ဤလောကသည် အဘယ်ဆီသို့ ဦးတည်နေသနည်း
ကြီးမားသောပြဿနာများနှင့် ထိတ်လန့်ဖွယ် အဖြစ်အပျက်များသည် ကမ္ဘာတစ်ဝန်း နေ့စဉ်သတင်းများ ဖြစ်လာနေပြီ! ယင်းတို့သည် အဘယ်အဓိပ္ပာယ်ရှိသနည်း။
တစ်ဦးစီ၏လုံခြုံမှု– ဈေးထဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်း။ ကျောင်းတွင် ဆရာနှင့် ကျောင်းသားများ သေနတ်ပစ်ခံရခြင်း။ မိဘများအလစ်တွင် ကလေးငယ်များ ပြန်ပေးဆွဲခံရခြင်း။ အမျိုးသမီးများနှင့် သက်ကြီးပိုင်းအမျိုးသားများ နေ့ခင်းကြောင်တောင် လုယက်ခံရခြင်း။
ဘာသာရေးအခြေအနေ– ချာ့ချ်များသည် အချင်းချင်းတိုက်ခိုက်ရန် အားပေးအားမြှောက်ပြုကြ။ မျိုးဖြုတ်သတ်ဖြတ်မှုတွင် ဓမ္မဆရာများ စွဲချက်တင်ခံရ။ ခရစ်ယာန်ဘုန်းကြီးများသည် ကလေးငယ်များကို လိင်ကိစ္စတွင်အမြတ်ထုတ်ကြ; ချာ့ချ်က ဖုံးကွယ်ထား။ ချာ့ချ်တက်သူအရေအတွက် လျော့နည်းလာ; ချာ့ချ်ကျောင်းများကို ရောင်းထုတ်လိုက်ရ။
ပတ်ဝန်းကျင်အခြေအနေ– စီးပွားရေးစီမံကိန်းများအတွက် သစ်တောများကို ခုတ်ထွင်ခဲ့ကြ။ လောင်စာအတွက် သစ်ခုတ်မှုကြောင့် သစ်တောများပြုန်းတီး။ မြေအောက်ရေညစ်ညမ်း၊ သောက်သုံးရန်မသင့်။ စက်မှုလုပ်ငန်းဆိုင်ရာ စွန့်ပစ်ပစ္စည်းများနှင့် ခေတ်သစ်နည်းပညာများက ငါးဖမ်းလုပ်ငန်းကို ပျက်စီးစေ။ အသက်ရှူကျပ်စေသော လေထုညစ်ညမ်းမှု။
အသက်မွေးဝမ်းကျောင်း– ဆဟာရတောင်ပိုင်း အာဖရိကဒေသတွင် လူတစ်ဦး၏ဝင်ငွေသည် တစ်နှစ်လျှင် (ယူ.အက်စ်.) ဒေါ်လာ ၄၈၀ ခန့်ဖြစ်သည်ဟု သတင်းရရှိ။ ကော်ပိုရေးရှင်းအဖွဲ့များ၏ လိုဘကြီးလွန်းမှုကြောင့် စီးပွားရေးလုပ်ငန်းများပျက်စီးပြီး လူထောင်နှင့်ချီ အလုပ်လက်မဲ့ဖြစ်ရ။ ကလိမ်ကျမှုကြောင့် ငွေရင်းနှီးမြှုပ်နှံသူများ၏ တစ်သက်တာရှာဖွေစုဆောင်းငွေများ ဆုံးရှုံးရ။
အစာခေါင်းပါးမှု– ကမ္ဘာတစ်ဝန်း လူပေါင်း ၈၀၀,၀၀၀,၀၀၀ ခန့်သည် ဆာဆာလောင်လောင်ဖြင့် အိပ်ရာဝင်ကြရ။
စစ်ပွဲ– ၂၀ ရာစုတွင်ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် လူ ၁၀၀,၀၀၀,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့။ လူသားအားလုံးကို အကြိမ်ပေါင်းများစွာ ပျက်စီးစေနိုင်လောက်သည့် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားကြ။ ပြည်တွင်းစစ်များ။ အကြမ်းဖက်မှု ကမ္ဘာချီဖြစ်နေ။
ကပ်ရောဂါများနှင့် အခြားရောဂါများ– ၁၉၁၈ ခုနှစ်မှစ၍ စပိန်တုပ်ကွေးကြောင့် လူပေါင်း ၂၁,၀၀၀,၀၀၀ သေဆုံးခဲ့။ ယခုအချိန်တွင် အေအိုင်ဒီအက်စ်သည် “လူ့သမိုင်းတွင် သေကျေမှုအများဆုံးကူးစက်ရောဂါ” ဖြစ်လာပြီ။ ကင်ဆာနှင့် နှလုံးရောဂါက ကမ္ဘာတစ်ဝန်း ဝမ်းနည်းပူဆွေးမှုဖြစ်စေ။
