၅ အာဗြဟံ
အခက်ခဲဆုံး တောင်းဆိုချက်ကို လိုလိုလားလား နာခံသူ
ယေဟောဝါဘုရား ပြတဲ့ နေရာဆီ အာဗြဟံ တစ်လှမ်းချင်း လေးလေးတွဲ့တွဲ့ လျှောက်လာတယ်။ ဘဝတစ်လျှောက် ခရီးကြမ်း အများကြီး နှင်ဖူးတယ်။ ဒီခရီးဆိုရင် ရက်ပိုင်းလောက်နဲ့ ရောက်နိုင်တဲ့ ခရီးတို။ ဒါပေမဲ့ အခက်ခဲဆုံး ခရီး ဖြစ်နေတယ်။
“မင်း သိပ်ချစ်တဲ့ တစ်ဦးတည်းသောသား အိဇက်ကို ခေါ်ပြီး မောရိအရပ်ကို သွားပါ။ ငါ ပြမယ့် တောင်ပေါ်မှာ မင်းရဲ့ သားကို ပူဇော်ပါ” လို့ ယေဟောဝါ တောင်းဆိုတာ အာဗြဟံ ခေါင်းထဲကနေ မထွက်ဘူး။ အိဇက်ကို အာဗြဟံ သိပ်ချစ်မှန်း သိလျက်နဲ့ ယေဟောဝါ ဘာကြောင့် ဒီလိုတောင်းဆိုသလဲ။ နာခံနိုင်လောက်တဲ့အထိ အာဗြဟံမှာ ယုံကြည်ခြင်း၊ သတ္တိ ဘယ်လိုလုပ် ရှိနေသလဲ။
‘ယုံကြည်ခြင်း ရှိသူတွေရဲ့ ဖခင်’ လို့ အာဗြဟံကို ကျမ်းစာမှာ ခေါ်ထားတယ်။ (ရော. ၄:၁၁) ဒီခရီးမတိုင်ခင်ကတည်းက အာဗြဟံ ယုံကြည်ခြင်း ခိုင်မာတာ ထင်ရှားပြီးသားပါ။ နှစ်တွေတစ်လျှောက် ယုံကြည်ခြင်း ခိုင်မာသည်ထက် ခိုင်မာအောင် ယေဟောဝါ ကူညီပေးထားတယ်။ ဥပမာ၊ ဆိုးသွမ်းတဲ့ သောဒုံနဲ့ ဂေါမောရမြို့ကို ဖျက်ဆီးမယ့်အကြောင်း အာဗြဟံကို ယေဟောဝါ ဟိုးလွန်ခဲ့တဲ့ နှစ်များစွာက ပြောတယ်။ လူကောင်းတွေကို လူဆိုးတွေနဲ့ ရောပြီး တကယ်ပဲ ဖျက်ဆီးပစ်မလို့လားဆိုပြီး အာဗြဟံ စိုးရိမ်တကြီး မေးတယ်။ ဖြောင့်မတ်သူ လက်တစ်ဆုပ်စာပဲ တွေ့ရင်တောင် အဲဒီမြို့တွေကို မဖျက်ဆီးဘူးလို့ ယေဟောဝါ စိတ်ရှည်ရှည် ဖြေတယ်။ (က. ၁၈:၁၆-၃၃) ယေဟောဝါ တရားမျှတတယ်၊ ကရုဏာရှိတယ်ဆိုတဲ့ သင်ခန်းစာ အာဗြဟံစိတ်ထဲ စွဲသွားတယ်။
မေတ္တာရှိ ဖခင်တစ်ယောက်အတွက် မတွေးဝံ့စရာ လုပ်ရပ် လုပ်ဖို့ အာဗြဟံ တောင်းဆိုခံရချိန်မှာ ဘာကြောင့် ရဲရဲကြီး နာခံနိုင်သလဲ
အဲဒီနောက် မကြာခင်မှာ အာဗြဟံနဲ့ စာရာကို ယေဟောဝါ အံ့ဖွယ်လက်ဆောင် ပေးတယ်။ စာရာ အသက် ၉၀ နီးပါး၊ အာဗြဟံ အသက် ၁၀၀ နီးပါး ရှိနေပေမဲ့ သားအိဇက် မွေးလာစေတာပါ။ “အသေလို ဖြစ်နေ” တဲ့ မျိုးပွားနိုင်စွမ်းကို အသက်ပြန်သွင်းပေးလိုက်တာပဲ။ (ရော. ၄:၁၈၊ ၁၉) ယေဟောဝါအတွက် မဖြစ်နိုင်တာ မရှိဘူးဆိုတဲ့ သင်ခန်းစာလည်း အာဗြဟံစိတ်ထဲ စွဲသွားတယ်။
၂၅ နှစ်လောက် ကြာသွားပြီနောက် မောရိတောင်ဆီ လျှောက်လာရင်း အဲဒီသင်ခန်းစာတွေကို အာဗြဟံ ပြန်တွေးနေမှာ သေချာတယ်။ အိဇက် သေသွားရင်တောင် ယေဟောဝါ အသက်ပြန်ရှင်စေနိုင်တယ်၊ ပြန်ရှင်စေမယ်ဆိုတာ သဘောပေါက်လာတယ်။ (ဟီ. ၁၁:၁၉) ဒီမျှော်လင့်ချက်ကြောင့် ယေဟောဝါ ပြတဲ့ နေရာဆီ အာဗြဟံ ရဲရဲကြီး ဆက်လျှောက်လာနိုင်တာ။
