ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lv အခန်း ၇ စာ. ၇၄-၈၅
  • အသက်ကို ဘုရားသခင်နည်းတူ သင် တန်ဖိုးထားသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက်ကို ဘုရားသခင်နည်းတူ သင် တန်ဖိုးထားသလား
  • ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသက်နဲ့ သွေးဟာ မြင့်မြတ်ရာဖြစ်
  • ဆေးကုသတဲ့အခါ သွေးအသုံးပြုခြင်း
  • ယေဟောဝါရဲ့ ပညတ်တွေက ကိုယ်တော်ရဲ့ ဖခင်မေတ္တာကို ဖော်ပြ
  • ဘေးဖြစ်စေတဲ့ အတွေးအခေါ်ကို ရှောင်ပါ
  • သွေးပြစ်ကျူးလွန်တဲ့ အဖွဲ့အစည်းတွေနဲ့ ကင်းကင်းရှင်းရှင်းနေပါ
  • နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းဖြင့် အသက်ကို တန်ဖိုးထားပါ
  • အသက်ကို ဘုရားသခင်နည်းတူ တန်ဖိုးထားသလား
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • အသက်နဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • သင်၏အသက်ဆုကျေးဇူးကို မှန်ကန်စွာတန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • အသက်ဆုလက်ဆောင်ကို တန်ဖိုးထားလေးမြတ်ပါ
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
lv အခန်း ၇ စာ. ၇၄-၈၅
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်လွှဲစာပုံစံမှာ ​မိမိရဲ့ဆုံးဖြတ်ချက်တွေ ချရေးနေတဲ့ခရစ်ယာန်အမျိုးသမီး

အခန်း ၇

အသက်ကို ဘုရားသခင်နည်းတူ သင် တန်ဖိုးထားသလား

“ကိုယ်တော်ဟာ အသက်ရဲ့ပင်ရင်းပါ။”​—ဆာလံ ၃၆:၉။

၁၊ ၂။ (က) ဘုရားဆီက ဘယ်အဖိုးတန်ဆုလက်ဆောင်ကို ကျွန်တော်တို့ ရရှိထားသလဲ။ (ခ) အခုအချိန်မှာ ကျမ်းစာမူတွေကို ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိဖို့ ဘာကြောင့် သိပ်အရေးကြီးသလဲ။

ကောင်းကင်ဖခင်ဟာ ကျွန်တော်တို့ကို တန်ဖိုးမဖြတ်နိုင်တဲ့ အသက်ဆုလက်ဆောင် ပေးထားတယ်။ ဒါကြောင့် ဘုရားရဲ့ အရည်အသွေးတွေကို တုပနိုင်စွမ်းရှိတဲ့ အသိဉာဏ်ရှိ လူသားတွေအဖြစ် အသက်ရှင်နိုင်ကြတယ်။ (ကမ္ဘာဦး ၁:၂၇) ဒီအဖိုးတန်ဆုလက်ဆောင်ကြောင့် ကျွန်တော်တို့ဟာ ကျမ်းစာမူတွေကို ဆင်ခြင်သုံးသပ်နိုင်ကြတယ်။ ကျမ်းစာမူတွေကို လိုက်နာမယ်ဆိုရင် “အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထားတဲ့” “ပိုင်းခြားသိမြင်နိုင်စွမ်း” ရှိသူတွေ၊ ယေဟောဝါကိုချစ်တဲ့ ရင့်ကျက်သူတွေ ဖြစ်လာနိုင်တယ်။​—ဟီဘရူး ၅:၁၄။

၂ အခုအချိန်မှာ ကျမ်းစာမူတွေကို ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိဖို့ သိပ်အရေးကြီးတယ်။ အကြောင်းကတော့ ဒီလောကကြီးဟာ အလွန် ရှုပ်ထွေးလာတဲ့အတွက် ဘဝမှာ ကြုံတွေ့နိုင်တဲ့ အခြေအနေတိုင်းကို ဖြေရှင်းနိုင်တဲ့ စည်းမျဉ်းဥပဒေတွေ ရှိနိုင်မှာ မဟုတ်လို့ပဲ။ ဒီအချက်ကို ဆေးသိပ္ပံပညာက ကောင်းစွာ ဖော်ပြတယ်။ အထူးသဖြင့် သွေးပါဝင်တဲ့ ဆေးဝါးတွေ၊ ဆေးကုထုံးတွေနဲ့ပတ်သက်တယ်။ ဒါဟာ ယေဟောဝါကို နာခံချင်သူတွေအတွက် အရေးကြီးကိစ္စ ဖြစ်တယ်။ သက်ဆိုင်ရာ ကျမ်းစာမူတွေကို နားလည်ထားမယ်ဆိုရင် အမှားအမှန်သိစိတ် ကြည်လင်စေတဲ့၊ ဘုရားရဲ့မေတ္တာ အမြဲခံစားရစေတဲ့ ပညာရှိဆုံးဖြတ်ချက်တွေ ချနိုင်တယ်။ (ပညာအလိမ္မာ ၂:၆-၁၁) အဲဒီမူတချို့ကို သုံးသပ်ကြည့်ကြစို့။

အသက်နဲ့ သွေးဟာ မြင့်မြတ်ရာဖြစ်

၃၊ ၄။ ကျမ်းစာမှာ သွေးရဲ့ မြင့်မြတ်မှုကို ဘယ်အချိန်မှာ ဦးဆုံး ဖော်ပြခဲ့သလဲ။ ဒါဟာ ဘယ်အခြေခံ အမှန်တရားတွေအပေါ် အခြေပြုသလဲ။

၃ အာဗေလကို ကာအိန သတ်ပြီးနောက် မကြာခင် အသက်နဲ့ သွေးရဲ့ ဆက်စပ်မှု၊ အသက်နဲ့ သွေးရဲ့ မြင့်မြတ်မှုကို ယေဟောဝါ ဦးဆုံးဖော်ပြခဲ့တယ်။ “မင်းညီရဲ့သွေးက မြေကြီးထဲကနေ ငါ့ကို အော်ဟစ်နေပြီ” လို့ ကာအိနကို ဘုရား ပြောတယ်။ (ကမ္ဘာဦး ၄:၁၀) ယေဟောဝါရဲ့အမြင်မှာ အာဗေလရဲ့သွေးဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ သူ့အသက်ကို ကိုယ်စားပြုတယ်။ ဒါကြောင့် အာဗေလရဲ့သွေးဟာ လက်စားချေပေးဖို့ ဘုရားကို အော်ဟစ်တယ်လို့ ပြောနိုင်တယ်။​—ဟီဘရူး ၁၂:၂၄။

