၁၁ မောရှေ
ဖာရောကို သွားတွေ့သူ
အီဂျစ်ပြည်ကနေ မောရှေ ထွက်ပြေးလာပြီး ပူပြင်းခြောက်သွေ့တဲ့ မိဒျန်ပြည် ရောက်နေတာ နှစ်တော်တော် ကြာပြီ။ အစ္စရေးတွေကို အီဂျစ်ပြည်ကျွန်ဘဝကနေ ကယ်လွှတ်ဖို့ မိမိကို ယေဟောဝါဘုရား သုံးမယ်ဆိုတဲ့ အတွေးလည်း မရှိတော့ပုံပဲ။ မိဒျန်ပြည်မှာ အိမ်ထောင်ကျပြီး သားနှစ်ယောက် ဖခင် ဖြစ်နေပြီ။ နှစ်ပေါင်း ၄၀ လုံးလုံး ယောက္ခမရဲ့ သိုးအုပ်ကို ထိန်းကျောင်းရင်း နှိမ့်ချမှု ရှိဖို့ သင်ယူခဲ့တယ်။ အခု အသက် ၈၀ ရှိပြီ။ မောရှေ ပြောင်းလဲနေပြီဆိုတာ ယေဟောဝါ သတိထားမိတယ်။
တစ်နေ့၊ မောရှေ သိုးကျောင်းရင်း ဟောရပ် (ဆိုင်းနိုင်း) တောင်ကို ရောက်လာချိန်မှာ တောင်ခြေက ချုံပုတ်ကို ယေဟောဝါ မီးလောင်စေတယ်။ မီးလောင်ပေမဲ့ မီးမကျွမ်းတဲ့ ချုံပုတ်ကို မောရှေ မြင်ပြီး အနားကပ်လာတော့ ကောင်းကင်တမန်ကတစ်ဆင့် မီးထဲကနေ ယေဟောဝါ စကားပြောတယ်။ အီဂျစ်ပြည် ပြန်သွားပြီး မိမိလူမျိုးကို ကယ်ထုတ်လာဖို့ မိန့်မှာတယ်။ မောရှေကို အားတက်စေဖို့ ရည်ရွယ်ချက်နဲ့ “‘ငါ ဖြစ်ချင်တာမှန်သမျှ ငါ ဖြစ်လာမယ်’ ဆိုတာ ငါ့နာမည်ပဲ” လို့ ယေဟောဝါ ပြောတယ်။ ဒါဟာ ယေဟောဝါဆိုတဲ့ နာမည်အဓိပ္ပာယ်ရဲ့ အရေးကြီးတဲ့အပိုင်း ဖြစ်တယ်။ မှန်ပါတယ်၊ ဘယ်နည်းနဲ့မဆို မိမိလူမျိုးကို အဖိနှိပ်ခံဘဝကနေ ယေဟောဝါ လွတ်မြောက်စေနိုင်တယ်၊ အင်အားကြီးလူမျိုး ဖြစ်စေနိုင်တယ်။
ဒါတောင် မောရှေ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေတယ်။ အီဂျစ်မင်း ဖာရောကို သွားတွေ့ရလောက်တဲ့အထိ အရည်အချင်း ရှိသူ၊ နှုတ်သွက်လျှာသွက်သူ မဟုတ်ဘူးလို့ ခံစားရတယ်။ မောရှေကို ယေဟောဝါ တည့်မတ်ပေးတယ်။ အဲဒီနောက် အံ့သြစရာကောင်းတာတစ်ခု လုပ်တယ်။ အံ့ဖွယ်အမှုတွေ လုပ်နိုင်တဲ့ တန်ခိုး မောရှေကို ပေးလိုက်တာပါ။ ဒါဟာ လူတစ်ယောက်ကို အံ့ဖွယ်အမှု လုပ်နိုင်တဲ့ တန်ခိုး ယေဟောဝါ ပေးတဲ့ ဦးဆုံး ကျမ်းမှတ်တမ်းပါပဲ။ ဒါ့အပြင် မောရှေကို ကူညီပေးမယ့်သူ၊ ပြောရေးဆိုခွင့် ရှိသူအဖြစ် အစ်ကိုအာရုန်ကို လိုက်ပါစေတယ်။ ဒီလိုနဲ့ တာဝန်ကို မောရှေ မရဲတရဲ လက်ခံလိုက်တယ်။ လူမျိုးတော်ကို ကယ်တင်ဖို့ ယေဟောဝါ ဘိသိက်ပေးထားသူ ဖြစ်လာတယ်။—ဟီ. ၁၁:၂၆။
