မေ
ဗုဒ္ဓဟူးနေ့၊ မေ ၁
မရေတွက်နိုင်အောင် များတဲ့ လူအုပ်ကြီးတစ်အုပ်ကို မြင်တယ်။ သူတို့ဟာ လူမျိုးတွေ၊ မျိုးနွယ်တွေ၊ လူစုတွေ၊ ဘာသာစကားအမျိုးမျိုး ပြောဆိုသူတွေထဲက ထွက်လာသူတွေပဲ။—ဗျာ. ၇:၉။
ကောင်းကင် သွားမယ့် အုပ်စုပြီးနောက် “လူအုပ်ကြီးတစ်အုပ်” ကို ယောဟန် မြင်တယ်။ ၁၄၄,၀၀၀ နဲ့ မတူဘဲ ဒီအုပ်စုကတော့ မရေတွက်နိုင်အောင် များတယ်။ သူတို့အကြောင်း ဘာသိရသလဲ။ “ဒီလူတွေဟာ ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာသူတွေပဲ။ သူတို့ရဲ့ ဝတ်လုံကို သိုးသငယ်ရဲ့ သွေးနဲ့ ဖြူအောင် လျှော်ဖွပ်ခဲ့ကြပြီ” လို့ ယောဟန်ကို ပြောတယ်။ (ဗျာ. ၇:၁၄) ကြီးစွာသောဒုက္ခကနေ လွတ်မြောက်ပြီးနောက် ဒီ “လူအုပ်ကြီး” ဟာ ကမ္ဘာမြေမှာ အံ့ဖွယ်ကောင်းချီးတွေ ခံစားရမယ်။ (ဆာ. ၃၇:၉-၁၁၊ ၂၇-၂၉။ ပညာ. ၂:၂၁၊၂၂။ ဗျာ. ၇:၁၆၊ ၁၇) ကောင်းကင် သွားဖို့ ရွေးချယ်ခံရတာပဲ ဖြစ်ဖြစ်၊ မြေကြီးပေါ် အသက်ရှင်ဖို့ ရွေးချယ်ခံရတာပဲ ဖြစ်ဖြစ် ဗျာဒိတ် အခန်းကြီး ၇ ပါ ဖော်ပြချက်မှာ ကိုယ်တိုင် ပါဝင်နေတယ်လို့ မြင်ယောင်သင့်တယ်။ ဘုရားကျေးကျွန် အုပ်စုနှစ်စုစလုံးအတွက် စိတ်လှုပ်ရှားစရာပါပဲ။ ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ထောက်ခံဖို့ ရွေးချယ်ခဲ့လို့ ဝမ်းသာရပါလိမ့်မယ်။ w22.05 ၁၆ ¶၆-၇
ကြာသပတေးနေ့၊ မေ ၂
ယေဟောဝါက ဉာဏ်ပညာကို ပေးတယ်။—ပညာ. ၂:၆။
အရေးကြီး ဆုံးဖြတ်ချက် ချရတော့မယ်ဆိုရင် ဉာဏ်ပညာ ရဖို့ သေချာပေါက် ဆုတောင်းမှာပဲ။ (ယာ. ၁:၅) “ဉာဏ်ပညာဟာ အရေးကြီးဆုံးပဲ” လို့ ဘုရင် ရှောလမုန် ရေးတယ်။ (ပညာ. ၄:၇) ယေဟောဝါဘုရားဆီက လာတဲ့ ဉာဏ်ပညာအကြောင်း ရှောလမုန် ပြောနေတာ။ ဘုရားဆီက လာတဲ့ ဉာဏ်ပညာက ဒီနေ့ခေတ် ပြဿနာတွေကို ဖြေရှင်းဖို့ ကူညီပေးနိုင်မလား။ ကူညီနိုင်ပါတယ်။ ကျွန်တော်တို့ အမှန်တကယ် ဉာဏ်ပညာ ရှိလာနိုင်တဲ့ နည်းကတော့ ပညာရှိ ပုဂ္ဂိုလ် နှစ်ယောက်ရဲ့ သွန်သင်ချက်တွေကို လေ့လာကျင့်သုံးခြင်းအားဖြင့်ပါပဲ။ ဦးဆုံး၊ ရှောလမုန်အကြောင်း သုံးသပ်ကြည့်ပါ။ “ဘုရားသခင်က ရှောလမုန်ကို အတိုင်းမသိ များပြားတဲ့ ဉာဏ်ပညာနဲ့ ပိုင်းခြားသိမြင်မှု ပေးသနားတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ဘု. ၄:၂၉) ပြီးနောက်၊ တုနှိုင်းလို့ မရတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်ထားတဲ့ ယေရှုအကြောင်း သုံးသပ် ကြည့်ပါ။ (မ. ၁၂:၄၂) ယေရှုနဲ့ပတ်သက်ပြီး ကျမ်းစာမှာ “ယေဟောဝါရဲ့ စွမ်းအားတော်က သူ့အပေါ်မှာ တည်နေမယ်။ ဒါကြောင့် သူဟာ ဉာဏ်ပညာနဲ့ ပြည့်စုံပြီး သိနားလည်နိုင်စွမ်း ကြွယ်ဝမယ်” လို့ ကြိုဟောထားတယ်။—ဟေရှာ. ၁၁:၂။ w22.05 ၂၀ ¶၁-၂
သောကြာနေ့၊ မေ ၃
နောက်မျိုးဆက်တွေကို ကိုယ်တော့် တန်ခိုးအကြောင်း . . . ပြောပြချင်ပါတယ်။—ဆာ. ၇၁:၁၈။
ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်ဖို့၊ ပြည့်မီဖို့ အသက်ကြီးလွန်းတယ်ဆိုတာ မရှိဘူး။ အသက် ၇၅ နှစ်အရွယ် ညီအစ်မ ဗယ်ဗာလီရဲ့ ပုံသက်သေကို သုံးသပ်ကြည့်ပါ။ ကျန်းမာရေး ပြဿနာကြောင့် လမ်းသိပ်မလျှောက်နိုင်ဘူး။ ဒါပေမဲ့ အောက်မေ့ရာပွဲ ကင်ပိန်းမှာ အပြည့်အဝ ပါဝင်ချင်တဲ့အတွက် သတ်သတ်မှတ်မှတ် ပန်းတိုင်ချတယ်။ ကင်ပိန်းမှာ ပန်းတိုင် ပြည့်မီခဲ့လို့ သိပ်ပျော်သွားတယ်။ ညီအစ်မရဲ့ လုပ်ရပ်က အမှုဆောင်မှာ ပိုပါဝင်ဖို့ တခြားသူတွေကို လှုံ့ဆော်ပေးတယ်။ အခြေအနေ အကန့်အသတ် ဖြစ်နေတဲ့ကြား အတတ်နိုင်ဆုံး လုပ်ဆောင်နေတဲ့ သက်ကြီး ညီအစ်ကို/မတွေကို ယေဟောဝါ တန်ဖိုးထားတယ်။ (ဆာ. ၇၁:၁၇) လက်လှမ်းမီနိုင်တဲ့ ပန်းတိုင်တွေ ချမှတ်ပါ။ ယေဟောဝါရဲ့ နှစ်သက်မှု ရစေတဲ့ အရည်အသွေးတွေ မွေးမြူပါ။ ဘုရားသခင်နဲ့ အဖွဲ့အစည်းအတွက် အသုံးဝင်စေမယ့် အတတ်ပညာတွေ သင်ယူပါ။ ညီအစ်ကို/မတွေအတွက် ပိုအကျိုးဆောင်နိုင်ဖို့ နည်းလမ်းရှာပါ။ ယေဟောဝါရဲ့ ကောင်းချီးကြောင့် တိမောသေလိုပဲ ‘လူအားလုံးရှေ့ သင့်ရဲ့ တိုးတက်မှု ထင်ရှားမြင်သာလာပါလိမ့်မယ်။’—၁ တိ. ၄:၁၅။ w22.04 ၂၇ ¶၁၈-၁၉
စနေနေ့၊ မေ ၄
သမ္မာကျမ်းစာကို နို့စို့အရွယ်ကတည်းက မင်း သိရှိခဲ့တယ်။—၂ တိ. ၃:၁၅။
အတတ်နိုင်ဆုံး ကြိုးစားသွန်သင်ပေးပေမဲ့ ယေဟောဝါကို မကိုးကွယ်ချင်ဘူးလို့ သားသမီး ပြောလာရင် ဘယ်လို လုပ်မလဲ။ မိဘတာဝန် မကျေဘူးလို့ ကောက်ချက် မချပါနဲ့။ ဘုရားကို ကိုးကွယ်မလား၊ မကိုးကွယ်ဘူးလားဆိုတာ သားသမီးတွေ အပါအဝင် ကျွန်တော်တို့အားလုံးကို ယေဟောဝါ လွတ်လပ်စွာ ရွေးချယ်ခွင့် ပြုထားတယ်။ တစ်နေ့ ပြန်လာမှာပါဆိုတဲ့ မျှော်လင့်ချက်ကို မစွန့်လွှတ်လိုက်ပါနဲ့။ ပျောက်တဲ့ သား ပုံဥပမာကို သတိရပါ။ (လု. ၁၅:၁၁-၁၉၊ ၂၂-၂၄) လူငယ်ဟာ လမ်းမှား ရောက်သွားပေမဲ့ နောက်ဆုံးမှာ ပြန်လှည့်လာတယ်။ ယေဟောဝါကို ဝတ်ပြုကိုးကွယ်လာမယ့် မျိုးဆက်သစ် တစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတဲ့ အခွင့်ထူး မိဘတွေ ရထားတယ်။ (ဆာ. ၇၈:၄-၆) ယေဟောဝါကို ချစ်လာဖို့၊ ဘုရားရဲ့ သွန်သင်ချက်၊ လမ်းညွှန်ချက်တွေကို နာခံဖို့ သားသမီးတွေကို ကူညီပေးရတာ လွယ်ကူတဲ့ တာဝန် မဟုတ်လို့ သင်တို့ရဲ့ ကြိုးစားအားထုတ်မှုကို တကယ် ချီးမွမ်းပါတယ်။ ကောင်းကင်ဘုံစံ မေတ္တာရှင် အဖ ကျေနပ်ဝမ်းသာမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—ဧ. ၆:၄။ w22.05 ၃၀-၃၁ ¶၁၆-၁၈