၄ နောဧခေတ် ရေလွှမ်းမိုးဘေးပြီးနောက် ဘုရားသခင်ဟာ လူတွေကို တိရစ္ဆာန်ရဲ့အသား စားခွင့်ပြုခဲ့ပေမဲ့ သွေးကို စားခွင့်မပြုဘူး။ “သွေးဟာ အသက်ဖြစ်လို့ သွေးပါတဲ့အသားကိုတော့ မစားနဲ့။ ဒါ့အပြင် တစ်ယောက်ယောက်က မင်းတို့ကို သတ်ခဲ့ရင် အသက်ဖြစ်တဲ့ သူ့ရဲ့သွေးကို ငါပြန်တောင်းမယ်” လို့ ဘုရား ပြောတယ်။ (ကမ္ဘာဦး ၉:၄၊ ၅) ဒီအမိန့်ဟာ ကျွန်တော်တို့ခေတ်အထိ နောဧရဲ့ သားစဉ်မြေးဆက်အားလုံးနဲ့ သက်ဆိုင်တယ်။ ဒီအမိန့်က ကာအိနကို ဘုရားပြောခဲ့တဲ့စကားမှာပါတဲ့ အခြေခံအမှန်တရားကို ထပ်မံအတည်ပြုတယ်။ အဲဒီအမှန်တရားကတော့ သွေးဟာ သက်ရှိအားလုံးရဲ့ အသက်ကို ကိုယ်စားပြုတယ်ဆိုတာပဲ။ ဒါ့အပြင် အသက်ရဲ့ ရင်းမြစ်ဖြစ်တဲ့ ယေဟောဝါဟာ အသက်နဲ့ သွေးကို မလေးမြတ်သူအားလုံးကို အရေးယူမယ်ဆိုတဲ့ အမှန်တရားကိုလည်း ဖော်ပြတယ်။​—ဆာလံ ၃၆:၉။

၅၊ ၆။ သွေးဟာ မြင့်မြတ်ပြီး တန်ဖိုးရှိကြောင်း မောရှေပညတ်က ဘယ်လို ဖော်ပြသလဲ။ (“တိရစ္ဆာန်တွေရဲ့အသက်ကို လေးမြတ်ခြင်း” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၅ အဲဒီအခြေခံအမှန်တရားနှစ်ခုကို မောရှေပညတ်မှာ တွေ့နိုင်တယ်။ ဝတ်ပြုရာ ၁၇:၁၀၊ ၁၁ မှာ ဒီလို ဖတ်ရတယ်– “သွေးတစ်မျိုးမျိုးကို စားရင် စားတဲ့လူကို ငါငြင်းပယ်ပြီး ပယ်ရှင်းမယ်။ သတ္တဝါရဲ့ အသက်ဟာ သွေးမှာ ရှိတယ်။ မင်းတို့ရဲ့အပြစ်ကို ဖြေဖို့ သွေးကို ပူဇော်ရာပလ္လင်ပေါ်မှာ လောင်းရမယ်လို့ ငါသတ်မှတ်ထားပြီ။ အသက်ဟာ သွေးမှာရှိတဲ့အတွက် အပြစ်ကိုဖြေပေးနိုင်တာ သွေးပဲ။”a​—“သွေးရဲ့ အပြစ်ဖြေနိုင်စွမ်း” လေးထောင့်ကွက်ကို ကြည့်ပါ။

သွေးရဲ့ အပြစ်ဖြေနိုင်စွမ်း

သွေးဟာ အသက်နဲ့ တန်းတူပဲလို့ ကျမ်းစာ ယူမှတ်တယ်။ ဒါကြောင့် ရှေးအစ္စရေးနိုင်ငံမှာ ဘုရားပညတ်တွေ ချိုးဖောက်တဲ့သူဟာ နောင်တရမယ်ဆိုရင် ပြစ်ဒဏ်စီရင်ခံရမယ့်အစား ပူဇော်ရာပလ္လင်မှာ တိရစ္ဆာန်ပူဇော်သက္ကာ ပူဇော်နိုင်တယ်။ (ဝတ်ပြုရာ ၄:၂၇-၃၁) ဒီပူဇော်သက္ကာဟာ အပြစ်ဖြေပေးပေမဲ့ ခဏပဲ ဖြစ်တယ်။

ကျမ်းစာမှာပါတဲ့ “အပြစ်ဖြေခြင်း” ဆိုတာ “လဲလှယ်ခြင်း” ဒါမှမဟုတ် အိုးခွက်ကို အံကိုက်ဖုံးနိုင်တဲ့ အဖုံးလို “ဖုံးအုပ်ခြင်း” ကို ဆိုလိုတယ်။ ဘယ်တိရစ္ဆာန်ကမှ လူ့အပြစ်တွေကို အပြည့်အဝ “မဖုံးအုပ်” ပေးနိုင်ဘူး ဒါမှမဟုတ် အပြစ်မဖြေပေးနိုင်ဘူး။ ဒါပေမဲ့ တိရစ္ဆာန် ပူဇော်သက္ကာတွေဟာ လာမယ့် ပြည့်ဝစုံလင်တဲ့ အပြစ်ဖြေရာ ပူဇော်သက္ကာရဲ့ အရိပ်ဖြစ်တယ်။​—ဟီဘရူး ၁၀:၁၊ ၄။

ယေရှုခရစ်ရဲ့ “ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းအပြီး ပူဇော်” ခြင်းအားဖြင့် ပြည့်ဝစုံလင်တဲ့ အပြစ်ဖြေရာ ပူဇော်သက္ကာကို ရရှိစေတယ်။ (ဟီဘရူး ၁၀:၁၀) “အနာအဆာ၊ အစွန်းအထင်းကင်းတဲ့ သိုးသငယ်ရဲ့ သွေးနဲ့တူတဲ့ ခရစ်တော်ရဲ့ တန်ဖိုးကြီးတဲ့သွေး” က ခရစ်တော်ရဲ့ စုံလင်တဲ့ လူ့အသက်ကို ကိုယ်စားပြုတယ်။ အဲဒါဟာ အာဒံဆုံးရှုံးခဲ့တဲ့အသက်နဲ့ တစ်ထပ်တည်း ညီမျှတယ်။ (၁ ပေတရု ၁:၁၉) ဒါကြောင့် အကောင်းဆုံး၊ မေတ္တာအရှိဆုံးနည်းနဲ့ တရားမျှတမှုရှိစေတဲ့အပြင် ကျွန်တော်တို့အတွက် “ထာဝရလွတ်မြောက်ခွင့်” ရရှိစေတယ်။​—ဟီဘရူး ၉:၁၁၊ ၁၂။ ယောဟန် ၃:၁၆။ ဗျာဒိတ် ၇:၁၄။

