တရားခြင်းအစစ်ကို မည်သူ့ထံမှ မျှော်လင့်နိုင်သနည်း
“မြေတပြင်လုံး၏တရားမင်းသည် တရားသဖြင့် ပြုတော်မူမည်မဟုတ်လော။”—ကမ္ဘာဦး ၁၈:၂၅။ သမာကျမ်းစာ။
၁၊ ၂။ မတရားခြင်း ဤမျှများပြားနေခြင်းကို လူအများ အဘယ်သို့တုံ့ပြန်ကြသနည်း။
ကမ္ဘာပေါ်တွင် မတရားခြင်း အလွန်များပြားနေသည်ကို အသင်စိတ်မချမ်းသာစွာ သိမြင်ပေမည်။ တရားခြင်းအစစ်အမှန် ဤမျှခေါင်းပါးနေခြင်းကို အသင်ကိုယ်တိုင် အဘယ်သို့တုံ့ပြန်သနည်း။
၂ အချို့သူတို့၏ တုံ့ပြန်ပုံမှာ တရားမျှတသော ဘုရားသခင်တစ်ပါးရှိခြင်းကို သံသယဝင်ခြင်းဖြစ်သည်။ သူတို့ကိုသူတို့ နာမ်မယုံ၊ ရုပ်ဝါဒီ (agnostic) ဟုပင် အမည်ခံယူကောင်း ခံယူမည်။ ထိုဝေါဟာရကို အသင်ကြားဖူးပေမည်။ ယင်း၏အဓိပ္ပာယ်မှာ “(ဘုရားသခင်ကဲ့သို့သော) မည်သည့်အဆုံးစွန်သော အရှိတရားမဆိုသည် မသိသောအရာ၊ မသိနိုင်သောအရာလည်း ဖြစ်ကောင်းဖြစ်မည်” ဟုထင်မြင်ယူဆသူ ဟူ၍ဖြစ်သည်။ ၁၉ ရာစုနှစ်က ဒါဝင်၏ ဆင့်ကဲဖြစ်စဉ်ကို ထောက်ခံသော နာမည်ကျော် ဇီဝဗေဒပညာရှင် သောမပ်စ် အိပ်ချ်၊ ဟတ်ဇ်လေက ဤသဘောဖြင့် “နာမ်မယုံရုပ်ဝါဒီ” ဟူသော ဝေါဟာရကို ဦးဆုံးအကြိမ်အသုံးပြုခဲ့သည်။a
၃၊ ၄။ “နာမ်မယုံရုပ်ဝါဒီ” ဟူသော ဝေါဟာရ၏ သမိုင်းနောက်ခံကား အဘယ်နည်း။
၃ သို့သော် “နာမ်မယုံရုပ်ဝါဒီ” ဟူသော ဝေါဟာရကို ဟတ်ဇ်လေ အဘယ်မှရယူခဲ့သနည်း။ စင်စစ်အားဖြင့် သူသည် ပထမရာစုနှစ် ရှေ့နေတစ်ဦးဖြစ်သူ တမန်တော်ပေါလု အဓိပ္ပာယ်နောက်တစ်မျိုးနှင့် အသုံးပြုခဲ့သော အသုံးအနှုန်းတစ်ခုမှ ဆွဲယူခဲ့ခြင်းဖြစ်သည်။ သမိုင်းတွင် အကျော်ကြားဆုံးသော မိန့်ခွန်းတစ်ရပ်၌ အဆိုပါ အသုံးအနှုန်းကို တွေ့ရသည်။ ဤမိန့်ခွန်းသည် ယနေ့ခေတ်ကာလနှင့်လည်း အထူးဆီလျော် သက်ဆိုင်လှသည်။ အကြောင်းမှာ ယင်းကအားလုံးအတွက် တရားခြင်း အဘယ်သို့နှင့် အဘယ်အချိန်တွင် စိုးမိုးလာမည့်အကြောင်းကိုသာမက ထိုတရားခြင်းမှ ကျွန်ုပ်တို့တစ်ဦးစီ အဘယ်သို့အကျိုးကျေးဇူးရယူနိုင်ကြောင်းကိုပါ သိမြင်ရန် ခိုင်လုံသော အခြေအမြစ် ကမ်းလှမ်းပေးသောကြောင့်တည်း။
၄ “နာမ်မယုံရုပ်ဝါဒီ” (“မသိသော”) ဟူသော စာလုံးကို ပေါလု၏စကားမှ ကောက်နှုတ်ယူခဲ့ခြင်းဖြစ်သည်။ ထိုတွင် ပေါလုက “ငါတို့မသိသော ဘုရားအဖို့” ဟူ၍ကမ္ပည်းထိုးထားသော ယဇ်ပလ္လင်တစ်ခုအကြောင်း ပြောဆိုခဲ့သည်။ တိုတောင်းသော ထိုမိန့်ခွန်းကို သမားတော်လုကာက သမိုင်းဝင်တမန်တော်ဝတ္ထုစာစောင်၊ အခန်းကြီး ၁၇ တွင်မှတ်တမ်းတင်ထားခဲ့သည်။ ထိုအခန်းကြီးအစပိုင်းတွင် အာသင်မြို့သို့ ပေါလုရောက်ခဲ့ပုံအကြောင်း ပါရှိသည်။ (စာမျက်နှာ ၆) ပါအကွက်တွင် လုကာ၏ ပဏာမဖေါ်ပြချက်များနှင့်တကွ မိန့်ခွန်းတစ်ရပ်လုံးပါရှိသော ကျမ်းချက်ကို သင်ဖတ်ကြည့်နိုင်သည်။
၅။ အာသင်မြို့သားများအား မိန့်ခွန်းပေးခဲ့စဉ်က နောက်ခံအခြေအနေ အဘယ်သို့ရှိခဲ့သနည်း။ (တမန်တော် ၁၇:၁၆-၃၁ ကိုဖတ်ပါ။)
၅ ပေါလု၏မိန့်ခွန်းသည် အမှန်ပင် အားမာန်ပြည့်လှပြီး အသေအချာစဉ်းစားသုံးသပ်ထိုက်ပေသည်။ မတရားခြင်းများ ဒုနှင့်ဒေး ဝိုင်းရံခံနေရသဖြင့် ယင်းမှ ကျွန်ုပ်တို့ သင်ခန်းစာများစွာ ရရှိနိုင်သည်။ ထိုအချိန်ရှိ နောက်ခံအခြေအနေကို ဦးစွာသတိပြု မှတ်သားပါ။ တမန်တော် ၁၇:၁၆-၂၁ တွင် ထိုအကြောင်းကို ဖတ်ကြည့်နိုင်သည်။ အာသင်မြို့သားတို့သည် ဆိုကရေးတီး၊ ပလေတိုနှင့် အယ်ရစ္စတော့တယ်တို့ သင်ကြားပို့ချခဲ့ကြသော ကျော်ကြားလှသည့် ပညာဗဟုသုတအပေါင်းတို့၏ ဗဟိုချက်တွင် နေထိုင်ရခြင်းအတွက် ဂုဏ်ယူဝင့်ကြွားကြသည်။ အာသင်မြို့သည် ဘာသာရေး အလွန်ကိုင်းရှိုင်းသောမြို့လည်းဖြစ်သည်။ ယင်းတို့မှာ စစ်နစ်အေးရီး (မားစ်)၊ ဇုသ၊ ဆေးဝါးနတ် အေ့စ်ကျူလားပီရပ်စ်၊ ပိုစေဒွန် ခေါ် ရုန်းရင်းကြမ်းတမ်းသော ပင်လယ်စောင့်နတ်၊ ဒိုင်အိုနီဆပ်စ်၊ အေသီနာ၊ အီးရော့စ်နှင့် အခြားအခြားသော နတ်ဘုရားရုပ်တုများဖြစ်သည်။
၆။ အာသင်မြို့၌ ပေါလုတွေ့ခဲ့ရာများနှင့် နှိုင်းယှဉ်လိုက်သော် သင့်အရပ်ဒေသသည် မည်သို့တွေ့ရသနည်း။
