ကျမ်းစာစောင်နံပါတ် ၄၄—တမန်တော်
ကျမ်းရေးသူ– လုကာ
ရေးရာဒေသ– ရောမ
ရေးသားပြီးစီးချိန်– အေဒီ ၆၁ ခန့်
ငုံမိသည့်ကာလပိုင်း– အေဒီ ၃၃-၆၁ ခန့်
မှုတ်သွင်းခံကျမ်းစာ၏ ၄၂ စောင်မြောက်ကျမ်းတွင် လုကာသည် ယေရှုနှင့် ကိုယ်တော့်နောက်တော်လိုက်များ၏ ဘဝအကြောင်း၊ လုပ်ဆောင်ချက်နှင့် ဓမ္မအမှုအကြောင်းကို ယေရှုကောင်းကင်သို့တက်ကြွသွားချိန်အထိ ဖော်ပြထားသည်။ လုကာသည် ၄၄ စောင်မြောက်ကျမ်းဖြစ်သော တမန်တော်များ၏ လုပ်ဆောင်ချက်များကို ဖော်ပြသည့် တမန်တော်ကျမ်း၌မူ သန့်ရှင်းသောဝိညာဉ်တော်၏ အကျိုးသက်ရောက်မှုကြောင့် အသင်းတော်စတင်တည်ထောင်ပုံကို ဖော်ပြခြင်းအားဖြင့် အစောပိုင်းခရစ်ယာန်သမိုင်းကို ဆက်၍ဖော်ပြသည်။ သက်သေခံခြင်းလုပ်ငန်းသည် ပထမဂျူးတို့အလယ်၊ နောက်ပိုင်း တိုင်းနိုင်ငံအသီးသီးသို့ ပျံ့နှံ့သွားပုံကိုလည်း ဖော်ပြထားသည်။ ပထမအခန်းကြီး ၁၂ ခန်းတွင် ပေတရု၏လုပ်ဆောင်မှုများကို အများအားဖြင့်ဖော်ပြပြီး ကျန်အခန်းကြီး ၁၆ ခန်းတွင် ပေါလု၏လုပ်ဆောင်မှုများကို ဖော်ပြပါသည်။ လုကာသည် ပေါလုနှင့် ခရီးစဉ်များစွာ အတူတွဲ၍သွားခဲ့ရာမှ ရင်းနှီးကျွမ်းဝင်ခဲ့သည်။
၂ ဤကျမ်းသည် သော်ဖိလုထံသို့ ရေးသောကျမ်းဖြစ်၏။ လူ့အား “အလွန်မြတ်သော” ဟုခေါ်ထားခြင်းကိုထောက်လျှင် သူသည် ရာထူးရာခံတစ်ခုခုရှိထားသူဖြစ်ပုံရသည် သို့မဟုတ် လေးစားသမှုဖြင့် ခေါ်ဝေါ်ခြင်းဖြစ်နိုင်သည်။ (လု. ၁:၃) ခရစ်ယာန်အသင်းတော် တည်ထောင်ပုံ၊ တိုးတက်လာပုံသမိုင်းကို တိကျစွာဖော်ပြသည်။ ယေရှုရှင်ပြန်ထမြောက်ပြီးနောက် မိမိတပည့်တော်တို့ထံ ကိုယ်ယောင်ပြသည့်အကြောင်းဖြင့် အစပြုထားပြီး အေဒီ ၃၃ မှ ၆၁ အထိ၊ ၂၈ နှစ်နီးပါးအတွင်း အရေးကြီးသောအဖြစ်အပျက်များကို ဆက်ဖော်ပြသွားသည်။
၃ လုကာကျမ်းကို ရေးသားသူနှင့် တမန်တော်ကျမ်းကိုရေးသူသည် တစ်ဦးတည်းဖြစ်ကြောင်း ရှေးအချိန်ကတည်းက လက်ခံခဲ့ကြသည်။ ကျမ်းနှစ်ကျမ်းစလုံးမှာ သော်ဖိလုထံသို့ရေးသောကျမ်းဖြစ်သည်။ လုကာသတင်းကောင်းကျမ်းစောင်၏ အဆုံးစကားများကို တမန်တော်ကျမ်းအစတွင် ပြန်ရေးသားခြင်းဖြင့် ထိုမှတ်တမ်းနှစ်စောင်ကိုရေးသူမှာ လုကာတစ်ဦးတည်းသာဖြစ်ကြောင်း ဖော်ပြသည်။ အေဒီ ၆၁ ခုနှစ်ခန့်တွင် ရောမ၌ တမန်တော်ပေါလုနှင့်အတူ နှစ်နှစ်နေခဲ့သောအချိန် အကုန်ပိုင်းတွင် လုကာရေးသားပြီးခဲ့ပုံရသည်။ ထိုနှစ်အထိ အဖြစ်အပျက်များကို ရေးသားထားခြင်းဖြစ်ရာ ထိုနှစ်ထက်စော၍ ရေးခဲ့ခြင်းမဖြစ်နိုင်ပေ။ ကဲသာထံ ပေါလု၏အယူခံဝင်ခြင်း အဆုံးအဖြတ်မရသေးခြင်းကို ထောက်လျှင် ထိုနှစ်တွင် ရေးပြီးစီးခဲ့ခြင်းသာဖြစ်ရမည်။
