ဇူလိုင်
တနင်္လာနေ့၊ ဇူလိုင် ၁
ဘုရားသခင်က အချိန်တန်ရင် ချီးမြှောက်မှာဖြစ်လို့ တန်ခိုးကြီးတဲ့ လက်ရုံးတော်အောက်မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြပါ။—၁ ပေ. ၅:၆။
ဟေဇကိရဲ့ “နန်းတော်အုပ်” ဖြစ်ပုံရတဲ့ ရှေဗနဟာ အခွင့်အာဏာ အတော်အတန် ရှိတယ်။ (ဟေရှာ. ၂၂:၁၅) ဒါပေမဲ့ မာနကြီးလာပြီး ဂုဏ်တက်ဖို့ ကြိုးစားတယ်။ (ဟေရှာ. ၂၂:၁၆-၁၈) ကိုယ့်ဂုဏ်တက်ဖို့ ကြိုးစားတဲ့ ရှေဗနကို ဘုရားသခင် “ရာထူးဖြုတ်” ပြီး ဧလျာကိမ်နဲ့ အစားထိုးလိုက်တယ်။ (ဟေရှာ. ၂၂:၁၉-၂၁) ဂျေရုဆလင်မြို့ကိုတိုက်ဖို့ အဆီးရီးယားဘုရင် သနာခရိပ် ခြိမ်းခြောက်ချိန်မှာ အဲဒီလို ဖြစ်ခဲ့တာ။ နောက်ပိုင်း သနာခရိပ်က ဂျူးတွေနဲ့ ကြောက်လန့်နေတဲ့ ဟေဇကိ အညံ့ခံစေဖို့ ဂျေရုဆလင်မြို့ကို အရာရှိတွေနဲ့အတူ စစ်တပ်တစ်တပ် စေလွှတ်ခဲ့တယ်။ (၂ ဘု. ၁၈:၁၇-၂၅) ဧလျာကိမ်က အရာရှိတွေကို ထွက်တွေ့ရတယ်။ ဒါပေမဲ့ တစ်ယောက်တည်းတော့ မဟုတ်ဘူး။ သူနဲ့အတူ နောက်နှစ်ယောက် ပါတယ်။ တစ်ယောက်က စာရေးတော် ရှေဗနပါပဲ။ ဒါက ရှေဗန နာကြည်းမနေဘဲ ပိုနိမ့်ကျတဲ့တာဝန်ကို နှိမ့်ချစွာ လက်ခံခဲ့ကြောင်း ဖော်ပြတယ်။ w18.03 ၂၅ ¶၇-၈၊ ၁၀
အင်္ဂါနေ့၊ ဇူလိုင် ၂
စွမ်းအားတော်ရဲ့ လမ်းပြမှုအတိုင်း အမြဲလျှောက်လှမ်းကြပါ။ ဒါဆိုရင် အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်ကြတော့မှာ မဟုတ်ဘူး။—ဂလ. ၅:၁၆။
ကျွန်တော်တို့ရဲ့ စိတ်က ပစ္စည်းဥစ္စာဘက်၊ သွေးသားဆန္ဒဘက် တိမ်းယိမ်းလာတဲ့အခါ အလျှော့မပေးသင့်ဘူး။ စွမ်းအားတော် ရဖို့ အမြဲဆုတောင်းပါ။ တော်မှန်ရာတွေကို ပြန်အာရုံစိုက်နိုင်အောင် ယေဟောဝါ ကူညီပေးပါလိမ့်မယ်။ (လု. ၁၁:၁၃) တမန်တော် ပေတရုကို သတိရပါ။ စွမ်းအားတော် လမ်းပြမှုနောက် လိုက်တဲ့သူလို မပြုမူခဲ့တာ အကြိမ်ကြိမ်ပဲ။ (မ. ၁၆:၂၂၊ ၂၃။ လု. ၂၂:၃၄၊ ၅၄-၆၂။ ဂလ. ၂:၁၁-၁၄) ဒါပေမဲ့ လက်မလျှော့ခဲ့ဘူး။ ယေဟောဝါရဲ့ အကူအညီကြောင့် ခရစ်တော်လို စဉ်းစားတတ်လာတယ်။ ကျွန်တော်တို့လည်း အလားတူ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့ သတ်သတ်မှတ်မှတ်အရာတွေကိုလည်း နောက်ပိုင်းမှာ ပေတရု ထောက်ပြခဲ့တယ်။ (၂ ပေ. ၁:၅-၈) ချုပ်တည်းခြင်း၊ ခံနိုင်ရည်၊ ညီရင်းအစ်ကို ချစ်ခြင်းစတဲ့ အရည်အသွေးတွေ မွေးမြူဖို့ “အစွမ်းကုန် ကြိုးစားအားထုတ်” မယ်ဆိုရင် စွမ်းအားတော် လမ်းပြမှုနောက် လိုက်သူအဖြစ် ဆက်တိုးတက်နေအောင် ထောက်ကူပေးပါလိမ့်မယ်။ ဒါကြောင့် ‘ဘုရားရေးရာဘက် တိုးတက်အောင် ဒီနေ့ ငါဘာလုပ်နိုင်သလဲ’ လို့ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် မေးပါ။ w18.02 ၂၅-၂၆ ¶၁၂-၁၃
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၃
မိန့်မှာချက်တွေကို တောင်းဆိုထားတာထက် တန်ဖိုးထားပြီး လိုက်နာပါတယ်။—ယောဘ ၂၃:၁၂။
ဘုရားရေးရာ အခြေခံမူတွေကို ယောဘ ထူးထူးခြားခြား နားလည်ထားတယ်။ ယေဟောဝါကို တကယ် သိကျွမ်းပြီး အဲဒီအသိပညာအတိုင်း ကျင့်ကြံခဲ့တယ်။ စဉ်းစားကြည့်ပါ– ဘုရားသခင်ကို ချစ်ပါတယ်လို့ ပြောပြီး လူသားချင်းကို မကြင်မနာ ဆက်ဆံလို့ မရမှန်း ယောဘ သိတယ်။ (ယောဘ ၆:၁၄) ကိုယ့်ကိုယ်ကိုယ် တခြားသူတွေထက် သာတယ်လို့ မယူဆဘူး။ ဆင်းရဲချမ်းသာအားလုံးအပေါ် ညီရင်းအစ်ကိုလို သဘောထားတယ်။ “အမေ့ဝမ်းထဲမှာ ကျုပ်ကို ဖန်ဆင်းတဲ့အရှင်ဟာ သူတို့ကိုလည်း ဖန်ဆင်းခဲ့တယ် မဟုတ်လား” လို့ ပြောခဲ့တယ်။ (ယောဘ ၃၁:၁၃-၂၂) ဂုဏ်သိက္ခာနဲ့ ချမ်းသာကြွယ်ဝမှုကြောင့် မာနမကြီးဘူး။ တခြားသူတွေကို အထင်မသေးခဲ့ဘူး။ လောက အာဏာရှင်၊ စည်းစိမ်ရှင်တွေနဲ့တော့ ကွာခြားလှပါတယ်။ ယောဘဟာ ရုပ်တုကိုးကွယ်မှု ပုံစံအားလုံးကို စိတ်နှလုံးထဲကနေတောင် ငြင်းပယ်ခဲ့တယ်။ စည်းစိမ်ချမ်းသာကို ဆည်းကပ်ခြင်း အပါအဝင် မှားယွင်းတဲ့ ဝတ်ပြုရေးဟာ “ကောင်းကင်မှာရှိတဲ့ စစ်မှန်တဲ့ ဘုရားသခင်ကို ငြင်းပယ်ရာရောက်တယ်” လို့ သိထားတယ်။ (ယောဘ ၃၁:၂၄-၂၈) အိမ်ထောင်ရေးကို မြင့်မြတ်တဲ့နှောင်ကြိုးအဖြစ် ရှုမြင်တယ်။ တခြားမိန်းမကို တပ်မက်တဲ့စိတ်နဲ့ မကြည့်ဖို့ ကိုယ့်မျက်စိနဲ့ ကတိသစ္စာ ပြုထားတယ်။—ယောဘ ၃၁:၁။ w18.02 ၁၁ ¶၁၆။ ၁၂ ¶၁၈-၁၉
ကြာသပတေးနေ့၊ ဇူလိုင် ၄
နောဧဟာ . . . တစ်ခေတ်တည်းသားတွေထဲမှာ အမှားကင်းသူ၊ ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်းသူဖြစ်တယ်။—က. ၆:၉။
နောဧဟာ လူကောင်းဖြစ်ရုံနဲ့ မကျေနပ်ခဲ့ဘူး။ သတ္တိရှိရှိ “ဖြောင့်မတ်ခြင်းတရား ဟောပြော” ပြီး ယေဟောဝါကို ယုံကြည်ကြောင်း လူသိရှင်ကြား ဝန်ခံခဲ့တယ်။ (၂ ပေ. ၂:၅) “ယုံကြည်ခြင်းကြောင့် လောကကို သူပြစ်တင်ရှုတ်ချခဲ့တယ်” လို့ တမန်တော်ပေါလု ပြောတယ်။ (ဟီ. ၁၁:၇) ဒါကြောင့် နောဧဟာ ကဲ့ရဲ့လှောင်ပြောင်မှု၊ ဆန့်ကျင်မှု၊ အကြမ်းဖက်ခြိမ်းခြောက်မှုတွေ ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ လူကို မကြောက်ခဲ့ဘူး။ (ပညာ. ၂၉:၂၅) သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါ ပေးတဲ့ ရဲစွမ်းသတ္တိ ရှိခဲ့တယ်။ ဘုရားသခင့် လမ်းစဉ်အတိုင်း နှစ်ပေါင်း ၅၀၀ ကျော် လျှောက်လှမ်းပြီးတဲ့နောက် လူနဲ့ တိရစ္ဆာန်တွေကို ကယ်တင်ဖို့ နောဧကို သင်္ဘောတစ်စင်း ယေဟောဝါ ဆောက်ခိုင်းတယ်။ (က. ၅:၃၂။ ၆:၁၄) တော်တော်ခက်ခဲမယ့်အလုပ်ပဲ။ သင်္ဘောဆောက်တာကြောင့်ပဲ မဟုတ်ဘူး။ ကဲ့ရဲ့လှောင်ပြောင်မှု၊ ဆန့်ကျင်မှုတွေ ပိုခံရမယ်ဆိုတာ နောဧ သိတယ်။ ဒါပေမဲ့ ယုံကြည်ခြင်းနဲ့ နာခံခဲ့တယ်။ “မှာထားတဲ့အတိုင်း သူလုပ်တယ်။”—က. ၆:၂၂။ w18.02 ၄ ¶၄၊ ၆-၇