ဟောရပ်တောင်မှာ မောရှေနဲ့ အာရုန် ဆုံပြီးနောက် ဖာရောဆီ အခစားဝင်ကြတယ်။ တောကန္တာရမှာ ယေဟောဝါဆီ ပူဇော်သက္ကာ ဆက်သနိုင်ဖို့ အစ္စရေးတွေကို လွှတ်ပေးပါဆိုပြီး လျှောက်တင်ကြတယ်။ ဖာရော ဒေါသထွက်သွားပြီး အစ္စရေးတွေကို လွှတ်မပေးတဲ့အပြင် အလုပ်တွေ ဆတက်ထမ်းပိုး လုပ်ခိုင်းတယ်။ ဒါကြောင့် အီဂျစ်ပြည်ကို ကပ်ဘေးနဲ့ ဒဏ်ခတ်မယ့်အကြောင်း ဖာရောဆီ မောရှေကို ယေဟောဝါ သွားပြောခိုင်းတယ်။ ဦးဆုံးကပ်ဘေး ဆိုက်လာပြီး နိုင်းမြစ်ရေဟာ သွေးဖြစ်သွားတယ်။ ဒါတောင် အစ္စရေးတွေကို ဖာရော လွှတ်မပေးဘူး။ ယေဟောဝါလည်း ဖာရောဆီ မောရှေကို ထပ်ခါထပ်ခါ စေလွှတ်တယ်။ စေလွှတ်တဲ့ အကြိမ်တိုင်း ကပ်ဘေးနောက်တစ်ခု ယေဟောဝါ ကျရောက်စေမယ့်အကြောင်း မောရှေ သတ္တိရှိရှိ ပြောတယ်။ ဒါပေမဲ့ မောက်မာတဲ့ ဖာရော နားမထောင်ဘူး။
ကပ်ဘေးတစ်ခု ကျရောက်တိုင်း အီဂျစ်ဘုရားတွေကော ဖာရောနဲ့ မှော်ဆရာတွေပါ ဘာအစွမ်းအစမှ မရှိတာ ထင်ရှားလာတယ်။ စတုတ္ထကပ်ဘေးကစပြီး အစ္စရေးတွေကို ယေဟောဝါ ကာကွယ်ပေးတဲ့အတွက် အီဂျစ်တွေပဲ ကပ်ဘေး ကြုံရတယ်။ ဖာရော ခေါင်းမာနေတုန်းပဲ။ ကိုးခုမြောက်ကပ်ဘေးမှာ အီဂျစ်တစ်ပြည်လုံး အမှောင်ထုကြီး ကျရောက်သွားတယ်။ အစ္စရေးတွေရဲ့ နေရာမှာတော့ အလင်းရောင် ရတယ်။ အစ္စရေးတွေကို ဖာရော လွှတ်ပေးဖို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ လွှတ်ပေးမလိုလိုနဲ့ စိတ်ပြောင်းသွားပြန်တယ်။ “ငါ့ရှေ့မှာ ထပ်ပေါ်မလာနဲ့။ ပေါ်လာတဲ့နေ့ မင်းအသေပဲ” လို့ မောရှေကို ကြိမ်းတယ်။
ဖာရော အမျက်ထွက်ပေမဲ့ ယေဟောဝါဆီက သတင်းစကားကို မောရှေ အကြိမ်ကြိမ် သွားပြော