၆ သင်နေထိုင်ရာ မြို့သို့မဟုတ်ဒေသကို ပေါလုလာရောက် စစ်ဆေးကြည့်ရှုခဲ့သည်ရှိသော် အဘယ်သို့တွေ့ရမည်နည်း။ ခရစ်ယာန်ဘောင် နိုင်ငံများ၌ပင် ရုပ်တုအမျိုးမျိုးနှင့် ဘာသာရေးအဖုံဖုံ တွေ့ကောင်းတွေ့ရမည်။ အခြားဒေသများ၌ဆိုလျှင် ထိုထက်မကတွေ့ရပေမည်။ လမ်းညွှန်စာအုပ်တစ်အုပ်၌ ဤသို့ဆိုထား၏။ “အိန္ဒိယနတ်ဘုရားများသည် စိတ်ပြောင်းလွယ်သောသူတို့၏ ဂရိ ‘ညီနောင်များ’ နှင့်မတူဘဲ တစ်လင်တစ်မယားသာ ပေါင်းသင်းကြပြီး သူတို့ဇနီးများအား အလွန်ထူးဆန်းသော တန်ခိုးအချို့ကိုပင် ပေးအပ်ထားကြသည်။ . . . အိန္ဒိယပြည်တွင် သန်းပေါင်းများစွာသော နတ်ဘုရားများသည် ဘဝမျိုးစုံ၊ ဇာတိမျိုးစုံ၌ ကျင်လည်ကြသည်ဟု ဆိုရာတွင် ပုံကြီးချဲ့ခြင်းမဟုတ်ပါ။”
၇။ ရှေးဂရိနတ်ဘုရားများသည် ဘာနှင့်တူကြသနည်း။
၇ ဒဏ္ဍာရီသရုပ်ဖေါ်ပုံအရ ဂရိနတ်ဘုရားအများသည် သဘောထားသေးသိမ်၍ အကျင့်သီလအလွန်ယိုယွင်းကြသည်။ ယင်းတို့၏ အကျင့်စာရိတ္တသည် သေမျိုးဖြစ်သည့် လောကီသားများအဖို့ပင် ရှက်ဖွယ်လိလိဖြစ်သည့်ပြင် ယခုခေတ်နိုင်ငံအများ၌ ထိုလုပ်ရပ်များကို ရာဇဝတ်ပြစ်မှုအဖြစ်ပင် သတ်မှတ်ထားသည်။ သို့ဖြစ်၍ ထိုစဉ်က ဂရိလူမျိုးအနေဖြင့် ထိုသို့သော နတ်ဘုရားများမှ အဘယ်သို့သော တရားခြင်းကို ရဖို့မျှော်လင့်နိုင်သနည်းဟု အသင်စောကြောရန် အကြောင်းများစွာရှိသည်။ သို့နှင့်ပင် အာသင်မြို့သားတို့သည် ထိုနတ်ဘုရားများအား အထူးယုံကြည်ဆည်းကပ်ကြောင်း ပေါလုတွေ့မြင်ခဲ့ရသည်။ သို့နှင့် ဖြောင့်မတ်သော ခံယူချက်အပြည့်ဖြင့် စစ်မှန်သော ခရစ်ယာန်ဘာသာ၏ မြင့်မားသည့် သမ္မာတရားကို သူစတင်ရှင်းပြခဲ့သည်။
စောဒကတက်သော ပရိသတ်
၈။ (က) ဧပိကုရုတို့၏ ယုံကြည်ချက်များနှင့် အမြင်သဘောထားတို့၏ ထူးခြားချက်ကား အဘယ်နည်း။ (ခ) သတောအိတ်တို့ ဘာယုံကြည်ကြသနည်း။
၈ ဂျူးအချို့နှင့် ဂရိလူအချို့တို့က စိတ်ဝင်တစား နားထောင်ကြသည်။ သို့သော် ဧပိကုရုနှင့် သတောအိတ် အတွေးအခေါ်ပညာရှင်များ အဘယ်သို့တုံ့ပြန်ခဲ့ကြသနည်း။ သူတို့၏ အယူအဆများသည် ယနေ့ကျောင်းတွင် လူငယ်များသင်ကြားနေသော အတွေးအခေါ်များအပါအဝင် အများခံယူထားသော ယုံကြည်ချက်များနှင့် အများအားဖြင့် ဆင်တူသည်ကို သင်တွေ့ရပေလိမ့်မည်။ ဧပိကုရုများက ပျော်ပါးမှု၊ သာယာမှု အများဆုံးရနိုင်သော ဘဝမျိုးဖြင့် အသက်ရှင်ရန်အားပေးသည်။ အထူးသဖြင့် စိတ်ပိုင်းသာယာမှုကို ဦးစားပေးကြသည်။ ‘နက်ဖြန်သေရကြမည်ဖြစ်၍ စားကြ၊ သောက်ကြကုန်အံ့’ ဟူသော သူတို့၏ အတွေးအခေါ်ကို သူတို့၏ စည်းကမ်းမဲ့ခြင်း၊ သီလသမာဓိမဲ့ခြင်းတို့က ထင်ဟပ်ပေါ်လွင်စေသည်။ (၁ ကောရိန္သု ၁၅:၃၂) စကြဝဠာကို ဘုရားဖန်ဆင်းသည်ကို သူတို့မယုံကြည်၊ ဇီဝအသက်ဆိုသည်မှာ အလိုလိုတည်ရှိသော စကြဝဠာကြီးတစ်ခုတွင် မတော်တဆတိုက်ဆိုင်၍ ဖြစ်ပေါ်လာရာဖြစ်သည်ဟု ခံယူကြသည်။ ထို့ပြင်နတ်ဘုရားများသည် လူတို့အရေးကို စိတ်မဝင်စားကြ။ သတောအိတ်များကကော။ သူတို့သည် ဆင်ခြင်တုံတရားကို အသားပေးပြီး ဒြပ်နှင့်အားတို့သည် စကြဝဠာကြီးတွင် အခြေခံကျသော အရင်းခံတရားများဖြစ်ကြောင်း ယုံကြည်ကြသည်။ သတောအိတ်တို့သည် ဘုရားသခင်ကို ပုဂ္ဂိုလ်တစ်ပါးအဖြစ် မယုံကြည်ဘဲ ပုဂ္ဂိုလ်မဲ့ဘုရားဟူ၍သာ မှတ်ယူကြသည်။ လူသားများ၏ ရေးရာများကို ကံကြမ္မာက စီမံပေးသည်ဟုလည်း ယုံကြည်ကြသည်။
၉။ ပေါလု၏အခြေအနေသည် ဟောပြောခြင်းအတွက် အဘယ်ကြောင့် စိန်ခေါ်စရာဖြစ်သနည်း။
၉ ပေါလု၏လူထုသွန်သင်ခြင်းကို ထိုအတွေးအခေါ်ပညာရှင်များ အဘယ်သို့တုံ့ပြန်ကြသနည်း။ စိတ်ကြီးဝင်ခြင်းနှင့် ရောနေသော စစ်စစ်ပေါက်ပေါက်သိမြင်လိုခြင်းသည် ထိုခေတ်က အာသင်မြို့သားတို့၏ ထူးခြားသော ကြန်အင်လက္ခဏာတစ်ရပ်ဖြစ်သဖြင့် ထိုအတွေးအခေါ်ပညာရှင်တို့က ပေါလုနှင့်စ၍ ငြင်းခုံကြသည်။ နောက်ဆုံးတွင် သူတို့သည် ပေါလုကို အာရေတောင်သို့ခေါ်ဆောင်သွားကြ၏။ အာသင်မြို့ စျေးကွက်၏ အထက်မြင့်မားသော အာကရိုပိုလီခံတပ် အောက်တွင် စစ်နတ်မားစ် သို့မဟုတ် အေးရီးအမည်ရှိ ကျောက်တောင်တစ်တောင်ရှိသည်။ ယင်းကို မားစ်တောင်ကုန်း သို့မဟုတ် အာရေတောင်ဟုခေါ်သည်။ ရှေးအခါ၌ လွှတ်တော် သို့မဟုတ် ကောင်စီစည်းဝေးကို ထိုနေရာ၌ကျင်းပသည်။ ပေါလုသည် ထိုနေရာရှိ တရားရုံးတစ်ခုသို့ ခေါ်သွားခံရခြင်း ဖြစ်ကောင်းဖြစ်မည်။ စည်းဝေးကျင်းပစဉ်တွင် တက်ရောက်သူတို့သည် ကြီးကျယ်ခမ်းနားသော အာကရိုပိုလီခံတပ်နှင့်တက္ကာ ကျော်စောသော ပါသေနွန်ဘုရားရှိခိုးကျောင်းကြီးမှစ၍ အခြားသောဘုရားကျောင်းကန် ဗိမာန်များများကို မြင်တွေ့ရကြသည်။ ရောမဥပဒေက နတ်ဘုရားအသစ်များအကြောင်း ဟောပြောခြင်းကို တားမြစ်ထားသောကြောင့် အချို့က ပေါလုအသက်အန္တရာယ်ရှိသည်ဟု ထင်ကြသည်။ သို့သော် ပေါလုသည် သူ၏ယုံကြည်ချက်ကို ရှင်းလင်းရန် သို့မဟုတ် အရည်အချင်းပြည့် ဆရာသမား ဟုတ်မဟုတ်တင်ပြရန်အတွက်သာ အာရေတောင်သို့ခေါ်ဆောင်သွားခြင်းခံရစေကာမူ ထိုတွင် ဧရာမလူထုပရိသတ်နှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုပရိသတ်၌ စိမ်းကားသည့် သဘောမဖြစ်ပေါ်စေဘဲ သူ၏အရေးကြီးသော သတင်းတရားကို အသေးစိတ်ရှင်းပြနိုင်ခဲ့သလော။
၁၀။ ပြောဆိုမည့်အကြောင်း နိဒါန်းပျိုးရာတွင် ပေါလု အဘယ်သို့လိမ္မာပါးနပ်မှု သုံးခဲ့သနည်း။
၁၀ တမန်တော် ၁၇:၂၂၊ ၂၃ ၌ မည်မျှ လိမ္မာပါးနပ်၍ ပညာရှိရှိဖြင့် ပေါလုစတင်ပြောဟောခဲ့သည်ကို ဂရုပြုပါ။ အာသင်မြို့သားများ မည်မျှဘာသာရေးကိုင်းရှိုင်းကြောင်း သူဝန်ခံပြောကြားလိုက်သောအခါ ပရိသတ်အချို့အနေဖြင့် ယင်းကိုချီးကျူးစကားအဖြစ် မှတ်ယူကြပေမည်။ နတ်ဘုရားအများကိုးကွယ်သော သူတို့ဘာသာကို တိုက်ခိုက်မည့်အစား သူတွေ့ခဲ့သည့် “မသိသောဘုရားအဖို့” တည်ထားသော ယဇ်ပလ္လင်တစ်ခုကို ပေါလုအာရုံစူးစိုက်စေခဲ့သည်။ ထိုသို့သော ယဇ်ပလ္လင်ရှိခဲ့ကြောင်း သမိုင်းသာဓကများကပြဆိုသဖြင့် လုကာရေးသားသော မှတ်တမ်းကို ပို၍ယုံကြည်စိတ်ချစေသည်။ ယင်းယဇ်ပလ္လင်ကို ခုတုံးအဖြစ် ပေါလုအသုံးပြုခဲ့သည်။ အာသင်မြို့သားတို့သည် ဗဟုသုတနှင့် ဆင်ခြင်တုံတရားကို တန်ဖိုးထားကြသည်။ သို့တိုင်အောင်သူတို့ “မသိသော” ဂရိ၊ အဲ့ဂ်နော့စ်တောစ်) ဘုရားတစ်ပါးရှိကြောင်း ဝန်ခံကြသည်။ သို့ဖြစ်၍ ကျိုးကြောင်းဆင်ခြင်တုံတရားအရဆိုလျှင် ထိုဘုရားအကြောင်းကို ပေါလုရှင်းပြရန် သူတို့အခွင့်ပေးသင့်ပေသည်။ ထိုအကျိုးအကြောင်းဆင်ခြင်ပုံကို မည်သူမျှ အပြစ်ရှာမတွေ့ခဲ့ပေ။
ဘုရားသခင်သည် မသိနိုင်သော အရှင်လော
၁၁။ ပေါလုသည် ပရိသတ်တို့အား မှန်သောဘုရားသခင်အကြောင်း အဘယ်နည်းဖြင့် စဉ်းစားလာစေသနည်း။
၁၁ ဤ “မသိသောဘုရား” ဘာနှင့်တူသနည်း။ “ဘုရားသခင်” သည် ဤလောကနှင့် လောက၌ရှိလေသမျှသောအရာများကို ဖန်ဆင်းတော်မူ၏။ စကြဝဠာတည်ရှိကြောင်း၊ အပင်နှင့်တိရစ္ဆာန်များတည်ရှိကြောင်း၊ ကျွန်ုပ်တို့လူသားများတည်ရှိကြောင်းတို့ကို မည်သူမျှငြင်းနိုင်မည်မဟုတ်ပေ။ ဤအရာခပ်သိမ်း၌ ထင်ရှားစွာတွေ့မြင်နေရသော တန်ခိုးနှင့်အသိတရားမှစ၍ ဉာဏ်ပညာတို့က ယင်းတို့သည် မတော်တဆတိုက်ဆိုင်၍ ဖြစ်ပေါ်လာရာများမဟုတ်ဘဲ ဉာဏ်ပညာတော်နှင့် ဘုန်းတန်ခိုးတော် ပြည့်စုံသော ဖန်ဆင်းတော်မူရှင်တစ်ပါး၏ ဖန်ဆင်းခံအရာများသာဖြစ်ကြောင်း အတိအလင်းပြသလျက်ရှိသည်။ အကယ်စင်စင်ဆိုလျှင် ပေါလု၏ကျိုးကြောင်းဆင်ခြင်ပုံသည် ကျွန်ုပ်တို့ခေတ်၌ ပို၍ပင် ယုတ္တိခိုင်လုံလှပေသည်။—ဗျာဒိတ် ၄:၁၁; ၁၀:၆။
၁၂၊ ၁၃။ ပေါလုတင်ပြခဲ့သော အချက်ကို အဘယ်ခေတ်သစ်သာဓကတို့က ထောက်ခံထောက်မသနည်း။
၁၂ များမကြာမီက In The Centre of Immensities တွင် ဗြိတိသျှနက္ခတ္တဗေဒပညာရှင် ဆာဘားနဒ်လိုဗဲလ် (Sir Bernard Lovell) ကကမ္ဘာပေါ်ရှိ အရှင်းဆုံးဇီဝပုံသဏ္ဍာန်သည် မတော်တဆတိုက်ဆိုင်၍ ဖြစ်ပေါ်လာဖွယ် ရှိမရှိအကြောင်းကိုလည်း ဆွေးနွေးထားသည်။ သူ၏နိဂုံးချုပ်ကောက်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။ “အသေးဆုံး ပရိုတိန်းမော်လီကျူးတစ်ခု ဖြစ်ပေါ်စေနိုင်ဖွယ်ရှိသည့် အခွင့်အလမ်းမှာ စဉ်းစား၍မရနိုင်လောက်အောင် နည်းပါးလှသည်။ ကျွန်ုပ်တို့စဉ်းစားသုံးသပ်နေသော အချိန်နှင့်အာကာသတို့၏ နယ်နိမတ်ဘောင်အတွင်း၌ ထိုသို့သောဖြစ်နိုင်ချေအခွင့်အလမ်းမျိုးသည် စင်စစ်အားဖြင့် သုညမျှသာဖြစ်သည်။”
