ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bsi08-1 စာ. ၃၀-၃၁
  • ကျမ်းစာစောင်နံပါတ် ၅၁​—ကောလောသဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာစောင်နံပါတ် ၅၁​—ကောလောသဲ
  • ‘ကျမ်းစာတစ်ကျမ်းလုံး’— စစ်မှန်ပြီး အကျိုးပြု အတွဲ ၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • အဘယ်ကြောင့်အကျိုးရှိကြောင်း
‘ကျမ်းစာတစ်ကျမ်းလုံး’— စစ်မှန်ပြီး အကျိုးပြု အတွဲ ၁၆
bsi08-1 စာ. ၃၀-၃၁

ကျမ်းစာစောင်နံပါတ် ၅၁​—ကောလောသဲ

ကျမ်းရေးသူ– ပေါလု

ရေးရာဒေသ– ရောမ

ရေးသားပြီးစီးချိန်– အေဒီ ၆၀ ခန့်-၆၁

ဧဖက်မြို့ကိုကျောခိုင်းကာ နှစ်ဦးသား မာအင်ဒါ (မန်ဒရက်စ်) မြစ်ကမ်းမှ အာရှမိုင်းနားတစ်လျှောက် အရှေ့ဘက်သို့ ခရီးနှင်ကြတော့သည်။ ဖြုဂိပြည်၊ လူးကပ်စ်မြစ်လက်တက်သို့အရောက်တွင် အရှေ့တောင်ဘက်သို့ ချိုးကွေ့လိုက်ပြီး တောင်များဝိုင်းရံနေသော မြစ်ဝှမ်းဒေသကိုဖြတ်၍ မြစ်ညှာသို့ဆန်တက်သွားကြသည်။ သူတို့မျက်မှောက်တွင် ရှုမောဖွယ်မြင်ကွင်း စောင့်ကြိုနေလေသည်။ ဧရာမသိုးအုပ်ကြီးများကျက်စားနေကြသော စိမ်းလန်းစိုပြည်သည့်စားကျက် မြေကြီးပါတကား။ (သိုးမွေးနှင့် သိုးမွေးဖြင့်ရက်လုပ်ထားသောအထည်တို့သည် ၎င်းဒေသ၏အဓိကထွက်ကုန်ဖြစ်သည်။a) မြစ်ဝှမ်းအတိုင်း ခရီးသည်နှစ်ဦး ဆက်လာလိုက်ကြရာ ၎င်းဒေသအတွက် ရောမအုပ်ချုပ်ရေးရုံးစိုက်ရာမြို့ဖြစ်သည့် ညာဘက်တွင်ရှိသော ကြွယ်ဝသည့် လောဒိကိမြို့ကို ဖြတ်ကျော်သွားလေသည်။ သူတို့၏ဘယ်ဘက်၊ မြစ်၏တစ်ဖက်ကမ်းတွင် ဘုရားတန်ဆောင်းများ၊ ရေပူစမ်းများကြောင့် နာမည်ကြီးလှသော ဟေရပေါလိမြို့ကို လှမ်းမြင်နိုင်ကြသည်။ ၎င်းမြို့နှစ်မြို့စလုံးတွင် ခရစ်ယာန်အသင်းတော်ကိုယ်စီရှိကြပါသည်။ မြစ်ဝှမ်းအထက်ပိုင်း ဆယ်မိုင်ခန့်ဝေးသေးသော ကောလောသဲမြို့ကလေးတွင်လည်း အသင်းတော်ရှိပေသည်။

