ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es23 စာ. ၅၇-၆၇
  • ဇွန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇွန်
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ကြာသပတေးနေ့၊ ဇွန် ၁
  • သောကြာနေ့၊ ဇွန် ၂
  • စနေနေ့၊ ဇွန် ၃
  • တနင်္ဂနွေနေ့၊ ဇွန် ၄
  • တနင်္လာနေ့၊ ဇွန် ၅
  • အင်္ဂါနေ့၊ ဇွန် ၆
  • ဗုဒ္ဓဟူးနေ့၊ ဇွန် ၇
  • ကြာသပတေးနေ့၊ ဇွန် ၈
  • သောကြာနေ့၊ ဇွန် ၉
  • စနေနေ့၊ ဇွန် ၁၀
  • တနင်္ဂနွေနေ့၊ ဇွန် ၁၁
  • တနင်္လာနေ့၊ ဇွန် ၁၂
  • အင်္ဂါနေ့၊ ဇွန် ၁၃
  • ဗုဒ္ဓဟူးနေ့၊ ဇွန် ၁၄
  • ကြာသပတေးနေ့၊ ဇွန် ၁၅
  • သောကြာနေ့၊ ဇွန် ၁၆
  • စနေနေ့၊ ဇွန် ၁၇
  • တနင်္ဂနွေနေ့၊ ဇွန် ၁၈
  • တနင်္လာနေ့၊ ဇွန် ၁၉
  • အင်္ဂါနေ့၊ ဇွန် ၂၀
  • ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၁
  • ကြာသပတေးနေ့၊ ဇွန် ၂၂
  • သောကြာနေ့၊ ဇွန် ၂၃
  • စနေနေ့၊ ဇွန် ၂၄
  • တနင်္ဂနွေနေ့၊ ဇွန် ၂၅
  • တနင်္လာနေ့၊ ဇွန် ၂၆
  • အင်္ဂါနေ့၊ ဇွန် ၂၇
  • ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၈
  • ကြာသပတေးနေ့၊ ဇွန် ၂၉
  • သောကြာနေ့၊ ဇွန် ၃၀
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၃
es23 စာ. ၅၇-၆၇

ဇွန်

ကြာသပတေးနေ့၊ ဇွန် ၁

ဆင်းရဲတဲ့ မုဆိုးမတစ်ယောက် ရောက်လာပြီး တန်ဖိုးသိပ်မရှိတဲ့ ဒင်္ဂါးငယ်နှစ်ပြားကို ထည့်လိုက်တယ်။—မာ. ၁၂:၄၂။

မုဆိုးမဟာ ဆင်းရဲလွန်းလို့ အခြေခံ လိုအပ်ရာလေးတွေ ဝယ်ဖို့တောင် မနည်း ရုန်းကန်နေရပုံ ပေါ်တယ်။ အမျိုးသမီးက အလှူငွေပုံး တစ်ခုနား သွားပြီး ဒင်္ဂါးငယ်နှစ်ပြားကို အသာလေး ထည့်လိုက်တယ်။ ဒင်္ဂါး နှစ်ပြားတည်း ဖြစ်လို့ အလှူငွေပုံးထဲ ကျတဲ့အခါ ဘာအသံမှတောင် မြည်လိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ ဘယ်လောက် ထည့်လိုက်တယ်ဆိုတာ ယေရှု သိတယ်။ အဲဒီခေတ်တုန်းက သုံးနေတဲ့ ငွေကြေးမှာ တန်ဖိုး အနည်းဆုံး လက်တာ ဒင်္ဂါး နှစ်ပြားပါ။ အဲဒီငွေနဲ့ ဈေးအပေါဆုံး စာငှက် တစ်ကောင်ကိုတောင် ဝယ်လို့ မရဘူး။ ဆင်းရဲတဲ့ မုဆိုးမကို ယေရှု သိပ်အထင်ကြီးလေးစားသွားတယ်။ ဒါကြောင့် တပည့်တွေကို ခေါ်ပြီး “ဒီမုဆိုးမရဲ့ အလှူငွေဟာ တခြားသူအားလုံးရဲ့ အလှူငွေထက် ပိုများတယ်” လို့ ပြောတယ်။ “တခြားသူတွေ [ချမ်းသာသူတွေ] က ပိုလျှံတဲ့ငွေကို ထည့်ကြတာ။ ဒီမုဆိုးမကတော့ ဆင်းရဲပေမဲ့ ရှိစုမဲ့စု ဝမ်းစာကို အကုန် ထည့်လိုက်တာ” လို့ ဆက်ပြောတယ်။ (မာ. ၁၂:၄၃၊ ၄၄) သစ္စာရှိတဲ့ ဒီမုဆိုးမဟာ မိမိကို ယေဟောဝါ ဂရုစိုက်စောင့်ရှောက်မယ်ဆိုတာ ယုံကြည်စိတ်ချပြီး အဲဒီနေ့အတွက် ရှိစုမဲ့စု ငွေလေးကို အကုန်ပေးလိုက်တာ ဖြစ်တယ်။—ဆာ. ၂၆:၃။ w21.04 ၆ ¶၁၇-၁၈

သောကြာနေ့၊ ဇွန် ၂

ဂျေရုဆလင် တစ်မြို့လုံးကို မင်းတို့ရဲ့ သွန်သင်ချက် ပြည့်နေအောင် လုပ်လိုက်ကြပြီ။—တ. ၅:၂၈။

ယေရှုဟာ မြေကြီးပေါ် အမှုဆောင်ချိန်တစ်လျှောက် အပြုသဘောထား ဆက်ရှိနေတယ်။ နောက်လိုက်တွေကိုလည်း အမှုဆောင်မှာ အပြုသဘောထား ဆက်ရှိစေချင်တယ်။ (ယော. ၄:၃၅၊ ၃၆) တပည့်တွေဟာ ယေရှုနဲ့ အတူရှိနေချိန်မှာ ဇွဲရှိရှိ ဟောပြောကြတယ်။ (လု. ၁၀:၁၊ ၅-၁၁၊ ၁၇) ဒါပေမဲ့ ယေရှု အဖမ်းခံရ၊ အသတ်ခံရပြီးနောက်မှာ ဟောပြောချင်စိတ် ခဏ ပျောက်ဆုံးသွားတယ်။ (ယော. ၁၆:၃၂) ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းကို ပြန်အာရုံစိုက်ဖို့ ယေရှု ထမြောက်ပြီးနောက် တပည့်တွေကို အားပေးတယ်။ ယေရှု ကောင်းကင်တက်ပြီးနောက် တပည့်တွေ ထက်ထက်သန်သန် ဟောပြောကြလို့ ဒီနေ့ ကျမ်းချက်မှာပါတဲ့အတိုင်း ရန်သူတွေ ပြောရတဲ့အထိပဲ။ ပထမရာစု ခရစ်ယာန်တွေရဲ့ ဟောပြောခြင်းလုပ်ငန်းကို ယေရှု လမ်းညွှန်ပေးတယ်။ ယေဟောဝါလည်း ကောင်းချီးပေးတယ်။ ဥပမာ၊ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ လူ ၃၀၀၀ လောက် နှစ်ခြင်းခံတယ်။ (တ. ၂:၄၁) တပည့်အရေအတွက် များသည်ထက် များလာတယ်။ (တ. ၆:၇) ဒါပေမဲ့ နောက်ဆုံးကာလမှာ ဟောပြောခြင်းလုပ်ငန်း ပိုအောင်မြင်မယ်လို့ ယေရှု ကြိုပြောခဲ့တယ်။—ယော. ၁၄:၁၂။ တ. ၁:၈။ w21.05 ၁၄ ¶၁-၂

စနေနေ့၊ ဇွန် ၃

ကျွန်တော့်ကြောင့် တိုက်လဲစရာအကြောင်း မရှိတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့လိမ့်မယ်။—မ. ၁၁:၆၊ အောက်ခြေမှတ်ချက်။

အမှန်တရား တွေ့ပြီလို့ ဦးဆုံးအကြိမ် ခံစားခဲ့ရတဲ့ အချိန်ကို မှတ်မိသလား။ သိလာတဲ့ ကျမ်းစာသတင်းတရားက လူတွေကို လောလောဆယ် အဓိပ္ပာယ်ရှိတဲ့ ဘဝနဲ့ သိပ်ကောင်းတဲ့ အနာဂတ် မျှော်လင့်ချက် ရရှိစေမယ်ဆိုတာ သင် ယုံကြည်စိတ်ချတယ်။ (ဆာ. ၁၁၉:၁၀၅) ဒါကြောင့် မိတ်ဆွေ၊ ဆွေမျိုးတွေကို သိလာတဲ့ အမှန်တရားအကြောင်း စိတ်အားထက်သန်စွာ ပြောပြတယ်။ ဒါပေမဲ့ အများစုက လက်မခံလို့ သင် အံ့ဩမိမှာပဲ။ ကျွန်တော်တို့ ဟောတဲ့ သတင်းတရားကို တခြားသူတွေ လက်မခံလို့ မအံ့ဩသင့်ဘူး။ ယေရှုဟာ ဘုရားအကူအညီနဲ့ အံ့ဖွယ်အမှုတွေ လုပ်တာတောင် တစ်ခေတ်တည်းသား အများစု ငြင်းပယ်ကြတယ်။ ဥပမာ၊ လာဇရုကို ယေရှု ထမြောက်ပေးတဲ့ အံ့ဖွယ်အမှုကို ဆန့်ကျင်သူတွေ မငြင်းနိုင်ဘူး။ ဒါတောင် ယေရှုဟာ မေရှိယ ဖြစ်တယ်ဆိုတာ ဂျူးဘာသာရေးခေါင်းဆောင်တွေ လက်မခံကြဘူး။ ယေရှုနဲ့ လာဇရုကို သတ်ဖို့တောင် ကြံစည်ကြတယ်။—ယော. ၁၁:၄၇၊ ၄၈၊ ၅၃။ ၁၂:၉-၁၁။ w21.05 ၂ ¶၁-၂

