ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bsi01 စာ. ၂၆-၃၁
  • ကျမ်းစာစောင် နံပါတ် ၂၀​—သုတ္တံကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာစောင် နံပါတ် ၂၀​—သုတ္တံကျမ်း
  • ‘ကျမ်းတစ်ကျမ်းလုံး’—စစ်မှန်ပြီးအကျိုးပြု အတွဲ ၈
  • ခေါင်းစ‎ဥ်ငယ်များ
  • အဘယ်ကြောင့်အကျိုးရှိကြောင်း
‘ကျမ်းတစ်ကျမ်းလုံး’—စစ်မှန်ပြီးအကျိုးပြု အတွဲ ၈
bsi01 စာ. ၂၆-၃၁

ကျမ်းစာစောင် နံပါတ် ၂၀​—သုတ္တံကျမ်း

မြွက်ကြားသူများ– ရှောလမုန်၊ အာဂုရ၊ လေမွေလ

ရေးရာဒေသ– ယေရုရှလင်

ရေးသားပြီးစီးချိန်– ဘီ.စီ.အီး. ၇၁၇ ခန့်

၁။ အဘယ်ဉာဏ်ပညာကို သုတ္တံကျမ်းတွင် တွေ့ရသနည်း။

ဘီ.စီ.အီး. ၁၀၃၇ ခုနှစ်တွင် ဒါဝိဒ်၏သားတော်ရှောလမုန်သည် ဣသရေလရှင်ဘုရင်ဖြစ်လာသောအခါ ‘လူမျိုးကြီးတစ်မျိုးလုံးကို တရားစီရင်နိုင်’ ရန်အတွက် ‘ဉာဏ်ပညာနှင့်အသိပညာ’ ပေးရန် ယေဟောဝါထံ သူဆုတောင်းခဲ့သည်။ အဖြေပေးရာတွင် ယေဟောဝါက ‘အသိပညာ၊ ဉာဏ်ပညာနှင့် သိနားလည်မှု’ တို့ကို သူ့အားပေးခဲ့သည်။ (၆ ရာ. ၁:၁၀-၁၂; ၃ ရာ. ၃:၁၂; ၄:၃၀၊ ၃၁) ရလဒ်အနေနှင့် ရှောလမုန်သည် “သုတ္တံစကားသုံးထောင်” ကိုမိန့်ဆိုနိုင်ခဲ့သည်။ (၃ ရာ. ၄:၃၂) ၎င်းဉာဏ်ပညာ အဆိုအမိန့်အချို့ကို သမ္မာကျမ်းစာ၏သုတ္တံကျမ်းတွင် မှတ်တမ်းတင်ခဲ့ပါသည်။ သူ့ဉာဏ်ပညာသည် ‘သူ၏နှလုံး၌ ဘုရားသခင်သွင်းပေးတော်မူ’ သောပညာအမှန်ဖြစ်သောကြောင့် သုတ္တံကျမ်းကိုလေ့လာခြင်းသည် ယေဟောဝါဘုရားသခင်၏ဉာဏ်ပညာတော်ကို လေ့လာခြင်းအမှန်ဖြစ်သည်။ (၃ ရာ. ၁၀:၂၃၊ ၂၄) ဤပညာရှိသုတ္တံစကားများသည် ထာဝရအမှန်တရားများကို ခြုံ၍တင်ပြ၏။ ၎င်းတို့ကို ဦးဆုံးမိန့်ဆိုစဉ်ကအတိုင်းပင် ယခုအချိန်တွင်လည်း ခေတ်မီနေဆဲဖြစ်သည်။

၂။ ရှောလမုန်အချိန်သည် သုတ္တံကျမ်းတွင်ပါသော မြင့်မြတ်သည့်ညွှန်ကြားချက်များပေးရန် အဘယ်ကြောင့်သင့်လျော်သနည်း။

၂ ရှောလမုန်မင်းစိုးစံချိန်သည် ဤမြင့်မြတ်သောလမ်းညွှန်ချက်ပေးရန် သင့်လျော်သည့်အချိန်ဖြစ်ခဲ့သည်။ ရှောလမုန်သည် ‘ယေဟောဝါ၏ရာဇပလ္လင်ပေါ်’ တွင်ထိုင်သည်ဟု ဆိုသည်။ ဣသရေလလူမျိုး၏ သီအိုကရက်တစ်နိုင်ငံတော်သည် အထွတ်အထိပ်သို့ရောက်နေချိန်ဖြစ်ပြီး ရှောလမုန်သည် သူမတူအောင် “ဘုန်းအာနုဘော်တော်” စံစားနေရချိန်ဖြစ်သည်။ (၅ ရာ. ၂၉:၂၃၊ ၂၅) ၎င်းသည် ငြိမ်းချမ်း၊ ပေါများကြွယ်ဝပြီး လုံခြုံမှုရှိသည့်အချိန်ဖြစ်ခဲ့သည်။ (၃ ရာ. ၄:၂၀-၂၅) သို့သော် ၎င်းသီအိုကရက်တစ်အုပ်ချုပ်မှုအောက်တွင်ပင် လူ့မစုံလင်မှုကြောင့် လူတို့တွင် ကိုယ်ရေးကိုယ်တာပြဿနာများနှင့် အခက်အခဲများရှိဆဲပင်ဖြစ်သည်။ ယင်းကြောင့် လူများသည် မိမိတို့ပြဿနာများဖြေရှင်းပေးဖို့ ပညာရှိရှောလမုန်ဘုရင်ထံ မျှော်ကိုးကြမည်ဆိုလည်း မျှော်ကိုးလောက်ပေသည်။ (၃ ရာ. ၃:၁၆-၂၈) ထိုအမှုကိစ္စများစွာကို စီရင်ဆုံးဖြတ်ပေးစဉ် အချိန်မရွေးဖြစ်ပေါ်နေသော ဘဝ၏အခြေအနေများနှင့်ကိုက်ညီသည့် ပညာရှိအဆိုအမိန့်များကို မြွက်ကြားခဲ့သည်။ တိုတုတ်သော်လည်း မှတ်သားစွဲမှတ်ဖွယ်ကောင်းသည့် ထိုအဆိုအမိန့်များကို ဘုရားသခင့်အလိုတော်နှင့်အညီ မိမိတို့၏ဘဝကို ကိုက်ညီအောင်ပြုပြင်လိုသူများက အလွန်တန်ဖိုးထားကြသည်။

၃။ သုတ္တံကျမ်းကို မည်သို့ပြုစုခဲ့သနည်း။

၃ သုတ္တံကျမ်းကို ရှောလမုန်ရေးသည်ဟု မှတ်တမ်း၌မဆိုထားပါ။ သို့ရာတွင် သူသည် သုတ္တံစကားများကို ‘မြွက်ကြား’ သည့်အပြင် “လုံ့လဝီရိယပြုလျက် များစွာသောသုတ္တံစကားတို့ကို ရှာဖွေ၍စီရင်၏” ဟုဆိုထားသောကြောင့် နောက်ပိုင်းတွင်အသုံးပြုနိုင်ရန်အတွက် ပညာရှိသုတ္တံစကားများအား ထိန်းသိမ်းစောင့်ရှောက်ရန် စိတ်ဝင်စားကြောင်း တင်ပြသည်။ (၃ ရာ. ၄:၃၂; ဒေ. ၁၂:၉) ဒါဝိဒ်နှင့်ရှောလမုန်တို့ခေတ်၌ နန်းတွင်းအရာရှိများစာရင်းတွင် ရုံးစာရေးတော်ကြီးများစာရင်း ပါရှိသည်။ (၂ ရာ. ၂၀:၂၅; ၄ ရာ. ၁၂:၁၀) သူ၏ရုံးတော်တွင်ရှိသော ထိုကျမ်းတတ်များက သူ၏သုတ္တံစကားများကို ရေးသားစုဆောင်းခဲ့ခြင်းဟုတ်မဟုတ်ကို ကျွန်ုပ်တို့မသိကြသော်လည်း သူကဲ့သို့သောအရည်အချင်းရှိသည့် မည်သည့်ရှင်ဘုရင်၏ မြွက်ကြားချက်ကိုမဆို တန်ဖိုးထားလေးစားခံရမည်၊ မှတ်တမ်းတင်ခံရမည်သာဖြစ်သည်။ ဤကျမ်းကို အခြားစုဆောင်းထားသည့်စာပေများမှ ပြန်၍စုဆောင်းဖော်ပြခြင်းဖြစ်သည်ဟု အများက လက်ခံထားကြသည်။

