နိုဝင်ဘာ
သောကြာနေ့၊ နိုဝင်ဘာ ၁
ညစ်ညမ်းတဲ့စကား တစ်ခွန်းမှ နှုတ်ကနေ မထွက်ပါစေနဲ့။ . . . ကောင်းတဲ့စကားကိုပဲ အပြုသဘောပါပါ ပြောကြပါ။—ဧ. ၄:၂၉။
ခရစ်ယာန်တွေဟာ ညစ်ညမ်းတဲ့ စကား ဘယ်တော့မှ မပြောသင့်ဘူး။ သိပ်မသိသာတဲ့ ဆဲဆိုခြင်း ပုံစံတွေလည်း ရှိလို့ သတိထားသင့်တယ်။ ဥပမာ၊ တခြား ယဉ်ကျေးမှု၊ လူမျိုးအကြောင်း ချိုးချိုးဖဲ့ဖဲ့ နှိမ်ပြောတာကို သတိထားရမယ်။ တခြားသူတွေကို ထိခိုက်အောင် မှိုချိုးမျှစ်ချိုး ဝေဖန်တာမျိုးလည်း မလုပ်သင့်ဘူး။ တခြားသူတွေအတွက် တည်ဆောက်မှု ဖြစ်စေမယ့်နည်းနဲ့ ပြောဆိုပါ။ ပြစ်တင်ဝေဖန်တာ၊ ညည်းညူမြည်တမ်းတာထက် ချီးမွမ်းစကားကို အမြဲ ပြောပါ။ အစ္စရေးတွေမှာ ကျေးဇူးတင်စရာ များစွာ ရှိပေမဲ့ အမြဲလိုလို ညည်းညူမြည်တမ်းကြတယ်။ ညည်းညူတဲ့ စိတ်ဟာ ကူးစက်တတ်တယ်။ သူလျှိုဆယ်ယောက်ရဲ့ စိတ်ဓာတ်ကျစရာ စကားကြောင့် ‘အစ္စရေးအားလုံး မောရှေကို ပြစ်တင်ညည်းညူ’ ကြတာ သတိရပါ။ (တော. ၁၃:၃၁–၁၄:၄) ချီးမွမ်းစကားကတော့ လူတိုင်းကို ပျော်ရွှင်စေတယ်။ ဒါကြောင့် စိတ်ရင်းမှန်နဲ့ ချီးမွမ်းဖို့ အခွင့်အရေး ရှာပါ။ w22.04 ၈ ¶၁၆-၁၇
စနေနေ့၊ နိုဝင်ဘာ ၂
ကျွန်တော်ဟာ မွေးကတည်းက ကိုယ်တော် ဂရုစိုက်တာ ခံခဲ့ရသူပါ။ အမေ့ဝမ်းထဲမှာ ရှိကတည်းက ကိုယ်တော်ဟာ ကျွန်တော့်ဘုရားသခင်ပါ။—ဆာ. ၂၂:၁၀။
ကျမ်းစာခေတ်ကတည်းက လူငယ်များစွာကို မိမိမိတ်ဆွေ ဖြစ်လာအောင် ယေဟောဝါ ကူညီပေးခဲ့တယ်။ သင့်သားသမီးတွေလည်း ဆန္ဒရှိမယ်ဆိုရင် မိမိနဲ့ ရင်းနှီးလာအောင် ဘုရား ကူညီပေးနိုင်တယ်။ (၁ ကော. ၃:၆၊ ၇) သင့်သားသမီး လမ်းလွဲနေတယ်လို့ ထင်ရရင်တောင် ယေဟောဝါကတော့ သူတို့ကို ဆက်ချစ်နေပါလိမ့်မယ်။ (ဆာ. ၁၁:၄) “စိတ်ရင်းမှန်” ရှိတယ်ဆိုတဲ့ အရိပ်အယောင် နည်းနည်းလေး ပြရုံနဲ့ သူတို့ကို ကူညီပေးပါလိမ့်မယ်။ (တ. ၁၃:၄၈။ ၂ ရာ. ၁၆:၉) သူတို့ အလိုအပ်ဆုံးအချိန်မှာ သင့်တော်တဲ့ စကားပြောဖို့ သင့်ကိုလည်း ကူညီပေးနိုင်တယ်။ (ပညာ. ၁၅:၂၃) သူတို့ကို စိတ်ဝင်စားမှု ပြဖို့ အသင်းတော်က ညီအစ်ကို/မ တစ်ယောက်ယောက်ကို ဘုရား လှုံ့ဆော်ပေးနိုင်တယ်။ သူတို့ အရွယ်ရောက်နေပြီ ဆိုရင်တောင် အရင်က သင် သွန်သင်ပေးခဲ့တာတွေကို ပြန်မှတ်မိဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ (ယော. ၁၄:၂၆) ကိုယ့်အပြော၊ အပြုအမူအားဖြင့် သားသမီးတွေကို ဆက်လေ့ကျင့်ပေးမယ်ဆိုရင် ယေဟောဝါ ကောင်းချီးပေးပါလိမ့်မယ်။ w22.04 ၂၁ ¶၁၈
တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၃
နဂါး . . . ဒေါသထွက် [တယ်]။—ဗျာ. ၁၂:၁၇။
ကောင်းကင်ကို စာတန် ပြန်သွားလို့ မရတော့တဲ့အတွက် ဘုရားနိုင်ငံတော်ရဲ့ မြေကြီးကိုယ်စားလှယ်တွေ၊ “ယေရှုအကြောင်း သက်သေခံတဲ့သူတွေ” ဖြစ်တဲ့ ဘိသိက်ခံ အကြွင်းအကျန်တွေကို ဒေါသတကြီး တိုက်ခိုက်တယ်။ (၂ ကော. ၅:၂၀။ ဧ. ၆:၁၉၊ ၂၀) ၁၉၁၈ မှာ အထင်ကရ ညီအစ်ကို ရှစ်ယောက်ဟာ မှားယွင်းတဲ့ စွဲချက်တွေနဲ့ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရတယ်။ အဲဒီဘိသိက်ခံတွေ “သတ်ပစ်” ခံလိုက်ရပုံပဲ။ (ဗျာ. ၁၁:၃၊ ၇-၁၁) ဒါပေမဲ့ ၁၉၁၉၊ မတ်လမှာ ဘိသိက်ခံ ညီအစ်ကိုတွေ ထောင်ကနေ လွတ်လာတယ်။ နောက်ပိုင်း၊ စွဲချက်တွေလည်း ရုပ်သိမ်းခံရတယ်။ ဟောပြောခြင်းလုပ်ငန်းကို ညီအစ်ကိုတွေ ချက်ချင်း ပြန်စကြတယ်။ ဒါပေမဲ့ ဘုရားလူမျိုးကို စာတန် တိုက်ခိုက်တာ ရပ်မသွားပါဘူး။ အဲဒီအချိန်ကစပြီး ဘုရားလူမျိုးအားလုံးအပေါ် ညှဉ်းပန်းနှိပ်စက်မှု “မြစ်ရေ” ကို စာတန် မှုတ်ထုတ်တယ်။ (ဗျာ. ၁၂:၁၅) ကျွန်တော်တို့ယောက်တိုင်း “ခံနိုင်ရည်နဲ့ ယုံကြည်ခြင်း ရှိဖို့ လိုတယ်။”—ဗျာ. ၁၃:၁၀။ w22.05 ၅-၆ ¶၁၄-၁၆
တနင်္လာနေ့၊ နိုဝင်ဘာ ၄
တံဆိပ်ခတ်ခံရသူတွေရဲ့ အရေအတွက်ကို ကျွန်တော် ကြားသိရတယ်။ . . . ၁၄၄,၀၀၀ ရှိတယ်။—ဗျာ. ၇:၄။
ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ထောက်ခံတဲ့၊ ထာဝရအသက် ကောင်းချီး ရမယ့် အုပ်စုနှစ်စုကို စိတ်အာရုံမှာ တမန်တော် ယောဟန် မြင်တယ်။ ပထမအုပ်စုမှာ အရေအတွက် ၁၄၄,၀၀၀ ရှိတယ်။ ကောင်းကင်မှာ ယေရှုနဲ့အတူ အစိုးရ ဖွဲ့စည်းဖို့ မြေကြီးပေါ်ကနေ ရွေးကောက်ခံထားရသူတွေ ဖြစ်တယ်။ ယေရှုနဲ့အတူ ကမ္ဘာမြေကို အုပ်ချုပ်ကြမယ်။ (ဗျာ. ၅:၉၊ ၁၀။ ၁၄:၃၊ ၄) ကောင်းကင် ဇိအုန်တောင်ပေါ် ယေရှုနဲ့အတူ သူတို့ ရပ်နေတာကို စိတ်အာရုံမှာ ယောဟန် မြင်တယ်။ (ဗျာ. ၁၄:၁) တမန်တော်တွေခေတ်ကနေ အခုအထိ ၁၄၄,၀၀၀ အဝင်အဖြစ် လူများစွာ ရွေးချယ်ခံရတယ်။ (လု. ၁၂:၃၂။ ရော. ၈:၁၇) ဒါပေမဲ့ နောက်ဆုံးကာလအတွင်း အနည်းငယ်ပဲ မြေကြီးပေါ် ရှိနေမယ်လို့ ယောဟန် ပြောတယ်။ (ဗျာ. ၁၂:၁၇) သစ္စာရှိရှိ သေဆုံးသွားတဲ့ ကျန် ၁၄၄,၀၀၀ အဝင်နဲ့ ပူးပေါင်းဖို့ ကြီးစွာသောဒုက္ခအတွင်း တစ်ချိန်ချိန်မှာ ကောင်းကင်ကို စုသိမ်းခံရမယ်။ အဲဒီနောက် ဘုရားနိုင်ငံတော်မှာ ယေရှုနဲ့ တွဲဖက်အုပ်ချုပ်ကြမယ်။—မ. ၂၄:၃၁။ ဗျာ. ၅:၉၊ ၁၀။ w22.05 ၁၆ ¶၄-၅
