ကျမ်းစာစောင်နံပါတ် ၄၈—ဂလာတိ
ကျမ်းရေးသူ– ပေါလု
ရေးရာဒေသ– ကောရိန္သု သို့မဟုတ် ရှုရိပြည်၊ အန္တိအုတ်
ရေးသားပြီးစီးချိန်– အေဒီ ၅၀-၅၂
ဂလာတိ ၁:၂ တွင် ပေါလု ရည်ညွှန်းလိပ်တပ်လိုက်သော ဂလာတိပြည်၌ရှိသော အသင်းတော်များမှာ ပိသိဒိပြည် အန္တိအုတ်၊ ဣကောနိ၊ လုတ္တရနှင့် ဒေရဗေအသင်းတော်များဖြစ်ပုံရသည်။ ၎င်းတို့သည် သီးခြားခရိုင်များတွင် တည်ရှိကြသော်လည်း အားလုံးသည် ရောမလက်အောက်ခံနယ်မြေအတွင်း၌ရှိသည်။ တမန်တော်ကျမ်းအခန်းကြီး ၁၃ နှင့် ၁၄ တွင် ပေါလုနှင့်ဗာနဗတို့၏ ပထမသာသနာပြုခရီးစဉ်သည် ဤဒေသကိုဖြတ်၍ ခရီးသွားခဲ့ကာ ဂလာတိပြည်၌ အသင်းတော်များကို တည်ထောင်ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းအသင်းတော်များကို ဂျူးနှင့် တစ်ပါးအမျိုးသားများဖြင့် ဖွဲ့စည်းထားပြီး စဲလ်တစ်လူမျိုး သို့မဟုတ် ဂေါလ်လူမျိုးတို့ ပါဝင်ပေသည်။ ဤသည်မှာ အေဒီ ၄၆ ခန့်တွင် ယေရုရှလင်သို့ ပေါလုလည်ပတ်ပြီးနောက် များမကြာမီအချိန်တွင် ဖြစ်ပါသည်။—တ. ၁၂:၂၅။
၂ အေဒီ ၄၉ တွင် ပေါလုနှင့်သိလတို့သည် ပေါလု၏ဒုတိယသာသနာပြုခရီးစဉ်ကို အစပြုခဲ့ကြသည်။ ဂလာတိနယ်ကို ရောက်ခဲ့ကြပြီး ‘အသင်းတော်များကို ယုံကြည်ခြင်း၌ ပို၍ခိုင်ခံ့မြဲမြံစေခဲ့ကြသည်ဖြစ်၍ အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့ တိုးပွားများပြားလာခဲ့သည်။’ (တ. ၁၆:၅; ၁၅:၄၀၊ ၄၁; ၁၆:၁၊ ၂) သို့သော် မိစ္ဆာဆရာများ၊ အရေဖျားလှီးခြင်းနှင့် မောရှေပညတ်စောင့်ထိန်းခြင်းတို့သည် ခရစ်ယာန်ဘာသာစစ်တွင် မရှိမဖြစ် အရေးကြီးသောအရာများဖြစ်ကြောင်း သွေးထိုးကြသော ဂျူးထုံးစံလိုက်သူများ ပေါ်လာကြသည်။ ထိုအချိန်လောက်တွင် ပေါလုသည် မုသိပြည်ကိုလွန်ကာ မာကေဒေါနိပြည်၊ ထိုမှတစ်ဆင့် ဂရိပြည်၊ ကောရိန္သုမြို့သို့ရောက်ရှိပြီး ထိုတွင် ညီအစ်ကိုတို့နှင့်အတူ ၁၈ လတာကာလ နေထိုင်ခဲ့သည်။ ထို့နောက် အေဒီ ၅၂ တွင် ဧဖက်မြို့ကိုဖြတ်ပြီး သူ၏အခြေစိုက်စခန်းဖြစ်သော ရှုရိပြည်၊ အန္တိအုတ်မြို့သို့ ထွက်ခွာလာခဲ့ရာ ထိုနှစ်တွင်ပင် ရောက်ရှိလာသည်။—တ. ၁၆:၈၊ ၁၁၊ ၁၂; ၁၇:၁၅; ၁၈:၁၊ ၁၁၊ ၁၈-၂၂။
