ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bsi08-1 စာ. ၂၆-၂၈
  • ကျမ်းစာစောင်နံပါတ် ၄၉​—ဧဖက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာစောင်နံပါတ် ၄၉​—ဧဖက်
  • ‘ကျမ်းစာတစ်ကျမ်းလုံး’— စစ်မှန်ပြီး အကျိုးပြု အတွဲ ၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • အဘယ်ကြောင့် အကျိုးရှိကြောင်း
‘ကျမ်းစာတစ်ကျမ်းလုံး’— စစ်မှန်ပြီး အကျိုးပြု အတွဲ ၁၆
bsi08-1 စာ. ၂၆-၂၈

ကျမ်းစာစောင်နံပါတ် ၄၉​—ဧဖက်

ကျမ်းရေးသူ– ပေါလု

ရေးရာဒေသ– ရောမ

ရေးသားပြီးစီးချိန်– အေဒီ ၆၀ ခန့်-၆၁

သင်ထောင်ကျနေသည်ဟု စိတ်ကူးကြည့်ပါ။ ဇွဲရှိသော ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်သောကြောင့် ညှဉ်းပန်းခံရပြီး ယခုထောင်ကျနေခြင်းဖြစ်သည်။ အသင်းတော်တို့ကို လည်ပတ်ပြီး အားပေးနိုင်ခြင်းမရှိတော့သဖြင့် သင်ယခု ဘာလုပ်မည်နည်း။ သင်ဟောပြောခဲ့သောကြောင့် ခရစ်ယာန်ဖြစ်လာသူများထံ စာရေးပြီး အားမပေးနိုင်ပေလော။ သင့်အခြေအနေမည်သို့ရှိသည်ကို သူတို့သိချင်နေကြမည်မဟုတ်လော။ သူတို့ အားပေးမှုလိုအပ်နေမည်မဟုတ်လော။ အမှန်ပင် လိုအပ်နေကြပါသည်။ ထို့ကြောင့် သင်ယခု စရေးတော့သည်။ ယခု သင်သည် အေဒီ ၅၉-၆၁ အတွင်း ရောမတွင် ပထမအကြိမ်ထောင်ကျခံနေရစဉ်က ပေါလုလုပ်ဆောင်ခဲ့သကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်သည်။ သူသည် ကဲသာထံ အယူခံဝင်ထားသူဖြစ်သည်။ အမှုစစ်ဆေးရန် စောင့်နေဆဲအချိန်၊ အစောင့်အကြပ်နှင့် မပြတ်ရှိနေချိန်တွင် အချို့သောအရာများကိုမူ သူလွတ်လွတ်လပ်လပ်လုပ်နိုင်ပေသည်။ “ဧဖက်သြဝါဒစာ” ကို အေဒီ ၆၀ သို့မဟုတ် ၆၁ ခုနှစ်လောက်က ရောမမှ ပေါလုရေးခဲ့ပြီး တုခိတ်နှင့် ပါးလိုက်ပါသည်။ သြနေသိမ်လည်း တုခိတ်နှင့်လိုက်သွားခဲ့သည်။—ဧ. ၆:၂၁; ကော. ၄:၇-၉။

၂ ပေါလုသည် ပထမအခန်းငယ်၌ပင် စာရေးသူသည် မိမိဖြစ်ကြောင်းပြောပြီး ‘သခင်အတွက်ကြောင့် အကျဉ်းခံရသူ’ ဟုသူ့ကိုယ်သူ လေးကြိမ်တိုင်ရည်ညွှန်းခဲ့ပါသည်။ (ဧ. ၁:၁; ၃:၁၊ ၁၃; ၄:၁; ၆:၁၉၊ ၂၀) ဤစာကို ပေါလုရေးခြင်းမဟုတ်ဟု ငြင်းခုံခြင်းများသည် အချည်းနှီးသက်သက်ဖြစ်ကုန်ပါပြီ။ အေဒီ ၂၀၀ ခန့်မှဟုယူမှတ်ကြသော ချက်စတာဘီတီကျူစာ နံပါတ် ၂ (P46) တွင်ပေါလု၏သြဝါဒစာများပါရှိသော လက်ရေးကျမ်းစာအုပ်မှ စာရွက် ၈၆ ရွက်ပါရှိသည်။ ၎င်းတို့အထဲတွင် ဧဖက်သြဝါဒစာလည်းပါရှိသောကြောင့် ထိုအချိန်က ပေါလု၏အခြားစာများနှင့် ၎င်းကို တစ်တွဲတည်းထားကြောင်း ထင်ရှားနေပါသည်။

