လင်သားတစ်ဦးအနေနှင့် မေတ္တာ နှင့် ရိုသေမှု ပြခြင်း
“သင်တို့သည် အသီးသီး ကိုယ်ကိုယ်ကိုချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကို ချစ်ကြလော့။—ဧဖက် ၅:၃၃။
၁၊ ၂။ (က) ယနေ့ကွာရှင်းမှုသည် မည်မျှထိ ပြဿနာတက်နေသနည်း။ (ခ) တစ်ဖက်တွင် အခြားအဘယ်အခြေအနေ ရှိသနည်း။
၁၉၈၅ခုနှစ်ခန့်က Psychology Today တွင်ဤသို့ဆိုသည်။ “[အမေရိကန်ပြည်တွင်] စုံတွဲတစ်သန်းကျော်တို့သည် ပျော်ရွှင်သာယာမည့် မျှော်လင့်ချက်များကို ကွာရှင်းမှုဖြင့် ပျောက်လွင့်စေသည်။ အမေရိကန်ပြည်တွင် ပျမ်းမျှအိမ်ထောင်သက်တမ်းသည် ၉.၄ နှစ်ဖြစ်သည်။ . . . တစ်ခါတစ်ရံ မည်သူမျှ သာယာသောအိမ်ထောင်ရှိသည်ဟု မယူမှတ်နိုင်သည့်တိုင်ဖြစ်နေသည်။” (၁၉၈၅ ဇွန်) ကလေးများနှင့် လူကြီးများကိုပါ ထည့်တွက်မည်ဆိုလျှင် တစ်နိုင်ငံတည်းတွင် အိမ်ထောင်ပျက်မှုကြောင့် တစ်နှစ်လျှင် အနည်းဆုံး ၃၀၀၀၀၀၀ ဒုက္ခရောက်ရကြသည်။ သို့သော် ကွာရှင်းမှုသည် ကမ္ဘာချီပြဿနာဖြစ်နေသည့်အတွက် အိမ်ထောင်သန်းပေါင်းများစွာတွင် မြတ်နိုးလေးစားမှုကင်းကြောင်း ထင်ရှားနေသည်။
၂ တစ်ဖက်ကကြည့်ပြန်လျှင် “လျစ်လျူရှုခံရသည့်အုပ်စု၊ တစ်နည်းနည်းဖြင့် ပေါင်းစပ်လျက်သာ နေနိုင်သူများ၊ သေခြင်းမှတစ်ပါး အဘယ်အရာကိုမျှ သူတို့အား မခွဲခွါစေသည့် မောင်နှံစုံများဖြစ်သည်။” (Psychology Today) သို့ဖြစ်၍ အိမ်ထောင်မပျက်ပြားစေရန် ကြိုးစားအားထုတ်သော မောင်နှံစုံ သန်းပေါင်းများစွာလည်း ရှိပါသည်။
၃။ ကိုယ့်ကိုယ်ကို အဘယ်မေးခွန်းများ မေးနိုင်သနည်း။
၃ သင့်အိမ်ထောင်ကော။ လင်နှင့်မယားစပ်ကြား ချစ်ခင်လေးစားရင်းနှီးမှု ရှိပါသလော။ သင့်မိသားစုတွင် မိဘနှင့်သားသမီးများစပ်ကြား ဤသို့သောမေတ္တာ ရှိပါသလော။ သို့မဟုတ် မကျေမနပ်၊ မယုံသင်္ကာစိတ်ဖြစ်ပေါ်ကာ မိမိကိုယ်ကို တစ်ခါတစ်ရံ ထိန်းချုပ်ထားရပါသလော။ ကျွန်ုပ်တို့တစ်ဦးတစ်ယောက်မျှ မစုံလင်သဖြင့် မည်သည့်အိမ်ထောင်၌မဆို၊ ခရစ်ယာန်ပီသရန် အားလုံးကြိုးစားနေသည့် အိမ်ထောင်တို့၌ပင်လျှင် ခက်ခဲသော အခြေအနေများ ပေါ်ပေါက်တတ်သည်။ အဘယ်ကြောင့်ဆိုသော် “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။”—ရောမ ၃:၂၃။