၄။ (က) သုတ္တံကျမ်းကို ယေဘုယျအားဖြင့် မည်သို့ခွဲခြမ်းနိုင်သနည်း။ (ခ) ပညာရှိသုတ္တံစကားအများစုကို မည်သူအစပြုမိန့်မြွက်ခဲ့သနည်း။

၄ သုတ္တံကျမ်းကို အပိုင်းငါးပိုင်းခွဲနိုင်ပါသည်။ ၎င်းတို့မှာ (၁) “ဒါဝိဒ်၏သားတော်ဖြစ်သော ဣသရေလရှင်ဘုရင် ရှောလမုန်စီရင်သော သုတ္တံစကားဟူမူကား” ဟူသောစကားဖြင့် အစချီထားသည့် အခန်းကြီး ၁–၉; (၂) “ရှောလမုန်မင်း၏သုတ္တံစကားဟူမူကား” ဟုဖော်ပြထားသည့် အခန်းကြီး ၁၀–၂၄; (၃) “ယုဒရှင်ဘုရင်ဟေဇကိလူတို့ကူးရေးသော ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား” ဟုခွဲခြားအစပြုထားသော အခန်းကြီး ၂၅–၂၉; (၄) “ယာကေသား အာဂုရ . . . ဆုံးမသော တရားစကားဟူမူကား” ဟုနိဒါန်းပျိုးထားသည့် အခန်းကြီး ၃၀; နှင့် (၅) “လေမွေလမင်းကြီး၏မယ်တော်သည် သားကိုဆုံးမသွန်သင်သော တရားစကား” ပါဝင်သော အခန်းကြီး ၃၁ တို့ဖြစ်သည်။ ထို့ကြောင့် ရှောလမုန်သည် သုတ္တံစကားအများစုကို စတင်စီရင်မြွက်ဆိုသူဖြစ်၏။ အာဂုရနှင့် လေမွေလတို့သည် မည်သူမည်ဝါဖြစ်သည်ကို အတိအကျမသိရပါ။ ဋီကာဆရာအချို့က လေမွေလသည် ရှောလမုန်၏အမည် နောက်တစ်ခုဖြစ်နိုင်သည်ဟု ဆိုကြသည်။

၅။ သုတ္တံကျမ်းကို အဘယ်အချိန်တွင် ရေးသားပြီး စုဆောင်းပြုစုခဲ့သနည်း။

၅ သုတ္တံကျမ်းကို အဘယ်အချိန်တွင်ရေးသားပြီး စုစည်းခဲ့သနည်း။ ကျမ်း၏အများစုကို ရှောလမုန်စိုးစံချိန် (ဘီ.စီ.အီး. ၁၀၃၇-၉၉၈) အတွင်း၊ သူအယူမဖောက်ပြန်မီအချိန်တွင် ရေးခဲ့ခြင်းဖြစ်သည်မှာသေချာသည်။ အာဂုရနှင့် လေမွေလတို့သည် မည်သူမည်ဝါဖြစ်သည်ကို အသေအချာမသိရသောကြောင့် သူတို့၏ဆိုစကားများ မည်သည့်အချိန်ကဖြစ်သည်ကို မပြောနိုင်ပါ။ စုဆောင်းစာများထဲမှတစ်ခုကို ဟေဇကိစိုးစံချိန် (ဘီ.စီ.အီး. ၇၄၅-၇၁၇) တွင်ပြုစုသည်ဟုဆိုသောကြောင့် အပြီးသတ်စုဆောင်းခြင်းသည် သူ၏နန်းစံချိန်မတိုင်မီမဖြစ်နိုင်ပါ။ နောက်ဆုံးအပိုင်းနှစ်ခုကိုလည်း ဟေဇကိ၏ကြီးကြပ်မှုအောက်တွင် စုဆောင်းပြုစုခဲ့ခြင်းလော။ သန့်ရှင်းသောကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်း—အညွှန်းများဖြင့် ကျမ်းပါသုတ္တံ ၃၁:၁၃၏ အသိပညာတိုးစေသောအောက်ခြေမှတ်ချက်တစ်ခုတွင် အဖြေပါရှိသည်– “ဟေဗြဲကျမ်းစာ၏ အချို့သောထုတ်ဝေမှုများတွင် ထရိုင်ဂရမ်မီတမ် သို့မဟုတ် အက္ခရာသုံးလုံး၊ Chehth, Zaʹyin, Qohph (חזק) ကိုဖော်ပြထားသည်၊ ၎င်းမှာ မိမိ၏စာရေးတော်ကြီးများ ကျမ်းကူးရေးရာတွင် ပြီးပြီဖြစ်ကြောင်းမှတ်သားဖော်ပြသည့် ဘုရင်ဟေဇကိ၏လက်မှတ်ဖြစ်သည်။”

၆။ ပညာရှိသုတ္တံစကားဆိုသည်မှာ အဘယ်နည်း၊ ကျမ်း၏ဟေဗြဲခေါင်းစဉ်သည် အဘယ်ကြောင့်သင့်တော်သနည်း။

၆ ဟေဗြဲကျမ်းစာများတွင် ဤကျမ်းကို ကျမ်းဦးစကားလုံး၊ “ပညာရှိသုတ္တံစကားများ” ဟုအဓိပ္ပာယ်ရသော မစ်ရှ်လဲ့ [mish·lehʹ] ဟုဦးဆုံးခေါ်ကြသည်။ ဝါကျတည်ဆောက်ပုံအရ မစ်ရှ်လဲ့[mish·lehʹ]သည် ဟေဗြဲနာမ် မာရှယ်လ်[ma·shalʹ]၏ဗဟုဝုဒ်ကိန်းဖြစ်ပြီး ဤနာမ်သည် “တူညီချက်” သို့မဟုတ် “နှိုင်းယှဉ်ချက်” ဟုအဓိပ္ပာယ်ရသော မူရင်းစကားလုံးမှဆင်းသက်လာသည်ဟုအများအားဖြင့်ယူမှတ်ကြသည်။ ပညာရှိသုတ္တံစကားဟူသည်မှာ တူညီချက် သို့မဟုတ် နှိုင်းယှဉ်ချက်များကို အများအားဖြင့်ဖော်ပြပြီး ယင်းတို့သည် ကြားနာသူကို တွေးတောစဉ်းစားစေသည့် အနှစ်သာရပြည့်ဝသောအဆိုအမိန့်များဖြစ်သောကြောင့် ထိုဝေါဟာရတို့သည် ကျမ်းထဲတွင်ပါရှိသောအကြောင်းအရာများကို လှပစွာရုပ်လုံးဖော်ပေးသည်။ ပညာရှိသုတ္တံစကားများ၏ တိုတုတ်သောပုံစံသည် နားလည်ရန်လွယ်ကူပြီး စိတ်ဝင်စားဖွယ်ဖြစ်သည်၊ ဤပုံစံသည် သင်ပေးရန်၊ သင်ယူရန်နှင့် မှတ်မိရန်လွယ်ကူသည်။ ဆိုလိုရင်းသဘောသည် စွဲမြဲကျန်ရစ်သည်။

