ကျမ်းစာစောင်နံပါတ် ၄၅—ရောမ
ကျမ်းရေးသူ– ပေါလု
ရေးရာဒေသ– ကောရိန္သု
ရေးသားပြီးစီးချိန်– အေဒီ ၅၆ ခန့်
ဂျူးခရစ်ယာန်များကို အပြင်းအထန်နှိပ်စက်ညှဉ်းပန်းခဲ့သူ ပေါလုသည် ဂျူးမဟုတ်သောလူမျိုးများအတွက် ခရစ်တော်၏စိတ်ဇောထက်သန်သော တမန်တော်ဖြစ်လာပုံကို တမန်တော်ကျမ်းတွင် ကျွန်ုပ်တို့တွေ့ခဲ့ရသည်။ ယခင်က ဖာရိရှဲဖြစ်ခဲ့ပြီး ယခု ဘုရားသခင့် သစ္စာရှိကျေးကျွန်ဖြစ်နေသူ သန့်ရှင်းသောဝိညာဉ်တော် မှုတ်သွင်းခံရမှုဖြင့် ရေးခဲ့သောကျမ်း ၁၄ စောင်သည် ရောမကျမ်းဖြင့် စတင်ပါသည်။ ရောမကျမ်းကိုရေးချိန်တွင် ပေါလုသည် သာသနာပြုခရီးရှည်ကြီးနှစ်ခုကို လှည့်ပြီးဖြစ်ကာ တတိယခရီးစဉ်တွင်လည်း အတော်ခရီးရောက်နေပြီဖြစ်သည်။ အခြားမှုတ်သွင်းခံစာ ငါးစောင်ဖြစ်သော သက်သာလောနိတ်ပထမနှင့် ဒုတိယစာစောင်၊ ဂလာတိ၊ ကောရိန္သုပထမနှင့် ဒုတိယစာစောင်တို့ကို ရေးသားပြီးစီးပြီဖြစ်သည်။ သို့တိုင်၊ ရောမကျမ်းသည် ပေါလုဟောပြောခဲ့သော လူတန်းစားနှစ်ရပ်ဖြစ်သည့် ဂျူးများနှင့် ဂျူးမဟုတ်သူတို့၏ တန်းတူဖြစ်မှုကို ဆွေးနွေးတင်ပြထားသောကျမ်းဖြစ်ရကား မျက်မှောက်ခေတ်ကျမ်းစာများတွင် ရောမကျမ်းကို အခြားကျမ်းများထက် အလျင်ဖော်ပြခြင်းသည် သင့်လျော်ပုံရသည်။ မိမိလူမျိုးနှင့် ဘုရားသခင်ဆက်ဆံရာတွင် အပြောင်းအလဲကို ထောက်ပြပြီး ဂျူးမဟုတ်သူများကို သတင်းကောင်းဟောပြောရလိမ့်မည်အကြောင်းကို မှုတ်သွင်းခံဟေဗြဲကျမ်းစောင်များတွင် ရှေးကတည်းကပင် ဖော်ပြပါရှိကြောင်းလည်း ထောက်ပြထားသည့်ကျမ်းဖြစ်သည်။
၂ တေရတိကို စာရေးအဖြစ်သုံးကာ ပေါလုသည် အချေအတင်စကားများကို တရစပ်တင်ပြပြီး ဟေဗြဲကျမ်းစောင်များမှ ကိုးကားချက်များစွာကို ထည့်သွင်းခြင်းဖြင့် ခရစ်ယာန်ဂရိကျမ်းစောင်များထဲတွင် အားအပါဆုံးကျမ်းစောင်တစ်စောင်ဖြစ်ခဲ့သည်။ ပထမရာစုခရစ်ယာန်အသင်းတော်များကို ဂျူးလူမျိုးနှင့် ဂရိလူမျိုးတို့ဖြင့် ဖွဲ့စည်းချိန်တွင် ဖြစ်ပေါ်လာသော ပြဿနာများအကြောင်းကို ပြေပြစ်လှပသောစကားအသုံးအနှုန်းများဖြင့် ဆွေးနွေးဖော်ပြထားပုံမှာ ပြောင်မြောက်လှပေသည်။ ဂျူးတို့သည် အာဗြဟံ၏မျိုးဆက်ဖြစ်ကြသောကြောင့် ပို၍အရေးပါသလော။ မောရှေပညတ်တရားမှ လွတ်သည်ဆိုပြီး ပါရမီရင့် ခရစ်ယာန်တို့သည် ရှေးဓလေ့များကို တမ်းတမ်းစွဲနေသေးသော အားနည်းသည့်ဂျူးညီအစ်ကိုများကို ထိမိ၍ လဲစေရမည်လော။ ဂျူးနှင့် ဂျူးမဟုတ်သူတို့သည် ဘုရားသခင့်ရှေ့မှောက်တွင် တန်းတူဖြစ်ကြောင်း၊ ဖြောင့်မတ်ရာသို့ရောက်ခြင်းသည် မောရှေပညတ်အားဖြင့်မဟုတ်၊ ယေရှုခရစ်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင့်မခံစားထိုက်သော ကျေးဇူးကရုဏာတော်အားဖြင့်သာဖြစ်ကြောင်း ဤစာတွင် ပေါလုအခိုင်အမာတင်ပြထားသည်။ တစ်ချိန်တည်းတွင် သက်ဆိုင်ရာမင်းအာဏာများကို နည်းမှန်လမ်းကျ လက်အောက်ခံကြဖို့လည်း ခရစ်ယာန်များကို ဘုရားသခင်တောင်းဆိုကြောင်း ပြသွားသည်။
၃ ရောမအသင်းတော် မည်သို့ စတင်တည်ထောင်လာခဲ့သနည်း။ ဘီစီ ၆၃ ခုနှစ်တွင် ဧကရာဇ်ပွန်ပေသည် ယေရုရှလင်မြို့ကို သိမ်းပိုက်ချိန်မှစ၍ ရောမမြို့တွင် ဂျူးအတော်အတန်နေထိုင်ခဲ့ကြသည်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့အတွက် ယေရုရှလင်မြို့သို့ရောက်နေကြသူ ဂျူးတချို့အကြောင်း တမန်တော် ၂:၁၀ တွင် သတ်သတ်မှတ်မှတ်ဖော်ပြထားပြီး ထိုနေ့တွင် သူတို့သည် သတင်းကောင်းကို ကြားခဲ့ကြရသည်။ ထို့နောက် ဘာသာပြောင်းခဲ့ကြသော ပွဲတော်တက်ရန်ရောက်ရှိနေသူတို့သည် ယေရုရှလင်တွင် ဆက်နေထိုင်ကာ တမန်တော်များထံမှ လေ့လာဆည်းပူးခဲ့ကြသည်။ ထို့နောက် ရောမမှသူတို့သည် ရောမသို့ ပြန်ခဲ့ကြမည်မှာ သေချာသည်။ ယေရုရှလင်တွင် ညှဉ်းပန်းနှိပ်စက်ခြင်း ကျရောက်လာချိန်တွင် အချို့သူတို့သည် ထိုနေရာသို့ရောက်သွားခြင်း ဖြစ်နိုင်သည်။ (တ. ၂:၄၁-၄၇; ၈:၁၊ ၄) ၎င်းအပြင် ထိုခေတ်ကလူတို့သည် ခရီးသွားအလွန်ဝါသနာထုံကြသူများဖြစ်သည်။ ယင်းကြောင့်ပင် ရောမအသင်းသားများစွာကို ပေါလုတရင်းတနှီး သိခွင့်ရခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အထဲမှ အချို့မှာ ဂရိ သို့မဟုတ် အာရှတွင် ပေါလုဟောပြောစဉ် သတင်းကောင်းကြားခဲ့သူများဖြစ်နိုင်သည်။