တနင်္ဂနွေနေ့၊ မေ ၅
ခန္ဓာကိုယ်တစ်ခုလုံးဟာ အချိတ်အဆက်မိမိ လုပ်ဆောင်နေတယ်။—ဧ. ၄:၁၆။
အသင်းတော်မှာ စည်းလုံးငြိမ်သက်မှု တိုးများစေဖို့ ကျွန်တော်တို့ ယောက်တိုင်း ကိုယ့်ရဲ့ အကောင်းဆုံးကို ပေးဖို့ လိုတယ်။ ပထမရာစု ခရစ်ယာန်တွေအကြောင်း စဉ်းစားကြည့်ပါ။ ဆုကျေးဇူး အမျိုးမျိုး၊ တာဝန် အမျိုးမျိုး ရရှိထားတယ်။ (၁ ကော. ၁၂:၄၊ ၇-၁၁) ဒါပေမဲ့ အချင်းချင်း မပြိုင်ဆိုင်ဘူး။ စိတ်ဝမ်းမကွဲကြဘူး။ “ခရစ်တော်ရဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ပေးဖို့” လိုအပ်တာ မှန်သမျှ လုပ်ဆောင်ပါလို့ သူတို့ကို ပေါလု အားပေးတယ်။ “ကိုယ်အင်္ဂါအသီးသီးကလည်း ဆိုင်ရာတာဝန်ကို လုပ်ဆောင်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံး ကြီးထွားလာပြီး ချစ်ခြင်းမေတ္တာ ခိုင်မြဲလာတယ်” လို့ ဧဖက် အသင်းတော်ကို ပြောတယ်။ (ဧ. ၄:၁-၃၊ ၁၁၊ ၁၂) အဲဒီအတိုင်း လုပ်ဆောင်ကြတဲ့အတွက် စည်းလုံးငြိမ်သက်မှု တိုးများလာတယ်။ ဒီနေ့ခေတ် အသင်းတော်တွေမှာလည်း အဲဒီလိုပါပဲ။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ မနှိုင်းယှဉ်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ယေရှုဆီကနေ သင်ယူပါ။ ယေရှုရဲ့ အရည်အသွေးတွေကို တုပပါ။ ‘ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ ဘုရား ဖြစ်လို့ သင့်လုပ်ရပ်ကို ဘယ်တော့မှ မမေ့ဘူး’ ဆိုတာ စိတ်ချပါ။ (ဟီ. ၆:၁၀) ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ စိတ်နှလုံး အကြွင်းမဲ့ သင် ကြိုးစားအားထုတ်တာကို ဘုရား တန်ဖိုးထားတယ်။ w22.04 ၁၄ ¶၁၅-၁၆
တနင်္လာနေ့၊ မေ ၆
အပြစ်ရှိသူတွေကို ကယ်တင်ဖို့ ဒီလောကကို ခရစ်တော်ယေရှု ဆင်းလာတယ်။—၁ တိ. ၁:၁၅။
အပြစ်လုပ်ထားသူကို ယေဟောဝါ ခွင့်လွှတ်မလွှတ် ဆုံးဖြတ်ရမှာ ကျွန်တော်တို့ တာဝန် မဟုတ်လို့ ကျေးဇူးတင်စရာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်တိုင် ဆုံးဖြတ်ရမှာ ရှိတယ်။ အဲဒါ ဘာလဲ။ တချို့ကိစ္စတွေမှာ ကိုယ့်ကို အကြီးအကျယ် ပြစ်မှားသူက ခွင့်လွှတ်ဖို့ လာတောင်းပန်တာမျိုး ရှိနိုင်တယ်။ လာမတောင်းပန်တာလည်း ဖြစ်နိုင်တယ်။ အဲဒီအခါမျိုးမှာတောင် နာကြည်းမနေဖို့၊ ဒေါသမထွက်ဖို့ ဆုံးဖြတ်ခြင်းအားဖြင့် ခွင့်လွှတ်နိုင်တယ်။ အထူးသဖြင့် ကိုယ့်ဘက်က အကြီးအကျယ် နစ်နာခဲ့တယ်ဆိုရင် အဲဒီလို ခွင့်လွှတ်ဖို့ အချိန်နဲ့ ကြိုးစားအားထုတ်မှု လိုနိုင်တယ်။ ၁၉၉၄၊ စက်တင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် မှာ ဒီလိုပြောတယ်– “အပြစ်ပြုသူတစ်ဦးကို သင် ခွင့်လွှတ်လိုက်ခြင်းသည် အပြစ်ကို သင် ခွင့်ပြုခြင်း မမည်ကြောင်းကိုလည်း သတိရပါ။ ခရစ်ယာန်များအတွက် အပြစ်လွှတ်ခြင်းမည်သည် အမှုကိစ္စများကို ယေဟောဝါ၏ လက်တော်သို့ ယုံကြည်စိတ်ချစွာ လွှဲအပ်လိုက်ခြင်း ဖြစ်သည်။ ကိုယ်တော်သည် စကြဝဠာတစ်ခွင်၌ အဖြောင့်မတ်ဆုံးသော တရားသူကြီး ဖြစ်ပြီး တော်သင့်သည့်အချိန်တွင် တရားမျှတမှုကို ကိုယ်တော် စီရင်တော်မူမည်။” w22.06 ၉ ¶၆-၇
အင်္ဂါနေ့၊ မေ ၇
ယေဟောဝါကို မျှော်လင့်ပါ။—ဆာ. ၂၇:၁၄။
ကျွန်တော်တို့ခေတ်မှာ လူမျိုး၊ မျိုးနွယ်၊ ဘာသာစကား အမျိုးမျိုး ပြောဆိုသူတွေထဲက လူတွေကို စုသိမ်းမယ်၊ စင်ကြယ်တဲ့ ဝတ်ပြုရေးမှာ စည်းလုံးစေမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ ဒီနေ့ ထူးခြားတဲ့ အဲဒီလူစုကို “လူအုပ်ကြီး” လို့ သိထားကြတယ်။ (ဗျာ. ၇:၉၊ ၁၀) နောက်ခံ အသီးသီးက အမျိုးသား/သမီး၊ ကလေးတွေနဲ့ ဖွဲ့စည်းထားပေမဲ့ ငြိမ်သက်စည်းလုံးတဲ့ ကမ္ဘာချီ ညီအစ်ကို အသင်းအပင်း ဖြစ်နေတယ်။ (ဆာ. ၁၃၃:၁။ ယော. ၁၀:၁၆) နားထောင်ချင်သူတွေကို ပိုကောင်းတဲ့ ကမ္ဘာအကြောင်း မျှော်လင့်ချက် ဝေမျှဖို့ အမြဲ အသင့်ရှိကြတယ်။ (မ. ၂၈:၁၉၊ ၂၀။ ဗျာ. ၁၄:၆၊ ၇။ ၂၂:၁၇) သင်ဟာ လူအုပ်ကြီးအဝင်ဆိုရင် ပိုကောင်းတာတွေ ဖြစ်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်ကို သိပ်တန်ဖိုးထားမှာပဲ။ သင့်မျှော်လင့်ချက်ကို မာရ်နတ် ပျက်ပြားသွားစေချင်တယ်။ ရည်ရွယ်ချက်က ယေဟောဝါ ကတိမတည်ဘူးလို့ ယုံစေချင်တာ။ ကျွန်တော်တို့ မျှော်လင့်ချက်သာ ပျက်ပြားသွားရင် သတ္တိ လျော့လာမယ်။ ယေဟောဝါကို ဝတ်မပြုတော့တဲ့အထိ ဖြစ်သွားမယ်။ w22.06 ၂၀-၂၁ ¶၂-၃
ဗုဒ္ဓဟူးနေ့၊ မေ ၈
ဒီမျှော်လင့်ချက်ဟာ ကျွန်တော်တို့အတွက် ကျောက်ဆူးလို ခိုင်ခံ့မြဲမြံနေတယ်။—ဟီ. ၆:၁၉။