တနင်္ဂနွေနေ့၊ ဇွန် ၄

အတူတကွ စည်းဝေးတာကို လျစ်လျူမရှုကြပါနဲ့။ အချင်းချင်း အားပေးကြပါ။—ဟီ. ၁၀:၂၅။

အစည်းအဝေး ပုံမှန် တက်ဖို့ ကြိုးစားပါ။ အစည်းအဝေး အစီအစဉ်ကနေ ခွန်အား ရပြီး ညီအစ်ကို/မတွေနဲ့လည်း ပိုသိကျွမ်းခွင့် ရမယ်။ အသင်းတော်မှာ မိတ်ဆွေ ရှာပါ။ အသက်အရွယ်၊ နောက်ခံ မတူရင်တောင်မှ သူတို့ဆီကနေ သင်ယူနိုင်တယ်။ ‘အသက်ကြီးသူဆီမှာ ဉာဏ်ပညာ ရှိတယ်’ လို့ ကျမ်းစာ ပြောတယ်။ (ယောဘ ၁၂:၁၂) လူကြီးတွေလည်း သစ္စာရှိ လူငယ်တွေဆီကနေ များစွာ သင်ယူနိုင်တယ်။ ဒါဝိဒ်ဟာ ယောနသန်ထက် အများကြီး အသက်ငယ်တယ်။ ဒါပေမဲ့ သိပ်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ကြတယ်။ (၁ ရှ. ၁၈:၁) အခက်အခဲတွေကြား ယေဟောဝါကို ဆက်အမှုဆောင်ဖို့ အချင်းချင်း ကူညီပေးကြတယ်။ (၁ ရှ. ၂၃:၁၆-၁၈) လောလောဆယ် မိသားစုမှာ တစ်ယောက်တည်း သက်သေခံ ဖြစ်နေတဲ့ ညီအစ်မ အီရီနာက “ညီအစ်ကို/မတွေဟာ မိဘမောင်နှမတွေလို ဖြစ်လာတယ်။ ကျွန်မရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ သူတို့ကို ယေဟောဝါ အသုံးပြုတယ်” လို့ ပြောတယ်။ မိတ်ဆွေတွေ သင့်ကို အားပေးထောက်မချင်တယ်။ ဒါပေမဲ့ ကိုယ်ဘာလိုတယ်ဆိုတာ ပြောပြမှ သူတို့ သိပြီး ကူညီပေးနိုင်မယ်။ w21.06 ၁၀-၁၁ ¶၉-၁၁

တနင်္လာနေ့၊ ဇွန် ၅

ခင်ဗျားတို့က ကိုယ့်ညီအစ်ကိုကို ကြည်ကြည်ဖြူဖြူ ခွင့်မလွှတ်ဘူးဆိုရင် ကောင်းကင်အဖကလည်း ခင်ဗျားတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။—မ. ၁၈:၃၅။

ဘုရင်ကြီးနဲ့ အမှုထမ်းအကြောင်း ပုံဥပမာတစ်ခု ယေရှု ပြောတယ်။ ဘုရင်ကြီးက အမှုထမ်းရဲ့ အကြွေးအားလုံးကို လျှော်ပစ်လိုက်တယ်။ နောက်ပိုင်း၊ အဲဒီအမှုထမ်းက အချင်းချင်းရဲ့ အကြွေး နည်းနည်းလေးကိုတော့ မရမက ပြန်တောင်းတယ်။ ဘုရင်ကြီး သိသွားတော့ မသနားတတ်တဲ့ အမှုထမ်းကို ထောင်ချလိုက်တယ်။ အမှုထမ်းရဲ့ လုပ်ရပ်က ကိုယ်တိုင်သာမက တခြားသူတွေကိုပါ ထိခိုက်စေတယ်။ ပထမ၊ အမှုထမ်း အချင်းချင်းကို မသနားဘဲ ‘အကြွေး မဆပ်မချင်း ထောင်ချလိုက်တယ်။’ ဒုတိယ၊ သူ့လုပ်ရပ်က တခြားသူတွေကိုလည်း ထိခိုက်စေတယ်။ “တခြားအမှုထမ်းတွေ မြင်တဲ့အခါ စိတ်မကောင်း ဖြစ်” ကြတယ်။ (မ. ၁၈:၃၀၊ ၃၁) အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေကလည်း တခြားသူတွေကို ထိခိုက်စေနိုင်တယ်။ ကျွန်တော်တို့ကို စိတ်ထိခိုက်အောင် လုပ်သူ တစ်ယောက်ယောက်ကို ခွင့်မလွှတ်ဘူးဆိုရင် ဘာဖြစ်မလဲ။ ပထမ၊ ကိုယ် ခွင့်မလွှတ်၊ ဂရုမစိုက်၊ မေတ္တာ မပြတာက သူ့ကို နာကျင်စေတယ်။ ဒုတိယ၊ သူနဲ့ အဆင်မပြေတာကို အသင်းတော်က တခြားသူတွေ သတိထားမိတဲ့အခါ သူတို့လည်း အနေရခက်နိုင်တယ်။ w21.06 ၂၂ ¶၁၁-၁၂

အင်္ဂါနေ့၊ ဇွန် ၆

ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို ဖျက်ဆီးဖို့ သတ်မှတ်ထားတဲ့အချိန် ရောက်ပါပြီ။—ဗျာ. ၁၁:၁၈။

ဘုရားပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံထားရတဲ့ လူတွေ အကျင့်စာရိတ္တ ယိုယွင်းနေတာ စာတန် မြင်ချင်တယ်။ နောဧခေတ်မှာ “လူတွေ သိပ်ဆိုးသွမ်းနေတာ” ယေဟောဝါ မြင်တဲ့အခါ “ကမ္ဘာပေါ်မှာ သူဖန်ဆင်းခဲ့တဲ့ လူတွေကြောင့် စိတ်မကောင်းဖြစ်တယ်၊ စိတ်ထိခိုက်မိတယ်။” (က. ၆:၅၊ ၆၊ ၁၁) အခုအချိန်မှာကော အခြေအနေတွေ ပိုကောင်းလာသလား။ မကောင်းပါဘူး။ လိင်တူ၊ လိင်ခြား အကျင့်ယိုယွင်းမှု ပုံစံမျိုးစုံ များလာတာကို ကြည့်ပြီး မာရ်နတ် သိပ်ပျော်နေမှာပဲ။ (ဧ. ၄:၁၈၊ ၁၉) အထူးသဖြင့် ယေဟောဝါကို ဝတ်ပြုနေသူတွေ ကြီးလေးတဲ့ အပြစ်လုပ်မိတဲ့အခါ စာတန် သိပ်ပျော်တယ်။ စာတန့် လက်အောက်မှာ ‘လူလူချင်း အုပ်ချုပ်တာဟာ ထိခိုက်နစ်နာစရာတွေပဲ ဖြစ်စေ’ ရုံသာမက ယေဟောဝါ အပ်ထားတဲ့ ကမ္ဘာနဲ့ တိရစ္ဆာန်တွေကိုလည်း ကောင်းကောင်း မထိန်းသိမ်းကြဘူး။ (ဒေ. ၈:၉။ က. ၁:၂၈) ဘာရလဒ် ရသလဲ။ လူတွေရဲ့ လုပ်ရပ်ကြောင့် နောက်နှစ်အနည်းငယ်အတွင်း တိရစ္ဆာန်နဲ့ သစ်ပင် မျိုးစိတ် တစ်သန်းကျော် မျိုးသုဉ်း ပျောက်ကွယ်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တချို့ ပြောကြတယ်။ w21.07 ၁၂ ¶၁၃-၁၄

ဗုဒ္ဓဟူးနေ့၊ ဇွန် ၇

[ယေဟောဝါက] အကြွင်းမဲ့ ခွင့်လွှတ်လိမ့်မယ်။—ဟေရှာ. ၅၅:၇။

ဘုရားရဲ့ ကျေးကျွန်တချို့က အရင်က လုပ်မိတဲ့ အမှားတွေကြောင့် အပြစ်ရှိတယ်လို့ ခံစားနေရဆဲပဲ။ ဘယ်လောက်ပဲ နောင်တ ရပါစေ ယေဟောဝါ ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေဆဲပဲ။ သင် အဲဒီလို ခံစားနေရတယ်ဆိုရင် ကျေးကျွန်တွေကို ဘုရား ခိုင်မြဲတဲ့ မေတ္တာ လိုလိုလားလား ပြကြောင်း နားလည်ထားတာက ယေဟောဝါကို ကြည်လင်တဲ့ သိစိတ်နဲ့ ပျော်ရွှင်စွာ ဝတ်ပြုနိုင်ဖို့ အကူအညီ ဖြစ်စေပါလိမ့်မယ်။ “သားတော် ယေရှုရဲ့ သွေးက ကျွန်တော်တို့ရဲ့ အပြစ်အားလုံးကို သန့်စင်ပေး” လို့သာ အဲဒီလို ဝတ်ပြုနိုင်တာ။ (၁ ယော. ၁:၇) ကိုယ့်အားနည်းချက်တချို့ကြောင့် စိတ်ဓာတ်ကျနေတယ်ဆိုရင် နောင်တယူတဲ့ အပြစ်ကျူးလွန်သူတွေကို ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိကြောင်း သတိရပါ။ ခိုင်မြဲတဲ့ မေတ္တာနဲ့ ခွင့်လွှတ်မှု ဆက်စပ်နေကြောင်း ဆာလံဆရာ ဒါဝိဒ် ဒီလိုပြောတယ်– “မိုးကောင်းကင်ဟာ မြေကြီးထက် မြင့်မားသလို ဘုရားကို ကြောက်ရွံ့သူတွေအပေါ် ခိုင်မြဲတဲ့ မေတ္တာတော် ကြီးမားလှတယ်။ နေထွက်ရာအရပ်နဲ့ နေဝင်ရာအရပ် အလှမ်းဝေးသလို အပြစ်တွေကို ငါတို့နဲ့ အလှမ်းဝေးစေတယ်။”—ဆာ. ၁၀၃:၁၁၊ ၁၂။ w21.11 ၅-၆ ¶၁၂-၁၃

