ဖေဖော်ဝါရီ
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၁
ကျွန်တော် ခင်ဗျားတို့ကို ချစ်သလို ခင်ဗျားတို့လည်း အချင်းချင်း ချစ်ကြပါ။—ယော. ၁၅:၁၂။
ဒီနေ့ ကျမ်းချက်က ဘာအဓိပ္ပာယ်လဲ။ လိုအပ်လာရင် ယုံကြည်သူချင်းအတွက် အသေခံတဲ့အထိ ကိုယ်ကျိုးစွန့် မေတ္တာနဲ့ ချစ်ဖို့ ပြောနေတာလို့ ယေရှု ဆက်ရှင်းပြတယ်။ မေတ္တာ အရေးကြီးကြောင်း ကျမ်းစာမှာ အလေးပေးဖော်ပြတယ်။ ဥပမာ၊ ‘ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်။’ (၁ ယော. ၄:၈) “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ။” (မ. ၂၂:၃၉) “ချစ်ခြင်းမေတ္တာ ရှိသူဟာ ခွင့်လွှတ်ဖို့ အမြဲ အသင့်ရှိတယ်။” (၁ ပေ. ၄:၈) “မေတ္တာဟာ အစဉ် တည်တယ်။” (၁ ကော. ၁၃:၈) ဒီကျမ်းပိုဒ်တွေနဲ့ တခြားကျမ်းပိုဒ်တွေက မေတ္တာ ရှိဖို့၊ မေတ္တာ ပြဖို့ သိပ်အရေးကြီးကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ စစ်မှန်တဲ့ မေတ္တာဟာ ယေဟောဝါဆီကနေ အရင်းခံတယ်။ ဘုရားဆီက စွမ်းအားတော်နဲ့ ကောင်းချီး ရသူတွေပဲ အချင်းချင်း မေတ္တာစစ်နဲ့ ချစ်နိုင်ကြတယ်။ (၁ ယော. ၄:၇) ဒါကြောင့်လည်း ကိုယ်ကျိုးစွန့် မေတ္တာက နောက်လိုက်စစ်တွေကို ခွဲခြားသိစေမယ်လို့ ယေရှု ပြောတာ။ ယေရှု ကြိုပြောသလို အချင်းချင်း မေတ္တာစစ်နဲ့ ချစ်တာ မြင်ပြီး နောက်လိုက်စစ်တွေကို လူများစွာ ခွဲခြားသိလာကြတယ်။ w23.03 ၂၇-၂၈ ¶၅-၈
သောကြာနေ့၊ ဖေဖော်ဝါရီ ၂
ခင်ဗျားရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ။—လု. ၇:၄၈။
တခြားသူကို ပိုခွင့်လွှတ်တတ်အောင် ကြိုးစားဖို့ လိုနေသလား။ တခြားသူတွေကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သူ၊ ခွင့်မလွှတ်သူတွေအကြောင်း ကျမ်းစာမှတ်တမ်းတွေကို ဖတ်ပြီး တွေးတောဆင်ခြင်နိုင်တယ်။ ယေရှုရဲ့ ပုံသက်သေကို စဉ်းစားကြည့်ပါ။ ယေရှုဟာ တခြားသူတွေကို လိုလိုလားလား ခွင့်လွှတ်တယ်။ (လု. ၇:၄၇) အတိတ်က အမှားတွေကို မဟုတ်ဘဲ သူတို့ရဲ့ အလားအလာကောင်းကို အာရုံစိုက်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ယေရှုခေတ်က ဖာရိရှဲတွေကတော့ ‘သူတစ်ပါးကို အထင်သေးတယ်။’ (လု. ၁၈:၉) အဲဒီဥပမာတွေကို သုံးသပ်ပြီးနောက် ‘ငါကော တခြားသူတွေကို ဘယ်လို မြင်သလဲ။ တခြားသူတွေရဲ့ ဘယ်အရည်အသွေးတွေကို အာရုံစိုက်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ တစ်ယောက်ယောက်ကို ခွင့်လွှတ်ဖို့ ခက်နေရင် အဲဒီလူရဲ့ အရည်အသွေးကောင်းတွေကို ချရေးပါ။ ‘ယေရှုသာဆိုရင် သူ့ကို ဘယ်လို မြင်မလဲ။ ခွင့်လွှတ်မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ အဲဒီလို လေ့လာတာက ကိုယ့်အတွေးအခေါ်ကို ပြုပြင်ဖို့ ကူညီပေးနိုင်တယ်။ ကိုယ့်ကို ထိခိုက်အောင် လုပ်တဲ့သူကို ခွင့်လွှတ်ဖို့ အစပိုင်းမှာ အပြင်းအထန် ကြိုးစားရနိုင်တယ်။ ဒါပေမဲ့ ဆက်ကြိုးစားမယ်ဆိုရင် ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်နိုင်လာပါလိမ့်မယ်။ w22.04 ၂၃ ¶၆
စနေနေ့၊ ဖေဖော်ဝါရီ ၃
ယေရှုက . . . ကောင်းကင်တမန်ကို စေလွှတ်ပြီး ဗျာဒိတ်တော်အကြောင်း အမှတ်သင်္ကေတတွေနဲ့ ဖော်ပြတယ်။—ဗျာ. ၁:၁။
ဗျာဒိတ်ကျမ်းမှာ ဘုရားရန်သူတွေကို သားရဲအတော်များများနဲ့ ခိုင်းနှိုင်းဖော်ပြထားတယ်။ ဥပမာ၊ “သားရဲတစ်ကောင် ပင်လယ်ထဲကနေ တက်လာ” တယ်။ “ချိုဆယ်ချောင်းနဲ့ ခေါင်းခုနစ်လုံး” ရှိတယ်။ (ဗျာ. ၁၃:၁) “တခြားသားရဲတစ်ကောင် မြေကြီးထဲက တက်လာ” တယ်။ နဂါးလို စကားပြောပြီး ‘ကောင်းကင်ကနေ မီးကျလာတဲ့အထိ လုပ်ပြတယ်။’ (ဗျာ. ၁၃:၁၁-၁၃) နောက်သားရဲတစ်ကောင်ကတော့ “နီမြန်းတဲ့ သားရဲ” ဖြစ်ပြီး သူ့ပေါ်မှာ ပြည့်တန်ဆာတစ်ယောက် ထိုင်နေတယ်။ အဲဒီသားရဲ သုံးကောင်ဟာ ယေဟောဝါဘုရားနဲ့ နိုင်ငံတော်ကို ကြာမြင့်စွာကတည်းက တိုက်ခိုက်နေတဲ့ ရန်သူတွေကို ပုံဆောင်တယ်။ ဒါကြောင့် သူတို့ ဘယ်သူတွေလဲဆိုတာ သိဖို့ အရေးကြီးတယ်။ (ဗျာ. ၁၇:၁၊ ၃) အဲဒီသားရဲတွေနဲ့ ပြည့်တန်ဆာ ဘာကို ဆိုလိုကြောင်း နားလည်ဖို့ လိုတယ်။ နားလည်ဖို့ ကျမ်းစာကပဲ ကူညီပေးတယ်။ ဗျာဒိတ်ကျမ်းမှာ ပါတဲ့ အမှတ်သင်္ကေတများစွာကို တခြားကျမ်းစောင်တွေမှာ ရှင်းပြထားတယ်။ w22.05 ၈-၉ ¶၃-၄
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၄
ယေဟောဝါဘုရားကို စိတ်စွမ်း . . . ရှိသမျှနဲ့ ချစ်ပါ။—မ. ၂၂:၃၇။