၂ ဤခရီးသည်နှစ်ဦး ဦးတည်သည်မှာ ကောလောသဲမြို့ဖြစ်သည်။ သူတို့နှစ်ဦးစလုံး ခရစ်ယာန်များဖြစ်ကြသည်။ သူတို့ထဲမှတစ်ဦးက နယ်မြေကျွမ်းကျင်၍ ကောလောသဲမြို့သားလည်းဖြစ်သည်။ သူ့နာမည်ကား သြနေသိမ်ဖြစ်သည်။ သူသည် သခင်ထံသို့ ပြန်သွားသောကျွန်တစ်ဦးဖြစ်ပြီး သခင်ဖြစ်သူမှာလည်း ကောလောသဲအသင်းသားတစ်ဦးဖြစ်သည်။ သြနေသိမ်၏ခရီးဖော်မှာ ကျွန်တစ်ဦးမဟုတ်သည့်တုခိတ်ဖြစ်သည်။ သူတို့နှစ်ဦးစလုံးမှာ ‘ကောလောသဲမြို့၌နေသော၊ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတို့’ ထံရေးလိုက်သောစာကို ယူဆောင်လာကြသည့် တမန်တော်ပေါလု၏တမန်များဖြစ်ကြပါသည်။ ကျွန်ုပ်တို့သိရသလောက်ဆိုလျှင် ပေါလုသည် ကောလောသဲသို့ တစ်ခါမျှမရောက်ဖူးချေ။ အများအားဖြင့် ဂျူးမဟုတ်သူများနှင့်သာ စုပေါင်းတည်ထောင်ထားသော ကောလောသဲအသင်းတော်ကို ဧပဖြက စတင်တည်ထောင်ခဲ့ခြင်းဖြစ်နိုင်သည်၊ ဧပဖြသည် ထိုသူတို့အထဲတွင် အပင်ပန်းခံအမှုဆောင်ခဲ့သူဖြစ်သည်။ ယခုအချိန်တွင်မူ ပေါလုနှင့်အတူ ရောမသို့ရောက်နေသည်။—ကော. ၁:၂၊ ၇; ၄:၁၂။

၃ အဖွင့်နှင့်အပိတ်စကားတွင် မိမိပြောထားသည့်အတိုင်း ဤစာကိုရေးသူမှာ တမန်တော်ပေါလုဖြစ်သည်။ (၁:၁; ၄:၁၈) ၎င်းစာကို အကျဉ်းထောင်ထဲတွင်ရေးကြောင်းလည်း နိဂုံးစကားတွင် ဖော်ပြသည်။ အေဒီ ၅၉-၆၁ အတွင်း ရောမတွင် ပထမအကြိမ်ထောင်ကျစဉ်ကဖြစ်ရမည်။ ထိုအချိန်အတွင်း အားပေးစာအတော်များများကို သူရေးသားခဲ့ပြီး ကောလောသဲစာကို ဖိလေမုန်စာနှင့် တစ်ပါးတည်းပို့လိုက်ခြင်းဖြစ်သည်။ (ကော. ၄:၇-၉; ဖိလေ. ၁၀၊ ၁၁၊ ၂၃၊ ၂၄) ဧဖက်သြဝါဒစာနှင့် တစ်ချိန်တည်းလောက်တွင် ရေးခဲ့ခြင်းလည်းဖြစ်နိုင်စရာရှိသည်။ ဧဖက်စာနှင့် ကောလောသဲ စာတွင် ဆင်တူအသုံးအနှုန်း၊ ဆင်တူသဘောတရားများကို တွေ့ရသောကြောင့်ဖြစ်သည်။

၄ ကောလောသဲသြဝါဒစာ၏ ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုကို သံသယဖြစ်စရာအကြောင်း လုံးဝမရှိပါ။ အေဒီ ၂၀၀ ပြည့်နှစ်ခန့်ကဖြစ်သော ချက်စတာဘီတီကျူစာနံပါတ် ၂ (P46) တွင်ပေါလု၏အခြားသြဝါဒစာများနှင့် တွဲလျက်တွေ့ရခြင်းက အစောပိုင်းခရစ်ယာန်များသည် ၎င်းကို ပေါလု၏စာတစ်စောင်အဖြစ် လက်ခံခဲ့ကြကြောင်း တင်ပြသည်။ ပေါလု၏အခြားစာများ ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်း ထောက်ခံကြသော အစောပိုင်းအခွင့်အာဏာရှိသူများကလည်း ဤကျမ်းကိုထောက်ခံကြသည်။