သောကြာနေ့၊ ဇူလိုင် ၅
ညီအစ်ကိုတွေ စည်းစည်းလုံးလုံး အတူနေထိုင်ကြတာ ကောင်းလိုက်တာ။ ကြည်နူးစရာ ကောင်းလိုက်တာ။—ဆာ. ၁၃၃:၁။
စည်းလုံးမှု တိုးပွားစေရာမှာ အရေးပါတဲ့နည်းကတော့ ချစ်ခြင်းမေတ္တာဖြစ်တဲ့ ယေဟောဝါကို တုပ၊ မေတ္တာပြခြင်းပါပဲ။ (၁ ယော. ၄:၈) ယုံကြည်သူချင်းတွေနဲ့ပတ်သက်ပြီး “ချစ်လို့ရတယ်။ ဒါပေမဲ့ သဘောကျစရာ မလိုဘူး” လို့ ဘယ်တော့မှ မပြောချင်ကြပါဘူး။ အဲဒီလို စဉ်းစားတာက “အချင်းချင်း မေတ္တာထားပြီး သည်းခံပါ” ဆိုတဲ့ ပေါလုရဲ့ အကြံပြုချက်နဲ့ ဆန့်ကျင်တယ်။ (ဧ. ၄:၂) ‘အချင်းချင်း သည်းခံ’ သင့်တယ်လို့ပဲ မပြောဘူး။ “မေတ္တာထားပြီး သည်းခံပါ” လို့ပြောတယ်။ အဲဒါက မတူဘူး။ အသင်းတော်တွေထဲမှာ ယေဟောဝါ ဆွဲဆောင်ထားတဲ့ လူအမျိုးမျိုး ရှိတယ်။ (ယော. ၆:၄၄) သူတို့ကို ယေဟောဝါ ချစ်လို့ ဆွဲဆောင်ထားတာ။ ဒါဆိုရင် ကိုးကွယ်သူချင်းတစ်ယောက်ကို ကျွန်တော်တို့ရဲ့ မေတ္တာနဲ့ မထိုက်တန်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။ ယေဟောဝါ မိန့်မှာထားတဲ့မေတ္တာမျိုး ပြဖို့ မတွန့်ဆုတ်သင့်ဘူး။—၁ ယော. ၄:၂၀၊ ၂၁။ w18.01 ၁၆ ¶၁၄
စနေနေ့၊ ဇူလိုင် ၆
လူငယ်ဘဝမှာ ကြီးမြတ်တဲ့ ဖန်ဆင်းရှင်ကို သတိရပါ။—ဒေ. ၁၂:၁။
သားသမီးတွေ အဆင့်မြင့်ပညာ ဆည်းပူးပြီး အလုပ်ကောင်းကောင်းရပြီးမှ နှစ်ခြင်းခံသင့်တယ်လို့ မိဘတချို့ ယူဆကြတယ်။ ရည်ရွယ်ချက်ကောင်းနဲ့ ဖြစ်နိုင်ပေမဲ့ အောင်မြင်တဲ့ဘဝ တကယ်ရနိုင်ပါ့မလား။ ပိုအရေးကြီးတာက ကျမ်းစာနဲ့ ညီရဲ့လား။ လောကနဲ့ လောကမှာရှိတဲ့ အရာတွေဟာ ယေဟောဝါရဲ့ အလိုတော်၊ အတွေးအခေါ်နဲ့ ဆန့်ကျင်ကြောင်း သတိရပါ။ (ယာ. ၄:၇၊ ၈။ ၁ ယော. ၂:၁၅-၁၇။ ၅:၁၉) ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိမှသာ စာတန်၊ လောကနဲ့ လောကအတွေးအခေါ်တွေကို တွန်းလှန်နိုင်မယ်။ မိဘတွေက လောကအရာတွေကို ဦးစားထားရင် သားသမီးတွေ တွေဝေပြီး အကျိုးအရှိဆုံးအရာကို ဆုံးရှုံးသွားနိုင်တယ်။ မေတ္တာရှိတဲ့ ခရစ်ယာန်မိဘတွေက သားသမီးတွေကို အောင်မြင်မှုနဲ့ပတ်သက်တဲ့ လောကရဲ့ သဘောထား လွှမ်းမိုးခွင့်ပြုမလား။ ဘဝမှာ ယေဟောဝါကို ပထမနေရာထားမှသာ စစ်မှန်တဲ့ ပျော်ရွှင်အောင်မြင်မှု ရနိုင်မယ်။—ဆာ. ၁:၂၊ ၃။ w18.03 ၁၀-၁၁ ¶၁၀-၁၁
တနင်္ဂနွေနေ့၊ ဇူလိုင် ၇
ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို အမြဲဦးစားထားကြပါ။—မ. ၆: ၃၃။
ရိုးရှင်းတဲ့ဘဝနဲ့ နေတာက ပိုပျော်စေရုံသာမက ယေဟောဝါကို အမှုဆောင်ဖို့ အချိန်ပိုရစေကြောင်း လူတွေ တွေ့ရှိခဲ့ကြပြီ။ ဂျက်ဟာ အိမ်ကြီးနဲ့ လုပ်ငန်းကို ရောင်းလိုက်တယ်။ ဒါမှ ဇနီးနဲ့အတူ ရှေ့ဆောင် လုပ်နိုင်မယ်ဆိုတာ သိထားလို့ပဲ။ ဂျက် ဒီလိုပြောတယ်– “နှစ်တွေတစ်လျှောက် အလုပ်ပြဿနာတွေကြောင့် စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာရတယ်။ မှန်မှန်ရှေ့ဆောင်ဖြစ်တဲ့ ဇနီးကျတော့ အမြဲပျော်နေတယ်။ ‘ကျွန်မမှာ အကြီးမြတ်ဆုံးအလုပ်ရှင် ရှိထားတယ်လေ’ လို့ပြောတတ်တယ်။ အခု ကျွန်တော်လည်း ရှေ့ဆောင် လုပ်နေပြီ။ ယေဟောဝါအတွက် အတူတူ လုပ်ဆောင်နေကြပြီ။” ငွေနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ရှုမြင်ပုံကို ဆန်းစစ်ဖို့ ဒီမေးခွန်းတွေကို ဘယ်လို ဖြေမလဲဆိုတာ ရိုးရိုးသားသား သုံးသပ်နိုင်ပါတယ်– ‘ငွေအကြောင်း ကျမ်းစာအဆိုကို တကယ် ယုံကြည်ပြီး အဲဒီအတိုင်း နေထိုင်သလား။ ငွေရှာဖို့က ဘဝမှာ အဓိက ဖြစ်နေသလား။ ယေဟောဝါနဲ့ ဆက်ဆံရေး၊ လူတွေနဲ့ ဆက်ဆံရေးထက် ရုပ်ဝတ္ထုပစ္စည်းတွေကို တန်ဖိုးထားနေသလား။ ငါ့လိုအပ်ရာတွေကို ဂရုစိုက်ပေးဖို့ ယေဟောဝါကို တကယ် ကိုးစားသလား။’ ဘုရားကို မျှော်ကိုးသူတွေဟာ ဘယ်တော့မှ စိတ်ပျက်ရမှာ မဟုတ်မှန်း စိတ်ချနိုင်ပါတယ်။ w18.01 ၂၅ ¶၁၂-၁၃
တနင်္လာနေ့၊ ဇူလိုင် ၈
ခင်ဗျားတို့ အမြဲနာခံခဲ့တယ်။ . . . အခုလည်း ကယ်တင်ခြင်းရဖို့ ကြောက်ရွံ့တုန်လှုပ်တဲ့စိတ်နဲ့ ဆက်ကြိုးစားနေကြပါ။—ဖိ. ၂:၁၂။
ကယ်တင်ခြင်းရဖို့ ကြိုးစားခြင်းက ကြီးလေးတဲ့တာဝန် ဖြစ်တယ်။ အဲဒီထဲမှာ ကျမ်းစာ ဖတ်ရှုတွေးတောဆင်ခြင်ခြင်း၊ ယေဟောဝါဆီ ဆုတောင်းခြင်း၊ ယေဟောဝါ ကောင်းချီးပေးပုံတွေကို စဉ်းစားခြင်းတို့ ပါဝင်တယ်။ အဲဒါတွေကို လုပ်ဆောင်ခြင်းက ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ရတဲ့ အခွင့်ထူးကို ပိုယုံကြည်စိတ်ချစေမယ်။ အဲဒါက ကိုယ့်ယုံကြည်ချက်တွေအကြောင်း ပြောဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ (ဆာ. ၇၃:၂၈) “ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူတိုင်း ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်။ ဒုက္ခသစ်တိုင်ကို ထမ်းပြီး ကျွန်တော့်နောက်ကို အမြဲလိုက်ရမယ်” လို့ ယေရှု ပြောတယ်။ (မ. ၁၆:၂၄) ဆက်ကပ်အပ်နှံခြင်း၊ နှစ်ခြင်းအပါအဝင် တပည့်ဖြစ်ခြင်းဆိုတာ ခရစ်ယာန်တစ်ယောက်အဖြစ် သင့်တာဝန်ဖြစ်တယ်။ ဒါက လောလောဆယ် ကောင်းချီးများစွာ ရရှိစေပြီး ဘုရားသခင့် ကမ္ဘာသစ်မှာ ထာဝရအသက် ရရှိစေမယ်။ ဒါကြောင့် ကယ်တင်ခြင်းရဖို့ ဆက်ကြိုးစားသင့်တဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ w17.12 ၂၇ ¶၁၈-၁၉