၄ ဤအသင်းတော်အကြောင်း အတိအကျစတင်ကြားရသည်မှာ ပေါလု၏စာ၌ပင်ဖြစ်သည်။ ရောမအသင်းတော်ကို ဂျူးများနှင့် ဂျူးမဟုတ်သော ခရစ်ယာန်များဖြင့် ဖွဲ့စည်းတည်ထောင်ထားကြောင်း၊ သူတို့၏ဇွဲသည် ချီးမွမ်းစရာဖြစ်ကြောင်း ၎င်းစာအားဖြင့်ပင်သိနိုင်သည်။ “သင်တို့ယုံကြည်ခြင်းအရာသည် မြေတစ်ပြင်လုံး၌ အနှံ့အပြားကျော်စောသည်၊” “သင်တို့ယုံကြည်နားထောင် [“နာခံ၊” ကဘ] ခြင်းအကြောင်းအရာသည် လူအပေါင်းတို့တွင် ကျော်စောသည်” ဟုသူရေးခဲ့သည်။ (ရော. ၁:၈; ၁၆:၁၉) ဧကရာဇ်ကလောဒိလက်ထက် (အေဒီ ၄၁-၅၄) တွင်ဂျူးတို့သည် ရောမမြို့မှ မောင်းထုတ်ခံရကြောင်း ဒုတိယရာစုတွင် စူတိုးနီးယပ်က ရေးသားခဲ့သည်။ သို့သော် နောက်ပိုင်း ရောမသို့ပြန်ကြကြောင်း အာကုလနှင့် ပြစ်ကိလတို့အဖြစ်က သက်သေထူသည်။ သူတို့သည် ဂျူးလူမျိုးဖြစ်ရာ ကလောဒိအမိန့်ထုတ်ချိန်တွင် ရောမမှထွက်လာကာ ကောရိန္သုမြို့တွင်နေစဉ် ပေါလုနှင့်တွေ့ခဲ့ကြပြီး ရောမသို့ ပေါလုစာရေးချိန်တွင် သူတို့ရောမသို့ ပြန်ရောက်နေကြပြီဖြစ်သည်။—တ. ၁၈:၂; ရော. ၁၆:၃။
၅ ဤစာသည် ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်း ခိုင်လုံပါသည်။ ဤကျမ်းသည် နိဒါန်းတွင်ပါသည့်အတိုင်း ‘တမန်တော်အရာ၌ခန့်ထားသော ယေရှုခရစ်၏ကျွန်၊ ပေါလုသည် . . . ဘုရားသခင်ချစ်တော်မူ၍၊ သန့်ရှင်းသူအရာ၌ခန့်ထားသော ရောမမြို့သူမြို့သား’ တို့ထံသို့ ရေးလိုက်သောစာဖြစ်ပါသည်။ (ရော. ၁:၄-၆) ခရစ်ယာန်ဂရိကျမ်းစာတွင် ပြင်ပမှထောက်ခံမှုရသော ဦးဆုံးကျမ်းများထဲတွင် ၎င်းကျမ်းပါဝင်သည်။ ခြောက်နှစ်မှ ရှစ်နှစ်လောက် နောက်ကျပြီးမှရေးသော ပေတရု၏ပထမစာတွင် ဤကျမ်းနှင့်ဆင်တူအသုံးအနှုန်းများစွာ တွေ့ရသည်။ ထိုအချိန်တွင် ပေတရုသည် ရောမကျမ်းမိတ္တူတစ်စောင်ကို ဖတ်ဖူးနေပြီဟု ကျမ်းပညာရှင်များက ယူဆရသည်အထိဖြစ်သည်။ အေဒီပထမရာစုနှောင်းပိုင်းနှင့် ဒုတိယရာစုအစောပိုင်းအချိန်က ပညာရှင်များဖြစ်သော ရောမမှကလီးမင့်၊ စမုရနမှ ပေါ်လီကပ်၊ အန္တိအုတ်မှအစ်ဂ်နေရှပ်စ်တို့က ရောမကျမ်းကို ပေါလုရေးခဲ့သောကျမ်းတစ်စောင်ဖြစ်သည်ဟု အတိအကျဆိုကာ ယင်းကျမ်းကို ကိုးကားခဲ့ကြသည်။