ကြာသပတေးနေ့၊ ဇွန် ၈

သားသမီးတွေက ထရပ်ပြီး သူ့ကို ချီးမွမ်းကြတယ်။ ခင်ပွန်းကလည်း ထရပ်ပြီး . . . ချီးမွမ်းတတ်တယ်။—ပညာ. ၃၁:၂၈၊ ၂၉။

ခရစ်ယာန် လင်ယောက်ျားဟာ ဇနီးဖြစ်သူကို ဂုဏ်တင်သင့်တယ်။ (၁ ပေ. ၃:၇) ဂုဏ်တင်တယ်ဆိုတာ အထူးဂရုစိုက်တာ၊ လေးစားတာကို ဆိုလိုတယ်။ ဥပမာ၊ ဇနီးကို လေးလေးစားစား ဆက်ဆံခြင်းအားဖြင့် ဂုဏ်တင်နိုင်တယ်။ မတတ်နိုင်တာကို မတောင်းဆိုဘူး။ တခြား အမျိုးသမီးတွေနဲ့လည်း မနှိုင်းယှဉ်ဘူး။ အဲဒီလို နှိုင်းယှဉ်ရင် ဘာဖြစ်နိုင်သလဲ။ ညီအစ်မ ရိုဆာရဲ့ မယုံကြည်သူ ခင်ပွန်းက သူ့ကို တခြားအမျိုးသမီးတွေနဲ့ မကြာခဏ နှိုင်းယှဉ်တတ်တယ်။ ခင်ပွန်းရဲ့ မကြင်နာတဲ့ စကားတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိတော့ဘူး။ “ကျွန်မကို ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မကြာခဏ သတိပေးနေရတယ်” လို့ ရိုဆာ ပြောတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ခရစ်ယာန် လင်ယောက်ျားတွေကတော့ ဇနီးကို ဂုဏ်တင်ကြတယ်။ အဲဒီလို ဂုဏ်တင်တာက ဇနီးနဲ့ကော ယေဟောဝါနဲ့ ဆက်ဆံရေးကိုပါ ကောင်းကျိုးသက်ရောက်နိုင်ကြောင်း သိထားကြတယ်။ ဇနီးကို ဂုဏ်တင်တဲ့ လင်ယောကျ်ားဟာ ဇနီးကို ချီးမွမ်းတယ်။ ချစ်မြတ်နိုးကြောင်း၊ တန်ဖိုးထားကြောင်း ပြောတယ်။ w21.07 ၂၂ ¶၇-၈

သောကြာနေ့၊ ဇွန် ၉

စိတ်ရှည်ရှည်နဲ့ စောင့်နေမယ်။—မိ. ၇:၇။

ကိုယ် တကယ် လိုအပ်တဲ့ ပစ္စည်း ပါတဲ့ ပါဆယ်ထုပ် ရောက်ရမယ့်အချိန်မှာ မရောက်လာတဲ့အခါ စိတ်ပျက်သွားသလား။ ဒါပေမဲ့ ပါဆယ်ထုပ် မရောက်လာတဲ့ အကြောင်းရင်းကို သိမယ်ဆိုရင်တော့ စိတ်ရှည်ရှည် ဆက်စောင့်နိုင်မယ်။ စိတ်ရှည်ဖို့ ဘာကြောင့် လိုအပ်ကြောင်း ပညာအလိမ္မာ ၁၃:၁၁ မှာ အလေးပေးဖော်ပြတယ်။ “တစ်ခဏအတွင်းမှာ ရတဲ့ စည်းစိမ်ဥစ္စာဟာ ယုတ်လျော့သွားလိမ့်မယ်။ တစ်စတစ်စ စုဆောင်းပြီး ရလာတဲ့ စည်းစိမ်ဥစ္စာကတော့ တိုးပွားလာလိမ့်မယ်” လို့ ပြောထားတယ်။ ဘာသိရသလဲ။ ပညာရှိသူဟာ တစ်ဆင့်ပြီးတစ်ဆင့် စိတ်ရှည်ရှည် လုပ်ဆောင်လို့ ရလဒ်ကောင်းတွေ ရတယ်ဆိုတဲ့ အချက်ပဲ။ “ဖြောင့်မတ်သူတွေရဲ့ လမ်းကတော့ မွန်းတည့်ချိန်ရောက်တဲ့အထိ လင်းသည်ထက်လင်းလာတဲ့ အရုဏ်ဦးအလင်းရောင်နဲ့ တူတယ်” လို့ ပညာအလိမ္မာ ၄:၁၈ မှာ ပြောတယ်။ မိမိရည်ရွယ်ချက်အကြောင်း ယေဟောဝါ တဖြည်းဖြည်း ဖော်ပြတာကို ဆိုလိုတယ်။ ဒါပေမဲ့ လူတစ်ယောက် ဘုရားရေးရာပိုင်း တိုးတက်ပုံကိုလည်း ဆိုလိုနိုင်တယ်။ ဘုရားရေးရာပိုင်း တိုးတက်တယ်ဆိုတာ ကောက်ရိုးမီးလို ဝုန်းကနဲ ထတောက်လို့ မရဘူး။ အချိန် လိုတယ်။ w21.08 ၈ ¶၁၊ ၃-၄

စနေနေ့၊ ဇွန် ၁၀

ကျွန်တော်ရှိပါတယ်။ ကျွန်တော့်ကို စေလွှတ်ပါ။—ဟေရှာ. ၆:၈။

ဒီလောကစနစ် အဆုံးနီးလာလေ ကျွန်တော်တို့မှာ လုပ်စရာတွေ ပိုများလာလေပဲ။ (မ. ၂၄:၁၄။ လု. ၁၀:၂။ ၁ ပေ. ၅:၂) ကျွန်တော်တို့အားလုံး အမှုတော်မှာ အပြည့်အဝ ပါဝင်ချင်ကြတယ်။ အတော်များများက အမှုဆောင်လုပ်ငန်း တိုးချဲ့နေကြတယ်။ တချို့က ရှေ့ဆောင်လုပ်ချင်ကြတယ်။ တချို့က ဗေသလမှာ၊ ဆောက်လုပ်ရေး လုပ်ငန်းမှာ အမှုဆောင်ချင်ကြတယ်။ ညီအစ်ကိုတွေက အသင်းတော်အမှုထမ်း၊ အကြီးအကဲတွေအဖြစ် အရည်အချင်း ပြည့်မီဖို့ ပန်းတိုင်ထားကြတယ်။ (၁ တိ. ၃:၁၊ ၈) အမှုဆောင်ဖို့ တလိုတလားစိတ် တင်ပြတာကို မြင်တဲ့အခါ ယေဟောဝါ သိပ်နှစ်သက်မှာပဲ။ (ဆာ. ၁၁၀:၃) ဒါပေမဲ့ ယေဟောဝါရဲ့ အမှုတော်မှာ မျှော်မှန်းထားတဲ့ ပန်းတိုင်တစ်ခုကို မပြည့်မီနိုင်လို့ သင် စိတ်ဓာတ်ကျနေသလား။ အဲဒီလို ဖြစ်နေရင် ကိုယ့်ခံစားချက်တွေကို ယေဟောဝါဆီ ဖွင့်ပြောပြပါ။ (ဆာ. ၃၇:၅-၇) တိုးတက်ရမယ့် ကဏ္ဍတွေကို သိဖို့ ရင့်ကျက်တဲ့ ညီအစ်ကိုတွေဆီ အကြံဉာဏ်တောင်းပြီး ကြိုးစား လိုက်လျှောက်ပါ။ ဒါဆိုရင် ပန်းတိုင် ရောက်နိုင်ပါလိမ့်မယ်။ w21.08 ၂၀ ¶၁။ ၂၁ ¶၄

တနင်္ဂနွေနေ့၊ ဇွန် ၁၁

ယေဟောဝါဟာ . . . သစ္စာစောင့်သိသူတွေကို ဘယ်တော့မှ မစွန့်ဘူး။—ဆာ. ၃၇:၂၈။

မုဆိုးမဖြစ်တဲ့ ပရောဖက်မ အန္နဟာ အသက် ၈၄ နှစ် ရှိပြီ ဖြစ်ပေမဲ့ “ဗိမာန်တော်ကို အမြဲလာ” တဲ့အတွက် ဆုချခံရတယ်။ ကလေးငယ်ယေရှုကို မြင်တွေ့ခွင့် ရခဲ့တယ်။ (လု. ၂:၃၆-၃၈) ဒီနေ့ခေတ်မှာလည်း သစ္စာရှိ အသက်ကြီးသူများစွာဟာ လူငယ်တွေအတွက် ပုံသက်သေကောင်း ပြနေတယ်။ သူတို့အကြောင်း မေးတာ၊ ပျော်စရာကောင်းတဲ့ တွေ့ကြုံမှုတွေအကြောင်း နားထောင်ပေးတာကနေ ကျွန်တော်တို့ အကျိုးများစွာ ရပါလိမ့်မယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ သက်ကြီး ညီအစ်ကို/မတွေဟာ အရေးပါတဲ့ နေရာ ရထားကြတယ်။ မိမိတို့ကိုယ်တိုင်နဲ့ အဖွဲ့အစည်းကို ယေဟောဝါ နည်းလမ်းများစွာနဲ့ ဘယ်လို ကောင်းချီးပေးကြောင်း မြင်တွေ့ခဲ့သူတွေ၊ ကိုယ့်အမှားတွေကနေ သင်ခန်းစာ ယူခဲ့သူတွေ ဖြစ်တယ်။ သူတို့ကို “ဉာဏ်ပညာ စမ်းရေတွင်း” အဖြစ် ရှုမြင်ပါ။ သူတို့ရဲ့ အတွေ့အကြုံတွေကနေ သင်ယူပါ။ (ပညာ. ၁၈:၄) အချိန်ယူပြီး သူတို့နဲ့ သိကျွမ်းအောင် လုပ်ရင် ယုံကြည်ခြင်း ခိုင်မာလာမယ်။ w21.09 ၃ ¶၄။ ၄ ¶၇-၈။ ၅ ¶၁၁၊ ၁၃