ယေဟောဝါရဲ့ ကျေးကျွန်တချို့ဟာ အသက်ကြီးလာလို့၊ ကျန်းမာရေး မကောင်းလို့ အမှုတော်မှာ ဆန္ဒရှိသလောက် မပါဝင်နိုင်ကြဘူး။ တစ်ခါတလေ ကိုယ့်ရဲ့ ကန့်သတ်မှုကြောင့် စိတ်ဓာတ်ကျနေရင် ‘ငါ့ဆီက ယေဟောဝါ ဘာတောင်းဆိုသလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ လက်ရှိအခြေအနေမှာ အကောင်းဆုံး ပေးဖို့ပဲ တောင်းဆိုတာပါ။ ဒီအဖြစ်အပျက်ကို စဉ်းစားကြည့်ပါ– အသက် ၈၀ ဝန်းကျင် ညီအစ်မတစ်ယောက်ဟာ အမှုတော်မှာ အသက် ၄၀ အရွယ်တုန်းကလောက် မလုပ်နိုင်လို့ စိတ်ဓာတ်ကျနေတယ်။ အကောင်းဆုံးကို ပေးနေပေမဲ့ ယေဟောဝါ မနှစ်သက်ဘူးလို့ ခံစားနေရတယ်။ ဘုရား တကယ် မနှစ်သက်တာလား။ အသက် ၄၀ တုန်းက အကောင်းဆုံးကို ပေးခဲ့သလို အသက် ၈၀ မှာလည်း အကောင်းဆုံးကို ပေးနေတာပဲ။ ကိုယ့်ရဲ့ အကောင်းဆုံးကို ပေးနေသရွေ့ “တော်လိုက်တာ” လို့ ယေဟောဝါ ပြောမှာ သေချာပါတယ်။ (မဿဲ ၂၅:၂၀-၂၃ နဲ့ နှိုင်းယှဉ်ပါ။) ကိုယ် မလုပ်နိုင်တာကို မဟုတ်ဘဲ လုပ်နိုင်တာကို အာရုံစိုက်ရင် ပိုပျော်ရွှင်လာမယ်။ w22.04 ၁၀ ¶၂။ ၁၁ ¶၄-၆
တနင်္လာနေ့၊ ဖေဖော်ဝါရီ ၅
သန့်ရှင်းတဲ့ မြို့တော် ဖြစ်တဲ့ ဂျေရုဆလင်မြို့သစ် [ကို] . . . ကျွန်တော် မြင်တယ်။—ဗျာ. ၂၁:၂။
ဗျာဒိတ် အခန်းကြီး ၂၁ မှာ ၁၄၄,၀၀၀ ကို အင်မတန် လှပတဲ့ မြို့တော် “ဂျေရုဆလင်မြို့သစ်” နဲ့ ခိုင်းနှိုင်းထားတယ်။ အဲဒီမြို့ကို ‘သိုးသငယ်ရဲ့ တမန်တော် ၁၂ယောက်ရဲ့ နာမည် ၁၂ ခု’ ရေးထားတဲ့ အုတ်မြစ်ကျောက် ၁၂ တုံးပေါ်မှာ တည်ဆောက်ထားတယ်။ (ဗျာ. ၂၁:၁၀-၁၄။ ဧ. ၂:၂၀) ပုံဆောင်မြို့တော်ဟာ ထူးခြားတယ်။ ရွှေစင် လမ်းမ၊ ပုလဲ မြို့တံခါး ၁၂ ခု၊ ကျောက်မျက်မျိုးစုံ စီခြယ်ထားတဲ့ မြို့ရိုးနဲ့ မြို့ရိုးအုတ်မြစ်တွေ ရှိတယ်။ အလျား၊ အနံ အတိုင်းအတာတွေ တူတယ်။ (ဗျာ. ၂၁:၁၅-၂၁) ဒါပေမဲ့ တစ်ခု လိုနေတယ်။ “မြို့တော်ထဲမှာ ဗိမာန်တော်ကို မတွေ့ရဘူး။ ဘာလို့လဲဆိုတော့ အနန္တတန်ခိုးရှင် ယေဟောဝါ ဘုရားသခင်နဲ့ သိုးသငယ်ဟာ မြို့တော်ရဲ့ ဗိမာန်တော် ဖြစ်လို့ပဲ။ မြို့တော်ဟာ နေနဲ့ လရဲ့ အလင်းကို မလိုအပ်ဘူး။ ဘုရားသခင်ရဲ့ ဘုန်းတော်ကြောင့် မြို့တော် ထွန်းလင်းနေလို့ပဲ၊ သိုးသငယ်ဟာ မြို့တော်ရဲ့ မီးခွက် ဖြစ်တယ်” လို့ ယောဟန် ပြောတယ်။ (ဗျာ. ၂၁:၂၂၊၂၃) ဂျေရုဆလင်မြို့သစ်မှာ ပါဝင်သူတွေ ယေဟောဝါဆီ တိုက်ရိုက် ဝင်ထွက်ခွင့် ရကြမယ်။—ဟီ. ၇:၂၇။ ဗျာ. ၂၂:၃၊ ၄။ w22.05 ၁၇-၁၈ ¶၁၄-၁၅
အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၆
ဆက်ပြီး သည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။ ယေဟောဝါက ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သလို ခင်ဗျားတို့လည်း အဲဒီလိုပဲ ခွင့်လွှတ်ကြပါ။—ကော. ၃:၁၃။
ယေဟောဝါဟာ ဖန်ဆင်းရှင်၊ ပညတ်ပြဋ္ဌာန်းရှင်၊ တရားသူကြီး ဖြစ်ပေမဲ့ မေတ္တာရှင် ဖခင်လည်း ဖြစ်တယ်။ (ဆာ. ၁၀၀:၃။ ဟေရှာ. ၃၃:၂၂) ဘုရားကို ပြစ်မှားမိပေမဲ့ စိတ်ရင်းမှန်နဲ့ နောင်တရမယ်ဆိုရင် ကျွန်တော်တို့ကို ဘုရား ခွင့်လွှတ်နိုင်ရုံ သာမက ခွင့်လွှတ်ချင်စိတ် ပြင်းပြတယ်။ (ဆာ. ၈၆:၅) “မင်းတို့ရဲ့ အပြစ်တွေဟာ ကြက်သွေးရောင် ထနေရင်တောင် နှင်းပွင့်လို ဖြူဖွေးသွားမယ်” လို့ ပရောဖက် ဟေရှာယကတစ်ဆင့် ကတိပေးတယ်။ (ဟေရှာ. ၁:၁၈) မစုံလင်တဲ့အတွက် ကျွန်တော်တို့ အချင်းချင်း စိတ်ထိခိုက်အောင် ပြောမိ၊ လုပ်မိကြတယ်။ (ယာ. ၃:၂) ဒါပေမဲ့ ခွင့်လွှတ်တတ်ဖို့ ကြိုးစားမယ်ဆိုရင် ပြန်အဆင်ပြေနိုင်ပါတယ်။ (ပညာ. ၁၇:၉။ ၁၉:၁၁။ မ. ၁၈:၂၁၊ ၂၂) စိတ်ထိခိုက်အောင် နည်းနည်းလေး ပြောမိ၊ လုပ်မိတာတွေကို ယေဟောဝါ ခွင့်လွှတ်စေချင်တယ်။ အဲဒီလို ခွင့်လွှတ်ဖို့ အကြောင်းကောင်း ရှိတယ်။ ကျွန်တော်တို့ကို ယေဟောဝါ “အကြွင်းမဲ့ ခွင့်လွှတ်” လို့ပဲ။—ဟေရှာ. ၅၅:၇။ w22.06 ၈ ¶၁-၂
ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၇
ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းကြောင့် ကတိတော်ကို အမွေရခဲ့သူတွေကို အတုယူကြပါ။—ဟီ. ၆:၁၂။
တခြားသူတွေနဲ့ မနှိုင်းယှဉ်သင့်ပေမဲ့ သစ္စာရှိသူတွေရဲ့ ပုံနမူနာတွေကနေ သင်ယူနိုင်တယ်။ ဥပမာ၊ ကျွန်တော်တို့ဟာ ယေရှုလို ပြည့်ဝစုံလင်သူတွေ မဟုတ်ပေမဲ့ ယေရှုရဲ့ အရည်အသွေးကောင်းတွေ၊ နည်းလမ်းတွေကနေ သင်ယူနိုင်တယ်။ (၁ ပေ. ၂:၂၁) ယေရှုရဲ့ ပုံသက်သေကို အနီးစပ်ဆုံး တုပဖို့ ကြိုးစားမယ်ဆိုရင် ယေဟောဝါရဲ့ ပိုကောင်းတဲ့ ကျေးကျွန်တွေ ဖြစ်လာမယ်။ မစုံလင်ပေမဲ့ တုပထိုက်စရာ သစ္စာရှိ အမျိုးသား/သမီးတွေရဲ့ ပုံသက်သေများစွာ ကျမ်းစာမှာ ပါတယ်။ ဘုရင် ဒါဝိဒ်ကို “ငါနဲ့ စိတ်သဘောထားချင်း ကိုက်ညီသူ” လို့ ယေဟောဝါ ပြောတယ်။ (တ. ၁၃:၂၂) ဒါဝိဒ် ကြီးလေးတဲ့ အပြစ်တွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် ပုံသက်သေကောင်း ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒါဝိဒ် ဆင်ခြေမပေးဘူး။ ဆုံးမမှုကို လက်ခံတယ်။ လုပ်မိတာတွေအတွက် စိတ်ရင်းမှန်နဲ့ နောင်တရတယ်။ ဒါကြောင့် သူ့ကို ယေဟောဝါ ခွင့်လွှတ်ပေးတယ်။—ဆာ. ၅၁:၃၊ ၄၊ ၁၀-၁၂။ w22.04 ၁၃ ¶၁၁-၁၂
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၈