၆ ချက်စတာဘီတီ ကျူစာနံပါတ် ၂ (P46) ဟုခေါ်သော ရှေးလက်ရေးစာအုပ်တွင် ရောမကျမ်းကို ပေါလု၏ အခြားကျမ်းရှစ်စောင်နှင့်အတူ တွေ့ရသည်။ ဤရှေးကျသောလက်ရေးစာအုပ်နှင့် ပတ်သက်၍ ဆာ ဖရက်ဒရစ် ကင်ညွန် ဤသို့ရေးခဲ့သည်– “ဤတွင် တတိယရာစုအစပိုင်းလောက်တွင် ရေးသားခဲ့ကြဟန်တူသော ပေါလု၏သြဝါဒစာ လက်ရေးစာမူအားလုံးနီးပါး ပါရှိသည်။”a ချက်စတာဘီတီ ဂရိကျမ်းကျူစာမူသည် အေဒီစတုတ္ထရာစုမှစာမူများဖြစ်သည့် ဆိုင်းနိုင်းတိခ်လက်ရေးစာမူနှင့် ဗာတီကန် လက်ရေးစာမူနံပါတ် ၁၂၀၉ တို့ထက် ပို၍ရှေးကျသည်။ ယင်းတို့တွင် ရောမကျမ်းလည်း ပါဝင်သည်။
၇ အဘယ်အချိန်နှင့် အဘယ်နေရာတွင် ရောမကျမ်းကို ရေးခဲ့ပါသနည်း။ ဂရိပြည်၊ အဖြစ်နိုင်ဆုံးမှာ ကောရိန္သုမြို့မှ ရေးခြင်းကို ကျမ်းပညာရှင်တို့ အငြင်းမပွားကြပါ။ တတိယသာသနာပြုခရီးစဉ်အဆုံးတွင် ကောရိန္သုသို့ရောက်ပြီး ထိုတွင် ပေါလု လအနည်းငယ်ကြာနေထိုင်ခဲ့စဉ်က ရေးခဲ့ခြင်းဖြစ်သည်။ ကျမ်း၏အတွင်းအထောက်အထားများက ကောရိန္သုမြို့တွင်ရေးကြောင်း သက်သေထူသည်။ ကောရိန္သုအသင်းသားတစ်ဦးဖြစ်သူ ဂါယု၏အိမ်မှနေ၍ စာကိုရေးခြင်းဖြစ်သည်။ ကောရိန္သုမြို့၏ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ကင်ခြေမြို့အသင်းတော်မှ ဖိဗေကို မိတ်ဆက်ပေးထားသည်။ ဤစာကို ဖိဗေနှင့်အတူ ရောမသို့ပို့လိုက်ခြင်းဖြစ်ပုံရသည်။ (ရော. ၁၆:၁၊ ၂၃; ၁ ကော. ၁:၁၄) ရောမ ၁၅:၂၃ [ကဘ] တွင်ပေါလုက “ဤဒေသများ၌ ငါမဟောပြောရသေးသောနေရာမရှိတော့” ကြောင်းပြောကာ နောက်အခန်းငယ်တွင် သူ၏သာသနာပြုခရီးကို အနောက်ဘက် စပါနိပြည် [စပိန်ပြည်] သို့ချဲ့ထွင်ရန် ရည်ရွယ်ထားကြောင်း ပြောသေးသည်။ တတိယသာသနာပြုခရီးစဉ် အဆုံးပိုင်း အေဒီ ၅၆ အရောက်တွင် သူယင်းသို့ ပြောနိုင်ခဲ့ပေမည်။
အဘယ်ကြောင့်အကျိုးရှိ
၂၀ ရောမကျမ်းသည် ဘုရားသခင်ပေါ် ယုံကြည်ရခြင်းအကြောင်းရင်းကို ဤသို့ဖော်ပြ၏– “ဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။” ထိုမျှမက ကိုယ်တော့်ဖြောင့်မတ်ခြင်းကိုလည်း ဖော်ကျူးပြီး ကရုဏာတော်နှင့် မခံစားထိုက်သောကျေးဇူးတော်ကိုလည်း ထင်ရှားစေသည်။ သံလွင်ပင်ဥပမာ၌ ယင်းအချက်ကို အထင်းသားတွေ့ရှိနိုင်သည်။ မူရင်းအခက်အလက်များ အပယ်ခံရသည့်အခါ သံလွင်ခက်အရိုင်းများဖြင့် ကိုင်းဆက်သည်ဟု တင်ပြထားသည်။ ဘုရားသခင်၏ ယင်းဖြတ်တောက်ခြင်းနှင့် ကြင်နာတော်မူခြင်းကျေးဇူးတရားကို ပေါလုတွေးတောသောအခါ ဤသို့ဆိုခဲ့ရသည်။ “ဘုရားသခင်၏ပညာနှင့် ဉာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွာတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှ စစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကိုလိုက်၍ ရှာသော်လည်း မတွေ့မမီနိုင်။”—၁:၂၀; ၁၁:၃၃။
၂၁ ယင်းနှင့်ဆက်စပ်ကာ ရောမကျမ်းတွင် ဘုရားသခင်၏ မြင့်မြတ်သောလျှို့ဝှက်ချက် နောက်ပိုင်းဖြစ်ပေါ်တိုးတက်မှုအကြောင်း ရှင်းလင်းတင်ပြထားသည်။ ခရစ်ယာန်အသင်းတော်အတွင်း ဂျူးနှင့်တစ်ပါးအမျိုးသားဟူသော ခွဲခြားမှုရှိတော့မည်မဟုတ်။ လူမျိုးအပေါင်းတို့သည် ယေရှုခရစ်အားဖြင့် ဘုရားသခင့်မခံစားထိုက်သော ကရုဏာတော်ကို ခံစားရကြလေပြီ။ “ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကိုမျှ မှတ်တော်မမူ။” “အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်းတရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင်၏။” “ယုဒအမျိုး၊ ဟေလသအမျိုးကို မရွေး၊ လူအပေါင်းတို့ကို အစိုးရသောအရှင်တစ်ပါးတည်းရှိ၍ ကိုယ်တော်ကိုပတ္ထနာပြုသောသူအပေါင်းတို့၌ ကျေးဇူးကြွယ်ဝတော်မူ၏။” ယင်းအကြောင်းကြောင့် အကျင့်အားဖြင့်မဟုတ်၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ကြသည်ဟု ယူမှတ်ခံရကြ၏။—၂:၁၁၊ ၂၉; ၁၀:၁၂; ၃:၂၈။
၂၂ ရောမမြို့ရှိ ခရစ်ယာန်များထံရေးလိုက်သော ဤသြဝါဒပါ လက်တွေ့ကျသောအကြံပေးချက်များသည် စိမ်းကားသောလောကအတွင်း အလားတူပြဿနာများရင်ဆိုင်နေရသော ယနေ့ခရစ်ယာန်များအတွက်လည်း ထပ်တူအကျိုးပေး၏။ ခရစ်ယာန်တစ်ဦးအား အသင်းတော်ပြင်ပရှိ သူတို့အပါအဝင် “လူအပေါင်းတို့နှင့် အတင့်အသင့်နေ” ရန်စေ့ဆော်ထားသည်။ လူတိုင်း ‘မင်းအာဏာစက်ကို လက်အောက်ခံ’ ရမည်ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင့်အစီအစဉ်ဖြစ်၍ ဥပဒေလိုက်နာသူများကြောက်ရန်မဟုတ်၊ ဒုစရိုက်သမားများကြောက်ရန်သာဖြစ်သည်။ ခရစ်ယာန်တို့သည် ဥပဒေလိုက်နာခြင်းဖြင့် အုပ်ချုပ်မှုကိုလက်အောက်ခံရမည်။ ရာဇဝတ်ဒဏ်ကို ကြောက်သောကြောင့်သာမဟုတ်။ ခရစ်ယာန်သြတ္တပ္ပစိတ်ကိုထောက်၍ဖြစ်သည်။ အခွန်ပေးခြင်း၊ သူတို့ခံထိုက်ရာကို ပေးဆောင်ခြင်း၊ သူတို့ပေးအပ်သောဝတ္တရားများကို ဆောင်ရွက်ခြင်း၊ အချင်းချင်း “ချစ်ခြင်းမေတ္တာမှတစ်ပါး” အဘယ်အကြွေးမျှမတင်ခြင်း တို့ ဖြင့်ဖြစ်သည်။ မေတ္တာသည် ပညတ်တရား၏ပြည့်စုံရာဖြစ်၏။—၁၂:၁၇-၂၁; ၁၃:၁-၁၀။