အင်္ဂါနေ့၊ နိုဝင်ဘာ ၅
ငါ့ပညတ်တွေကို အာရုံစိုက် [ပါ]။—ဟေရှာ. ၄၈:၁၈။
ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံ ရှုမြင်ဖို့ နောက်လိုက်တွေကို ယေရှု သင်ပေးတယ်။ “ခင်ဗျားတို့ရဲ့ ဆံပင်တွေကိုတောင် အကုန် ရေတွက်ထားတယ်” လို့ ပြောတယ်။ (မ. ၁၀:၃၀) အဲဒီစကားက အထူးသဖြင့် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်လာတဲ့အခါမျိုးမှာ စိတ်အေးစေတယ်။ ကျွန်တော်တို့ကို ကောင်းကင်ဖခင် တကယ် စိတ်ဝင်စားတယ်၊ တန်ဖိုးထားတယ် ဆိုတဲ့သဘော ဖြစ်လို့ပဲ။ ယေဟောဝါက မိမိကို ဝတ်ပြုကိုးကွယ်ဖို့ ခွင့်ပြုတယ်၊ ကမ္ဘာသစ်မှာ ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်ဖို့ ထိုက်တန်တယ်လို့ ယူဆမှတော့ ဘုရားရဲ့ ဆုံးဖြတ်ချက်ကို သံသယ မဝင်သင့်ဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်က ကင်းမျှော်စင် မှာ ကိုယ့်ကိုယ်ကိုယ် မျှတတဲ့ အမြင် ရှိသင့်ကြောင်း ဒီလိုအကြံပေးထားတယ်– “ကျွန်ုပ်တို့သည် စိတ်ကြီးဝင်လာသည်အထိ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးလွန်းလိုကြပါ။ သည့်အပြင် တစ်ဖက်စွန်းရောက်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်မသေးလွန်းလိုကြပါ။ သို့အစား ကျွန်ုပ်တို့၏ အားသာချက်များနှင့် အားနည်းချက်တို့ကို ထည့်စဉ်းစားကာ မိမိကိုယ်ကို တော်ရုံသင့်ရုံ ရှုမြင်ကြရန် ရည်မှန်းသင့်ပေသည်။” w22.05 ၂၄-၂၅ ¶၁၄-၁၆
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၆
ကျွန်တော် ဆုတောင်းနေတာ . . . သူတို့အားလုံး တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာအောင်လို့ပါ။—ယော. ၁၇:၂၀၊ ၂၁။
စည်းလုံးမှု တိုးများအောင် ကျွန်တော်တို့ တစ်ယောက်ချင်းစီ ဘာလုပ်နိုင်သလဲ။ ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်သူတွေ ဖြစ်ခြင်းအားဖြင့်ပါပဲ။ (မ. ၅:၉။ ရော. ၁၂:၁၈) အသင်းတော်ထဲက တခြားသူတွေနဲ့ သင့်မြတ်ဖို့ ကိုယ့်ဘက်က အစပြုလုပ်ဆောင်တိုင်း ပုံဆောင်ပရဒိသု ပိုလှလာအောင် ပါဝင်အားဖြည့်ပေးရာ ရောက်တယ်။ ပုံဆောင်ပရဒိသုမှာ နေထိုင်သူ တစ်ယောက်ချင်းကို စင်ကြယ်တဲ့ ဝတ်ပြုရေးဆီ ယေဟောဝါ ဆွဲဆောင်ထားကြောင်း သတိရပါ။ (ယော. ၆:၄၄) တန်ဖိုးရှိတယ်လို့ ယေဟောဝါဘုရား ယူမှတ်ထားတဲ့ ကျေးကျွန်တွေကြား ငြိမ်သက်စည်းလုံးမှု တိုးများအောင် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေတာ ဘုရား တွေ့တဲ့အခါ သိပ်ပျော်မှာ သေချာတယ်။ (ဟေရှာ. ၂၆:၃။ ဟဂ္ဂဲ ၂:၇) ဘုရားကျေးကျွန်တွေအဖြစ် ကိုယ် ရထားတဲ့ ကောင်းချီးတွေကနေ ဘယ်လို အကျိုး အပြည့်အဝ ရနိုင်သလဲ။ ကျမ်းစာ လေ့လာပြီး သေသေချာချာ တွေးတောဆင်ခြင်ပါ။ ဒါက ခရစ်ယာန် အရည်အသွေးတွေ ပြုစုပျိုးထောင်နိုင်အောင်၊ အသင်းတော်မှာ “ညီရင်းအစ်ကိုမေတ္တာ၊” “ချစ်ခင်မြတ်နိုး” မှု ပြနိုင်အောင် ကူညီပေးပါလိမ့်မယ်။—ရော. ၁၂:၁၀။ w22.11 ၁၂-၁၃ ¶၁၆-၁၈
ကြာသပတေးနေ့၊ နိုဝင်ဘာ ၇
သူတို့အမှားကို ငါခွင့်လွှတ်မယ်။ သူတို့အပြစ်ကို သတိရမှာ မဟုတ်ဘူး။—ယေ. ၃၁:၃၄။
ကျွန်တော်တို့ကို ယေဟောဝါ ခွင့်လွှတ်တယ်ဆိုတာ လက်ခံမယ်ဆိုရင် စိတ်ငြိမ်သက်မှု၊ ကြည်လင်တဲ့ သိစိတ် အပါအဝင် “လန်းဆန်းစေတဲ့ အချိန်ကာလ” ကို ခံစားရမယ်။ အဲဒီလို ခွင့်လွှတ်မှုဟာ လူတွေဆီက မဟုတ်ဘဲ “ယေဟောဝါဘုရားဆီက” လာတာ။ (တ. ၃:၁၉) ယေဟောဝါ ခွင့်လွှတ်တဲ့အခါ တစ်ခါမှ အပြစ် မလုပ်ဖူးတဲ့ ပုံစံမျိုး ယူမှတ်ခံရမှာ ဖြစ်ပြီး ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ပြန်ရမယ်။ ကျွန်တော်တို့ကို ယေဟောဝါ ခွင့်လွှတ်လိုက်ပြီဆိုတာနဲ့ အဲဒီအပြစ်ကို ဘယ်တော့မှ ပြန်အစမဖော်ဘူး။ အပြစ်မပေးဘူး။ (ဟေရှာ. ၄၃:၂၅) “နေထွက်ရာအရပ်နဲ့ နေဝင်ရာအရပ် အလှမ်းဝေးသလို” အပြစ်တွေကို ကျွန်တော်တို့နဲ့ အလှမ်းဝေးစေတယ်။ (ဆာ. ၁၀၃:၁၂) ယေဟောဝါရဲ့ ခွင့်လွှတ်မှု ဘယ်လောက် ကြီးမားကြောင်း စဉ်းစားလိုက်တိုင်း ကျေးဇူးတင်လေးမြတ်စိတ် တဖွားဖွား ပေါ်လာတယ်။ (ဆာ. ၁၃၀:၄) ခွင့်လွှတ် မလွှတ်ဆိုတဲ့ ယေဟောဝါရဲ့ ဆုံးဖြတ်ချက်ဟာ အပြစ် ဘယ်လောက် ကြီးတယ်၊ သေးတယ်ဆိုတဲ့အပေါ် မမူတည်ဘူး။ ဖန်ဆင်းရှင်၊ ပညတ်ပြဋ္ဌာန်းရှင်၊ တရားသူကြီးအဖြစ် သိထားတဲ့ အသိပညာကို သုံးပြီး ခွင့်လွှတ် မလွှတ် ဆုံးဖြတ်တယ်။ w22.06 ၅ ¶၁၂-၁၄
သောကြာနေ့၊ နိုဝင်ဘာ ၈
ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်မယ်ဆိုရင် ဘုရားသခင် တည်ရှိတယ်ဆိုတာ ယုံကြည်ရမယ်။ ဘုရားသခင်ဟာ မိမိကို ထက်ထက်သန်သန် ရှာဖွေသူကို ဆုချတဲ့ အရှင်ပဲဆိုတာကိုလည်း ယုံကြည်ရမယ်။—ဟီ. ၁၁:၆။