၆ သတ်လိုက်တဲ့ တိရစ္ဆာန်ရဲ့သွေးကို ပူဇော်ရာပလ္လင်ပေါ်မှာ အသုံးမပြုရင် မြေပေါ် သွန်ရမယ်။ ဒါဟာ အသက်ကို ပိုင်ရှင်ဆီ ပြန်ပေးအပ်တဲ့သဘောပဲ။ (တရားဟောရာ ၁၂:၁၆။ ယေဇကျေလ ၁၈:၄) ဒါပေမဲ့ အစ္စရေးလူမျိုးဟာ သူတို့စားမယ့်အသားကနေ သွေးတစ်စက်မကျန် ဖယ်ထုတ်တဲ့အထိ အစွန်းရောက်ဖို့ မလိုဘူး။ အစ္စရေးတစ်ဦးဟာ တိရစ္ဆာန်ကို သတ်ပြီး သွေးကို ထုတ်လိုက်တယ်ဆိုရင် အမှားအမှန်သိစိတ် ကြည်လင်စွာ စားသုံးနိုင်တယ်။ ဒါဟာ အသက်ပေးရှင်ကို လေးစားတယ်ဆိုတာ ဖော်ပြရာရောက်တယ်။

၇။ သွေးရဲ့ မြင့်မြတ်မှုကို လေးစားကြောင်း ဒါဝိဒ် ဘယ်လိုဖော်ပြသလဲ။

၇ “[ဘုရားသခင်နဲ့] စိတ်သဘောထားချင်း ကိုက်ညီသူ” ဒါဝိဒ်ဟာ သွေးပညတ်ရဲ့ နောက်ကွယ်မှာရှိတဲ့ မူတွေကို နားလည်တယ်။ (တမန်တော် ၁၃:၂၂) တစ်ခါက သူ အလွန် ရေငတ်နေတယ်။ သူ့စစ်သည် သုံးဦးဟာ ရန်သူ့စခန်းကို ထိုးဖောက်ပြီး ရေတွင်းထဲက ရေကို ခပ်ယူလာကြတယ်။ ဒါဝိဒ် ဘယ်လို တုံ့ပြန်သလဲ။ “ဒီရေဟာ ကိုယ့်အသက်ကို ရင်းပြီး သွားယူတဲ့သူတွေရဲ့ သွေးပါ” လို့ သူပြောတယ်။ သူ့အမြင်မှာ ဒီရေဟာ သူ့လူတွေရဲ့ အသက်သွေးနဲ့ တူတယ်။ ဒါကြောင့် ရေငတ်နေပေမဲ့ မသောက်ဘဲ “ယေဟောဝါရှေ့မှာ သွန်ချလိုက်တယ်။”​—၂ ရှမွေလ ၂၃:၁၅-၁၇။

၈၊ ၉။ အသက်နဲ့ သွေးအပေါ် ဘုရားရဲ့ ရှုမြင်ပုံဟာ ခရစ်ယာန်အသင်းတော် တည်ထောင်ချိန်မှာ ပြောင်းလဲခဲ့သလား။ ရှင်းပြပါ။

၈ နောဧခေတ် ရေလွှမ်းမိုးဘေးပြီးနောက် နှစ်ပေါင်း ၂,၄၀၀ ခန့်၊ ပညတ်ပဋိညာဉ် ပေးပြီးနောက် နှစ်ပေါင်း ၁,၅၀၀ ခန့်မှာ ယေဟောဝါဟာ အစောပိုင်း ခရစ်ယာန်အသင်းတော်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ဒီလိုရေးဖို့ လှုံ့ဆော်တယ်– “လိုက်နာရမယ့် ဒီအရာတွေကလွဲလို့ တခြားဝန်ကို ခင်ဗျားတို့အပေါ် ထပ်မတင်ဖို့ သန့်ရှင်းသော စွမ်းအားတော် အကူအညီနဲ့ ကျွန်တော်တို့ သဘောတူ ဆုံးဖြတ်နိုင်ခဲ့တယ်– ရုပ်တုရှေ့ ပူဇော်ထားတဲ့အရာ၊ သွေး၊ လည်ညှစ်သတ်ထားတဲ့ တိရစ္ဆာန်၊ လိင်အကျင့်ယိုယွင်းမှုကို အမြဲ ရှောင်ကြဉ်ကြပါ။”​—တမန်တော် ၁၅:၂၈၊ ၂၉။

၉ သွေးဟာ မြင့်မြတ်တယ်၊ သွေးကို တလွဲသုံးတာဟာ ရုပ်တုကိုးကွယ်တာ၊ လိင်အကျင့်ယိုယွင်းတာလို ကိုယ်ကျင့်တရားအရ မှားယွင်းတယ်ဆိုတာ အစောပိုင်း အုပ်ချုပ်ရေးအဖွဲ့ သိနားလည်မှန်း ရှင်းနေပါတယ်။ ဒါကို ဒီနေ့ ခရစ်ယာန်စစ်တွေလည်း လက်ခံကြတယ်။ ဒါ့အပြင် သူတို့ဟာ သွေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ကျမ်းစာမူတွေကို တွေးတောဆင်ခြင်တဲ့အတွက် ယေဟောဝါရဲ့စိတ်ကို ရွှင်လန်းစေနိုင်ကြတယ်။

ဆေးကုသတဲ့အခါ သွေးအသုံးပြုခြင်း

ဆရာဝန်ကို သွေးနဲ့ပတ်သက်တဲ့ ​မိမိရဲ့ဆုံးဖြတ်ချက်တွေကို ရှင်းပြနေတဲ့ ခရစ်ယာန်အမျိုးသမီး

သွေးအပိုင်းအစတွေ အသုံးပြုတာနဲ့ပတ်သက်ပြီး ငါ့ဆုံးဖြတ်ချက်ကို ဆရာဝန်ကို ဘယ်လို ရှင်းပြမလဲ

၁၀၊ ၁၁။ (က) သွေးသွင်းတာနဲ့ သွေးအစိတ်အပိုင်းလေးခု သွင်းတာကို ယေဟောဝါသက်သေတွေ ဘယ်လို ရှုမြင်ကြသလဲ။ (ခ) သွေးနဲ့ပတ်သက်တဲ့ ဘယ်ကိစ္စတွေမှာ ခရစ်ယာန်တွေရဲ့ သဘောထား ကွဲပြားနိုင်သလဲ။

၁၀ ‘သွေးကို ရှောင်ကြဉ်’ တယ်ဆိုတာ သွေးမသွင်းတာ၊ သွေးမလှူတာ၊ သွေးကို သိမ်းဆည်းမထားတာကို ဆိုလိုမှန်း ယေဟောဝါသက်သေတွေ သိကြတယ်။ သူတို့ဟာ ဘုရားပညတ်ကို လေးစားတဲ့အတွက် သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား၊ သွေးရည်ကြည်ဖြစ်တဲ့ သွေးရဲ့ အဓိကအစိတ်အပိုင်းလေးခုကိုလည်း လက်မခံကြဘူး။