အဲဒီနောက် ဆယ်ခုမြောက်ကပ်ဘေး ကျရောက်လာလို့ အီဂျစ်ပြည်က သားဦးမှန်သမျှ၊ တိရစ္ဆာန်တွေရဲ့ သားဦးပါမကျန် ကွပ်မျက်ခံရတယ်။ ဖာရောရဲ့ သားဦးလည်း ကွပ်မျက်ခံရတယ်။ ဖာရော မာန်ချသွားပြီး မောရှေကို ဆင့်ခေါ်လိုက်တယ်။ ဖာရောဆီ ယေဟောဝါ နောက်ဆုံးအကြိမ် သွားခိုင်းလို့ မောရှေ သွားတယ်။ မောရှေ ရောက်လာတော့ အစ္စရေးတွေကို လွှတ်ပေးမယ်လို့ ဖာရော ပြောတယ်။ မိမိအတွက် ယေဟောဝါဆီ အသနားခံပေးခိုင်းတယ်။ အစ္စရေးတွေ ကျွန်ဘဝကနေ လွတ်မြောက်သွားပြီ။ ကတိထားရာပြည်ထဲ အာဗြဟံ ခြေချပြီးနောက် နှစ်ပေါင်း ၄၃၀ စေ့တဲ့နေ့မှာ လွတ်မြောက်သွားတာ။ (ထွ. ၁၂:၄၀၊ ၄၁) အစ္စရေးတွေ အီဂျစ်ပြည်ကနေ ထွက်လာချိန်မှာ “ဧရာမလူအုပ်ကြီး” ပါလာတယ်။ အဲဒီထဲက တော်တော်များများဟာ အီဂျစ်တွေ ဖြစ်ပုံရတယ်။ အစ္စရေးတွေကို လွှတ်ပေးပြီးခါမှ ဖာရော စိတ်ပြောင်းသွားတယ်။ စစ်တပ်ကြီးကို ဦးဆောင်ခေါ်လာပြီး အစ္စရေးတွေနောက် လိုက်တော့တယ်။
မောရှေနဲ့ အစ္စရေးတွေ ပင်လယ်နီနားကို ရောက်လာချိန်မှာ ချောင်ပိတ်သွားပြီ အထင်နဲ့ အစ္စရေးတွေ ကြောက်လာတယ်။ ယေဟောဝါဆီ မောရှေ အော်ဟစ်အကူအညီတောင်းတယ်။ ဒါနဲ့ လူ့သမိုင်းမှာ အထူးခြားဆုံး အံ့ဖွယ်အမှုကို ယေဟောဝါ လုပ်ပြလိုက်တယ်။ ပင်လယ်နီကို နှစ်ခြမ်းခွဲလိုက်တာပါ။ ဒီလိုနဲ့ ခြောက်သွေ့တဲ့ ပင်လယ်ကြမ်းပြင်ပေါ် အစ္စရေးတွေ ဖြတ်လျှောက်ကြတယ်။ အစ္စရေးတွေ ဖြတ်ကူးနေတာ မြင်တော့ ဖာရောနဲ့ စစ်တပ်တစ်တပ်လုံး နောက်က လိုက်လာတယ်။ အစ္စရေးတွေ တစ်ဖက်ကမ်း ရောက်တာနဲ့ ရေနံရံကြီးကို ယေဟောဝါ ပြိုကျစေလို့ အီဂျစ်စစ်တပ်တစ်တပ်လုံး ရေနစ်သေကုန်တယ်။ ကမ္ဘာ့အင်အား အကြီးမားဆုံး စစ်တပ် မရှိတော့ဘူး။
ဒီအံ့ဖွယ်ဖြစ်ရပ်တွေကို မောရှေ ဘယ်တော့မှ မမေ့ဘူး။ အရင်ကထက် ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ နောက်အနှစ် ၄၀ လုံးလုံး ဘုရားလူမျိုးကို ဦးဆောင်ပေးတယ်၊ စောင့်ရှောက်ပေးတယ်။ အဲဒီနောက် အသက် ၁၂၀ မှာ သေဆုံးသွားတယ်။ မောရှေရဲ့ ယုံကြည်ခြင်း၊ မေတ္တာ၊ ရဲစွမ်းသတ္တိကတော့ စံထားစရာပါပဲ။
ကျမ်းမှတ်တမ်းကို ဖတ်ပါ–
ဆွေးနွေးရန်–
အသက်တာရဲ့ ဒီအပိုင်းမှာ သတ္တိရှိကြောင်း ဘယ်နည်းတွေနဲ့ မောရှေ ပြသလဲ။