၃ ဂလာတိသြဝါဒစာကို အဘယ်အချိန်၊ အဘယ်နေရာတွင် ပေါလုရေးခဲ့သနည်း။ ဂျူးထုံးစံလိုက်သူများအကြောင်း ကြားကြားခြင်းရေးခဲ့သည်ကို သံသယရှိစရာမလိုချေ။ ကောရိန္သုတွင်လည်း ဖြစ်နိုင်သည်။ ဧဖက်တွင်လည်း ဖြစ်နိုင်သည်။ ရှုရိပြည်၊ အန္တိအုတ်မြို့တွင်လည်း ဖြစ်နိုင်သည်။ အေဒီ ၅၀-၅၂ အတွင်း ကောရိန္သု၌ ၁၈ လကြာနေထိုင်စဉ်က ဖြစ်နိုင်သည်၊ အကြောင်းမှာ ဂလာတိနယ်မှသတင်း သူ့ဆီရောက်ဖို့ အချိန်အတော်အတန်လိုခဲ့မည်ဖြစ်သည်။ အပြန်ခရီးတွင် တစ်ခဏလေးသာ ဧဖက်မြို့ကို ဝင်ခဲ့ခြင်းကြောင့် ဧဖက်ဖြစ်ဖို့နည်းသည်။ သို့သော် အေဒီ ၅၂၊ နွေအချိန်တွင် သူ၏အခြေစိုက်စခန်းဖြစ်သော ရှုရိပြည်၊ အန္တိအုတ်မြို့၌ “အတန်အရာနေ” ခဲ့သောကြောင့် အန္တိအုတ်မြို့မှရေးခြင်းလည်း ဖြစ်နိုင်သည်။ အန္တိအုတ်မြို့နှင့် အာရှမိုင်းနား ကူးလူးဆက်ဆံမှုများသောကြောင့် ထိုတွင်နေစဉ် ဂျူးထုံးစံလိုက်သူများအကြောင်း သူကြားပြီး ဂလာတိပြည်ရှိ အသင်းတော်များကို စာရေးလိုက်ခြင်းဖြစ်နိုင်သည်။—တ. ၁၈:၂၃။
၄ ဤသြဝါဒစာတွင် ပေါလုကို ‘လူတို့ထံမှမဟုတ်၊ လူတစ်ဦး၏ ခန့်အပ်မှုအားဖြင့်လည်းမဟုတ်၊ ယေရှုခရစ်နှင့် ကိုယ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ခမည်းတော် ဘုရားသခင်အားဖြင့် တမန်တော်ဖြစ်လာ၏’ ဟု ဖော်ပြထားသည်။ ပေါလု၏ကိုယ်ရေးရာဇဝင်နှင့် တမန်တော်ဖြစ်မှုအကြောင်းကိုလည်း များစွာသိရှိစေပါသည်။ တမန်တော်တစ်ပါးအနေနှင့် သူသည် ယေရုရှလင်မြို့ရှိ တမန်တော်များနှင့် စိတ်သဘောချင်းညီညွတ်စွာ အမှုဆောင်ကြောင်း၊ တမန်တော်တစ်ပါးဖြစ်သော ပေတရုကိုပဲ့ပြင်ရာတွင် သူ၏အခွင့်အာဏာကိုသုံးခဲ့ကြောင်း ဖော်ပြထားသည်။—ဂလ. ၁:၁၊ ကဘ; ၁၃-၂၄; ၂:၁-၁၄။
၅ ဂလာတိကျမ်း၏ ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုနှင့် ကျမ်းစာလုံးချင်းတွင် ပါဝင်မှုကို အဘယ်အချက်များက ထောက်ခံသနည်း။ အိုင်ရင်နီးယပ်စ်၊ အလက်ဇန္ဒြီးယားမြို့သား ကလီးမင့်၊ တာတူလျန်နှင့် သြရီဂျင်တို့၏စာပေများတွင် ဂလာတိကျမ်းကို အမည်နှင့်တကွရည်ညွှန်းထားသည်။ ထို့ပြင် အောက်ဖော်ပြပါ အရေးကြီးကျမ်းစာလက်ရေးစာမူများတွင်လည်း ထည့်သွင်းထားပါသည်– ဆိုင်းနိုင်းတစ်ခ်၊ အလက်ဇန္ဒရင်း၊ ဗာတီကန် နံပါတ် ၁၂၀၉၊ ကိုဒက် အီဖရီရယ်မီ ဆီးရီး ရီစခရစ်တပ်စ်၊ ကိုဒက် ဘဇေးနှင့် ချက်စတာ ဘီတီ ပါပိုင်းယပ်စ် နံပါတ် ၂ (P46)။ ၎င်းအပြင် ဤကျမ်းသည် အခြားဂရိကျမ်းစောင်များနှင့်အပြင် ဟေဗြဲကျမ်းစောင်များနှင့်ပါ သဘောကွဲလွဲမှုမရှိ တိုက်ဆိုင်ညီညွတ်သည်။ ဟေဗြဲကျမ်းစောင်များကို ဤကျမ်းတွင် မကြာခဏ ကိုးကားထားသည်။