၅ ကောလောသဲသြဝါဒစာကိုရေးရန် ပေါလုကို ဘာကလှုံ့ဆော်ခဲ့သနည်း။  သြနေသိမ်တစ်ယောက်  ကောလောသဲသို့ပြန်မည်ကတစ်ကြောင်းဖြစ်သည်။ မကြာမီကလည်း   ဧပဖြသည်  ပေါလုထံရောက်လာပြီး ကောလောသဲအသင်းတော်အကြောင်း ပြောပြထားခြင်းကလည်းတစ်ကြောင်းဖြစ်သည်။ (ကော. ၁:၇၊ ၈; ၄:၁၂) ထိုခရစ်ယာန်အသင်းတော်ကို ခြိမ်းခြောက်နေသောအန္တရာယ်တစ်ခု ရှိနေသည်။ ထိုခေတ်က ဘာသာတရားများသည် ကစဉ့်ကလျားပြိုကွဲနေပြီး ဘာသာဟောင်းများမှ အစိတ်အပိုင်းများကိုရောစပ်ပြီး ဘာသာအသစ်များ တစ်ခုပြီးတစ်ခု တည်ထောင်ခြင်းခေတ်စားနေချိန်ဖြစ်သည်။ ခြိုးခြံစွာကျင့်ကြံခြင်း၊ နတ်ဝိဇ္ဇာအတတ်လိုက်စားခြင်း၊ ရုပ်တုကိုးကွယ်မှုနှင့်ဆိုင်သော အယူသီးခြင်းစသည့် တိတ္ထိအကျင့်များကို အစာရှောင်ခြင်း၊ နေ့ရက်စောင့်ခြင်းစသည့် ဂျူးဘာသာဓလေ့များနှင့်ရောနှောကာ ၎င်းတို့သည် အသင်းတော်ထဲမှ အချို့သောသူတို့ကို သြဇာလွှမ်းမိုးနေပုံရှိသည်။ မည်သို့သောအကြောင်းပင်ဖြစ်ပါစေ ပေါလုကို ဝေးလံသော ရောမမြို့၌ သွားတွေ့ပြီး အကျိုးအကြောင်းတင်ပြရန် ဧပဖြအတွက် အကြောင်းခိုင်လုံနေပေသည်။ အသင်းတော်တစ်ခုလုံး ၎င်းအန္တရာယ်တွင်း ကျရောက်နေခြင်းတော့မဟုတ်ကြောင်းကို သူတို့၏မေတ္တာနှင့် တည်ကြည်မှုများနှင့်စပ်လျဉ်းသည့် ဧပဖြ၏အားရဖွယ်အစီရင်ခံစာက ဖော်ပြသည်။ ၎င်းတို့ကို ကြားသိရပြီး ကောလောသဲအသင်းတော်သို့ရေးလိုက်သောစာတွင် စစ်မှန်သောအသိပညာနှင့် စင်ကြယ်သောဝတ်ပြုရေးတို့ကို ပေါလု အခိုင်အမာ ခုခံကာကွယ်ရေးသားခဲ့ပါသည်။ တိတ္ထိအတွေးအခေါ်၊ ကောင်းကင်တမန်ကိုကိုးကွယ်ခြင်း၊ ဂျူးတို့၏ရိုးရာဓလေ့များနှင့်စာလျှင် ခရစ်တော်၏ ဘုရားပေးသာလွန်မြင့်မြတ်မှုကို အသားပေးဖော်ပြခဲ့သည်။