ယေဟောဝါက မိမိကို ချစ်မြတ်နိုးသူတိုင်းကို တောက်ပတဲ့ မျှော်လင့်ချက် ပေးထားတယ်။ မကြာခင် ဖျားနာမှု၊ ဝမ်းနည်းမှုနဲ့ သေခြင်းကို ဖယ်ရှားပေးမယ်။ (ဗျာ. ၂၁:၃၊ ၄) မိမိကို မျှော်လင့်တဲ့ “စိတ်နူးညံ့သူတွေ” ကမ္ဘာမြေကို ပရဒိသုအဖြစ် ပြောင်းလဲတဲ့အခါ ကူညီပေးမယ်။ (ဆာ. ၃၇:၉-၁၁) ကျွန်တော်တို့ တစ်ယောက်စီနဲ့ လက်ရှိထက် ပိုရင်းနှီး၊ နွေးထွေးတဲ့ ဆက်ဆံရေး ရှိစေမယ်။ သိပ်ကောင်းတဲ့ မျှော်လင့်ချက်ပါပဲ။ ဘုရားကတိတွေ ပြည့်စုံလာမယ်ဆိုတာ ယုံကြည်ဖို့ ဘာအကြောင်းရင်း ရှိသလဲ။ ယေဟောဝါဟာ အမြဲ ကတိတည်တယ်။ ဒါဟာ “ယေဟောဝါကို မျှော်လင့်” ဖို့ အကြောင်းကောင်းပါပဲ။ (ဆာ. ၂၇:၁၄) ကတိတွေ ဘုရား ပြည့်စုံစေမယ့်အချိန်ကို စိတ်ရှည်စွာ၊ ရွှင်လန်းစွာ စောင့်ဆိုင်းခြင်းအားဖြင့် မျှော်လင့်ကြောင်း ကျွန်တော်တို့ ပြကြတယ်။ (ဟေရှာ. ၅၅:၁၀၊ ၁၁) “မိမိကို ထက်ထက်သန်သန် ရှာဖွေသူကို” ယေဟောဝါ ဆုချမယ်ဆိုတာ စိတ်ချရင်း ဆက်သစ္စာရှိကြပါစို့။ w22.06 ၂၀ ¶၁။ ၂၅ ¶၁၈
စနေနေ့၊ နိုဝင်ဘာ ၉
အဖဘုရားက ခင်ဗျားတို့ လိုအပ်တာကို မတောင်းခင်ကတည်းက သိပြီးသားပဲ။—မ. ၆:၈။
၁ တိမောသေ ၅:၈ မှာ မိမိကိုယ်တိုင် မိန့်မှာထားတဲ့အတိုင်း အိမ်ထောင်ဦးစီး ယေဟောဝါ လုပ်ဆောင်မယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ကျွန်တော်တို့နဲ့ ကျွန်တော်တို့မိသားစုကို ယေဟောဝါ ချစ်တယ်ဆိုတာ ယုံကြည်စိတ်ချမယ်ဆိုရင် လိုအပ်တာတွေ ရပါ့မလားလို့ သံသယ ဝင်မှာ မဟုတ်ဘူး။ (မ. ၆:၃၁-၃၃) မေတ္တာရှိပြီး ရက်ရောတဲ့ ယေဟောဝါက ကျွန်တော်တို့အတွက် တကယ် ဖြည့်ဆည်းပေးချင်တယ်။ ကမ္ဘာကို ဖန်ဆင်းချိန်မှာ လူတွေ အသက်ရှင်နိုင်ရုံ အခြေခံ လိုအပ်ရာတွေလောက်ပဲ ပြင်ဆင်ပေးခဲ့တာ မဟုတ်ဘူး။ ဘဝကို ပျော်မွေ့စေမယ့်အရာတွေ အပြည့် ဖန်ဆင်းပေးတယ်။ (က. ၂:၉) တစ်ခါတလေ ကျွန်တော်တို့ ပိုပိုလျှံလျှံ မရှိရင်သာ နေမယ်၊ လိုအပ်တာတော့ အမြဲ ရှိကြတယ်။ ဒါ ယေဟောဝါ ဖြည့်ဆည်းပေးလို့ပဲဆိုတာ သတိရရမယ်။ (မ. ၆:၁၁) ကျွန်တော်တို့ ဘာတွေပဲ စွန့်လွှတ်အနစ်နာခံရပါစေ လက်ရှိနဲ့ အနာဂတ်မှာ မေတ္တာရှင် ဘုရား ပေးမယ့်အရာတွေနဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်ဘူး။—ဟေရှာ. ၆၅:၂၁၊ ၂၂။ w22.06 ၁၅ ¶၇-၈
တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၀
မာတဲ့အစာကိုတော့ ရင့်ကျက်သူတွေပဲ စားတယ်။—ဟီ. ၅:၁၄။
စိတ်ဝင်စားသူတွေလောက်ပဲ နက်နဲတဲ့ ကျမ်းစာအသိပညာ လိုအပ်တာ မဟုတ်ဘူး။ ကျွန်တော်တို့အားလုံး လိုအပ်ကြတယ်။ သိလာတာကို လက်တွေ့ကျင့်သုံးခြင်းက “အမှားအမှန် ခွဲခြားသိနိုင်အောင်” ကူညီပေးတယ်လို့ တမန်တော် ပေါလု ပြောတယ်။ ကိုယ်ကျင့်တရား ယိုယွင်းကျဆင်းနေတဲ့ ဒီခေတ်မှာ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း လိုက်လျှောက်ဖို့ ခက်ခဲနိုင်တယ်။ ဒါပေမဲ့ ယုံကြည်ခြင်း ခိုင်မာဖို့ လိုအပ်တဲ့ ဘုရားရေးရာ အစားအစာတွေ ရအောင် ယေရှု စီမံပေးနေတယ်။ အဓိကကတော့ ကျမ်းစာပါ။ ယေရှုလိုပဲ ဘုရားနာမည်ကို ကျွန်တော်တို့ ဂုဏ်တင်ကြတယ်။ (ယော. ၁၇:၆၊ ၂၆) ဥပမာ၊ ၁၉၃၁ မှာ ယေဟောဝါသက်သေများဆိုတဲ့ ကျမ်းစာအခြေပြု နာမည် ခံယူခဲ့ကြတယ်။ ဒီနည်းအားဖြင့် ကျွန်တော်တို့အတွက် ဘုရားနာမည် ဘယ်လောက် အရေးပါကြောင်း၊ ဘုရားနာမည်နဲ့ အခေါ်ခံလိုကြောင်း ပြကြတယ်။ (ဟေရှာ. ၄၃:၁၀-၁၂) ကမ္ဘာသစ် ဘာသာပြန်ကျမ်း မှာလည်း ဘုရားနာမည်ကို မူရင်းအတိုင်း သူ့နေရာနဲ့သူ ပြန်ထည့်သွင်းတယ်။ w22.07 ၁၁ ¶၁၁-၁၂
တနင်္လာနေ့၊ နိုဝင်ဘာ ၁၁
နှုတ်တော်ထွက်စကားဟာ ကျွန်တော့်ခြေကို လမ်းပြတဲ့ မီးခွက်ပါ။ လမ်းခရီးကို လင်းစေတဲ့ အလင်းပါ။—ဆာ. ၁၁၉:၁၀၅။
ကျမ်းစာအမှန်တရားထဲမှာ ဘုရားနိုင်ငံတော်အကြောင်း သတင်းကောင်း ပါဝင်တယ်။ နိုင်ငံတော် အမှန်တရားကို ဝှက်ထားတဲ့ ဘဏ္ဍာနဲ့ ယေရှု ခိုင်းနှိုင်းတယ်။ “ကောင်းကင်နိုင်ငံဟာ လယ်မှာ ဝှက်ထားတဲ့ ဘဏ္ဍာနဲ့ တူတယ်။ လူတစ်ယောက်က အဲဒီဘဏ္ဍာကို တွေ့တဲ့အခါ ပြန်ဝှက်ထားလိုက်တယ်။ ဝမ်းသာအားရနဲ့ ပိုင်ဆိုင်သမျှကို သွားရောင်းပြီး အဲဒီလယ်ကို ဝယ်တယ်” လို့ မဿဲ ၁၃:၄၄ မှာ ပြောတယ်။ အဲဒီလူက ဘဏ္ဍာကို ရှာနေတာ မဟုတ်ဘူး။ ဒါပေမဲ့ တွေ့တဲ့အခါ ပိုင်ဆိုင်နိုင်ဖို့ အများကြီး စွန့်လွှတ်တယ်။ ပိုင်ဆိုင်သမျှ ရောင်းလိုက်တယ်။ ဘာကြောင့်လဲ။ ဘဏ္ဍာ ဘယ်လောက် တန်ဖိုးရှိမှန်း သိလို့ပဲ။ အခုချိန်မှာ ယေဟောဝါကို ဝတ်ပြုလို့ ရတဲ့ ရွှင်လန်းမှု၊ အနာဂတ် ဘုရားနိုင်ငံတော် အုပ်ချုပ်မှုအောက် ထာဝစဉ် အသက်ရှင်ရမယ့် မျှော်လင့်ချက်နဲ့ ယှဉ်ရင် လောက ပေးတဲ့အရာတွေဟာ ဘာမှ မဟုတ်ဘူး။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရရှိခွင့်ဟာ စွန့်လွှတ်လိုက်ရသမျှထက် ပိုတန်ဖိုးရှိတယ်။ “ယေဟောဝါရဲ့ နှစ်သက်လက်ခံမှုကို အပြည့်အဝ ရရှိ” ထားတာ ကျွန်တော်တို့အတွက် အပျော်ရွှင်ရဆုံးပါပဲ။—ကော. ၁:၁၀။ w22.08 ၁၅ ¶၈-၉။ ၁၇ ¶၁၂
အင်္ဂါနေ့၊ နိုဝင်ဘာ ၁၂
ဒီလိုကြီးလေးတဲ့အပြစ် ကျူးလွန်ပြီး ဘုရားသခင်ကို ပြစ်မှားတဲ့အဖြစ်မျိုး ကျွန်တော် အရောက်မခံနိုင်ဘူး။—က. ၃၉:၉။