၁၁ အခုခေတ်မှာ အဲဒီသွေးအစိတ်အပိုင်းလေးခုကို အပိုင်းအစတွေအဖြစ် ထပ်ဆင့် ခွဲထုတ်ယူပြီး နည်းအမျိုးမျိုးနဲ့ သုံးနေကြတယ်။ ခရစ်ယာန်တစ်ဦးဟာ ဒီအပိုင်းအစတွေကို လက်ခံနိုင်သလား။ ဒါတွေကို “သွေး” အဖြစ် သူရှုမြင်သလား။ ဒါနဲ့ပတ်သက်လို့ တစ်ဦးစီ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချရမယ်။ ဒါ့အပြင် ကိုယ့်သွေးကို သိုလှောင်ထားခြင်းမဟုတ်တဲ့ ဟီမိုဒိုင်ယာလစ်စစ် (သွေးကို စက်အတွင်း လည်ပတ်သန့်စင်ပြီး ကျောက်ကပ်ဆေးခြင်း)၊ သွေးကျဲစေခြင်း၊ ဆဲလ်ဆယ်ထုတ်ခြင်းစတဲ့ ဆေးကုထုံးတွေနဲ့ပတ်သက်လို့လည်း ကိုယ်တိုင် ဆုံးဖြတ်ရမယ်။​—“သွေးအပိုင်းအစတွေနဲ့ ခွဲစိတ်ကုသနည်းတွေ” နောက်ဆက်တွဲကို ကြည့်ပါ

၁၂။ အမှားအမှန်သိစိတ်နဲ့ဆိုင်တဲ့ ကိစ္စတွေကို ကျွန်တော်တို့ ဘယ်လို ရှုမြင်ပြီး ကိုင်တွယ်သင့်သလဲ။

၁၂ ကိုယ်ပိုင်ဆုံးဖြတ်ရမယ့် ကိစ္စတွေဟာ ယေဟောဝါအတွက် အရေးမကြီးဘူးလို့ ဆိုလိုသလား။ မဆိုလိုဘူး။ အကြောင်းကတော့ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ သဘောထား၊ စိတ်လှုံ့ဆော်မှုတွေကို အလွန် စိတ်ဝင်စားလို့ပဲ။ (ပညာအလိမ္မာ ၁၇:၃ နဲ့ ၂၄:၁၂ ကိုဖတ်ပါ။) ဒါကြောင့် ဆေးဝါး ဒါမှမဟုတ် ဆေးကုထုံးတစ်ခုခုအကြောင်း ဆုတောင်းပြီး ရှာဖွေလေ့လာပါ။ အဲဒီနောက် ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်ကို နားထောင်သင့်တယ်။ (ရောမ ၁၄:၂၊ ၂၂၊ ၂၃) တခြားသူတွေက ကျွန်တော်တို့အတွက် မဆုံးဖြတ်ပေးသင့်ဘူး။ ကျွန်တော်တို့ကလည်း “ကျွန်တော့်နေရာမှာ ခင်ဗျားသာဆိုရင် ဘယ်လိုလုပ်မလဲ” လို့ မမေးသင့်ဘူး။ ဒီလိုကိစ္စမျိုးမှာ ခရစ်ယာန်တစ်ဦးစီဟာ “ကိုယ့်တာဝန်ကိုယ် ထမ်းရ” မယ်။b​—ဂလာတိ ၆:၅။ ရောမ ၁၄:၁၂။ “သွေးကို မြင့်မြတ်ရာအဖြစ် ငါရှုမြင်သလား” လေးထောင့်ကွက်ကို ကြည့်ပါ။

သွေးကို မြင့်မြတ်ရာအဖြစ် ငါရှုမြင်သလား

မူ– ‘သွေးကို ရှောင်ကြဉ်ပါ။’​—တမန်တော် ၁၅:၂၀။

မိမိကိုယ်ကို မေးရမယ့် မေးခွန်းတချို့

  • သွေးရဲ့ အဓိကအစိတ်အပိုင်းလေးခုနဲ့ သွေးအပိုင်းအစတွေ ကွာခြားပုံကို ငါ ဘယ်လိုရှင်းပြမလဲ။e

  • သွေးအပိုင်းအစတွေ ဒါမှမဟုတ် ငါ့သွေးကို အသုံးပြုထားတဲ့ ဆေးကုထုံးတွေကို လက်ခံမယ်၊ လက်မခံဘူးနဲ့ပတ်သက်ပြီး ဘာကြောင့် ကိုယ်တိုင် ဆုံးဖြတ်သင့်သလဲ။​—ရောမ ၁၂:၂။ ဂလာတိ ၆:၅။

  • သွေးအပိုင်းအစတွေကို ဘာကြောင့် လက်ခံမယ်၊ လက်မခံဘူးနဲ့ပတ်သက်ပြီး ဆရာဝန်ကို ဘယ်လိုရှင်းပြမလဲ။​—ပညာအလိမ္မာ ၁၃:၁၆။

ယေဟောဝါရဲ့ ပညတ်တွေက ကိုယ်တော်ရဲ့ ဖခင်မေတ္တာကို ဖော်ပြ

၁၃။ ယေဟောဝါရဲ့ ပညတ်တွေနဲ့ မူတွေက ကိုယ်တော့်အကြောင်း ဘာဖော်ပြသလဲ။ ဥပမာပေးပါ။

၁၃ ကျမ်းစာမှာပါတဲ့ ပညတ်နဲ့ မူတွေက ယေဟောဝါဟာ ဉာဏ်ပညာရှိတဲ့ ပညတ်ပေးရှင်၊ သားသမီးတွေရဲ့ အကျိုးကို အလွန်စိတ်ဝင်စားတဲ့ မေတ္တာရှိဖခင် ဖြစ်ကြောင်း ဖော်ပြတယ်။ (ဆာလံ ၁၉:၇-၁၁) ‘သွေးကို ရှောင်ကြဉ်’ ပါဆိုတဲ့ ပညတ်ကို ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းတစ်ခုအဖြစ် ပေးထားတာ မဟုတ်ပေမဲ့ သွေးသွင်းခြင်းနဲ့ဆက်နွှယ်တဲ့ ရောဂါတွေကနေ ကျွန်တော်တို့ကို ကာကွယ်ပေးတယ်။ (တမန်တော် ၁၅:၂၀) တကယ်တော့ ဆေးပညာလောကမှာရှိတဲ့ လူများစွာဟာ သွေးမဲ့ခွဲစိတ်ကုသတာကို ခေတ်သစ်ဆေးကုသမှုရဲ့ “အကောင်းဆုံး စံနှုန်း” အဖြစ် ယူမှတ်ကြတယ်။ ခရစ်ယာန်စစ်တွေအတွက်တော့ ဒါဟာ ယေဟောဝါရဲ့ အတိုင်းအဆမဲ့ ဉာဏ်ပညာနဲ့ ဖခင်မေတ္တာကို ထပ်မံ အတည်ပြုပေးခြင်းသာ ဖြစ်တယ်။​—ဟေရှာယ ၅၅:၉ ကိုဖတ်ပါ။ ယောဟန် ၁၄:၂၁၊ ၂၃။