ခိုင်မာတဲ့ မျှော်လင့်ချက်က မုန်တိုင်းပြီးရင် လေပြေ လာမယ်ဆိုတာ စိတ်ချစေလို့ အခက်အခဲတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ဖို့ ကူညီပေးတယ်။ ကျွန်တော်တို့ ညှဉ်းဆဲခံရမယ်လို့ ယေရှု သတိပေးခဲ့တာ မမေ့ပါနဲ့။ (ယော. ၁၅:၂၀) ဒါကြောင့် ယေဟောဝါ ကတိပေးထားတဲ့ အနာဂတ်အကြောင်း တွေးတောဆင်ခြင်တာက ခရစ်ယာန် လမ်းစဉ်မှာ စွဲမြဲနေဖို့ ကူညီပေးတယ်။ ဝေဒနာ ခံစားပြီး သေရတော့မယ်ဆိုတာ သိတာတောင် ဆက်သစ္စာရှိနေဖို့ ယေရှုကို မျှော်လင့်ချက်က ဘယ်လို ကူညီပေးကြောင်း စဉ်းစားကြည့်ပါ။ ယေရှု ဘယ်လောက် စိတ်တည်ငြိမ်နေတယ်ဆိုတာ ပြောဖို့ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ဆာလံကျမ်း ပရောဖက်ပြုချက်တစ်ခုကို တမန်တော် ပေတရု ဒီလိုကိုးကားတယ်– “မျှော်လင့်ချက်နဲ့ အသက်ရှင်မယ်။ ကိုယ်တော်က ကျွန်တော့်ကို သင်္ချိုင်းမှာ ပစ်ထားမှာ မဟုတ်ဘူး။ သစ္စာစောင့်သိသူကို ပုပ်ပျက်သွားတဲ့အဖြစ်မျိုး တွေ့ကြုံခွင့်ပြုမှာ မဟုတ်ဘူး။ . . . ကျွန်တော့်ကို ရှေ့တော်မှာ နေခွင့်ပြုပြီး ဝမ်းမြောက်စေတယ်။” (တ. ၂:၂၅-၂၈။ ဆာ. ၁၆:၈-၁၁) ဘုရား ထမြောက်ပေးမယ်၊ ကောင်းကင်မှာ ဘုရားနဲ့ ပြန်ဆုံဆည်းခွင့် ရမယ်ဆိုတဲ့ ခိုင်မာတဲ့ မျှော်လင့်ချက် ယေရှုမှာ ရှိတယ်။—ဟီ. ၁၂:၂၊ ၃။ w22.10 ၂၅ ¶၄-၅
ကြာသပတေးနေ့၊ မေ ၉
ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်။—ယာ. ၃:၂။
တစ်ခေါက်၊ နိုင်ငံတော်မှာ အရေးပါတဲ့ နေရာ ပေးဖို့ တမန်တော် ယာကုပ်နဲ့ ယောဟန် မိခင်ကတစ်ဆင့် ယေရှုဆီ တောင်းဆိုကြတယ်။ (မ. ၂၀:၂၀၊ ၂၁) ယာကုပ်နဲ့ ယောဟန်ဆီမှာ မာနကြီးခြင်း၊ ရည်မှန်းချက် ကြီးခြင်းဆိုတဲ့ ဉာဉ်ဆိုးတွေ ရှိနေကြတာပဲ။ (ပညာ. ၁၆:၁၈) ယာကုပ်နဲ့ ယောဟန်မှာပဲ ဉာဉ်ဆိုး ရှိတာ မဟုတ်ဘူး။ “အဲဒီအကြောင်းကို ကျန်တဲ့ တပည့်ဆယ်ယောက် ကြားတဲ့အခါ ညီအစ်ကိုနှစ်ယောက်ကို စိတ်ဆိုးတယ်။” (မ. ၂၀:၂၄) ယာကုပ်၊ ယောဟန်နဲ့ ကျန်တဲ့ တမန်တော်တွေ ခွန်းကြီးခွန်းငယ် စကားများနေကြမှာကို မြင်ယောင်ကြည့်ပါ။ အခြေအနေကို ယေရှု ဘယ်လို ကိုင်တွယ်သလဲ။ ဒေါသမထွက်ဘူး။ ‘ပိုကောင်းတဲ့၊ ပိုနှိမ့်ချတဲ့၊ အချင်းချင်း မေတ္တာ အမြဲ ပြမယ့် တမန်တော်တွေ သွားရှာမယ်’ လို့ မပြောဘူး။ တမန်တော်တွေ စိတ်ရင်းကောင်းကြမှန်း သိလို့ စိတ်ရှည်ရှည် ကျိုးကြောင်းဆင်ခြင်ပြတယ်။ (မ. ၂၀:၂၅-၂၈) မေတ္တာ ဆက်ပြတယ်။ w23.03 ၂၈-၂၉ ¶၁၀-၁၃
သောကြာနေ့၊ မေ ၁၀
ငါ့သား၊ ဉာဏ်ပညာရှိပါ။ ငါ့စိတ်ကို ရွှင်လန်းစေပါ။ ဒါမှ ငါ့ကို ကဲ့ရဲ့နေတဲ့သူကို ငါချေပနိုင်မယ်။—ပညာ. ၂၇:၁၁။
သင် များစွာ ပြီးမြောက်အောင်မြင်ခဲ့ပြီ။ နှစ်အတော်များများ ဝီရိယရှိရှိ ကျမ်းစာ လေ့လာခဲ့လို့ ကျမ်းစာဟာ ဘုရားသခင့် တရားစကား ဖြစ်ကြောင်း ယုံကြည်စိတ်ချလာတယ်။ ကျမ်းစာရဲ့ အာဘော်ရှင်ကို သိကျွမ်းချစ်ခင်လာတယ်။ အဲဒီလိုချစ်လို့ ကိုယ့်ကိုယ်ကိုယ် ဘုရားဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံခဲ့တယ်။ သိပ်ကောင်းတဲ့ ဆုံးဖြတ်ချက်ပါပဲ။ နှစ်ခြင်းမခံခင် ယုံကြည်ခြင်း စမ်းသပ်မှု မျိုးစုံ ကြုံခဲ့ရမှာပဲ။ ဘုရားရေးရာမှာ ရင့်ကျက်လာတာနဲ့အမျှ စမ်းသပ်မှု အသစ်တွေ ကြုံလာရမယ်။ ယေဟောဝါကို ချစ်တဲ့ မေတ္တာ လျော့သွားအောင်၊ ဘုရားကို ဆက်ဝတ်မပြုတော့အောင် စာတန် သွေးဆောင်လိမ့်မယ်။ (ဧ. ၄:၁၄) ဒါပေမဲ့ အဲဒီလို ဖြစ်ခွင့်မပေးပါနဲ့။ ယေဟောဝါကို ဆက်သစ္စာရှိဖို့၊ ဆက်ကပ်အပ်နှံခြင်း ကတိသစ္စာကို စောင့်ထိန်းနိုင်ဖို့ ဘာက ကူညီပေးမလဲ။ ဆက်တိုးတက်နေရမယ်၊ ခရစ်ယာန် ရင့်ကျက်တဲ့အဖြစ်ကို “တက်လှမ်း” နေရမယ်။—ဟီ. ၆:၁။ w22.08 ၂ ¶၁-၂
စနေနေ့၊ မေ ၁၁
ယေဟောဝါဘုရား မိန့်မှာတဲ့အတိုင်း မိဘကို ရိုသေပါ။ ဒါမှသာ . . . အသက်ရှည်ရှည် နေနိုင်ပြီး ကောင်းစားမယ်။—တရား. ၅:၁၆။
မိသားစုဝင်တိုင်းဟာ မိသားစု အရေးကိစ္စတချို့ကို လျှို့ဝှက်ထားဖို့ တာဝန်ရှိတယ်။ ဥပမာ၊ ခရစ်ယာန် အမျိုးသမီးတစ်ယောက် ရွှတ်နောက်နောက် နေတတ်တဲ့ အကျင့်ရှိတယ် ဆိုပါစို့။ သူ့ကြောင့် ခင်ပွန်းဖြစ်သူ ပျော်ရတယ်။ ဒါကို တခြားသူတွေရှေ့ လျှောက်ပြောပြီး ကိုယ့်ဇနီး အနေရခက်အောင် လုပ်မလား။ လုပ်မှာ မဟုတ်ဘူး။ ဇနီးကို ချစ်တဲ့အတွက် သူ့ကို မထိခိုက်စေချင်ဘူး။ (ဧ. ၅:၃၃) ဆယ်ကျော်သက်တွေလည်း လေးလေးစားစား ဆက်ဆံခံချင်တယ်ဆိုတာ မိဘတွေ သိထားသင့်တယ်။ သူတို့ရဲ့ အားနည်းချက်တွေကို တခြားသူတွေရှေ့ ပြောပြီး အရှက်ရစေမှာ မဟုတ်ဘူး။ (ကော. ၃:၂၁) သားသမီးတွေလည်း မိသားစုဝင်တွေကို အရှက်ရစေမယ့်အကြောင်း အပြင်လူတွေရှေ့ ဖော်ကောင် မလုပ်ဖို့ သတိရှိရမယ်။ မိသားစုဝင်တိုင်း မိသားစုရဲ့ ကိုယ်ရေးကိုယ်တာ အတွင်းရေးကိစ္စတွေကို လျှို့ဝှက်ထားမယ်ဆိုရင် မိသားစုနှောင်ကြိုး ခိုင်မာလာပါလိမ့်မယ်။ w22.09 ၁၀ ¶၉
တနင်္ဂနွေနေ့၊ မေ ၁၂
ယောဘ၊ နားထောင်ပါဦး။ . . . ခဏလောက် . . . စဉ်းစားကြည့်ပါဦး။—ယောဘ ၃၇:၁၄။