၄ ကျမ်းပညာရှင်များက တမန်တော်ကျမ်းကို ရှေးရှေးကတည်းက ကျမ်းရင်းဝင်ကျမ်းစောင်အဖြစ် လက်ခံကြသည်။ ယခုထိရှိနေဆဲဖြစ်သော ရှေးအကျဆုံး ဂရိကျမ်းကျူစာလက်ရေးစာမူများထဲတွင် တမန်တော်ကျမ်းအပိုင်းအစများကို တွေ့ရပါသည်။ အေဒီတတိယ သို့မဟုတ် စတုတ္ထရာစုမှဖြစ်သော မစ်ရှီဂန် နံပါတ် ၁၅၇၁ (P38) နှင့် အေဒီတတိယရာစုမှ ချက်စတာဘီတီ နံပါတ် ၁ (P45) ဟုထင်ရှားသည်။ ယင်းအထောက်အထားနှစ်ခုစလုံးက တမန်တော်ကျမ်းသည် အခြားမှုတ်သွင်းခံကျမ်းများနှင့်အတူ ပျံ့နှံ့နေခဲ့ပြီး အစောပိုင်းအချိန်၌ပင် အခြားကျမ်းများနှင့်အတူ စာရင်းဝင်သောကျမ်းဖြစ်ကြောင်း သိနိုင်သည်။ တမန်တော်ကျမ်း၌ လုကာ၏အရေးအသားမှာ လုကာသတင်းကောင်းကျမ်းစောင်မှာကဲ့သို့ပင် ထူးခြားစွာ တိကျလှကြောင်း တွေ့ရသည်။ ဆာ ဝီလျံ အမ်. ရမ်စေးက တမန်တော်ကျမ်းရေးသူကို “ပထမတန်းစား သမိုင်းပညာရှင်တို့နှင့် တစ်တန်းတစ်စားတည်း” သတ်မှတ်သည်။ “သမိုင်းဆရာတစ်ဦးအတွက် အရေးအကြီးဆုံးနှင့် အချက်အချာအကျဆုံးအရာမှာ အမှန်တရားဖြစ်သည်။ သူပြောသည့်အရာသည် ယုံကြည်စိတ်ချလောက်သောအရာဖြစ်ရမည်” ဟုသူဆက်ရှင်းပြသည်။a
၅ လုကာအရေးအသား၏ ထူးခြားမှုဖြစ်သော တိတိကျကျ သရုပ်ဖော်ရှင်းပြချက်နှင့်ပတ်သက်၍ ပထမကမ္ဘာစစ်အတွင်းက မြေထဲပင်လယ်ဗြိတိသျှ စစ်သင်္ဘောတို့၏ ရေတပ်ဗိုလ်ကြီး အက်ဒဝင် စမစ်၏ မတ် ၁၉၄၇ ခုနှစ်ထုတ် တက်မဟူသောမဂ္ဂဇင်းတွင် ရေးသားထားချက်ကို ကျွန်ုပ်တို့ ကိုးကားလိုက်ပါသည်– “ရှေးခေတ်သင်္ဘောများသည် ယခုခေတ်ကဲ့သို့ သင်္ဘောပဲ့ပိုင်းရှိ တက်မတစ်ခုတည်းနှင့် မထိန်းပါ။ ပဲ့ပိုင်းဘေးတစ်ဖက်တစ်ချက်စီရှိ လှော်တက်ကြီးနှစ်ခုနှင့် ထိန်းပါသည်။ ထို့ကြောင့် စိန့်လုကာက တက်မတို့ဟု ဗဟုဝုစ်ကိန်းကိုသုံးထားသည်။ [တမန်တော် ၂၇:၄၀] . . . ကျွန်ုပ်တို့ဆန်းစစ်လေ့လာရာတွင် စိန့်လုကာဖော်ပြခဲ့သော ဖဲဟေဗင် [ကာလုသိမင်းအမည်ရှိသောအရပ်] မှ မော်လတာ [မေလိတေ] ကျွန်းအထိ သင်္ဘောရွက်လွှင့်ခြင်းသည် မှန်ကန်ကြောင်း ပြင်ပနှင့် အလွန်တရာတိကျကျေနပ်ဖွယ် အထောက်အထားက ထင်ရှားစေသည်၊ ပင်လယ်ထဲသင်္ဘောရွက်လွင့်သည့် ကြာချိန်နှင့်ပတ်သက်၍ သူ၏ဖော်ပြချက်မှာ အကွာအဝေးနှင့် ကိုက်ညီနေသည်၊ နောက်ဆုံးအချက်အနေနှင့် ဆိုက်ရောက်သည့်နေရာနှင့်စပ်လျဉ်း၍ သူ၏ဖော်ပြချက်သည်လည်း ထိုအတိုင်းပင်ဖြစ်နေသည်။ ယင်းအချက်အားလုံးက လုကာကိုယ်တိုင် ထိုပင်လယ်ခရီးကိုသွားခဲ့ကြောင်း ပြဆိုသည်၊ သူ၏အမြင်နှင့် ရေးသားမှုတို့သည် အလွန်ပင်ယုံကြည်စိတ်ချရကြောင်း သာဓကပင်ဖြစ်၏။”b