လူဟာ အသက်ဆက်ရှင်ဖို့ ကိုယ်ပိုင်ဆိုင်သမျှကို ပေးမှာပဲ။—ယောဘ ၂:၄။
သေခြင်းဟာ ရန်သူ ဖြစ်တယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။ (၁ ကော. ၁၅:၂၅၊ ၂၆) ကိုယ်တိုင် ဒါမှမဟုတ် ချစ်ရသူတစ်ယောက် အကြီးအကျယ် ဖျားနာတဲ့အခါ သေခြင်းတရားကို တွေးမိရုံနဲ့ ကျွန်တော်တို့ ကြောက်ကြတယ်။ ဘာကြောင့်လဲ။ ယေဟောဝါက လူတွေကို ထာဝစဉ် အသက်ရှင်ချင်စိတ် ထည့်သွင်းဖန်ဆင်းထားလို့ပါပဲ။ (ဒေ. ၃:၁၁) သေရမှာ ကြောက်တဲ့ စိတ် အတော်အသင့် ရှိတာက အသက်ကို ကာကွယ်ပေးနိုင်တယ်။ အာဟာရရှိရှိ စားဖို့၊ ကိုယ်လက်လှုပ်ရှားဖို့၊ လိုအပ်ရင် ဆေးရုံ၊ ဆေးခန်း သွားဖို့၊ မလိုအပ်ဘဲ မစွန့်စားဖို့ ကူညီပေးတယ်။ အသက်ကို ကျွန်တော်တို့ တန်ဖိုးထားမှန်း “သေခြင်းကို ဖြစ်ပေါ်စေတဲ့” စာတန် သိတယ်။ (ဟီ. ၂:၁၄၊ ၁၅) အသက်ဆက်ရှင်ဖို့ဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး အပါအဝင် ဘာမဆို စွန့်လွှတ်မှာပဲလို့ စွပ်စွဲတယ်။ (ယောဘ ၂:၅) စာတန် သိပ်မှားတယ်။ ဒါပေမဲ့ သေရမှာ ကြောက်တဲ့ စိတ်ကို အသုံးချပြီး ယေဟောဝါကို ကျွန်တော်တို့ စွန့်သွားအောင် ကြိုးစားနေတုန်းပဲ။ w22.06 ၁၈ ¶၁၅-၁၆
သောကြာနေ့၊ ဖေဖော်ဝါရီ ၉
စိတ်ဆိုးမပြေဘဲ နေမဝင်စေနဲ့။—ဧ. ၄:၂၆။
ပိတ်ပင်မှုအောက် အုပ်စုငယ်လေးတွေအဖြစ် စုဝေးရနိုင်တယ်။ ဒါကြောင့် အခုကတည်းက ညီအစ်ကို/မ အားလုံးနဲ့ သင့်သင့်မြတ်မြတ်ရှိအောင် ကြိုးစားဖို့ အရေးကြီးတယ်။ အချင်းချင်းကို မဟုတ်ဘဲ စာတန်ကို တိုက်ခိုက်ပါ။ ညီအစ်ကို/မတွေရဲ့ အမှားတွေကို ခွင့်လွှတ်ပါ။ ပြဿနာကို ချက်ချင်း ဖြေရှင်းပါ။ (ပညာ. ၁၉:၁၁) ကိုယ့်ဘက်က အစပြုပြီး ကူညီပေးပါ။ (တိ. ၃:၁၄) တွေ့ကြုံမှုတစ်ခုမှာ လိုအပ်နေတဲ့ ညီအစ်မတစ်ယောက်ကို အမှုဆောင်အုပ်စု ဝိုင်းဝန်းကူညီပေးလို့ တစ်အုပ်စုလုံး အပြုသဘောထား ပိုရှိလာတယ်။ မိသားစုတွေလို ပိုစည်းလုံးလာတယ်။ (ဆာ. ၁၃၃:၁) အစိုးရရဲ့ ကန့်သတ်မှုတွေကြားမှာ ညီအစ်ကို/မ များစွာ ယေဟောဝါကို အမှုဆောင်နေကြတယ်။ တချို့က ယုံကြည်ချက်ကြောင့် ထောင်ချခံရတယ်။ သူတို့အတွက်၊ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ဆုတောင်းပေးနိုင်တယ်။ ကိုယ့်လွတ်လပ်မှုကို စတေးပြီး အဲဒီညီအစ်ကို/မတွေရဲ့ ဘုရားရေးရာပိုင်း၊ ရုပ်ပိုင်း၊ တရားဥပဒေပိုင်း ကြိုးစားကူညီပေးသူတွေအတွက်လည်း ဆုတောင်းပေးနိုင်တယ်။ (ကော. ၄:၃၊ ၁၈) ဆုတောင်းခြင်းရဲ့ အစွမ်းတန်ခိုးကို ဘယ်တော့မှ လျှော့မတွက်လိုက်ပါနဲ့။—၂ သက်. ၃:၁၊ ၂။ ၁ တိ. ၂:၁၊ ၂။ w22.12 ၂၆-၂၇ ¶၁၅-၁၆
စနေနေ့၊ ဖေဖော်ဝါရီ ၁၀
သူတစ်ပါးကို သင်ကြားပေးပြီး ကိုယ်တိုင်ကျတော့ ဘာလို့ မသင်ယူသလဲ။—ရော. ၂:၂၁။
သားသမီးတွေက မိဘတွေကို အတုယူတတ်ကြတယ်။ ပြည့်ဝစုံလင်တဲ့ မိဘရယ်လို့ မရှိပါဘူး။ (ရော. ၃:၂၃) ဒါပေမဲ့ ပညာရှိ မိဘတွေဟာ သားသမီးတွေအတွက် စံနမူနာကောင်း ပြဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ “သားသမီးတွေဟာ ဘာမဆို စုပ်ယူတတ်တဲ့ ရေမြှုပ်နဲ့ တူတယ်။ ကျွန်တော်တို့ အပြောနဲ့ အလုပ် မညီရင် သူတို့ ထောက်လိမ့်မယ်” လို့ ဖခင်တစ်ယောက် ပြောတယ်။ ဒါကြောင့် သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ ဘုရားအပေါ် ထားတဲ့ မေတ္တာ ခိုင်မာ၊ ထင်ရှားနေရမယ်။ သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့ မိဘတွေ သင်ပေးနိုင်တဲ့ နည်းများစွာ ရှိတယ်။ အသက် ၁၇ နှစ်အရွယ် အန်ဒရူး ဒီလို ပြောတယ်– “ဆုတောင်းဖို့ အရေးကြီးတယ်ဆိုတာ မိဘတွေ အမြဲ သင်ပေးတယ်။ ညတိုင်း ကျွန်တော့်ဘာသာ ဆုတောင်းပြီးရင်တောင် အဖေ အတူ လာဆုတောင်းပေးတယ်။ . . . ဒါကြောင့် ဆုတောင်းဖို့ ဝန်မလေးဘူး။ ယေဟောဝါကို မေတ္တာရှိတဲ့ ဖခင်အဖြစ် မြင်တတ်လာတယ်။” မိဘတို့၊ ယေဟောဝါအပေါ် ထားတဲ့ သင်တို့ရဲ့ မေတ္တာက သားသမီးတွေအပေါ် ဩဇာသက်ရောက်ကြောင်း သတိရပါ။ w22.05 ၂၈ ¶၇-၈
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၁
အခုအချိန်မှာ ခင်ဗျားတို့ကို ကယ်တင်တဲ့အရာဟာ နှစ်ခြင်းပဲ။—၁ ပေ. ၃:၂၁။
နှစ်ခြင်းခံဖို့ အဆင်သင့်ဖြစ်အောင် အရင်ဆုံး၊ အပြစ်တွေအတွက် စိတ်ရင်းမှန်နဲ့ နောင်တယူပါ။ (တ. ၂:၃၇၊ ၃၈) စိတ်ရင်းမှန်နဲ့ နောင်တရမှ စိတ်ရင်းမှန်နဲ့ ပြောင်းလဲနိုင်မယ်။ လိင်အကျင့်ယိုယွင်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆဲဆိုခြင်းစတဲ့ ယေဟောဝါ မနှစ်သက်တဲ့ အကျင့်တွေ ဖြတ်ပြီးပြီလား။ (၁ ကော. ၆:၉၊ ၁၀။ ၂ ကော. ၇:၁။ ဧ. ၄:၂၉) ပြောင်းလဲဖို့ ဆက်ကြိုးစားပါ။ ကျမ်းစာ သင်ပေးသူကို ပြောပြပါ။ ဒါမှမဟုတ် အသင်းတော် အကြီးအကဲတွေဆီကနေ အကူအညီနဲ့ လမ်းညွှန်မှု တောင်းပါ။ သင်ဟာ အသက် ငယ်သေးတယ်၊ မိဘအုပ်ထိန်းမှုအောက်မှာ ရှိနေတုန်းပဲဆိုရင် နှစ်ခြင်းခံဖို့ အတားအဆီး ဖြစ်စေတဲ့ အကျင့်ဆိုးတွေ ဖြတ်နိုင်အောင် မိဘတွေဆီကနေ အကူအညီ တောင်းပါ။ ဝတ်ပြုရေး အလေ့အထကောင်း ရှိဖို့လည်း အရေးကြီးတယ်။ အဲဒီထဲမှာ ခရစ်ယာန် အစည်းအဝေးတွေ တက်ရောက်ခြင်း၊ ပါဝင်ခြင်း ပါတယ်။ (ဟီ. ၁၀:၂၄၊ ၂၅) အရည်အချင်း ပြည့်မီပြီဆိုတာနဲ့ ဟောပြောခြင်းလုပ်ငန်းမှာ မှန်မှန် ပါဝင်ပါ။ w23.03 ၁၀-၁၁ ¶၁၄-၁၆
တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၂
ယေဟောဝါဘုရားက မြွေကို “အခုလို လုပ်တဲ့အတွက် . . . မင်း ကျိန်စာသင့်ပြီ” လို့ ပြောတယ်။—က. ၃:၁၄။
ကမ္ဘာဦး ၃:၁၄၊ ၁၅ မှာ “မြွေ” နဲ့ မြွေရဲ့ “မျိုးနွယ်” အကြောင်း ဖော်ပြထားတယ်။ ပကတိ မြွေတစ်ကောင်ဟာ ဧဒင်ဥယျာဉ်မှာ ယေဟောဝါ ပြောတဲ့ စကားတွေကို နားမလည်နိုင်ဘူး။ ဒါကြောင့် ယေဟောဝါ စီရင်ချက် ချလိုက်တာ အသိဉာဏ်ရှိ ပုဂ္ဂိုလ်ပဲ ဖြစ်ရမယ်။ ဘယ်သူလဲ။ ဗျာဒိတ် ၁၂:၉ မှာ “ရှေးမြွေဟောင်း” ဆိုတာ စာတန် မာရ်နတ် ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ကျမ်းစာမှာ မျိုးနွယ်အကြောင်း ပုံဆောင်သဘောနဲ့ ဖော်ပြတဲ့အခါ မိမိတို့ရဲ့ ပုံဆောင် ဖခင်အတိုင်း တွေးခေါ်၊ ပြုမူသူတွေကို ရည်ညွှန်းလေ့ ရှိတယ်။ ဒါကြောင့် မြွေရဲ့ မျိုးနွယ်ဆိုတာ စာတန်လိုပဲ ယေဟောဝါဘုရားကို ပုန်ကန်တဲ့၊ ဘုရားလူမျိုးကို ဆန့်ကျင်တဲ့ သစ္စာမဲ့ ကောင်းကင်တမန်တွေ၊ လူတွေကို ဆိုလိုတယ်။ နောဧခေတ်တုန်းက ကောင်းကင် အခွင့်အရာကို စွန့်တဲ့ ကောင်းကင်တမန်တွေ၊ ဖခင် မာရ်နတ်လို ပြုမူတဲ့ လူဆိုးတွေ ပါဝင်တယ်။—က. ၆:၁၊ ၂။ ယော. ၈:၄၄။ ၁ ယော. ၅:၁၉။ ယု. ၆။ w22.07 ၁၅ ¶၄-၅
အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၁၃
ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိ [ကြပါ]။—ဖိ. ၁:၁၀။
ညီအစ်ကို/မတွေကို တမန်တော် ပေါလု သိပ်ချစ်တယ်။ အခက်အခဲတွေကို ကိုယ်တိုင် ကြုံဖူးလို့ ယုံကြည်သူချင်းတွေ အခက်အခဲ ကြုံရတဲ့အခါ ကိုယ်ချင်းစာပေးနိုင်တယ်။ တစ်ခါတုန်းက လက်ထဲ ငွေပြတ်သွားလို့ ကိုယ်တိုင်နဲ့ အပေါင်းအဖော်တွေကို ထောက်ပံ့ဖို့ အလုပ်ရှာခဲ့ရတယ်။ (တ. ၂၀:၃၄) ပေါလုဟာ တဲရှင်ချုပ်သူ ဖြစ်တယ်။ ကောရိန္သုမြို့ကို ရောက်တော့ အစပိုင်းမှာ အာကုလ၊ ပြစ်ကိလတို့နဲ့အတူ တဲရှင်ချုပ်တယ်။ ဒါပေမဲ့ “ဥပုသ်နေ့တိုင်း” ဂျူးတွေ၊ ဂရိတွေကို ဟောပြောတယ်။ သိလနဲ့ တိမောသေ ရောက်လာတဲ့အခါမှာတော့ “တရားစကား ဟောပြောတဲ့အလုပ်ကိုပဲ အာရုံစိုက်တော့တယ်။” (တ. ၁၈:၂-၅) ဘုရားအမှုဆောင်ခြင်းဆိုတဲ့ အဓိက ပန်းတိုင်ကို ဘယ်တော့မှ မျက်ခြည်မပြတ်ဘူး။ ကိုယ်တိုင်က အလုပ်ကြိုးစားသူ ဖြစ်လို့ ညီအစ်ကို/မတွေကို အကြံဉာဏ်ကောင်း ပေးနိုင်တယ်။ ဘဝဖိအားတွေ၊ မိသားစုတာဝန်တွေကြောင့် “ပိုအရေးကြီးတဲ့အရာတွေ” ဖြစ်တဲ့ ဝတ်ပြုရေး ကဏ္ဍတွေကို လျစ်လျူမရှုဖို့ သတိပေးတယ်။ w22.08 ၂၀ ¶၃
ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၁၄
လူမျိုးအားလုံးကို သတင်းကောင်း ဟောရလိမ့်မယ်။—မာ. ၁၃:၁၀။
ကမ္ဘာတစ်ခွင်လုံး နိုင်ငံတော် သတင်းကောင်း ဟောပြောဖို့ ယေဟောဝါ အလိုရှိတယ်။ (၁ တိ. ၂:၃၊ ၄) ဒါဟာ ယေဟောဝါရဲ့ လုပ်ငန်း ဖြစ်တယ်။ အရေးကြီးတဲ့ လုပ်ငန်း ဖြစ်လို့ ချစ်သားကိုတောင် ဦးဆောင်စေတယ်။ အဆုံးမရောက်ခင် ယေဟောဝါ အလိုရှိတဲ့အတိုင်း ယေရှုရဲ့ ကြီးကြပ်မှုအောက်မှာ ဟောပြောခြင်းလုပ်ငန်း ပြီးဆုံးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ (မ. ၂၄:၁၄) ဘာကြောင့် စိတ်ချနိုင်သလဲ။ ယေရှု ကောင်းကင် မတက်ခင်လေး ဂါလိလဲတောင်ပေါ်မှာ သစ္စာရှိ နောက်လိုက်တချို့နဲ့ ဆုံတယ်။ “ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာ ရှိသမျှကို ကျွန်တော့်ကို ပေးထားပြီ” လို့ ပြောတယ်။ ပြီးနောက် “လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ” လို့ ဆက်ပြောတာ သတိပြုပါ။ (မ. ၂၈:၁၈၊ ၁၉) တခြားအရာတွေ အပါအဝင် ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ဖို့ အခွင့်အာဏာ ယေရှု ပေးအပ်ခံရတယ်။ ယေရှုရဲ့ ကြီးကြပ်မှုအောက်မှာ ဟောပြောခြင်းလုပ်ငန်းကို ကျွန်တော်တို့ခေတ်အထိ ဆက်လုပ်ဆောင်မယ်။ w22.07 ၈ ¶၁၊ ၃။ ၉ ¶၄
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၁၅
သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး သားတော်ရဲ့အသံကို ကြားပြီး ထွက်လာမယ့်အချိန် ရောက်လာတော့မယ်။ ကောင်းတဲ့အကျင့်ကို ကျင့်သူတွေ အသက်ရှင်ဖို့ ထမြောက်လာလိမ့်မယ်။—ယော. ၅:၂၈၊ ၂၉။