ယောဘကို ယေဟောဝါ စကားပြောတယ်။ မိမိမှာ အကန့်အသတ်မဲ့ ဉာဏ်ပညာ ရှိကြောင်း၊ ဖန်ဆင်းရာတွေကို ဂရုစိုက်စောင့်ရှောက်ကြောင်း ပြန်အမှတ်ရစေတယ်။ အံ့ဩစရာ တိရစ္ဆာန် များစွာအကြောင်း ပြောပြတယ်။ (ယောဘ ၃၈:၁၊ ၂။ ၃၉:၉၊ ၁၃၊ ၁၉၊ ၂၇။ ၄၀:၁၅။ ၄၁:၁၊ ၂) သစ္စာရှိ လူငယ် ဧလိဟုကို သုံးပြီး အားပေးနှစ်သိမ့်တယ်။ ကျေးကျွန်တွေရဲ့ ခံနိုင်ရည်ကို ယေဟောဝါ အမြဲ ဆုချကြောင်း ယောဘကို ဧလိဟု စိတ်ချစေတယ်။ ယောဘကို မေတ္တာပါပါ ဆုံးမဖို့လည်း ဧလိဟုကို ယေဟောဝါ လှုံ့ဆော်ပေးတယ်။ စကြဝဠာ ဖန်ဆင်းရှင် ယေဟောဝါနဲ့ ယောဘရဲ့ အနေအထားကို နှိုင်းယှဉ်ပြခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံမစိုက်ဖို့ ဧလိဟု ကူညီပေးတယ်။ ပြစ်မှားတဲ့ အပေါင်းအဖော် သုံးယောက်အတွက် ဆုတောင်းပေးဖို့ ယောဘကို ဘုရား တာဝန်ပေးတယ်။ (ယောဘ ၄၂:၈-၁၀) ဒီနေ့ကော ကျွန်တော်တို့ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။ ယောဘတုန်းကလို ကျွန်တော်တို့ကို ယေဟောဝါ တိုက်ရိုက် စကားပြောမှာ မဟုတ်ပေမဲ့ နှုတ်မြွက်တော် ကျမ်းစာကတစ်ဆင့် စကားပြောနေတယ်။—ရော. ၁၅:၄။ w22.08 ၁၁ ¶၁၀-၁၁
တနင်္လာနေ့၊ မေ ၁၃
ညီအစ်ကိုအတွက် တိုက်မိလဲစရာ ဖြစ်စေမယ်ဆိုရင် အသားစားတာဖြစ်စေ၊ ဝိုင်သောက်တာဖြစ်စေ ဘာကိုမှ မလုပ်တာ အကောင်းဆုံးပါပဲ။—ရော. ၁၄:၂၁။
ရောမ အသင်းတော်မှာ ဂျူးတွေကော လူမျိုးခြား ခရစ်ယာန်တွေပါ ရှိတယ်။ မောရှေပညတ် ဖယ်ရှားခံရပြီးနောက် အစားအသောက်နဲ့ပတ်သက်တဲ့ ပညတ်တွေ လိုက်နာစရာ မလိုတော့ဘူး။ (မာ. ၇:၁၉) အဲဒီအချိန်ကစပြီး ဂျူးခရစ်ယာန်တချို့က ဘာမဆို စိတ်သန့်သန့်နဲ့ စားကြတယ်။ တချို့ကျတော့ မစားနိုင်ကြဘူး။ ဒီကိစ္စကြောင့် အသင်းတော်မှာ သဘောထား ကွဲလွဲလာတယ်။ ငြိမ်သက်ခြင်းရဲ့ အရေးကြီးမှုကို တမန်တော် ပေါလု အလေးပေး ပြောပြတယ်။ ဒီလိုသဘောထား ကွဲလွဲမှုတွေက တစ်ယောက်ချင်းကိုကော အသင်းတော်လိုက်ကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာ နားလည်ဖို့ ညီအစ်ကို/မတွေကို ကူညီပေးတယ်။ (ရော. ၁၄:၁၉၊ ၂၀) တခြားသူတွေ တိုက်မိမလဲစေဖို့ ကိုယ်တိုင်လည်း ပြောင်းလဲစရာ ရှိရင် လိုလိုလားလား ပြောင်းလဲတယ်။ (၁ ကော. ၉:၁၉-၂၂) ကျွန်တော်တို့လည်း တစ်ယောက်ချင်းစီရဲ့ အကြိုက်အတိုင်း ဆုံးဖြတ်ရမယ့် ကိစ္စတွေမှာ အငြင်းမပွားခြင်းအားဖြင့် ညီအစ်ကို/မတွေကို အားပေးတည်ဆောက်နိုင်တယ်။ ငြိမ်သက်မှု ထိန်းသိမ်းနိုင်တယ်။ w22.08 ၂၂ ¶၇
အင်္ဂါနေ့၊ မေ ၁၄
ယေဟောဝါက . . . ဖြောင့်မတ်ခြင်း လိုက်စားသူတွေကိုတော့ ချစ်မြတ်နိုးတယ်။—ပညာ. ၁၅:၉။
ယေဟောဝါရဲ့ အမှုတော်မှာ ပန်းတိုင်တစ်ခုခုကို လိုက်စားတဲ့အခါ ကျွန်တော်တို့ ကြိုးစားအားထုတ်ကြတယ်။ ဖြောင့်မတ်ခြင်းကို လိုက်စားတဲ့အခါမှာလည်း အလားတူပဲ။ အချိန်နဲ့အမျှ ကျွန်တော်တို့ တိုးတက်လာဖို့ ယေဟောဝါ စိတ်ရှည်ရှည် ကူညီပေးပါလိမ့်မယ်။ (ဆာ. ၈၄:၅၊ ၇) ဖြောင့်မတ်ခြင်းဟာ လိုက်စားဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်ဘူးလို့ ယေဟောဝါ မေတ္တာပါစွာ သတိပေးတယ်။ (၁ ယော. ၅:၃) တကယ်တော့ အကာအကွယ်တောင် ဖြစ်သေးတယ်။ အဲဒီအကာအကွယ်ကို ကျွန်တော်တို့ နေ့တိုင်း လိုအပ်တယ်။ တမန်တော် ပေါလု ဖော်ပြတဲ့ ပုံဆောင် ချပ်ဝတ်တန်ဆာအကြောင်း သတိရပါ။ (ဧ. ၆:၁၄-၁၈) စစ်သားရဲ့ နှလုံးကို ဘာက ကာကွယ်ပေးသလဲ။ “ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာ” ပါ။ အဲဒါ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို ပုံဆောင်တယ်။ ရင်အုပ်တန်ဆာက ပကတိ နှလုံးကို ကာကွယ်ပေးသလို ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေက ပုံဆောင် စိတ်နှလုံးကို ကာကွယ်ပေးနိုင်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ ချပ်ဝတ်တန်ဆာမှာ ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာ မဖြစ်မနေ ပါနေပါစေ။—ပညာ. ၄:၂၃။ w22.08 ၂၉ ¶၁၃-၁၄
ဗုဒ္ဓဟူးနေ့၊ မေ ၁၅
ဘုရားသခင်ရဲ့ နှုတ်ထွက်စကားကတော့ ထာဝစဉ် တည်မြဲတယ်။—ဟေရှာ. ၄၀:၈။
ကျမ်းစာဟာ သစ္စာရှိ အမျိုးသား/သမီးတွေကို ပညာရှိ လမ်းညွှန်ချက်တွေ ပေးလာတာ နှစ်ပေါင်း ထောင်ချီပြီ။ ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်နိုင်သလဲ။ ကျမ်းစာကို ကူးရေးထားဖို့ ယေဟောဝါ စီစဉ်ခဲ့တယ်။ ကျမ်းကူးသူတွေဟာ မစုံလင်သူတွေ ဖြစ်ပေမဲ့ သိပ်စေ့စပ်သေချာကြတယ်။ ဥပမာ၊ ဟီဘရူး ကျမ်းစောင်တွေနဲ့ပတ်သက်ပြီး ကျမ်းပညာရှင်တစ်ယောက်က “ရှေးခေတ် စာပေတွေထဲမှာ ကျမ်းစာလောက် တိကျမှန်ကန်စွာ ကူးရေးထားတဲ့ စာပေ မရှိဘူးဆိုတာ ကျွန်တော်တို့ စိတ်ချတယ်” လို့ ပြောတယ်။ ဒါကြောင့် ဒီနေ့ခေတ် ကျမ်းစာမှာ ကျွန်တော်တို့ ဖတ်ရတာတွေဟာ အာဘော်ရှင် ယေဟောဝါရဲ့ အတွေးတွေ ဖြစ်တယ်ဆိုတာ စိတ်ချနိုင်တယ်။ “ကောင်းမြတ်တဲ့ ဆုကျေးဇူး၊ ပြည့်ဝစုံလင်တဲ့ လက်ဆောင် မှန်သမျှဟာ” ယေဟောဝါဆီက ဖြစ်တယ်။ (ယာ. ၁:၁၇) ယေဟောဝါ ပေးထားတဲ့ အကောင်းဆုံး လက်ဆောင် တစ်ခုကတော့ ကျမ်းစာပါ။ ကိုယ့်အကြောင်း၊ ကိုယ့်လိုအပ်ရာအကြောင်း လက်ဆောင်ပေးသူ ဘယ်လောက် သိတယ်ဆိုတာ လက်ဆောင်က ဖော်ပြတယ်။ ကျမ်းစာလက်ဆောင်လည်း အဲဒီလိုပဲ။ ဒီလက်ဆောင်ကို ဆန်းစစ်တဲ့အခါ ယေဟောဝါအကြောင်း အများကြီး သိလာရတယ်။ ကျွန်တော်တို့အကြောင်း၊ ကျွန်တော်တို့ရဲ့ လိုအပ်ရာတွေအကြောင်း ဘုရား ကောင်းကောင်း သိမှန်း နားလည်လာရတယ်။ w23.02 ၂-၃ ¶၃-၄
ကြာသပတေးနေ့၊ မေ ၁၆