အင်္ဂါနေ့၊ ဇူလိုင် ၉
စိတ်ရှည်ခြင်း . . . ကို ဝတ်ဆင်ကြပါ။—ကော. ၃:၁၂။
မိဘတွေ စိတ်ရှည်စွာ သွန်သင်ပေးရင် သားသမီးတွေဟာ ယုံကြည်ခြင်းရဲ့ “အလျား၊ အနံ၊ အမြင့်၊ အနက်တွေကို” တဖြည်းဖြည်း သဘောပေါက်လာနိုင်မယ်။ (ဧ. ၃:၁၈) သူတို့ရဲ့ အသက်အရွယ်၊ စွမ်းရည်နဲ့အညီ မျှော်လင့်နိုင်တယ်။ သိထားတာတွေကို လက်ခံယုံကြည်လာပြီဆိုရင် ကျောင်းနေဖက်တွေ အပါအဝင် တခြားသူတွေရှေ့မှာ ယုံကြည်ချက်ကို ခုခံကာကွယ်နိုင်စွမ်း တိုးများလာမယ်။ (၁ ပေ. ၃:၁၅) ဥပမာ၊ သေဆုံးတဲ့အခါ ဘာဖြစ်သွားတယ်ဆိုတာ သားသမီးတွေ ကျမ်းစာကနေ ရှင်းပြနိုင်သလား။ ကျမ်းစာရှင်းပြချက်ကို သူတို့ နားလည်ရဲ့လား။ ဘုရားသခင့် နှုတ်မြွက်တော်ကို စိတ်စွဲမှတ်စေတဲ့အခါ စိတ်ရှည်ဖို့ လိုတယ်။ ဒါပေမဲ့ ကြိုးစားရကျိုး နပ်ပါတယ်။ (တရား. ၆:၆၊ ၇) ခံယူချက် တည်ဆောက်ပေးရာမှာ မိဘတွေရဲ့ ပုံသက်သေကလည်း အရေးကြီးတယ်။ သမီးသုံးယောက်ရဲ့ မိခင် စတက်ဖနီ ဒီလိုပြောတယ်– “‘ယေဟောဝါ တည်ရှိကြောင်း၊ ဘုရားရဲ့ မေတ္တာ၊ ဘုရားရဲ့ နည်းလမ်းတွေ မှန်ကန်ကြောင်း ငါယုံကြည်ရတဲ့ အကြောင်းရင်းကို သားသမီးတွေကို ပြောပြသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးတယ်။ ကိုယ်တိုင် မယုံကြည်ဘဲနဲ့ ကလေးတွေ ယုံကြည်မယ်လို့ မမျှော်လင့်နိုင်ဘူးလေ။” w17.12 ၂၀ ¶၈-၁၀
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၀
ခင်ဗျားရဲ့မောင် အသက်ပြန်ရှင်လာမယ်။—ယော. ၁၁:၂၃။
မောင်ဖြစ်သူ အသက်ပြန်ရှင်လာမှာကို မာသ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း မစခင်ကတည်းက သိထားခဲ့ပုံရတဲ့ အံ့ဖွယ်အမှုတွေကြောင့် မာသ ယုံကြည်စိတ်ချတယ်။ ငယ်ရွယ်စဉ်ကတည်းက အိမ်မှာ၊ တရားဇရပ်မှာ အဲဒီအကြောင်းတွေ ကြားသိခဲ့တယ်။ ကျမ်းစာထဲက မှတ်တမ်းသုံးခု စိတ်ထဲ ပေါ်လာနိုင်တယ်။ ပထမဆုံး ရှင်ပြန်ထမြောက်ခြင်းအကြောင်း စဉ်းစားကြည့်ပါ။ ပရောဖက် ဧလိယကို အံ့ဖွယ်အမှုတွေ လုပ်ဖို့ ဘုရားသခင် တန်ခိုးပေးချိန်မှာ ဖြစ်ခဲ့တယ်။ ဖိုနီးရှား ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ဇရတ္တမှာ ဆင်းရဲတဲ့ မုဆိုးမတစ်ယောက်က ပရောဖက်ကို ဧည့်ဝတ်ပြုခဲ့တယ်။ ဒါကြောင့် မုဆိုးမနဲ့ သား အသက်ဆက်နိုင်ဖို့ ဂျုံမှုန့်နဲ့ ဆီကို အံ့ဖွယ်နည်းနဲ့ ဘုရားသခင် ထောက်ပံ့ပေးခဲ့တယ်။ (၁ ဘု. ၁၇:၈-၁၆) နောက်ပိုင်း မုဆိုးမရဲ့ သား နေမကောင်းဖြစ်ပြီး သေဆုံးသွားတယ်။ ဧလိယ လာကူညီပေးခဲ့တယ်။ အလောင်းကို ထိရင်း “ဘုရား၊ ဒီကလေးကို အသက်ပြန်ရှင်စေပါ” လို့ ဧလိယ ဆုတောင်းတယ်။ ဆုတောင်းတဲ့အတိုင်း ဖြစ်ခဲ့တယ်။ ဧလိယရဲ့ ဆုတောင်းချက်ကို ဘုရားသခင် နားထောင်ပေးပြီး ကလေး အသက်ပြန်ရှင်လာတယ်။ အဲဒါ ကျမ်းစာထဲက ပထမဆုံး ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းပါပဲ။ (၁ ဘု. ၁၇:၁၇-၂၄) အဲဒီအံ့ဖွယ်ဖြစ်ရပ်ကို မာသ သိခဲ့မှာ သေချာတယ်။ w17.12 ၃ ¶၁။ ၄ ¶၃၊ ၅-၆
ကြာသပတေးနေ့၊ ဇူလိုင် ၁၁
ဘုရားသခင်အတွက်ရော စည်းစိမ်အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး။—မ. ၆:၂၄။
လူများစွာက လောကအလုပ်ကို ပန်းတိုင်ထားလိုက်စားဖို့ အားပေးကြတယ်။ အလုပ်အကိုင်ကြောင့် ရာထူး၊ အာဏာ၊ စည်းစိမ် ရလာနိုင်တယ်။ အလုပ်အကိုင်ကို လူများစွာ လိုက်စားနေတဲ့အတွက် ခရစ်ယာန်တစ်ယောက်လည်း အဲဒီအတွေးအခေါ်မျိုးကို လက်ခံလာနိုင်တယ်။ အခွင့်အာဏာ၊ ဂုဏ် ရရှိစေတဲ့ လောကအလုပ်အကိုင်က တည်မြဲတဲ့ ပျော်ရွှင်မှု ရရှိစေသလား။ မရရှိစေပါဘူး။ စာတန်မှာ အထင်ကြီးခံချင်စိတ်၊ တခြားသူတွေကို ထိန်းချုပ်ချင်စိတ် ရှိတယ်။ ရလည်း ရခဲ့တယ်။ ဒါပေမဲ့ မပျော်ဘဲ ဒေါသထွက်နေလေရဲ့။ (မ. ၄:၈၊ ၉။ ဗျာ. ၁၂:၁၂) လူတွေကို ထာဝရအသက် ရဖို့၊ ဘုရားသခင့် ဉာဏ်ပညာကနေ အကျိုးရဖို့ ကူညီပေးရင် တည်မြဲတဲ့ ပျော်ရွှင်မှု ရတယ်။ လောကအလုပ်အကိုင်က ပေးတဲ့ ပျော်ရွှင်ကျေနပ်မှုကတော့ အကန့်အသတ် ရှိတယ်။ ဒီ့အပြင် လောကရဲ့ အပြိုင်အဆိုင် စိတ်ဓာတ်က ပြင်းထန်တယ်။ တခြားသူတွေထက် သာဖို့ တွန်းအားပေးတယ်။ မနာလိုစိတ် ဖြစ်စေတယ်။ နောက်ဆုံးတော့ “လေကို ဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲ။”—ဒေ. ၄:၄။ w17.11 ၂၃ ¶၁၁-၁၃
သောကြာနေ့၊ ဇူလိုင် ၁၂
သူတို့ ချီးမွမ်းသီချင်းဆိုပြီးနောက် သံလွင်တောင်ပေါ် တက်သွားကြတယ်။—မ. ၂၆:၃၀။