အဘယ်ကြောင့်အကျိုးရှိကြောင်း

၁၂ ရောမမြို့မှ  ညီအစ်ကိုနှစ်ဦးရောက်လာပြီဟူသောသတင်း ကောလောသဲမြို့ရှိ ညီအစ်ကိုများအလယ်၌ တစ်မုဟုတ်ချင်းပျံ့နှံ့သွားသည်ကို စဉ်းစားနိုင်သည်။ ညီအစ်ကိုများလည်း သိလိုဇောဖြင့် ဖိလေမုန်အိမ်၌ စုရုံးဖို့အကြောင်းရှိပေသည်။ ပေါလု၏သြဝါဒစာဖတ်ကြားသည်ကို နားထောင်ရန်ဖြစ်သည်။ (ဖိလေ. ၂) ခရစ်တော်၏ရာထူး ဌာနန္တရအတိအကျနှင့်ပတ်သက်၍လည်းကောင်း၊ တိကျမှန်ကန်သောအသိပညာ လိုအပ်ကြောင်းနှင့်ပတ်သက်၍လည်းကောင်း စိတ်အားတက်ကြွဖွယ်အမှန်တရားများ ပါရှိသည်တကား။ လူ့အတွေးအခေါ်နှင့် ဂျူးရှေးထုံးစဉ်လာများကို သူ့နေရာနှင့် သူထားရှိပြီး ခရစ်တော်၏မိန့်ဆိုချက်နှင့် ငြိမ်သက်ခြင်းတရားကို ချီးမြှောက်ထားသည်တကား။ အသင်းတော်ရှိပုဂ္ဂိုလ်များဖြစ်သော ကြီးကြပ်မှူး၊ ခင်ပွန်း၊ ဇနီး၊ ဖခင်၊ သားသမီး၊ သခင်၊ ကျွန်တို့၏စိတ်နှလုံးအတွက် အာဟာရပြည့်စေသော အရာပါတကား။ သြနေသိမ်နှင့် ဖိလေမုန်တို့သည် သခင်နှင့်ကျွန်ဆက်ဆံရေးအဖြစ်သို့ ပြန်လည်ရောက်ရှိကြပြီဖြစ်၍ သူတို့နှစ်ဦးအတွက်လည်း မွန်မြတ်သောသြဝါဒဖြစ်ပေသည်။ သိုးတော်စုကို အယူဝါဒမှန်သို့ ပြန်လည်ပို့ဆောင်ရာ၌ ကြီးကြပ်မှူးများအတွက် အလွန်ကောင်းသောလမ်းပြတစ်ရပ်ဖြစ်ပေသည်။ ပေါလု၏စကားများသည် ကောလောသဲအသင်းသားတို့အား ယေဟောဝါအဖို့ စိုးလ်အကြွင်းမဲ့လုပ်ဆောင်ခြင်းတည်းဟူသော အခွင့်အရေးကို ပို၍တန်ဖိုးထားလေးမြတ်စေပါသည်။ လောကီအတွေးအခေါ်၊ အလေ့အထများ၏ကျွန်မဖြစ်ရန် ကောလောသဲခရစ်ယာန်များအား ဆုံးမသော ဤစာစောင်သည် ယနေ့အသင်းတော်အတွက်လည်း သက်ဝင်လှုပ်ရှားသောသတင်းတစ်ရပ်ဖြစ်နေပေသည်။—ကော. ၁:၉-၁၁၊ ၁၇၊ ၁၈; ၂:၈; ၃:၁၅၊ ၁၆၊ ၁၈-၂၅; ၄:၁။