၆ ရှေးဟောင်းသုတေသနရှာဖွေတွေ့ရှိချက်များကလည်း လုကာအဆိုများမှန်ကန်ကြောင်း ထောက်ခံသည်။ ဥပမာ၊ ဧဖက်မြို့နေရာကိုတူးဖော်ရာတွင် အာတေမိဗိမာန်အပြင် ဧဖက်မြို့သားများ တမန်တော်ပေါလုအားဆန့်ကျင်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည့် ရှေးပြဇာတ်ရုံတို့ကို တူးဖော်တွေ့ရှိကြသည်။ (တ. ၁၉:၂၇-၄၁) တူးဖော်တွေ့ရှိခဲ့သော ကမ္ပည်းကျောက်စာများတွင် သက်သာလောနိတ်မြို့မှ အရာရှိများအား “မင်းအရာရှိတို့” ဟုလုကာခေါ်ဆိုခဲ့သောဘွဲ့သည် မှန်ကန်ကြောင်း ထောက်ခံသည်။ (၁၇:၆၊ ၈) လုကာက မော်လတာ “ကျွန်းသူကြီး” ကို ပုဗလိဟုခေါ်ဆိုခြင်းသည် မှန်ကန်ကြောင်း မော်တာကမ္ပည်းကျောက်စာနှစ်ချပ်က ဖော်ပြသည်။—၂၈:၇။c
၇ ၎င်းအပြင် လုကာမှတ်တမ်းတင်ခဲ့သော ပေတရု၊ သတေဖန်၊ ကော်နေလိ၊ တေရတုလု၊ ပေါလုနှင့် အခြားသူတို့၏ စကားပြောဆိုပုံတို့သည် ပြောဟန်အသီးသီး၊ စကားလုံးဆောက်တည်ပုံအသီးသီး ကွဲပြားနေသည်ကို တွေ့ရသည်။ မတူညီသော ပရိသတ်တို့ကို ဟောပြောသောပေါလု၏ပြောဆိုပုံတို့ပင်လျှင် အခြေအနေကိုလိုက်၍ တစ်မျိုးတစ်ဘာသာစီ ဖြစ်ကြောင်းတွေ့ရသည်။ ၎င်းတို့က လုကာသည် စိတ်ကူးနှင့်တီထွင် ဖန်တီးလုပ်ကြံရေးခြင်းမဟုတ်ကြောင်း၊ သူကိုယ်တိုင်ကြားခဲ့ရာများ သို့မဟုတ် အခြားမျက်မြင်သက်သေတို့ ပြောကြားချက်များကို ရေးသားခဲ့ကြောင်း ဖော်ပြပေသည်။
၈ လုကာ၏ကိုယ်ရေးရာဇဝင်ကို အနည်းအကျဉ်းလောက်သာ သိရပါသည်။ လုကာသည် တမန်တော်တစ်ဦးမဟုတ်သော်လည်း သူပေါင်းသင်းခဲ့သူများသည် တမန်တော်များဖြစ်ကြ၏။ (လု. ၁:၁-၄) တမန်တော်ပေါလုက လုကာအား နာမည်နှင့်တကွ သုံးနေရာတွင်ဖော်ပြသည်။ (ကော. ၄:၁၀၊ ၁၄; ၂ တိ. ၄:၁၁; ဖိလေ. ၂၄) တမန်တော်ပေါလုနှင့် နှစ်အတော်ကြာ မပြတ်တမ်းပေါင်းသင်းခဲ့ပြီး ပေါလုက သူ့ကို ‘ငါချစ်သောဆရာဝန်’ ခေါ်ခဲ့သည်။ မှတ်တမ်းတွင် “သူတို့” ဟုရေးလိုက်၊ “ငါတို့” ဟုရေးလိုက်နှင့် ရေးခြင်းက ပေါလု၏ဒုတိယသာသနာပြုခရီးစဉ်တွင် လုကာသည် ပေါလုနှင့်အတူ တရောမြို့တွင်ရှိခဲ့ကြောင်း၊ ဖိလိပ္ပိတွင် သူနေရစ်ကာ နှစ်အတော်ကြာမှ ပေါလုပြန်ရောက်လာချိန်တွင် သူနှင့်ပြန်ပူးပေါင်းခဲ့ပြီး အမှုစစ်ဆေးခံရန် ရောမသို့သွားသည့်ခရီးတွင် ပေါလုနှင့်အတူလိုက်ပါခဲ့ကြောင်း ဖော်ပြသည်။—တ. ၁၆:၈၊ ၁၀; ၁၇:၁; ၂၀:၄-၆; ၂၈:၁၆။