တနင်္လာနေ့၊ ဇွန် ၁၂

လူနည်းစုလေးဟာ လူတစ်ထောင် ဖြစ်လာမယ်။ အရေးမပါတဲ့သူဟာ အားကြီးတဲ့လူမျိုး ဖြစ်လာမယ်။—ဟေရှာ. ၆၀:၂၂။

ယေဟောဝါရဲ့ လူမျိုးဟာ ဟေရှာယ ပြောသလို “လူမျိုးခြားတွေရဲ့ နို့ကို” သောက်သုံးနေကြတယ်။ (ဟေရှာ. ၆၀:၅၊ ၁၆) အမှန်တရားထဲ ဝင်ရောက်လာတဲ့ အဖိုးတန် အမျိုးသား/သမီးတွေရဲ့ အရည်အချင်းနဲ့ ကျွမ်းကျင်မှု အမျိုးမျိုးအားဖြင့် နိုင်ငံပေါင်း ၂၄၀ မှာ ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်နေပြီး ဘာသာစကား ၁၀၀၀ ကျော်နဲ့ စာပေတွေ ထုတ်ဝေနေတယ်။ ဒီအဆုံးပိုင်းကာလမှာ လှုပ်ခါခြင်းလုပ်ငန်းက လူတွေကို ဆုံးဖြတ်ချက် ချဖို့ တွန်းအားပေးနေတယ်။ သူတို့ ဘုရားနိုင်ငံတော်ကို ထောက်ခံကြမလား၊ ဒါမှမဟုတ် လောကအစိုးရတွေကို ယုံကြည်ကိုးစားကြမလား။ ဒါဟာ လူတိုင်း ချရမယ့် ဆုံးဖြတ်ချက်ပါ။ ယေဟောဝါရဲ့ လူမျိုးဟာ ကိုယ်နေထိုင်တဲ့ နိုင်ငံမှာ ချမှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာပေမဲ့ လောကနိုင်ငံရေးမှာ လုံးဝ ကြားနေကြတယ်။ (ရော. ၁၃:၁-၇) ဘုရားနိုင်ငံတော်သာ လူ့ပြဿနာတွေအတွက် တစ်ခုတည်းသော ဖြေရှင်းနည်း ဖြစ်မှန်း သိကြတယ်။ အဲဒီနိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး။—ယော. ၁၈:၃၆၊ ၃၇။ w21.09 ၁၇-၁၈ ¶၁၃-၁၄

အင်္ဂါနေ့၊ ဇွန် ၁၃

ဘုရားကို ရင်ဖွင့်ကြပါ။—ဆာ. ၆၂:၈။

ကိုယ်ချစ်ရသူတစ်ဦး ယေဟောဝါကို စွန့်သွားတဲ့အခါ ကိုယ်တိုင်နဲ့ မိသားစုဝင်တွေရဲ့ ယုံကြည်ခြင်း ဆက်ခိုင်မာအောင် လုပ်နေဖို့ အရေးကြီးတယ်။ ဘယ်လို လုပ်နိုင်မလဲ။ ပုံမှန် ကျမ်းစာဖတ်ခြင်း၊ တွေးတောဆင်ခြင်ခြင်း၊ အစည်းအဝေးတွေ တက်ခြင်းအားဖြင့် ယေဟောဝါဆီက ခွန်အား ရယူနိုင်တယ်။ ညီအစ်မ ဂျိုအန်နာရဲ့ ဖခင်နဲ့ အစ်မ အမှန်တရားကို စွန့်သွားတယ်။ “ကျမ်းစာမှာ ပါတဲ့ အဘိဂဲလ၊ ဧသတာ၊ ယောဘ၊ ယာကုပ်နဲ့ ယေရှုတို့အကြောင်း ဖတ်ရတဲ့အခါ စိတ်ငြိမ်သက်မှု ခံစားရတယ်။ သူတို့ရဲ့ ပုံသက်သေက အပြုသဘောထား ဆက်ရှိစေပြီး စိတ်နာကျင်မှုကို သက်သာစေတယ်” လို့ ဂျိုအန်နာ ပြောတယ်။ စိတ်ပျက်လက်ပျက် ဖြစ်နေချိန်မှာ ယေဟောဝါဆီ ဆုတောင်းတာကို မရပ်လိုက်ပါနဲ့။ အခြေအနေတွေကို ဘုရား မြင်သလို မြင်တတ်အောင် ကူညီပေးဖို့၊ ‘ထိုးထွင်းဉာဏ် ရှိစေဖို့၊ သွားသင့်တဲ့လမ်းကို ညွှန်ပြပေးဖို့’ မေတ္တာရှင် ဘုရားသခင်ဆီ အသနားခံပါ။ (ဆာ. ၃၂:၆-၈) ကိုယ့်ခံစားချက်ကို ယေဟောဝါဆီ ရင်ဖွင့်ပြောပြဖို့ သိပ်ခက်နိုင်တယ်။ ဒါပေမဲ့ သင့်ရဲ့ နာကျင်မှုကို ယေဟောဝါ အပြည့်အဝ နားလည်တယ်။ ဘုရားက ခံစားချက်အားလုံး ရင်ဖွင့်ပြောပြဖို့ အားပေးထားတယ်။—ထွ. ၃၄:၆။ ဆာ. ၆၂:၇။ w21.09 ၂၇-၂၈ ¶၉-၁၀

ဗုဒ္ဓဟူးနေ့၊ ဇွန် ၁၄

သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ ချစ်သားပဲ။ သူ့စကားကို နားထောင်ကြ။—မ. ၁၇:၅။

အေဒီ ၃၂၊ ပသခါပွဲ ပြီးနောက်မှာ တမန်တော် ပေတရု၊ ယာကုပ်နဲ့ ယောဟန်တို့ ထူးခြားတဲ့ စိတ်အာရုံတစ်ခု မြင်ခဲ့ကြတယ်။ ဟေရမုန်တောင်ကြောရဲ့ မြင့်မားတဲ့ တောင်တစ်ခုမှာ ဖြစ်နိုင်တယ်။ သူတို့ရှေ့ ယေရှု ကိုယ်ယောင်ပြောင်းလဲသွားတယ်။ “မျက်နှာက နေလို ထွန်းလင်းပြီး ဝတ်လုံဟာ အလင်းရောင်လို တောက်ပနေတယ်။” (မ. ၁၇:၁-၄) “သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ။ သူ့စကားကို နားထောင်ကြ” ဆိုတဲ့ ဘုရားသခင်ရဲ့ စကားသံကို တမန်တော်တွေ ကြားလိုက်ရတယ်။ ယေရှုရဲ့ စကားကို နားထောင်ကြောင်း မိမိတို့ရဲ့ အသက်ရှင်နေထိုင်ပုံအားဖြင့် တမန်တော် သုံးယောက် သက်သေပြခဲ့တယ်။ သူတို့ရဲ့ ပုံသက်သေကို ကျွန်တော်တို့ တုပချင်ကြတယ်။ “အသင်းတော်ရဲ့ ဦးခေါင်း” ယေရှုခရစ်ကတစ်ဆင့် မေတ္တာပါ လမ်းညွှန်ချက်တွေ ယေဟောဝါ ပေးထားလို့ တကယ့်ကို ကျေးဇူးတင်စရာပါပဲ။ (ဧ. ၅:၂၃) “သူ့စကားကို နားထောင်” ဖို့ တမန်တော် ပေတရု၊ ယာကုပ်၊ ယောဟန်တို့လို စိတ်ပိုင်းဖြတ်ထားကြပါစို့။ ဒါဆိုရင် အခုလောလောဆယ် ကောင်းချီးများစွာ ရမယ်။ အနာဂတ်မှာလည်း အဆုံးမဲ့ ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။ w21.12 ၂၂ ¶၁။ ၂၇ ¶၁၉

ကြာသပတေးနေ့၊ ဇွန် ၁၅

မင်းတို့ကို . . . တော်သင့်ရုံပဲ ဆုံးမမယ်။—ယေ. ၃၀:၁၁။

ကောရိန္သုမြို့က ခရစ်ယာန်တစ်ယောက်ဟာ ဖခင်ရဲ့ ဇနီးနဲ့ ဖောက်ပြန်နေတယ်။ ဒါကြောင့် တမန်တော် ပေါလုက သူ့ကို နှင်ထုတ်ဖို့ ညွှန်ကြားတယ်။ အဲဒီလူရဲ့ အကျင့်ပျက်မှုက အသင်းတော်မှာ ရှိတဲ့ တခြားသူတွေကို ထိခိုက်နေပြီ။ တချို့ဆိုရင် ဒီလုပ်ရပ်ကို ကြီးလေးတဲ့အပြစ်လို့တောင် မယူမှတ်ကြတော့ဘူး။ (၁ ကော. ၅:၁၊ ၂၊ ၁၃) နောက်ပိုင်း၊ အချိန်နည်းနည်း ကြာတော့ အဲဒီလူ အကြီးအကျယ် နောင်တရနေပြီဆိုတာ ပေါလု သိလာတယ်။ သူ့ကို “ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပြီး နှစ်သိမ့်ပေးကြ” ဖို့၊ “ဒီလိုမှမဟုတ်ရင် သူ ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေလိမ့်မယ်” ဆိုပြီး အကြီးအကဲတွေကို ပေါလု ပြောတယ်။ နောင်တယူတဲ့လူကို ပေါလု သနားစာနာတယ်။ လုပ်မိတဲ့ အပြစ်အတွက် ဝမ်းနည်းကြေကွဲလွန်းပြီး ခွင့်လွှတ်မှု ရဖို့ မကြိုးစားတော့တဲ့အထိ ဖြစ်သွားမှာ ပေါလု စိုးရိမ်တယ်။ (၂ ကော. ၂:၅-၈၊ ၁၁) ယေဟောဝါကို တုပတဲ့အနေနဲ့ အကြီးအကဲတွေဟာ ကရုဏာ ပြရမယ်။ လိုအပ်လာတဲ့အခါ ပြတ်ပြတ်သားသား ဆုံးမပေမဲ့ ကရုဏာပြဖို့ အကြောင်းရင်း ရှိတဲ့အခါတိုင်း အတတ်နိုင်ဆုံး ကရုဏာ ပြကြတယ်။ မဆုံးမဘဲ လွှတ်ထားတာဟာ ကရုဏာ ပြတာ မဟုတ်ဘူး။ w21.10 ၁၁-၁၂ ¶၁၂-၁၅