၄။ သာယာသောအိမ်ထောင်တွင် မည်သူ၏ကဏ္ဍသည် အဓိကဖြစ်ကြောင်း ပေါလုနှင့်ပေတရု မည်သို့တင်ပြခဲ့သနည်း။
၄ မည်သည့်အိမ်ထောင်၌မဆို ခက်ခဲမှုများပေါ်တတ်သဖြင့် သာယာစည်းလုံးစွာတည်ရှိနိုင်ရေးအတွက် မည်သူ အဓိကတာဝန်ယူသင့်သနည်း။ သူတို့၏စာစောင်များတွင်ပါသည့် တိုက်ရိုက်သြဝါဒ၌ တမန်တော်ပေါလုနှင့်ပေတရုတို့ ဖြေဆိုပေးသည်။ ပေါလုဤသို့ရေးသားခဲ့သည်။ “ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်ကိုလည်းကောင်း သင်တို့သိမှတ်စေခြင်းငှာ ငါအလိုရှိ၏။” သူဤသို့ဆိုသေးသည်။ “ခရစ်တော်ကို ခန့်ညားသောအားဖြင့် အချင်းချင်း တစ်ယောက်အောက်တစ်ယောက် ကိုယ်ကိုနှိမ့်ချလျက် နေကြလော့။ အချင်းမိန်းမတို့၊ သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။” (၁ ကောရိန္သု ၁၁:၃။ ဧဖက် ၅:၂၁-၂၃) ထပ်တူသဘောမျိုးဖြင့်ပင် ပေတရုဤသို့ရေးသားခဲ့သည်။ “အထက်ဆိုခဲ့ပြီးသည်နည်းတူ [ခရစ်တော်၏ပုံသက်သေကို အတုယူကာ] မိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။”—၁ ပေတရု ၂:၂၁–၃:၁။
ခရစ်တော်သခင်—စိတ်လန်းဆန်းစေသော ပုံသက်သေ
၅၊ ၆။ ဦးစီးမှုကို ဆောင်ရွက်ရာတွင် ယေရှုခရစ်သည် အတုယူရာ ပုံသက်သေ မည်သို့ဖြစ်သနည်း။
၅ အထက်ပါသြဝါဒနှင့်အညီ ကျမ်းစာအရ လင်သားသည် အိမ်ထောင်ဦးစီးဖြစ်သည်။ သို့သော် အဘယ်သဘောအရ ဦးစီးဖြစ်သနည်း။ ဦးစီးမှုကို မည်သို့ဆောင်ရွက်သင့်သနည်း။ မိမိသည် ‘အိမ်ထောင်ဦးစီးဖြစ်သည်၊ ကျမ်းစာမိန့်ဆိုသည်’ ဟုဇွတ်တရွတ်ပြောဆိုခြင်းအားဖြင့် အချို့လင်သားများ လေးစားမှုကို မရမကတောင်းဆိုရန် လွယ်ကူပေမည်။ သို့သော် ခရစ်တော်၏ ပုံသက်သေနှင့် နှိုင်းယှဉ်သော် မည်သို့ဆိုမည်နည်း။ မိမိနောက်လိုက်များ မိမိကိုလေးစားရမည်ဟု ဝင့်ဝါစွာ ခရစ်တော်တောင်းဆိုခဲ့ပါသလော။ ကိုယ်တော်က ထောင်လွှားစွာဖြင့် “ဤနေရာ၌ အဘယ်သူသည် ဘုရားသခင့်သားတော်ဖြစ်သနည်း။ ငါ့ကို လေးစားရမည်” ဟုပြောဆိုခဲ့သည့် အချိန်အခါ တွေ့ရှိခဲ့ပါသလော။ ထိုသို့ဖြစ်မည့်အစား ယေရှုလေးစားမှုခံထိုက်ခဲ့သည်။ မည်သို့အားဖြင့်နည်း။ အခြားသူတို့နှင့် ဆက်ဆံရာတွင် ယဉ်ကျေးသိမ်မွေ့သော အပြုအမူအပြောအဆိုကိုသုံးပြီး စာနာမှုပြခဲ့ခြင်းကြောင့် ဖြစ်သည်။—မာကု ၆:၃၀-၃၄။