၇။ သုတ္တံကျမ်း၏ရေးဟန်နှင့်ပတ်သက်၍ အဘယ်အရာမှတ်သားသင့်သနည်း။

၇ ဤကျမ်းတွင်ဖော်ပြထားသည့် စာရေးဟန်သည် စိတ်ဝင်စားဖွယ်အကောင်းဆုံးဖြစ်သည်။ ဟေဗြဲကဗျာရေးဟန်ဖြစ်သည်။ ဤကျမ်းတွင် ဝါကျတည်ဆောက်ပုံအများစုမှာ နှိုင်းယှဉ်သရုပ်ဖော်ကဗျာဖြစ်သည်။ ၎င်းသည် စာကြောင်းအဆုံး၊ စာပိုဒ်အဆုံး သို့မဟုတ် အသံအဆုံးကို ကာရန်မယူပါ။ နှိုင်းယှဉ်သောအယူအဆ သို့မဟုတ် သဘောအကြံအစည်များကို ဖော်ပေးသည့် ကာရန်ညီစာကြောင်းများပါဝင်သည်။ ယင်း၏အနုအလှနှင့် သွန်သင်မှုအားသည် ယင်း၏အယူအဆကာရန်ညီခြင်းအပေါ် မူတည်သည်။ အယူအဆများသည် ကြောင်းတူသံကွဲ သို့မဟုတ် ဆန့်ကျင်ဘက်ဖြစ်နိုင်သည်၊ သို့သော် နှိုင်းယှဉ်မှု၏အားသည် အယူအဆကိုတိုးချဲ့ပေးရန်၊ သဘောထားအကြံအစည်ကို ချဲ့ပေးရန်၊ အယူအဆ၏ လိုရင်းအဓိပ္ပာယ်ကို သေချာစေရန်ဖြစ်သည်။ ကြောင်းတူသံကွဲ နှိုင်းယှဉ်ဖော်ပြမှုနမူနာများကို သုတ္တံ ၁၁:၂၅; ၁၆:၁၈ နှင့် ၁၈:၁၅ တွင်တွေ့ရပြီး သာ၍ဆန့်ကျင်ဘက် နှိုင်းယှဉ်ဖော်ပြမှုနမူနာများကို သုတ္တံ ၁၀:၇၊ ၃၀; ၁၂:၂၅; ၁၃:၂၅; ၁၅:၈ တွင်တွေ့ရသည်။ ဝါကျတည်ဆောက်ပုံနောက်တစ်မျိုးကို ကျမ်း၏နိဂုံးပိုင်းတွင်ပင် တွေ့ရသည်။ (သု. ၃၁:၁၀-၃၁) ဟေဗြဲကျမ်းတွင် အခန်းငယ်တစ်ခုစီကို ဟေဗြဲအက္ခရာစဉ်နှင့် အစပြုနိုင်ရန် အခန်းငယ် ၂၂ ကိုစီစဉ်ထားသည်၊ ယင်းသည် ဆာလံကျမ်းများစွာတွင် အသုံးပြုထားသည့် ထိပ်စီး၊ နောက်စီးအက္ခရာယူစကားလုံးပုံစံဖြစ်သည်။ ဤသို့သောရေးဟန်အနုအလှများကို အခြားရှေးအရေးအသားများ၌ မတွေ့ရပါ။

၈။ သုတ္တံကျမ်းကို အစောပိုင်းခရစ်ယာန်များ အသုံးပြုခြင်းက ယင်းသည်ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်း မည်သို့သက်သေထူသနည်း။

၈ အစောပိုင်းခရစ်ယာန်များသည် နေမှုထိုင်မှုအကျင့်အကြံပိုင်းဆိုင်ရာစည်းမျဉ်းအဖြစ် ဤကျမ်းကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ခြင်းက သုတ္တံကျမ်း၏ ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုကို ဖော်ပြသည်။ ယာကုပ်သည် သုတ္တံကျမ်းနှင့် အလွန်အကျွမ်းတဝင်ရှိခဲ့ကြောင်းထင်ရှားသည်၊ ခရစ်ယာန်အမှုအကျင့်နှင့်ပတ်သက်၍ သြဝါဒကောင်းများပေးရာတွင် ယင်းကျမ်းကိုအခြေခံမူအဖြစ် အသုံးပြုခဲ့သည်။ (သုတ္တံ ၁၄:၂၉; ၁၇:၂၇ နှင့် ယာကုပ် ၁:၁၉၊ ၂၀; သုတ္တံ ၃:၃၄ နှင့် ယာကုပ် ၄:၆; သုတ္တံ ၂၇:၁ နှင့် ယာကုပ် ၄:၁၃၊ ၁၄ တို့ကိုနှိုင်းယှဉ်ပါ) သုတ္တံကျမ်းမှ တိုက်ရိုက်ကိုးကားချက်များကို အောက်ပါကျမ်းပိုဒ်များတွင်လည်း တွေ့ရသည်– ရောမ ၁၂:၂၀—သုတ္တံ ၂၅:၂၁၊ ၂၂; ဟေဗြဲ ၁၂:၅၊ ၆—သုတ္တံ ၃:၁၁၊ ၁၂; ၂ ပေတရု ၂:၂၂—သုတ္တံ ၂၆:၁၁။

၉။ သုတ္တံကျမ်းသည် ကျန်ကျမ်းစာများနှင့် မည်သို့သဟဇာတဖြစ်သနည်း။

၉ ၎င်းအပြင် သုတ္တံကျမ်းကိုယ်နှိုက်က ကျန်ကျမ်းစာများနှင့် သဟဇာတဖြစ်ကြောင်းပြသည်၊ ယင်းက “ကျမ်းစာ” အဝင်ကျမ်းတစ်စောင်ဖြစ်ကြောင်း သက်သေထူသည်။ မောရှေ၏ပညတ်၊ ယေရှု၏သွန်သင်ချက်၊ ယေရှုတပည့်တော်များနှင့် တမန်တော်များ၏ရေးသားချက်များနှင့် နှိုင်းယှဉ်သည့်အခါ အံ့ဖွယ်ကောင်းလောက်အောင် အယူအဆတစ်ထပ်တည်းတူညီနေသည်ကို တွေ့ရသည်။ (သုတ္တံ ၁၀:၁၆—၁ ကောရိန္သု ၁၅:၅၈ နှင့် ဂလာတိ ၆:၈၊ ၉; သုတ္တံ ၁၂:၂၅—မဿဲ ၆:၂၅; သုတ္တံ ၂၀:၂၀—ထွက်မြောက်ရာ ၂၀:၁၂ နှင့် မဿဲ ၁၅:၄ တို့ကိုရှု။) လူသားတို့စံအိမ်အဖြစ် ကမ္ဘာကြီးကိုပြင်ဆင်ပေးသည့်ကိစ္စတွင်ပင် အခြားကျမ်းရေးသူများ၏အတွေးအခေါ်နှင့် တစ်ထပ်တည်းဖြစ်သည်။—သု. ၃:၁၉၊ ၂၀; က. ၁:၆၊ ၇; ယောဘ ၃၈:၄-၁၁; ဆာ. ၁၀၄:၅-၉။

၁၀၊ ၁၁။ ဘုရားသခင့်မှုတ်သွင်းခံကျမ်းဖြစ်ကြောင်း အဘယ်နောက်ထပ်အထောက်အထားက သက်သေခံသနည်း။