၁၃ အခြားတစ်ဘက်စွန်းဖြစ်သည့် ကျွန်ုပ်တို့၏ စကြဝဠာကြီးကို စဉ်းစားသုံးသပ်ကြည့်ပါအုံး။ နက္ခတ္တပညာရှင်များသည် အီလက်ထရောနစ်ကိရိယာတို့ကို အသုံးပြု၍ စကြဝဠာ၏ မူလဘူတကို လေ့လာကြသည်။ သူတို့ဘာတွေ့ရှိသနည်း။ God and the Astromomers တွင် ရောဘတ်ဂျက်စတရို ဤသို့ရေးသားထားသည်။ “နက္ခတ္တပညာသာဓကအထောက်အထားတို့က ဤလောက၏ မူလဘူတဆိုင်ရာ သမ္မာကျမ်းစာအမြင်သို့ ကျွန်ုပ်တို့ကို မည်သို့ခေါ်ဆောင်သွားနေသည်ကို ယခုတွေ့မြင်နေရသည်။” “ဆင်ခြင်ဉာဏ်စွမ်းရည်ကို ယုံကြည်အားထားသည့် သိပ္ပံပညာရှင်တို့အဖို့ ဆိုရပါမူ ဇာတ်လမ်း၏အဆုံးသည် အိပ်မက်ဆိုးပမာဖြစ်သည်။ အခြေအနေမှာ သူသည် မသိမိုက်မဲခြင်းကို တင်စားသော တောင်ကိုကြိုးစား၍တက်ပြီး အမြင့်ဆုံးတောင် ထိပ်ကိုရောက်လုနေပြီ။ နောက်ဆုံးကျောက်တုံးကြီးကို သူအားစိုက်၍ရွှေ့လိုက်သောအခါ သူ့ကိုချီးကျူးသြဘာပေးသူတို့မှာ ထိုတွင် ရာစုနှစ်ပေါင်းများစွာ ထိုင်လာခဲ့သည့် [ဖန်ဆင်းခြင်းကို ယုံကြည်သော] ဘာသာရေးပညာရှင်များဖြစ်ကြသည်။”—ဆာလံ ၁၉:၁ နှင့်နှိုင်းယှဉ်ကြည့်ပါ။
၁၄။ လူ့လက်ဖြစ် ဘုရားကျောင်းကန်များ၌ ဘုရားသခင်စံတော်မမူဟူသော ပေါလု၏အဆိုကို အဘယ်ဆင်ခြင်တုံတရားက ထောက်ခံသနည်း။
၁၄ ဤသို့ဖြင့် တမန်တော် ၁၇:၂၄ မှပေါလု၏ ရှင်းလင်းဖေါ်ပြချက် မည်မျှတိကျမှန်ကန်သည်ကို တွေ့နိုင်သည်။ ဤရှင်းလင်းချက်က အခန်းငယ် ၂၅ ပါအတွေးအခေါ်နောက်တစ်ခုသို့ အာရုံပြုစေသည်။ “ဤလောကနှင့် လောက၌ရှိလေသမျှသော အရာများ” ကိုဖန်ဆင်းတော်မူနိုင်သည့် တန်ခိုးရှင်ဘုရားသခင်အနေဖြင့် ဤရုပ်ပိုင်းစကြဝဠာကြီးထက် မုချကြီးမြတ်တော်မူသည်။ (ဟေဗြဲ ၃:၄) ထိုကြောင့် ကိုယ်တော်သည် ဘုရားကျောင်းကန်ဗိမာန်များ၌သာ ကျိန်းဝပ်တော်မူသည်ဟု တွေးဆပါမူ အကျိုးအကြောင်းညီညွတ်မည်မဟုတ်ပေ။ အထူးသဖြင့် ကိုယ်တော်ကို မိမိတို့ “မသိသော” ဘုရားဟူ၍ လူသိရှင်ကြား ဝန်ခံထားသူတို့ ဆောက်လုပ်သော ဗိမာန်များ၌ ကိုယ်တော်ကျိန်းဝပ်တော်မူသည်ဟု ယူဆလျှင် ဆင်ခြင်တုံတရားနှင့် ညီမည်မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် တောင်ပေါ်၌တည်ရှိသော ဘုရားကျောင်းကန် အများအပြားကို လှမ်းမြင်နေကြသော အတွေးအခေါ်ပညာရှင်တို့အား ထိထိမိမိတင်ပြလိုက်သည့် ဩဇာကြီးမားလှသော အချက်ပါတကား။—၃ ဓမ္မရာဇဝင် ၈:၂၇။ ဟေရှာယ ၆၆:၁။
၁၅။ (က) ပေါလု၏ ပရိသတ်တို့၏ စိတ်ထဲတွင် အဘယ်ကြောင့် အာသီနာကို သတိရကြမည်နည်း။ (ခ) ဘုရားသခင်သည် ပေးကမ်းသောအရှင်ဖြစ်သည် ဟူသောအချက်က အဘယ်နောက်ဆုံးပိတ်ကောက်ချက်သို့ ဦးတည်ပေးသင့်သနည်း။
၁၅ ပေါလု၏ပရိသတ်တို့သည် အာကရိုပိုလီခံတပ်၌ရှိသော နာယကနတ်သမီးကြီး အာသီနာ၏ရုပ်တုကို ဆည်းကပ်ကိုးကွယ်ကြသူများ ဖြစ်ဖွယ်ရှိသည်။ ပါသေနွန်ဘုရားကျောင်းရှိ ကြည်ညိုခံရသည့် အာသီနာရုပ်တုမှာ ဆင်ဆွယ်နှင့် ရွှေစင်ဖြင့်ပြုလုပ်ထားသည်။ အာသီနာရုပ်တုနောက်တစ်ခုမှာ အမြင့်ပေ ၇၀ ရှိပြီး ပင်လယ်ပြင်ရှိ သင်္ဘောများမှ မြင်တွေ့နိုင်သည်။ အာသီနာပိုလီယာအမည်ရှိသော ရုပ်တုတစ်ခုမှာ ကောင်းကင်ဘုံမှ ကျလာရာဖြစ်သည်ဟု အဆိုရှိသည်။ ယင်းအတွက် လူတို့ယက်လုပ်သော ဝတ်ရုံအသစ်ကို လူတို့အချိန်မှန်မှန်ကပ်လှူကြသည်။ သို့သော် သူတို့မသိသော ဘုရားသည် အမြင့်မြတ်ဆုံးသော အရှင်ဖြစ်ပြီး စကြဝဠာကို ဖန်ဆင်းတော်မူခဲ့သည်ရှိသော် လူတို့ကပ်လှူသော ဝတ္ထုပစ္စည်းများဖြင့် ကိုယ်တော်အား ဝတ်ပြုစရာ အဘယ်ကြောင့်လိုအပ်သနည်း။ ကျွန်ုပ်တို့လိုအပ်ရာများဖြစ်သော “အသက်” နှင့် ယင်းကိုထောက်ပံ့ပေးသော “ထွက်သက်ဝင်သက်” မှစ၍ နေ၊ မိုး၊ ရေနှင့်တကွ စားနပ်ရိက္ခာစိုက်ပျိုးရာ မြေသြဇာကောင်းသော မြေကြီးအပါအဝင် “ရှိလေသမျှတို့” ကို ကိုယ်တော်ပေးတော်မူ၏။ (တမန်တော် ၁၄:၁၅-၁၇။ မဿဲ ၅:၄၅) ကိုယ်တော်သည် ပေးကမ်းတော်မူသောအရှင်ဖြစ်ပြီး လူတို့သည် ခံယူသူများဖြစ်ကြသည်။ ပေးကမ်းသူသည် ခံယူသူတို့ကို အားမထားသည်မှာ သေချာပါသည်။
လူတစ်ဦးတည်းမှ—လူအသီးသီးဖြစ်လာ