၆ ထိုကြောင့် လင်သား သို့မဟုတ် ဖခင်တစ်ဦးအနေနှင့် လျောက်ပတ်စွာဦးစီးရန် သော့ချက်ကား ယေရှုခရစ်တော်၏ပုံသက်သေကို စံနမူနာတင်ခြင်းဖြစ်သည်။ ယေရှုတစ်ခါမျှ အိမ်ထောင်မပြုခဲ့သော်လည်း တပည့်တော်များနှင့် ဆက်ဆံပုံကို လင်သားများ အတုယူလောက်ပေသည်။ ယေရှုသည် စုံလင်သောနမူနာစံပြဖြစ်ရာ မည်သည့်လင်သားအတွက်မဆို စိန်ခေါ်ချက်တစ်ရပ်ဖြစ်သည်။ (ဟေဗြဲ ၄:၁၅။ ၁၂:၁-၃)မည်သို့ဆိုစေကာမူ ခရစ်တော်၏ပုံစံကို လင်သားတစ်ဦး မီနိုင်သမျှ မီရန်ကြိုးစားနေမည်ဆိုလျှင် တိုး၍တိုး၍ မြတ်နိုးလေးစားခံရမည်မှာမလွဲ။ ထိုကြောင့် ယေရှုသည် အဘယ်ကဲ့သို့သောသူဖြစ်သည်ကို အသေအချာ သုံးသပ်ကြစို့။—ဧဖက် ၅:၂၅-၂၉။ ၁ ပေတရု ၂:၂၁၊ ၂၂။
၇။ တပည့်တော်များအား ယေရှုအဘယ်အရာ ကမ်းလှမ်းခဲ့သနည်း။ အဘယ်ဇာစ်မြစ်မှနည်း။
၇ တစ်ချိန်က လူထုအားယေရှု ဤသို့မိန့်တော်မူသည်။ “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းဘိုးကိုတင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့ နှိမ့်ချသောစိတ်သဘော ရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။” ဤတွင် မိမိစကားကို ကြားနာနေသူတို့အား ယေရှုဘာကမ်းလှမ်းခဲ့သနည်း။ ဝိညာဏသက်သာခြင်း ကမ်းလှမ်းခဲ့သည်။ သို့သော် အဘယ်အရပ်မှ သက်သာချမ်းမြေ့ခြင်း ရရှိမည်နည်း။ ကိုယ်တော်ဤသို့ပင်ဆိုခဲ့သည်။ “သားတော်နှင့် သားတော်သည်လင်းစေလိုသောသူမှတစ်ပါး အဘယ်သူမျှ ခမည်းတော်ကိုမသိ။” ယင်းက တပည့်စစ်များအား ခမည်းတော်ကို သိစေခြင်းအားဖြင့် ဝိညာဏသက်သာချမ်းမြေ့မှုကို ယေရှုပေးမည်အကြောင်း တင်ပြသည်။ တစ်ကြိမ်တည်းတွင် မိမိသည် “နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိ” သောကြောင့် ကိုယ်တော်နှင့် ပေါင်းသင်းခြင်းမှ သက်သာခြင်းရမည်အကြောင်း တင်ပြနေခြင်းလည်းဖြစ်သည်။—မဿဲ ၁၁:၂၅-၃၀။