၃ အစောပိုင်းခရစ်ယာန်ကျမ်းပညာရှင်များက ပေါလုသည် “ဧဖက်သြဝါဒစာ” ကို ရေးခဲ့သည်ဟူသောအချက်ကို ထောက်ခံကြသည်။ ဥပမာ၊ အေဒီဒုတိယရာစုမှ အိုင်ရင်နီးယပ်စ်သည် ဧဖက် ၅:၃၀ ကိုအောက်ပါအတိုင်းကိုးကားခဲ့သည်– “ဧဖက်သြဝါဒစာတွင် ပေါလုရေးခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် ကိုယ်တော်မြတ်၏အင်္ဂါများဖြစ်ကြသည်။” ထိုအချိန်လောက်တွင် အလက်ဇန္ဒြီးယားမြို့မှ ကလီးမင့်က ဧဖက် ၅:၂၁ ကို ကိုးကားကာ “ဧဖက်သြဝါဒစာတွင် ရေးထားသည့်အတိုင်း သခင်ဘုရားကို ခန့်ညားသောအားဖြင့် တစ်ယောက်အောက်တစ်ယောက် နှိမ့်ချပြီးနေကြပါ” ဟု ရေးခဲ့သည်။ အေဒီတတိယရာစု၏ ပထမရာစုဝက်မှ သြရီဂျင်ကလည်း ဧဖက် ၁:၄ ကို ကိုးကားကာ ဤသို့ဆိုထား၏– “ထို့ပြင် ဧဖက်သြဝါဒစာ၌ တမန်တော်က ဤကမ္ဘာမတည်မရှိမီ ငါတို့ကိုရွေးကောက်တော်မူသောအရှင်အကြောင်း ပြောရာတွင် အလားတူစကားကိုအသုံးပြုထားသည်။”a အစောပိုင်းခရစ်ယာန်သမိုင်းစာရေးဆရာ ယူစီးဘီးယပ်စ် (အေဒီ ၂၆၀ ခန့်-၃၄၂) သည် ဧဖက်ကျမ်းကို သမ္မာကျမ်းစာကျမ်းရင်းဝင်အဖြစ် ထည့်သွင်းပြီး အစောပိုင်းခရစ်ယာန်ကျမ်းပညာရှင်အများစုကလည်း ဧဖက်ကျမ်းကို မှုတ်သွင်းခံကျမ်းအဖြစ် ရည်ညွှန်းဖော်ပြကြသည်။b

၄ ချက်စတာဘီတီကျူစာ၊ ဗာတီကန်လက်ရေးစာမူနံပါတ် ၁၂၀၉ နှင့် ဆိုင်းနိုင်းတစ်ခ်လက်ရေးစာမူများက အခန်းကြီး ၁၊ အခန်းငယ် ၁ တွင် “ဧဖက်မြို့၌နေသော” ဟူသောစကားလုံးကို ချန်လှပ်ထားသောကြောင့် မည်သူတို့ထံ ဦးတည်၍ရေးမှန်း မသိနိုင်ဖြစ်စေသည်။ ၎င်းအပြင် (ပေါလုသည် ဧဖက်တွင် သုံးနှစ်လုံးလုံး ကြိုးစားအမှုဆောင်ခဲ့သော်လည်း) ဧဖက်မှ ညီအစ်ကိုညီအစ်မများကို နာမည်နှင့် အတိအကျနှုတ်ဆက်စကားဆိုခြင်းလည်း မပါရှိသောကြောင့် အခြားတစ်နေရာသို့ သို့မဟုတ် ဧဖက်အသင်းတော်အပါအဝင် အာရှမိုင်းနားမှ အသင်းတော်များထံသို့ ခြုံ၍ရေးလိုက်သောစာဖြစ်ရမည်ဟု တချို့ကဆိုကြသည်။ သို့သော် အခြားလက်ရေးစာမူအများစုတွင်မူ “ဧဖက်မြို့၌နေသော” ဟူသည့်စကားပါရှိပြီး အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အစောပိုင်းခရစ်ယာန်ကျမ်းပညာရှင်များက ဧဖက်အသင်းသားများထံရေးသောစာအဖြစ် လက်ခံခဲ့ပါသည်။