အဘယ်ကြောင့် အကျိုးရှိကြောင်း
၃၂ ဟေဗြဲကျမ်းစာသည် ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်း၊ မှုတ်သွင်းခံရကြောင်း သတင်းကောင်းကျမ်းစောင်များ ထောက်ခံသည်ကို တမန်တော်ကျမ်းက နောက်တစ်ဆင့်ထပ်၍ ထောက်ခံ၏။ ပင်တေကုတ္တေပွဲနေ့ရောက်ခါနီးအချိန်တွင် ပေတရုက “ယုဒရှကာရုတ်ကို ရည်မှတ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် ဒါဝိဒ်မင်း၏နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူနှင့်သော ကျမ်းစာချက်” နှစ်ရပ်ပြည့်စုံခဲ့ကြောင်း ရှင်းလင်းဖော်ထုတ်ခဲ့သည်။ (တ. ၁:၁၆၊ ၂၀; ဆာ. ၆၉:၂၅; ၁၀၉:၈) ပင်တေကုတ္တေပွဲသို့လာရောက်ကြသည့် မိန်းမောတွေဝေနေသော လူအုပ်အားလည်း ပေတရုက “ဤအရာကား ပရောဖက်ယောလဟောဖူးသောအရာဖြစ်သတည်း” ဟုဆိုခြင်းဖြင့် ပရောဖက်ပြုချက်ပြည့်စုံသည်ကို သူတို့မျက်မြင်ကိုယ်တွေ့ တွေ့မြင်နေရကြောင်း နားလည်စေခဲ့သည်။—တ. ၂:၁၆-၂၁; ယောလ ၂:၂၈-၃၂; တ. ၂:၂၅-၂၈၊ ၃၄၊ ၃၅ ကိုဆာလံ ၁၆:၈-၁၁; ၁၁၀:၁ တို့နှင့်နှိုင်းယှဉ်ကြည့်ပါ။
၃၃ ဗိမာန်တော်အပြင်ဘက်ရှိ လူအုပ်တစ်အုပ်အား ယုံကြည်စိတ်ချစေရာ၌ ဟေဗြဲကျမ်းစောင်များကို ပေတရုကိုးကားပြန်သည်။ ဦးဆုံး၊ မောရှေကို ကိုးကားပြီးနောက် ဤသို့ဆို၏– “ပရောဖက်ရှမွေလမှစ၍ နောက်ဟောသောပရောဖက်ရှိသမျှတို့သည် ဤနေ့ရက်ကာလကို ဟောပြောပြသကြပြီ။” ၎င်းနောက်ပိုင်း ဂျူးတရားလွှတ်တော်ရှေ့၌ ပေတရုသည် ဆာလံ ၁၁၈:၂၂ ကိုကိုးကားခဲ့ပြီး သူတို့ငြင်းပယ်သောကျောက်ဖြစ်သည့် ခရစ်တော်သည် ‘တိုက်ထောင့်အထွတ်ကျောက်’ ဖြစ်လာကြောင်း ထုတ်ဖော်တင်ပြလိုက်သည်။ (တ. ၃:၂၂-၂၄; ၄:၁၁) ဖိလိပ္ပုလည်း ဟေရှာယ ၅၃:၇၊ ၈ ပါပရောဖက်ပြုချက် မည်သို့ပြည့်စုံခဲ့ကြောင်း အဲသယောပိအမတ်အား ရှင်းပြခဲ့၏။ ၎င်းအမတ်လည်း မျက်စိပွင့်လာသောအခါ နှစ်ခြင်းခံရန် နှိမ့်ချစွာတောင်းခံလေသည်။ (တ. ၈:၂၈-၃၅) အလားတူပင် ယေရှုနှင့်ပတ်သက်၍ ကော်နေလိအား ပြောသောအခါ၌လည်း “ပရောဖက်အပေါင်းတို့သည် ထိုသခင်၏သက်သေခံဖြစ်ကြသည်” ဟုဆိုခဲ့သည်။ (၁၀:၄၃) အရေဖျားလှီးခြင်းအကြောင်း ငြင်းခုံစဉ် ယာကုပ်က “ထိုအကြောင်းအရာသည်လည်း ပရောဖက်တို့၏စကားနှင့်ညီ၏။ ကျမ်းစာလာသည်ကား” ဟူသောစကားဖြင့် မိမိ၏ဆုံးဖြတ်ချက်ကို သက်သေထူခဲ့သည်။ (၁၅:၁၅-၁၈) တမန်တော်ပေါလုလည်း အလားတူကိုးကားခဲ့သည်။ (၂၆:၂၃; ၂၈:၂၃၊ ၂၅-၂၇) ဟေဗြဲကျမ်းစောင်များကို ဘုရားသခင့်နှုတ်ကပါဌ်တော်အဝင်အဖြစ် တပည့်တော်များနှင့် သူတို့စကားကိုကြားနာသူများ တလိုတလားလက်ခံကြသည်ကိုထောက်၍ ထိုကျမ်းစောင်များကို ဘုရားသခင်အသိအမှတ်ပြုကြောင်း သိသာထင်ရှားသည်။
