အသက်စွမ်းအားကို စက်ယန္တရား သို့မဟုတ် ကိရိယာတစ်လျှောက်တွင် စီးနေသောလျှပ်စစ်နှင့် နှိုင်းယှဉ်နိုင်သည်။ မမြင်နိုင်သောလျှပ်စစ်ကို ယင်းက စွမ်းအင်ပေးသည့် ပစ္စည်းအမျိုးအစားပေါ်မူတည်၍ လုပ်ငန်းအမျိုးမျိုးကိုလုပ်ဆောင်ရန် အသုံးပြုကြပေမည်။ ဥပမာ၊ မီးလင်းဖိုကို အပူထွက်ပေါ်စေရန်၊ ကွန်ပျူတာကို အချက်အလက်များထုတ်လုပ်၍ တွက်ချက်ပေးရန်၊ ရုပ်မြင်သံကြားကို ရုပ်ပုံနှင့်အသံကို ထုတ်လွှင့်စေနိုင်၏။ သို့တိုင် လျှပ်စီးသည် ယင်းက စွမ်းအင်ပေးသောပစ္စည်း၏ပုံသဏ္ဌာန်အသွင်ကို ဘယ်သောခါမျှမယူချေ။ ၎င်းသည် စွမ်းအားအဖြစ်သာတည်ရှိနေသည်။ အလားတူစွာ အသက်စွမ်းအားသည် ယင်းက သက်ဝင်လှုပ်ရှားစေသော မည်သည့်သတ္တဝါ၏ပင်ကိုစရိုက်ကိုမျှ မခံယူချေ။ ၎င်းတွင် ဥပဓိရုပ်မရှိ၊ ဆင်ခြင်တွေးခေါ်မှုစွမ်းရည်မရှိပါ။ လူသားများရော တိရစ္ဆာန်များတွင်ပါ “အသက် [“စပီးရစ်၊” ကဘ] တစ်မျိုးတည်းရှိကြ၏။ (ဒေ. ၃:၁၉) ထို့ကြောင့် လူတစ်ဦးသေလွန်သောအခါ သူ၏ဝိညာဉ် [စပီးရစ်]သည် နာမ်ဝိညာဉ်သားတစ်ဦးအနေဖြင့် တခြားတစ်နေရာတွင် ဆက်တည်ရှိမနေပါ။
သို့ဖြစ်လျှင် သေလွန်သူ၏အခြေအနေကား အဘယ်နည်း။ လူတစ်ဦးသေလွန်သောအခါ ဝိညာဉ် [စပီးရစ်] သည် မည်သို့ဖြစ်သွားသနည်း။
“မြေမှုန့်သို့ပြန်ရမည်”
ပထမလူအာဒံသည် ယေဟောဝါ၏ပညတ်တော်ကို တမင်ဖောက်ဖျက်သောအခါ ဘုရားသခင်က သူ့ကို “သင်ထွက်ရာမြေသို့မပြန်မီတိုင်အောင် သင်၏မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်ဟု မိန့်တော်မူ၏။” (ကမ္ဘာဦး ၃:၁၉) ယေဟောဝါသည် အာဒံကို မြေမှုန့်မှမဖန်ဆင်းမီ သူအဘယ်မှာရှိခဲ့သနည်း။ အဘယ်နေရာ၌မျှ မရှိခဲ့ပါ! သူသည် လုံးဝမရှိခဲ့ချေ။ ထို့ကြောင့် ‘မြေသို့ပြန်သွားရ’ လိမ့်မည်ဟု အာဒံကို ယေဟောဝါမိန့်ဆိုသောအခါ အာဒံသည် သေရလိမ့်မည်ဟု ဆိုလိုနေခြင်းဖြစ်သည်။ အာဒံသည် နာမ်ဝိညာဉ်ဘုံသို့ ပြောင်းရွှေ့သွားမည်မဟုတ်ပါ။ သူသည် သေလွန်သောအခါ တစ်ဖန် သက်မဲ့ပြန်ဖြစ်သွားကာ မတည်ရှိတော့ချေ။ သူ၏အပြစ်ဒဏ်သည် သေခြင်း—အသက်မရှိခြင်းဖြစ်သည်—အခြားဘဝသို့ပြောင်းရွှေ့ခြင်းမဟုတ်ချေ။—ရောမ ၆:၂၃။
အခြားသေလွန်သွားခဲ့သူများနှင့်ပတ်သက်၍ကော အသို့နည်း။ သေလွန်သူတို့၏အခြေအနေကို ဒေ. ၉:၅၊ ၁၀ ကရှင်းလင်းစေသည်၊ ထိုတွင် ဤသို့ဖတ်ရ၏– “သေသောသူမူကား အဘယ်အရာကိုမျှမသိ။ . . . မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။” ထို့ကြောင့် သေခြင်းဟူသည် မတည်ရှိတော့သည့်အခြေအနေဖြစ်သည်။ လူတစ်ဦးသေသောအခါ “သူသည် အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏” ဟုဆာလံဆရာက ရေးသားထားသည်။—ဆာလံ ၁၄၆:၄။