ယေဟောဝါ သွားခိုင်းတဲ့ တောင်ကို လှမ်းမြင်ရတဲ့နေရာ ရောက်တော့ မီးရှို့ပူဇော်ဖို့ မိမိတို့သားအဖနှစ်ယောက် တက်သွားတုန်း စောင့်နေဖို့ ကျွန်တွေကို အာဗြဟံ မှာတယ်။ တောင်ပေါ်ကအဆင်း အိဇက် ပြန်ပါလာမယ်လို့ ယုံကြည်စိတ်ချမှုရှိရှိ ပြောလိုက်တာပဲ။ တောင်ထိပ်မှာ သားအဖနှစ်ယောက်တည်း ရှိချိန် ယေဟောဝါ ခိုင်းထားတာ လုပ်ဖို့ အချိန်ကျလာတယ်။ မိမိကို သက်ကြီးဖခင် ခြေလက်တွေ ချည်နှောင်ပြီး ပူဇော်ရာပလ္လင်ပေါ် တင်တာကို ငယ်ရွယ်သန်မာတဲ့ အိဇက် မလှုပ်မယှက် ခံတယ်။ မေတ္တာရှိ ဖခင်တစ်ယောက်အတွက် မတွေးဝံ့စရာ လုပ်ရပ် အာဗြဟံ လုပ်တော့မယ်။ ဓားယူပြီး သားကို သတ်ဖို့ လက်မြှောက်လိုက်တယ်။ အဲဒီအချိန်မှာပဲ ကောင်းကင်တမန်က အာဗြဟံကို နာမည်တပ်ခေါ်ပြီး “မင်းရဲ့ သားကို မသတ်နဲ့” လို့ ပြောလို့ အာဗြဟံ ရပ်လိုက်တယ်။
အာဗြဟံရဲ့ ယုံကြည်ခြင်း၊ နာခံမှုကို ယေဟောဝါ ချီးမွမ်းတယ်။ ကောင်းချီးပေးမယ်၊ မျိုးနွယ် တိုးပွားများပြားစေမယ်၊ အာဗြဟံ တလိုတလား နာခံတဲ့အတွက် “ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးအားလုံး” ကောင်းချီးရမယ်လို့ ကတိထပ်ပေးလိုက်တယ်။ အာဗြဟံကို ပေးတဲ့ ကတိ ပြည့်စုံလာဖို့ ယေဟောဝါ လုပ်ဆောင်နေတယ်။ ကတိ ပြည့်စုံလာချိန်မှာ လူတွေ ထာဝစဉ် အကျိုးခံစားကြရမယ်။
အာဗြဟံနဲ့ အိဇက်တို့ဇာတ်လမ်းကနေ ယေဟောဝါအကြောင်း နောက်ထပ် သိရတာ ရှိတယ်။ သစ္စာရှိသူအားလုံးကို ကယ်တင်ဖို့ ယေဟောဝါ ဘယ်လို နာကျင်ခံစားခဲ့ရမယ်ဆိုတာ အရိပ်အမြွက် သိရတာပါ။ ချစ်သားကို ပူဇော်ဖို့ အာဗြဟံ တလိုတလား ရှိခဲ့သလို လူအားလုံးရဲ့ အကျိုးအတွက် တစ်ဦးတည်းသော သားယေရှုကို ယေဟောဝါ တလိုတလား ပေးအပ်ခဲ့တယ်။ (ယော. ၃:၁၆) ဒါကြောင့် အာဗြဟံရဲ့ ကိုယ်ကျိုးမငဲ့တဲ့ လုပ်ရပ်အကြောင်း ဖတ်ရတဲ့အခါ ယေဟောဝါ ဘယ်လောက် မေတ္တာကြီးကြောင်းလည်း သိလာရတယ်။
ကျွန်တော်တို့လည်း ယေဟောဝါ ပြောခဲ့လုပ်ခဲ့တာတွေကို ပြန်ပြန်တွေးမယ်ဆိုရင် အာဗြဟံလိုပဲ ယုံကြည်ခြင်း ခိုင်မာလာမယ်။ ယုံကြည်ခြင်း ခိုင်မာလာပြီဆိုရင် သတ္တိလည်း တိုးလာမယ်။ အာဗြဟံကို ခိုင်းသလို ကိုယ့်ကို ယေဟောဝါ ခိုင်းလာမှာ စိတ်ပူဖို့ မလိုပါဘူး။ အာဗြဟံအပြင် ဘယ်သူ့ကိုမှ အဲဒီလိုမခိုင်းခဲ့ပါဘူး။ ဒါပေမဲ့ သိထားရမှာ ရှိတယ်။ ယုံကြည်ခြင်းသာ ရှိရင် ယေဟောဝါ ဘာခိုင်းခိုင်း နာခံနိုင်တဲ့ သတ္တိရှိမယ်ဆိုတာပဲ။ သတ္တိရှိရှိ နာခံရင် စိတ်ကူးနိုင်တာထက် ပိုသာတဲ့ ကောင်းချီးတွေ ခံစားရမယ်။