၃၄ ခရစ်ယာန်အသင်းတော်စတင်တည်ထောင်လာပုံ၊ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးအောက် တိုးပွားလာပုံတို့ကိုတင်ပြရာတွင် တမန်တော်ကျမ်းသည် အကျိုးအပြုဆုံးဖြစ်သည်။ ဤဇာတ်လမ်းဆန်ဆန် မှတ်တမ်းတစ်ခုလုံးတွင် တိုးတက်ကျယ်ပြန့်လာမှုဆိုင်ရာ ဘုရားသခင့်ကောင်းချီးများ၊ အစောပိုင်းခရစ်ယာန်များ၏ ရဲရင့်မှုနှင့် ရွှင်လန်းမှု၊ နှိပ်စက်ညှဉ်းပန်းမှုအကြား မားမားမတ်မတ် ရပ်တည်မှုနှင့် ၎င်းတို့၏အသုံးတော်ခံလိုစိတ်တို့ကို တွေ့ရသည်။ တိုင်းတစ်ပါးတွင် သာသနာပြုအဖြစ် အမှုဆောင်ရန် မာကေဒေါနိသို့သွားရန် ပေါလုသဘောတူသည့်အချက်က သာဓကတစ်ရပ်ဖြစ်သည်။ (၄:၁၃၊ ၃၁; ၁၅:၃; ၅:၂၈၊ ၂၉; ၈:၄; ၁၃:၂-၄; ၁၆:၉၊ ၁၀) ယနေ့အသင်းတော်များလည်း ထိုအတိုင်းဖြစ်သည်။ အကြောင်းမှာ မေတ္တာ၊ စည်းလုံးမှုဖြင့် ချည်နှောင်ထားပြီး တစ်ပါးတည်းသောအကျိုးကို သယ်ပိုးလျက် “ဘုရားသခင်၏အံ့ဖွယ်သောအမှုတို့ကို” ပြောကြားရာတွင် ဝိညာဉ်တော်လမ်းညွှန်မှုကို ခံယူလျက်ရှိကြ၏။—၂:၁၁၊ ၁၇၊ ၄၅; ၄:၃၄၊ ၃၅; ၁၁:၂၇-၃၀; ၁၂:၂၅။
၃၅ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်ခြင်းလုပ်ငန်းကို မည်သို့လုပ်ဆောင်အပ်ကြောင်း တမန်တော်ကျမ်းက နည်းပြ၏။ ပေါလုကိုယ်တိုင် စံပြဖြစ်သည်။ “သင်တို့အကျိုးပြုစုရာ တစ်စုံတစ်ခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း သင်တို့အား ဟောပြော၍ ဆုံးမသြဝါဒပေးသဖြင့် . . . [“စေ့စေ့စပ်စပ်၊” ကဘ] သက်သေခံသည်” ဟုသူဆိုသည်။ ဤကျမ်းတစ်လျှောက်လုံးတွင် ‘စေ့စေ့စပ်စပ် သက်သေခံခြင်း’ ဟူသောစကားလုံးသည် ခေါင်းစဉ်သဖွယ်ပေါ်လွင်နေ၏။ နိဂုံးပိုင်းတွင် ပို၍ထင်ရှား၏။ ပေါလုသည် အချုပ်အနှောင်ခံနေရသည့်ကြားမှပင် စိတ်နှလုံးအကြွင်းမဲ့ ဟောပြောသွန်သင်ခဲ့သည်။ “ပေါလုသည် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို [“စေ့စေ့စပ်စပ်၊” ကဘ] သက်သေခံသဖြင့်လည်းကောင်း၊ ထိုသူတို့သည် ယေရှု၏အကြောင်းများကို ယုံကြည်စေခြင်းငှာ မောရှေ၏ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့ကို အမှီပြု၍ ဖြားယောင်းသွေးဆောင်သဖြင့်လည်းကောင်း နံနက်အချိန်မှစ၍ ညအချိန်တိုင်အောင် ထုတ်ဖော်ဟောပြောလေ၏။” ကျွန်ုပ်တို့လည်း နိုင်ငံတော်လုပ်ငန်းကိုသာ အာရုံစိုက်နိုင်ကြပါစေ။—၂၀:၂၀၊ ၂၁; ၂၈:၂၃; ၂:၄၀; ၅:၄၂; ၂၆:၂၂။