၁၀ သုတ္တံစကားသည် ဓာတုဗေဒ၊ ဆေးပညာတို့နှင့်ပတ်သက်လျှင်ဖြစ်စေ၊ ကျန်းမာရေးအခြေခံမူများနှင့်ပတ်သက်လျှင်ဖြစ်စေ သိပ္ပံပညာအရတိကျမှန်ကန်မှုရှိခြင်းကလည်း ဘုရားမှုတ်သွင်းရာကျမ်းဖြစ်ကြောင်း သက်သေခံနေသည်။ သုတ္တံ ၂၅:၂၀ က အက်စစ်-အယ်လကာလီဓာတ်ပြုမှုများအကြောင်း ပို့ချနေခြင်းဖြစ်သည်။ အရက်သည် စဉ်းစားဉာဏ်ကိုထုံထိုင်းစေသည်ဟူသော မျက်မှောက်ခေတ်သိပ္ပံပညာ ရှာဖွေတွေ့ရှိချက်များနှင့် သုတ္တံ ၃၁:၄၊ ၅ သည် ကိုက်ညီသည်။ ဆရာဝန်များနှင့် အာဟာရဗေဒပညာရှင်များက ပျားရည်သည် ကျန်းမာကြံ့ခိုင်စေသည့်အစားအစာတစ်မျိုးဖြစ်ကြောင်း သဘောတူကြသည်၊ ဤပညာရှိသုတ္တံစကားကို ပြန်သတိရစေသည်– “ငါ့သား ပျားရည်ကောင်းသောကြောင့် စားလော့။” (သု. ၂၄:၁၃) စိတ်ကြောင့်ဖြစ်သောရောဂါများဆိုင်ရာ မျက်မှောက်ခေတ်တွေ့ရှိချက်များသည် သုတ္တံကျမ်းအတွက်အသစ်အဆန်းမဟုတ်ပါ။ “ရွှင်လန်းသောနှလုံးသည် ဆေးဆရာကောင်းတစ်ဦးနှယ် ကျန်းမာခြင်းကိုဖြစ်စေသည်။”—၁၇:၂၂; ၁၅:၁၇၊ ကဘ။

၁၁ သုတ္တံကျမ်းသည် လူတို့၏လိုအပ်ရာအားလုံးနှင့် အခြေအနေတိုင်းကို ခြုံငုံတင်ပြရာတွင် အလွန်ထောင့်စိသောကြောင့် ကိုးကားချက်တစ်ခုက ဤသို့ဖော်ပြသည်– “ဤကျမ်းတွင် သင့်တော်သောညွှန်ကြားချက်မပေးသော လူမှုဆက်ဆံရေးဟူ၍ ဘာမျှမရှိ၊ ၎င်းက တိုက်တွန်းလှုံ့ဆော်မပေးသောဉာဉ်ကောင်း သို့မဟုတ် အမှားမပြင်ပေးသောဉာဉ်ဆိုးဟူ၍မရှိပါ။ လူ့အသိစိတ်ကိုလည်း အဘယ်နေရာတွင်မဆို ဘုရားနှင့်တိုက်ရိုက်ဆက်စပ်ပေးပြီး . . . လူသည် မိမိ၏ဖန်ဆင်းရှင်ဖြစ်ပြီး တရားသူကြီးလည်းဖြစ်သူရှေ့မှောက်တွင် လျှောက်လှမ်းကြသည်။ . . . လူ့ရေးလူ့ရာဟူသမျှ ဤရှေးဟောင်းကျမ်းတွင် တွေ့ရသည်; လွန်ခဲ့သည့်နှစ်ပေါင်းသုံးထောင်က ရေးခဲ့ရာဖြစ်သည့်တိုင် သက်ရှိအထင်အရှားကိုယ်စားလှယ်က လောလောဆယ်ပင် ကောက်ရေးထားသည်ဟု ဆိုရမလောက်အောင် ခေတ်မီမှန်ကန်နေ၏။” —စမစ်သ်၏ ကျမ်းစာအဘိဓာန်၊ ၁၈၉၀ အတွဲ ၃၊ စာမျက်နှာ ၂၆၁၆။

အဘယ်ကြောင့်အကျိုးရှိကြောင်း

၁၉။ သုတ္တံကျမ်းကိုယ်နှိုက်က ယင်း၏အကျိုးပြုရည်ရွယ်ချက်ကို မည်သို့ဖော်ပြထားသနည်း။

၁၉ သုတ္တံကျမ်း၏အကျိုးပြုရည်ရွယ်ချက်ကို အဖွင့်အခန်းငယ်များ၌ ဤသို့ဆိုထား၏– “ဉာဏ်ပညာနှင့်ဆုံးမသွန်သင်ခြင်းကိုသိ၍၊ ဉာဏ် [“သိနားလည်မှု၊” ကဘ] နှင့်ယှဉ်သောစကားကို နားလည်မည်အကြောင်း၊ ပညာသတိရှိခြင်း၊ ရိုးသားဖြောင့်မတ်စွာကျင့်ခြင်း၊ ဖြောင့်မှန်စွာပြုမူခြင်းအရာ၌ ဆုံးမသွန်သင်ခြင်းခံရမည်အကြောင်း၊ မလိမ္မာသောသူသည်လိမ္မာ၍ ပျိုရွယ်သူသည် အသိပညာ၊ သမ္မာသတိနှင့်ပြည့်စုံမည်။” (၁:၁-၄၊ သမ္မာ) ဖော်ပြပါထိုရည်ရွယ်ချက်နှင့်အညီ ဤကျမ်းသည် အသိပညာ၊ ဉာဏ်ပညာနှင့် သိနားလည်မှုတို့ကို အထူးပေါ်လွင်စေပြီး ၎င်းတို့တစ်ခုစီသည် သူ့နေရာနှင့်သူ အကျိုးပြု၏။

၂၀။ သုတ္တံကျမ်းက အသိပညာနှင့်ပတ်သက်၍ အဘယ်သို့ဆိုထားသနည်း။

၂၀ (၁) အသိပညာကင်းမဲ့ခြင်းသည် မကောင်းသောကြောင့် အသိပညာသည် လူတို့အလွန်လိုအပ်ရာဖြစ်သည်။ လူတစ်ဦးသည် ယေဟောဝါကိုကြောက်ရွံ့ခြင်းမရှိလျှင် တိကျမှန်ကန်သောအသိပညာ ဘယ်တော့မျှမရနိုင်ပါ၊ အကြောင်းမှာ အသိပညာသည် ထိုကဲ့သို့သောကြောက်ရွံ့ခြင်းမှ အစပြု၏။ အသိပညာသည် အကောင်းဆုံးရွှေထက် နှစ်သက်ဖွယ်ကောင်းသည်။ အဘယ်ကြောင့်နည်း။ ဖြောင့်မတ်သူသည် အသိပညာအားဖြင့် ကယ်တင်ခံရ၏; အပြစ်တွင်းသို့အလျင်အမြန်မသက်ဆင်းရန် ဟန့်တားပေးသည်။ ၎င်းကိုဆည်းပူးလေ့လာရန် အရေးတကြီးလိုအပ်လှသည်တကား! အလွန်တန်ဖိုးရှိ၏။ ထို့ကြောင့် “ပညာရှိတို့၏စကားကို နားထောင် နာခံလော့၊ ငါ၏အသိပညာကိုလည်း စိတ်စွဲလမ်းလော့။”—၂၂:၁၇၊ သမ; ၁:၇; ၈:၁၀; ၁၁:၉; ၁၈:၁၅; ၁၉:၂; ၂၀:၁၅။