၁၄၊ ၁၅။ (က) မိမိလူမျိုးအပေါ်ထားတဲ့ ဘုရားရဲ့မေတ္တာကို ဘယ်ပညတ်တွေမှာ တွေ့ရသလဲ။ (ခ) ဘေးကင်းစေတဲ့ ဒီသတိပေးချက်တွေရဲ့ နောက်ကွယ်မှာရှိတဲ့ မူတွေကို သင် ဘယ်လို ကျင့်သုံးနိုင်သလဲ။

၁၄ ရှေးအစ္စရေးလူမျိုးရဲ့ အကျိုးကို ဘုရား စိတ်ဝင်စားကြောင်း ကိုယ်တော့်ပညတ်တွေမှာ တွေ့ရတယ်။ ဥပမာ၊ အစ္စရေးတွေဟာ အိမ်မိုးပေါ်မှာ အလုပ်အမျိုးမျိုး လုပ်ဆောင်တဲ့အတွက် မတော်တဆမှု မဖြစ်ဖို့ အိမ်မိုးပတ်လည်မှာ အကာအရံလုပ်ရမယ်လို့ ပညတ်ထားတယ်။ (တရားဟောရာ ၂၂:၈။ ၁ ရှမွေလ ၉:၂၅၊ ၂၆။ နေဟမိ ၈:၁၆။ တမန်တော် ၁၀:၉) ဒါ့အပြင် ခွေ့တတ်တဲ့ နွားကို ချည်ထားရမယ်လို့ ပညတ်ထားတယ်။ (ထွက်မြောက်ရာ ၂၁:၂၈၊ ၂၉) ဒီပညတ်တွေကို လျစ်လျူရှုတာဟာ သူတစ်ပါးအကျိုးကို လုံးဝ ထည့်မတွက်ရာရောက်ပြီး သွေးပြစ်သင့်စေနိုင်တယ်။

၁၅ အဲဒီပညတ်တွေနောက်ကွယ်မှာ ရှိတဲ့ မူတွေကို ဘယ်လို ကျင့်သုံးနိုင်သလဲ။ ကိုယ်အသုံးပြုတဲ့ယာဉ်၊ ယာဉ်မောင်းပုံမောင်းနည်း၊ အိမ်မွေးတိရစ္ဆာန်၊ နေအိမ်၊ အလုပ်ခွင်၊ အပန်းဖြေမှု ရွေးချယ်တာတွေနဲ့ ပတ်သက်လို့ စဉ်းစားကြည့်ပါ။ နိုင်ငံတချို့မှာ လူငယ်တွေဟာ မလိုအပ်တဲ့ စွန့်စားမှုတွေ လုပ်ကြလို့ မတော်တဆမှု ဖြစ်ပြီး သေဆုံးကြရတယ်။ ဒါပေမဲ့ ဘုရားရဲ့မေတ္တာ အမြဲခံစားချင်တဲ့ လူငယ်တွေဟာ အသက်ကို တန်ဖိုးထားကြတယ်။ သည်းထိတ်ရင်ဖိုဖြစ်အောင် အန္တရာယ်ရှိတဲ့လုပ်ရပ်တွေကို လုပ်ဆောင်ကြမှာ မဟုတ်ဘူး။ လူငယ်ဘဝဟာ အန္တရာယ်ကင်းတယ်ဆိုတဲ့ မိုက်ရူးရဲဆန်ဆန်အတွေးမျိုး မရှိဘူး။ အန္တရာယ်ဖြစ်စေတဲ့အရာတွေကို ရှောင်တဲ့အတွက် လူငယ်ဘဝရဲ့ ပျော်ရွှင်မှုကို သူတို့ ခံစားကြရတယ်။​—ဒေသနာ ၁၁:၉၊ ၁၀။

၁၆။ ဘယ်ကျမ်းစာမူဟာ ကိုယ်ဝန်ဖျက်ချတာနဲ့ သက်ဆိုင်သလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

၁၆ မမွေးသေးတဲ့ ကလေးရဲ့ အသက်တောင် ဘုရားအမြင်မှာ တန်ဖိုးရှိတယ်။ ရှေးအစ္စရေးနိုင်ငံမှာ လူတစ်ဦးဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ထိခိုက်မိလို့ မိခင်ဖြစ်စေ၊ ကလေးဖြစ်စေ သေဆုံးရင် သူ့ကို လူ့အသက်သတ်သူလို့ ဘုရား ယူမှတ်တယ်။ သူဟာ “အသက်အတွက် အသက်” ပြန်လျော်ပေးရမယ်။c (ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃ ကိုဖတ်ပါ။) ဒါဆိုရင် ကိုယ်ကျိုးအတွက်၊ လိင်အကျင့်ယိုယွင်းဖို့အတွက် နှစ်စဉ် သန္ဓေသားများစွာ ဖျက်ချနေတာကို မြင်တဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရမလဲ။

၁၇။ ဘုရားရဲ့ စံနှုန်းတွေကို မသိခင် ကိုယ်ဝန်ဖျက်ချဖူးသူကို သင် ဘယ်လို နှစ်သိမ့်ပေးမလဲ။

၁၇ ဒါပေမဲ့ ကျမ်းစာအမှန်တရား မသိခင်က ကိုယ်ဝန်ဖျက်ချဖူးတဲ့ အမျိုးသမီးတစ်ဦးနဲ့ပတ်သက်လို့ကော။ သူ ဘုရားရဲ့ကရုဏာ ခံစားရမှာ မဟုတ်ဘူးလို့ ဆိုလိုသလား။ မဆိုလိုဘူး။ စစ်မှန်တဲ့နောင်တရသူဟာ ယေရှုရဲ့သွေးကို အခြေပြုပြီး ယေဟောဝါရဲ့ ခွင့်လွှတ်မှု ခံစားရနိုင်တယ်။ (ဆာလံ ၁၀၃:၈-၁၄။ ဧဖက် ၁:၇) ခရစ်တော်ကိုယ်တိုင်က “ကျွန်တော်လာတာ ဖြောင့်မတ်သူတွေအတွက် မဟုတ်ဘူး။ အပြစ်သားတွေ နောင်တရစေဖို့ လာတာ” လို့ပြောတယ်။​—လုကာ ၅:၃၂။