ကမ္ဘာမြေဟာ ယေဟောဝါကို သိကျွမ်းခြင်းနဲ့ ပြည့်နေမှာ ဖြစ်လို့ပဲ။—ဟေရှာ. ၁၁:၉။
ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုအတွင်း မြေကြီးပေါ် ထမြောက်ခြင်း အစီအစဉ် စတင်တဲ့နေ့ဟာ သိပ်ပျော်စရာကောင်းမှာပဲ။ ချစ်ရတဲ့ သေဆုံးသွားသူတွေကို ကျွန်တော်တို့အားလုံး ပြန်မြင်ချင်စိတ် ပြင်းပြနေကြတယ်။ ယေဟောဝါလည်း အဲဒီလိုပါပဲ။ (ယောဘ ၁၄:၁၅) ချစ်ရသူတွေ ထမြောက်လာတဲ့အခါ လူတိုင်း ဘယ်လောက် ပျော်နေကြမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ အသက်စာစောင်မှာ နာမည် ရေးမှတ်ခံရတဲ့ ‘ဖြောင့်မတ်သူတွေ’ ဟာ “အသက်ရှင်ဖို့ ထမြောက်လာလိမ့်မယ်။” (တ. ၂၄:၁၅။ ယော. ၅:၂၉) ကျွန်တော်တို့ ချစ်ရသူများစွာဟာ အာမဂေဒုန်စစ်ပွဲပြီးနောက် မကြာခင် ထမြောက်လာမယ့်အုပ်စုမှာ ပါနိုင်တယ်။ ဒါ့အပြင် မသေဆုံးခင်မှာ ယေဟောဝါကို သိကျွမ်းဖို့၊ သစ္စာရှိရှိ ဝတ်ပြုဖို့ အခွင့်အရေး အလုံအလောက် မရလိုက်တဲ့ “မဖြောင့်မတ်သူတွေ” လည်း “တရားစီရင်ခံရဖို့ ထမြောက်လာလိမ့်မယ်။” ထမြောက်လာသူအားလုံး သွန်သင်ခံရကြမယ်။ (ဟေရှာ. ၂၆:၉။ ၆၁:၁၁) လူ့သမိုင်းမှာ အကြီးကျယ်ဆုံး ပညာပေး အစီအစဉ် ရှိမယ်။—ဟေရှာ. ၁၁:၁၀။ w22.09 ၂၀ ¶၁-၂
သောကြာနေ့၊ မေ ၁၇
ဘုရားသခင်ဟာ အသက်ရှင်တဲ့ဘုရား . . . ဖြစ်တယ်။—ဒံ. ၆:၂၆။
ယေဟောဝါက အုပ်စိုးရှင်တွေ စုပေါင်းထားတဲ့ မဟာမိတ်အဖွဲ့တွေကိုလည်း မိမိ အမြင့်မြတ်ဆုံး ဖြစ်တာကို ဖော်ပြတယ်။ ကတိထားရာပြည်ထဲက နယ်မြေတွေ သိမ်းပိုက်ဖို့ အစ္စရေးတွေဘက်ကနေ တိုက်ခိုက်ပေးတယ်။ (ယောရှု ၁၁:၄-၆၊ ၂၀။ ၁၂:၁၊ ၇၊ ၂၄) မိမိ အမြင့်မြတ်ဆုံး ဖြစ်တာ အကြိမ်ကြိမ် သက်သေပြတယ်။ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဟာ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းမယ့်အစား မိမိ ‘ဘုန်းတန်ခိုး အစွမ်းခွန်အား’ အကြောင်း ဝါကြွားပြောဆိုတဲ့အခါ ရူးသွပ်သွားအောင် ဘုရား ဒဏ်ခတ်တယ်။ နေဗုခဒ်နေဇာ ပြန်ကောင်းလာပြီးနောက် “အမြင့်ဆုံးအရှင်ကို ချီးမွမ်း” တယ်။ ယေဟောဝါရဲ့ ‘အုပ်ချုပ်ခွင့်အာဏာ ထာဝစဉ်တည်တံ့’ ကြောင်း၊ ဘုရားကို ‘တားဆီးနိုင်တဲ့သူ တစ်ယောက်မှ မရှိ’ ကြောင်း အသိအမှတ် ပြုတယ်။ (ဒံ. ၄:၃၀၊ ၃၃-၃၅) “ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်တဲ့လူမျိုး၊ ပိုင်ဆိုင်ရာအဖြစ် ဘုရားရွေးချယ်ထားတဲ့ လူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ဆာလံဆရာ ပြောတယ်။ (ဆာ. ၃၃:၁၂) ယေဟောဝါအပေါ် သမာဓိ စောင့်ထိန်းသင့်တဲ့ အကြောင်းကောင်းပါပဲ။ w22.10 ၁၅-၁၆ ¶၁၃-၁၅
စနေနေ့၊ မေ ၁၈
နှုတ်တော်ထွက်စကား . . . ဟာ အမှန်တရားပါ။—ဆာ. ၁၁၉:၁၆၀။
ပြည့်စုံပြီးသား ပရောဖက်ပြုချက် များစွာက အနာဂတ်နဲ့ပတ်သက်တဲ့ ဘုရားကတိတွေကို ပိုယုံကြည်စိတ်ချစေတယ်။ “ကယ်တင်ခြင်း ကျေးဇူးကို တောင့်တနေပါတယ်။ နှုတ်တော်ထွက်စကားဟာ ကျွန်တော့်မျှော်လင့်ချက် ဖြစ်နေလို့ပါ” လို့ ပြောတဲ့ ဆာလံဆရာလို ကျွန်တော်တို့ ခံစားရတယ်။ (ဆာ. ၁၁၉:၈၁) ကျမ်းစာမှာ ကျွန်တော်တို့ကို ယေဟောဝါ ‘မျှော်လင့်ချက်နဲ့ အနာဂတ်’ ပေးထားတယ်။ (ယေ. ၂၉:၁၁) ကျွန်တော်တို့ရဲ့ အနာဂတ် မျှော်လင့်ချက်ဟာ လူ့ကြိုးစားအားထုတ်မှုတွေပေါ် မဟုတ်ဘဲ ယေဟောဝါရဲ့ ကတိတွေပေါ် အခြေခံတယ်။ ဒါကြောင့် ကျမ်းစာ ပရောဖက်ပြုချက်တွေကို ထက်ထက်သန်သန် လေ့လာခြင်းအားဖြင့် ကျမ်းစာအပေါ် ယုံကြည်စိတ်ချမှု ဆက်တည်ဆောက်သွားကြပါစို့။ ကျမ်းစာကို ယုံကြည်စိတ်ချနိုင်တဲ့ နောက်အကြောင်းရင်းကတော့ ကျမ်းစာ အကြံဉာဏ်ဟာ လိုက်နာသူတွေကို အကျိုးပြုနေလို့ပဲ။ (ဆာ. ၁၁၉:၆၆၊ ၁၃၈) ဥပမာ၊ ကွာရှင်းခါနီး အိမ်ထောင်သည်တွေဟာ ကျမ်းစာ အကြံဉာဏ်တွေကို လိုက်နာလို့ အိမ်ထောင် သာယာပျော်ရွှင်နေကြပြီ။ လုံခြုံတဲ့ မေတ္တာရိပ်မြုံလေးမှာ သားသမီးတွေ ကြီးပြင်းခွင့် ရကြပြီ။—ဧ. ၅:၂၂-၂၉။ w23.01 ၅ ¶၁၂-၁၃
တနင်္ဂနွေနေ့၊ မေ ၁၉
မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နေပါ။—ရော. ၁၂:၁၂။
ကျမ်းစာပါ ဘုရားကတိတွေ ပြည့်စုံတာကနေ သင် ဘယ်လို သတ်သတ်မှတ်မှတ် အကျိုးရသလဲဆိုတာ စဉ်းစားကြည့်ပါ။ ဥပမာ၊ ဘဝ လိုအပ်ရာတွေ ဘုရား ထောက်မပေးမယ်လို့ ယေရှု ကတိပေးတယ်။ (မ. ၆:၃၂၊ ၃၃) သန့်ရှင်းသော စွမ်းအားတော် တောင်းရင် ယေဟောဝါ ပေးမယ်လို့လည်း အာမခံတယ်။ (လု. ၁၁:၁၃) အဲဒီကတိတွေ ယေဟောဝါ တည်ပါတယ်။ သင့်အတွက် ဘုရား ပြည့်စုံစေခဲ့တဲ့ တခြားကတိတွေလည်း ရှိမှာပါ။ ဥပမာ၊ သင့်ကို ခွင့်လွှတ်မယ်၊ နှစ်သိမ့်ပေးမယ်၊ အချိန်တန် ဘုရားရေးရာ အစာ ကျွေးမယ်လို့ ကတိပေးထားတယ်။ (မ. ၆:၁၄။ ၂၄:၄၅။ ၂ ကော. ၁:၃) သင့်အတွက် ဘုရား လုပ်ပေးခဲ့တာတွေကို တွေးတောမယ်ဆိုရင် အနာဂတ်မှာ ဘုရား လုပ်ပေးမယ့် အရာတွေအပေါ် မျှော်လင့်ချက် ပိုခိုင်မာလာပါလိမ့်မယ်။ ကတိတွေကို ယေဟောဝါ ပြည့်စုံစေမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချတယ်။ ဆာလံဆရာ ပြောသလို ‘အမြဲ သစ္စာရှိတဲ့အရှင် ယေဟောဝါကို မျှော်လင့်တဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့ပါတယ်။’—ဆာ. ၁၄၆:၅၊ ၆။ w22.10 ၂၈ ¶၁၅၊ ၁၇