၁၆။ လူတို့၏ မူလဘူတအကြောင်း ပေါလု ဘာဆိုသနည်း။
၁၆ ထိုနောက် တမန်တော် ၁၇:၂၆ တွင် လူအများစဉ်းစားတွေးတောအပ်သော အမှန်တရားတစ်ခုကို တင်ပြထားသည်။ အထူးသဖြင့် လူမျိုးရေးတရားမျှတခြင်း ဤမျှကင်းမဲ့နေသော ယခုခေတ်ကြီးတွင် ပို၍စဉ်းစားအပ်သည်။ ဖန်ဆင်းရှင်သည် “မြေတပြင်လုံး၌ နေရသောလူအမျိုးမျိုးကို တစ်ဦးတည်းမှ ဖန်ဆင်းတော်မူ” ကြောင်းသူဆို၏။ လူသားအမျိုးအနွယ်အားလုံးသည် တစ်အူတုံဆင်း ညီနောင်ရင်းချာဖြစ်သည်ဟူသော အယူအဆ (ယင်းက လူတိုင်းတရားမျှတစွာ ဆက်ဆံခံထိုက်သည်ဟူ၍လည်း အဓိပ္ပာယ်သက်ရောက်သည်) မှာ ထိုသူများ စဉ်းစားစရာဖြစ်သည်။ အကြောင်းမှာ အာသင်မြို့သားတို့က မိမိတို့သည် ကျန်လူသားတို့နှင့် ကွဲပြားခြားနားစေသည့် အထူးမူလဘူတတစ်ခုမှ ဆင်းသက်သူများဖြစ်သည်ဟူ၍ ခံယူကြသောကြောင့်တည်း။ သို့တစေ ကျွန်ုပ်တို့အားလုံး၏ ဘိုးဘေးဖြစ်လာသူ ပထမဦးဆုံးလူယောက်ျား အာဒံနှင့်ပတ်သက်သော ကမ္ဘာဦးကျမ်းမှတ်တမ်းကို ပေါလုယုံကြည်လက်ခံသည်။ (ရောမ ၅:၁၂။ ၁ ကောရိန္သု ၁၅:၄၅-၄၉) သို့သော် ‘ဤသို့သော အယူအဆမျိုးသည် ယခုမျက်မှောက်သိပ္ပံခေတ်ကြီးတွင် ဆက်၍ရှင်သန်နိုင်ပါမည်လော’ ဟူ၍ အသင်စောကြောမိပေမည်။
၁၇။ (က) ပေါလုညွှန်ပြခဲ့သကဲ့သို့ ခေတ်သစ်သက်သေသာဓကအချို့က တူညီသော ရှေ့ရှုရာအရပ်ကို အဘယ်သို့ ညွှတ်ပြနေသနည်း။ (ခ) ဤအချက်က တရားခြင်းနှင့် အဘယ်သို့သက်ဆိုင်သနည်း။
၁၇ ဆင့်ကဲဖြစ်စဉ် သီအိုရီက လူသည် ဒေသအမျိုးမျိုး၌ ပုံစံအမျိုးမျိုးဖြင့် ဆင့်ကဲပြောင်းလဲလာခဲ့သည်ဟုဆိုသည်။ သို့သော် လွန်ခဲ့သော နှစ်ဆန်းပိုင်း၌ Newsweek ကယင်း၏သိပ္ပံကဏ္ဍ၌ “အာဒံနှင့်ဧဝရှာပုံတော်” အကြောင်း သီးသန့်ဖေါ်ပြထားသည်။ အမျိုးအဆက်အနွယ်တို့ကို လေ့လာသော ပညာရပ်နယ်ပယ်တွင် မကြာမီကဖြစ်ပေါ်တိုးတက်မှုအကြောင်းကို အဓိကထားဖေါ်ပြသည်။ ကျွန်ုပ်တို့ထင်သည့်အတိုင်း သိပ္ပံပညာရှင်အားလုံး သဘောမတူကြစေကာမူ ထင်ရှားနေသည့် အထောက်အထားတို့က အမျိုးအဆက်အနွယ် လေ့လာသော ပညာအရဆိုလျှင် လူသားအပေါင်းတို့၌ တူညီသော ဘိုးဘေးတစ်ဦးတည်းသာရှိသည် ဟူသော နိဂုံးကို ညွှန်ပြနေသည်။ သမ္မာကျမ်းစာကြာမြင့်စွာကပင် ဆိုထားသည့်အတိုင်း ကျွန်ုပ်တို့အားလုံး ညီနောင်ရင်းချာများဖြစ်ကြသဖြင့် တရားမျှတခြင်းကို အားလုံးတန်းတူခံစားသင့်သည်မဟုတ်လော။ ကျွန်ုပ်တို့အားလုံး အသားအရောင်၊ ဆံပင်အမျိုးအစား သို့မဟုတ် အခြားအပေါ်ယံကြန်အင်လက္ခဏာများ မည်သို့ပင်ရှိပါစေ ခွဲခြားမှု မရှိဘဲ ဆက်ဆံခံသင့်သည်မဟုတ်လော။ (ကမ္ဘာဦး ၁၁:၁။ တမန်တော် ၁၀:၃၄၊ ၃၅) သို့သော်လည်း လူသားများအဖို့ တရားမျှတခြင်း အဘယ်သို့နှင့် အဘယ်အချိန်တွင် ဖြစ်ပေါ်လာမည်ကို ကျွန်ုပ်တို့သိဖို့ လိုအပ်နေသေးသည်။
၁၈။ ဘုရားသခင်နှင့် လူတို့၏ဆက်ဆံပုံအကြောင်း ပေါလု၏ပြောဆိုချက်အတွက် အဘယ်အခြေအမြစ်ရှိသနည်း။
၁၈ အခန်းငယ် ၂၆ တွင်ပေါလုက ဖန်ဆင်းရှင်၌ လူသားများအဖို့ တရားမျှတသော ရည်ရွယ်ချက် သို့မဟုတ် အလိုတော်တစ်မျိုးရှိကြောင်း ထောက်ပြထားသည်။ ဣသရေလလူမျိုးနှင့် ဘုရားသခင့် ဆက်ဆံတော်မူခဲ့စဉ်က သူတို့အဘယ်နေရာတွင် နေထိုင်ရမည်၊ အခြားလူမျိုးများ သူတို့ကို အဘယ်သို့ဆက်ဆံကြမည်အကြောင်း ကိုယ်တော်မိန့်မှာတော်မူခဲ့ကြောင်း တမန်တော်ပေါလုသိ၏။ (ထွက်မြောက်ရာ ၂၃:၃၁၊ ၃၂။ တောလည်ရာ ၃၄:၁-၁၂။ တရားဟောရာ ၃၂:၄၉-၅၂) ပေါလု၏ပရိသတ်တို့က ပေါလု၏ ယခုပြောဆိုချက်မှာ သူတို့နှင့်သာ အဓိကသက်ဆိုင်သည်ဟု ဂုဏ်ယူကြမည်မှာ သေချာသည်။ စင်စစ်ဆိုလျှင် သူတို့သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သမိုင်းတွင်ဂရိသည် ပဉ္စမမြောက် ကမ္ဘာ့မဟာတန်ခိုးကြီးနိုင်ငံ ဖြစ်လာမည့်အချိန်နှင့်ပတ်သက်သော မိမိအလိုတော်ကို ယေဟောဝါဘုရားသခင် ပရောဖက်ပြု၍ ဖေါ်ပြတော်မူခဲ့ပြီးဖြစ်သည်။ (ဒံယေလ ၇:၆။ ၈:၅-၈၊ ၂၁။ ၁၁:၁၊ ၃) ဘုရားသခင်သည် တိုင်းနိုင်ငံများကိုပင် ကြိုးဆွဲရာ ကစေနိုင်သောကြောင့် ကိုယ်တော်.အကြောင်း လေ့လာဆည်းပူးလိုသော ဆန္ဒရှိခြင်းသည် ကျိုးကြောင်းဆီလျော်လှသည် မဟုတ်လော။