၂၁။ ဉာဏ်ပညာနှင့်စပ်လျဉ်း၍ မြင့်မြတ်သောသွန်သင်ချက်ကား အဘယ်နည်း။

၂၁ (၂) ယေဟောဝါအားချီးမွမ်းရန် အသိပညာကို မှန်ကန်စွာသုံးတတ်သည့်စွမ်းရည်ဖြစ်သော ဉာဏ်ပညာသည် “အမြတ်ဆုံးသောအရာဖြစ်၏။” ၎င်းကို ကြိုးစားဆည်းပူးရယူပါ။ ၎င်း၏အရင်းအမြစ်သည် ယေဟောဝါဖြစ်၏။ အသက်ပေးဉာဏ်ပညာသည် ယေဟောဝါအား သိကျွမ်းခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ဖြင့် စတင်ရရှိလာသည်—ယင်းသည် ဉာဏ်ပညာ၏ကြီးမားသောလျှို့ဝှက်ချက်ဖြစ်သည်။ ထို့ကြောင့် လူကိုမဟုတ်ဘဲ ဘုရားသခင်ကိုကြောက်ရွံ့ပါ။ ဉာဏ်ပညာသည် လူကဲ့သို့ကြွေးကြော်ပြီး လူတို့အား မိမိတို့လမ်းစဉ်ကိုပြုပြင်ရန် တိုက်တွန်း၏။ ဉာဏ်ပညာသည် လမ်းများပေါ်တွင် ကြွေးကြော်၏။ အတွေ့အကြုံနုသူများနှင့် နှလုံးလိုအပ်ချက်ရှိသူများကို လမ်းစဉ်ပြောင်းရန် ယေဟောဝါဖိတ်ခေါ်တော်မူပြီး သူတို့အား ဉာဏ်ပညာမုန့်ကိုကျွေးတော်မူ၏။ သို့ဖြင့် ယေဟောဝါကိုကြောက်ရွံ့ခြင်းကြောင့် ဥစ္စာအနည်းငယ်သာရှိသည့်တိုင် သူတို့ပျော်ရွှင်ကြမည်။ ဉာဏ်ပညာ၏ကောင်းချီးများစွာရရှိပြီး ယင်းမှ အကျိုးများစွာဖြစ်ထွန်း၏။ ဉာဏ်ပညာနှင့်အသိပညာ—ယင်းတို့သည် ကျွန်ုပ်တို့ကို ကာကွယ်စောင့်ရှောက်ပေးမည့် စဉ်းစားဆင်ခြင်နိုင်စွမ်းအတွက် ရှေ့ပြေးအခြေခံအရည်အသွေးများဖြစ်သည်။ ပျားရည်သည်အကျိုးပြု၍ ချိုမြိန်သကဲ့သို့ ဉာဏ်ပညာသည်လည်း ထို့အတူဖြစ်၏။ ရွှေထက်သာ၍မြတ်ပြီး; အသက်ပင်ဖြစ်၏။ ဉာဏ်ပညာသည် အသက်ကိုစောင့်ရှောက်ပေးသော; အသက်ဖြစ်သောကြောင့် ဉာဏ်ပညာမဲ့သူတို့သည် ပျက်စီးကြရသည်။—၄:၇; ၁:၇၊ ၂၀-၂၃; ၂:၆၊ ၇၊ ၁၀၊ ၁၁; ၃:၁၃-၁၈၊ ၂၁-၂၆; ၈:၁-၃၆; ၉:၁-၆၊ ၁၀; ၁၀:၈; ၁၃:၁၄; ၁၅:၁၆၊ ၂၄; ၁၆:၁၆၊ ၂၀-၂၄; ၂၄:၁၃၊ ၁၄။

၂၂။ သိနားလည်မှုတွင် အဘယ်ကာကွယ်မှုကို တွေ့ရသနည်း။

၂၂ (၃) အသိပညာနှင့် ဉာဏ်ပညာအပြင်၊ နားလည်မှုသည်လည်း အရေးပါ၏; ထို့ကြောင့် ‘ဆည်းပူးသမျှတို့တွင် သိနားလည်မှုကိုလည်းဆည်းပူးလော့။’ သိနားလည်မှုဟူသည် ကိစ္စရပ်တစ်ခုနှင့် ယင်းနှင့်ပတ်သက်ရာများကို မြင်နိုင်သည့်အစွမ်းဖြစ်သည်; ၎င်းသည် ပိုင်းခြားသိမြင်မှုဖြစ်ပြီး လူသည် ကိုယ်ပိုင်သိနားလည်မှုအပေါ် မမှီခိုနိုင်သောကြောင့် ဘုရားသခင်ကို အမြဲစိတ်စွဲ၏။ တစ်စုံတစ်ဦးသည် ယေဟောဝါကိုဆန့်ကျင်မည်ဆိုလျှင် သိနားလည်မှုခေါ် ပိုင်းခြားသိမြင်မှုကို ဘယ်နည်းဖြင့်မျှမရနိုင်ပါ။ ၎င်းကို ကျွန်ုပ်တို့၏ကိုယ်ပိုင်ဖြစ်စေရန် ကျွန်ုပ်တို့သည် သိနားလည်မှုကို ဝှက်ထားသောဘဏ္ဍာရှာသကဲ့သို့ ကြိုးစားအားထုတ်၍ရှာဖွေရမည်ဖြစ်သည်။ သိနားလည်ရန် ကျွန်ုပ်တို့တွင် အသိပညာရှိထားရမည်။ အသိပညာအတွက် သိနားလည်သူတစ်ဦးပြုလုပ်သည့် ရှာဖွေလေ့လာမှုသည် အကျိုးဖြစ်ထွန်းစေပြီး ဉာဏ်ပညာသည် သူ၏ရှေ့တွင်ရှိသည်။ ထိုသူသည် မှောင်မိုက်သည့်လမ်းစဉ်တွင် မိမိတို့နှင့်အတူလျှောက်လှမ်းရန် ပရိယာယ်ဆင်ဖမ်းဖို့ကြိုးစားနေနိုင်သည့် များပြားလှသည့်လူဆိုးများကဲ့သို့သော ဤလောက၏မရေမတွက်နိုင်သည့် အန္တရာယ်ထောင်ချောက်များမှ ကာကွယ်ပေးခြင်းခံရသည်။ အသက်ပေးအသိပညာ၊ ဉာဏ်ပညာ၊ သိနားလည်မှု၏ ပင်ရင်းဖြစ်သော ယေဟောဝါအား ကျေးဇူးတင်စရာပါတကား!—၄:၇; ၂:၃၊ ၄; ၃:၅; ၁၅:၁၄; ၁၇:၂၄; ၁၉:၈; ၂၁:၃၀။

၂၃။ အဘယ်ပညာရှိသြဝါဒမျိုးကို ဆက်၍ဆွေးနွေးကြမည်နည်း။

၂၃ သုတ္တံကျမ်း၏ အကျိုးပြုသောရည်ရွယ်ချက်နှင့်အညီ ဤကျမ်းသည် ကျွန်ုပ်တို့အား သိနားလည်မှုကို ကြိုးစားရယူရန်နှင့် “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့်” နှလုံးကိုကာကွယ်ရန် အထောက်အကူအဖြစ် များစွာသော ပညာရှိမှုတ်သွင်းခံဆုံးမစကားများကို ဖော်ပြထားသည်။ (၄:၂၃) အောက်ပါတို့မှာ ကျမ်းတစ်လျှောက်လုံး အလေးအနက်ဖော်ပြထားသည့် ရွေးချယ်ဖော်ပြထားသော ပညာရှိဆုံးမစကားများဖြစ်သည်။

၂၄။ ဆိုးသွမ်းမှု၊ ဖြောင့်မတ်မှုနှင့်စပ်လျဉ်း၍ မည်သို့မိန့်ကြားထားသနည်း။

၂၄ လူဆိုးနှင့်ဖြောင့်မတ်သူတို့၏ခြားနားချက်– လူဆိုးသည် မိမိဆိုးသောလမ်းစဉ်၌ ကျော့မိခံရမည်ဖြစ်ပြီး သူ့ဥစ္စာဘဏ္ဍာများသည်း အမျက်တော်နေ့၌ သူ့ကိုကယ်တင်မည်မဟုတ်။ ဖြောင့်မတ်သူများသည် အသက်ရရန် ရာထားခံရပြီး ယေဟောဝါ၏ဆုကျေးဇူးကိုရကြမည်။—၂:၂၁၊ ၂၂; ၁၀:၆၊ ၇၊ ၉၊ ၂၄၊ ၂၅၊ ၂၇-၃၂; ၁၁:၃-၇၊ ၁၈-၂၁၊ ၂၃၊ ၃၀၊ ၃၁; ၁၂:၂၊ ၃၊ ၇၊ ၂၈; ၁၃:၆၊ ၉; ၁၄:၂၊ ၁၁; ၁၅:၃၊ ၈၊ ၂၉; ၂၉:၁၆။