တနင်္လာနေ့၊ မေ ၂၀
မင်းအပေါ်မှာ . . . ယေဟောဝါ အလင်းထွန်းလင်းမယ်။—ဟေရှာ. ၆၀:၂။
စင်ကြယ်တဲ့ ဝတ်ပြုရေး ပြန်တည်ထောင်ခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်ဟာ ဒီနေ့ခေတ်နဲ့ရော သက်ဆိုင်သလား။ သက်ဆိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာ ဖြစ်တဲ့ မဟာဗာဗုလုန်ကနေ ၁၉၁၉ ကစပြီး လူသန်းပေါင်းများစွာ လွတ်မြောက်လာကြတယ်။ အစ္စရေးတွေရဲ့ ကတိထားရာ ပြည်ထက် ပိုကောင်းတဲ့ ပုံဆောင် ပရဒိသုထဲ ပို့ဆောင်ခံကြရတယ်။ (ဟေရှာ. ၅၁:၃။ ၆၆:၈) ၁၉၁၉ ကစပြီး ပုံဆောင် ပရဒိသုမှာ ဘိသိက်ခံတွေ ပျော်ရွှင်နေကြတယ်။ မြေကြီး မျှော်လင့်ချက် ရှိတဲ့ “တခြားသိုး” လည်း ပုံဆောင် ပရဒိသုမှာ နေခွင့်ရလာပြီး ဘုရားကောင်းချီး အလျှံပယ် ခံစားနေရတယ်။ (ယော. ၁၀:၁၆။ ဟေရှာ. ၂၅:၆။ ၆၅:၁၃) ပုံဆောင် ပရဒိသုဟာ ကမ္ဘာတစ်ဝန်းလုံးမှာ တည်ရှိတယ်။ ကျွန်တော်တို့ ဘယ်မှာပဲ နေထိုင်ပါစေ စစ်မှန်တဲ့ ဝတ်ပြုရေးကို တက်တက်ကြွကြွ အားပေးထောက်မနေသရွေ့ ပုံဆောင် ပရဒိသုမှာ နေထိုင်နေကြတယ်။ w22.11 ၁၁-၁၂ ¶၁၂-၁၅
အင်္ဂါနေ့၊ မေ ၂၁
ယေဟောဝါဘုရား၊ ကိုယ်တော်ဟာ ထာဝရကာလကတည်းက တည်ရှိခဲ့တယ် မဟုတ်လား။ ကျွန်တော့်ဘုရားသခင်၊ သန့်ရှင်းတဲ့အရှင်၊ ကိုယ်တော်ဟာ သေခြင်းနဲ့ ကင်းလွတ်တယ်။—ဟဗ. ၁:၁၂။
ယေဟောဝါ “ထာဝစဉ်” တည်တယ်ဆိုတဲ့ အချက်ကို နားလည်ဖို့ ခက်နေသလား။ (ဟေရှာ. ၄၀:၂၈) လူများစွာအတွက် ခက်တယ်။ “ဘုရားရဲ့ နှစ်ပေါင်း အရေအတွက်တွေကို ဉာဏ်မမီနိုင်ဘူး” လို့ ဧလိဟု ပြောတယ်။ (ယောဘ ၃၆:၂၆) ဒါပေမဲ့ တစ်ခုခုကို ကိုယ် နားမလည်တာနဲ့ပဲ အဲဒါ မမှန်ဘူးလို့ သတ်မှတ်လို့ မရဘူး။ ဥပမာ၊ လျှပ်စစ်စွမ်းအား အလုပ်လုပ်ပုံကို ကောင်းကောင်း နားမလည်တာနဲ့ပဲ တကယ် မရှိဘူးလို့ သတ်မှတ်လို့ ရမလား။ မရဘူး။ အဲဒီလိုပဲ ဘယ်လိုလုပ်ပြီး ယေဟောဝါ အမြဲ ရှိခဲ့သလဲ၊ ရှိနေဦးမလဲဆိုတာ အပြည့်အဝ နားမလည်နိုင်တာနဲ့ပဲ ဘုရား ထာဝစဉ် မတည်ရှိဘူးလို့ ယူဆလို့ မရဘူး။ ဖန်ဆင်းရှင်ရဲ့ တည်ရှိမှုဟာ ကျွန်တော်တို့ နားလည်နိုင်တာ၊ နားမလည်နိုင်တာအပေါ် မမူတည်ဘူး။ (ရော. ၁၁:၃၃-၃၆) နေ၊ လ၊ ကြယ်တွေ အပါအဝင် စကြဝဠာ မတည်ရှိခင်ကတည်းက ဘုရား တည်ရှိနေတယ်။ ‘မိုးကောင်းကင်ကို သိနားလည်နိုင်စွမ်းနဲ့ မဖြန့်မိုး’ ခင်ကတည်းက တည်ရှိခဲ့တယ်။—ယေ. ၅၁:၁၅။ w22.12 ၂-၃ ¶၃-၄
ဗုဒ္ဓဟူးနေ့၊ မေ ၂၂
ကျွန်တော့်ရဲ့ ဆုတောင်းချက်ဟာ ရှေ့တော်မှာ ပြင်ဆင်ထားတဲ့ နံ့သာပေါင်းလို ဖြစ်ပါစေ။—ဆာ. ၁၄၁:၂။
တခြားသူတွေအတွက် ကိုယ်စားပြု ဆုတောင်းပေးရတဲ့အချိန်တွေ ရှိတတ်တယ်။ ဥပမာ၊ ကျမ်းစာသင်အံမှု ကျင်းပတဲ့ ညီအစ်မက အဖော်လိုက်လာတဲ့ ညီအစ်မကို ဆုတောင်းခိုင်းနိုင်တယ်။ သင်သားအကြောင်း ကောင်းကောင်း မသိတဲ့အတွက် သင်အံမှု အပြီးမှပဲ ဆုတောင်းတာ ပိုသင့်တော်နိုင်တယ်။ အဲဒါမှ သင်သားအတွက် ဘာဆုတောင်းပေးရင် ကောင်းမလဲဆိုတာ ကောင်းကောင်း သိနိုင်မယ်။ လယ်ကွင်းစုဆုံမှု၊ အသင်းတော် အစည်းအဝေးတွေအတွက် ညီအစ်ကိုတစ်ယောက် ဆုတောင်းပေးရနိုင်တယ်။ အဲဒီအခါ အစည်းအဝေးရဲ့ ရည်ရွယ်ချက်ကို သတိရသင့်တယ်။ ဆုတောင်းချက်ကို ခုတုံးလုပ်ပြီး သွန်သင်ချက် ပေးတာ၊ တစ်ခုခု ကြေညာတာမျိုး မလုပ်သင့်ဘူး။ အသင်းတော် အစည်းအဝေး အများစုမှာ သီချင်းဆို၊ ဆုတောင်းဖို့ စုစုပေါင်း အချိန် ငါးမိနစ်ပဲ ရတဲ့အတွက် တာဝန်ကျ ညီအစ်ကိုဟာ အထူးသဖြင့်၊ အစည်းအဝေး အစမှာ “အရှည်ကြီး” ဆုမတောင်းသင့်ဘူး။—မ. ၆:၇။ w22.07 ၂၄ ¶၁၇-၁၈
ကြာသပတေးနေ့၊ မေ ၂၃
ရပ်နီးရပ်ဝေးက စစ်မက်သတင်းတွေကို ခင်ဗျားတို့ ကြားရလိမ့်မယ်။ အဲဒီအခါ ထိတ်ထိတ်ပျာပျာ မဖြစ်ပါနဲ့။ အဲဒါတွေ ဖြစ်ကို ဖြစ်လာမယ်။ ဒါပေမဲ့ အဆုံးတော့ မရောက်သေးဘူး။—မ. ၂၄:၆။
နောက်ဆုံးကာလအတွင်း ကပ်ရောဂါတွေ “တစ်နေရာပြီး တစ်နေရာ” ဖြစ်မယ်လို့ ယေရှု ကြိုဟောတယ်။ (လု. ၂၁:၁၁) ဒါကို သိထားတာက ငြိမ်သက်မှု ဘယ်လို ရစေသလဲ။ ရောဂါတွေ ဖြစ်လာတဲ့အခါ ကျွန်တော်တို့ မအံ့ဩတော့ဘူး။ ယေရှု ကြိုဟောတဲ့အတိုင်း ဖြစ်လာတာပဲဆိုတာ သိကြတယ်။ ဒါကြောင့် ယေရှု အကြံပေးတဲ့အတိုင်း “ထိတ်ထိတ်ပျာပျာ မဖြစ်” ဖို့ ကြိုးစားကြတယ်။ ကပ်ရောဂါကြောင့် ပုံမှန် လုပ်နေကျ အရာတချို့ ထိခိုက်နိုင်ပေမဲ့ ကိုယ်ပိုင်လေ့လာမှု လုပ်တာ၊ အစည်းအဝေး တက်တာကိုတော့ အထိခိုက် မခံပါနဲ့။ အဖွဲ့အစည်း စာပေ၊ ဗီဒီယိုတွေမှာ ပါတဲ့ ဖြစ်ရပ်မှန် တွေ့ကြုံမှုတွေက အခက်အခဲတွေကြားမှာတောင် သမာဓိ စောင့်ထိန်းနေတဲ့ ညီအစ်ကို/မတွေအကြောင်း သိစေမယ်။ w22.12 ၁၇ ¶၄၊ ၆
သောကြာနေ့၊ မေ ၂၄
မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်လို့ပဲ။—ဒေ. ၉:၁၁။