သောကြာနေ့၊ ဇွန် ၁၆

အချင်းချင်း လက်စားမချေနဲ့၊ အငြိုးမထားနဲ့။—ဝတ်. ၁၉:၁၈။

နာကြည်းနေတဲ့ ခံစားချက်ကို ပကတိဒဏ်ရာနဲ့ နှိုင်းယှဉ်နိုင်တယ်။ ဒဏ်ရာတချို့က သေးတယ်။ တချို့ကတော့ ကြီးတယ်။ ဥပမာ၊ ကြက်သွန် လှီးရင်း လက်ရှသွားတယ်။ နာပေမဲ့ နောက်တစ်ရက် နှစ်ရက်လောက်ဆို ဘယ်နား လက်ရှမှန်းတောင် မသိတော့ဘူး။ အဲဒီလိုပဲ စိတ်ဒဏ်ရာတချို့က သိပ်မကြီးကျယ်ဘူး။ ဥပမာ၊ သူငယ်ချင်းတစ်ယောက် မစဉ်းစားဘဲ ပြောလိုက်၊ လုပ်လိုက်တာ တစ်ခုခုကြောင့် စိတ်ထိခိုက်မိနိုင်ပေမဲ့ ခဏလေးနဲ့ ခွင့်လွှတ်လိုက်နိုင်တယ်။ ဒဏ်ရာတချို့ကတော့ ပြင်းတယ်။ ဆရာဝန် ချုပ်ပေးဖို့၊ ပတ်တီးစည်းပေးဖို့ လိုနိုင်တယ်။ ဒါပေမဲ့ ဒဏ်ရာကို ဆွနေရင်တော့ တော်တော်နဲ့ ကျက်မှာ မဟုတ်ဘဲ ပိုဆိုးဖို့ပဲ ရှိမယ်။ အဲဒီလိုပဲ တစ်ယောက်ယောက်ကြောင့် အကြီးအကျယ် စိတ်ဒဏ်ရာ ရတဲ့အခါ အဲဒီအကြောင်း တနုံ့နုံ့ တွေးနေပြီး အငြိုး သိုထားမယ်ဆိုရင် ပိုဆိုးလာမယ်။ ဒီနေ့ကျမ်းချက်ပါ အကြံဉာဏ်ကို နာခံတာ အကောင်းဆုံးပါပဲ။ w21.12 ၁၂ ¶၁၅

စနေနေ့၊ ဇွန် ၁၇

ကိုယ့်ညီအစ်ကိုကို ဘာလို့ ပြစ်တင်ဝေဖန်တာလဲ။—ရော. ၁၄:၁၀။

ယုံကြည်သူချင်းတစ်ယောက်ရဲ့ ဝတ်စားဖြီးလိမ်းပုံကို အကြီးအကဲတစ်ယောက် စိုးရိမ်နေတယ် ဆိုပါစို့။ ‘အကြံပေးသင့်တဲ့ ကျမ်းစာအကြောင်းရင်း ရှိလို့လား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးနိုင်တယ်။ ကိုယ်ပိုင် ထင်မြင်ယူဆချက်ကို ပြောမိတာမျိုး မဖြစ်အောင် တခြား အကြီးအကဲ ဒါမှမဟုတ် ရင့်ကျက်တဲ့ ကြေညာသူတစ်ယောက်ရဲ့ သဘောထားကို မေးကြည့်နိုင်တယ်။ ဝတ်စားဖြီးလိမ်းပုံနဲ့ပတ်သက်တဲ့ ပေါလုရဲ့ အကြံပြုချက်ကို အတူသုံးသပ်နိုင်တယ်။ (၁ တိ. ၂:၉၊ ၁၀) ခရစ်ယာန်တစ်ယောက်ရဲ့ ဝတ်စားဖြီးလိမ်းပုံဟာ ဣန္ဒြေရှိရှိ၊ ချင့်ချိန်မှုရှိရှိနဲ့ တော်ရုံသင့်ရုံပဲ ဖြစ်ရမယ်လို့ ပေါလု ပြောတယ်။ တော်တော် ကျယ်ပြန့်တဲ့ မူတွေ ဖြစ်ပေမဲ့ ဝတ်ရမယ့်၊ မဝတ်ရမယ့် စာရင်းကိုတော့ ပေါလု မပေးဘူး။ ကျမ်းစာမူတွေရဲ့ ဘောင်အတွင်း ကိုယ့်စိတ်ကြိုက် ဝတ်စားဖြီးလိမ်းပိုင်ခွင့် ရှိကြောင်း အသိအမှတ်ပြုတယ်။ ဒါကြောင့် အကြီးအကဲတွေဟာ ဣန္ဒြေရှိရှိ၊ ချင့်ချိန်မှုရှိရှိ သူ ဝတ်စားဖြီးလိမ်းသလားဆိုတာ ထည့်စဉ်းစားသင့်တယ်။ ရင့်ကျက်တဲ့ ခရစ်ယာန် နှစ်ယောက်ရဲ့ ရွေးချယ်မှုတွေဟာ လက်ခံနိုင်စရာ ဖြစ်ပေမဲ့ တစ်ထပ်တည်းတော့ ကျနိုင်မှာ မဟုတ်ကြောင်း နားလည်ထားဖို့ အရေးကြီးတယ်။ ကိုယ့်ရဲ့ အမှားအမှန် စံနှုန်းတွေကို ယုံကြည်သူချင်းတွေ လက်ခံဖို့ အတင်းဖိအားမပေးသင့်ဘူး။ w22.02 ၁၆ ¶၉-၁၀

တနင်္ဂနွေနေ့၊ ဇွန် ၁၈

အချင်းချင်းကို ခိုင်မြဲတဲ့ မေတ္တာနဲ့ ကရုဏာထားပြီး ဆက်ဆံကြ။—ဇာ. ၇:၉။

အချင်းချင်း ခိုင်မြဲတဲ့ မေတ္တာ ပြသင့်တဲ့ အကြောင်းကောင်းတွေ ရှိတယ်။ တချို့က ဘာတွေလဲ။ “ခိုင်မြဲတဲ့ မေတ္တာနဲ့ အမှန်တရားကို မစွန့်ပါနဲ့။ . . . ဒါဆိုရင် ဘုရားသခင်ရှေ့၊ လူရှေ့မှာ မျက်နှာသာရပြီး ထိုးထွင်းဉာဏ် ရှိလာမယ်။” “သနားကြင်နာတတ်သူ [ခိုင်မြဲတဲ့ မေတ္တာ ပြသူ] ဟာ ကိုယ့်ကိုယ်ကိုယ် ကောင်းကျိုးပြုတယ်။” ‘ဖြောင့်မတ်ခြင်းနဲ့ ခိုင်မြဲတဲ့ မေတ္တာကို လိုက်စားတဲ့သူက အသက်ကို ရလိမ့်မယ်’ လို့ ပညာအလိမ္မာကျမ်းမှာ အဖြေပေးတယ်။ (ပညာ. ၃:၃၊ ၄။ ၁၁:၁၇။ ၂၁:၂၁) အဲဒီကျမ်းချက်တွေမှာ ခိုင်မြဲတဲ့ မေတ္တာ ပြသင့်တဲ့ အကြောင်းရင်း သုံးခုကို ဖော်ပြထားတယ်။ ပထမ၊ ခိုင်မြဲတဲ့ မေတ္တာ ပြတာက ဘုရားရှေ့မှာ ကျွန်တော်တို့ကို တန်ဖိုးရှိစေတယ်။ ဒုတိယ၊ ခိုင်မြဲတဲ့ မေတ္တာ ပြခြင်းအားဖြင့် ကိုယ်တိုင် အကျိုးရတယ်။ ဥပမာ၊ တခြားသူတွေနဲ့ မိတ်ဆွေနှောင်ကြိုး ခိုင်မြဲမယ်။ တတိယ၊ ခိုင်မြဲတဲ့ မေတ္တာ ပြရင် ထာဝရအသက် အပါအဝင် တခြား အနာဂတ် ကောင်းချီးတွေ ရမယ်။ ဒါကြောင့် “အချင်းချင်းကို ခိုင်မြဲတဲ့ မေတ္တာနဲ့ ကရုဏာထားပြီး ဆက်ဆံကြ” ဆိုတဲ့ သတိပေးချက်ကို လိုက်နာဖို့ အကြောင်းကောင်းတွေ ရှိပါတယ်။ w21.11 ၈ ¶၁-၂