၁၃ ခရစ်ယာန်အမှုဆောင်အတွက် အလွန်ကောင်းသောအကြံပေးချက်ကို ကောလောသဲ ၄:၆ ၌တွေ့နိုင်သည်။ “လူအသီးသီးတို့အား အဘယ်သို့ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း သင်တို့၏စကားသည် ဆားအားဖြင့်ငန်သောအရသာနှင့်ပြည့်စုံလျက် အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။” တင့်တယ်လျောက်ပတ်သော သမ္မာတရားစကားသည် စိတ်နှလုံးကောင်းသူတို့အဖို့ မြိန်ရှက်ဖွယ်ဖြစ်၏။ သူတို့၏ ထာဝရကောင်းကျိုးကို ဖြစ်စေမည်။ ၎င်းပြင် အမြဲနိုးကြားနေသော ခရစ်ယာန်တို့၏ဆုတောင်းချက်၊ လေးမြတ်မှုရှိသောနှလုံးမှလာသည့် ဖွင့်ဟချက်ကြောင့် ယေဟောဝါကောင်းချီးသက်ရောက်မည်ဖြစ်သည်။ “ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြု၍ ကျေးဇူးတော်ကို ချီးမွမ်းလျက်စောင့်ရှောက်ကြလော့။” ခရစ်ယာန်ပေါင်းသင်းမှုကြောင့်လည်း ဝမ်းမြောက်ဖွယ်၊ စိတ်သစ်လန်းဖွယ်ဖြစ်ရာပင်။ “အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းကိုပြု၍ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင့်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။” (၄:၂; ၃:၁၆) ကောလောသဲသြဝါဒကျမ်းကို နှိုက်နှိုက်ချွတ်ချွတ် သုံးသပ်ပါက အလွန်ကောင်းမွန်၍ လက်တွေ့ကျသော အခြားအကြံပေးချက်များကို တွေ့ရှိရမည်။

၁၄ ပညတ်တရားကိုစောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ သြဝါဒစာက ဤသို့ဆို၏။ “ထိုအရာများသည် နောင်ဖြစ်လာမည့် အရာများ၏အရိပ် ဖြစ်ကြ၏။ ခရစ်တော်မူကား အစစ်အမှန် ဖြစ်တော်မူ၏။” (၂:၁၇၊ ကဘ) ယင်း၏အစစ်အမှန်မှာ ခရစ်တော်ဖြစ်ကြောင်းကို ကောလောသဲကျမ်း၌ ပေါ်လွင်အောင် ရေးသားထားသည်။ ခရစ်တော်၌တည်သော ပုဂ္ဂိုလ်များအတွက် ကောင်းကင်၌သိုထားသော ဘုန်းကျက်သရေရှိမျှော်လင့်ချက်အကြောင်း ကြိမ်ဖန်များစွာဆိုထားသည်။ (၁:၅၊ ၂၇; ၃:၄) သူတို့အနေနှင့် ခမည်းတော်သည် မိမိတို့အား မှောင်မိုက်တန်ခိုးမှ ‘ချစ်တော်မူသော သားတော်၏နိုင်ငံတော်’ သို့ပို့ဆောင်တော်မူပြီဖြစ်သောကြောင့် ကျေးဇူးတော်ချီးမွမ်းစရာဖြစ်ပေသည်။ ဤနည်းအားဖြင့် သူတို့သည် ထိုအရှင်၏လက်အောက်ခံသားများ ဖြစ်လာကြပြီဖြစ်၏။ ထိုအရှင်ကား “မျက်မြင်မရသော ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။ အကြောင်းမူကား ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။” ထိုအရှင်သည် ဘုရားသခင့်နိုင်ငံတော်၌ ဖြောင့်မတ်ခြင်းတရားနှင့်အညီ အုပ်ချုပ်နိုင်သောအရည်အသွေး အထူးပြည့်ဝသောအရှင်ဖြစ်ပေ၏။ သို့ဖြစ်၍ ဘိသိက်ခံခရစ်ယာန်များအား ပေါလု ဤသို့ဆုံးမလိုက်သည်– “သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည်မှန်လျှင် ဘုရားသခင်၏လက်ယာတော်ဘက်မှာ ခရစ်တော်သည်ထိုင်နေတော်မူရာအရပ်၌ရှိသော အထက်အရာတို့ကိုရှာကြလော့။”—၁:၁၂-၁၆; ၃:၁။

[အောက်ခြေမှတ်ချက်]

a The New Westminster Dictionary of the Bible, ၁၉၇၀၊ စာမျက်နှာ ၁၈၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