၆ “ဂလာတိပြည်၌ရှိသော အသင်းတော်များ” သို့ရေးလိုက်သော ပေါလု၏ အားပါပြီး ပြင်းထန်သောစာတွင် (၁) မိမိသည် တမန်တော်တစ်ဦး အမှန်ပင်ဖြစ်ကြောင်း (ဂျူးထုံးစံလိုက်သူများက မဟုတ်ဟု ဆိုကြသည်) (၂) ပညတ်တရား၏အကျင့်အားဖြင့်မဟုတ်ဘဲ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်သောကြောင့် ခရစ်ယာန်များအတွက် အရေဖျားလှီးခြင်းမလိုတော့ကြောင်း ဖော်ပြထားပါသည်။ မိမိ၏သြဝါဒစာများကို စာရေးတစ်ယောက်သုံးပြီး ပေါလု ရေးလေ့ရေးထရှိသော်လည်း ဂလာတိကျမ်းကိုမူ ‘စာလုံးကြီးများဖြင့် ကိုယ်လက်နှင့် ရေးခဲ့သည်။’ (၆:၁၁) ဤကျမ်းပါအကြောင်းအရာများသည် ပေါလုအတွက်ကော ဂလာတိအသင်းသားများအတွက်ပါ အလွန်အရေးကြီးသည်။ စစ်မှန်သောခရစ်ယာန်များသည် ယေရှုခရစ်အားဖြင့် ရရှိထားသော လွတ်ခြင်းအခွင့်ကို လေးမြတ်တန်ဖိုးထားကြရန် ဤကျမ်းတွင် အလေးပေးထားပါသည်။
အဘယ်ကြောင့် အကျိုးရှိကြောင်း
၁၄ ဂလာတိကျမ်းသည် ညှဉ်းဆဲဖျက်ဆီးသူအဖြစ်မှ မိမိညီအစ်ကိုအကျိုးအတွက် လုပ်ဆောင်ရန်အမြဲအသင့်ရှိကာ နိုးကြားဖျတ်လတ်မှုရှိသည့် တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်တစ်ပါးဘဝသို့ ရောက်ခဲ့သူအဖြစ် ပေါလုကို သရုပ်သကန်ဖော်ထားသည်။ (၁:၁၃-၁၆၊ ၂၃; ၅:၇-၁၂) ကြီးကြပ်မှူးတစ်ဦးသည် ဆင်ခြင်တုံတရားနှင့် ကျမ်းစာကိုသုံးပြီး မှားယွင်းသော ဆင်ခြေဆင်လက်များကို ချေဖျက်ခြင်းဖြင့် ပြဿနာများကို မဆိုင်းမတွ ဖြေရှင်းအပ်ကြောင်း ပေါလုပုံနမူနာပြခဲ့၏။—၁:၆-၉; ၃:၁-၆။
၁၅ ဂလာတိကျမ်းသည် ခရစ်တော်အားဖြင့်ရသော လွတ်ခြင်းအခွင့်ကို ရှင်းရှင်းလင်းလင်း တင်ပြထားပြီး သတင်းကောင်း မှောက်လှန်သူတို့ကိုလည်း ရှုတ်ချထားရာ ဂလာတိပြည်၌ရှိသော အသင်းတော်တို့အတွက် အကျိုးရှိခဲ့၏။ လူတစ်ဦးသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြောင်း၊ လူတစ်ဦး ကယ်တင်ခံရရေးအတွက် အရေဖျားလှီးဖို့မလိုတော့ကြောင်း ရှင်းရှင်းလင်းလင်း တင်ပြထား၏။ (၂:၁၆; ၃:၈; ၅:၆) ဇာတိနှင့်ဆိုင်သော ၎င်းခွဲခြားမှုကို ပယ်ရှားခြင်းအားဖြင့် ဂျူးနှင့်တစ်ပါးအမျိုးသားများအား အသင်းတော်တစ်ခုတည်း၌ စည်းလုံးစွာ အမှုဆောင်စေခဲ့သည်။ ပညတ်တရားမှ လွတ်ခြင်းအခွင့်ကို ခုတုံးလုပ်ပြီး အသွေးအသားတပ်မက်ခြင်းနောက်သို့ လိုက်ရန်မဟုတ်။ အကြောင်းမှာ ‘ကိုယ်နှင့်အမျှ တစ်ပါးသူကို ချစ်ရမည်’ ဟူသောမူမှာ ဆက်ရှိနေဆဲဖြစ်သည်။ ယင်းသည် ယနေ့ ခရစ်ယာန်များအဖို့ လမ်းပြမှတ်တိုင်သဖွယ် ရပ်တည်လျက်ရှိသေး၏။—၅:၁၄။