တနင်္လာနေ့၊ ဇွန် ၁၉

ယုံကြည်ခြင်း တိုးများအောင် လုပ်ပေးပါ။—လု. ၁၇:၅။

အရင်က ဒါမှမဟုတ် လောလောဆယ် ကြုံရတဲ့ ပြဿနာတွေကြောင့် ယုံကြည်ခြင်း အားနည်းနေမှန်း သတိထားမိရင် စိတ်ဓာတ်မကျပါနဲ့။ ယုံကြည်ခြင်း ခိုင်မာအောင် လုပ်နိုင်တဲ့ အခွင့်အရေးအဖြစ် ရှုမြင်ပါ။ ဘေးကျပ်နံကျပ် အခြေအနေ ကြုံလာရင် ယေဟောဝါဆီ ထက်ထက်သန်သန် ဆုတောင်းပါ။ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကတစ်ဆင့် ယေဟောဝါ ကူညီပေးနိုင်တယ်ဆိုတာ အသိအမှတ်ပြုပါ။ လက်ရှိ ကြုံနေရတဲ့ အခက်အခဲတွေကို ခံရပ်ဖို့ ယေဟောဝါကို ကူညီခွင့်ပြုမယ်ဆိုရင် အနာဂတ်မှာ ကြုံရမယ့် အခက်အခဲတွေကိုလည်း ခံရပ်နိုင်အောင် ဘုရား ကူညီပေးမယ်ဆိုတာ ပိုစိတ်ချလာပါလိမ့်မယ်။ တပည့်တွေရဲ့ ယုံကြည်ခြင်း အားနည်းနေတာကို ယေရှု ထောက်ပြပေမဲ့ ယေဟောဝါရဲ့ အကူအညီနဲ့ စမ်းသပ်မှုတွေကို သူတို့ အောင်မြင်စွာ ရင်ဆိုင်နိုင်မယ်ဆိုတာ စိတ်ချတယ်။ (ယော. ၁၄:၁။ ၁၆:၃၃) ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိမယ်ဆိုရင် လာမယ့် ကြီးစွာသောဒုက္ခကို လူအုပ်ကြီး ကပ်ကျော်မယ်ဆိုတာလည်း ယေရှု စိတ်ချတယ်။ (ဗျာ. ၇:၉၊ ၁၄) အခုကတည်းက ယုံကြည်ခြင်း ခိုင်မာအောင် အတတ်နိုင်ဆုံး ကြိုးစားနေမယ်ဆိုရင် သင်လည်း လူအုပ်ကြီးအဝင် ဖြစ်နိုင်ပါတယ်။—ဟီ. ၁၀:၃၉။ w21.11 ၂၅ ¶၁၈-၁၉

အင်္ဂါနေ့၊ ဇွန် ၂၀

ယေဟောဝါကို ကြောက်ရွံ့သူတွေရဲ့ ပတ်လည်မှာ ကောင်းကင်တမန် ခြံရံနေတယ်။—ဆာ. ၃၄:၇။

ဒီနေ့ခေတ်မှာ အံ့ဖွယ်နည်းနဲ့ ကာကွယ်မှု ရဖို့ ကျွန်တော်တို့ မမျှော်လင့်ဘူး။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်ကိုးစားသူတွေရဲ့ ထာဝရ အနာဂတ်ကို ဘာကမှ မဖျက်ဆီးနိုင်ကြောင်း ကျွန်တော်တို့ စိတ်ချတယ်။ မကြာခင် အနာဂတ်မှာ ယေဟောဝါရဲ့ ကာကွယ်နိုင်စွမ်းအပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှု စမ်းသပ်ခံရပါလိမ့်မယ်။ နိုင်ငံပေါင်းစုံ စုပေါင်းထားတဲ့ မာဂေါဂပြည်က ဂေါဂမင်း တိုက်ခိုက်တဲ့အခါ အသက်အန္တရာယ် ကြုံရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ ကယ်တင်နိုင်ကြောင်း၊ ကယ်တင်မှာဖြစ်ကြောင်း ယုံကြည်စိတ်ချဖို့ လိုတယ်။ တိုင်းနိုင်ငံတွေအတွက်တော့ ကျွန်တော်တို့ဟာ အကာအကွယ်မဲ့ပုံ ပေါက်နေနိုင်တယ်။ (ယေဇ. ၃၈:၁၀-၁၂) လက်နက် မရှိ၊ တိုက်ခိုက်ရေး အတွေ့အကြုံ မရှိလို့ လွယ်လွယ်လေးနဲ့ ဖျက်ဆီးနိုင်မယ်လို့ ထင်ကြလိမ့်မယ်။ ကျွန်တော်တို့ ယုံကြည်ခြင်း မျက်စိနဲ့ မြင်တာကို သူတို့ မမြင်ဘူး။ ကာကွယ်ဖို့ အသင့်အနေအထားနဲ့ ဘုရားလူမျိုးပတ်လည်မှာ ခြံရံနေတဲ့ ကောင်းကင်တမန်အုပ်စုကြီးပဲ။ ဒါကို တိုင်းနိုင်ငံတွေ ဘယ်လို မြင်နိုင်မှာလဲ။ ဘုရားကိုမှ မယုံကြည်ကြတာ။ ကျွန်တော်တို့ကို ကောင်းကင်စစ်တပ် လာကူတဲ့အခါ သူတို့ အကြီးအကျယ် အံ့ဩသွားကြပါလိမ့်မယ်။—ဗျာ. ၁၉:၁၁၊ ၁၄၊ ၁၅။ w22.01 ၆ ¶၁၂-၁၃

ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၁

ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံးကို ချစ်ကြပါ။—၁ ပေ. ၂:၁၇။

ညီအစ်ကို/မအားလုံး ယေဟောဝါအတွက် အရေးပါသလို ကျွန်တော်တို့အတွက်လည်း အရေးပါသင့်တယ်။ သူတို့ကို အတတ်နိုင်ဆုံး ဂရုစိုက်ကာကွယ်ပေးသင့်တယ်။ ကိုယ့်ကြောင့် တစ်ယောက်ယောက် စိတ်ထိခိုက်သွားတယ်ဆိုရင် ‘ဒီလောက်လေးတော့ ခွင့်လွှတ်သင့်ပါတယ်၊ အဖြစ်မသည်းသင့်ဘူး’ လို့ တွေးပြီး ဂရုမစိုက်တာမျိုး မလုပ်သင့်ဘူး။ တချို့က ကိုယ့်နောက်ခံကြောင့် သိမ်ငယ်စိတ် ဝင်ပြီး စိတ်ထိခိုက်လွယ်တာ ဖြစ်နိုင်တယ်။ တချို့ကလည်း အမှန်တရားထဲမှာ လူသစ် ဖြစ်လို့ တခြားသူတွေရဲ့ အမှားကို ခွင့်လွှတ်ဖို့ သင်ယူနေရတုန်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ပါစေ ပြန်သင့်မြတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသင့်တယ်။ ကိုယ်ဟာ တခြားသူတွေကြောင့် မကြာခဏ စိတ်ဆိုးတတ်သူ ဖြစ်တယ်ဆိုရင် ဒါဟာ မကောင်းတဲ့ စရိုက် ဖြစ်မှန်း အသိအမှတ်ပြုပြီး ပြုပြင်ဖို့ ကြိုးစားသင့်တယ်။ ကိုယ်တိုင် စိတ်ငြိမ်သက်အောင်၊ တခြားသူတွေနဲ့လည်း ဆက်ဆံရေးကောင်းအောင် အဲဒီလို လုပ်သင့်တယ်။ w21.06 ၂၁ ¶၇

ကြာသပတေးနေ့၊ ဇွန် ၂၂

ယေဟောဝါဟာ ဆုတောင်းတဲ့သူတိုင်း၊ စိတ်ရင်းမှန်နဲ့ ဆုတောင်းသူတိုင်းရဲ့ အနီးအပါးမှာ ရှိတယ်။—ဆာ. ၁၄၅:၁၈။

သင့်ခံစားချက်ကို ယေရှု နားလည်တယ်။ စိတ်ပျက်အားငယ်ချိန်မှာ ကိုယ့်လို အခက်အခဲ ရင်ဆိုင်ဖူးတဲ့ မိတ်ဆွေဆီက အားပေးနှစ်သိမ့်မှု ရတဲ့အခါ စိတ်သက်သာရာရကြတယ်။ ယေရှုဟာ အဲဒီလို မိတ်ဆွေမျိုး ဖြစ်တယ်။ အားနည်းတဲ့၊ အကူအညီ လိုနေတဲ့ ခံစားချက်ကို ယေရှု သိတယ်။ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို ကောင်းကောင်းသိတယ်။ ဒါကြောင့် “အကူအညီ လိုအပ်ချိန်” အတိအကျမှာ ကူညီထောက်မပေးပါလိမ့်မယ်။ (ဟီ. ၄:၁၅၊ ၁၆) ဂေသရှေမန်ဥယျာဉ်မှာ ကောင်းကင်တမန်ရဲ့ အကူအညီကို ယေရှု လက်ခံခဲ့သလို ကျွန်တော်တို့လည်း ယေဟောဝါရဲ့ အကူအညီကို လက်ခံဖို့ လိုလိုလားလား ရှိသင့်တယ်။ အဲဒီအကူအညီတွေက စာအုပ်စာပေ၊ ဗီဒီယို၊ ဟောပြောချက်၊ အကြီးအကဲ ဒါမှမဟုတ် ရင့်ကျက်တဲ့ မိတ်ဆွေရဲ့ လည်ပတ်အားပေးမှု စတဲ့ ပုံစံအမျိုးမျိုးနဲ့ လာနိုင်တယ်။ (လု. ၂၂:၃၉-၄၄) သင့်ကို ယေဟောဝါ “ငြိမ်သက်ခြင်း” နဲ့ ခွန်အား ပေးမယ်။ ကျွန်တော်တို့ ဆုတောင်းတဲ့အခါ “လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း” ရမယ်။—ဖိ. ၄:၆၊ ၇။ w22.01 ၁၈-၁၉ ¶၁၇-၁၉