မသေဆုံးခင် ကောင်းတဲ့အကျင့် ကျင့်ခဲ့တဲ့ ဖြောင့်မတ်သူတွေဟာ “အသက်ရှင်ဖို့ ထမြောက်လာလိမ့်မယ်။” အသက်စာစောင်မှာ သူတို့နာမည် ရှိနှင့်ပြီးသား ဖြစ်လို့ပဲ။ ယောဟန် ၅:၂၉ မှာ ပါတဲ့ “ကောင်းတဲ့အကျင့်ကို ကျင့်သူတွေ” ရဲ့ ထမြောက်ခြင်းဟာ တမန်တော် ၂၄:၁၅ မှာ ပါတဲ့ ‘ဖြောင့်မတ်သူတွေ’ ရဲ့ ထမြောက်ခြင်းနဲ့ အတူတူပဲ။ ဒီနားလည်မှုဟာ ရောမ ၆:၇ ပါ ဖော်ပြချက်နဲ့ ကိုက်ညီတယ်။ “လူတစ်ယောက် သေဆုံးပြီဆိုရင် အပြစ်ရဲ့ လက်အောက်ကနေ လွတ်မြောက်သွားပြီ။” ဖြောင့်မတ်သူတွေ သေဆုံးသွားတဲ့အခါ သူတို့ လုပ်ခဲ့တဲ့ အပြစ်တွေ ဖြေလွှတ်ခံရတယ်။ သစ္စာရှိမှု မှတ်တမ်းကတော့ ဒီအတိုင်း ဆက်ရှိနေတယ်။ (ဟီ. ၆:၁၀) ဒါပေမဲ့ ထမြောက်ပြီးနောက် အသက်စာစောင်မှာ သူတို့နာမည် ဆက်ရှိနေဖို့ ဆက်သစ္စာရှိနေရမယ်။ w22.09 ၁၈ ¶၁၃၊ ၁၅
သောကြာနေ့၊ ဖေဖော်ဝါရီ ၁၆
[ယေဟောဝါ] လုပ်ဆောင်သမျှ ယုံကြည်စိတ်ချထိုက်တယ်။—ဆာ. ၃၃:၄။
ပရောဖက် ဒံယေလဟာ ယုံကြည်စိတ်ချထိုက်သူ ဖြစ်တယ်။ ဗာဗုလုန် သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခံရပေမဲ့ မကြာခင်မှာပဲ ယုံကြည်စိတ်ချထိုက်သူအဖြစ် နာမည်ကောင်း ရလာတယ်။ ယေဟောဝါရဲ့ အကူအညီကြောင့် နာမည်ကောင်း ပိုရလာပြီး ဗာဗုလုန် ဘုရင် နေဗုခဒ်နေဇာရဲ့ အိပ်မက်တွေကို အနက်ပြန်ပေးရတယ်။ (ဒံ. ၄:၂၀-၂၂၊ ၂၅) နှစ်ပေါင်းများစွာ ကြာပြီးနောက် ဗာဗုလုန် နန်းတော်နံရံမှာ ပေါ်လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သတင်းစကားကို တိတိကျကျ အဓိပ္ပာယ် ပြန်ပေးချိန်မှာလည်း ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း ဒံယေလ သက်သေပြတယ်။ (ဒံ. ၅:၅၊ ၂၅-၂၉) နောက်ပိုင်း၊ မီးဒီးယား ဘုရင် ဒါရိနဲ့ အရာရှိတွေက ဒံယေလရဲ့ “ထူးခြားတဲ့ စိတ်သဘော” ကို သတိထားမိတယ်။ “သူ့ဆီမှာ လစ်ဟင်းပျက်ကွက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ တစ်ခုမှ မတွေ့ရဘူး” လို့ ပြောကြတယ်။ (ဒံ. ၆:၃၊ ၄) ‘ယုံကြည်စိတ်ချနိုင်သူလို့ ငါ့ကို သိကြသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ယုံကြည်စိတ်ချထိုက်သူ ဖြစ်မယ်ဆိုရင် ယေဟောဝါ ဘုန်းထင်ရှားလို့ပဲ။ w22.09 ၈-၉ ¶၂-၄
စနေနေ့၊ ဖေဖော်ဝါရီ ၁၇
ဘုရားသခင် ချစ်ရတဲ့ သားသမီးတွေ ဖြစ်နေတဲ့အတွက် ဘုရားသခင်ကို အတုယူကြပါ။—ဧ. ၅:၁။
ယေဟောဝါရဲ့ အမှားအမှန်စံနှုန်းတွေအတိုင်း နေထိုင်လို့ ကျွန်တော်တို့ အကျိုးရကြတယ်။ ဘာကြောင့်လဲ။ စဉ်းစားကြည့်ပါ– ဘဏ်တိုင်းကသာ ငွေကြေးတန်ဖိုးကို ကိုယ့်စံနှုန်းနဲ့ကိုယ် သတ်မှတ်နေကြရင်၊ ဆောက်လုပ်ရေး ကုမ္ပဏီတိုင်းကသာ အတိုင်းအတာတွေကို ကိုယ့်စံနှုန်းနဲ့ကိုယ် သတ်မှတ်နေကြရင် ဘာတွေ ဖြစ်ကုန်မလဲ။ ပရမ်းပတာ ဖြစ်ကုန်မှာပေါ့။ သတ်မှတ်ထားတဲ့ ဆေးကုသမှု စံနှုန်းကို ဆရာဝန်တွေ၊ သူနာပြုတွေ မလိုက်နာရင် လူနာတွေ အသက်ဆုံးရှုံးနိုင်တယ်။ ယုံကြည်စိတ်ချထိုက်တဲ့ စံနှုန်းတွေဟာ အကာအကွယ် ဖြစ်မှန်း ရှင်းနေပါတယ်။ အလားတူပဲ၊ ဘုရားရဲ့ အမှားအမှန်စံနှုန်းတွေက ကျွန်တော်တို့ကို ကာကွယ်ပေးတယ်။ ယေဟောဝါက မိမိစံနှုန်းတွေအတိုင်း နေထိုင်ဖို့ ကြိုးစားသူတွေကို ကောင်းချီးပေးတယ်။ “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်” လို့ ကတိပေးတယ်။ (ဆာ. ၃၇:၂၉) ယေဟောဝါရဲ့ စံနှုန်းတွေကို လူတိုင်း လိုက်နာတဲ့အချိန် ရောက်ရင် ဘယ်လောက် စည်းလုံး၊ ငြိမ်သက်၊ ပျော်ရွှင်မယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ အဲဒီလိုအသက်တာမျိုး ကျွန်တော်တို့ကို ယေဟောဝါ ရစေချင်တယ်။ ဖြောင့်မတ်မှုကို မြတ်နိုးဖို့ အကြောင်းကောင်းတွေ တကယ် ရှိပါတယ်။ w22.08 ၂၇-၂၈ ¶၆-၈
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၁၈
အရာရာမှာ သတိရှိနေပါ။—၂ တိ. ၄:၅။
အခက်အခဲတွေ ကြုံရတဲ့အခါ ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် ထားတဲ့ သစ္စာစောင့်သိမှု စမ်းသပ်ခံရနိုင်တယ်။ ဒီအခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်မလဲ။ သတိရှိနေရမယ်။ နိုးကြားနေရမယ်။ ယုံကြည်ခြင်း ခိုင်မြဲနေရမယ်။ တည်တည်ငြိမ်ငြိမ် ရှိနေခြင်း၊ ရှင်းရှင်းလင်းလင်း စဉ်းစားတွေးခေါ်ခြင်း၊ ကိစ္စရပ်တွေကို ယေဟောဝါလို ရှုမြင်ခြင်းအားဖြင့် သတိရှိနေနိုင်မယ်။ ဒါဆိုရင် ကိုယ့်အတွေးတွေကို ခံစားချက်က လွှမ်းမိုးတော့မှာ မဟုတ်ဘူး။ ယုံကြည်သူချင်းတစ်ယောက်၊ တာဝန်ရှိ ညီအစ်ကိုတစ်ယောက် ကိုယ့်ကို မတရား ဆက်ဆံတယ်လို့ ခံစားရနိုင်တယ်။ သင့်ကို ထိခိုက်အောင် လုပ်ဖို့ ရည်ရွယ်ချင်မှ ရည်ရွယ်မယ်။ (ရော. ၃:၂၃။ ယာ. ၃:၂) ဒါပေမဲ့ သူ့လုပ်ရပ်ကြောင့် စိတ်ထိခိုက်မိနိုင်တယ်။ ‘ညီအစ်ကိုတစ်ယောက် ဖြစ်ပြီး ဒီလိုလုပ်တာ ဘုရားအဖွဲ့အစည်းမှ ဟုတ်ရဲ့လား’ လို့ တွေးမိနိုင်တယ်။ အဲဒီအတိုင်း စာတန် တွေးစေချင်တယ်။ (၂ ကော. ၂:၁၁) ဒီလို အပျက်သဘော အတွေးတွေက ယေဟောဝါနဲ့ရော အဖွဲ့အစည်းနဲ့ပါ ဝေးကွာသွားစေနိုင်တယ်။ ဒါကြောင့် နာကြည်းမနေဖို့ သတိထားရမယ်။ w22.11 ၂၀ ¶၁၊ ၃။ ၂၁ ¶၄