၅ နောက်ခံအခြေအနေအချို့က ဤစာရေးရခြင်းအကြောင်းရင်းကို နားလည်နိုင်ပေမည်။ ခရစ်သက္ကရာဇ် ပထမရာစုတွင် ဧဖက်မြို့သည် ဗေဒင်၊ နတ်ဝိဇ္ဇာ၊ နက္ခတ်ပညာများကြောင့် နာမည်ကြီးသည်။ မျိုးပွားဘုရားမ အာတေမိကိုလည်း ကိုးကွယ်ကြသည်။c အာတေမိဘုရားရုပ်တုပတ်လည်တွင် ရှေးကမ္ဘာ့အံ့ဖွယ်ခုနစ်သွယ်မှ တစ်ခုဖြစ်သည့် ကြီးကျယ်ခမ်းနားလှသော ဗိမာန်ကြီးကို ဆောက်ထားကြသည်။ ၁၉ ရာစုမှ တူးဖော်တွေ့ရှိချက်အရ ဗိမာန်သည် အနံပေ ၂၄၀ နှင့် အလျား ၄၁၈ ပေရှိသော မြေကွက်ပေါ်တွင် တည်ဆောက်ထားသည်။ ဗိမာန်ကိုယ်နှိုက်သည် အနံ ၁၆၄ ပေ၊ အလျား ၃၄၃ ပေရှိပြီး တစ်တိုင်လျှင် ၅၅ ပေအမြင့်ရှိသည့် စကျင်ကျောက်တိုင်လုံးကြီးပေါင်း ၁၀၀ ပါရှိသည်။ အမိုးကို အဖြူရောင် စကျင်ကျောက်ပြားကြီးများဖြင့် မိုးထားသည်။ စကျင်ကျောက်တုံး တစ်တုံးနှင့်တစ်တုံးအကြား သရွတ်အစားရွှေကို သုံးထားသည်ဟု ဆိုကြသည်။ ယင်းဗိမာန်သည် တစ်ကမ္ဘာလုံးမှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆွဲဆောင်မှုဖြစ်ခဲ့ပြီး ဘုရားပွဲအချိန်အတွင်း မြို့ထဲတွင်ဧည့်သည်များ သိန်းချီရှိတတ်သည်။ အာတေမိဗိမာန်ငယ်များကို အမှတ်တရလက်ဆောင်ပစ္စည်းအဖြစ် ပြုလုပ်ရောင်းချခြင်းသည် ဧဖက်မြို့မှငွေပန်းတိမ်ဆရာများအဖို့ အမြတ်ငွေများသော စီးပွားရေးဖြစ်သည်။

၆ ဒုတိယသာသနာပြုခရီးစဉ်တွင် ဧဖက်၌ ပေါလု ခဏဝင်ရောက်ဟောပြောပြီး ဆက်ဟောပြောရန် အာကုလနှင့် ပြစ်ကိလတို့ကို ထားရစ်သည်။ (တ. ၁၈:၁၈-၂၁) တတိယသာသနာပြုခရီးစဉ်တွင် ပေါလုတစ်ခေါက်ပြန်ရောက်လာပြီး သုံးနှစ်ခန့်နေကာ လူတို့အား ‘လမ်းစဉ်တော်’ အကြောင်း ဟောပြောသွန်သင်ခဲ့၏။ (တ. ၁၉:၈-၁၀၊ ကဘ; တ. ၂၀:၃၁) ဧဖက်မြို့တွင်နေစဉ် ပေါလုအလုပ်ကြိုးစားလုပ်ခဲ့သည်။ စာရေးသူ အေ. အီး. ဘဲလေရေးခဲ့သော ကျမ်းစာခေတ်က တစ်နေ့တာလုပ်ငန်းဆောင်တာများ ဟူသည့်စာအုပ်တွင် “နေထွက်သည့်အချိန်မှ နံနက် ၁၁ နာရီ (တ. ၂၀:၃၄၊ ၃၅) အထိကိုယ့်ဝမ်းစာရေးအတွက် ပေါလုအလုပ်လုပ်သည်။ ထိုအချိန်လောက်ဆိုလျှင် တုရန္နုသည် သူ့စာသင်ကျောင်း၌ စာသင်ပြီးပေပြီ။ ထို့ကြောင့် ပေါလုသည် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ လက်ထောက်တို့နှင့်အတူ ထိုကျောင်းတွင် ဟောပြောပို့ချ၊ ဆွေးနွေးမှုများပြုလုပ်သည်။ . . . ထို့နောက် တစ်အိမ်မှတစ်အိမ် ဧဝံဂေလိလုပ်ငန်းကို ညနေ ၄ နာရီမှ ညဉ့်နက်သည့်အထိ လုပ်လေသည်။ (တ. ၂၀:၂၀၊ ၂၁၊ ၃၁) သူ့အတွက် စားချိန်အိပ်ချိန် အဘယ်မှာကျန်တော့သနည်း။”—၁၉၄၃၊ စာမျက်နှာ ၃၀၈။