ကျမ်းမှတ်တမ်းကို ဖတ်ပါ–
ဆွေးနွေးရန်–
အသက်တာရဲ့ ဒီအပိုင်းမှာ သတ္တိရှိကြောင်း ဘယ်နည်းတွေနဲ့ အာဗြဟံ ပြသလဲ။
ရှာဖွေလေ တွေ့ရှိလေ
၁။ အာဗြဟံ တကယ် အသက်ရှင်ခဲ့တယ်ဆိုတာ ဘာအထောက်အထားတွေ ရှိသလဲ။ (န ၅/၁၂-E ၁၈၊ လေးထောင့်ကွက်-wcgr။ it “အာဗြဟံ” ပိုဒ်. ၂၂-၂၃-wcgr) ရုပ်ပုံ က
ရုပ်ပုံ က– “အာဗြံရဲ့ မြေကွက်” ဆိုပြီး ဖော်ပြထားတဲ့ အီဂျစ်ပြည်၊ ကာနတ်မြို့က ရုပ်ကြွပုံ
၂။ ယေဟောဝါဘုရားအကြောင်း အာဗြဟံ ဘယ်လို သိလာတာ ဖြစ်မလဲ။ (ia၂၆ ပိုဒ်. ၄-၅)
၃။ အာဗြဟံရဲ့ ဝတ်ပြုမှုကို ယေဟောဝါ ဘာကြောင့် လက်ခံသလဲ။ (rr ၂၀ ပိုဒ်. ၁၈)
၄။ အာဗြဟံကို ယေဟောဝါ ပေးတဲ့ ကမ္ဘာဦး ၂၂:၁၇ ပါ ကတိက ကျမ်းစာဟာ သိပ္ပံနည်းအရ တိကျမှန်ကန်ကြောင်း ဘယ်လို ထောက်ခံသလဲ။ (န၈၈ ၄/၈ ၂၅-wcgr) ရုပ်ပုံ ခ
ရုပ်ပုံ ခ
ရုပ်ပုံ ခ
တွေးတောစရာ သင်ခန်းစာ
မျှော်လင့်ချက်က အာဗြဟံကို ဘယ်လိုနည်းနဲ့ သတ္တိရှိစေသလဲ။ မျှော်လင့်ချက်ကို အာရုံစိုက်တာက ကျွန်တော်တို့ကို ဘယ်လိုနည်းနဲ့ သတ္တိရှိစေမလဲ။ ရုပ်ပုံ ဂ
ရုပ်ပုံ ဂ
သက်သေခံဖို့ အခွင့်အရေး ရတဲ့အခါ အာဗြဟံရဲ့ သတ္တိကို ဘယ်လို အတုယူနိုင်သလဲ။ ပူဇော်သက္ကာ ဘယ်လို ဆက်သနိုင်သလဲ။ (ဟီ. ၁၃:၁၅)
ပစ္စည်းဥစ္စာ သုံးစွဲပုံနဲ့ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါ အာဗြဟံရဲ့ သတ္တိကို ဘယ်လို အတုယူနိုင်သလဲ။ ပူဇော်သက္ကာ ဘယ်လို ဆက်သနိုင်သလဲ။ (ပညာ. ၃:၉)
ယုံကြည်သူချင်းတွေ အကူအညီ လိုမှန်း သိတဲ့အခါ အာဗြဟံရဲ့ သတ္တိကို ဘယ်လို အတုယူနိုင်သလဲ။ ပူဇော်သက္ကာ ဘယ်လို ဆက်သနိုင်သလဲ။ (ဖိ. ၄:၁၈)
ဒီမှတ်တမ်းမှာ အာဗြဟံ ပြတဲ့ သတ္တိကို တခြားဘယ်နည်းတွေနဲ့ အတုယူနိုင်မလဲ။
အတွေးနယ်ချဲ့ကြည့်ပါ
ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။
ဒီမှတ်တမ်းက ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။
အာဗြဟံနဲ့ အိဇက်တို့ အသက်ပြန်ရှင်လာကြတဲ့အခါ ဘာမေးချင်သလဲ။
ထပ်လေ့လာပါ
ဒီမှတ်တမ်း အသက်ဝင်အောင် ပုံဖော်ထားပုံကို ကြည့်ပါ။
အာဗြဟံဟာ ဘာကြောင့် ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်လာသလဲ။ သင်ကော ယေဟောဝါနဲ့ ဆက်ဆံရေး ဘယ်လို မြဲနိုင်သလဲ။