၁၉။ တမန်တော် ၁၇:၂၇ မှပေါလု၏တင်ပြချက်သည် အဘယ်ကြောင့် ကျိုးကြောင်းဆီလျော်သနည်း။
၁၉ ဘုရားသခင်သည် မိမိအကြောင်းလူတို့မသိအောင် စမ်းတဝါးဝါးဖြစ်အောင် ထားတော်မမူချေ။ ကိုယ်တော်.အကြောင်း သိနိုင်သော အခြေအမြစ်တစ်ခုကို အာသင်မြို့သားများကိုရော၊ ကျွန်ုပ်တို့ကိုပါ ပေးတော်မူခဲ့သည်။ ရောမ ၁:၂၀ ၌နောင်တွင် ပေါလုဤသို့ရေးသားခဲ့သည်။ “ဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိ၏။” ထိုကြောင့် ဘုရားသခင်ကိုတွေ့လိုသော် ကိုယ်တော်အကြောင်းသိလိုသော် ကိုယ်တော်သည် စင်စစ် ကျွန်ုပ်တို့နှင့် ဝေးတော်မမူပေ။—တမန်တော် ၁၇:၂၇။
၂၀။ “ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏” ဟူသော ဤစကား အဘယ်သို့မှန်ကန်သနည်း။
၂၀ တမန်တော် ၁၇:၂၈ တင်ပြသည့်အတိုင်း လေးစားတန်ဖိုးထားသော စိတ်က ထိုသို့ပြုရန် ကျွန်ုပ်တို့အား စေ့ဆော်ပေးသင့်သည်။ ဘုရားသခင် ကျွန်ုပ်တို့အား အသက်ပေးတော်မူ၏။ တကယ်တမ်းဆိုလျှင် ကျွန်ုပ်တို့သည် သစ်ပင်တစ်ပင်အသက်ရှိသကဲ့သို့ အသက်ရှင်ရုံမျှသာမဟုတ်ပေ။ ကျွန်ုပ်တို့နှင့် တိရစ္ဆာန်အများတို့သည် သွားလာရွေ့ရှားနိုင်သော ပို၍ အဆင့်မြင်သည့် သက်ရှိစွမ်းရည်ပိုင်ဆိုင်ကြသည်။ ယင်းအတွက် ကျွန်ုပ်တို့ဝမ်းမသာပေလော။ သို့သော် ပေါလုက ထိုထက်မက ဆွေးနွေးတင်ပြထားသည်။ ကျွန်ုပ်တို့သည် ဥပဓိရုပ်ပိုင်ဆိုင်သော အသိဉာဏ်ရှိသည့် သတ္တဝါများဖြစ်ကြသည်။ ကျွန်ုပ်တို့၏ ဘုရားပေးဦးနှောက်က ကျွန်ုပ်တို့အား စဉ်းစားစေနိုင်သည်။ (စစ်မှန်သော တရားခြင်းကဲ့သို့သော) အခြေခံသဘောတရားများကို တီးမိခေါက်မိစေသည်။ မျှော်လင့်စေသည်။ မှန်ပေသည်။ ဘုရားသခင့်အလိုတော် အနာဂတ်ကာလမှာ ပြည့်စုံလာမည်ကို မျှော်လင့်စေသည်။ အသင်သိမြင်သည့်အတိုင်း ယင်းသည် ဧပိကုရုနှင့် သတောအိတ် အတွေးအခေါ်ပညာရှင်များ လက်ခံရန် မလွယ်ကူသောအရာဖြစ်သည်ကို ပေါလု ကောင်းစွာသဘောပေါက်ခဲ့ပေမည်။ သူတို့အတွက် အကူအညီဖြစ်စေရန် သူတို့သိရှိလေးစားသော ကဗျာဆရာအချို့ကို သူကိုးကားခဲ့သည်။ ထိုကဗျာဆရာများက “ငါတို့သည်ကား နွယ်တော်သားပင်။ ဘုရားမျိုးပေ ဖြစ်ကြလေ” ဟူ၍ ဆင်တူရိုးမှား စပ်ဆိုခဲ့ကြသည်။
၂၁။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အနွယ်တော်သားဖြစ်ခြင်းက အဘယ်နည်းဖြင့် အကျိုးသက်ရောက်သင့်သနည်း။
၂၁ အကယ်၍ ကျွန်ုပ်တို့သည် အမြင့်ဆုံးသောအရှင်ဘုရားသခင်၏ နွယ်တော်သားများဖြစ်သည်ကို တန်ဖိုးထားမည်ဆိုပါက ဘဝအသက်တာ ညွှန်ကြားချက်ရရှိရေးအတွက် ကိုယ်တော်ထံ မျှော်ကိုးရန် အထူးသင့်လျော်လှပေသည်။ အာကရိုပိုလီခံတပ်၏ အရိပ်အောက်တွင် ပေါလုရပ်နေစဉ် သူ၏ရဲရင့်ခြင်းသတ္တိကို သင်ချီးမွမ်းမိပေမည်။ သူက ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ပါသေနွန်ဘုရားကျောင်းရှိ ရွှေနှင့်ဆင်ဆွယ်တို့ဖြင့် ပြုလုပ်ထားသော ရုပ်တုအပါအဝင် မည်သည့်လူ့လက်ဖြစ် ဆင်းတုထက်မဆို ကြီးမြတ်တော်မူကြောင်း သတ္တိရှိရှိ ဆင်ခြင်ဆွေးနွေးခဲ့သည်။ ပေါလု၏ တင်ပြချက်ကို လက်ခံကြသော ကျွန်ုပ်တို့အားလုံးအနေဖြင့် ဘုရားသခင်သည် ယနေ့လူတို့ကိုးကွယ်နေကြသော မည်သည့်ရုပ်တုနှင့်မျှမတူကြောင်း ထပ်တူသဘောတူရပေမည်။—ဟေရှာယ ၄၀:၁၈-၂၆။
၂၂။ နောင်တရခြင်းသည် ကျွန်ုပ်တို့တရားခြင်းခံစားရခြင်းကိစ္စနှင့် အဘယ်သို့ပါဝင်ပတ်သက်နေသနည်း။
၂၂ ဤအချက်ကို စိတ်ဖြင့်လက်ခံရုံလက်ခံပြီး ယခင်အတိုင်းဆက်ပြီး အသက်ရှင်၍မရနိုင်ပါ။ ဤအချက်ကို အခန်းငယ် ၃၀ ၌ပေါလုရှင်းလင်းပြတ်သားစွာ ဖေါ်ပြထားသည်။ “ဘုရားသခင်သည် မိုက်မဲသောအချိန်ကာလတို့ [ဘုရားသခင်သည် သေးငယ်သောရုပ်တုနှင့်ဆင်တူသည် သို့မဟုတ် ထိုရုပ်တုအားဖြင့် ကိုးကွယ်ခြင်းကို လက်ခံသည်ဟု တွေးထင်ခြင်း] ကိုအမှုမထားဖူးသော်လည်း ယခုမှာ ကိုယ်အပြစ်ကိုမြင်၍ နောင်တရကြလော့ ဟုခပ်သိမ်းသောအရပ်တို့၌ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။” ဤသို့ဖြင့် ပေါလုသည် သူ၏မိန့်ခွန်းကို အားမာန်အပြည့်ဖြင့် နိဂုံးချုပ်ရာတွင် အံ့အားသင့်စရာအချက်တည်းဟူသော နောင်တအကြောင်းတင်ပြလိုက်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ စစ်မှန်သောတရားခြင်း ရရှိရေးအတွက် မျှော်ကိုးမည်ဆိုပါက ကျွန်ုပ်တို့နောင်တရရမည်ဟူ၍ အဓိပ္ပာယ်ရသည်။ ယင်းက ကျွန်ုပ်တို့ မည်သို့ပြုရန်တောင်းဆိုသနည်း။ အားလုံးအတွက် တရားခြင်းကို ဘုရားသခင်အဘယ်သို့ခေါ်ဆောင်တော်မူမည်နည်း။