ယာကုပ်က သားယောသပ်ကို သိပ်ချစ်တယ်။ (က. ၃၇:၃၊ ၄) ဒါကို ယောသပ်ရဲ့ အစ်ကိုတွေ သိလို့ မနာလို ဖြစ်လာတယ်။ အခွင့်အရေး ရတာနဲ့ မိဒျန်ကုန်သည်တွေဆီ ရောင်းစားလိုက်တယ်။ အဲဒီကုန်သည်တွေက မိုင်ပေါင်းများစွာ ဝေးတဲ့ အီဂျစ်ပြည်ကို ခေါ်သွားကြတယ်။ အဲဒီမှာ ဖာရောရဲ့ ကိုယ်ရံတော်မှူး ပေါတိဖာဆီ ထပ်ရောင်းလိုက်ကြတယ်။ နေ့ချင်းညချင်း ဆိုသလို ယောသပ်ရဲ့ ဘဝ ပြောင်းလဲသွားတယ်။ အဖေ့ အချစ်ဆုံးသား ဘဝကနေ အီဂျစ်ပြည်က နိမ့်ကျတဲ့ ကျွန်ဘဝ ရောက်သွားတယ်။ (က. ၃၉:၁) “လူတွေ ကြုံရတတ်တဲ့” အခက်အခဲတွေကို ကျွန်တော်တို့ တစ်ခါတလေ ကြုံရကြတယ်။ (၁ ကော. ၁၀:၁၃) တစ်ခါတလေတော့ ယေရှုရဲ့ တပည့် ဖြစ်နေလို့ ဒုက္ခ ကြုံရတာ ဖြစ်နိုင်တယ်။ ဥပမာ၊ ယုံကြည်ချက်ကြောင့် လှောင်ပြောင်၊ ဆန့်ကျင်၊ နှိပ်စက်ခံရတာတောင် ဖြစ်နိုင်တယ်။ (၂ တိ. ၃:၁၂) ဘယ်လို အခက်အခဲပဲ ကြုံရပါစေ သင် အောင်မြင်အောင် ယေဟောဝါ ကူညီပေးနိုင်တယ်။ w23.01 ၁၄-၁၅ ¶၃-၄
စနေနေ့၊ မေ ၂၅
ထင်းမရှိရင် မီးငြိမ်းသွား [တယ်]။—ပညာ. ၂၆:၂၀။
ကိုယ့်ကို စိတ်ဆိုးအောင် လုပ်တဲ့ ညီအစ်ကို/မနဲ့ တေ့တေ့ဆိုင်ဆိုင် ရှင်းမှ ဖြစ်မယ်လို့ ခံစားရတဲ့အချိန် ရှိနိုင်တယ်။ ဦးဆုံး၊ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ အကြောင်းစုံ သိသလား။’ (ပညာ. ၁၈:၁၃) ‘သူ မရည်ရွယ်ဘဲ ပြောမိ၊ လုပ်မိတာ မဖြစ်နိုင်ဘူးလား။’ (ဒေ. ၇:၂၀) ‘ငါကော မမှားဖူးလို့လား။’ (ဒေ. ၇:၂၁၊ ၂၂) ‘သွားရှင်းခါမှ ပြဿနာ ပိုကြီးသွားမလား။’ ဒီမေးခွန်းတွေကို အချိန်ယူ သုံးသပ်မယ်ဆိုရင် အမှားကို ဗွေမယူဖို့ မေတ္တာက လှုံ့ဆော်ပေးနိုင်မှန်း သဘောပေါက်လာပါလိမ့်မယ်။ ယုံကြည်သူချင်းတွေ အမှားမကင်းကြပေမဲ့ ကိုယ်ကျိုးစွန့် မေတ္တာ ပြခြင်းအားဖြင့် ယေရှုရဲ့ နောက်လိုက်စစ်တွေ ဖြစ်ကြောင်း တစ်ဦးချင်းအလိုက် ကျွန်တော်တို့ သက်သေထူနေကြတယ်။ အဲဒီမေတ္တာကို မြင်ပြီး တခြားသူတွေ စစ်မှန်တဲ့ ဘာသာတရားကို ခွဲခြားသိလာကြမယ်။ ယေဟောဝါဘုရားကို ကျွန်တော်တို့နဲ့အတူ ဝတ်ပြုလာကြမယ်။ ဒါကြောင့် ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသား မေတ္တာကို ဆက်ပြဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ w23.03 ၃၁ ¶၁၈-၁၉
တနင်္ဂနွေနေ့၊ မေ ၂၆
ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်လို့ပဲ။—၁ ယော. ၄:၈။
ကျမ်းစာအာဘော်ရှင်ရဲ့ အကြီးမားဆုံး အရည်အသွေးဟာ မေတ္တာ ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ မလိုအပ်တဲ့ အသေးစိတ် အချက်အလက်များစွာနဲ့ ကျွန်တော်တို့ကို စိတ်မရှုပ်စေဘူး။ အဲဒါ ကျွန်တော်တို့ကို ချစ်လို့ပဲ။ (ယော. ၂၁:၂၅) ကျမ်းစာမှာ ကျွန်တော်တို့ရဲ့ ဘဝကဏ္ဍတိုင်းကို အသေးစိတ် ဝင်စွက်တဲ့၊ မရေတွက်နိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ပေးမထားခြင်းအားဖြင့်လည်း ယေဟောဝါ မေတ္တာပြတယ်။ ကျွန်တော်တို့ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် ဖြစ်ရပ်မှန် ဇာတ်လမ်းတွေ၊ စိတ်လှုပ်ရှားစရာ ပရောဖက်ပြုချက်တွေ၊ လက်တွေ့ကျ အကြံဉာဏ်တွေ သုံးပြီး ကူညီပေးတယ်။ ဒါက ဘုရားကို ချစ်ဖို့၊ နာခံဖို့ လှုံ့ဆော်ပေးတယ်။ ကျွန်တော်တို့ကို ယေဟောဝါ သိပ်စိတ်ဝင်စားကြောင်း ကျမ်းစာက ဖော်ပြတယ်။ ဘယ်လိုနည်းနဲ့လဲ။ လူ့ခံစားချက်ကို ဖော်ပြတဲ့ မှတ်တမ်း အများကြီး ကျမ်းစာမှာ ပါတယ်။ “ကျွန်တော်တို့လိုပဲ ခံစားချက် ရှိတဲ့” လူတွေအကြောင်း ရေးထားတာ ဖြစ်လို့ နားလည်ဖို့ လွယ်တယ်။ (ယာ. ၅:၁၇) ပိုအရေးကြီးတာက သူတို့နဲ့ ဘုရား ဆက်ဆံပုံကို စဉ်းစားခြင်းအားဖြင့် “ယေဟောဝါဟာ အလွန် ချစ်ခင်စာနာပြီး ကရုဏာကြီး” ကြောင်း ပိုနားလည်လာရတယ်။—ယာ. ၅:၁၁။ w23.02 ၆-၇ ¶၁၃-၁၅
တနင်္လာနေ့၊ မေ ၂၇
သတိရှိပြီး နိုးနိုးကြားကြား နေကြပါ။—၁ ပေ. ၅:၈။
နောက်ဆုံး ကျမ်းစောင်မှာ “ဘုရားသခင်က မိမိရဲ့ ကျွန်တွေကို မကြာမီ ဖြစ်ပျက်မယ့်အရာတွေ ဖော်ပြဖို့ ယေရှုခရစ်ကို ဗျာဒိတ်တော် ပေးတယ်” ဆိုပြီး အစပြုထားတယ်။ (ဗျာ. ၁:၁) ဒါကြောင့် လက်ရှိ ကမ္ဘာ့ဖြစ်ရပ်တွေက ကျမ်းစာ ပရောဖက်ပြုချက်တွေကို ဘယ်လို ပြည့်စုံနေစေကြောင်း ကျွန်တော်တို့ စိတ်ဝင်စားကြတယ်။ ဆွေးနွေးချင်ကြတယ်။ ဒါပေမဲ့ ကျမ်းစာ ပရောဖက်ပြုချက်တွေ ဆွေးနွေးတဲ့အခါ ခန့်မှန်းပြောတာကို ရှောင်ရမယ်။ ဘာကြောင့်လဲ။ အသင်းတော်ရဲ့ စည်းလုံးမှု မပျက်စီးစေချင်လို့ပါ။ ဥပမာ၊ အငြင်းပွားမှုတွေ ဘယ်လို ဖြေရှင်းပေးမယ့်အကြောင်း၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဘယ်လို ဆောင်ကြဉ်းပေးမယ့်အကြောင်း ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်တွေ ပြောနိုင်တယ်။ ၁ သက်သာလောနိတ် ၅:၃ ပြည့်စုံနေပြီလို့ ကျွန်တော်တို့ ခန့်မှန်းပြောမယ့်အစား နောက်ဆုံး အချက်အလက်နဲ့အညီ နားလည်ဖို့ ကြိုးစားရမယ်။ အဖွဲ့အစည်း ပြင်ဆင်ပေးထားတဲ့ ကျမ်းစာအခြေပြု စာပေတွေကို အခြေခံပြီး ဆွေးနွေးတာဟာ အသင်းတော် “တစ်စိတ်တစ်သဘောတည်း ဖြစ်ပြီး” စည်းလုံးနေဖို့ ကူညီပေးတာပဲ။—၁ ကော. ၁:၁၀။ ၄:၆။ w23.02 ၁၆ ¶၄-၅
အင်္ဂါနေ့၊ မေ ၂၈
အမှန်တရားအတွက်၊ နှိမ့်ချခြင်းနဲ့ ဖြောင့်မတ်ခြင်းအတွက် စီးနင်းတိုက်ခိုက်ပါ။ မင်းကြီးရဲ့ ညာလက်ဟာ ထိတ်လန့်အံ့ဩစရာတွေ လုပ်ဆောင်လိမ့်မယ်။—ဆာ. ၄၅:၄။