ခရစ်ယာန် အသင်းတော် တည်ထောင်တဲ့အခါမှာ တေးဂီတဟာ စစ်မှန်တဲ့ ဝတ်ပြုရေးမှာ အရေးပါဆဲပါပဲ။ လူ့သမိုင်းရဲ့ အရေးကြီးဆုံးညမှာ ယေရှုဟာ သခင့်ညစာစားပွဲ ကျင်းပပြီးနောက် သီချင်းတွေ သီဆိုခဲ့တယ်။ ဘုရားသခင်ကို အတူတကွ ချီးမွမ်းသီချင်းဆိုရာမှာ ပထမရာစု ခရစ်ယာန်တွေ ပုံသက်သေ ချမှတ်ခဲ့ကြတယ်။ ကိုယ်ပိုင်အိမ်တွေမှာ စုဆုံလေ့ရှိကြပေမဲ့ ရိုးရှင်းတဲ့ ဝန်းကျင်အနေအထားကြောင့် ယေဟောဝါကို အားတက်သရော သီချင်းဆိုချင်တဲ့စိတ် လျော့နည်းမသွားဘူး။ စွမ်းအားတော် တိုက်တွန်းမှုကြောင့် ခရစ်ယာန် ညီအစ်ကိုတွေကို တမန်တော် ပေါလု ဒီလိုညွှန်ကြားတယ်– “ဆာလံသီချင်းတွေ၊ ဘုရားသခင်ကို ချီးမွမ်းတဲ့ သီချင်းတွေ သီဆိုပြီး၊ ဓမ္မသီချင်းတွေကို ကျေးဇူးတင်စိတ်နဲ့ သီဆိုပြီး အချင်းချင်း သွန်သင်အားပေးကြပါ။ ယေဟောဝါကို လှိုက်လှိုက်လှဲလှဲ သီဆိုချီးမွမ်းကြပါ။” (ကော. ၃:၁၆) ကျွန်တော်တို့ရဲ့ သီချင်းစာအုပ်မှာပါတဲ့ သီချင်းတွေဟာ “ကျေးဇူးတင်စိတ်နဲ့ သီဆို” ရမယ့် “ဓမ္မသီချင်းတွေ” ပါပဲ။ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ပြင်ဆင်ပေးတဲ့ ကျမ်းစာအကြောင်းအရာတွေထဲမှာ သီချင်းတွေလည်း ပါတယ်။—မ. ၂၄:၄၅။ w17.11 ၄ ¶၇-၈
စနေနေ့၊ ဇူလိုင် ၁၃
သွားလာရလွယ်ကူတဲ့ မြို့တွေကို ခိုလှုံရာမြို့တွေအဖြစ် ရွေးချယ်ပါ။—တော. ၃၅:၁၁။
ခိုလှုံရာမြို့ ခြောက်မြို့ဟာ သွားရလာရ လွယ်ကူတယ်။ ဂျော်ဒန်မြစ် တစ်ဖက်စီမှာ မြို့တွေကို ညီညီမျှမျှ ထားရှိဖို့ အစ္စရေးတွေကို ယေဟောဝါ မိန့်မှာတယ်။ ဘာကြောင့်လဲ။ ဒါမှ ဝရမ်းပြေးမှန်သမျှ လျင်မြန်၊ လွယ်ကူစွာ ခိုလှုံနိုင်မယ်။ (တော. ၃၅:၁၂-၁၄) ခိုလှုံရာမြို့ကို သွားတဲ့ လမ်းတွေကို ကောင်းကောင်း ပြုပြင်ထိန်းသိမ်းထားတယ်။ (တရား. ၁၉:၃) ဂျူးထုံးစံအရ ဝရမ်းပြေးတွေကို ခိုလှုံရာမြို့တွေဆီ လမ်းညွှန်ပေးတဲ့ လမ်းပြတိုင်တွေ စိုက်ထူထားတယ်။ ခိုလှုံရာမြို့တွေ စီစဉ်ထားတဲ့အတွက် မတော်တဆ လူသတ်မိသူဟာ မှားယွင်းတဲ့ ဝတ်ပြုရေးဘက် သွေးဆောင်ခံရနိုင်တဲ့ တိုင်းတစ်ပါးကို ထွက်ပြေးစရာ မလိုတော့ဘူး။ စဉ်းစားကြည့်ပါ– တမင်တကာ လူသတ်သူတွေကို ပြစ်ဒဏ်ချမှတ်တဲ့ ယေဟောဝါကိုယ်တိုင် မတော်တဆ လူသတ်မိသူတွေကို သနားစာနာမှုနဲ့ အကာအကွယ် ရဖို့ အခွင့်အရေး ပေးထားတယ်။ “အရာရာကို ရိုးရှင်းလွယ်ကူအောင် စီစဉ်ပေးထားတယ်” လို့ အနက်ဖွင့်ကျမ်းရေးသူတစ်ဦး ရေးသားခဲ့တယ်။ ယေဟောဝါဟာ ကျေးကျွန်တွေကို အပြစ်ပေးချင်စိတ် ပြင်းပြနေတဲ့၊ အကြင်နာတရားမဲ့တဲ့ တရားသူကြီး မဟုတ်ပါဘူး။ “ကရုဏာ ကြီးမားလှတဲ့” ဘုရားသခင်ပါ။—ဧ. ၂:၄။ w17.11 ၁၄ ¶၄-၅
တနင်္ဂနွေနေ့၊ ဇူလိုင် ၁၄
ငါဆီ ပြန်လှည့်လာကြ။ . . . ငါလည်း မင်းတို့ဆီ ပြန်လှည့်လာမယ်။—ဇာ. ၁:၃။
ပျံဝဲနေတဲ့ စာလိပ်။ တောင်းထဲမှာ ထိုင်တဲ့ မိန်းမတစ်ယောက်။ ငှက်ကျားလို အတောင်တွေ ရှိပြီး လေထဲ ပျံဝဲနေတဲ့ မိန်းမနှစ်ယောက်။ အဲဒီထူးခြားတဲ့ သရုပ်ဖော်ပုံတွေကို ဇာခရိကျမ်းမှာ တွေ့ရတယ်။ (ဇာ. ၅:၁၊ ၇-၉) ပရောဖက်ကို ယေဟောဝါ ဘာကြောင့် ဒီထူးခြားတဲ့ စိတ်အာရုံတွေ ပေးသလဲ။ ဇာခရိရဲ့ ခြောက်ခုနဲ့ ခုနစ်ခုမြောက် စိတ်အာရုံတွေက မရိုးသားတဲ့ လမ်းစဉ် လိုက်နေသူတွေအတွက် လေးနက်တဲ့ သတိပေးချက်၊ ဆိုးညစ်မှုကို ယေဟောဝါ သည်းမခံကြောင်း သတိပေးချက် ဖြစ်တယ်။ စိတ်ရင်းမှန်တဲ့ ဝတ်ပြုသူတွေက ဆိုးညစ်မှုကို မုန်းရမယ်။ ဒီစိတ်အာရုံတွေဟာ ကောင်းကင်ဘုံစံ ဖခင်ဆီက မေတ္တာပါတဲ့ အာမခံချက်လည်း ဖြစ်တယ်။ ဘုရားသခင့် မျက်နှာသာနဲ့ ကာကွယ်မှု ရရှိတဲ့ လူစားမျိုး ဖြစ်ဖို့ ဝီရိယရှိရှိ ကြိုးစားနေရင် သေခြင်းကျိန်စာ ခံရမှာ မဟုတ်ဘူး။ ယေဟောဝါက ဝမ်းသာအားရ ကောင်းချီးပေးပါလိမ့်မယ်။ ဆိုးညစ်မှု ပြည့်နှက်နေတဲ့ လောကမှာ သန့်ရှင်းနေဖို့ ကြိုးစားတာက ကြိုးစားရကျိုး နပ်ပါလိမ့်မယ်။ ယေဟောဝါရဲ့ အကူအညီအားဖြင့် အောင်မြင်နိုင်မယ်ဆိုတာ စိတ်ချနိုင်တယ်။ w17.10 ၂၁ ¶၁။ ၂၅ ¶၁၉
တနင်္လာနေ့၊ ဇူလိုင် ၁၅
အသက်ကြီးတဲ့ အမျိုးသမီးတွေလည်း လေးစားထိုက်တဲ့ အပြုအမူရှိသူ . . . ဖြစ်ရမယ်။ . . . ဒါမှ သူတို့ဟာ အသက်ငယ်တဲ့ အမျိုးသမီးတွေကို . . . အကြံပေးနိုင်မယ်။—တိ. ၂:၃၊ ၄။
တစ်ကိုယ်ရေ ညီအစ်မတွေဟာ ရှေ့ဆောင်လုပ်ခြင်း၊ ပိုလိုအပ်တဲ့ဒေသကို ပြောင်းရွှေ့ခြင်း၊ ဒေသခံ ဒီဇိုင်း/ဆောက်လုပ်ရေးမှာ လုပ်ဆောင်ခြင်း၊ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းတက်ဖို့ လျှောက်ထားခြင်းအားဖြင့် အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ အခွင့်အရေးများစွာ ရရှိထားကြတယ်။ တချို့လည်း ဂိလဒ်သင်တန်းတောင် တက်ရနိုင်တယ်။ အသက်ကြီးတဲ့ ညီအစ်မတွေဟာ အများကြီး မလုပ်ဆောင်နိုင်ကြပေမဲ့ အသင်းတော်အတွက် ကောင်းချီးတစ်ရပ်ပါပဲ။ သူတို့ကို ကျွန်တော်တို့ အလွန်ချစ်မြတ်နိုးကြတယ်။ တချို့က ဘုရားအမှုတော်မှာ အရင်ကလောက် မလုပ်ဆောင်နိုင်တော့ပေမဲ့ သတ္တိရှိရှိ လုပ်ဆောင်နိုင်တုန်းပါပဲ။ ဥပမာ၊ ဣန္ဒြေရှိတဲ့ အဝတ်အစားအကြောင်း ညီအစ်မငယ်တစ်ယောက်ကို ပြောပြဖို့ တောင်းဆိုခံရတဲ့အခါ အသက်ကြီးတဲ့ ညီအစ်မ သတ္တိရှိဖို့ လိုတယ်။ ညီအစ်မငယ်ရဲ့ အဝတ်အစား ရွေးချယ်မှုကို ဆူမှာမဟုတ်ဘဲ အဝတ်အစားက တခြားသူတွေကို ဘယ်လို အကျိုးသက်ရောက်နိုင်ကြောင်း စဉ်းစားတတ်အောင် အားပေးနိုင်တယ်။ (၁ တိ. ၂:၉၊ ၁၀) ဒီလိုမေတ္တာပါ စိုးရိမ်ပူပန်မှုက ကောင်းကျိုး ဖြစ်စေနိုင်တယ်။ w17.09 ၃၁-၃၂ ¶၁၇-၁၈
အင်္ဂါနေ့၊ ဇူလိုင် ၁၆
ဘုရားနဲ့ပတ်သက်တဲ့ အသိပညာကို ရလာမယ်။—ပညာ. ၂:၅။