[အောက်ခြေမှတ်ချက်များ]
a ယနေ့အများသောသူတို့နည်းတူ ဟပ်ဇ်လေသည် ခရစ်ယာန်ဘောင်၏ မတရားခြင်းများကို သတိထားမိသည်။ နာမ်မယုံရုပ်ဝါဒအကြောင်း စာစီစာကုံးတစ်ပုဒ်တွင် သူဤသို့ရေးသားထားသည်။ “ဟန်ဆောင်ခြင်းနှင့် ရက်စက်ယုတ်မာခြင်း၊ လိမ်လည်ခြင်း၊ သတ်ဖြတ်ခြင်း၊ လူ့ကျင့်ဝတ်မှန်သမျှကို ဖောက်ဖျက်ခြင်းတည်းဟူသော အရှိန်အဟုန်ပြင်းသော ရေစီးသည် ဤမြစ်ဖျားအစမှစီးထွက်ကာ ခရစ်ယာန်နိုင်ငံများ၏ သမိုင်းရေစီးကြောင်းအတိုင်း စီးဆင်းလာသည်ကိုသာ ကျွန်ုပ်တို့ တွေ့မြင်နိုင်မည်ဆိုပါက ငရဲနှင့်ပတ်သက်သော ကျွန်ုပ်တို့၏ အဆိုးဆုံးစိတ်ကူးစိတ်သန်းများသည် မျက်မြင်ဒိဌနှင့်ယှဉ်လိုက်သောအခါ မှုန်ဝါးမှေးမှိန်သွားလေသည်။”
သင်ဖြေဆိုနိုင်မည်လော
▫ အာသင်မြို့တွင် အဘယ်ဘာသာရေးအခြေအနေမျိုးကို ပေါလုတွေ့မြင်ခဲ့သနည်း။ ယနေ့ထပ်တူအခြေအနေမျိုး မည်သို့ရှိနေသနည်း။
▫ ပေါလုခေတ်က အာသင်မြို့တွင် ဝတ်ပြုခဲ့သော အတုအယောင်ဘုရားများအားလုံးထက် ဘုရားသခင်သည် မည်သည့်နည်းများဖြင့် ကြီးမြတ်တော်မူသနည်း။
▫ လူမျိုးကိုဘုရားသခင်ဖန်ဆင်းပုံနှင့်ဆိုင်သော အဘယ်အခြေခံအချက်ကြောင့် လူတိုင်းအတွက် တရားခြင်းရှိသင့်သနည်း။
▫ ဘုရားသခင်၏ ကြီးမြတ်တော်မူခြင်းကို သိထားသဖြင့် လူသားတို့ မည်သို့တုံ့ပြန်သင့်သနည်း။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
အားလုံးအတွက် တရားခြင်း—တမန်တော်ဝတ္ထု အခန်းကြီး ၁၇
“၁၆ ပေါလုသည် အာသင်မြို့၌ သိလနှင့် တိမောသေတို့ကို ငံ့လင့်၍ နေစဉ်တွင်၊ ထိုမြို့သည် ရုပ်တုတို့နှင့် အပြည့်ရှိသည်ကိုမြင်လျှင် စိတ်ပူပန်ခြင်းသို့ရောက်၏။ ၁၇ ထိုကြောင့် တရားစရပ်၌ ယုဒလူမှစ၍ ဘုရားကိုကိုးကွယ်သော သူတို့နှင့်လည်းကောင်း လူများစုဝေးရာအရပ်၌ နေ့တိုင်းတွေ့ကြုံသော သူတို့နှင့်လည်းကောင်း ဆွေးနွေးနှီးနှောခြင်းကိုပြု၏။ ၁၈ ထိုအခါဧပိကုရုတပည့်တို့နှင့် သတောအိတ်ပညာရှိအချို့တို့သည် ပေါလုနှင့်ဆိုင်ပြိုင်၍ အချို့က ဤမရေရာသောလူသည် အဘယ်သို့ပြောချင်သနည်း ဟုဆို၏။ အချို့ကလည်း ဤသူသည် တစ်ကျွန်းတစ်နိုင်ငံနတ်ဘုရားတို့၏အကြောင်းကို ဟောပြောသောသူဖြစ်ဟန်ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်းကား ပေါလုသည် ယေရှု၏တရားနှင့် ထမြောက်ခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောသတည်း။ ၁၉ ထိုအခါ ထိုသူတို့သည် ပေါလုကိုခေါ်၍ အာရေတောင်သို့ဆောင်သွားပြီးလျှင်သင်သည် ဟောပြောသော ဤအယူဝါဒသစ်ကို ငါတို့သိအပ်သလော။ ၂၀ ငါတို့ မသိမကျွမ်းဖူးသောအရာတို့ကို သင်သည်ကြားပြော၏။ ထိုအရာများကား အဘယ်သို့ဆိုလိုသည်ကို ငါတို့သိချင်ပါသည်ဟု ဆိုကြ၏။ ၂၁ အာသင်မြို့သူမြို့သားအပေါင်းတို့နှင့် ဧည့်သည်များတို့သည် သတင်းစကားကို ကြားပြောခြင်း၊ နားထောင်ခြင်းအမှုမှတစ်ပါး အခြားသောအမှုဖြင့် ကာလကိုမလွန်စေတတ်ကြ။ ၂၂ ထိုအခါ ပေါလုသည် အာရေတောင်ပေါ်၌ရပ်လျက်
“‘အချင်းအာသင်လူတို့ သင်တို့သည် ခပ်သိမ်းသောအရာတို့၌ နတ်ဘုရားတို့ကို အလွန်ရိုသေတတ်ကြသည်ကို ငါမြင်ပါ၏။ ၂၃ လမ်း၌သွား၍ သင်တို့၏ ဘုရားများကိုကြည့်ရှုသည်တွင် “ငါတို့မသိသော ဘုရားသခင်အဖို့” ဟူ၍ အက္ခရာတင်သော ယဇ်ပလ္လင်တစ်ခုကို တွေ့ပါ၏။ သင်တို့သည် မသိဘဲလျက်ကိုးကွယ်သော ဘုရားသခင်၏ အကြောင်းကိုငါဟောပြော၏။ ၂၄ လောကဓာတ်မှစ၍ လောကဓာတ်၌ ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍ လူတို့လက်ဖြင့်လုပ်သော ဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။ ၂၅ ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇိဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို ပေးတော်မူသောအရှင်ဖြစ်၍ တစ်စုံတစ်ခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့် ကျွေးမွေးခြင်းကို ခံတော်မူသည်မဟုတ်။ ၂၆ ဘုရားသခင်သည် မြေတစ်ပြင်လုံး၌ နေရသောလူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့် ဖန်ဆင်းတော်မူ၍ သူတို့အား ခွဲဝေစီမံသောအချိန်ကာလကိုလည်းကောင်း၊ သူတို့၏နေရာအပိုင်းအခြားကိုလည်းကောင်း မှတ်သားတော်မူ၏။ ၂၇ အကြောင်းမူကား လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်းတည်း။ သို့ဆိုသော်လည်း ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။ ၂၈ ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။ ထိုသို့နှင့်အညီ သင်တို့တွင် လင်္ကာဆရာအချို့တို့က “ငါတို့သည်ကား နွယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေ” ဟုစပ်ဆိုသတည်း။
၂၉ “‘ထိုသို့ငါတို့သည် ဘုရားသခင်၏ အမျိုးအနွယ်ဖြစ်လျက်နှင့် လူတို့အတတ်အကြံအစည်အားဖြင့် ထုလုပ်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်ဟု မထင်မမှတ်အပ်။ ၃၀ ဘုရားသခင်သည် မိုက်မဲသောအချိန်ကာလတို့ကို အမှုမထားဘူးသော်လည်း ယခုမှာကိုယ်အပြစ်ကိုမြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသောအရပ်တို့၌ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။ ၃၁ အကြောင်းမူကား ခန့်ထားတော်မူသောသူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်ညီလျော်စွာ စစ်ကြောစီရင်မည့် နေ့ရက်ကို ချိန်းချက်တော်မူပြီ။ ထိုသူကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သော သက်သေကို ပြတော်မူပြီ’ ဟု ပေါလုဟောပြော၏။”
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
စကြဝဠာသည် ဖန်ဆင်းခံအရာဖြစ်သည်
၁၉၈၀ ခုနှစ်တွင် နာဆာ (အမေရိကန်အမျိုးသား လေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့) မှ ဒေါက်တာ ဂျွန် အေ၊ အိုကီးဖ် (John A. O’Keefe) ဤသို့ရေးသားခဲ့သည်။ “စကြဝဠာကြီးသည် လွန်ခဲ့သော နှစ်ပေါင်းသန်းတစ်သောင်းငါးထောင်မှ သန်းနှစ်သောင်းခန့်အချိန်က ဖန်ဆင်းခြင်းခံရသည့် ယုံကြည်လောက်သော သက်သေသာဓကများကို ခေတ်သစ်နက္ခတ်ပညာက တွေ့ရှိထားပြီဟူသော ဂျက်စထရို ၏ ထင်မြင်ယူဆချက်ကို ကျွန်တော်ထောက်ခံသည်။” “ဖန်ဆင်းခြင်းကိုထောက်ခံသည့် သာဓကများကို ကျွန်ုပ်တို့ပတ်ဝန်းကျင်၌ ရှိရှိသမျှအရာဖြစ်သော ကျောက်စိုင်ကျောက်ခဲများ၊ မိုးကောင်းကင်၊ ရေဒီယိုလှိုင်းများမှစ၍ ရူပဗေဒ၌ အခြေခံအကျဆုံးသော နိယာမတရားများ၌ပါ ဤမျှထင်ထင်ရှားရှားတွေ့မြင်ရသဖြင့် ကျွန်ုပ်တို့အထူးရင်သပ်ရှုမောမိသည်။”
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]
“အာဒံနှင့်ဧဝ ရှာပုံတော်”
ထိုခေါင်းစဉ်ဖြင့် Newsweek ဆောင်းပါးတစ်ပုဒ်မှ အပိုင်းတစ်ပိုင်း၌ ဤသို့ဆိုထားသည်။ “သက်ကြီးဝါကြီး တူးဖေါ်သူ ရစ်ချဒ်လိကီ (Richard Leakey) က ၁၉၇၇ ခုနှစ်တွင် ‘ခေတ်သစ်လူသားများသည် တစ်ခုတည်းသော ဗဟိုရ်ချက်မှ ပေါက်ဖွားလာခြင်းမဟုတ်’ ဟူ၍ ကြေညာခဲ့သည်။ သို့သော် ယခုအခါ အမျိုးအဆက်အနွယ်တို့ကို လေ့လာသည့် ပညာရှင်တို့က ကွဲပြားသည့်အဆိုတစ်မျိုးကို ယုံကြည်လက်ခံရန် တိမ်းမပ်နေကြသည်။ . . . ‘ဤအယူအဆမှန်လျှင် ကျွန်တော်လောင်းရဲသည်၊ အလွန်တရာအရေးပါမည်’ ဟု ဟားဗတ် (Harvard) မှမြေဆီလွှာလေ့လာမှုပညာရှင်နှင့် အက်ဆေးရေးသူ စတီဖင် ဂျေး ဂိုးလ်ဒ် (Stephen Jay Gould) ကဆို၏။ “လူသတ္တဝါအားလုံးသည် အပြင်ပန်းအသွင်အပြင် ကွဲပြားစေကာမူ စင်စစ်အားဖြင့် တစ်ဦးတည်းသော ပုဂ္ဂိုလ်၏အမျိုးအနွယ်ဝင်များသာဖြစ်ကြပြီး များမကြာမြင့်သော ကာလက ဒေသတစ်ခုမှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့အား သဘောပေါက်စေသည်။ ဇီဝဗေဒအရ ညီနောင်ရင်းချာတော်စပ်ခြင်းသည် ကျွန်ုပ်တို့ယခင်က နားလည်သည်ထက် များစွာသာ၍ လေးနက်လာသည်။”—ဇန်နဝါရီ ၁၁၊ ၁၉၈၈။