၃၆ ဧဖက်မြို့မှ ကြီးကြပ်မှူးများအား ဟောပြောခဲ့သော ပေါလုစကားများ၌ ယနေ့ကြီးကြပ်မှူးများအဖို့ လက်တွေ့ကျသောသြဝါဒများစွာ ပါရှိ၏။ သူတို့ကို သန့်ရှင်းသောဝိညာဉ်တော်ခန့်အပ်သည်ဖြစ်ရကား သူတို့အနေနှင့် ‘မိမိတို့ကိုယ်ကိုလည်းကောင်း၊ သိုးတော်စုတစ်စုလုံးကိုလည်းကောင်း ဂရုပြုလျက်’ သိုးများကို ကြင်နာစွာထိန်းကျောင်းပြီး ဖျက်ဆီးဝါးမျိုမည့် ဝံပုလွေတို့ရန်မှ ကာကွယ်ပေးရန် အလွန်အရေးကြီး၏။ ပေါ့သေးသေးတာဝန်မဟုတ်ပါ။ ကြီးကြပ်မှူးများသည် အစဉ်နိုးကြားနေရမည်။ ဘုရားသခင့်မဟာကရုဏာတော်နှင့်ဆိုင်သော တရားတော်အပေါ် မိမိတို့ကိုယ်ကို တည်ဆောက်ရမည်။ သူတို့သည် အားနည်းသူတို့ကို မစသည့်အခါတွင်လည်း “အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] သည်ဟု သခင်ယေရှုမိန့်တော်မူသောစကားတော်ကို အောက်မေ့ရမည်။”—၂၀:၁၇-၃၅။
၃၇ ပေါလု၏အခြားဟောပြောချက်များ၌လည်း ကျမ်းစာမူများ ရှင်းလင်းစွာဖော်ပြထားသည်ကို တွေ့ရှိနိုင်သည်။ ဥပမာ၊ အာရေတောင်ပေါ်တွင် သတောအိတ်နှင့် ဧပိကုရုနောက်လိုက်များရှေ့ အချေအတင်ပြောသော စံပြဟောပြောချက်ကိုကြည့်ပါ။ ဦးဆုံးအနေနှင့် “ငါတို့မသိသောဘုရားသခင်အဖို့” ဟုယဇ်ပလ္လင်ပေါ် အက္ခရာတင်သည့် စာတန်းကို ကိုးကားပြီး ယင်းအချက်ကို အကြောင်းပြကာ ကောင်းကင်မြေကြီးကိုပိုင်သောသောအရှင်၊ တစ်ပါးတည်းဖြစ်သော စစ်မှန်သည့်ဘုရားသခင်သည် လူတစ်ယောက်တည်းမှ လူအမျိုးမျိုးတို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၍ ‘ကျွန်ုပ်တို့တစ်ဦးစီနှင့် ဝေးတော်မမူ’ ကြောင်းပြဆိုခဲ့သည်။ ၎င်းနောက် “ငါတို့သည်ကား နွယ်တော်သားပင် ဘုရားမျိုးပေဖြစ်ကြလေ” ဟူသော သူတို့၏လင်္ကာဆရာတစ်ဦး၏ အရေးအသားကို ကိုးကားလျက် သူတို့သည် သက်မဲ့ဖြစ်သောရွှေ၊ ငွေ၊ ကျောက်ရုပ်တုတို့မှ ဖြစ်ပေါ်လာကြသည်ဟူသောစကားသည် မည်မျှအဓိပ္ပာယ်မဲ့ကြောင်း တင်ပြလိုက်သည်။ ဤနည်းအားဖြင့် ပေါလုသည် အသက်ရှင်တော်မူသောဘုရားသခင့် အချုပ်အခြာအာဏာတော်ကို အလိမ္မာဖြင့် သက်သေထူလိုက်လေသည်။ နိဂုံးပိုင်း၌သာ ထမြောက်ခြင်းကိစ္စကို ပြောခဲ့သည်။ သို့ဖြစ်သည့်တိုင် ခရစ်တော်နာမကို မထုတ်ဖော်ခဲ့ချေ။ တစ်ပါးတည်းစစ်မှန်သော ဘုရားသခင်၏ အမြင့်ဆုံးအချုပ်အခြာအာဏာအကြောင်း ပိုင်နိုင်စွာတင်ပြနိုင်သဖြင့် အချို့ပုဂ္ဂိုလ်များ ယုံကြည်သူများဖြစ်လာကြလေသည်။—၁၇:၂၂-၂၄။