အိမ်ထောင်ရေး ဖောက်ပြန်မှုကို “ကြီးလေးတဲ့အပြစ်” လို့ ဘုရား ယူမှတ်မှန်း ယောသပ် ဘယ်လို သိသလဲ။ “အိမ်ထောင်ရေး မဖောက်ပြန်နဲ့” ဆိုတဲ့ ရှင်းလင်းတဲ့ ညွှန်ကြားချက် ပါဝင်တဲ့ မောရှေပညတ်ကို နောက်နှစ်ပေါင်း နှစ်ရာလောက်မှ အစ္စရေးတွေ ရတာ။ (ထွ. ၂၀:၁၄) ဒါပေမဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုကို ယေဟောဝါဘုရား မကြိုက်လောက်ဘူးဆိုတာ သိနေတဲ့အထိ ဘုရားအကြောင်း ယောသပ် ကောင်းကောင်း သိထားတယ်။ ဥပမာ၊ အိမ်ထောင်ရေးဟာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်အတွက်ပဲ ယေဟောဝါ ရည်ရွယ်မှန်း ယောသပ် သိမှာ သေချာတယ်။ ဘေးမ စာရာရဲ့ အရှက်သိက္ခာကို နှစ်ကြိမ်တိုင်တိုင် ယေဟောဝါ ကာကွယ်ပေးခဲ့ကြောင်း ယောသပ် ကြားဖူးမှာပဲ။ (က. ၂:၂၄။ ၁၂:၁၄-၂၀။ ၂၀:၂-၇) ဒီအကြောင်းတွေ စဉ်းစားလိုက်တဲ့အခါ ဘုရားအမြင်မှာ ဘယ်ဟာ မှန်တယ်၊ မှားတယ်ဆိုတာ သဘောပေါက်လာတယ်။ ယေဟောဝါဘုရားနဲ့ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို ချစ်မြတ်နိုးတဲ့အတွက် ဖြောင့်မှန်တာကို လုပ်ဖို့ ဆုံးဖြတ်ထားတယ်။ w22.08 ၂၆ ¶၁-၂
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁၃
အတော်များများ နိုးထလာမယ်။ တချို့က ထာဝရ အသက်ရှင်ဖို့ . . . နိုးထလာမယ်။—ဒံ. ၁၂:၂။
ဒီပရောဖက်ပြုချက်ဟာ ကောင်းကင် ထမြောက်ခြင်းအကြောင်း ဒါမှမဟုတ် ၁၉၁၈ မှာ ဆန့်ကျင်သူတွေကြောင့် ဟောပြောခြင်းလုပ်ငန်း ရပ်တန့်မလို ဖြစ်ရာကနေ ပြန်လှုပ်ရှားလာခြင်းအကြောင်း ပြောနေတာလို့ အရင်က နားလည်ခဲ့တယ်။ တကယ်တော့ ကမ္ဘာသစ်မှာ လူသေတွေ ထမြောက်လာခြင်းအကြောင်း ပြောနေတာ။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။ ဒံယေလ ၁၂:၂ မှာ သုံးထားတဲ့ “မြေကြီး” အတွက် မူရင်းစကားလုံးကို ယောဘ ၁၇:၁၆ မှာ “မြေမှုန့်” လို့ သုံးထားတယ်။ ယောဘ ၁၇:၁၆ မှာ သုံးထားတဲ့ “မြေမှုန့်” နဲ့ “သင်္ချိုင်း” ဟာ အသုံးအနှုန်း အတူတူပဲ ဖြစ်လို့ ဒံယေလ ၁၂:၂ မှာ သုံးထားတဲ့ “မြေကြီး” ဟာလည်း သင်္ချိုင်းကို ဆိုလိုတာ ဖြစ်ရမယ်။ ဒါကြောင့် ဒံယေလ ၁၂:၂ ဟာ နောက်ဆုံးကာလ အဆုံးတိုင်ပြီးနောက်၊ အာမဂေဒုန်စစ်ပွဲပြီးနောက် ဖြစ်မယ့် မြေကြီးပေါ်က ပကတိ ထမြောက်ခြင်းအကြောင်း ပြောနေတာ ဖြစ်တယ်။ ဒါဆိုရင် လူတချို့ “ထာဝရ အသက်ရှင်ဖို့” ထမြောက်လာမယ်လို့ ဒံယေလ ၁၂:၂ မှာ ဖော်ပြထားတာ ဘာအဓိပ္ပာယ်လဲ။ အနှစ် ၁၀၀၀ အတွင်း ထမြောက်လာပြီး ယေဟောဝါနဲ့ ယေရှုကို သိကျွမ်းလာသူ၊ ဆက်သိကျွမ်းနေသူ၊ နာခံသူတွေ နောက်ဆုံးမှာ ထာဝရအသက် ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။—ယော. ၁၇:၃။ w22.09 ၂၁-၂၂ ¶၆-၇
ကြာသပတေးနေ့၊ နိုဝင်ဘာ ၁၄
မေတ္တာဟာ . . . အရာရာကို ယုံတတ်တယ်။—၁ ကော. ၁၃:၇။
တခြားသူတွေကို မျက်စိမှိတ် ယုံလိုက်ဖို့ ယေဟောဝါ မမျှော်လင့်ဘူး။ ယုံကြည်စိတ်ချထိုက်ကြောင်း ပြနေလို့သာ စိတ်ချစေချင်တာ။ ညီအစ်ကိုတွေကို ယုံကြည်စိတ်ချဖို့ အချိန် လိုတယ်။ ဘယ်လိုနည်းနဲ့ သူတို့ကို ယုံကြည်စိတ်ချလာနိုင်သလဲ။ သူတို့အကြောင်း ကောင်းကောင်း သိအောင် လုပ်ပါ။ အသင်းတော် အစည်းအဝေးတွေမှာ စကားပြောပါ။ အမှုဆောင်မှာ အတူပါဝင်ပါ။ သူတို့ကို စိတ်ရှည်ပါ။ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း ပြဖို့ အခွင့်အရေး ပေးပါ။ ကိုယ်နဲ့ သိကျွမ်းခါစ တစ်ယောက်ယောက်ကို ချက်ချင်း အတွင်းရေးတွေ အကုန် မပြောဘဲ ပိုခင်လာတဲ့အခါကျမှ ပြောပြနိုင်တယ်။ (လု. ၁၆:၁၀) ဒါပေမဲ့ သူ နှုတ်မလုံတဲ့အခါ ဘာလုပ်မလဲ။ ချက်ချင်း အဆက်မဖြတ်လိုက်ပါနဲ့။ အချိန်ပေးပါ။ တစ်ယောက်ကြောင့် စိတ်ထိခိုက်ရတာနဲ့ပဲ ကျန်တဲ့ ညီအစ်ကိုတွေကိုပါ မယုံတော့တာမျိုး မဖြစ်ပါစေနဲ့။ w22.09 ၄ ¶၇-၈
သောကြာနေ့၊ နိုဝင်ဘာ ၁၅
ယေဟောဝါဘုရားက . . . မြေတစ်ပြင်လုံးကို ဂရုတစိုက် ကြည့်နေတယ်။—၂ ရာ. ၁၆:၉။
တောင်အမေရိကမှာ နေတဲ့ အကြီးအကဲ ညီအစ်ကို မီကာဟာ တာဝန်ရှိ ညီအစ်ကိုတွေ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ မီကာ ဆက်သတိရှိနေတယ်။ ခံစားချက်တွေကို ကြိုးစားထိန်းချုပ်တယ်။ သန့်ရှင်းသော စွမ်းအားတော် ပေးဖို့၊ ခံရပ်နိုင်စွမ်း ပေးဖို့ မခြားမလပ် ဆုတောင်းတယ်။ အကူအညီ ဖြစ်စေမယ့် အဖွဲ့အစည်း စာပေတွေ ရှာဖတ်တယ်။ ဘာသင်ခန်းစာ ရသလဲ။ ညီအစ်ကို/မ တစ်ယောက်ယောက် ကိုယ့်ကို မတရား ဆက်ဆံတယ်လို့ ခံစားရတဲ့အခါ တည်တည်ငြိမ်ငြိမ် ဆက်ရှိနေပါ။ အပျက်သဘော ခံစားချက်တွေကို ကြိုးစားထိန်းချုပ်ပါ။ ဘယ်လို အခြေအနေတွေကြောင့် သူ ပြောမိ၊ လုပ်မိတယ်ဆိုတာ မသိနိုင်ဘူး။ ဒါကြောင့် ကိစ္စရပ်တွေကို သူ့ဘက်ကနေ မြင်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ အဲဒီလူကို ဆက်သံသယ ဝင်မနေပါနဲ့။ ထိခိုက်မှုကို ဗွေမယူပါနဲ့။ (ပညာ. ၁၉:၁၁) သင့်အခြေအနေကို ယေဟောဝါ သိကြောင်း၊ ခံရပ်နိုင်စွမ်း ပေးမှာ ဖြစ်ကြောင်း သတိရပါ။—ဒေ. ၅:၈။ w22.11 ၂၁ ¶၅
စနေနေ့၊ နိုဝင်ဘာ ၁၆