၇ ထိုသို့ ကြိုးစားဟောပြောရာ၌ ဝတ်ပြုရေးတွင် ရုပ်တုအသုံးပြုခြင်းသည် မှားယွင်းကြောင်း ပေါလုဖော်ပြခဲ့၏။ ထို့ကြောင့် ပန်းတိမ်ဆရာ ဒေမေဒရိကဲ့သို့ ရုပ်တုပြုလုပ်ရောင်းချသူတို့သည် ဒေါသူပုန်ထကာ ရုန်းရင်းဆန်ခတ်ပြုသောကြောင့် ပေါလုလည်း ဧဖက်မှ ထွက်ခွာရလေသည်။—တ. ၁၉:၂၃–၂၀:၁။

၈ တိတ္ထိကိုးကွယ်မှု၊ အံ့သြမိန်းမောဖွယ်အာတေမိဗိမာန်၏ လွှမ်းမိုးမှုတို့ ပတ်ချာဝိုင်းနေသော ဧဖက်အသင်းတော် ရင်ဆိုင်နေရမည့် ပြဿနာများကို ယခုထောင်ကျနေစဉ် ပေါလုစဉ်းစားမိပါသည်။ ထိုဘိသိက်ခံခရစ်ယာန်များကို သင့်လျော်သည့်ပုံဥပမာဖြင့် ပြောဖို့လိုအပ်သောကြောင့် ယခု ပေါလုက သူတို့သည် ဝိညာဉ်တော်အားဖြင့် ယေဟောဝါကျိန်းဝပ်သည့် “သန့်ရှင်းသောဗိမာန်တော်” တွင်ပါဝင်တည်ဆောက်ခံရကြကြောင်း ဖော်ပြသည်။ (ဧ. ၂:၂၁) ဧဖက်မြို့သားများအား ဘုရားသခင့်စီမံခန့်ခွဲမှု (ကိုယ်တော်၏အိမ်တော်သားတို့ကို စီမံအုပ်ချုပ်သည့်နည်းလမ်း) နှင့်ပတ်သက်သည့် ‘မြင့်မြတ်သောနက်နဲရာ’ ကိုဖော်ပြပြီး ခရစ်တော်ယေရှုအားဖြင့် စည်းလုံးမှုနှင့် ငြိမ်သက်မှုပြန်လည်ရရှိမည်ဆိုသည်ကို သိရှိခြင်းက သူတို့အား အလွန်စိတ်သက်သာရာရစေပါသည်။ (၁: ၉၊ ၁၀) ခရစ်တော်အားဖြင့် ဂျူးနှင့် တစ်ပါးအမျိုးသားတို့၏ပေါင်းစည်းမှုကို ပေါလုအလေးပေးပြောဆိုသည်။ တစ်ပေါင်းတစ်စည်းတည်းအဖြစ် စည်းလုံးကြရန် နှိုးဆော်ခဲ့သည်။ သို့နှင့် ဤကျမ်းစောင်၏ရည်ရွယ်ချက်၊ တန်ဖိုးနှင့် မှုတ်သွင်းခံဖြစ်မှုတို့ကို ကျွန်ုပ်တို့နားလည်နိုင်ကြသည်။