ဘေးဖြစ်စေတဲ့ အတွေးအခေါ်ကို ရှောင်ပါ

၁၈။ သွေးထွက်သံယိုဖြစ်စေတဲ့ အဓိကအကြောင်းကို ကျမ်းစာက ဘယ်လို ဖော်ပြသလဲ။

၁၈ ကျွန်တော်တို့ဟာ တခြားသူတွေကို အန္တရာယ်ဖြစ်အောင် မလုပ်ရုံသာမက သွေးထွက်သံယိုဖြစ်စေတဲ့ မုန်းတီးမှုကို စိတ်ထဲကနေ အမြစ်မကျန် ထုတ်ပစ်ဖို့ ယေဟောဝါ လိုလားတယ်။ “ညီအစ်ကိုကို မုန်းတဲ့သူဟာ လူ့အသက်ကို သတ်တဲ့သူ ဖြစ်တယ်” လို့ တမန်တော်ယောဟန် ရေးခဲ့တယ်။ (၁ ယောဟန် ၃:၁၅) အဲဒီလိုလူဟာ မိမိညီအစ်ကိုကို ကြည့်မရဖြစ်ရုံမက သေစေချင်တယ်။ သူဟာ မလိုတမာစိတ်ကြောင့် အသရေဖျက်တဲ့စကားတွေ ပြောဆိုမယ် ဒါမှမဟုတ် မဟုတ်မမှန် စွပ်စွဲပြောဆိုမယ်။ မဟုတ်မမှန် စွပ်စွဲပြောဆိုသူဟာ ယေဟောဝါရဲ့ ပြစ်ဒဏ်စီရင်ခြင်း ခံရလိမ့်မယ်။ (ဝတ်ပြုရာ ၁၉:၁၆။ တရားဟောရာ ၁၉:၁၈-၂၁။ မဿဲ ၅:၂၂) ဒါကြောင့် ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ရှိနေနိုင်တဲ့ မလိုမုန်းတီးမှု မှန်သမျှကို ထုတ်ပစ်ဖို့ အလွန်အရေးကြီးတယ်။​—ယာကုပ် ၁:၁၄၊ ၁၅။ ၄:၁-၃။

၁၉။ ကျမ်းစာမူတွေအတိုင်း လိုက်နာသူဟာ ဆာလံ ၁၁:၅ နဲ့ ဖိလိပ္ပိ ၄:၈၊ ၉ စတဲ့ ကျမ်းချက်တွေကို ဘယ်လို ရှုမြင်သလဲ။

၁၉ ယေဟောဝါနည်းတူ အသက်ကို တန်ဖိုးထားသူတွေ၊ ဘုရားသခင့်မေတ္တာ အမြဲခံစားချင်သူတွေဟာ အကြမ်းဖက်မှုပုံစံ မှန်သမျှကိုလည်း ရှောင်ကြတယ်။ “အကြမ်းဖက်မှု နှစ်သက်သူကို [ယေဟောဝါ] မုန်းတယ်” လို့ ဆာလံ ၁၁:၅ မှာ ပြောတယ်။ ဒီကျမ်းချက်ဟာ ဘုရားရဲ့ ပင်ကိုစရိုက်အကြောင်း ဖော်ပြနေရုံမက အသက်နဲ့ပတ်သက်တဲ့ မူတစ်ခု ဖြစ်တယ်။ အကြမ်းဖက်မှုဖြစ်စေတဲ့ ဖျော်ဖြေမှုမှန်သမျှကို ရှောင်ဖို့လည်း ဘုရားကို ချစ်မြတ်နိုးသူတွေကို လှုံ့ဆော်ပေးတယ်။ အလားတူ၊ ယေဟောဝါဟာ “ငြိမ်သက်ခြင်းရဲ့ ဘုရားသခင်” ဖြစ်တယ်ဆိုတဲ့ အချက်က ကိုယ်တော့်ကျေးကျွန်တွေကို ငြိမ်သက်ခြင်း ရှိစေတဲ့ ချစ်ဖွယ်ကောင်းတဲ့အရာ၊ အသရေရှိတဲ့အရာ၊ ချီးမွမ်းဖွယ်အရာတွေနဲ့ စိတ်နှလုံးထဲ ပြည့်နေစေဖို့ လှုံ့ဆော်ပေးတယ်။​—ဖိလိပ္ပိ ၄:၈၊ ၉ ကိုဖတ်ပါ။

သွေးပြစ်ကျူးလွန်တဲ့ အဖွဲ့အစည်းတွေနဲ့ ကင်းကင်းရှင်းရှင်းနေပါ

၂၀-၂၂။ လောကနဲ့ပတ်သက်ရင် ခရစ်ယာန်တွေရဲ့ ရပ်တည်ချက်ဟာ ဘာလဲ။ ဘာကြောင့်လဲ။

၂၀ စာတန့်လောကတစ်ခုလုံးဟာ ဘုရားအမြင်မှာ သွေးပြစ်ကျူးလွန်နေတယ်။ ကျမ်းစာမှာ ကြမ်းကြုတ်တဲ့သားရဲအဖြစ် ပုံဖော်ထားတဲ့ လောကနိုင်ငံရေးစနစ်တွေဟာ ယေဟောဝါရဲ့ ကျေးကျွန်တွေအပါအဝင် လူသန်းပေါင်းများစွာကို သတ်ဖြတ်နေတယ်။ (ဒံယေလ ၈:၃၊ ၄၊ ၂၀-၂၂။ ဗျာဒိတ် ၁၃:၁၊ ၂၊ ၇၊ ၈) စီးပွားရေးနဲ့ သိပ္ပံပညာဟာ သားရဲလို အာဏာရှင်တွေနဲ့ ပူးပေါင်းပြီး အဖျက်စွမ်းအားကြီးတဲ့ လက်နက်တွေ တီထွင်ထုတ်လုပ်တဲ့အတွက် အမြတ်အစွန်း အများကြီး ရရှိနေတယ်။ ‘တစ်လောကလုံးက ဆိုးညစ်သူရဲ့ ဩဇာအောက်မှာ ရှိနေတယ်’ ဆိုတဲ့စကားဟာ မှန်လိုက်တာ။​—၁ ယောဟန် ၅:၁၉။

၂၁ ယေရှုရဲ့ နောက်လိုက်တွေဟာ “လောကနဲ့ မပတ်သက်” ဘဲ နိုင်ငံရေး၊ စစ်ရေးမှာ လုံးဝ ကြားနေတဲ့အတွက် တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ သွေးပြစ် ကျူးလွန်ရာမှာ မပါဝင်ကြဘူး။d (ယောဟန် ၁၅:၁၉။ ၁၇:၁၆) ဒါ့အပြင် တခြားသူတွေက သူတို့ကို ညှဉ်းပန်းနှိပ်စက်တဲ့အခါ ခရစ်တော်ကို တုပတဲ့အနေနဲ့ ကြမ်းတမ်းစွာ မတုံ့ပြန်ကြဘူး။ ရန်သူတွေကို မေတ္တာပြတဲ့အပြင် ဆုတောင်းပေးကြတယ်။​—မဿဲ ၅:၄၄။ ရောမ ၁၂:၁၇-၂၁။