သရုပ်မှန် ဖုံးကွယ်ထားသူတွေကို ရှောင်တယ်။—ဆာ. ၂၆:၄။
ယေဟောဝါကို ချစ်တဲ့ မိတ်ဆွေတွေ ရွေးချယ်ပါ။ ကိုယ် ရွေးချယ်တဲ့ မိတ်ဆွေတွေက ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်အောင် ကိုယ့်ကို ကူညီပေးနိုင်တယ်။ (ပညာ. ၁၃:၂၀) အခု အကြီးအကဲအဖြစ် အမှုဆောင်နေတဲ့ ဂျူလီယန် ဒီလိုပြောတယ်– “ငယ်ငယ်တုန်းက အမှုဆောင်မှာ ပါဝင်ရင်း မိတ်ဆွေကောင်းတွေ ရလာတယ်။ စိတ်ထက်သန်တဲ့ အဲဒီမိတ်ဆွေတွေကြောင့် အမှုဆောင် သွားရတာ ပျော်စရာကောင်းတယ်လို့ မြင်တတ် လာတယ်။ . . . မိတ်ဆွေကောင်း များများစားစား မရှိတာ သက်တူရွယ်တူတွေနဲ့ပဲ ပေါင်းနေလို့ဆိုတာ သိလာတယ်။” အသင်းတော်မှာ ကိုယ် ပေါင်းသင်းနေသူ တစ်ယောက်ယောက်ဟာ မိတ်ဆွေကောင်း မဟုတ်မှန်း သိလာရင် ဘာလုပ်သင့်သလဲ။ ပထမရာစု ခရစ်ယာန်တချို့မှာ ခရစ်ယာန် မဆန်တဲ့ အတွေးအခေါ်၊ အပြုအမူတွေ ရှိနေမှန်း ပေါလု သိလို့ သူတို့ကို ဝေးဝေးရှောင်ဖို့ တိမောသေကို သတိပေးတယ်။ (၂ တိ. ၂:၂၀-၂၂) ကောင်းကင်ဖခင် ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းဟာ သိပ်တန်ဖိုးရှိတယ်။ မနည်း ကြိုးစားပြီးမှ ရထားတဲ့ အဲဒီဆက်ဆံရေးကို ဘယ်သူ့ကြောင့်မှ အပျက်စီး မခံသင့်ဘူး။ w22.08 ၅-၆ ¶၁၃-၁၅
တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၇
လူမိုက်ကို ဝေးဝေးရှောင်ပါ။—ပညာ. ၁၄:၇။
ဘုရားသခင့် အကြံဉာဏ်ကို မုန်းတီးသူတွေလို မဟုတ်ဘဲ ကျွန်တော်တို့က ဘုရားရဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ အပါအဝင် ဘုရားနည်းလမ်းတွေကို မြတ်နိုးစိတ် မွေးမြူကြတယ်။ နာခံသူနဲ့ မနာခံသူတွေ ရတဲ့ ရလဒ်တွေကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် အဲဒီမြတ်နိုးစိတ် တိုးများစေနိုင်တယ်။ ယေဟောဝါရဲ့ ပညာရှိ အကြံဉာဏ်ကို မိုက်မဲစွာ ငြင်းပယ်လို့ လူတွေ ဘာဒုက္ခတွေ ကြုံရသလဲဆိုတာ သတိထားကြည့်ပါ။ ပြီးနောက် ဘုရားကို နာခံလို့ ကိုယ့်ဘဝ ဘယ်လောက် တိုးတက်ကောင်းမွန်လာကြောင်း စဉ်းစားပါ။ (ဆာ. ၃၂:၈၊ ၁၀) လူတိုင်း ဉာဏ်ပညာ ရနိုင်အောင် ယေဟောဝါ စီစဉ်ပေးထားပေမဲ့ လက်ခံဖို့ အတင်းအကျပ် ဖိအား မပေးဘူး။ ဉာဏ်ပညာကို ငြင်းပယ်ရင် ဘာရလဒ် ရမလဲဆိုတာ ဖော်ပြပေးတယ်။ (ပညာ. ၁:၂၉-၃၂) “ကိုယ့်လမ်းစဉ်ရဲ့ အကျိုးဆက်တွေကို ပြန်ခံစားရလိမ့်မယ်။” သူတို့ရဲ့ ဘဝပုံစံကြောင့် စိတ်ပျက်စရာ၊ ဒုက္ခတွေပဲ ကြုံရလိမ့်မယ်။ နောက်ဆုံးမှာ ဖျက်ဆီးခံရလိမ့်မယ်။ ယေဟောဝါရဲ့ ပညာရှိ အကြံဉာဏ်ကို နားထောင်၊ ကျင့်သုံးသူတွေအတွက်တော့ ‘ငါ့စကားကို နားထောင်သူက ဘေးကင်းလုံခြုံစွာ နေရလိမ့်မယ်။ ဘေးဆိုးကို မကြောက်ဘဲ အေးချမ်းစွာ နေရလိမ့်မယ်’ လို့ ကျမ်းစာမှာ ကတိပေးထားတယ်။—ပညာ. ၁:၃၃။ w22.10 ၂၁ ¶၁၁-၁၃
တနင်္လာနေ့၊ နိုဝင်ဘာ ၁၈
ယေဟောဝါကို ကြောက်ရွံ့ရိုသေပြီး ကိုယ်တော်ရဲ့ လမ်းစဉ်တွေအတိုင်း လျှောက်လှမ်းသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။—ဆာ. ၁၂၈:၁။
ယေဟောဝါကို ကြောက်ရွံ့တယ်ဆိုတာ ဘုရားကို ရိုသေလေးစားလွန်းလို့ ဘုရား မကြိုက်တာ မလုပ်မိအောင် ရှောင်တာကို ဆိုလိုတယ်။ (ပညာ. ၁၆:၆) ကျမ်းစာပါ ဘုရားရဲ့ အမှားအမှန် စံနှုန်းတွေအတိုင်း အတတ်နိုင်ဆုံး နေထိုင်ကြတယ်။ (၂ ကော. ၇:၁) ယေဟောဝါ နှစ်သက်မြတ်နိုးတာကို လုပ်ပြီး ဘုရား မုန်းတာကို ရှောင်မယ်ဆိုရင် ပျော်ရွှင်ပါလိမ့်မယ်။ (ဆာ. ၃၇:၂၇။ ၉၇:၁၀။ ရော. ၁၂:၉) အမှားအမှန် စံနှုန်း သတ်မှတ်ပိုင်ခွင့် ယေဟောဝါမှာ ရှိမှန်း လူတစ်ယောက် သိရုံနဲ့ မပြီးဘူး။ အဲဒီစံနှုန်းတွေကို လိုက်နာဖို့လည်း လိုတယ်။ (ရော. ၁၂:၂) ယေဟောဝါရဲ့ စံနှုန်းတွေကို လိုက်လျှောက်တာ အကောင်းဆုံး ဘဝလမ်းစဉ် ဖြစ်မှန်း ယုံကြည်တယ်ဆိုတာကို ကိုယ့်အပြုအမူအားဖြင့် ကျွန်တော်တို့ ပြကြတယ်။ (ပညာ. ၁၂:၂၈) “ကိုယ်တော်ကြောင့် အသက်လမ်းကို ကျွန်တော် သိရှိရတယ်။ ရှေ့တော်မှာ နေခွင့်ရလို့ သိပ်ပျော်တယ်။ ကိုယ်တော့်ညာဘက်မှာ နေခွင့်ရလို့ ထာဝစဉ် ကြည်နူးတယ်” လို့ ပြောခဲ့တဲ့ ဒါဝိဒ် အဲဒီလို ခံစားရတယ်။—ဆာ. ၁၆:၁၁။ w22.10 ၈ ¶၉-၁၀
အင်္ဂါနေ့၊ နိုဝင်ဘာ ၁၉
သားတော်က အဖဘုရား လုပ်တာကို မြင်လို့သာ လုပ်တာပါ။ ကိုယ်တိုင်အစပြုပြီး ဘာတစ်ခုမှ မလုပ်ဘူး။—ယော. ၅:၁၉။
ယေရှုဟာ ကိုယ့်ကိုယ်ကိုယ် မျှတစွာ၊ နှိမ့်ချစွာ ရှုမြင်တယ်။ လူသားဘဝ မတိုင်ခင်တုန်းက ယေဟောဝါရဲ့ အမှုတော်မှာ အများကြီး လုပ်ဆောင်ခဲ့တယ်။ ယေရှုကို သုံးပြီး ‘ဘုရားသခင်က ကောင်းကင်နဲ့ ကမ္ဘာမြေပေါ်မှာ ရှိရှိသမျှ ဖန်ဆင်းခဲ့တယ်။’ (ကော. ၁:၁၆) ယေရှု နှစ်ခြင်းခံချိန်မှာ ဖခင်နဲ့ အတူရှိတုန်းက လုပ်ဆောင်ပြီးမြောက်ခဲ့တာတွေကို ပြန်မှတ်မိလာတယ်။ (မ. ၃:၁၆။ ယော. ၁၇:၅) ဒါပေမဲ့ မာနတက်မသွားဘူး။ ကိုယ့်ကိုယ်ကိုယ် တခြားသူထက် သာတယ်လို့ တစ်ခါမှ သဘောမထားဘူး။ မိမိ မြေကြီးပေါ် လာတာဟာ “သူတစ်ပါးကို စေခိုင်းဖို့ လာတာ မဟုတ်ဘူး။ သူတစ်ပါး အစေကို ခံပြီး လူအများအတွက် ရွေးဖိုးအဖြစ် အသက်ကို ပေးဖို့ ရောက်လာတာ” လို့ နောက်လိုက်တွေကို ပြောတယ်။ (မ. ၂၀:၂၈) ကိုယ်တိုင် အစပြုပြီး ဘာတစ်ခုမှ မလုပ်ဆောင်နိုင်ဘူးလို့လည်း ကျိုးနွံစွာ ဝန်ခံတယ်။ တကယ့်ကို နှိမ့်ချသူပါပဲ။ ကျွန်တော်တို့ လိုက်လျှောက်သင့်တဲ့ စံနမူနာကောင်းပါပဲ။ w22.05 ၂၄ ¶၁၃