ရှာဖွေလေ တွေ့ရှိလေ
၁။ အဲဒီအချိန်မှာ အုပ်ချုပ်နေတဲ့ ဖာရောနာမည် မသိရဘူး။ အီဂျစ်ပြည်ကနေ အစ္စရေးတွေ လွတ်မြောက်သွားတဲ့အကြောင်း အီဂျစ်မှတ်တမ်းရယ်လို့ မတွေ့ရဘူး။ ဒါပေမဲ့ ဒီကျမ်းမှတ်တမ်းကို ဘာကြောင့် ယုံကြည်နိုင်သလဲ။ (န၀၄-E ၄/၈ ၇ ပိုဒ်. ၄–၉ ပိုဒ်. ၁-wcgr)
၂။ ဖာရောကို လူတွေ ဘာကြောင့် ကြောက်သလဲ။ (က၁၄ ၄/၁၅ ၉ ပိုဒ်. ၁) ရုပ်ပုံ က
PRISMA ARCHIVO/Alamy Stock Photo
ရုပ်ပုံ က– ဖာရောမင်းတစ်ပါးရဲ့ ရုပ်ပုံကို ရေးထွင်းထားတဲ့ နံရံ
၃။ အီဂျစ်ဘုရားတွေ တန်ခိုး မရှိမှန်း ကပ်ဘေးဆယ်ခုက ဘယ်လို ပေါ်လွင်စေသလဲ။ (က၉၃ ၇/၁၅ ၃ ပိုဒ်. ၄–၄ ပိုဒ်. ၄)
၄။ ပင်လယ်နီမှာ ယေဟောဝါ လမ်းအကျယ်ကြီး ပွင့်သွားစေကြောင်း ဘာက ဖော်ပြသလဲ။ အစ္စရေး ဘယ်နှယောက် ဖြတ်ခဲ့တာ ဖြစ်မလဲ။ (it “ထွက်မြောက်ရာ” ပိုဒ်. ၄၆-၅၁-wcgr) ရုပ်ပုံ ခ
ရုပ်ပုံ ခ– ဆိုင်းနိုင်းကျွန်းဆွယ်ဘက်က မြင်ရတဲ့ ပင်လယ်နီ။ ဒီနေရာကနေ အစ္စရေးတွေ ဖြတ်ခဲ့ပုံရ
တွေးတောစရာ သင်ခန်းစာ
ဘုရားပေးတာဝန် ထမ်းဆောင်ဖို့ အရည်အချင်း မပြည့်မီဘူးလို့ ခံစားရတဲ့အခါ မောရှေရဲ့ စံနမူနာက ဘယ်လို အားရှိစေသလဲ။ (ထွ. ၄:၁၀။ ၇:၆၊ ၇)
မောရှေ သတ္တိရှိရှိ တာဝန်ထမ်းဆောင်နိုင်ဖို့ အာရုန် ကူညီပေးသလို ညီအစ်ကို/မတွေကို ကျွန်တော်တို့ ဘယ်လို ကူညီပေးနိုင်သလဲ။ (ထွ. ၄:၁၄-၁၆) ရုပ်ပုံ ဂ
ရုပ်ပုံ ဂ
ဒီမှတ်တမ်းမှာ မောရှေ ပြတဲ့ သတ္တိကို ဘယ်လို အတုယူနိုင်မလဲ။
အတွေးနယ်ချဲ့ကြည့်ပါ
ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။
ဒီမှတ်တမ်းက ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။
မောရှေ အသက်ပြန်ရှင်လာတဲ့အခါ အသက်တာရဲ့ ဒီအပိုင်းအကြောင်း ဘာမေးချင်သလဲ။
ထပ်လေ့လာပါ
သားငယ်သမီးငယ်တွေ သတ္တိရှိဖို့ ယေဟောဝါရဲ့ နာမည်အဓိပ္ပာယ်က ဘယ်လို ကူညီပေးနိုင်သလဲ။
ကြုံတွေ့ခဲ့ရတာတွေကြောင့် ယေဟောဝါရဲ့ အရည်အသွေးတွေနဲ့ပတ်သက်ပြီး မောရှေ ဘာသိလာသလဲ။