တနင်္လာနေ့၊ ဖေဖော်ဝါရီ ၁၉
ယေဟောဝါကို မျှော်လင့်ပါ။—ဆာ. ၂၇:၁၄။
သိပ်ကောင်းတဲ့ ထာဝရအသက် မျှော်လင့်ချက် ယေဟောဝါ ပေးထားတယ်။ တချို့က ကောင်းကင်မှာ မသေနိုင်တဲ့ နာမ်ဝိညာဉ် ပုဂ္ဂိုလ်တွေအဖြစ် ထာဝစဉ် အသက်ရှင်ဖို့၊ အများစုကတော့ မြေကြီးပေါ်မှာ ဒေါင်ဒေါင်မြည် ကျန်းမာရေးနဲ့ ပျော်ပျော်ရွှင်ရွှင် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်နေကြတယ်။ (၁ ကော. ၁၅:၅၀၊ ၅၃။ ဗျာ. ၂၁:၃၊ ၄) ကောင်းကင်မှာ ဖြစ်ဖြစ်၊ မြေကြီးမှာ ဖြစ်ဖြစ် ကျွန်တော်တို့အတွက် ထာဝရအသက် မျှော်လင့်ချက်ဟာ တကယ့်ကို အဖိုးတန်တဲ့ မျှော်လင့်ချက်ပါပဲ။ ယေဟောဝါဆီက လာတာ ဖြစ်လို့ ကျွန်တော်တို့ရဲ့ အနာဂတ် မျှော်လင့်ချက် သိပ်သေချာတယ်။ (ရော. ၁၅:၁၃) ဘုရား ဘာတွေ ကတိပေးထားကြောင်း၊ အဲဒီကတိတွေကို အမြဲ ပြည့်စုံစေကြောင်း ကျွန်တော်တို့ သိကြတယ်။ (တော. ၂၃:၁၉) ကတိ မှန်သမျှကို ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒနဲ့ တန်ခိုး ယေဟောဝါမှာ ရှိကြောင်းလည်း သိကြတယ်။ ကျွန်တော်တို့ကို ကောင်းကင်ဘုံစံ အဖဘုရား ချစ်တယ်။ မိမိကို ယုံကြည်ကိုးစားစေချင်တယ်။ ယေဟောဝါကို အခိုင်အမာ မျှော်လင့်မယ်ဆိုရင် အခက်အခဲတွေကို ခံရပ်နိုင်မယ်။ အနာဂတ်ကို ပျော်ရွှင်စွာ သတ္တိရှိရှိ ရင်ဆိုင်နိုင်မယ်။ w22.10 ၂၄ ¶၁-၃
အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၂၀
ဒီလူတွေဟာ ပုန်ကန်တတ်တဲ့သူတွေ၊ . . . ယေဟောဝါရဲ့ပညတ်ကို နာယူချင်စိတ် မရှိတဲ့ သားတွေပဲ။—ဟေရှာ. ၃၀:၉။
ဘုရားစကား နားမထောင်လို့ လူတွေ ဘေးဆိုး ကြုံဖို့ ယေဟောဝါ ခွင့်ပြုလိမ့်မယ်လို့ ဟေရှာယ ကြိုဟောတယ်။ (ဟေရှာ. ၃၀:၅၊ ၁၇။ ယေ. ၂၅:၈-၁၁) တကယ်ပဲ၊ ဗာဗုလုန်ကို သုံ့ပန်းအဖြစ် သူတို့ ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်။ ဒါပေမဲ့ သူတို့ထဲက သစ္စာရှိ ဂျူးတချို့ကိုတော့ တစ်နေ့ကျရင် ဂျေရုဆလင်ဆီ ယေဟောဝါ ပြန်ပို့ပေးမယ် ဆိုပြီး ဟေရှာယ ကြိုဟောတယ်။ (ဟေရှာ. ၃၀:၁၈၊ ၁၉) အဲဒီအတိုင်း အတိအကျ ဖြစ်ခဲ့တယ်။ ဗာဗုလုန် သုံ့ပန်းဘဝကနေ ယေဟောဝါ လွတ်မြောက်စေတယ်။ ဒါပေမဲ့ ချက်ချင်းတော့ မဟုတ်ဘူး။ “ယေဟောဝါက မင်းတို့ကို မျက်နှာသာပေးဖို့ စိတ်ရှည်ရှည် စောင့်နေတယ်” ဆိုတဲ့ စကားက သစ္စာရှိသူတွေ ကယ်တင်ခံရဖို့ အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ခဲ့ရတယ်ဆိုတာ ပြတယ်။ ဗာဗုလုန် သုံ့ပန်းဘဝနဲ့ နှစ် ၇၀ နေပြီးမှ ဂျေရုဆလင်ကို တချို့ ပြန်လာခွင့် ရကြတယ်။ (ဟေရှာ. ၁၀:၂၁။ ယေ. ၂၉:၁၀) နေရင်းပြည် ပြန်ရောက်တဲ့အခါ ဝမ်းနည်းမျက်ရည်တွေဟာ ဝမ်းသာမျက်ရည်အဖြစ် ပြောင်းသွားတယ်။ w22.11 ၉ ¶၄
ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၂၁
ဖြောင့်မှန်ရာကို လုပ်တဲ့အတွက် နှိပ်စက်ခံရသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။—မ. ၅:၁၀။
ယေရှုအကြောင်း ဟောလို့ နှိပ်စက်ခံရတဲ့ ပထမရာစုခေတ် တမန်တော်တွေလို ဒီနေ့ နေရာဒေသ အတော်များများက ညီအစ်ကို/မတွေ ကြုံနေရတယ်။ ဂျူးတရားရုံးချုပ် တရားသူကြီးတွေက “ယေရှုရဲ့နာမည်ကို အမှီပြုပြီး မဟောပြောဖို့” တမန်တော်တွေကို အကြိမ်ကြိမ် “အမိန့်ပေးတယ်။” (တ. ၄:၁၈-၂၀။ ၅:၂၇၊ ၂၈၊ ၄၀) ဒါပေမဲ့ ဂျူးတရားရုံးချုပ်ထက် ပိုကြီးမြတ်သူက ခရစ်တော်အကြောင်း ‘ဟောပြောပြီး စေ့စေ့စပ်စပ် သက်သေခံဖို့ မှာကြားခဲ့’ မှန်း တမန်တော်တွေ သိကြတယ်။ (တ. ၁၀:၄၂) ဒါကြောင့် အဲဒီတရားသူကြီးတွေထက် ဘုရားကို နာခံမယ့်အကြောင်း၊ ယေရှုအကြောင်း မဟောဘဲ မနေမယ့်အကြောင်း တခြားတမန်တော်တွေကိုယ်စား ပေတရုနဲ့ ယောဟန် ပြောတယ်။ (တ. ၅:၂၉) သမာဓိ စောင့်ထိန်းလို့ ရိုက်နှက်ခံရပြီးနောက် “ယေရှုရဲ့နာမည်ကြောင့် အရှက်ခွဲခံရတာကို ဂုဏ်ယူစရာအဖြစ် ယူမှတ်ပြီး ဂျူးတရားရုံးချုပ်ကနေ ဝမ်းမြောက်ဝမ်းသာ ထွက်သွားကြတယ်။” ဆက်ဟောပြောကြတယ်။—တ. ၅:၄၁-၄၂။ w22.10 ၁၂-၁၃ ¶၂-၄
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂၂
ကျွန်တော့်အတွက်တော့ ဘုရားသခင့် အနီးအပါးမှာ နေရတာ အကျိုးရှိပါတယ်။—ဆာ. ၇၃:၂၈။
အခြေခံ ကျမ်းစာ သွန်သင်ချက်တွေကတစ်ဆင့် ယေဟောဝါအကြောင်း ကျွန်တော်တို့ စသိလာကြတယ်။ ဟီဘရူး ခရစ်ယာန်တွေဆီ ရေးတဲ့ စာမှာ အခြေခံ သွန်သင်ချက်တွေကို “အခြေခံ အကြောင်းတွေ” လို့ တမန်တော် ပေါလု ခေါ်ထားတယ်။ “အခြေခံ အယူဝါဒတွေ” ကို ပေါလု အလေးမထားလို့ မဟုတ်ပါဘူး။ ကလေးကို ကြီးထွားစေတဲ့ နို့နဲ့တောင် နှိုင်းယှဉ်ထားတယ်။ (ဟီ. ၅:၁၂။ ၆:၁) ဒါပေမဲ့ အခြေခံ သွန်သင်ချက်တွေလောက် သာမက နက်နဲတဲ့ ကျမ်းစာ အမှန်တရားတွေကို ဆက်လေ့လာဖို့ ခရစ်ယာန်အားလုံးကို တိုက်တွန်းတယ်။ နက်နဲတဲ့ ကျမ်းစာ သွန်သင်ချက်တွေကို သင် လေ့လာချင်စိတ် ရှိသလား။ ယေဟောဝါအကြောင်း၊ ဘုရားရည်ရွယ်ချက်တွေအကြောင်း ဆက်လေ့လာသင်ယူချင်စိတ် ရှိသလား။ လူအများစုအတွက် လေ့လာမှု လုပ်ရတာ ခက်တယ်။ သင့်အတွက်ကော။ ကျောင်းမှာ ကောင်းကောင်း ဖတ်ရှုလေ့လာတတ်ဖို့ သင်ယူခဲ့သလား။ လေ့လာတဲ့အခါ ပျော်စရာကောင်းတယ်၊ လေ့လာရကျိုးနပ်တယ်လို့ ခံစားရသလား။ ဒါမှမဟုတ် စာပေဘက် ပါရမီ မပါဘူးလို့ ခံစားရသလား။ လူများစွာ အဲဒီလို ခံစားကြရတယ်။ ဒါပေမဲ့ အကောင်းဆုံး သွန်သင်ရှင် ယေဟောဝါ ကူညီပေးနိုင်တယ်။ w23.03 ၉-၁၀ ¶၈-၁၀