သာမန်လူတန်းစားတွေ ကျမ်းစာ ဖတ်လို့မရအောင် ဩဇာအာဏာကြီးမားသူတွေ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီဆန့်ကျင်မှုကို စိတ်ရင်းမှန်သူတွေ ကြံ့ကြံ့ခံ ရပ်တည်ခဲ့တယ်။ ဥပမာ၊ ၁၄ ရာစုက ဘာသာရေးပညာရှင် ဂျွန်ဝှစ်ကလစ်အကြောင်း စဉ်းစားကြည့်ပါ။ ကျမ်းစာကနေ လူတိုင်း အကျိုးရရှိသင့်တယ်လို့ သူ အခိုင်အမာ ယုံကြည်တယ်။ ဒါပေမဲ့ သူ့ခေတ်အခါတုန်းက အင်္ဂလန်မှာ သာမန်လူတန်းစားတွေ ကျမ်းစာ မရနိုင်ဘူး။ ၁၃၈၂ ခုနှစ်မှာ ဝှစ်ကလစ်ကျမ်းလို့ နောက်ပိုင်းမှာ လူသိများလာတဲ့ အင်္ဂလိပ် ဘာသာပြန်ကျမ်းကို ထုတ်ဝေခဲ့တယ်။ ဘုရားသခင့် စကားကို သာမန်လူတွေရဲ့ စိတ်နှလုံးထဲ စိမ့်ဝင်စေချင်တဲ့စိတ်ကြောင့် နယ်လှည့် ဟောပြောသူတွေဟာ အင်္ဂလန်အနှံ့ တစ်ရွာပြီး တစ်ရွာ ခြေကျင်သွားခဲ့ကြတယ်။ ဆုံတွေ့သူတွေကို ဝှစ်ကလစ်ကျမ်းထဲကနေ ဖတ်ပြလေ့ရှိပြီး လက်နဲ့ ကူးရေးထားတဲ့ မိတ္တူတွေကို ထားရစ်ခဲ့ကြတယ်။ နောက်ပိုင်း ရာစုနှစ်တွေမှာ ဥရောပနဲ့ ကမ္ဘာ့တခြား ဒေသတွေမှာ လူများစွာက သာမန်လူတွေရဲ့ အကျိုးအတွက် ကျမ်းစာကို ဘာသာပြန်ဖြန့်ဝေခဲ့ကြတယ်။ w17.09 ၂၀-၂၁ ¶၁၀-၁၂
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၇
အိမ်ထောင်ပြုရင်တော့ ဘဝဒုက္ခတွေ ကြုံတွေ့ရမှာပဲ။—၁ ကော. ၇:၂၈။
သားသမီး လိုချင်တဲ့ဆန္ဒ မပြည့်ဝတာလည်း “ဘဝဒုက္ခ” တစ်မျိုးပဲ။ (ပညာ. ၁၃:၁၂) ယာကုပ်ရဲ့ ဇနီး ရာခေလဟာ အစ်မ သားသမီး ရတာကို ကြည့်ပြီး စိတ်သောက ရောက်ခဲ့ရတယ်။ (က. ၃၀:၁၊ ၂) အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ဆင်းရဲဒုက္ခတွေမှာ ထည့်မစဉ်းစားမိတာတစ်ခု ရှိသေးတယ်။ ချစ်ရသူတစ်ယောက် သေဆုံးခြင်းပါပဲ။ ချစ်ရတဲ့ အိမ်ထောင်ဖက် သေဆုံးခြင်းက လူများစွာ ကြုံတွေ့ရတဲ့ ဆင်းရဲဒုက္ခတစ်မျိုးပါပဲ။ ဒါပေမဲ့ ကြုံတွေ့ဖို့ မမျှော်လင့်ထားကြဘူး။ ခရစ်ယာန်တွေဟာ ယေရှုပေးခဲ့တဲ့ ရှင်ပြန်ထမြောက်ခြင်းကတိကို အခိုင်အမာ ယုံကြည်ကြတယ်။ (ယော. ၅:၂၈၊ ၂၉) အဲဒီကတိက ကျန်ရစ်သူ အိမ်ထောင်ဖက်ကို နှစ်သိမ့်မှု အတော်အတန် ပေးတယ်။ ဆင်းရဲဒုက္ခ ကြုံနေရသူတွေကို နှုတ်မြွက်တော် ကျမ်းစာကတစ်ဆင့် မေတ္တာရှင်ဖခင် ကူညီနှစ်သိမ့်မှုပေးတဲ့ နောက်တစ်နည်း ဖြစ်တယ်။ w17.06 ၄ ¶၁။ ၅ ¶၆။ ၆ ¶၉
ကြာသပတေးနေ့၊ ဇူလိုင် ၁၈
ယေဟောဝါဟာ ကရုဏာရှိပြီး သနားစာနာတတ်တဲ့ဘုရား[ဖြစ်တယ်]။—ထွ. ၃၄:၆။
တစ်ကြိမ်မှာ ဘုရားသခင်က မိမိရဲ့ နာမည်နဲ့ အရည်အသွေးအကြောင်း မောရှေကို ဖော်ပြခဲ့တယ်။ ကရုဏာနဲ့ သနားစာနာမှုကို ဦးဆုံးဖော်ပြတယ်။ (ထွ. ၃၄:၅-၇) တန်ခိုး၊ ဉာဏ်ပညာအကြောင်း ယေဟောဝါ ဖော်ပြလို့ရတယ်။ ဒါပေမဲ့ မောရှေက ဘုရားသခင့် ကျောထောက်နောက်ခံမှု ရှိမရှိ သိချင်နေတယ်။ ဒါကြောင့် မိမိကျေးကျွန်တွေကို ကူညီပေးချင်မှန်း ဖော်ပြတဲ့ အရည်အသွေးတွေကို ယေဟောဝါ အလေးပေးခဲ့တယ်။ (ထွ. ၃၃:၁၃) လူသားတွေဟာ သနားစာနာစိတ်နဲ့ ဖန်ဆင်းခံရပေမဲ့ အာဒံရဲ့ မစုံလင်မှုအမွေ ရထားလို့ အတ္တစိတ် ရှိကြတယ်။ တခြားသူကို ကူညီရမလား၊ ကိုယ့်အတွက်ပဲ ကြည့်ရမလားဆိုတာ ဆုံးဖြတ်ဖို့ တစ်ခါတလေ ခက်ခဲနိုင်တယ်။ တချို့ကတော့ အမြဲဝေခွဲမရ ဖြစ်နေတတ်တယ်။ တခြားသူတွေကို စိတ်ဝင်စားမှု ပြနေဖို့ ဘာက ကူညီပေးနိုင်သလဲ။ ပထမ၊ သနားစာနာမှုကို ယေဟောဝါ ဘယ်လိုပြခဲ့ကြောင်း၊ တခြားသူတွေ ဘယ်လို တင်ပြခဲ့ကြကြောင်း အချိန်ယူ ဆန်းစစ်ပါ။ ဒုတိယ၊ ဘုရားသခင့် ပုံသက်သေကို ဘယ်လို တုပနိုင်ကြောင်း၊ တုပလို့ ဘယ်လို အကျိုးရကြောင်း စဉ်းစားပါ။ w17.09 ၈ ¶၁။ ၉ ¶၃
သောကြာနေ့၊ ဇူလိုင် ၁၉
စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။—ဖိ. ၂:၃။
စရိုက်သစ် ဝတ်ဆင်ရတဲ့ ရည်ရွယ်ချက်က လူချီးမွမ်းခံရဖို့ မဟုတ်ဘဲ ယေဟောဝါကို ဂုဏ်တင်ဖို့ ဖြစ်ရမယ်။ တစ်ချိန်က စုံလင်တဲ့ နာမ်ဝိညာဉ် သတ္တဝါဟာ မာနကြီးလာလို့ အပြစ်လုပ်ခဲ့တာ သတိရပါ။ (ယေဇကျေလ ၂၈:၁၇ နဲ့နှိုင်းယှဉ်ပါ။) အပြစ်ရှိတဲ့ လူသားတွေအနေနဲ့ မသင့်လျော်တဲ့မာနကို ရှောင်ဖို့ ပိုခက်တယ်။ ဒါပေမဲ့ နှိမ့်ချမှုကို ဝတ်ဆင်နိုင်ပါတယ်။ ဘာက ကူညီပေးမလဲ။ နှိမ့်ချနေဖို့ဆိုရင် နေ့တိုင်း ကျမ်းစာ ဖတ်ပြီး တွေးတောဆင်ခြင်ဖို့ အချိန်ပေးရမယ်။ (တရား. ၁၇:၁၈-၂၀) အထူးသဖြင့် ယေရှုရဲ့ သွန်သင်ချက်တွေ၊ နှိမ့်ချမှုပုံသက်သေအကြောင်း တွေးတောရမယ်။ (မ. ၂၀:၂၈) ယေရှုဟာ တမန်တော်တွေရဲ့ ခြေကိုတောင် ဆေးပေးခဲ့တယ်။ (ယော. ၁၃:၁၂-၁၇) ကျွန်တော်တို့လည်း တခြားသူတွေထက် သာတယ်ဆိုတဲ့ သဘောထားကို တိုက်လှန်နိုင်အောင် ဘုရားသခင့် စွမ်းအားတော်ရဖို့ မကြာခဏ ဆုတောင်းရမယ်။—ဂလ. ၆:၃၊ ၄။ w17.08 ၂၅ ¶၁၁-၁၂
စနေနေ့၊ ဇူလိုင် ၂၀
ဘုရားသခင်ဆီ အသနားခံကြပါ။ ဒါဆိုရင် လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက . . . ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးပါလိမ့်မယ်။—ဖိ. ၄:၆၊ ၇။
ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်ရဲ့ လမ်းညွှန်မှုအတိုင်း လိုက်လျှောက်နေပါလျက်နဲ့ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါတွေ ရှိနိုင်တယ်။ အခက်အခဲတွေ ရင်ဆိုင်ရနိုင်တယ်။ အပြောင်းအလဲကြီးတွေ လုပ်ဖို့ လိုအပ်တဲ့ အခြေအနေသစ်တွေ ကြုံရနိုင်တယ်။ (ဒေ. ၉:၁၁) ဘာမှ မစိုးရိမ်ဘဲ “ဘုရားသခင့် ငြိမ်သက်ခြင်း” ရရှိဖို့ ဘာက ကူညီပေးနိုင်သလဲ။ စိုးရိမ်စိတ်ရဲ့ ဖြေဆေးက ဆုတောင်းခြင်းပဲဆိုတာ ဖိလိပ္ပိအသင်းတော်ကို ရေးတဲ့ ပေါလုရဲ့ စကားတွေက ဖော်ပြတယ်။ စိုးရိမ်ပူပန်တဲ့အခါ ရင်ဖွင့် ဆုတောင်းလိုက်ပါ။ (၁ ပေ. ၅:၆၊ ၇) ယေဟောဝါ ဂရုစိုက်တယ်ဆိုတဲ့ ယုံကြည်မှုအပြည့်နဲ့ ဆုတောင်းပါ။ ကိုယ်ခံစားရတဲ့ ကောင်းချီးတွေကို သတိရပြီး “ကျေးဇူးတော်ကို ချီးမွမ်း” ပါ။ “ကျွန်တော်တို့ တောင်းလျှောက်သမျှ၊ ကြံစည်သမျှထက် အတိုင်းထက်အလွန် လုပ်ဆောင်နိုင်” တယ်ဆိုတာ အမှတ်ရမယ်ဆိုရင် ဘုရားအပေါ် ယုံကြည်စိတ်ချမှု တိုးများလာပါလိမ့်မယ်။—ဧ. ၃:၂၀။ w17.08 ၉ ¶၄၊ ၆။ ၁၀ ¶၁၀
တနင်္ဂနွေနေ့၊ ဇူလိုင် ၂၁
တိုင်ပင်ဆွေးနွေးတာ မရှိရင် အစီအစဉ်တွေ ပျက်တတ်တယ်။ အကြံပေးသူ များရင်တော့ အောင်မြင်တတ်တယ်။—ပညာ. ၁၅:၂၂။
လူငယ်ဘဝမှာ ရှေ့ဆောင်လုပ်ခြင်းက ပျော်ရွှင်စေကြောင်း ခရစ်ယာန်များစွာ တွေ့ကြုံခံစားကြတယ်။ သင်ဟာ လူငယ်တစ်ယောက်ဖြစ်မယ်ဆိုရင် သူတို့ထဲက တချို့နဲ့ သင့်အစီအစဉ်တွေအကြောင်း ဆွေးနွေးကြည့်ပါ။ အချိန်ပြည့်လုပ်ငန်းက သင့်ဘဝတစ်လျှောက်လုံးကို အကျိုးပြုမယ့် ပညာရေးဖြစ်ကြောင်း အဲဒီရင့်ကျက်သူတွေ ပြောပြကြပါလိမ့်မယ်။ ယေရှုဟာ ကောင်းကင်မှာ ဖခင်ရဲ့ သွန်သင်မှု ခံယူပြီးနောက် မြေကြီးအမှုဆောင်လုပ်ငန်းကနေ ဆက်သင်ယူခဲ့တယ်။ ဥပမာအနေနဲ့ လူတွေရဲ့ နှလုံးသားထဲ သတင်းကောင်း ရောက်ရှိစေခြင်း၊ စမ်းသပ်မှုအောက်မှာ သမာဓိ စောင့်သိနေခြင်းက ပျော်ရွှင်စေကြောင်း သင်ယူခဲ့တယ်။ (ဟေရှာ. ၅၀:၄။ ဟီ. ၅:၈။ ၁၂:၂) “လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြ” လို့ ယေရှု ပြောတယ်။ (မ. ၂၈:၁၉၊ ၂၀) တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပါဝင်ချင်တယ်ဆိုရင် ဘုရားကို ဂုဏ်တင်တဲ့ ကျေနပ်မှုအပေးဆုံး အလုပ်ကို ရွေးချယ်မှာ ဖြစ်တယ်။ ဘယ်အလုပ်မဆို ကျွမ်းကျင်ဖို့ အချိန်လိုတယ်။ w17.07 ၂၃ ¶၆-၇
တနင်္လာနေ့၊ ဇူလိုင် ၂၂
ငါကလည်း မင်းတို့ကို နှစ်သိမ့်ပေးမယ်။—ဟေရှာ. ၆၆:၁၃။
နှစ်သိမ့်ခြင်းရဲ့ အဓိကရင်းမြစ်ဟာ သနားစာနာတတ်တဲ့ ကောင်းကင်ဘုံစံဖခင် ယေဟောဝါပဲဆိုတာ သံသယရှိစရာ မလိုပါဘူး။ (၂ ကော. ၁:၃၊ ၄) ခရစ်ယာန် အသင်းတော်ကလည်း ဝမ်းနည်းပူဆွေးနေသူတွေကို နှစ်သိမ့်ပေးတယ်။ (၁ သက်. ၅:၁၁) “ကြေကွဲတဲ့စိတ်” ရှိသူတွေကို သင် ဘယ်လို အားပေးနှစ်သိမ့်နိုင်သလဲ။ (ပညာ. ၁၇:၂၂) “နှုတ်ဆိတ်နေရတဲ့အချိန်နဲ့ စကားပြောရတဲ့အချိန် ရှိတယ်” ဆိုတာ သတိရပါ။ (ဒေ. ၃:၇) ဒါလင်းဆိုတဲ့ မုဆိုးမက “ဝမ်းနည်းပူဆွေးသူတွေဟာ သူတို့ရဲ့အတွေးနဲ့ ခံစားချက်တွေကို ထုတ်ပြောဖို့ လိုတယ်။ ဒါကြောင့် ကြားမဖြတ်ဘဲ နားထောင်ပေးတာက အရေးကြီးဆုံးပဲ” လို့ပြောတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသူရဲ့ အစ်မ ယူနီယာက “သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှုကို အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ပေမဲ့ သူတို့ရဲ့ခံစားချက်ကို နားလည်ပေးလိုစိတ်ရှိဖို့ အရေးကြီးတယ်” လို့ပြောတယ်။ လူတိုင်းက ဝမ်းနည်းကြေကွဲမှုကို တစ်ပုံစံတည်း မတွေ့ကြုံဘူး၊ မဖော်ပြဘူးဆိုတာ သတိရပါ။ w17.07 ၁၃ ¶၃။ ၁၄ ¶၁၁-၁၃
အင်္ဂါနေ့၊ ဇူလိုင် ၂၃
ယေဟောဝါလို့ နာမည်ရှိတဲ့ ကိုယ်တော် တစ်ပါးတည်းသာ မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံးအရှင် ဖြစ်မှန်း လူတွေ သိကြပါစေ။—ဆာ. ၈၃:၁၈။
လူများစွာအတွက် ငွေဟာ ကြီးမားတဲ့အရေးကိစ္စ ဖြစ်တယ်။ ပစ္စည်းဥစ္စာ စုဆောင်းဖို့၊ ပိုင်ဆိုင်တာတွေ ထိန်းသိမ်းထားဖို့ပဲ အာရုံစိုက်ကြတယ်။ တချို့ကတော့ မိသားစု၊ ကျန်းမာရေး၊ အောင်မြင်မှုတွေကို ကြီးမားတဲ့အရေးကိစ္စအဖြစ် ရှုမြင်ကြတယ်။ ဒါပေမဲ့ လူသားတွေ ရင်ဆိုင်နေရတဲ့၊ သိပ်ကြီးလေးတဲ့ အရေးကိစ္စကတော့ ယေဟောဝါရဲ့ အချုပ်အခြာအာဏာ သံသယကင်းရှင်းရေးပါပဲ။ ဒီအရေးကြီးကိစ္စကို မျက်ခြည်မပြတ်သွားအောင် ဂရုစိုက်ရမယ်။ ဘယ်လိုနည်းနဲ့ မျက်ခြည်ပြတ်သွားနိုင်သလဲ။ နေ့စဉ် လုပ်ဆောင်ရမယ့်အရာတွေကိုပဲ အာရုံစိုက်လွန်းလို့ ဘုရားသခင့် အချုပ်အခြာအာဏာ သံသယကင်းရှင်းရေးရဲ့ အရေးကြီးမှုကို မေ့လျော့သွားနိုင်တယ်။ ဘဝပြဿနာတွေကြောင့် အဲဒီကိစ္စကြီး မှေးမှိန်သွားနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အချုပ်အခြာအာဏာ သံသယကင်းရှင်းရေးကို သဘောပေါက်လေ ဘဝပြဿနာတွေကို ရင်ဆိုင်ဖို့ ပိုအသင့်ဖြစ်လေပါပဲ။ ယေဟောဝါနဲ့လည်း ပိုရင်းနှီးစေပါလိမ့်မယ်။ w17.06 ၂၂ ¶၁-၂
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၂၄
ခရစ်တော်ကို ကျွန်တော် အတုယူသလို ခင်ဗျားတို့လည်း ကျွန်တော့်ကို အတုယူကြပါ။—၁ ကော. ၁၁:၁။