၂၃ လူထုရှေ့သက်သေခံခြင်းကိစ္စကို ပေါလုအလေးအနက်တင်ပြ၏။ ဖြောင့်မတ်ရာသို့ရောက်ရန် နှလုံးဖြင့် ယုံကြည်ရမည်မှန်သော်လည်း ကယ်တင်ခြင်းရရန် နှုတ်ဖြင့် လူထုရှေ့ကြေညာရ၏။ “[ယေဟောဝါ] ကိုပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။” သို့ရာတွင် ယင်းသို့ဖြစ်မြောက်နိုင်ရေးအတွက် ဟောပြောသူတို့သည် သွား၍ ‘သတင်းကောင်းကို ကြားပြော’ ရမည်။ “မြေကြီးစွန်းတိုင်အောင်ရောက်” သော ကြွေးကြော်သူများ၏အသံတွင် ကျွန်ုပ်တို့၏အသံပါဝင်နေပါက ဝမ်းမြောက်ဖွယ်ဖြစ်၏။ (ရော. ၁၀:၁၃၊ ၁၅၊ ၁၈) ဤဟောပြောခြင်းလုပ်ငန်းအတွက် ပြင်ဆင်သည့်နေရာ၌လည်း ပေါလုကဲ့သို့ မှုတ်သွင်းခံကျမ်းစောင်များကို ကျွမ်းကျင်နိုင်နင်းအောင် ကြိုးစားနိုင်ကြပါစေ။ ပေါလုဆိုလျှင် ဤကျမ်းပိုဒ် (၁၀:၁၁-၂၁) အတွင်း ဟေဗြဲကျမ်းစောင်များမှ တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ကိုးကားထား၏။ (ဟေရှာ. ၂၈:၁၆; ယောလ ၂:၃၂; ဟေရှာ. ၅၂:၇; ၅၃:၁; ဆာ. ၁၉:၄; တရား. ၃၂:၂၁; ဟေရှာ. ၆၅:၁၊ ၂) “ငါတို့သည် ကျမ်းစာ၌ပါသော သည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကို အမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ ကျမ်းစာ၌အထက်က ရေးထားသမျှသည် ငါတို့ကို ဆုံးမသြဝါဒပေး၍ရေးထားသတည်း” ဟုသူကောင်းစွာပြောနိုင်ခဲ့သည်။—ရော. ၁၅:၄။
၂၄ ခရစ်ယာန်အသင်းတော်အတွင်း ဆက်ဆံရေးနှင့်ပတ်သက်သော အလွန်လက်တွေ့ကျသည့် အကြံပေးချက်များပါရှိ၏။ ယခင်က မည်သည့်နိုင်ငံသား၊ လူမျိုးနှင့် အဆင့်အတန်းမှပင်ဖြစ်ပါစေ ဘုရားသခင်၏ ‘မွန်မြတ်သော၊ လက်ခံဖွယ်ဖြစ်သော၊ စုံလင်သောအလိုတော်’ အတိုင်း ဘုရားသခင်၏ မြင့်မြတ်သောဝတ်တွင် ပါဝင်ရန် အားလုံးသည် စိတ်နှလုံးအသစ်ပြုပြင်ရမည်။ (၁၁:၁၇-၂၂; ၁၂:၁၊ ၂) ရောမ ၁၂:၃-၁၆ ပါပေါလု၏သြဝါဒတစ်ခုလုံးတွင် လက်တွေ့ကျလှသော အကျိုးသင့်အကြောင်းသင့် ဖော်ပြချက်များကို