၂၂ ခရစ်ယာန်စစ်တွေဟာ သွေးပြစ်အများဆုံးကျူးလွန်တဲ့ ကမ္ဘာ့အယူမှားဘာသာရေးအင်ပါယာ “မဟာဗာဗုလုန်” နဲ့ လုံးဝ မပတ်သက်ကြဘူး။ “ပရောဖက်တွေ၊ သန့်ရှင်းသူတွေနဲ့ မြေကြီးပေါ်မှာ ကွပ်မျက်ခံရသူအားလုံးရဲ့ သွေးကို ဒီမြို့မှာ တွေ့ရတယ်” လို့ကျမ်းစာ ဆိုတယ်။ ဒါကြောင့် “ငါ့လူတို့၊ . . . သူ့ဆီကနေ ထွက်သွားကြ” လို့ ကျွန်တော်တို့ကို သတိပေးထားတယ်။​—ဗျာဒိတ် ၁၇:၆။ ၁၈:၂၊ ၄၊ ၂၄။

၂၃။ မဟာဗာဗုလုန်ကနေ ထွက်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။

၂၃ မဟာဗာဗုလုန်ကနေ ထွက်တယ်ဆိုတာ အသင်းဝင်အဖြစ်ကနေ နုတ်ထွက်တာထက်မက ပါဝင်တယ်။ မှားယွင်းတဲ့ဘာသာက လက်ခံအားပေးတဲ့ လိင်အကျင့်ယိုယွင်းခြင်း၊ နိုင်ငံရေးမှာ စွက်ဖက်ခြင်း၊ စည်းစိမ်ဥစ္စာကို လောဘတကြီး ရှာဖွေခြင်းစတဲ့ အကျင့်ဆိုးတွေကို မုန်းတီးတာလည်း ပါဝင်တယ်။ (ဆာလံ ၉၇:၁၀ ကိုဖတ်ပါ။ ဗျာဒိတ် ၁၈:၇၊ ၉၊ ၁၁-၁၇) အဲဒီအကျင့်တွေကြောင့် သွေးပြစ်ကျူးလွန်မှု ဖြစ်ပွားလေ့ရှိတယ်။

၂၄၊ ၂၅။ (က) သွေးပြစ်ကျူးလွန်ခဲ့ပေမဲ့ နောင်တရသူတစ်ဦးကို ဘယ်အရာအပေါ် အခြေပြုပြီး ဘုရား ကရုဏာပြနိုင်သလဲ။ (ခ) ဒါက ကျမ်းစာခေတ်မှာရှိတဲ့ ဘယ်အစီအစဉ်ကို သတိရစေသလဲ။

၂၄ ကျွန်တော်တို့တစ်ဦးစီဟာ စစ်မှန်တဲ့ဝတ်ပြုရေးမှာ မပါဝင်ခင် စာတန့်စနစ်ကို တစ်နည်းနည်းနဲ့ ထောက်ခံခဲ့ကြတယ်။ ဒါကြောင့် အတိုင်းအတာတစ်ခုအထိ သွေးပြစ်သင့်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အကျင့်အကြံကို ပြုပြင်ပြောင်းလဲတယ်၊ ခရစ်တော်ရဲ့ ရွေးဖိုးပူဇော်သက္ကာကို ယုံကြည်တယ်၊ မိမိတို့အသက်တာကို ဘုရားဆီ ဆက်ကပ်အပ်နှံခဲ့တယ်။ ဒါကြောင့် ဘုရားရဲ့ကရုဏာနဲ့ ကာကွယ်မှု ခံစားကြရတယ်။ (တမန်တော် ၃:၁၉) ဒီကာကွယ်မှုက ကျမ်းစာခေတ်မှာရှိတဲ့ ခိုလှုံရာမြို့တွေကို ပြန်သတိရစေတယ်။​—တောလည်ရာ ၃၅:၁၁-၁၅။ တရားဟောရာ ၂၁:၁-၉။

၂၅ အဲဒီအစီအစဉ်ဟာ ဘယ်လို အကျိုးပြုသလဲ။ အစ္စရေးတစ်ဦးဟာ မတော်တဆ လူသတ်မိရင် ခိုလှုံရာမြို့ဆီ ထွက်ပြေးနိုင်တယ်။ အရည်အချင်းရှိတဲ့ တရားသူကြီးတွေက အမှုစစ်ဆေးပြီးနောက် မတော်တဆ လူသတ်မိသူဟာ ပုရောဟိတ်မင်း သေတဲ့အထိ ခိုလှုံရာမြို့မှာ နေရတယ်။ ပုရောဟိတ်မင်း သေပြီးနောက် သူဟာ တခြားနေရာမှာ လွတ်လပ်စွာ နေနိုင်တယ်။ ဒါဟာ ဘုရား ဘယ်လောက် ကရုဏာကြီးတယ်၊ လူ့အသက်ကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ ထိထိမိမိ ဖော်ပြလိုက်တာပဲ။ ရှေးအချိန်က ခိုလှုံရာမြို့တွေဟာ အခုချိန်မှာ ခရစ်တော်ရဲ့ ရွေးဖိုးပူဇော်သက္ကာကို အခြေပြုတဲ့ ဘုရားရဲ့ပြင်ဆင်ပေးချက်နဲ့ ဆင်တူတယ်။ အဲဒါဟာ အသက်နဲ့သွေးရဲ့ မြင့်မြတ်မှုနဲ့ဆိုင်တဲ့ ပညတ်ကို ကျွန်တော်တို့ မတော်တဆ ချိုးဖောက်မိရင် သေဒဏ်မခံရအောင် ကာကွယ်ပေးတယ်။ အဲဒီပြင်ဆင်ပေးချက်ကို သင် တန်ဖိုးထားသလား။ တန်ဖိုးထားကြောင်း ဘယ်လို တင်ပြနိုင်သလဲ။ တစ်နည်းကတော့ အကာအကွယ်ပေးတဲ့ အဲဒီပြင်ဆင်ပေးချက်ကို လက်ခံဖို့ တခြားသူတွေကို ဖိတ်ခေါ်ခြင်း ဖြစ်တယ်။ အထူးသဖြင့် “ကြီးစွာသောဒုက္ခ” အလွန် နီးကပ်နေလို့ ဖြစ်တယ်။​—မဿဲ ၂၄:၂၁။ ၂ ကောရိန္သု ၆:၁၊ ၂။

နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းဖြင့် အသက်ကို တန်ဖိုးထားပါ

၂၆-၂၈။ ကျွန်တော်တို့ရဲ့ အခြေအနေနဲ့ ပရောဖက်ယေဇကျေလရဲ့ အခြေအနေ ဘယ်လို ဆင်တူသလဲ။ ဘုရားရဲ့မေတ္တာကို ဘယ်လိုနည်းနဲ့ အမြဲခံစားနိုင်မလဲ။