အခွင့်အာဏာကို ယေဟောဝါ မေတ္တာရှိရှိ ကျင့်သုံးကြောင်း ကျမ်းစာကနေ သိရှိရတယ်။ ဘုရားသခင့် အချုပ်အခြာအာဏာကို မြတ်နိုးတဲ့ အိမ်ထောင်ဦးစီးတွေ၊ အကြီးအကဲတွေက ကိုယ်ပိုင်အချုပ်အခြာအာဏာ ကျင့်သုံးတဲ့အလား တရားလွန်တောင်းဆိုကြမှာ မဟုတ်ဘူး။ အဲဒီအစား ယေဟောဝါကို တုပကြပါလိမ့်မယ်။ ဘုရားသခင်နဲ့ သားတော်ကို ပေါလု တုပခဲ့တယ်။ ပေါလုက ကိုယ်လုပ်စေချင်သလို လုပ်ဖို့ တခြားသူတွေကို ဖိအားမပေးခဲ့ဘူး။ အဲဒီအစား မေတ္တာရပ်ခံခဲ့တယ်။ (ရော. ၁၂:၁။ ဧ. ၄:၁။ ဖိလေ. ၈-၁၀) အဲဒါက ကိစ္စရပ်တွေကို ယေဟောဝါရဲ့ နည်းလမ်းအတိုင်း ကိုင်တွယ်တဲ့နည်းပဲ။ ဘုရားရဲ့ အုပ်ချုပ်ပုံ နည်းလမ်းကို မြတ်နိုးထောက်ခံသူအားလုံး အဲဒီအတိုင်း လုပ်သင့်တယ်။ ဘုရားသခင် အခွင့်အာဏာ ပေးထားတဲ့ ဦးစီးမှုကို ဘယ်လို တုံ့ပြန်သင့်သလဲ။ လေးစားစွာ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံကြောင်း တင်ပြနိုင်တယ်။ ဆုံးဖြတ်ချက်တစ်ခုကို အပြည့်အဝ နားမလည်ရင်တောင်၊ သဘောမတူရင်တောင် ဘုရားသခင့် အစီအစဉ်ကို ဆက်ထောက်ခံကြပါလိမ့်မယ်။ လောကနဲ့ အတော်လေး ကွာခြားပေမဲ့ ယေဟောဝါရဲ့ အုပ်ချုပ်မှုအောက်မှာတော့ အဲဒီလိုပဲ အသက်ရှင်နေထိုင်သင့်တယ်။—ဧ. ၅:၂၂၊ ၂၃။ ၆:၁-၃။ ဟီ. ၁၃:၁၇။ w17.06 ၃၀ ¶၁၄-၁၅
ကြာသပတေးနေ့၊ ဇူလိုင် ၂၅
အချင်းချင်း ချစ်ကြဖို့ ဘုရားသခင်ကိုယ်တိုင် သင်ထားပေး[တယ်]။—၁ သက်. ၄:၉။
စိတ်အားငယ်နေတဲ့၊ စိတ်ဓာတ်ကျနေတဲ့၊ တခြားအခက်အခဲတွေ ကြုံနေတဲ့ လူကြီးလူငယ် ညီအစ်ကို/မတွေဟာ ကျွန်တော်တို့ရဲ့ အာရုံစိုက်မှု၊ အားပေးမှု၊ နှစ်သိမ့်မှုတွေ လိုအပ်ကြတယ်။ (ပညာ. ၁၂:၂၅။ ကော. ၄:၁၁) “ယုံကြည်ခြင်းတူတဲ့သူတွေကို” အလွန်အလေးထားကြောင်း အပြောအလုပ်နဲ့ ဖော်ပြတဲ့အခါ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေကို တကယ် ချစ်မြတ်နိုးကြောင်း သက်သေပြနေတာပါပဲ။ (ဂလ. ၆:၁၀) ဒီစနစ်ဆိုးရဲ့ “နောက်ဆုံးကာလ” မှာ လူတွေဟာ တစ်ကိုယ်ကောင်းဆန်ကြမယ်၊ လောဘကြီးကြမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ (၂ တိ. ၃:၁၊ ၂) ဒါကြောင့် ကျွန်တော်တို့ ခရစ်ယာန်တွေဟာ ဘုရားကို ချစ်တဲ့မေတ္တာ၊ ကျမ်းစာအမှန်တရားကို နှစ်သက်မြတ်နိုးစိတ်၊ အချင်းချင်း ချစ်တဲ့မေတ္တာ တိုးပွားအောင် ကြိုးစားရမယ်။ ယုံကြည်သူချင်းတွေကြားမှာ အသေးအဖွဲ သဘောထားကွဲလွဲမှုတွေ တစ်ခါတလေ ပေါ်လာနိုင်တယ်။ ဒါပေမဲ့ သဘောထားကွဲလွဲမှုတွေကို ချစ်ခြင်းမေတ္တာနဲ့ ဖြေရှင်းတဲ့အခါ အသင်းတော်တစ်ခုလုံး ကောင်းချီးခံစားရပါတယ်။ (ဧ. ၄:၃၂။ ကော. ၃:၁၄) ဒါကြောင့် ယေဟောဝါ၊ ကျမ်းစာ၊ ညီအစ်ကို/မတွေကို အားကြီးတဲ့မေတ္တာနဲ့ ဆက်ချစ်မြတ်နိုးသွားကြပါစို့။ w17.05 ၂၁ ¶၁၇-၁၈
သောကြာနေ့၊ ဇူလိုင် ၂၆
“ကျွန်တော်တို့ အပြစ်မလုပ်ဘူး” လို့ ပြောမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားတာပဲ။—၁ ယော. ၁:၈။
ခရစ်ယာန်အသင်းတော်ပြင်ပမှာ မတရားမှုတချို့ ကြုံရမယ်လို့ ခရစ်ယာန်တွေ မျှော်လင့်ထားကြတယ်။ ဒါပေမဲ့ မတရားပုံရတဲ့အရာတွေကို အသင်းတော်ထဲမှာ မြင်ရ၊ ကြုံရတဲ့အခါ ယုံကြည်ခြင်း စမ်းသပ်မှု ဖြစ်နိုင်တယ်။ အသင်းတော်မှာဖြစ်စေ၊ ညီအစ်ကို/မတွေနဲ့ ဆက်ဆံရာမှာဖြစ်စေ မတရားမှုတချို့ ကြုံရတဲ့အခါ သင်ဘယ်လို တုံ့ပြန်မလဲ။ တိုက်မိလဲသွားမလား။ ကျွန်တော်တို့အားလုံး မစုံလင်လို့ အပြစ်ပြုတတ်ကြတဲ့အတွက် အသင်းတော်ထဲမှာ ကိုယ်တိုင် မတရားမှု ကြုံရနိုင်သလို ကိုယ့်ကြောင့်လည်း တခြားသူတွေ မတရားမှု ကြုံရနိုင်ကြောင်း နားလည်ထားကြတယ်။ အဲဒီလို ဖြစ်ခဲပေမဲ့ မတရားမှု ကြုံရတဲ့အခါ သစ္စာရှိ ခရစ်ယာန်တွေ မအံ့ဩကြဘူး၊ တိုက်မိမလဲကြဘူး။ ယုံကြည်သူချင်းတွေကြောင့် မတရားမှု ကြုံရရင်တောင် သမာဓိ ဆက်တည်ကြည်စေဖို့ လက်တွေ့ကျ အကြံဉာဏ်တွေကို ကျမ်းစာမှာ ယေဟောဝါ ဖော်ပြပေးထားတယ်။—ဆာ. ၅၅:၁၂-၁၄။ w17.04 ၁၉ ¶၄-၅
စနေနေ့၊ ဇူလိုင် ၂၇
အိမ်ထောင်ပြုရင်တော့ ဘဝဒုက္ခတွေ ကြုံတွေ့ရမှာပဲ။—၁ ကော. ၇:၂၈။
မယုံကြည်တဲ့ အိမ်ထောင်ဖက် ရှိတယ်ဆိုရင် ဖိစီးမှု၊ စိုးရိမ်ပူပန်မှု ပိုကြုံရနိုင်တယ်။ ဒါပေမဲ့ ခရစ်တော်နောက် အိမ်ထောင်ဖက် မလိုက်ချင်တာက ခွဲနေဖို့၊ ကွာရှင်းဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘူး။ (၁ ကော. ၇:၁၂-၁၆) မယုံကြည်တဲ့ ခင်ပွန်းဟာ ဘုရားရေးရာကိစ္စတွေမှာ ဦးမဆောင်နိုင်ပေမဲ့ အိမ်ထောင်ဦးစီးဆိုတဲ့ အနေအထားကြောင့် လေးစားမှု ရသင့်တယ်။ မယုံကြည်တဲ့ ဇနီးလည်း ခရစ်ယာန်ခင်ပွန်းရဲ့ ကိုယ်ကျိုးစွန့်မေတ္တာနဲ့ ချစ်ခင်တွယ်တာမှု ရရှိသင့်တယ်။ (ဧ. ၅:၂၂၊ ၂၃၊ ၂၈၊ ၂၉) အိမ်ထောင်ဖက်က ကိုယ့်ရဲ့ ကိုးကွယ်မှုကို ကန့်သတ်ပိတ်ပင်မယ်ဆိုရင်ကော။ ဥပမာ၊ ညီအစ်မတစ်ယောက်ကို ခင်ပွန်းက တချို့ရက်တွေမှာပဲ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ ခွင့်ပြုတယ်ဆိုပါစို့။ အဲဒီလို အခြေအနေမျိုး ကြုံရတယ်ဆိုရင် ‘ငါ့အိမ်ထောင်ဖက်က ဘုရားသခင်ကို မကိုးကွယ်ဖို့ တားဆီးနေတာလား။ မဟုတ်ဘူးဆိုရင် သူ့တောင်းဆိုချက်ကို လိုက်လျောနိုင်မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ အကျိုးသင့်အကြောင်းသင့်သဘောက မလိုအပ်တဲ့ အိမ်ထောင်ရေး ပြဿနာတွေကို ရှောင်ရှားစေနိုင်တယ်။—ဖိ. ၄:၅။ w17.10 ၁၃ ¶၇-၈
တနင်္ဂနွေနေ့၊ ဇူလိုင် ၂၈
သားသမီးတွေကို စိတ်စွဲမှတ်သွားအောင် သွန်သင်ပေးရမယ်။—တရား. ၆:၇။