အဘယ်ကြောင့် အကျိုးရှိကြောင်း

၁၆ ဧဖက်သြဝါဒစာသည် ခရစ်ယာန်အသက်တာအစိတ်အပိုင်းတိုင်းနှင့် သက်ဆိုင်သည်ဟုဆိုရမလောက်ဖြစ်သည်။ ယနေ့ကမ္ဘာ့ဒုက္ခပြဿနာနှင့် သက်ငယ်ပြစ်မှု တိုးပွားလာသည့်အဖြစ်ကိုထောက်သော် ပေါလု၏မွန်မြတ်၍ လက်တွေ့ကျသော အကြံပေးချက်များသည် ဘုရားရေးရာနည်းလမ်းအတိုင်း နေထိုင်လိုသူများအတွက် တကယ်ပင်အကျိုးဖြစ်ထွန်းစေ၏။ သားသမီးနှင့်မိဘ မည်သို့ အပြန်အလှန်ဆက်ဆံအပ်သနည်း။ လင်မယားဝတ် မည်သို့ရှိသနည်း။ အသင်းတော်သားတစ်ဦးစီ အသင်းတော်အတွင်း မေတ္တာဖြင့် နှောင်ဖွဲ့နိုင်ရေးအတွက်သော်လည်းကောင်း၊ ဆိုးယုတ်သောလောက၌ ခရစ်ယာန်တို့၏စင်ကြယ်မှုကို ထိန်းသိမ်းနိုင်ရေးအတွက်သော်လည်းကောင်း မည်သို့ပြုရမည်နည်း။ ပေါလုသြဝါဒစာ၌ ယင်းမေးခွန်းများ၏အဖြေကို တွေ့ရ၏။ ၎င်းပြင် ခရစ်ယာန်ဥပဓိရုပ်သစ်ကို ယူတင်ဝတ်ဆောင်ရာ၌ လိုအပ်သောအချက်အလက်များကိုလည်း တင်ပြ၏။ ဧဖက်ကျမ်းကို လေ့လာသုံးသပ်ကြည့်ခြင်းအားဖြင့် ဘုရားသခင်နှစ်သက်တော်မူသောပုံသဏ္ဌာန်၊ ‘ဘုရားသခင့်အလိုတော်နှင့်ညီညွတ်၍ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်းတို့ဖြင့် ဖန်ဆင်းသောပုံသဏ္ဌာန်’ မည်သည် အဘယ်သို့ဖြစ်ကြောင်း ကောင်းစွာသဘောပေါက်နိုင်ပါလိမ့်မည်။—၄: ၂၄-၃၂; ၆:၁-၄; ၅:၃-၅၊ ၁၅-၂၀၊ ၂၂-၃၃။

၁၇ အသင်းတော်အတွင်းခန့်အပ်ခြင်းနှင့် တာဝန်ပေးအပ်ခြင်းအကြောင်းတို့၏ ရည်ရွယ်ချက်များကိုလည်း ဖော်ပြသေး၏။ “ခရစ်တော်၏ကိုယ်တော်ကို တည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊ သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလို့ငှာ” ဖြစ်ပေသည်။ ဤအသင်းတော်အစီအစဉ်များအတိုင်း တက်ညီလက်ညီလုပ်ကိုင်ပါက ခရစ်ယာန်များသည် “မေတ္တာစိတ်နှင့် . . . ဦးခေါင်းတည်းဟူသော ခရစ်တော်မှာ အရာရာတို့၌ ကြီးပွားကြမည်” ဖြစ်သည်။—၄:၁၁၊ ၁၂၊ ၁၅။