၂၅။ သုတ္တံကျမ်းက စာရိတ္တယိုယွင်းခြင်းကို မည်သို့သတိပေးထားသနည်း။

၂၅ အကျင့်သီလစင်ကြယ်ရန်လိုအပ်– ရှောလမုန်သည် အကျင့်ယိုယွင်းခြင်းကိုရှောင်ရန် မပြတ်သတိပေးသည်။ သူ့သားအိမ်ရာပြစ်မှားသူတို့သည် အတိဒုက္ခ ဆင်းရဲခြင်းရောက်ရသည့်အပြင် အသရေလည်းပျက်ပြီး သူတို့၏နာမည်ပျက်ကိုလည်း ချေဖျက်၍ရမည်မဟုတ်။ ‘ခိုး၍သောက်သောရေ’ သည် လူငယ်တစ်ဦးအတွက် ချိုသယောင်ရှိသော်လည်း သီလပျက်မိန်းမသည် အတွေ့အကြုံနည်းသူကို မိမိနှင့်အတူခေါ်၍ သေခြင်းသို့ဆင်းသက်တတ်၏။ အကျင့်ယိုယွင်းခြင်းတွင်းနက်သို့ ကျဆင်းသူတို့ကို ယေဟောဝါရှုတ်ချတော်မူ၏။—၂:၁၆-၁၉; ၅:၁-၂၃; ၆:၂၀-၃၅; ၇:၄-၂၇; ၉:၁၃-၁၈; ၂၂:၁၄; ၂၃:၂၇၊ ၂၈။

၂၆။ ချုပ်တည်းခြင်းနှင့်စပ်လျဉ်း၍ အဘယ်သို့မိန့်ကြားထားသနည်း။

၂၆ ချုပ်တည်းမှုလိုအပ်– သောက်ကြူးခြင်းနှင့် အစားကြူးခြင်းကို ပြစ်တင်ရှုတ်ချထားသည်။ ဘုရားသခင့်မျက်နှာသာရလိုသူတိုင်း အလွန်အကျွံ စားသောက်ခြင်းမပြုရ။ (၂၀:၁; ၂၁:၁၇; ၂၃:၂၁၊ ၂၉-၃၅; ၂၅:၁၆; ၃၁:၄၊ ၅) အမျက်ထွက်နှေးသူသည် ပိုင်းခြားသိမြင်မှုတွင် ကြွယ်ဝသူဖြစ်ပြီး မြို့ကိုတိုက်ယူသော စစ်သူရဲထက် ပို၍အင်အားကြီး၏။ (၁၄:၁၇၊ ၂၉; ၁၅:၁၊ ၁၈; ၁၆:၃၂; ၁၉:၁၁; ၂၅:၁၅၊ ၂၈; ၂၉:၁၁၊ ၂၂) အရိုးဆွေးမြေ့စေသည့် မနာလို သဝန်တိုစိတ်ကို ရှောင်နိုင်ရန် ချုပ်တည်းမှုလိုအပ်သည်။—၁၄:၃၀; ၂၄:၁; ၂၇:၄; ၂၈:၂၂။

၂၇။ (က) မိုက်မဲစွာပြောဆိုခြင်းကား အဘယ်နည်း။ (ခ) ကျွန်ုပ်တို့၏နှုတ်ခမ်းနှင့်လျှာကို ပညာရှိစွာအသုံးပြုရန် အဘယ်ကြောင့်အရေးကြီးလှသနည်း။

၂၇ ပညာရှိစွာပြောဆိုခြင်းနှင့် မိုက်မဲစွာပြောဆိုခြင်း– ကောက်ကျစ်သောစကား၊ အသရေဖျက်သူ၊ မမှန်သောသက်သေနှင့် လိမ်လည်သူတို့ကို ယေဟောဝါအလွန်မုန်းတီးသောကြောင့် ဖော်ထုတ်ခံရမည်။ (၄:၂၄; ၆:၁၆-၁၉; ၁၁:၁၃; ၁၂:၁၇၊ ၂၂; ၁၄:၅၊ ၂၅; ၁၇:၄; ၁၉:၅၊ ၉; ၂၀:၁၇; ၂၄:၂၈; ၂၅:၁၈) လူတစ်ဦး၏နှုတ်မှ ကောင်းသောစကားကိုပြောလျှင် ယင်းသည် အသက်၏အရင်းအမြစ်ဖြစ်သည်; သို့သော် မိုက်မဲသူ၏နှုတ်သည် သူ၏ပျက်စီးရာအကြောင်းဖြစ်၏။ “လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကိုအစိုးရ၏၊ လျှာကိုနှစ်သက်သောသူသည်လည်း လျှာ၏အသီးကိုစားရ၏။” (၁၈:၂၁) အသရေဖျက်စကား၊ ကောက်ကျစ်စဉ်းလဲသောစကား၊ မြှောက်ပင့်စကားနှင့် အလျင်စလိုပြောသောစကားတို့ကို အပြစ်တင်ထားသည်။ အမှန်ကိုပြောခြင်း၊ ဘုရားသခင်ကိုချီးမွမ်းခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်သည်။—၁၀:၁၁၊ ၁၃၊ ၁၄; ၁၂:၁၃၊ ၁၄၊ ၁၈၊ ၁၉; ၁၃:၃; ၁၄:၃; ၁၆:၂၇-၃၀; ၁၇:၂၇၊ ၂၈; ၁၈:၆-၈၊ ၂၀; ၂၆:၂၈; ၂၉:၂၀; ၃၁:၂၆။

၂၈။ မာနကြီးခြင်းက အဘယ်ဆိုးကျိုးဖြစ်စေသနည်း၊ သို့သော် နှိမ့်ချခြင်းမှ အဘယ်အကျိုးကျေးဇူးများ ရရှိသနည်း။

၂၈ မာနကြီးခြင်း၏မိုက်မဲမှုနှင့် နှိမ့်ချမှုလိုအပ်ခြင်း– မာန်မာနကြီးသူသည် မိမိတွင်အမှန်တကယ်မရှိသောအမြင့်သို့ မိမိကိုယ်ကိုမြှင့်တင်ခြင်းကြောင့် ရုတ်တရက်အောက်သို့ထိုးကျတတ်၏။ မာနကြီးသောသူတို့ကို ယေဟောဝါစက်ဆုပ်ရွံရှာတော်မူ၏၊ သို့သော် ကိုယ်တော်သည် နှိမ့်ချသူတို့ကို ဉာဏ်ပညာ၊ ဘုန်းတန်ခိုး၊ စည်းစိမ်နှင့် အသက်တို့ကိုပေးသနားတော်မူ၏။—၃:၇; ၁၁:၂; ၁၂:၉; ၁၃:၁၀; ၁၅:၃၃; ၁၆:၅၊ ၁၈၊ ၁၉; ၁၈:၁၂; ၂၁:၄; ၂၂:၄; ၂၆:၁၂; ၂၈:၂၅၊ ၂၆; ၂၉:၂၃။

၂၉။ ပျင်းရိခြင်းကို မည်သို့သဘောထားရမည်နည်း၊ လုံ့လဝီရိယရှိခြင်း၏တန်ဖိုးကား အဘယ်နည်း။