သတင်းအချက်အလက်များကို အာရုံစိုက်ကြည့်ပါ။ ယင်းတို့သည် တစ်နေရာတည်း၌သာဖြစ်သော အဖြစ်အပျက်များလော။ သို့မဟုတ်၊ အမှန်ထူးခြားသည့် ကမ္ဘာချီအဖြစ်အပျက်များလော။
[စာမျက်နှာ ၅ ပါ လေအထောင့်ကွက်/ရုပ်ပုံ]
ဘုရားသခင်သည် အမှန်ပင် ဂရုစိုက်တော်မူသလော
ထိတ်လန့်ဖွယ် အဖြစ်အပျက်များ သို့မဟုတ် ဆိုးရွားသော ပုဂ္ဂိုလ်ရေးဆုံးရှုံးမှုများကြောင့် ပူပင်သောကရောက်နေသူများစွာက ထိုသို့သောအရာများမဖြစ်ရန် ဘုရားသခင် အဘယ်ကြောင့် ကြားဝင် မဆောင်ရွက်ပေးသည်ကို စဉ်းစားမရဖြစ်နေကြသည်။
ဘုရားသခင် အမှန်ပင် ဂရုစိုက်တော်မူ၏။ ကိုယ်တော်သည် မျက်မှောက်ခေတ်အတွက် လမ်းညွှန်ချက်ကောင်းနှင့် စစ်မှန်သော စိတ်သက်သာမှုကို ပြင်ဆင်ပေးတော်မူ၏။ (မဿဲ ၁၁:၂၈-၃၀; ၂ တိမောသေ ၃:၁၆၊ ၁၇) အကြမ်းဖက်ခြ င်း၊ ဖျားနာခြင်းနှင့် သေခြင်းတို့ကို ထာဝစဉ်အဆုံးတိုင်စေရန် ကိုယ်တော်စီစဉ်ဆောင်ရွက်ပေးခဲ့ပြီ။ ကိုယ်တော်၏ စီစဉ်ဆောင်ရွက်ပေးမှုများက နိုင်ငံတစ်နိုင်ငံအတွင်းရှိ လူများကိုသာမဟုတ်ဘဲ နိုင်ငံအားလုံး၊ လူမျိုးအားလုံးနှင့် ဘာသာစကားအားလုံးမှ လူများကိုပါ ကိုယ်တော်ဂရုစိုက်တော်မူကြောင်း ဖော်ပြသည်။—တမန်တော် ၁၀:၃၄၊ ၃၅။
ဘုရားသခင်ကို ကျွန်ုပ်တို့ မည်မျှဂရုစိုက်ကြသနည်း။ ကောင်းကင်နှင့် မြေကြီး ဖန်ဆင်းတော်မူရှင်ကို သင်သိပါသလော။ ကိုယ်တော်၏အမည်ကား အဘယ်နည်း။ ကိုယ်တော်၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်းမေးခွန်းများကို သမ္မာကျမ်းစာတွင် ကိုယ်တော် ဖြေဆိုပေးထား၏။ အကြမ်းဖက်ခြင်းအပြင် ဖျားနာခြင်းနှင့် သေခြင်းတို့ကို အဆုံးတိုင်စေရန် ကိုယ်တော်ဆောင်ရွက်နေသည့် အစီအစဉ်အဆင့်ဆင့်ကို ထိုကျမ်းစာထဲတွင် ဖော်ပြထားသည်။ ယင်းမှ အကျိုးရရှိရန် ကျွန်ုပ်တို့ဘက်မှ အဘယ်အရာလုပ်ဆောင်ရန် လိုအပ်သနည်း။ ကိုယ်တော့်အကြောင်းနှင့် ကိုယ်တော်၏ရည်ရွယ်ချက်အကြောင်းတို့ကို ကျွန်ုပ်တို့လေ့လာရန်လိုသည်။ ကိုယ်တော်ကို ယုံကြည်ကြောင်း ကျွန်ုပ်တို့ မတင်ပြလျှင် ထိုပြင်ဆင်ပေးချက်များမှ မည်သို့အကျိုးရယူနိုင်မည်နည်း။ (ယောဟန် ၃:၁၆; ဟေဗြဲ ၁၁:၆) ထို့ပြင် ကိုယ်တော်၏တောင်းဆိုချက်များကို လိုက်နာရန်လည်းလိုသည်။ (၁ ယောဟန် ၅:၃) ယင်းတို့ကို အသင် အရေးတယူလုပ်ဆောင်နေပါသလော။
လက်ရှိအခြေအနေများကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုရကြောင်း သဘောပေါက်ရန် ကျွန်ုပ်တို့သည် အရေးကြီးသောကိစ္စတစ်ရပ်ကို နားလည်သဘောပေါက်ရမည်။ ယင်းအကြောင်းကို သမ္မာကျမ်းစာ၌ ရှင်းပြထာသည်။ ဤစာစောင်၏ စာမျက်နှာ ၁၅ တွင် ယင်းအရေးကိစ္စအကြောင်း ဖော်ပြထားပါသည်။