၂၆ အခုခေတ် ဘုရားလူမျိုးရဲ့ အခြေအနေဟာ ရှေးပရောဖက် ယေဇကျေလကို သတိရစေတယ်။ အစ္စရေးလူမျိုးကို ယေဟောဝါရဲ့ သတိပေးချက်တွေ ကြေညာရတဲ့ ကင်းစောင့်အဖြစ် သူ တာဝန်ပေးအပ်ခံရတယ်။ “ငါပြောတာကို မင်း ကြားတဲ့အခါ အဲဒီအတိုင်း သူတို့ကို သတိပေးရမယ်” လို့ ဘုရားပြောတယ်။ ယေဇကျေလဟာ တာဝန်ပျက်ကွက်ရင် ဂျေရုဆလင်မြို့ ဖျက်ဆီးခံရချိန်မှာ အသတ်ခံရသူတွေရဲ့ သွေးအတွက် သူ့မှာ တာဝန်ရှိတယ်။ (ယေဇကျေလ ၃၃:၇-၉) ဒါပေမဲ့ ယေဇကျေလဟာ နာခံမှုရှိလို့ သွေးပြစ်မသင့်ခဲ့ဘူး။

၂၇ အခု၊ ကျွန်တော်တို့ဟာ စာတန့်လောကတစ်ခုလုံးရဲ့ အဆုံးကို ရင်ဆိုင်နေရတယ်။ ယေဟောဝါသက်သေတွေဟာ နိုင်ငံတော်သတင်းနဲ့ ဘုရား “လက်စားချေမယ့်နေ့” အကြောင်း ဟောရတာကို တာဝန်အဖြစ်၊ အခွင့်ထူးအဖြစ် ယူမှတ်ကြတယ်။ (ဟေရှာယ ၆၁:၂။ မဿဲ ၂၄:၁၄) ဒီအရေးကြီးလုပ်ငန်းမှာ သင် အပြည့်အဝ ပါဝင်နေသလား။ တမန်တော် ပေါလုဟာ ဟောပြောခြင်းတာဝန်ကို အလေးအနက် သဘောထားခဲ့တယ်။ ဒါကြောင့် “တစ်ယောက်ယောက် ကယ်တင်ခြင်း မရရင် ကျွန်တော့်အပြစ် မဟုတ်ဘူး . . . ဘုရားသခင်ရဲ့ ရည်ရွယ်ချက်မှန်သမျှ မထိမ်ချန်ဘဲ ခင်ဗျားတို့ကို ကျွန်တော် ပြောပြခဲ့လို့ပဲ” ဆိုပြီး သူပြောနိုင်ခဲ့တယ်။ (တမန်တော် ၂၀:၂၆၊ ၂၇) တုပထိုက်တဲ့ ပုံသက်သေကောင်းပါပဲ။

၂၈ ယေဟောဝါရဲ့ နွေးထွေးတဲ့ ဖခင်မေတ္တာကို အမြဲခံစားနိုင်ဖို့ အသက်နဲ့ သွေးကို ယေဟောဝါနည်းတူ ရှုမြင်ရုံထက်မက လုပ်ဆောင်ရမယ်။ ကျွန်တော်တို့ဟာ ကိုယ်တော့်ရှေ့မှာ သန့်ရှင်းစင်ကြယ်နေဖို့လည်း လိုတယ်။ ဒီအကြောင်းကို နောက်အခန်းမှာ သိရပါလိမ့်မယ်။

a “သတ္တဝါရဲ့ အသက်ဟာ သွေးမှာ ရှိတယ်” ဆိုတဲ့ ဘုရားရဲ့ မိန့်ဆိုချက်နဲ့ပတ်သက်ပြီး အမေရိကန် သိပ္ပံပညာဂျာနယ်က “သွေးဆဲလ်တစ်မျိုးစီဟာ အသက်အတွက် မရှိမဖြစ် လိုအပ်တယ်” လို့ဖော်ပြတယ်။

b ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ၂၀၀၆၊ ဩဂုတ်လ နိုးလော့! စာမျက်နှာ ၃-၁၂ ကို ကြည့်ပါ။

c ထွက်မြောက်ရာ ၂၁:၂၃ မှာပါတဲ့ စကားဟာ “မိခင်ဖြစ်သူ ထိခိုက်တာကိုပဲ ရည်ညွှန်းတာ မဖြစ်နိုင်ဘူး” လို့ ကျမ်းစာအနက်ဖွင့်သူတွေ ဆိုကြတယ်။ သန္ဓေသားရဲ့ အသက်အရွယ်ပေါ် မူတည်ပြီး ယေဟောဝါ ပြစ်ဒဏ်ချမှတ်တယ်လို့ ကျမ်းစာမှာ မဖော်ပြထားတာကိုလည်း သတိပြုပါ။

d အခန်း ၅၊ “လောကနဲ့ သီးခြားနေနိုင်ပုံ” ကိုကြည့်ပါ။

e အသေးစိတ်အချက်အလက်အတွက် “သွေးအပိုင်းအစတွေနဲ့ ခွဲစိတ်ကုသနည်းတွေ” နောက်ဆက်တွဲကို ကြည့်ပါ။

တိရစ္ဆာန်တွေရဲ့အသက်ကို လေးမြတ်ခြင်း

ယေဟောဝါဟာ ကျွန်တော်တို့ကို အစားအစာနဲ့ အဝတ်အထည် ရရှိဖို့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တိရစ္ဆာန်တွေကို သတ်ခွင့်ပြုထားပေမဲ့ အဲဒီအခွင့်ကို မျှမျှတတ၊ ညှာညှာတာတာ အသုံးပြုရမယ်။ (ကမ္ဘာဦး ၃:၂၁။ ၉:၃) စိတ်လှုပ်ရှားမှုသက်သက်အတွက် တိရစ္ဆာန်တွေကို သတ်ဖြတ်ခဲ့ပုံရတဲ့ ရက်စက်တဲ့မုဆိုး နိမ်ရောဒနဲ့ ကျွန်တော်တို့ တူချင်မှာ မဟုတ်ဘူး။ (ကမ္ဘာဦး ၁၀:၉) အဲဒီအစား စာငှက်လေးတွေကအစ တိရစ္ဆာန်အားလုံးကို စိတ်ဝင်စားတဲ့ ယေဟောဝါကို တုပသင့်တယ်။​—ယောန ၄:၁၁။ မဿဲ ၁၀:၂၉။

မောရှေပညတ်မှာ ဘုရားရဲ့စိတ်ဝင်စားမှု ပေါ်လွင်တယ်။ (ထွက်မြောက်ရာ ၂၃:၄၊ ၅၊ ၁၂။ တရားဟောရာ ၂၂:၁၀။ ၂၅:၄) အဲဒီပညတ်နဲ့အညီ ပညာအလိမ္မာ ၁၂:၁၀ က “ဖြောင့်မတ်သူက ခြံမွေးတိရစ္ဆာန်တွေကို ဂရုစိုက်တယ်။ လူဆိုးကတော့ ကရုဏာပြတဲ့အခါမှာတောင် ရက်စက်တယ်” လို့ဆိုတယ်။ မကြာခင် ရက်စက်ကြမ်းကြုတ်သူတွေနဲ့ သူတို့ရဲ့လုပ်ရပ်တွေ လုံးဝရှိတော့မှာ မဟုတ်ဘူး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