၂၉ ပျင်းရိခြင်းမရှိဘဲ လုံ့လဝီရိယရှိခြင်း– လူပျင်းအကြောင်း များစွာဖော်ပြထားသည်။ လူပျင်းသည် ပုရွက်ဆိတ်ထံသွား၍ သင်ခန်းစာယူသင့်ပြီး ပညာရှိဖြစ်လာသင့်သည်။ သို့သော် လုံ့လဝီရိယရှိသူသည် ကြီးပွားလိမ့်မည်!—၁:၃၂; ၆:၆-၁၁; ၁၀:၄၊ ၅၊ ၂၆; ၁၂:၂၄; ၁၃:၄; ၁၅:၁၉; ၁၈:၉; ၁၉:၁၅၊ ၂၄; ၂၀:၄၊ ၁၃; ၂၁:၂၅၊ ၂၆; ၂၂:၁၃; ၂၄:၃၀-၃၄; ၂၆:၁၃-၁၆; ၃၁:၂၄၊ ၂၅။

၃၀။ သုတ္တံကျမ်းက ကောင်းသောအပေါင်းအသင်းကို မည်သို့အလေးပေးဖော်ပြသနည်း။

၃၀ ကောင်းသောအပေါင်းအသင်း– ယေဟောဝါအားမကြောက်သူ၊ လူဆိုး သို့မဟုတ် မိုက်မဲသူ၊ အမျက်ကြီးသူ၊ ကုန်းချောတတ်သူ၊ စားကြူးသူတို့နှင့်ပေါင်းခြင်းသည် မိုက်မဲရာရောက်သည်။ ယင်းအစား ပညာရှိသောသူနှင့်ပေါင်းသင်းပါ၊ သင်ပို၍ပညာရှိလာမည်။—၁:၁၀-၁၉; ၄:၁၄-၁၉; ၁၃:၂၀; ၁၄:၇; ၂၀:၁၉; ၂၂:၂၄၊ ၂၅; ၂၈:၇။

၃၁။ ဆုံးမခြင်းနှင့်စပ်လျဉ်း၍ ပညာရှိသြဝါဒကား အဘယ်နည်း။

၃၁ ဆုံးမပဲ့ပြင်မှုလိုအပ်ခြင်း– ‘ယေဟောဝါသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏၊’ ဤအဆုံးအမကိုဂရုပြုနာခံသူတို့သည် ဂုဏ်အသရေနှင့် အသက်လမ်းပေါ်တွင်ရှိသည်။ ဆုံးမခြင်းကိုမုန်းသူသည် အရှက်ရမည်။—၃:၁၁၊ ၁၂; ၁၀:၁၇; ၁၂:၁; ၁၃:၁၈; ၁၅:၅၊ ၃၁-၃၃; ၁၇:၁၀; ၁၉:၂၅; ၂၉:၁။

၃၂။ ဇနီးကောင်းတစ်ယောက်ဖြစ်ရေးအတွက် အဘယ်ဆုံးမသြဝါဒများ ပေးထားသနည်း။

၃၂ မိန်းမကောင်းဖြစ်ရန်သြဝါဒ– ရန်တွေ့တတ်သောမိန်းမ၊ အရှက်မရှိပြုမူတတ်သောမိန်းမ,မဖြစ်ရန် သုတ္တံကျမ်းတွင် ထပ်တလဲလဲသတိပေးထားသည်။ သမ္မာသတိရှိပြီး ဘုရားသခင်ကိုကြောက်ရွံ့သည့် အရည်အချင်းရှိသောဇနီးသည် မေတ္တာတရားအားဖြင့် နှုတ်မြွက်တတ်သည်; ထိုကဲ့သို့သောမိန်းမကို ရှာတွေ့သူမည်သူမဆိုသည် ယေဟောဝါထံမှ ကျေးဇူးတော်ကိုခံရသောသူဖြစ်သည်။—၁၂:၄; ၁၈:၂၂; ၁၉:၁၃၊ ၁၄; ၂၁:၉၊ ၁၉; ၂၇:၁၅၊ ၁၆; ၃၁:၁၀-၃၁။

၃၃။ သားသမီးလေ့ကျင့်ခြင်းတွင် အဘယ်အကျိုးပြုအကြံဉာဏ်များကို ပေးထားသနည်း။

၃၃ သားသမီးများကို ပြုစုပျိုးထောင်ခြင်း– ဘုရားသခင့်ပညတ်တော်များကို ‘မမေ့လျော့စေ’ ရန် သူတို့အား မှန်မှန်သင်ပေးပါ။ နို့စို့အရွယ်မှစ၍ ယေဟောဝါ၏ညွှန်ကြားချက်နှင့်အညီ ပျိုးထောင်ပါ။ လိုအပ်သောအခါ ကြိမ်လုံးမသုံးဘဲမနေပါနှင့်; မေတ္တာပြသည့်နည်းတစ်နည်းဖြစ်သော ကြိမ်လုံးနှင့်ဆုံးမခြင်းတို့သည် ကလေးအား ဉာဏ်ပညာကို ရရှိစေသည်။ သားသမီးကို ဘုရားသခင့်နည်းလမ်းဖြင့် ပြုစုပျိုးထောင်သောမိဘတို့သည် မိမိတို့ကို များစွာပျော်ရွှင်ကြည်နူးစေသည့် ပညာရှိသောရင်သွေးများ ရရှိပိုင်ဆိုင်မည်။—၄:၁-၉; ၁၃:၂၄; ၁၇:၂၁; ၂၂:၆၊ ၁၅; ၂၃:၁၃၊ ၁၄၊ ၂၂၊ ၂၄၊ ၂၅; ၂၉:၁၅၊ ၁၇။

၃၄။ အခြားသူများကို အကူအညီပေးရာတွင် တာဝန်ယူခြင်းသည် အဘယ်အကျိုးရှိသနည်း။

၃၄ အခြားသူများကိုကူညီရမည့်တာဝန်– ဤအချက်ကို သုတ္တံကျမ်း၌ မကြာခဏအလေးအနက်ဖော်ပြ၏။ ပညာရှိသောသူသည် အခြားသူများ၏အကျိုးအတွက် အသိပညာကိုပျံ့နှံ့စေရမည်။ လူတစ်ဦးသည် ဆင်းရဲသောသူတို့ကို ကျေးဇူးပြုရာ၌ရက်ရောရမည်ဖြစ်ပြီး ထိုအတိုင်းပြုခြင်းသည် ပြန်၍ဆပ်ပေးမည်ဟု အာမခံတော်မူသော ယေဟောဝါကို ချေးငှားခြင်းဖြစ်သည်။—၁၁:၂၄-၂၆; ၁၅:၇; ၁၉:၁၇; ၂၄:၁၁၊ ၁၂; ၂၈:၂၇။

၃၅။ ကျွန်ုပ်တို့ပြဿနာများ၏အဓိကအပိုင်းကို ဖြေရှင်းရာတွင် သုတ္တံကျမ်းက အဘယ်သြဝါဒကို ပေးထားသနည်း။

၃၅ ယေဟောဝါအပေါ် မှီခိုအားထားခြင်း– သုတ္တံကျမ်းက ယေဟောဝါအား အကြွင်းမဲ့ကိုးစားရန် သြဝါဒပေးခြင်းဖြင့် ကျွန်ုပ်တို့ပြဿနာများ၏အဓိကအပိုင်းကို ကိုင်တွယ်ဖြေရှင်းပေးသည်။ သွားလေရာရာ၌ ယေဟောဝါကို မျက်မှောက်ပြုရမည်ဖြစ်သည်။ လူသည် မိမိသွားမည့်လမ်းကို စီစဉ်မည်ဖြစ်သော်လည်း ယေဟောဝါသည် သူ၏ခြေလှမ်းများကို လမ်းညွှန်ပေးရမည်။ ယေဟောဝါနာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သူတို့သည်ပြေးဝင်သဖြင့် အကာအကွယ်ရကြ၏။ ယေဟောဝါကိုမျှော်လင့်၍ ကိုယ်တော့်နှုတ်ကပါဌ်တော်ကို လမ်းညွှန်အဖြစ်ခံယူပါ။—၃:၁၊ ၅၊ ၆; ၁၆:၁-၉; ၁၈:၁၀; ၂၀:၂၂; ၂၈:၂၅၊ ၂၆; ၃၀:၅၊ ၆။