၁၆ ပေါလု၏စာသည် ဟေဗြဲကျမ်းစောင်များမှ ထိမိသောပုံဥပမာများကိုဖော်ပြထားခြင်းကြောင့် ဂလာတိအသင်းသားများအား အယူဝါဒဆိုင်ရာအချက်အလက်များစွာကို နားလည်စေရန် ကူညီပေးခဲ့၏။ ဟေရှာယ ၅၄:၁-၆ ကို ဘုရားသခင့်တန်ခိုးတော်ဖြင့် အနက်ပြန်ပေးခဲ့၏။ ယေဟောဝါ၏မိန်းမသည် ‘အထက်တွင်ရှိသော ယေရုရှလင်’ ဖြစ်ကြောင်းဖော်ပြ၏။ ဟာဂရနှင့် စာရာတို့၏ “ပုံပမာ” အကြောင်းကို ရှင်းလင်းတင်ပြပြီး ဘုရားသခင့်ကတိတော် အမွေခံတို့မည်သည် ခရစ်တော်အားဖြင့် လွတ်မြောက်ပြီးသောသူများဖြစ်ကြောင်း၊ ပညတ်တရားအောက် ကျွန်ခံဆဲပုဂ္ဂိုလ်များမဟုတ်ကြောင်း ဖော်ပြ၏။ (ဂလ. ၄:၂၁-၂၆; က. ၁၆:၁-၄၊ ၁၅; ၂၁:၁-၃၊ ၈-၁၃) ပညတ် ပဋိညာဉ်သည် အာဗြဟံနှင့်ဖွဲ့သောပဋိညာဉ်ကို ပျက်ပြယ်စေဖို့မဟုတ်ဘဲ ယင်းကို ဖြည့်စွက်ပေးခြင်းဖြစ်ကြောင်း ရှင်းပြ၏။ ထို့ ပြင် ၎င်းပဋိညာဉ်နှစ်ခုဖွဲ့သည့်စပ်ကြားတွင် အချိန်ကာလအားဖြင့် နှစ်ပေါင်း ၄၃၀ ကွာခြားကြောင်းကိုလည်း ညွှန်ပြခဲ့သည်၊ ယင်းသည် ကျမ်းစာသက္ကရာဇ်စဉ်အတွက် အရေးပါ၏။ (ဂလ. ၃:၁၇၊ ၁၈၊ ၂၃၊ ၂၄) ယနေ့ ခရစ်ယာန်တို့၏ ယုံကြည်ခြင်း တည်ဆောက်ရန်အတွက် ယင်းမှတ်တမ်းတင်ချက်တို့ကို ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့သည်။
၁၇ ထို့ထက်အရေးကြီးသည်ကား၊ ဂလာတိကျမ်းသည် ပရောဖက်အားလုံး မျှော်လင့်ခဲ့သည့် နိုင်ငံတော်အမျိုးအနွယ်ကို တပ်အပ်သေချာစွာ ဖော်ပြ၏။ “ကတိတော်တို့ကို အာဗြဟံနှင့် သူ၏အမျိုးအနွယ်၌ ထားတော်မူ၏။ . . . ထို . . . သူကား ခရစ်တော်ဖြစ်သတည်း။” ခရစ်တော်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင့်သားများ ဖြစ်လာကြသူတို့သည် ၎င်းအမျိုးအနွယ်ထဲသို့ စာရင်းဝင်ကြောင်းဖော်ပြထား၏။ “ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍ ကတိတော်အတိုင်း အမွေခံ၏အရာ၌ တည်ကြ၏။” (၃:၁၆၊ ၂၉) နိုင်ငံတော်အမွေခံများနှင့် ၎င်းတို့၏လုပ်ဖော်ဆောင်ဖက်များ ဂလာတိကျမ်းပါ ဤသြဝါဒတို့ကို လိုက်နာအပ်ပေသည်– ‘ခရစ်တော်ပေးတော်မူသော လွတ်ခြင်းအခွင့်၌ အစဉ်ရပ်တည်လော့။’ “ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။” “ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့ ၌ အထူးသဖြင့် . . . ကျေးဇူးပြုကြကုန်အံ့။”—၅:၁; ၆:၉၊ ၁၀။
၁၈ နောက်ဆုံးတွင် ဇာတိအကျင့်ကိုကျင့်သောသူတို့သည် “ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ” ဟူသော ပြင်းထန်သည့် သတိပေးချက်ပါရှိ၏။ သို့ ဖြစ်၍ ကျွန်ုပ်တို့အားလုံး လောကီအညစ်အကြေးနှင့် ရန်ဘက်ပြုခြင်းတို့ကို လုံးဝရှောင်ကြကုန်အံ့။ ‘ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း’ တည်းဟူသော ဝိညာဉ်အသီးများကို သီးနိုင်ရေးအတွက် နှလုံးအကြွင်းမဲ့ လုပ်ဆောင်ကြစို့။—၅:၁၉-၂၃။