တွေ့ရပေသည်။ ခရစ်ယာန်အသင်းတော်သားအားလုံး ထက်သန်မှု၊ နှိမ့်ချမှုနှင့် ကြင်နာမြတ်နိုးမှုတို့ကိုပြုစုရန် ထိရောက်သော အားပေးမှုတစ်ရပ်ပါတကား။ နိဂုံးပိုင်းတွင် သင်းခွဲသော ပုဂ္ဂိုလ်များကို ဂရုပြုရှောင်ရှားရန် ပြင်းပြင်းထန်ထန် သတိပေးထားသည်။ အသင်းတော်အတွင်း သန့်ရှင်းသောပေါင်းသင်းခြင်းအားဖြင့် ဝမ်းမြောက်သစ်လန်းမှုခံစားရမည်ကိုလည်း ထည့်သွင်းရေးသားလိုက်၏။—၁၆:၁၇-၁၉; ၁၅:၇၊ ၃၂။
၂၅ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့၏အချင်းချင်း ဆက်ဆံရေးကို အစဉ်ဂရုပြုရမည်။ “ဘုရားသခင်၏နိုင်ငံတော်သည် အစားအသောက်၌မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံရသော ဝမ်းမြောက်ခြင်း၌တည်” သောကြောင့်ဖြစ်သည်။ (၁၄:၁၇) ယင်းဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကား အထူးသဖြင့် ကောင်းကင်နိုင်ငံတော်တွင် “ခရစ်တော်နှင့်အတူ ဘုန်းဝင်စား” ရမည့် ‘ခရစ်တော်၏အမွေခံဖက်များ’ ခံရသော ဆုကျေးဇူးဖြစ်သည်။ ဧဒင်၌ပေးတော်မူခဲ့သော နိုင်ငံတော်ကတိတော် မည်သို့ပြည့်စုံလာသည်နှင့်ပတ်သက်၍ နောက်ထပ်အဆင့်တစ်ခုကို ရောမကျမ်း၌ ဤသို့ရေးသားထားသည်ကိုလည်း ဂရုပြုပါ– “ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် မကြာမမြင့်မီ စာတန်ကို သင်တို့ခြေအောက်၌ နှိပ်စက်တော်မူမည်။” (ရော. ၈:၁၇; ၁၆:၂၀; က. ၃:၁၅) ယင်းအမှန်တရားများကိုယုံကြည်လျက် ကျွန်ုပ်တို့သည် ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် မျှော်လင့်ခြင်းတို့ဖြင့် ပြည့်လျှံလျက်နေကြပါစေ။ နိုင်ငံတော်မျိုးနွယ်တော်နှင့်အတူ အောင်ပွဲခံမည်ဟူ၍ သန္နိဋ္ဌာန်ချကြစို့။ အကြောင်းမှာ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်ရှိ အဘယ်အရာမက “အဘယ်နိမ္မိတအရာမျှသည် ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသောဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်” ဟုကျွန်ုပ်တို့ အကြွင်းမဲ့ယုံကြည်ကြသောကြောင့်ပင်တည်း။—ရော. ၈:၃၉; ၁၅:၁၃။
[အောက်ခြေမှတ်ချက်]
a Our Bible and the Ancient Manuscripts, 1958, page 188.