သောကြာနေ့၊ ဇွန် ၂၃

တမန်တော်တွေ . . . ရဲ့ ဆုံးဖြတ်ချက်တွေကို ပြောပြတယ်။—တ. ၁၆:၄။

မှန်ရာကို ယေဟောဝါ အမြဲ လုပ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် ပြဿနာက ဘုရားရဲ့ လူသားကိုယ်စားလှယ်တွေကို ယုံဖို့ ခက်နေတာ ဖြစ်နိုင်တယ်။ ယေဟောဝါအဖွဲ့အစည်းမှာ အခွင့်အာဏာ အတော်အတန် ရှိသူတွေ ယေဟောဝါရဲ့ လမ်းညွှန်မှုအတိုင်း လုပ်နေရဲ့လား ဒါမှမဟုတ် သူတို့စိတ်ကြိုက်အတိုင်း လုပ်နေလားလို့ တွေးမိနိုင်တယ်။ ယေဟောဝါ ယုံကြည်စိတ်ချတဲ့ မြေကြီးကိုယ်စားလှယ်တွေကို မယုံဘူးဆိုရင် ယေဟောဝါကို ယုံတယ်လို့ မပြောနိုင်ဘူးဆိုတာ ရှင်းပါတယ်။ ဒီနေ့ခေတ်မှာ အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကတစ်ဆင့် ယေဟောဝါ ဦးဆောင်နေတယ်။ (မ. ၂၄:၄၅) ပထမရာစု အုပ်ချုပ်ရေးအဖွဲ့လိုပဲ ဒီကျွန်ဟာ ကမ္ဘာချီ ဘုရားလူမျိုးကို ကြီးကြပ်ပေးပြီး အသင်းတော် အကြီးအကဲတွေကို လမ်းညွှန်ပေးတယ်။ အကြီးအကဲတွေက လမ်းညွှန်ချက်အတိုင်း အသင်းတော်မှာ လုပ်ဆောင်ကြတယ်။ အဖွဲ့အစည်းနဲ့ အကြီးအကဲတွေဆီက လာတဲ့ လမ်းညွှန်မှုကို နာခံခြင်းအားဖြင့် ယေဟောဝါကို ယုံကြည်စိတ်ချကြောင်း ကျွန်တော်တို့ ဖော်ပြနေကြတယ်။ w22.02 ၄ ¶၇-၈

စနေနေ့၊ ဇွန် ၂၄

မွန်မြတ်တဲ့အရာတွေကို လက်မလျှော့ဘဲ ဆက်လုပ်ကြစို့။—ဂလ. ၆:၉။

ယေဟောဝါသက်သေ ဖြစ်ရတာ တကယ့်ကို ပျော်ရွှင်စရာ အခွင့်ထူးပါပဲ။ “ထာဝရအသက်ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” ကို ယုံကြည်သူတွေ ဖြစ်လာအောင် ကူညီနိုင်တဲ့အခါ ကျွန်တော်တို့ ပျော်ကြတယ်။ (တ. ၁၃:၄၈) တပည့်တွေ ဟောပြောခြင်းလုပ်ငန်းကနေ အောင်မြင်စွာ ပြန်လာတဲ့အခါ “သန့်ရှင်းသော စွမ်းအားတော် ပြည့်ပြီး ဝမ်းသာအားရ” ဖြစ်ခဲ့တဲ့ ယေရှုလိုပဲ ကျွန်တော်တို့လည်း ခံစားရတယ်။ (လု. ၁၀:၁၊ ၁၇၊ ၂၁) “ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရဲ့ သွန်သင်ချက်ကိုပါ အမြဲ ဂရုစိုက်ပါ။ . . . အဲဒီလိုလုပ်မယ်ဆိုရင် ကိုယ်တိုင်သာမက ကိုယ့်ရဲ့သွန်သင်ချက်ကို နားထောင်သူတွေပါ ကယ်တင်ခြင်း ရလိမ့်မယ်” ဆိုပြီး တိမောသေကို တမန်တော် ပေါလု တိုက်တွန်းတယ်။ (၁ တိ. ၄:၁၆) ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းဟာ အသက်ကယ်လုပ်ငန်း ဖြစ်တယ်။ ကျွန်တော်တို့က ဘုရားနိုင်ငံတော် လက်အောက်ခံသူတွေ ဖြစ်တဲ့အတွက် ကိုယ့်အသက်ရှင်နေထိုင်ပုံကို ဂရုစိုက်ကြတယ်။ ကိုယ့်လုပ်ရပ်တွေအားဖြင့် ယေဟောဝါကို ဂုဏ်တင်ဖို့၊ ကိုယ်ဟောပြောတဲ့ သတင်းကောင်းနဲ့အညီ အသက်ရှင်ဖို့ အမြဲ ကြိုးစားကြတယ်။ (ဖိ. ၁:၂၇) အမှုဆောင်အတွက် သေသေချာချာ ပြင်ဆင်ခြင်း၊ တခြားသူတွေကို မဟောပြောခင် ယေဟောဝါဆီ ဆုတောင်းခြင်းအားဖြင့် ‘ကိုယ့်ရဲ့ သွန်သင်ချက်ကို ဂရုစိုက်’ ကြတယ်။ w21.10 ၂၄ ¶၁-၂

တနင်္ဂနွေနေ့၊ ဇွန် ၂၅

စရိုက်သစ်ကို ဝတ်ဆင်ကြပါ။—ကော. ၃:၁၀။

“စရိုက်သစ်” ဆိုတာ ယေဟောဝါရဲ့ အတွေးအခေါ်၊ လုပ်ရပ်တွေအတိုင်း တုပတာကို ဆိုလိုတယ်။ ဘုရားစွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ တင်ပြခြင်း၊ စွမ်းအားတော် လမ်းညွှန်တဲ့အတိုင်း တွေးခေါ်၊ ခံစား၊ ပြုမူခြင်းအားဖြင့် စရိုက်သစ်ကို ဝတ်ဆင်နိုင်တယ်။ ဥပမာ၊ စရိုက်သစ် ဝတ်ဆင်ထားသူဟာ ယေဟောဝါနဲ့ ဘုရားလူမျိုးကို ချစ်တယ်။ (မ. ၂၂:၃၆-၃၉) အခက်အခဲတွေ ကြုံရချိန်မှာတောင် ဆက်ပျော်ရွှင်နေတယ်။ (ယာ. ၁:၂-၄) ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်တယ်။ (မ. ၅:၉) တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ စိတ်ရှည်တယ်၊ ကြင်နာတယ်။ (ကော. ၃:၁၃) ကောင်းမြတ်တာကို နှစ်သက်ပြီး ကောင်းမှုပြုတယ်။ (လု. ၆:၃၅) ကောင်းကင်ဖခင်ကို အခိုင်အမာ ယုံကြည်ကြောင်း လုပ်ရပ်နဲ့ ပြတယ်။ (ယာ. ၂:၁၈) ဒေါသဆွခံရတဲ့အခါ အေးဆေးတည်ငြိမ်နေပြီး သွေးဆောင်ခံရတဲ့အခါ ချုပ်တည်းမှု ရှိတယ်။ (၁ ကော. ၉:၂၅၊ ၂၇။ တိ. ၃:၂) စရိုက်သစ်ကို ဝတ်ဆင်ဖို့ ဂလာတိ ၅:၂၂၊ ၂၃ နဲ့ တခြား ကျမ်းချက်တွေမှာ ပါတဲ့ အရည်အသွေးအားလုံးကို မွေးမြူဖို့ လိုတယ်။ w22.03 ၈-၉ ¶၃-၄

တနင်္လာနေ့၊ ဇွန် ၂၆

ကျွန်တော့်ကို အတုယူကြပါ။—၁ ကော. ၁၁:၁။

တမန်တော် ပေါလုလိုပဲ အကြီးအကဲတွေဟာ တစ်အိမ်တက်ဆင်းမှာသာမက အချိန်အခါမရွေး ဟောပြောဖို့ အသင့်ရှိနေသင့်တယ်။ (ဧ. ၆:၁၄၊ ၁၅) အမှုဆောင်လုပ်ငန်းမှာ တွဲလုပ်ဆောင်ရင်း အသင်းတော် အမှုထမ်းတွေနဲ့ တခြားသူတွေကို လေ့ကျင့်ပေးနိုင်တယ်။ (၁ ပေ. ၅:၁၊ ၂) ဒါပေမဲ့ အကြီးအကဲတွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ မပါဝင်နိုင်တဲ့အထိ တာဝန်တွေနဲ့ အလုပ်များနေတာမျိုး မဖြစ်သင့်ဘူး။ (မ. ၂၈:၁၉၊ ၂၀) မျှမျှတတ ရှိဖို့ တချို့တာဝန်တွေကို ငြင်းပယ်ရနိုင်တယ်။ မိသားစု ဝတ်ပြုမှု လုပ်ဖို့၊ ဟောပြောခြင်း လုပ်ငန်းမှာ အပြည့်အဝ ပါဝင်နိုင်ဖို့၊ သားသမီးတွေကို လေ့ကျင့်ပေးဖို့ စတဲ့ ပိုအရေးကြီးတဲ့ တာဝန်တွေ လုပ်ဆောင်နိုင်အောင် တချို့တာဝန်တွေကို ငြင်းဖို့ လိုကြောင်း ဆုတောင်း သုံးသပ်ပြီးနောက် သိလာနိုင်တယ်။ အရာအားလုံးကို မျှမျှတတ ဖြစ်အောင် လုပ်ချင်တဲ့ ဆန္ဒကို ယေဟောဝါ နားလည်ကြောင်း စိတ်ချပါ။ w22.03 ၂၇ ¶၄၊ ၇။ ၂၈ ¶၈

အင်္ဂါနေ့၊ ဇွန် ၂၇

ကိုယ်ခန္ဓာကို သတ်နိုင်ပေမဲ့ အသက်ကို မဖျက်ဆီးနိုင်တဲ့ လူတွေကို မကြောက်ပါနဲ့။—မ. ၁၀:၂၈။