ကြိုဟောထားတဲ့အတိုင်း “ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးတွေ” ယေဟောဝါရဲ့ အဖွဲ့အစည်းထဲ စုရုံးရောက်ရှိလာနေတယ်။ (ဇာ. ၈:၂၃) ဒါပေမဲ့ ဘာသာစကား အတားအဆီးကြောင့် သားသမီးတွေကို အမှန်တရားအကြောင်း သင်ပေးဖို့ အခက်တွေ့နိုင်တယ်။ သားသမီးတွေဟာ မိဘတွေအတွက် အရေးကြီးဆုံး ကျမ်းစာသင်သားတွေပါ။ ယေဟောဝါကို “သိကျွမ်း” မှ ထာဝရအသက် ရကြမှာ။ (ယော. ၁၇:၃) ယေဟောဝါရဲ့ သွန်သင်ချက်တွေအကြောင်း သားသမီးတွေ သိဖို့ သင့်တော်တဲ့အခါတိုင်း “ပြောပြ” နေရမယ်။ (တရား. ၆:၆၊ ၇) သားသမီးတွေဟာ ကျောင်းနဲ့ ပတ်ဝန်းကျင်ကနေ ဒေသခံ ဘာသာစကား သင်ယူနိုင်တယ်။ ဒါပေမဲ့ မိဘတွေနဲ့ မကြာခဏ ပြောဆိုဆက်သွယ်မှပဲ မိဘတွေရဲ့ ဘာသာစကားကို တတ်မယ်။ မိဘရဲ့ ဘာသာစကားကို သားသမီးတွေ တတ်ထားရင် သူတို့ရဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုနားလည်နိုင်မယ်။ တခြားအကျိုးကျေးဇူးတွေလည်း ရရှိမယ်။ ဘာသာစကားနှစ်မျိုး တတ်ထားရင် သားသမီးတွေရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း တိုးတက်လာမယ်။ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမယ်။ w17.05 ၉ ¶၅-၆
တနင်္လာနေ့၊ ဇူလိုင် ၂၉
တာဗော်တောင်ကို ချီတက်ပါ။ . . . သိသရ . . . ကို ငါခေါ်လာပြီး မင်းလက်ထဲ အပ်မယ်။—သူကြီး. ၄:၆၊ ၇။
အစ္စရေးတွေမှာ စစ်လက်နက်၊ စစ်ဝတ်စုံ မရှိဘူး။ ရန်သူတွေမှာတော့ သံဓားကောက် တပ်ထားတဲ့ စစ်မြင်းရထား ၉၀၀ ရှိတယ်။ (သူကြီး. ၄:၁-၃၊ ၁၃။ ၅:၆-၈) ဒါပေမဲ့ ယေဟောဝါက ဗာရက်ကို အထက်ပါစကားအတိုင်း မိန့်မှာတယ်။ ယေဟောဝါရဲ့ ညွှန်ကြားချက်ကို ဗာရက် ချက်ချင်း လိုက်နာခဲ့တယ်။ (သူကြီး. ၄:၁၄-၁၆) တာနက်မြို့ တိုက်ပွဲအတွင်း ရုတ်တရက် မိုး သည်းသည်းမဲမဲ ရွာပြီး ရွှံ့ဗွက်အိုင် ဖြစ်သွားတယ်။ ၁၅ မိုင် (၂၄ ကီလိုမီတာ) ဝေးတဲ့ ဟာရောရှက်မြို့အထိ သိသရရဲ့ စစ်တပ်နောက် ဗာရက် လိုက်သွားတယ်။ ကြောက်မက်ဖွယ် ကောင်းခဲ့သလောက် အသုံးမဝင်တော့တဲ့ မြင်းရထားကို လမ်းတစ်နေရာရာမှာ သိသရ စွန့်ပစ်ခဲ့ပြီး ကေဒေရှမြို့အနား၊ ဇာနိမ်အရပ်ဆီ ပြေးတော့တယ်။ တဲထဲ ဝင်နားတဲ့ သိသရကို ကေနိအမျိုးသား ဟေဗာရဲ့ မိန်းမ ယေလ ကြိုဆိုခဲ့တယ်။ ပင်ပန်းလွန်းလို့ သိသရ အိပ်ပျော်သွားတယ်။ ယေလ ရဲဝံ့ပြတ်သားစွာ အသေသတ်တာကို သိသရ အလွယ်တကူ ခံလိုက်ရတယ်။ (သူကြီး. ၄:၁၇-၂၁) အစ္စရေးလူမျိုးရဲ့ ရန်သူ ကျဆုံးသွားပါပြီ။ w17.04 ၂၉-၃၀ ¶၆-၈
အင်္ဂါနေ့၊ ဇူလိုင် ၃၀
ယေဟောဝါက လူမျိုးတွေနဲ့ တရားဆိုင်လိမ့်မယ်။ . . . လူဆိုးတွေကို ဓားဘေးလက်ထဲ အပ်လိမ့်မယ်။—ယေ. ၂၅:၃၁။
အာမဂေဒုန်ပြီးနောက် ကမ္ဘာပေါ်မှာ အဖွဲ့အစည်းဆိုတာ ရှိပါဦးမလား။ “ဘုရားသခင် ကတိပေးထားတဲ့အတိုင်း ဖြောင့်မတ်ခြင်း တည်တံ့မယ့် ကောင်းကင်သစ်နဲ့ မြေကြီးသစ်ကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်” လို့ ကျမ်းစာမှာ ပြောတယ်။ (၂ ပေ. ၃:၁၃) ကောင်းကင်ဟောင်းဖြစ်တဲ့ အကျင့်ပျက်ခြစားတဲ့ အစိုးရတွေ၊ မြေကြီးဟောင်းဖြစ်တဲ့ သူတို့ ထိန်းချုပ်ထားတဲ့ မြေကြီးဆိုင်ရာ အဖွဲ့အစည်းတွေ ကွယ်ပျောက်သွားပါလိမ့်မယ်။ သူတို့နေရာမှာ ဘာအစားဝင်မလဲ။ “ကောင်းကင်သစ်နဲ့ မြေကြီးသစ်” ဆိုတဲ့ အသုံးအနှုန်းက အစိုးရသစ်၊ အဲဒီအစိုးရ အုပ်ချုပ်မယ့် မြေကြီးဆိုင်ရာ အဖွဲ့အစည်းသစ်ကို ဆိုလိုတယ်။ ယေရှုခရစ် အုပ်စိုးမယ့် နိုင်ငံတော်ဟာ စည်းစနစ်ကျတဲ့ ဘုရားသခင် ယေဟောဝါရဲ့ ဂုဏ်ရည်တော်ကို ပြည့်ဝစုံလင်စွာ ထင်ဟပ်ပြပါလိမ့်မယ်။ (၁ ကော. ၁၄:၃၃) အဲဒါကြောင့် “မြေကြီးသစ်” ကို ဖွဲ့စည်းပါလိမ့်မယ်။ လူကောင်းတွေက ကိစ္စရပ်တွေကို ကိုင်တွယ်ဆောင်ရွက်ကြပါမယ်။ (ဆာ. ၄၅:၁၆) သူတို့ကို ခရစ်တော်နဲ့ ၁၄၄,၀၀၀ က လမ်းပြညွှန်ကြားပါလိမ့်မယ်။ အကျင့်ပျက်ခြစားတဲ့ အဖွဲ့အစည်းအားလုံးနေရာမှာ ဖြောင့်မတ်မှန်ကန်တဲ့၊ စည်းလုံးတဲ့ တစ်ခုတည်းသော အဖွဲ့အစည်း အစားဝင်လာပါလိမ့်မယ်။ w17.04 ၁၁ ¶၈-၉
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၃၁
သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။—က. ၂:၂၄။
အိမ်ထောင်ရေးဟာ မြင့်မြတ်တယ်။ သတို့သားနဲ့ သတို့သမီးဟာ ဘုရားသခင်နဲ့ မျက်မြင်သက်သေတွေရှေ့ သစ္စာကတိပြုကြတယ်။ “ဘုရားသခင့် အိမ်ထောင်ရေး အစီအစဉ်အရ မြေကြီးပေါ်တွင် အတူတကွ အသက်ရှင်နေမည့် ကာလပတ်လုံး” တစ်ယောက်ကိုတစ်ယောက် ချစ်ခင်၊ မြတ်နိုးပြီး လေးစားသွားပါမယ်လို့ သစ္စာကတိပြုလေ့ရှိတယ်။ တခြားသူတွေလည်း အဲဒီလို အတိအကျ မဟုတ်ပေမဲ့ ဘုရားသခင်ရှေ့ သစ္စာကတိ ပြုကြတယ်။ အဲဒီနောက် အကြင်လင်မယားဖြစ်ကြောင်း ကြေညာတယ်။ ရာသက်ပန် ပေါင်းသင်းသွားကြရမယ်။ (၁ ကော. ၇:၃၉) “ဒါကြောင့် ဘုရားသခင် တွဲဖက်ထားသူတွေကို” ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ တခြား “ဘယ်သူမှ မခွဲကြနဲ့” လို့ ယေရှု ပြောခဲ့တယ်။ ဒါကြောင့် ကွာရှင်းပြတ်စဲလို့ရတယ်ဆိုတဲ့ သဘောထားမျိုး မရှိရဘူး။ (မာ. ၁၀:၉) ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးဆိုတာ မရှိပါဘူး။ အိမ်ထောင်တိုင်း မစုံလင်သူနှစ်ဦးနဲ့ ပေါင်းဖက်ထားလို့ “ဘဝဒုက္ခ” ခံရမယ်လို့ ကျမ်းစာမှာ ပြောထားတယ်။—၁ ကော. ၇:၂၈။ w17.04 ၇ ¶၁၄-၁၅