၃၈ တမန်တော်ကျမ်းသည် “ကျမ်းစာရှိသမျှ” ကို အဆက်မပြတ်၊ အပတ်တကုတ် လေ့လာရန်အားပေး၏။ ဗေရိမြို့တွင် ပေါလုပထမအကြိမ်ဟောပြောသောအခါ ထိုမြို့ရှိ ဂျူးအမျိုးသားတို့သည် “အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ်ကပါဌ်တရားတော်ကို ခံယူ၍ မှန်သည်မမှန်သည်ကို သိခြင်းငှာ ကျမ်းစာကိုနေ့တိုင်းအစဉ် စေ့စေ့ကြည့်ရှုကြ” သောကြောင့် “ထူးမြတ်” သူတို့ဟု ချီးမွမ်းခံခဲ့ရသည်။ (၁၇:၁၁) ယနေ့လည်း ယေဟောဝါ၏ဝိညာဉ်တော်နှင့်ပြည့်သော အသင်းတော်နှင့် ပူးပေါင်း၍ ကျမ်းစာကို ထက်သန်စွာ ရှာဖွေဖတ်ရှုပါက ယုံကြည်ခြင်းခိုင်ခံ့ခြင်းတည်းဟူသော ကောင်းချီးကို ရရှိမည်ဖြစ်သည်။ ယင်းသို့လေ့လာမှသာ ဘုရားသခင့်မူများကို ရှင်းရှင်းလင်းလင်း သဘောပေါက်နားလည်နိုင်မည်ဖြစ်သည်။ ၎င်းမူများအနက် အချို့နှင့်ပတ်သက်၍ အလွန်ကောင်းသောဖော်ပြချက်တစ်ခုကို တမန်တော် ၁၅:၂၈၊ ၂၉ တွင်မှတ်တမ်းတင်ထားသည်။ ၎င်းကျမ်းချက်၌ ယေရုရှလင်ရှိ သက်ကြီးညီအစ်ကိုများနှင့် တမန်တော်များပါဝင်သော အုပ်ချုပ်ရေးအဖွဲ့က ဝိညာဏဣသရေလလူမျိုးအတွက် အရေဖျားလှီးရန် မလိုသော်လည်း ရုပ်တုကိုးကွယ်ခြင်း၊ သွေးနှင့် မတရားမေထုန်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြတ်သားသည့် တားမြစ်ချက်များရှိကြောင်း သိရှိစေခဲ့သည်။
၃၉ ထိုခေတ်ရှိ တပည့်တော်များသည် မှုတ်သွင်းခံကျမ်းစောင်များကို တကယ်ပင် ဖတ်ရှုလေ့လာခဲ့ကြသည်။ လိုအပ်သလို ကိုးကား၍ သက်ဆိုင်ပုံကို ဖော်ပြနိုင်ကြသည်။ တိကျမှန်ကန်သောအသိပညာနှင့် ဘုရားသခင့်ဝိညာဉ်တော်၏ကူမမှုကြောင့် ကြောက်မက်ဖွယ်ကောင်းသော ညှဉ်းပန်းနှိပ်စက်မှုများကို ခံရပ်နိုင်ခဲ့ကြသည်။ ပေတရုနှင့် ယောဟန်တို့က ဆန့်ကျင်သူအရာရှိတို့အား “ဘုရားသခင်၏စကားတော်ကို နားထောင်သည်ထက် သင်တို့၏စကားကို သာ၍နားထောင်သော် ဘုရားသခင်ရှေ့ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြလော့။ ငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲမနေနိုင်” ဟုရဲရင့်စွာဆိုခြင်းဖြင့် သစ္စာရှိခရစ်ယာန်အားလုံးအဖို့ စံနမူနာပြခဲ့သည်။ ယေရှု၏နာမတော်ကိုအမှီပြု၍ မသွန်သင်ရန် ‘ကျပ်တည်းစွာစီရင်မှာထား’ အမိန့်ထုတ်ဆင့်ခဲ့သည့် လွှတ်တော်ရှေ့ နောက်တစ်ကြိမ် ခေါ်ဆောင်ခံရသောအခါတွင်လည်း “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” ဟုပြတ်သားစွာ ပြောဆိုခဲ့ကြသည်။ ယင်းသို့သောရဲရင့်မှုကြောင့် မင်းစိုးရာဇာများရှေ့ ထိရောက်စွာသက်သေခံနိုင်ခဲ့သည့်ပြင် နာမည်ကြီးသည့် ပညတ္တိကျမ်းပို့ချသူ ဂါမလျေလက လွတ်လပ်စွာဝတ်ပြုခွင့်ကို အားပေးထောက်ခံသောအဆိုကို ပြောခဲ့သည်။ သို့နှင့် တမန်တော်များလွတ်မြောက်လာကြသည်။—၄: ၁၉၊ ၂၀; ၅:၂၈၊ ၂၉၊ ၃၄၊ ၃၅၊ ၃၈၊ ၃၉။