ယေဟောဝါသက်သေ ဖြစ်ဖို့ သင် စိုးရိမ်ခဲ့ဖူးသလား။ ဘယ်တော့မှ တစ်အိမ်တက်ဆင်း ဟောနိုင်မှာ မဟုတ်ဘူးလို့ ခံစားခဲ့ရတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မိသားစု၊ မိတ်ဆွေတွေ ဆန့်ကျင်မှာကို စိုးရိမ်တာ ဖြစ်နိုင်တယ်။ ဒါဆိုရင် သင်သား အဲဒီလို ခံစားရတဲ့အခါ သင် ကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။ အဲဒီလို စိုးရိမ်ကြောက်ရွံ့စိတ်တွေ ရှိမယ်ဆိုတာ ယေရှု အသိအမှတ် ပြုတယ်။ ဒါပေမဲ့ ကြောက်စိတ်ကြောင့် ယေဟောဝါကို ဝတ်မပြုတာမျိုး မဖြစ်အောင် သတိထားဖို့ အားပေးခဲ့တယ်။ (မ. ၁၀:၁၆၊ ၁၇၊ ၂၇) ယုံကြည်ချက်အကြောင်း ပြောပြဖို့ ကျမ်းစာသင်သားကို တဖြည်းဖြည်း လေ့ကျင့်ပေးပါ။ ဟောပြောဖို့ တပည့်တွေကို ယေရှု စေလွှတ်ချိန်မှာ တပည့်တွေ စိုးရိမ်မိနိုင်တယ်။ ဒါပေမဲ့ ဘယ်မှာ ဟောရမယ်၊ ဘာအကြောင်း ဟောရမယ်ဆိုတာ သင်ပေးတယ်။ (မ. ၁၀:၅-၇) ယေရှုကို ဘယ်လို တုပနိုင်သလဲ။ ဘယ်သူတွေကို ဟောရမယ်ဆိုတာ သိအောင် ကူညီပေးပါ။ ဥပမာ၊ ကျမ်းစာ အမှန်တရားကြောင့် အကျိုးရမယ့်သူ တစ်ယောက်ယောက်ကို သိသလားလို့ သင်သားကို မေးနိုင်တယ်။ ပြီးနောက် အဲဒီအမှန်တရားကို ဘယ်လို ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုတာ သင်ပေးပါ။ w21.06 ၆ ¶၁၅-၁၆

ဗုဒ္ဓဟူးနေ့၊ ဇွန် ၂၈

လူမျိုးအားလုံးကို ငါ လှုပ်ခါမယ်။ လူမျိုးအားလုံးထဲက တန်ဖိုးရှိတဲ့အရာတွေ ဒီအိမ်တော်ကို ရောက်လာမယ်။—ဟဂ္ဂဲ ၂:၇။

“မိနစ်ပိုင်းအတွင်းမှာပဲ ဆိုင်တွေ၊ အဆောက်အအုံတွေ ပြိုကျသွားတယ်။” “လူတိုင်း ကြောက်လန့်တကြား ဖြစ်နေကြတယ်။ . . . နှစ်မိနစ်လေးပဲ ကြာတာပါ။ ကျွန်မအတွက်တော့ တစ်ကမ္ဘာလောက် ကြာတယ်။” ၂၀၁၅၊ နီပေါမှာ လှုပ်ခဲ့တဲ့ ငလျင်ကနေ လွတ်မြောက်လာသူတွေ ပြောတဲ့ စကားတချို့ပါ။ အခုအချိန်မှာ လူတွေဟာ နိုင်ငံအားလုံးမှာ လှုပ်နေတဲ့ လှုပ်ခါမှု နောက်တစ်မျိုးကို ကြုံနေရတယ်။ အဲဒီအကြောင်း ပရောဖက် ဟဂ္ဂဲ ကြိုဟောခဲ့တယ်။ “‘မကြာခင် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နဲ့ ကုန်းမြေကို နောက်တစ်ကြိမ် ငါလှုပ်ခါဦးမယ်’ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်” ဆိုပြီး ဟဂ္ဂဲ ရေးတယ်။ (ဟဂ္ဂဲ ၂:၆) ဟဂ္ဂဲ ကြိုဟောတဲ့ လှုပ်ခါခြင်းဟာ ပျက်စီးခြင်းပဲ ဖြစ်စေတဲ့ ပကတိ မြေငလျင်လို မဟုတ်ဘဲ ရလဒ်ကောင်းတွေ ရစေတယ်။ “လူမျိုးအားလုံးကို ငါလှုပ်ခါမယ်။ လူမျိုးအားလုံးထဲက တန်ဖိုးရှိတဲ့အရာတွေ ဒီအိမ်တော်ကို ရောက်လာမယ်။ ဒီအိမ်တော်ကို ဘုန်းအသရေနဲ့ ငါပြည့်စုံစေမယ်” လို့ ယေဟောဝါ ပြောတယ်။ w21.09 ၁၄ ¶၁-၃

ကြာသပတေးနေ့၊ ဇွန် ၂၉

ခင်ဗျားတို့က ကျွန်တော် စမ်းသပ်မှု ကြုံရချိန်တွေမှာ ကျွန်တော့်ကို မစွန့်ခွာကြဘူး။—လု. ၂၂:၂၈။

တစ်ယောက်ယောက်နဲ့ ရင်းနှီးချင်ရင် မကြာခဏ စကားပြောဖို့၊ ခံစားချက်တွေ ရင်ဖွင့်ဖို့ လိုတယ်။ ယေဟောဝါနဲ့လည်း အဲဒီလိုပဲ။ ကိုယ့်ခံစားချက်၊ အတွေး၊ ပူပင်သောကတွေကို ယေဟောဝါဆီ ဆုတောင်းပြောပြတဲ့အခါ ဘုရားကို ယုံကြည်စိတ်ချကြောင်း၊ ကိုယ့်ကို ဘုရား ချစ်တယ်ဆိုတာ သိကြောင်း ဖော်ပြရာ ရောက်တယ်။ (ဆာ. ၉၄:၁၇-၁၉။ ၁ ယော. ၅:၁၄၊ ၁၅) သစ္စာရှိ မိတ်ဆွေတွေနဲ့ ပေါင်းသင်းပါ။ သူတို့ဟာ ယေဟောဝါဆီက လက်ဆောင် ဖြစ်တယ်။ (ယာ. ၁:၁၇) ကောင်းကင်ဖခင်က “အချိန်အခါမရွေး မေတ္တာပြတတ်” တဲ့ ညီအစ်ကို/မတွေ ပေးထားခြင်းအားဖြင့် ကျွန်တော်တို့ကို ဂရုစိုက်ကြောင်း ပြတယ်။ (ပညာ. ၁၇:၁၇) ကောလောသဲ အသင်းတော်ဆီ ရေးတဲ့ စာမှာ တမန်တော် ပေါလုက မိမိကို ထောက်မပေးတဲ့ ညီအစ်ကို/မတွေနဲ့ပတ်သက်ပြီး “ကျွန်တော့်ကို တကယ် အားပေးထောက်မခဲ့သူတွေပါ” လို့ ပြောခဲ့တယ်။ (ကော. ၄:၁၀၊ ၁၁) ခရစ်တော် ယေရှုတောင် မိတ်ဆွေတွေ ဖြစ်တဲ့ ကောင်းကင်တမန်တွေ၊ လူတွေဆီက ထောက်မမှုကို လိုအပ်ခဲ့တယ်။ ရလာတဲ့ ထောက်မမှုကို တန်ဖိုးထားတယ်။ (လု. ၂၂:၄၃) ရင့်ကျက်တဲ့ မိတ်ဆွေဆီ ကိုယ့်ပူပင်သောကတွေ ရင်ဖွင့်တာဟာ ပျော့ညံ့တာ မဟုတ်ဘူး။ အကာအကွယ်တောင် ဖြစ်စေနိုင်တယ်။ w21.04 ၂၄-၂၅ ¶၁၄-၁၆

သောကြာနေ့၊ ဇွန် ၃၀

မေတ္တာဟာ အရာရာကို သည်းခံတတ်တယ်။ အရာရာကို ယုံတတ်တယ်။ အရာရာကို မျှော်လင့်တတ်တယ်။ အရာရာကို ကြံ့ကြံ့ခံတတ်တယ်။—၁ ကော. ၁၃:၇။

ယုံကြည်သူချင်းတစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် စိတ်ထိခိုက်နေရင် ဘာလုပ်သင့်သလဲ။ ပြန်သင့်မြတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ယေဟောဝါဆီ ထက်ထက်သန်သန် ဆုတောင်းပါ။ ကိုယ့်ကို စိတ်ထိခိုက်အောင် လုပ်တဲ့သူကို ကောင်းချီးပေးဖို့၊ သူ့ရဲ့ အရည်အသွေးကောင်းတွေ မြင်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ အဲဒီအရည်အသွေးကောင်းတွေ ရှိလို့ သူ့ကို ယေဟောဝါ ချစ်တာ။ (လု. ၆:၂၈) သူ့လုပ်ရပ်ကို မမေ့နိုင်ဘူးဆိုရင် သူနဲ့ စကားသွားပြောပြီး ဖြေရှင်းဖို့ ကြိုးစားပါ။ ကိုယ့်ကို ထိခိုက်အောင် တမင်ရည်ရွယ်ပြီး လုပ်တာ မဟုတ်ဘူးလို့ အမြဲ စဉ်းစားပါ။ (မ. ၅:၂၃၊ ၂၄) သူ့ဘက်က စေတနာနဲ့ ပြောမိ၊ လုပ်မိတာဆိုတဲ့ စိတ်မျိုး ထားပါ။ ဒါပေမဲ့ ပြန်သင့်မြတ်ဖို့ သူ ဆန္ဒ မရှိဘူး ဆိုရင်ကော။ “ဆက်ပြီး သည်းခံ” ပါ။ လက်မလျှော့ပါနဲ့။ (ကော. ၃:၁၃) အရေးကြီးဆုံးကတော့ စိတ်နာကြည်း မနေပါနဲ့။ စိတ်နာကြည်းနေရင် ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်နိုင်တယ်။ ဘယ်အရာကြောင့်မှ တိုက်မိမလဲပါစေနဲ့။ ဒီနည်းအားဖြင့် တခြားအရာတွေထက် ယေဟောဝါကို ပိုချစ်ကြောင်း သက်သေပြရာ ရောက်ပါလိမ့်မယ်။—ဆာ. ၁၁၉:၁၆၅။ w21.06 ၂၃ ¶၁၅

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