သေလွန်သူတို့သည် အသိစိတ်မရှိ၊ လှုပ်ရှားမှုမဲ့ကြသည်မှာ ထင်ရှားသည်။ သူတို့သည် အဘယ်အရာကိုမျှမသိရှိချေ။ သင့်ကိုမမြင်နိုင်၊ မကြားနိုင်၊ စကားမပြောနိုင်တော့ပေ။ သူတို့သည် သင့်ကို အကူအညီလည်းမပေးနိုင်၊ ဒုက္ခလည်းမပေးနိုင်ပါ။ သင်သည် သေလွန်သူကို အမှန်ပင်ကြောက်စရာမလို။ သို့သော် လူတစ်ဦးသေလွန်ချိန်၌ စပီးရစ်သည် သူ့ထံမှ မည်သို့ “ထွက်” သွားသနည်း။
ဝိညာဉ် [စပီးရစ်] သည် ‘ဘုရားသခင့်ထံသို့ပြန်သွား’
လူတစ်ဦးသေသောအခါ “ဝိညာဉ် [စပီးရစ်] သည်အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့ . . . ပြန်သွားရလိမ့်မည်” ဟူ၍ကျမ်းစာကဖော်ပြသည်။ (ဒေ. ၁၂:၇) ဝိညာဉ် [စပီးရစ်] ဟူသောအရာတစ်ခုသည် ဘုရားသခင့်ရှေ့မှောက်သို့ အာကာသကို ပကတိအတိုင်းဖြတ်သန်းသွားသည်ဟု ဆိုလိုပါသလော။ လုံးဝမဆိုလိုပါ! “ပြန်သွား” သည်ဟူသောစကားလုံးကို ကျမ်းစာအသုံးပြုပုံမှာ တစ်နေမှတစ်နေရာသို့ အမှန်တကယ်ရွေ့ရှားစရာမလိုပါ။ ပမာဆိုရသော်၊ သစ္စာမရှိသောဣသရေလလူများကို ဤသို့မိန့်ဆိုခဲ့သည်– ‘“ငါ့ထံသို့ပြန်လာကြလော့။ ငါသည်လည်း သင်တို့ဆီသို့ပြန်လာမည်” ဟုကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်မိန့်တော်မူ၏။’ (မာလခိ ၃:၇) ယေဟောဝါထံ ဣသရေလလူတို့ ‘ပြန်လာခြင်း’ မှာမှားယွင်းသောလမ်းစဉ်မှ ပြန်လှည့်လာ၍ တစ်ဖန် ဘုရားသခင်၏ဖြောင့်မတ်သောလမ်းကို လိုက်လျှောက်ခြင်းပင်ဖြစ်သည်။ ဣသရေလလူတို့ထံ ယေဟောဝါ ‘ပြန်လာခြင်း’ မှာမူ ကိုယ်တော်၏လူမျိုးတော်အပေါ် တစ်ဖန်ပြန်၍မျက်နှာသာပေးခြင်းကို ဆိုလိုပါသည်။ ဤ “ပြန်လာ” ခြင်းကိစ္စနှစ်ရပ်စလုံးတွင် သဘောထားပါဝင်ပတ်သက်နေ၍ စာသားအတိုင်း ပထဝီနယ်မြေတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့သွားခြင်းမဟုတ်ပါ။
ထိုနည်းထပ်တူစွာ သေလွန်ချိန်၌ စပီးရစ်သည် ဘုရားသခင်ထံ “ပြန်သွား” သောအခါ မြေကြီးမှကောင်းကင်ဘုံသို့ အမှန်တကယ်မပြောင်းရွှေ့သွားပါ။ ဝိညာဉ် [စပီးရစ်] သည် အသက်စွမ်းအားဖြစ်သည်ကို အမှတ်ရပါ။ ထိုစွမ်းအားသည် လူတစ်ဦးထံမှထွက်သွားပြီးနောက်တွင် ဘုရားသခင်သာလျှင် ယင်းကိုသူ့ထံပြန်ပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် ဝိညာဉ် [စပီးရစ်] သည် “ဘုရားသခင့်ထံသို့ . . . ပြန်သွား” ၏ဟုဆိုရာတွင် ထိုသူ၏ အနာဂတ်အသက်ရရှိရန် မျှော်လင့်ချက်သည် ဘုရားသခင်အပေါ်လုံးဝမူတည်ကြောင်းကိုဆိုလိုသည်။