၃၆။ သုတ္တံကျမ်းသည် ခေတ်မီ၊ လက်တွေ့ကျပြီး အကျိုးပြုကြောင်းကို အဘယ်ရှုထောင့်မှ ဖော်ပြနိုင်သနည်း။

၃၆ သုတ္တံကျမ်းသည် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အခြားသူတို့ကိုသွန်သင်ပေးရန်၊ ဆုံးမပေးရန်အတွက် အလွန်အကျိုးပြုသည်! မည်သည့်လူမှုဆက်ဆံရေးအဆင့်မျိုးကိုမျှ လျစ်လျူရှုထားပုံမရပါ။ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သူချင်းတို့နှင့် မိမိကိုယ်ကိုသီးခြားဖြစ်စေသူ တစ်စုံတစ်ဦးရှိသလော။ (၁၈:၁) တစ်ဦးတစ်ယောက်သည် နှစ်ဖက်စကားကို နားမထောင်ဘဲ စီရင်ဆုံးဖြတ်သော ရာထူးကြီးသူဖြစ်သလော။ (၁၈:၁၇) အန္တရာယ်ဖြစ်စေသော ကျီစားမှုကိုပြုတတ်သူလော။ (၂၆:၁၈၊ ၁၉) မျက်နှာလိုက်လိုသောသဘောရှိသူလော။ (၂၈:၂၁) စတိုးဆိုင်ပိုင်ရှင်၊ လယ်ကွင်းထဲမှလယ်သမား၊ ခင်ပွန်း၊ ဇနီးနှင့် သားသမီး—အားလုံးသည် ယင်းမှ အကျိုးဖြစ်ထွန်းသော သွန်သင်ချက်များ ရရှိကြသည်။ မိဘများသည် လူငယ်တို့သွားရာလမ်း၌ရှိတတ်သော ကွယ်ဝှက်နေသည့်ထောင်ချောက်များကို ဖော်ထုတ်ပေးနိုင်ရန် ထောက်ကူခံရကြ၏။ ပညာရှိသောသူတို့သည် အတွေ့အကြုံနုသူတို့အား သင်ကြားပေးနိုင်၏။ ပညာရှိသုတ္တံစကားများသည် မည်သည့်နေရာတွင်နေထိုင်ပါစေ လက်တွေ့ကျ၏; ကျမ်းပါညွှန်ကြားချက်များနှင့် သြဝါဒများသည် ဘယ်တော့မျှခေတ်နှောင်းမသွားပါ– “သုတ္တံကျမ်းသည် ယနေ့မနက်သတင်းစာထက် ပို၍ခေတ်မီသည်” ဟုအမေရိကန်ကျောင်းဆရာ ဝီလီယံ လွိုင် ဖဲလ့်စ် ဆိုခဲ့ဖူးသည်။ သုတ္တံကျမ်းသည် ဘုရားသခင်မှုတ်သွင်းတော်မူသောကျမ်းဖြစ်သောကြောင့် ခေတ်မီသည်၊ လက်တွေ့ကျသည်၊ သွန်သင်ရာ၌ အကျိုးပြုသည်။

၃၇။ သုတ္တံကျမ်းသည် သာ၍ကြီးမြတ်သောရှောလမုန်၏ သွန်သင်ချက်များနှင့် မည်သို့ကိုက်ညီသနည်း။

၃၇ များသောအားဖြင့် ရှောလမုန်မြွက်ကြားခဲ့သည့် သုတ္တံကျမ်းသည် ပဲ့ပြင်တည့်မတ်ရာတွင် အကျိုးပြုကာ လူတို့ကို အနန္တတန်ခိုးရှင်ဘုရားသခင်ထံသို့ လှည့်လာစေသည်။ ထိုကဲ့သို့ပင် မဿဲ ၁၂:၄၂ တွင် “ရှောလမုန်ထက် သာ၍ကြီးမြတ်သောသူ” အဖြစ်ရည်ညွှန်းခေါ်ဆိုခံရသူ ယေရှုသည်လည်း အလားတူပင်ဖြစ်သည်။

၃၈။ သုတ္တံကျမ်းသည် ဘုရားသခင့်နိုင်ငံတော်နှင့် ၎င်း၏ဖြောင့်မတ်သောမူများအပေါ် ကျွန်ုပ်တို့၏တန်ဖိုးထားလေးမြတ်မှုကို မည်သို့တိုးစေသနည်း။

၃၈ ဤထူးကဲစွာပညာရှိသူကို နိုင်ငံတော်မျိုးနွယ်အဖြစ် ယေဟောဝါရွေးကောက်တော်မူသည့်အတွက် ကျေးဇူးတော်ချီးမွမ်းဖွယ်ပါတကား! ငြိမ်းချမ်းသောအုပ်ချုပ်မှုသည် ဘုရင်ရှောလမုန်ထက် ပို၍ဘုန်းကြီးမည်ဖြစ်သောကြောင့် ကိုယ်တော်၏ပလ္လင်တော်သည် “ဖြောင့်မတ်ခြင်းအားဖြင့် တည်မြဲလိမ့်မည်။” [သမ္မာ] နိုင်ငံတော်အုပ်ချုပ်မှုနှင့်ပတ်သက်၍ အောက်ပါအတိုင်းဆိုရပါလိမ့်မည်– “ကရုဏာတရားနှင့်သစ္စာတရားသည် ရှင်ဘုရင်ကိုစောင့်မတတ်၏။ ရာဇပလ္လင်တော်သည် ကရုဏာတရားအားဖြင့် မြဲမြံတတ်၏။” “ဆင်းရဲသားတို့ကို တရားသဖြင့်စီရင်သော ရှင်ဘုရင်၏အာဏာတော်သည် အစဉ်အမြဲတည်တတ်၏” ဟူ၍လည်းသုတ္တံကျမ်းတွင်ဆိုထားသောကြောင့် လူသားများအတွက် ဖြောင့်မတ်သောအစိုးရ ထာဝစဉ်ရှိမည်ဖြစ်သည်။ ထို့ကြောင့် သုတ္တံကျမ်းသည် အသိပညာ၊ ဉာဏ်ပညာနှင့် သိနားလည်မှုအပြင် ထာဝရအသက်ရစေရန် ကျွန်ုပ်တို့လမ်းခရီးကို အလင်းပေးသည်သာမက ပို၍အရေးကြီးသည့်အချက်ဖြစ်သော ယေဟောဝါသည် နိုင်ငံတော်အမွေခံယေရှုမှတစ်ဆင့် ပို့ချပေးတော်မူသည့် စစ်မှန်သောဉာဏ်ပညာ၏ရင်းမြစ်ဖြစ်တော်မူကြောင်း ထင်ရှားဖော်ပြထား၍ ကျွန်ုပ်တို့သည် ရွှင်လန်းမှုနှင့်အတူ တန်ဖိုးထားလေးမြတ်လာကြသည်။ သုတ္တံကျမ်းသည် ဘုရားသခင့်နိုင်ငံတော်နှင့် ယခုစိုးမိုးကျင့်သုံးလျက်ရှိသော ဖြောင့်မတ်သောမူများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏တန်ဖိုးထားလေးမြတ်မှုကို တိုးပွားစေသည်။—သု. ၂၅:၅; ၁၆:၁၂; ၂၀:၂၈; ၂၉:၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