ယေရှုခရစ်ကို သင် ဘာကြောင့် ချစ်သလဲ။ ယေရှုဟာ အမှန်တရား၊ နှိမ့်ချမှု၊ ဖြောင့်မတ်မှုဘက် ရပ်တည်တယ်။ သင်သာ အမှန်တရားနဲ့ ဖြောင့်မတ်မှုကို ချစ်မြတ်နိုးရင် ယေရှုခရစ်ကိုလည်း ချစ်မှာပဲ။ အမှန်တရားနဲ့ ဖြောင့်မတ်မှုဘက် ယေရှု ဘယ်လို သတ္တိရှိရှိ ရပ်တည်ခဲ့ကြောင်း စဉ်းစားကြည့်ပါ။ (ယော. ၁၈:၃၇) နှိမ့်ချမှု ရှိဖို့ကော ယေရှု ဘယ်လို သင်ပေးသလဲ။ စံနမူနာအားဖြင့် သင်ပေးတယ်။ ဥပမာ၊ ကိုယ့်ကိုယ်ကိုယ် တစ်ခါမှ ဂုဏ်မတင်ဘူး။ ဖခင်ကိုပဲ အမြဲ ဂုဏ်တင်တယ်။ (မာ. ၁၀:၁၇၊ ၁၈။ ယော. ၅:၁၉) ယေရှုရဲ့ နှိမ့်ချမှုနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ။ ယေရှုကို ချစ်ဖို့၊ အတုယူဖို့ လှုံ့ဆော်ခံရတယ် မဟုတ်လား။ ယေရှု ဘာကြောင့် နှိမ့်ချသလဲ။ နှိမ့်ချမှု ရှိတဲ့ ဖခင်ကို ချစ်လို့၊ အတုယူလို့ပါပဲ။ (ဆာ. ၁၈:၃၅။ ဟီ. ၁:၃) ယေဟောဝါရဲ့ အရည်အသွေးတွေကို အပြည့်အဝ အတုယူတဲ့ ယေရှုကို ကျွန်တော်တို့ ချစ်ကြတယ်။ w23.03 ၃-၄ ¶၆-၇
ဗုဒ္ဓဟူးနေ့၊ မေ ၂၉
ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ ရှင်ပြန်ထမြောက်လာ [မယ်]။—တ. ၂၄:၁၅။
မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ ထမြောက်လာမယ့် အုပ်စုနှစ်စုအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ‘ဖြောင့်မတ်သူတွေ’ နဲ့ “မဖြောင့်မတ်သူတွေ။” “ဖြောင့်မတ်သူ” ဆိုတာ အသက်ရှင်စဉ် ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုခဲ့သူတွေ ဖြစ်တယ်။ “မဖြောင့်မတ်သူ” ဆိုတာ ယေဟောဝါကို ဝတ်မပြုခဲ့သူတွေ ဖြစ်တယ်။ နှစ်အုပ်စုစလုံး ထမြောက်လာမယ်ဆိုတော့ အသက်စာစောင်မှာ သူတို့နာမည် ရှိနေလို့လား။ “ဖြောင့်မတ်သူတွေ” ဟာ မသေဆုံးခင် အသက်စာစောင်မှာ နာမည် ရေးမှတ်ခံထားရတယ်။ သေဆုံးချိန်မှာ အသက်စာစောင်ကနေ နာမည် အဖျက်ခံရသလား။ မခံရပါဘူး။ ယေဟောဝါရဲ့ မှတ်ဉာဏ်မှာ သူတို့ “အသက်ရှင်” နေတုန်းပဲ။ ယေဟောဝါဟာ “သေလွန်သူတွေရဲ့ဘုရား မဟုတ်ဘူး။ အသက်ရှင်သူတွေရဲ့ ဘုရားပဲ။ ဘုရားသခင်ရဲ့ အမြင်မှာ သူတို့အားလုံး အသက်ရှင်နေတယ်။” (လု. ၂၀:၃၈) ဖြောင့်မတ်သူတွေ မြေကြီးပေါ် ထမြောက်လာတဲ့အခါ အသက်စာစောင်မှာ သူတို့နာမည်ဟာ “ခဲတံ” နဲ့ ရေးမှတ်ထားတဲ့အတိုင်း ရှိနေမယ်။—လု. ၁၄:၁၄။ w22.09 ၁၆ ¶၉-၁၀
ကြာသပတေးနေ့၊ မေ ၃၀
ယေဟောဝါဘုရားက လူကို ဧဒင်ဥယျာဉ်မှာ နေခိုင်းတယ်။ ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးပြီး ထိန်းသိမ်းစောင့်ရှောက်ခိုင်းတယ်။—က. ၂:၁၅။
ယေဟောဝါက ပထမ လူသား အာဒံကို ဖန်ဆင်းရာတွေကနေ ပျော်ရွှင်မှု ရစေချင်တယ်။ လှပတဲ့ ဥယျာဉ်မှာ နေရင်း ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုး၊ ချဲ့ထွင်ဖို့ တာဝန်ပေးတယ်။ (က. ၂:၈၊ ၉) မျိုးစေ့တွေ အညှောက် ပေါက်လာတာ၊ ပန်းတွေ ပွင့်လာတာကို ကြည့်ပြီး အာဒံ ဘယ်လောက် စိတ်လှုပ်ရှားခဲ့မယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ဧဒင်ဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ရတာ တကယ့် အခွင့်ထူးပါပဲ။ ဒါ့အပြင် တိရစ္ဆာန်တွေကို နာမည်ပေးဖို့လည်း တာဝန်ရတယ်။ (က. ၂:၁၉၊ ၂၀) ယေဟောဝါကိုယ်တိုင် နာမည်ပေးလို့ ရပေမဲ့ အာဒံကို ပေးခိုင်းတယ်။ နာမည် မပေးခင် တိရစ္ဆာန်တစ်ကောင်ချင်းစီရဲ့ ထူးခြားတဲ့ လက္ခဏာ၊ အပြုအမူတွေကို သေသေချာချာ လေ့လာခဲ့ရမှာပဲ။ ဒီလိုလေ့လာရတာကို အာဒံ နှစ်သက်မှာ၊ ကောင်းကင်ဘုံစံ ဖခင်ရဲ့ ဉာဏ်ပညာ၊ လက်ရာမြောက်မှု၊ ဖန်တီးနိုင်စွမ်းတွေကို ပိုသိလာမှာ သေချာတယ်။ w23.03 ၁၅ ¶၃
သောကြာနေ့၊ မေ ၃၁
အထက်မှာ ပြောခဲ့တဲ့ နိုင်ငံအားလုံးကို ခြေမွှဖျက်ဆီးလိမ့်မယ်။ ပြီးတဲ့နောက် အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့နေမယ်။—ဒံ. ၂:၄၄။
ရုပ်တုကြီးရဲ့ ခြေဖဝါး ခြေဖမိုးနဲ့ တင်စားထားတဲ့ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ဟာ ကျမ်းစာမှာ ကြိုဟောထားတဲ့ နောက်ဆုံး အာဏာစက် ဖြစ်တယ်။ (ဒံ. ၂:၃၁-၃၃) သူ့ကို ဆက်ခံမယ့် အာဏာစက် မရှိဘူး။ အဲဒီအာဏာစက်နဲ့ တခြားလူ့အစိုးရအားလုံး အာမဂေဒုန်မှာ ဘုရားနိုင်ငံတော် ဖျက်ဆီးတဲ့အခါ ဇာတ်သိမ်းသွားလိမ့်မယ်။ (ဗျာ. ၁၆:၁၃၊ ၁၄၊ ၁၆။ ၁၉:၁၉၊ ၂၀) အဲဒီပရောဖက်ပြုချက်က ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ။ အဆုံးပိုင်းကာလမှာ ကျွန်တော်တို့ အသက်ရှင်နေတယ်ဆိုတဲ့ နောက်ထပ် အထောက်အထားကို ဒံယေလ ပရောဖက်ပြုချက်မှာ ဖော်ပြတယ်။ ဗာဗုလုန် ပြီးနောက် ပေါ်လာမယ့် နောက်ထပ် ကမ္ဘာ့အာဏာစက် လေးခုဟာ ဘုရားလူမျိုးအပေါ် အတော် သက်ရောက်မှု ရှိမယ့်အကြောင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်တုန်းက ဒံယေလ ကြိုဟောတယ်။ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ဟာ နောက်ဆုံး အာဏာစက် ဖြစ်မယ်လို့လည်း ပြောတယ်။ မကြာခင် လူ့အုပ်ချုပ်မှု အားလုံးကို ဘုရားနိုင်ငံတော် ဖယ်ရှားပြီး ကမ္ဘာကို အပြည့်အဝ ထိန်းချုပ်တော့မယ်။ တကယ့်နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်ပါပဲ။ w22.07 ၄ ¶၉။ ၅ ¶၁၁-၁၂