ဥပမာ၊ ယေရှု၏သေခြင်းနှင့်ပတ်သက်၍ ကျမ်းစာက မည်သို့ဆိုသည်ကို သုံးသပ်ကြည့်ပါ။ ခရစ်ဝင်ကျမ်းရေးသူလုကာက ဤသို့ဖော်ပြ၏– “ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင် ‘အိုအဘ၊ အကျွန်ုပ်၏စိတ်ဝိညာဉ် [“စပီးရစ်၊” ကဘ] ကိုကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏’ ဟုမိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။” (လုကာ ၂၃:၄၆) ယေရှု၏ဝိညာဉ် [စပီးရစ်] ထွက်သွားသောအခါ ကိုယ်တော်သည် ကောင်းကင်သို့ ပကတိတက်သွားနေခြင်းမဟုတ်ပေ။ ယေရှုသည် တတိယနေ့မတိုင်မီအထိ သေခြင်းမှ မထမြောက်သေးချေ။ ယင်းနောက် ကောင်းကင်သို့မတက်မီ ရက်ပေါင်း ၄၀ ထပ်၍ရှိခဲ့သည်။ (တမန်တော် ၁:၃၊ ၉) သို့သော် ယေရှုသေဆုံးချိန်၌ ကိုယ်တော်သည် ခမည်းတော်၏လက်တော်တွင် မိမိ၏ဝိညာဉ် [စပီးရစ်] ကို ယုံကြည်စိတ်ချစွာအပ်တော်မူ၏၊ ယေဟောဝါသည် မိမိအားအသက်ပြန်ပေးနိုင်စွမ်းရှိသည်ကို အပြည့်အဝယုံကြည်တော်မူခြင်းဖြစ်သည်။
မှန်ပါသည်၊ ဘုရားသခင်သာလျှင် လူတစ်ဦးကိုအသက်ပြန်ပေးနိုင်၏။ (ဆာလံ ၁၀၄:၃၀) ထူးမြတ်လှသည့် အခွင့်အလမ်းပွင့်လာခြင်းပါတကား!
သေချာသောမျှော်လင့်ချက်
သမ္မာကျမ်းစာက “[“အောက်မေ့ရာ၊” ကဘ] သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် [ယေရှု]၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့” ဟုဆိုသည်။ (ယောဟန် ၅:၂၈၊ ၂၉) မှန်သည်၊ ယေဟောဝါ၏မှတ်ဉာဏ်တွင်ရှိသူအပေါင်းသည် ရှင်ပြန်ထမြောက်လိမ့်မည် သို့မဟုတ် အသက်ပြန်ရှင်လိမ့်မည်ဟု ယေရှုခရစ် ကတိပေးခဲ့သည်။ လူများသေဆုံးသည့် ဝမ်းနည်းဖွယ်ကြေညာချက်များအစား အသက်ပြန်ရှင်လာသူများကိုဖော်ပြသည့် ဝမ်းမြောက်ဖွယ်သတင်းများကို ကြားကြရလိမ့်မည်။ သင်္ချိုင်းမှချစ်မြတ်နိုးရသူများကို ကြိုဆိုရခြင်းကား အမှန်တကယ် အားရရွှင်လန်းစရာပင်!
ဘုရားသခင်ပေးဤမျှော်လင့်ချက်မှ သင်မည်သို့အကျိုးရယူနိုင်ကြောင်း ပိုမိုသိရှိလိုပါသလော။ သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ . . . ဘရိုရှာရရှိဖို့အတွက် အောက်ပါလိပ်စာသို့ စာရေးပါရန် သင့်အား ကျွန်ုပ်တို့ဖိတ်ခေါ်သည်။
အခြားသောအမှတ်အသား မပါရှိသည့် ကျမ်းကိုးကားချက်အားလုံးသည် ယုဒသန် ပြန်ဆိုသည့် သမ္မာကျမ်းမှဖြစ်သည်။