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၀
ယေဟောဝါဆီ ပြန်လှည့်လာပါ။—ဟေရှာ. ၅၅:၇။
ခွင့်လွှတ် မလွှတ် ဆုံးဖြတ်တဲ့အခါ ယေဟောဝါ ထည့်စဉ်းစားတဲ့ အချက်တစ်ချက်က ကိုယ့်လုပ်ရပ် မှားတယ်ဆိုတာ အပြစ်လုပ်သူ သိမသိ ဆိုတာပဲ။ လုကာ ၁၂:၄၇၊ ၄၈ မှာ အဲဒီအချက်ကို ယေရှု ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ ယေဟောဝါ မကြိုက်မှန်း သိသိကြီးနဲ့ သေသေချာချာ အကွက်ချ စီစဉ်ပြီး မကောင်းတာ လုပ်သူဟာ ကြီးလေးတဲ့ အပြစ် ကျူးလွန်တာ ဖြစ်လို့ သူ့ကို ခွင့်မလွှတ်ဖို့ ယေဟောဝါ ဆုံးဖြတ်နိုင်တယ်။ (မာ. ၃:၂၉။ ယော. ၉:၄၁) မျှော်လင့်ချက် မဲ့သွားပြီလား။ မမဲ့ပါဘူး။ အပြစ်လုပ်သူ စိတ်ရင်းမှန်နဲ့ နောင်တရမရ ဆိုတာကို ယေဟောဝါ ထည့်စဉ်းစားလို့ပဲ။ နောင်တရတယ်ဆိုတာ “စိတ်၊ သဘောထား၊ ရည်ရွယ်ချက် ပြောင်းလဲတာ” ကို ဆိုလိုတယ်။ မကောင်းတာ လုပ်မိလို့၊ လုပ်သင့်တာ မလုပ်မိလို့ အကြီးအကျယ် နောင်တရပြီး စိတ်မကောင်း ဖြစ်တဲ့ သဘော ပါဝင်တယ်။ နောင်တရသူဟာ လုပ်မိတဲ့ အပြစ်အတွက်သာမက အဲဒီအပြစ် လုပ်မိရလောက်အောင် ဘုရားနဲ့ ဆက်ဆံရေး မကောင်းခဲ့တဲ့အတွက် ယူကျုံးမရ ဖြစ်တယ်။ w22.06 ၅-၆ ¶၁၅-၁၇
ကြာသပတေးနေ့၊ နိုဝင်ဘာ ၂၁
ခရစ်တော်ယေရှုရဲ့ နောက်လိုက်အနေနဲ့ ဘုရားတရား ကိုင်းရှိုင်းတဲ့ အသက်တာနဲ့ နေချင်သူတိုင်းဟာ ညှဉ်းဆဲခံရမှာပဲ။—၂ တိ. ၃:၁၂။
ဆန့်ကျင်သူတွေက ဦးဆောင်နေတဲ့ ညီအစ်ကိုတွေအကြောင်း အလိမ်အညာ၊ မဟုတ်မမှန် သတင်းတွေကို မီဒီယာနဲ့ လူမှုကွန်ယက်တွေမှာ ဖြန့်ကြတယ်။ (ဆာ. ၃၁:၁၃) ညီအစ်ကိုတချို့ ဖမ်းဆီးခံရပြီး ရာဇဝတ်သားတွေအဖြစ် စွပ်စွဲခံရတယ်။ ပထမရာစု ခရစ်ယာန်တွေလည်း တမန်တော် ပေါလု မတရား စွပ်စွဲခံရပြီး အဖမ်းခံရတဲ့အခါ အလားတူ အခြေအနေ ကြုံခဲ့ရတယ်။ ရောမမြို့မှာ တမန်တော် ပေါလု ထောင်ကျတဲ့အခါ တချို့ ဆက်မကူညီကြတော့ဘူး။ (၂ တိ. ၁:၈၊ ၁၅။ ၂:၈၊ ၉) ပေါလု ဘယ်လို ခံစားရမလဲ စဉ်းစားကြည့်ပါ။ ညီအစ်ကိုတွေအတွက် အသက်ကိုတောင် မငဲ့ဘဲ အခက်အခဲတွေ ခံရပ်ခဲ့တာ။ (တ. ၂၀:၁၈-၂၁။ ၂ ကော. ၁:၈) ပေါလုကို စွန့်သွားသူတွေလို ကျွန်တော်တို့ မဖြစ်ချင်ကြပါဘူး။ တာဝန်ရှိ ညီအစ်ကိုတွေကို စာတန် ပစ်မှတ်ထား တိုက်ခိုက်တာ မအံ့သြသင့်ဘူး။ သူ့ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ သမာဓိကို ချိုးဖျက်ဖို့၊ ကြောက်သွားစေဖို့ပဲ။ (၁ ပေ. ၅:၈) ညီအစ်ကိုတွေကို စွန့်မသွားဘဲ သစ္စာရှိရှိ ဆက်ထောက်မပါ။—၂ တိ. ၁:၁၆-၁၈။ w22.11 ၁၆-၁၇ ¶၈-၁၁
သောကြာနေ့၊ နိုဝင်ဘာ ၂၂
မင်း ဘုရားသခင်ကို မကြောက်ဘူးလား။—လု. ၂၃:၄၀။
ယေရှု မသေဆုံးခင် ဘေးမှာ ရှိတဲ့ နောင်တရတဲ့ ရာဇဝတ်သားဟာ ဂျူးဖြစ်ပုံရတယ်။ ဂျူးတွေဟာ ဘုရားတစ်ပါးတည်းကိုပဲ ကိုးကွယ်ကြတယ်။ တခြားလူမျိုးတွေကတော့ ဘုရားအများကြီးကို ကိုးကွယ်ကြတယ်။ (ထွ. ၂၀:၂၊ ၃။ ၁ ကော. ၈:၅၊ ၆) အဲဒီရာဇဝတ်သားသာ လူမျိုးခြား ဖြစ်မယ်ဆိုရင် ‘မင်း ဘုရားတွေကို မကြောက်ဘူးလား’ လို့ မေးမှာပဲ။ အဲဒီအပြင် ယေရှုဟာ လူမျိုးခြားတွေဆီ မဟုတ်ဘဲ “အစ္စရေးအမျိုးထဲက ပျောက်နေတဲ့ သိုးတွေဆီ” စေလွှတ်ခံရတာ။ (မ. ၁၅:၂၄) လူသေတွေကို ဘုရား ထမြောက်ပေးမယ်လို့ အစ္စရေးတွေ သိထားကြတယ်။ ဒါကို နောင်တရတဲ့ ရာဇဝတ်သားလည်း သိထားပုံရတယ်။ ဘုရားနိုင်ငံမှာ အုပ်ချုပ်ဖို့ ယေရှုကို ယေဟောဝါ ထမြောက်ပေးမယ်လို့ ယူဆကြောင်း သူ့ရဲ့စကားက ဖော်ပြတယ်။ သူ့ကိုလည်း ဘုရား ထမြောက်ပေးမယ်လို့ မျှော်လင့်နေပုံရတယ်။ ဂျူးတစ်ယောက်အနေနဲ့ နောင်တရတဲ့ ရာဇဝတ်သားဟာ အာဒံနဲ့ ဧဝ အကြောင်း သိမှာပဲ။ ဒါကြောင့် လုကာ ၂၃:၄၃ မှာ ယေရှု ပြောတဲ့ ပရဒိသုဟာ မြေကြီးပေါ်က လှပတဲ့ ဥယျာဉ် ဖြစ်မယ်ဆိုတာ သူ သဘောပေါက်ခဲ့မှာပဲ။—က. ၂:၁၅။ w22.12 ၈-၉ ¶၂-၃
စနေနေ့၊ နိုဝင်ဘာ ၂၃
သူတို့အားလုံးက . . . စည်းစည်းလုံးလုံး အမြဲ ဆုတောင်းကြတယ်။—တ. ၁:၁၄။
စွမ်းအားတော် အကူအညီကြောင့်သာ ကျွန်တော်တို့ ဆက်ဟောပြောနိုင်တာ။ ဘာကြောင့်လဲ။ လုပ်ငန်း ရပ်တန့်သွားအောင် စာတန် တိုက်ခိုက်နေလို့ပဲ။ (ဗျာ. ၁၂:၁၇) လူ့ရှုထောင့်က ကြည့်ရင် စာတန်ကို ကျွန်တော်တို့ လုံးဝ မယှဉ်နိုင်ဘူး။ ဒါပေမဲ့ ဟောပြောခြင်းလုပ်ငန်းအားဖြင့် စာတန်ကို အနိုင်ရနေတယ်။ (ဗျာ. ၁၂:၉-၁၁) ဘယ်နည်းနဲ့လဲ။ ဟောပြောနေတာကိုက စာတန့် ခြိမ်းခြောက်မှုတွေကို မကြောက်ဘူးဆိုတာ ပြနေတာပဲ။ ကျွန်တော်တို့ တစ်ခါ ဟောတိုင်း စာတန် တစ်ခါ ရှုံးနေတယ်။ ဒါက ကျွန်တော်တို့ကို သန့်ရှင်းသော စွမ်းအားတော် ခွန်အားပေးနေကြောင်း၊ ယေဟောဝါရဲ့ မျက်နှာသာ ရထားကြောင်း ဖော်ပြတယ်။ (မ. ၅:၁၀-၁၂။ ၁ ပေ. ၄:၁၄) အမှုဆောင်လုပ်ငန်းမှာ ကြုံရနိုင်တဲ့ အခက်အခဲနဲ့ ကျွန်တော်တို့ ခွန်အား ညီမျှအောင် ဘုရားစွမ်းအားတော် ကူညီပေးနိုင်တယ်။ ဆိုလိုတာက ဘယ်အခက်အခဲကိုမဆို ကျော်ဖြတ်ဖို့ ခွန်အားပေးနိုင်တယ်။ (၂ ကော. ၄:၇-၉) ဘုရားစွမ်းအားတော် ဆက်ရနေအောင် ဘာလုပ်ရမလဲ။ ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်ပေးမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု အပြည့်နဲ့ မခြားမလပ် ဆုတောင်းနေရမယ်။ w22.11 ၅-၆ ¶၁၀-၁၁
တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၂၄
ညီအစ်ကိုတို့၊ စည်းစနစ် မရှိသူတွေကို သတိပေးဖို့၊ စိတ်ဓာတ်ကျနေသူတွေကို ကြင်ကြင်နာနာ ပြောဖို့၊ အားနည်းသူတွေကို ထောက်မပေးဖို့၊ လူတိုင်းကို စိတ်ရှည်ဖို့ ခင်ဗျားတို့ကို တိုက်တွန်းပါတယ်။—၁ သက်. ၅:၁၄။
ညီအစ်ကို/မတွေနဲ့ သင့်သင့်မြတ်မြတ်ရှိအောင် ကြိုးစားခြင်းအားဖြင့် ကျွန်တော်တို့ မေတ္တာပြကြတယ်။ ယေဟောဝါရဲ့ ခွင့်လွှတ်မှု ပုံသက်သေကို ကြိုးစားတုပကြတယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေအတွက် အသေခံဖို့ သားတော်ကို ယေဟောဝါ လိုလိုလားလား စေလွှတ်တယ်ဆိုရင် ကိုယ့်ကို ပြစ်မှားမိတဲ့ ညီအစ်ကို/မတွေကို ပိုလို့တောင် ခွင့်လွှတ်သင့်တယ် မဟုတ်လား။ ယေရှုရဲ့ ပုံဥပမာထဲက ကျွန်ဆိုးလို ကျွန်တော်တို့ မဖြစ်ချင်ကြဘူး။ သူ့အကြွေး အများကြီးကို ဘုရင် လျှော်ပေးလိုက်တာတောင် အချင်းချင်းရဲ့ မဖြစ်စလောက် အကြွေးကိုတော့ မလျှော်ပေးဘူး။ (မ. ၁၈:၂၃-၃၅) အသင်းတော်ထဲက တစ်ယောက်ယောက်နဲ့ နားလည်မှု လွဲနေတယ်ဆိုရင် သတိရအောက်မေ့ပွဲ မတိုင်ခင် သူနဲ့ သင့်မြတ်အောင် ကိုယ့်ဘက်က အစပြု ကြိုးစားနိုင်မလား။ (မ. ၅:၂၃၊ ၂၄) ဒါက ယေဟောဝါနဲ့ ယေရှုကို နှစ်နှစ်ကာကာ ချစ်ကြောင်း ပြရာ ရောက်တယ်။ w23.01 ၂၉ ¶၈-၉
တနင်္လာနေ့၊ နိုဝင်ဘာ ၂၅
နိမ့်ကျသူကို မျက်နှာသာပေးတဲ့သူဟာ ယေဟောဝါကို ချေးငှားပေးတဲ့သူပဲ။—ပညာ. ၁၉:၁၇။
အကူအညီ လိုနေတဲ့ ညီအစ်ကို/မတွေကို ကူညီပေးနိုင်တဲ့ တစ်နည်းကတော့ စိတ်အနှောင့်အယှက် မဖြစ်စေတဲ့ မေးခွန်းတွေ မေးခြင်းပါပဲ။ (ပညာ. ၂၀:၅) စားစရာ၊ ဆေးဝါးနဲ့ တခြားအထောက်အပံ့ပစ္စည်းတွေ အလုံအလောက် ရှိရဲ့လား။ အလုပ်ပြုတ်သွားနိုင်ခြေ ရှိနေသလား။ အိမ်ငှားခ ပေးဖို့ ခက်နေသလား။ အစိုးရ အထောက်အပံ့တွေ လျှောက်ဖို့ အကူအညီ လိုနေသလား။ ကျွန်တော်တို့အားလုံး အပြန်အလှန် အားပေးကူညီဖို့ ယေဟောဝါ မျှော်လင့်တယ်။ (ဂလ. ၆:၁၀) နည်းနည်းပါးပါး ကူညီပေးတာလေးကတောင် နေမကောင်း ဖြစ်နေသူအတွက် အများကြီး အားပေးမှု ဖြစ်စေနိုင်တယ်။ ညီအစ်ကိုတစ်ယောက်ကို အားပေးဖို့ ကလေးငယ်တစ်ယောက် ပုံဆွဲပေးနိုင်တယ်။ ကတ်ပို့ပေးနိုင်တယ်။ လူငယ်ဖြစ်မယ်ဆိုရင် ညီအစ်မတစ်ယောက်အတွက် ဈေးဝယ်ပေးနိုင်တယ်။ အိမ်မှုကိစ္စ လုပ်ပေးနိုင်တယ်။ နေမကောင်း ဖြစ်နေသူအတွက် အစားအသောက်တွေ ချက်ပြုတ်ပေးနိုင်တယ်။ ကပ်ရောဂါကာလအတွင်း ပိုအလုပ်များလာတဲ့ အကြီးအကဲတွေကို ကျေးဇူးတင်ကြောင်း သက်သေခံတချို့ စာတိုပို့ပေးကြတယ်။ “အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေးနေ” ဖို့ ကိုယ်စီ လုပ်ဆောင်ကြတဲ့အခါ ဝမ်းသာစရာပါပဲ။—၁ သက်. ၅:၁၁။ w22.12 ၂၂ ¶၂။ ၂၃ ¶၅၊ ၆
အင်္ဂါနေ့၊ နိုဝင်ဘာ ၂၆
ခင်ဗျားတို့ အမှားကြီး မှားနေပြီ။—မာ. ၁၂:၂၇။
ဇဒ္ဒုကဲတွေဟာ ဟီဘရူးကျမ်းရဲ့ ဦးဆုံး ကျမ်းငါးစောင်ကို ကောင်းကောင်း နှံ့စပ်ပေမဲ့ အဲဒီမှာ ပါတဲ့ အရေးကြီး အမှန်တရားတွေကိုတော့ လျစ်လျူရှုထားကြတယ်။ ဥပမာ၊ ရှင်ပြန်ထမြောက်ခြင်းအကြောင်း မေးခွန်းထုတ်တဲ့ ဇဒ္ဒုကဲတွေကို ‘မီးလောင်နေတဲ့ ချုံပုတ်အကြောင်း မောရှေ ရေးခဲ့တဲ့ မှတ်တမ်းကို ခင်ဗျားတို့ မဖတ်ဖူးဘူးလား။ အဲဒီမှာ “ငါဟာ အာဗြဟံရဲ့ ဘုရား၊ အိဇက်ရဲ့ ဘုရား၊ ယာကုပ်ရဲ့ ဘုရား” ဆိုပြီး မောရှေကို ဘုရားသခင် ပြောတယ်’ လို့ ယေရှု ပြောတယ်။ (မာ. ၁၂:၁၈၊ ၂၆) အဲဒီကျမ်းပိုဒ်ကို ဇဒ္ဒုကဲတွေ အကြိမ်ပေါင်းများစွာ ဖတ်ခဲ့မှာပဲ။ ဒါပေမဲ့ အရေးကြီး ကျမ်းစာအမှန်တရား ဖြစ်တဲ့ ရှင်ပြန်ထမြောက်ခြင်း သွန်သင်ချက်ကို သူတို့ လျစ်လျူရှုထားကြောင်း ယေရှုရဲ့ မေးခွန်းက ဖော်ပြတယ်။ (လု. ၂၀:၃၈) ဘာသင်ခန်းစာ ရသလဲ။ ကျမ်းစာ ဖတ်တဲ့အခါ ကျမ်းပိုဒ်တစ်ပိုဒ် ဒါမှမဟုတ် ကျမ်းမှတ်တမ်း တစ်ခုကနေ ရနိုင်သမျှ သင်ခန်းစာ ရှာပါ။ အခြေခံ သွန်သင်ချက်တွေကို သာမက နက်နဲတဲ့ အမှန်တရားတွေ၊ ကျမ်းစာမူတွေ တွေ့အောင် ရှာပါ။ w23.02 ၁၁ ¶၉-၁၀
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၇
တိမ်ထုကြီးလို များတဲ့ အဲဒီသက်သေတွေ ကျွန်တော်တို့ပတ်လည်မှာ ရှိနေတယ်။—ဟီ. ၁၂:၁။