၄၀ ကျမ်းစာတစ်လျှောက်လုံး ရွှေကြိုးမျှင်ပမာ ဖြစ်သော နိုင်ငံတော်နှင့်ပတ်သက်သည့် ယေဟောဝါ၏ ဘုန်းကျက်သရေရှိသောရည်ရွယ်ချက်သည် တမန်တော်ကျမ်း၌ အထူးပေါ်လွင်ထင်ရှားသည်။ နိဒါန်းပိုင်းတွင် ယေရှုကောင်းကင်သို့မတက်ကြွမီ ရက်လေးဆယ်အတွင်း ကိုယ်တော်သည် “ဘုရားသခင်၏နိုင်ငံတော်နှင့် စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်” ခဲ့ကြောင်း ဖော်ပြထားသည်။ တပည့်တော်တို့က နိုင်ငံတော်ပြန်ပေးမည်လောဟု မေးသည့်ကိစ္စနှင့်ပတ်သက်၍ အဖြေပေးရာတွင် တပည့်တော်တို့သည် ဦးဆုံးအနေနှင့် မြေကြီးစွန်းတိုင်အောင် သက်သေဖြစ်ရမည်ဟု မိန့်တော်မူခဲ့၏။ (၁:၃၊ ၆၊ ၈) တပည့်တော်တို့သည် ယေရုရှလင်မှစတင်ကာ နိုင်ငံတော်အကြောင်းကို နောက်မတွန့်သောသတ္တိမျိုးဖြင့် ဟောပြောခဲ့ကြသည်။ နှိပ်စက်ညှဉ်းပန်းခြင်းအစပြုလာပြီး သတေဖန် ခဲဖြင့်ပေါက်သတ်ခံရသည့်ပြင် တပည့်တော်များ အနယ်နယ်အရပ်ရပ်သို့ ကွဲလွင့်ကြရလေသည်။ (၇:၅၉၊ ၆၀) ဖိလိပ္ပုသည် ရှမာရိနယ်၌ ‘ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်း’ ကိုအောင်မြင်စွာ ကြေညာကြောင်း၊ ပေါလုနှင့် သူ၏အပေါင်းအဖော်တို့သည် အာရှ၊ ကောရိန္သု၊ ဧဖက်နှင့် ရောမမြို့များ၌ ဟောပြောခဲ့ကြကြောင်း မှတ်တမ်းတင်ထားသည်။ ယေဟောဝါနှင့် ထောက်မပေးသော ကိုယ်တော်၏ဝိညာဉ်တော်အပေါ် အားထားမှီခိုသည့်ကိစ္စတွင် ၎င်းအစောပိုင်းခရစ်ယာန်အားလုံးသည် စံပြဖြစ်ကြပေသည်။ (၈: ၅၊ ၁၂; ၁၄:၅-၇၊ ၂၁၊ ၂၂; ၁၈:၁၊ ၄; ၁၉:၁၊ ၈; ၂၀:၂၅; ၂၈:၃၀၊ ၃၁) သူတို့၏ရဲရဲတောက် ဇွဲမာန်သတ္တိနှင့် သူတို့၏အားထုတ်မှုအပေါ် ယေဟောဝါကြွယ်ဝစွာ ကောင်းချီးပေးပုံတို့ကို ထောက်ခြင်းအားဖြင့် ကျွန်ုပ်တို့လည်း ‘ဘုရားသခင့်နိုင်ငံတော်အကြောင်းကို စေ့စေ့စပ်စပ်သက်သေခံ’ လိုသည့်စိတ်သဘော ဖြစ်ပေါ်လာပေသည်။—၂၈:၂၃။
[အောက်ခြေမှတ်ချက်များ]
a St. Paul the Traveller, ၁၉၈၅၊ စာမျက်နှာ ၄။
b ၁၉၄၇၊ ဇူလိုင် ၂၂ ထုတ်နိုးလော့! စာမျက်နှာ ၂၂-၃ ကိုကိုးကားထားသည်; ၁၉၇၁၊ ဧပြီ ၈ ရက်ထုတ် နိုးလော့! စာမျက်နှာ ၂၇-၈ ကိုလည်းရှု။