၁၈ ဧဖက်သြဝါဒစာသည် ကနဦးခရစ်ယာန်အသင်းတော် ‘ခရစ်တော်၏နက်နဲရာ’ နှင့်ပတ်သက်၍ ပို၍နားလည်သဘောပေါက်အောင် များစွာစွမ်းဆောင်ပေး၏။ “တစ်ပါးအမျိုးသားတို့” သည်ယုံကြည်သောဂျူးများနှင့်အတူ ခေါ်တော်မူခြင်းခံရသဖြင့် “ဧဝံဂေလိတရားအားဖြင့် . . . အမွေခံ၍ တစ်လုံးတစ်ဝတစ်ကိုယ်တည်းဖြစ်လျက် ခရစ်တော်နှင့်ဆိုင်သော ကတိတော်ကိုဆက်ဆံရကြသတည်း” ဟုရှင်းလင်းဖော်ပြထားသည်။ ဂျူးနှင့် တစ်ပါးအမျိုးသားတို့ကို ပိုင်းခြားထားသောအုတ်တံတိုင်း၊ “ပညတ်တရား” သည် ပယ်ရှင်းခြင်းသို့ရောက်၏။ ခရစ်တော်၏အသွေးတော်အားဖြင့် သန့်ရှင်းသူစာရင်းဝင်၊ ဘုရားသခင့်အိမ်တော်သားဖြစ်ရသောအခွင့်ကို အားလုံးရရှိကြလေပြီ။ မိစ္ဆာတိတ္ထိဖြစ်သော အာတေမိဗိမာန်ကဲ့သို့မဟုတ်၊ သူတို့သည် ခရစ်တော်ယေရှုနှင့် တစ်လုံးတစ်ဝဖြစ်၍ ဝိညာဉ်တော်ဖြင့် ဘုရားသခင်ကျိန်းဝပ်ရာ၊ ‘ယေဟောဝါအဖို့အလို့ငှာ သန့်ရှင်းသောဗိမာန်တော်’ အဖြစ် တည်ဆောက်ခြင်းခံရကြ၏။—၃: ၄၊ ၆; ၂: ၁၅၊ ၂၁။

၁၉ “နက်နဲရာ” နှင့်စပ်လျဉ်း၍ “ကောင်းကင်ပေါ် [ကောင်းကင်နိုင်ငံတော်အတွက် ရွေးချယ်ခံရသူများ]၊ မြေကြီးပေါ် [နိုင်ငံတော်အုပ်ချုပ်မှုအောက်ရှိ မြေကြီးပေါ်တွင်နေထိုင်သူများ] ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ ချုပ်ခြာစေတော်မူလိမ့်သတည်း” ဟူ၍လည်းရေးသားလိုက်သည်။ သို့ဖြင့် ငြိမ်သက်ခြင်းနှင့် စည်းလုံးမှုကို ပြန်လည်ရရှိစေမည်ဟူသော ဘုရားသခင်၏ရည်ရွယ်ချက်ကို ရှေ့တန်းတင်ဖော်ပြထားသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ ဧဖက်မြို့သားတို့အဖို့ ပေါလုဆုတောင်း၏။ နှလုံးအလင်းပွင့်ပြီဖြစ်သော သူတို့အနေနှင့် ဘုရားသခင့်ခေါ်တော်မူခြင်းနှင့်ဆိုင်သော မျှော်လင့်ချက်ကို ကောင်းစွာကိုင်စွဲပြီး “သန့်ရှင်းသူတို့သည် ခံရသောအမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက် ကြီးသည်ကို” မြင်နိုင်မည်အကြောင်း ဆုတောင်းပေး၏။ ဤစကားသည် သူတို့အဖို့ မျှော်လင့်ချက်အတွက် အလွန်အားတက်ဖွယ်ကောင်းသောစကား ဖြစ်ခဲ့ပေမည်။ ဧဖက်သြဝါဒစာသည် ယနေ့တိုင် အသင်းတော်အတွက် တည်ဆောက်မှုဖြစ်လျက်ရှိသေး၏။ “ဘုရားသခင်၏ ပြည့်စုံတော်မူခြင်းရှိသမျှနှင့်အညီ ပြည့်စုံကြ” မည်အကြောင်းဖြစ်သတည်း။—၁:၉-၁၁၊ ၁၈; ၃:၁၉။

[အောက်ခြေမှတ်ချက်များ]

a Origin and History of the Books of the Bible, 1868, C. E. Stowe, page 357.

b New Bible Dictionary, second edition, 1986, edited by J. D. Douglas, page 175.

c ကျမ်းစာစောင်များအပေါ် ထိုးထွင်းအမြင်၊ အတွဲ ၂၊ စာမျက်နှာ ၁၈၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