ဒီနေ့ ကျမ်းချက်မှာ ဖော်ပြထားတဲ့ သက်သေအားလုံးဟာ ပြင်းထန်တဲ့ အခက်အခဲတွေ ကြုံရပေမဲ့ ယေဟောဝါအပေါ် ဆက်သစ္စာရှိကြတယ်။ (ဟီ. ၁၁:၃၆-၄၀) သူတို့ရဲ့ ခံနိုင်ရည်နဲ့ ကြိုးစားမှု အလဟဿ ဖြစ်သလား။ မဖြစ်ပါဘူး။ သူတို့ အသက်ရှင်နေစဉ် ဘုရားကတိအားလုံး ပြည့်စုံတာ မမြင်ရပေမဲ့ ယေဟောဝါကို ဆက်မျှော်လင့်ခဲ့ကြတယ်။ ယေဟောဝါရဲ့ မျက်နှာသာ ရထားတယ်၊ ကတိတွေ ပြည့်စုံလာတာ မြင်ရမယ်ဆိုတာ ယုံကြည်စိတ်ချကြလို့ပါ။ (ဟီ. ၁၁:၄၊ ၅) သူတို့ရဲ့ စံနမူနာက ယေဟောဝါကို ဆက်မျှော်လင့်နေမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေနိုင်တယ်။ ကျွန်တော်တို့ အသက်ရှင်နေတဲ့ လောကဟာ ဆိုးသည်ထက် ဆိုးလာနေတယ်။ (၂ တိ. ၃:၁၃) ဘုရားလူမျိုးကို စာတန် စမ်းသပ်နေဆဲပဲ။ ရှေ့လျှောက် ဘယ်လို အခက်အခဲပဲ ကြုံရပါစေ “အသက်ရှင်နေတဲ့ ဘုရားသခင်ကို မျှော်လင့်” နေတယ်ဆိုတာ ယုံကြည်စိတ်ချရင်း ယေဟောဝါအတွက် အားသွန်ခွန်စိုက် အမှုဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။—၁ တိ. ၄:၁၀။ w22.06 ၂၅ ¶၁၇-၁၈
ကြာသပတေးနေ့၊ နိုဝင်ဘာ ၂၈
ကျွန်တော် သေဆုံး . . . သွားလို့ကော ဘာအကျိုးရှိမှာလဲ။ မြေမှုန့်ဟာ ကိုယ်တော့်ကို ချီးမွမ်းနိုင်ပါ့မလား။—ဆာ. ၃၀:၉။
ကျန်းမာရေး ဂရုစိုက်သင့်တဲ့ အကြောင်းရင်း တစ်ခုကတော့ ယေဟောဝါအတွက် အတတ်နိုင်ဆုံး အမှုဆောင်နိုင်ဖို့ပါ။ (မာ. ၁၂:၃၀) ဒါကြောင့် ကျန်းမာရေး ထိခိုက်စေမယ့်အရာတွေ ရှောင်ကြတယ်။ (ရော. ၁၂:၁) ကျန်းမာရေး ဂရုစိုက်လို့ လုံးဝ မဖျားဘူးလို့တော့ အာမ,မခံနိုင်ဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံစံ ဖခင်ဆီက အသက် ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ပြချင်လို့ အတတ်နိုင်ဆုံး ကျန်းမာရေး ဂရုစိုက်ကြတယ်။ အသက်အရွယ် ကြီးရင့်မှု၊ ဖျားနာမှုကြောင့် အရင်ကလောက် မလုပ်နိုင်တော့လို့ စိတ်ပျက်၊ ဝမ်းနည်းမိနိုင်တယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကျန်းမာရေး ဆက်ဂရုစိုက်သင့်တယ်။ ဘာကြောင့်လဲ။ ဘယ်လောက် အသက်ကြီး၊ ဖျားနာနေပါစေ ဘုရင် ဒါဝိဒ်လိုပဲ ယေဟောဝါကို ဆက်ချီးမွမ်းနိုင်လို့ပါ။ အသက်ကြီးသွားရင်တောင်၊ ဖျားနာနေရင်တောင် ကျွန်တော်တို့ကို ဘုရား တန်ဖိုးထားကြောင်း သိရတာ စိတ်ထိမိစရာပါပဲ။ (မ. ၁၀:၂၉-၃၁) ကျွန်တော်တို့ သေဆုံးသွားရင်တောင် ယေဟောဝါ ထမြောက်ပေးပါလိမ့်မယ်။ (ယောဘ ၁၄:၁၄၊ ၁၅) ဒါပေမဲ့ အသက်ရှင်နေတုန်းတော့ ကျွန်တော်တို့ ကျန်းမာရေး ဂရုစိုက်ချင်ကြတယ်။ အသက်ကို ကာကွယ်စောင့်ရှောက်ချင်ကြတယ်။ w23.02 ၂၁ ¶၃-၅
သောကြာနေ့၊ နိုဝင်ဘာ ၂၉
သန့်ရှင်းသော စွမ်းအားတော်ကို စော်ကားပြောဆိုရင်တော့ ဘယ်တော့မှ ခွင့်လွှတ်ခံရမှာ မဟုတ်ဘူး။—မာ. ၃:၂၉။
အာမဂေဒုန်ကနေ လွတ်မြောက်ပြီးနောက်မှာကော တခြားသိုးအဝင် လူအုပ်ကြီးရဲ့ နာမည် အသက်စာစောင်မှာ ဆက်ရှိနေမလား။ ရှိနေမယ်။ (ဗျာ. ၇:၁၄) အဲဒီသိုးလိုလူတွေ “ထာဝရအသက် ရလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (မ. ၂၅:၄၆) ဒါပေမဲ့ အာမဂေဒုန်ကနေ လွတ်မြောက်လာသူတွေ ထာဝရအသက် ချက်ချင်း မရဘူး။ အနှစ်တစ်ထောင် အုပ်ချုပ်မှုအတွင်း ယေရှုက “သူတို့ကို ထိန်းကျောင်းပြီး အသက်စမ်းရေဆီ ပို့ဆောင်ပေး” မယ်။ ခရစ်တော်ရဲ့ လမ်းပြမှုနောက် လိုက်သူတွေ၊ ယေဟောဝါအပေါ် သစ္စာရှိသူတွေအဖြစ် နောက်ဆုံး တရားစီရင်ခံရသူတွေဟာ အသက်စာစောင်မှာ နာမည် အပြီး ရေးမှတ်ခံရမယ်။ (ဗျာ. ၇:၁၆၊ ၁၇) ဆိတ်လိုလူတွေကတော့ အာမဂေဒုန်မှာ ဖျက်ဆီးခံရမယ်။ ‘သူတို့ ထာဝရ ဖျက်ဆီးခံရလိမ့်မယ်’ လို့ ယေရှု ပြောတယ်။ (မ. ၂၅:၄၆) ‘သူတို့ဟာ ထာဝရ ပျက်စီးခြင်း ပြစ်ဒဏ်စီရင်ချက်ကို ခံရမယ်’ လို့ တမန်တော် ပေါလုလည်း ပြောတယ်။—၂ သက်. ၁:၉။ ၂ ပေ. ၂:၉။ w22.09 ၁၆ ¶၇-၈
စနေနေ့၊ နိုဝင်ဘာ ၃၀
အရာအားလုံးအတွက် အချိန်အခါဆိုတာ ရှိတယ်။—ဒေ. ၃:၁။
ယေဟောဝါရဲ့ ဖန်ဆင်းရာတွေက စိတ်အပန်းပြေစေတယ်။ ပျော်ရွှင်စေတယ်။ မိသားစုနှောင်ကြိုး ပိုခိုင်မာလာစေတယ်။ ပျော်စရာတွေ ဖန်တီးဖို့ လှပတဲ့ နေရာများစွာ ယေဟောဝါ ဖန်ဆင်းပေးထားတယ်။ ကမ်းခြေ၊ တောတောင်၊ ကျေးလက်ဒေသတွေဆီ ခရီးထွက်ရတာ မိသားစုများစွာ ကြိုက်ကြတယ်။ ကမ္ဘာသစ်ကျရင် မိဘတွေရော သားသမီးတွေပါ တစ်ခါနဲ့မှ မတူအောင် ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို ပျော်မွေ့ခံစားကြရမယ်။ ဒီနေ့အချိန်နဲ့ မတူဘဲ တိရစ္ဆာန်တွေကို လူတွေ မကြောက်ရတော့ဘူး။ လူတွေကို တိရစ္ဆာန်တွေ မကြောက်ရတော့ဘူး။ (ဟေရှာ. ၁၁:၆-၉) ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို အချိန် အကန့်အသတ် မရှိ ပျော်မွေ့ခံစားနိုင်ကြမယ်။ (ဆာ. ၂၂:၂၆) ဒါပေမဲ့ မိဘတို့၊ အဲဒီအချိန်အထိ စောင့်မနေပါနဲ့။ အခုကတည်းက ဖန်ဆင်းရာတွေ သုံးပြီး သားသမီးတွေကို ယေဟောဝါအကြောင်း သင်ပေးပါ။ ဒါဆိုရင် ‘အို ယေဟောဝါ၊ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုနဲ့ နှိုင်းယှဉ်နိုင်လောက်တဲ့ လုပ်ဆောင်မှုမျိုး မရှိပါဘူး’ လို့ ဘုရင် ဒါဝိဒ်လိုပဲ သူတို့ ပြောလာကြပါလိမ့်မယ်။—ဆာ. ၈၆:၈။ w23.03 ၂၅ ¶၁၆-၁၇