သောကြာနေ့၊ ဖေဖော်ဝါရီ ၂၃
ခင်ဗျားတို့ကို ကယ်တင်နိုင်တဲ့ တရားစကားတော် စိုက်ပျိုးတာကို နူးညံ့သိမ်မွေ့တဲ့ စိတ်နဲ့ လက်ခံကြပါ။—ယာ. ၁:၂၁။
နူးညံ့သိမ်မွေ့တဲ့စိတ် ရှိရင် စိတ်နှလုံးထဲ ဘုရားသခင့်တရားစကားတော် အမြစ်စွဲမယ်။ အပြစ်ရှာတဲ့၊ မာနကြီးတဲ့ သဘောထား မရှိမှ ကရုဏာ၊ ထောက်ထားစာနာမှု၊ မေတ္တာနဲ့ပတ်သက်တဲ့ ကျမ်းစာ သင်ခန်းစာတွေက ကျွန်တော်တို့ကို ပုံသွင်းပေးမှာ ဖြစ်တယ်။ ဖာရိရှဲတွေဟာ ကျမ်းစာပုံသွင်းမှု မခံယူတဲ့အတွက် ‘အပြစ်မရှိသူတွေကို အပြစ်တင်’ ကြတယ်။ (မ. ၁၂:၇) အဲဒီလိုပဲ တခြားသူတွေကို ကျွန်တော်တို့ ရှုမြင်ပုံ၊ ဆက်ဆံပုံက ကျမ်းစာပုံသွင်းမှု ခံယူနေ၊ မနေ ဖော်ပြတယ်။ ဥပမာ၊ တခြားသူတွေရဲ့ ကောင်းကွက်ကို မြင်သလား။ ဒါမှမဟုတ် ထစ်ခနဲဆို အပြစ်ထောက်တတ်သလား။ ကရုဏာစိတ် ရှိသလား။ ခွင့်လွှတ်ဖို့ အသင့်ရှိသလား။ ဒါမှမဟုတ် အပြစ်ရှာသလား။ အငြိုးထားသလား။ အဲဒီလို ဆန်းစစ်ခြင်းက ကိုယ့်အတွေး၊ ခံစားချက်၊ လုပ်ရပ်တွေကို ကျမ်းစာ ပုံသွင်းပေးနေ၊ မနေ သိစေနိုင်တယ်။—၁ တိ. ၄:၁၂၊ ၁၅။ ဟီ. ၄:၁၂။ w23.02 ၁၂ ¶၁၃-၁၄
စနေနေ့၊ ဖေဖော်ဝါရီ ၂၄
မင်းရဲ့ ဘုရား ယေဟောဝါဟာ မင်းရဲ့ ညာလက်ကို ဆုပ်ကိုင်ပြီး ‘မကြောက်နဲ့။ ငါကူညီမယ်’ လို့ ပြောတဲ့အရှင်ပဲ။—ဟေရှာ. ၄၁:၁၃။
အရိမသဲမြို့သား ယောသပ်အကြောင်း စဉ်းစားကြည့်ပါ။ ဂျူးအသိုင်းအဝိုင်းမှာ အထင်ကရ ပုဂ္ဂိုလ် ဖြစ်တယ်။ ဂျူးတရားရုံးချုပ် အဖွဲ့ဝင် ဖြစ်တယ်။ ဒါပေမဲ့ ယေရှုရဲ့ မြေကြီး အမှုဆောင်လုပ်ငန်းအတွင်း သတ္တိ မရှိဘူး။ “ဂျူးတွေကို ကြောက်လို့ ယေရှုရဲ့တပည့် ဖြစ်မှန်း လူသိမခံရဲတဲ့သူ” ဖြစ်တယ်လို့ ယောဟန် ပြောတယ်။ (ယော. ၁၉:၃၈) နိုင်ငံတော်သတင်းကို စိတ်ဝင်စားပေမဲ့ ယေရှုကို ယုံကြည်တယ်ဆိုတာ လူသိမခံရဲဘူး။ ကိုယ့်အသိုင်းအဝိုင်းမှာ ဂုဏ်အသရေရှိ အနေအထား ဆုံးရှုံးသွားမှာ ကြောက်နေပုံရတယ်။ ဘာပဲဖြစ်ပါစေ ယေရှု သေဆုံးပြီးနောက်မှာတော့ “ပိလတ်မင်းကို အရဲစွန့် ဝင်တွေ့ပြီး ယေရှုအလောင်းကို တောင်းတယ်။” (မာ. ၁၅:၄၂၊ ၄၃) ယေရှုရဲ့ တိတ်တိတ်ပုန်းတပည့် မဟုတ်တော့ဘူး။ ယောသပ်လိုပဲ သင်လည်း လူကြောက်တတ်သူလား။ w23.01 ၃၀ ¶၁၃-၁၄
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၂၅
မင်းကြီးရဲ့လူတွေဟာ မင်္ဂလာရှိလိုက်တာ။ ရှေ့တော်မှာ အမြဲခစားပြီး မင်းကြီးရဲ့ ဉာဏ်ပညာစကားကို ကြားနာရတဲ့ အမှုထမ်းတွေလည်း မင်္ဂလာရှိလိုက်တာ။—၁ ဘု. ၁၀:၈။
ရှောလမုန် အုပ်ချုပ်မှုအောက် အစ္စရေးတွေ ခံစားရတဲ့ ငြိမ်းချမ်းမှု၊ သာယာဝပြောမှု သတင်းတွေ ရှေဘ ဘုရင်မ ကြားတယ်။ အခြေအနေကို ကိုယ်တိုင် လာကြည့်ဖို့ ဂျေရုဆလင်မြို့ကို ခရီးဝေး နှင်လာတယ်။ (၁ ဘု. ၁၀:၁) ရှောလမုန်ရဲ့ တိုင်းပြည်ကို လှည့်လည်ကြည့်ရှုပြီးနောက် အထက်ပါ စကားတွေ ပြောတယ်။ ရှောလမုန် အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တဲ့ အခြေအနေတွေဟာ သားတော်ယေရှု အုပ်ချုပ်မှုအောက်မှာ လူသားတွေအတွက် ယေဟောဝါ လုပ်ပေးမယ့် အရာတွေရဲ့ အမြည်းပဲ ရှိသေးတယ်။ ယေရှုဟာ ရှောလမုန်ထက် အရာရာမှာ သာလွန်မြင့်မြတ်တယ်။ ရှောလမုန်ဟာ မစုံလင်သူ ဖြစ်တယ်။ ကြီးလေးတဲ့ အမှားတွေ လုပ်တဲ့အတွက် နောက်ပိုင်းမှာ ဘုရားလူမျိုး ပြဿနာတွေ ကြုံခဲ့ရတယ်။ ယေရှုကတော့ အမှားမလုပ်တဲ့၊ ပြည့်ဝစုံလင်တဲ့ ဘုရင် ဖြစ်တယ်။ (လု. ၁:၃၂။ ဟီ. ၄:၁၄၊ ၁၅) ဘယ်တော့မှ အပြစ်မလုပ်ဘူး၊ မိမိရဲ့ သစ္စာရှိ လက်အောက်ခံပြည်သူတွေ ထိခိုက်မယ့်အရာ ဘာတစ်ခုမှ မလုပ်ဘူးဆိုတာ သက်သေပြခဲ့တယ်။ အဲဒီလို ဘုရင်မျိုး ရထားတာ တကယ့် အခွင့်ထူးပါပဲ။ w22.12 ၁၁ ¶၉-၁၀
တနင်္လာနေ့၊ ဖေဖော်ဝါရီ ၂၆
ခင်ဗျားတို့ကို ဦးဆောင်တဲ့သူတွေကို နာခံပါ၊ လက်အောက်ခံပါ။ ခင်ဗျားတို့ကို သူတို့ ဂရုစိုက်စောင့်ရှောက်ပေးနေတယ်။—ဟီ. ၁၃:၁၇။
ကျွန်တော်တို့ ဒေသမှာ ကူးစက်လွယ်ရောဂါ ပျံ့နေတယ်ဆိုရင် ဘာလုပ်သင့်သလဲ။ လက်ဆေးတာ၊ ခပ်ခွာခွာ နေတာ၊ နှာခေါင်းစည်း တပ်တာ၊ ကွာရန်တင်း ဝင်တာလိုမျိုး အစိုးရက ထုတ်ပြန်တဲ့ လမ်းညွှန်ချက်တွေကို လိုက်နာသင့်တယ်။ ဒါက ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ပြရာ ရောက်တယ်။ အရေးပေါ် အခြေအနေ ကြုံတဲ့အခါ မိတ်ဆွေ၊ အိမ်နီးချင်းတွေကြားမှာ၊ မီဒီယာတွေမှာ မတိကျတဲ့ သတင်းတွေ ပြန့်နေနိုင်တယ်။ “ပြောသမျှ” ယုံမယ့်အစား အစိုးရနဲ့ ကျန်းမာရေး ဌာနတွေဆီက ယုံကြည်စိတ်ချရတဲ့ သတင်းတွေကို နားထောင်သင့်တယ်။ (ပညာ. ၁၄:၁၅) ဟောပြောခြင်းလုပ်ငန်း၊ အသင်းတော် အစည်းအဝေးတွေနဲ့ပတ်သက်ပြီး လမ်းညွှန်ချက် မပေးခင် တိကျတဲ့ သတင်း ရဖို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဌာနခွဲတွေက အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ အဲဒီလမ်းညွှန်ချက်တွေကို လိုက်နာရင် ကိုယ်တိုင်နဲ့ တခြားသူတွေ ဘေးကင်းမယ်။ ရပ်ကွက်မှာလည်း အသင်းတော် နာမည်ကောင်း ပိုရလာမယ်။—၁ ပေ. ၂:၁၂။ w23.02 ၂၃ ¶၁၁-၁၂
အင်္ဂါနေ့၊ ဖေဖော်ဝါရီ ၂၇
နားထောင်ပြီး နာယူခိုင်းပါ။ ဒါမှ . . . ယေဟောဝါဘုရားကို ကြောက်ရွံ့တတ်လာမယ်။—တရား. ၃၁:၁၃။
ကတိထားရာပြည်ထဲ အစ္စရေးလူမျိုး ဝင်တဲ့အခါ နေရာဒေသ အသီးသီးမှာ အခြေချကြတယ်။ တခြားဒေသမှာ နေတဲ့ အစ္စရေးအချင်းချင်းရဲ့ အကျိုးကို ထည့်မစဉ်းစားမိတော့တာမျိုး အလွယ်တကူ ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ကျမ်းစာ ဖတ်တာ၊ ရှင်းပြတာကို အတူ စုဝေးပြီး နားထောင်ဖို့ အထူးအချိန်အခါတွေ ယေဟောဝါ စီစဉ်ပေးထားတယ်။ (တရား. ၃၁:၁၀-၁၃။ နေ. ၈:၂၊ ၈၊ ၁၈) သစ္စာရှိ အစ္စရေးတစ်ယောက် ဂျေရုဆလင်ကို ရောက်လာပြီး ဒေသအသီးသီးက သန်းနဲ့ချီတဲ့ သစ္စာရှိ ဝတ်ပြုသူချင်းတွေကို မြင်လိုက်ရတဲ့အခါ ဘယ်လို ခံစားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဒီနည်းအားဖြင့် မိမိလူမျိုး စည်းလုံးနေဖို့ ယေဟောဝါ ကူညီပေးတယ်။ နောက်ပိုင်း၊ ခရစ်ယာန် အသင်းတော် ဖွဲ့စည်းတဲ့အခါ ဘာသာစကား၊ လူမှုရေး၊ စီးပွားရေး နောက်ခံ အမျိုးမျိုးက အမျိုးသား/သမီးတွေ ပါဝင်လာကြတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ဘုရားကို စည်းစည်းလုံးလုံး ဝတ်ပြုကြတယ်။ ယုံကြည်သူ ဖြစ်လာသူတွေဟာ အချင်းချင်းရဲ့ အကူအညီကြောင့်၊ အတူတကွ စည်းဝေးခြင်းကြောင့်သာ ကျမ်းစာကို နားလည်နိုင်ခဲ့ကြတာ။—တ. ၂:၄၂။ ၈:၃၀၊ ၃၁။ w23.02 ၃ ¶၇
ဗုဒ္ဓဟူးနေ့၊ ဖေဖော်ဝါရီ ၂၈
ဘုရားသခင် ပေးတဲ့ ဆုကျေးဇူးကတော့ . . . ထာဝရအသက်ပဲ။—ရော. ၆:၂၃။
မိမိကို နာခံသူတွေ “ထာဝရအသက်” ရမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ အဲဒီကတိအကြောင်း စဉ်းစားတိုင်း ဘုရားကို ချစ်တဲ့ မေတ္တာ တိုးများလာတယ်။ ကျွန်တော်တို့ကို ကောင်းကင်ဘုံစံ အဖ သိပ်ချစ်လို့ မိမိနဲ့ ဘယ်တော့မှ ဝေးကွာမသွားရအောင် ဒီလက်ဆောင် ပြင်ဆင်ပေးထားတာ။ ဘုရားပေး ထာဝရအသက် ကတိဟာ လက်ရှိ အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ကူညီပေးတယ်။ သတ်ပစ်မယ်လို့ ရန်သူတွေ ခြိမ်းခြောက်ချိန်မှာတောင် ကျွန်တော်တို့ အလျှော့မပေးကြဘူး။ ဘာကြောင့်လဲ။ အကြောင်းရင်းတစ်ခုကတော့ သစ္စာရှိရှိ သေဆုံးသွားရင် ဘယ်တော့မှ မသေတော့မယ့် အလားအလာနဲ့ ကျွန်တော်တို့ကို ဘုရား ပြန်ထမြောက်ပေးမယ်ဆိုတာ သိထားကြလို့ပဲ။ (ယော. ၅:၂၈၊ ၂၉။ ၁ ကော. ၁၅:၅၅-၅၈။ ဟီ. ၂:၁၅) ယေဟောဝါဟာ အသက်ရဲ့ ပင်ရင်း ဖြစ်ပြီး ထာဝစဉ် အသက်ရှင်လို့ ကျွန်တော်တို့ကို ထာဝရအသက် ပေးနိုင်တယ်။ (ဆာ. ၃၆:၉) ယေဟောဝါ အမြဲ တည်ရှိခဲ့ပြီး အမြဲ တည်ရှိမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ဆာ. ၉၀:၂။ ၁၀၂:၁၂၊ ၂၄၊ ၂၇။ w22.12 ၂ ¶၁-၃
ကြာသပတေးနေ့၊ ဖေဖော်ဝါရီ ၂၉
ခရစ်တော်ရဲ့ မေတ္တာကို မခံစားရတော့အောင် ကျွန်တော်တို့ကို ဘာက တားဆီးနိုင်လို့လဲ။ ဒုက္ခရောက်ခြင်း၊ စိတ်ဆင်းရဲခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း . . . စတာတွေလား။—ရော. ၈:၃၅။
ယေဟောဝါရဲ့ လူမျိုးအနေနဲ့ အခက်အခဲတွေ ကြုံရတဲ့အခါ ကျွန်တော်တို့ မအံ့ဩကြဘူး။ “ဒုက္ခ အများကြီး ခံပြီးမှ ဘုရားသခင့် နိုင်ငံတော် ဝင်ရမယ်” လို့ ကျမ်းစာ ပြောထားတာ သိကြတယ်။ (တ. ၁၄:၂၂) ‘သေခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်း မရှိတော့မယ့်’ ကမ္ဘာသစ်ကျမှ ပြဿနာအားလုံး အပြီးအပိုင် ပြေလည်သွားမယ်ဆိုတာလည်း သိကြတယ်။ (ဗျာ. ၂၁:၄) အခက်အခဲတွေ မကြုံရအောင် ယေဟောဝါ ကာကွယ်မပေးဘူး။ ဒါပေမဲ့ ခံရပ်နိုင်အောင် ကူညီပေးတယ်။ ရောမမြို့က ခရစ်ယာန်တွေကို တမန်တော် ပေါလု ဘာပြောလဲ သတိပြုကြည့်ပါ။ သူနဲ့ ညီအစ်ကို/မတွေ ကြုံနေရတဲ့ ပြဿနာတွေအကြောင်း အရင်ဆုံး ပြောတယ်။ ပြီးနောက် ‘ကျွန်တော်တို့ကို ချစ်တဲ့ သခင်အားဖြင့် အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြတယ်’ လို့ ရေးတယ်။ (ရော. ၈:၃၆၊ ၃၇) ဒါက စမ်းသပ်မှု ကြုံနေရချိန်အတွင်းမှာတောင် သင် အောင်မြင်အောင် ယေဟောဝါ ကူညီပေးနိုင်တယ်ဆိုတာ ဖော်ပြတယ်။ w23.01 ၁၄ ¶၁-၂