စိတ်လန်းဆန်းမှုပေးသော လင်သားများနှင့် ဖခင်များ မည်သို့ဖြစ်နိုင်
၈။ လင်ယောက်ျားနှင့် ဖခင်ဖြစ်သူသည် အဘယ်နည်းများဖြင့် သက်သာမှုရစေသင့်သနည်း။
၈ ဝိညာဏနှင့် ကိုယ်ရေးကိုယ်တာကိစ္စ၌ပင် ခရစ်ယာန်လင်သားတစ်ဦးသည် မိသားစုအား သက်သာချမ်းမြေ့မှုပေးသူ ဖြစ်သင့်ကြောင်း ယေရှုစကားများက နားလည်စေသည်။ သူ၏ နူးညံ့သိမ်မွေ့သော ပုံသက်သေနှင့် ဆုံးမစကားများအားဖြင့် ကောင်းကင်ခမည်းတော်ကို သိကျွမ်းသူများဖြစ်လာစေရန် မိသားစုကို ကူညီပေးနေရမည်။ သူ၏အပြုအမူသည် ဘုရားသခင့်သားတော်၏ စိတ်နေသဘောထားနှင့် အပြုအမူအတိုင်းဖြစ်သင့်သည်။ (ယောဟန် ၁၅:၈-၁၀။ ၁ ကောရိန္သု ၂:၁၆) ဤကဲ့သို့သောသူသည် မေတ္တာရှိသော လင်သား၊ ဖခင်နှင့်အဆွေခင်ပွန်းဖြစ်သောကြောင့် အိမ်သားအားလုံး သူနှင့်ပေါင်းသင်းဆက်ဆံရန် စိတ်လန်းဆန်းမည်ဖြစ်သည်။ သူ့ထံ ချဉ်းကပ်နိုင်ရမည်။ အကြံဉာဏ်ရလိုသူအတွက် အချိန်မပေးနိုင်သည့်အထိ အလုပ်များမနေသင့်ပါ။ ကြားနာရုံမက မည်သို့ဂရုစိုက်နားထောင်မည်ကိုပင် သူသိထားရပေမည်။—ယာကုပ် ၁:၁၉။
၉။ အသင်းတော်တွင် အကြီးအကဲများ၌ ပေါ်ပေါက်တတ်သော ပြဿနာကား အဘယ်နည်း။
၉ ယင်းက အသင်းတော်အကြီးအကဲများနှင့် သူတို့အိမ်ထောင်များတွင် ပေါ်ပေါက်တတ်သည့် ပြဿနာတစ်ခုကို သတိရစေသည်။ အကြီးအကဲတစ်ဦးအနေနှင့် အသင်းတော်၏ ဝိညာဉ်ရေးကို ဂရုစိုက်ခြင်းတွင် အများအားဖြင့် အလုပ်များလေ့ရှိသည်။ ခရစ်ယာန်စည်းဝေးများ၊ ဓမ္မအမှုနှင့် သိုးထိန်းခြင်းလုပ်ငန်းတွင် ပုံသက်သေကောင်း တင်ပြရ၏။ (ဟေဗြဲ ၁၃:၇၊ ၁၇) သို့ရာတွင် အချို့အကြီးအကဲများသည် အသင်းတော်အကျိုးအလိုငှာ အားအင်ကုန်ခန်းခဲ့ပြီ။ သို့ပြုရာတွင် သူတို့အိမ်ထောင်ကို လျစ်လျူရှုသဖြင့် တစ်ခါတစ်ရံ ဝမ်းနည်းစရာများ ဖြစ်ပျက်ခဲ့ဖူးသည်။ အကြီးအကဲတစ်ဦးသည် မိမိသားနှင့်ကျမ်းစာလေ့လာရန် အချိန်မရှိသည့်အတွက် အခြားသူတစ်ဦးကို အကူအညီတောင်းဆိုရသည်အထိ ဖြစ်ခဲ့လေသည်။
၁၀။ အသင်းတော်နှင့် အိမ်တွင်း၌ ဦးစီးမှုကို မည်သို့ညီမျှစွာထမ်းဆောင်မည်နည်း။
၁၀ ဤပုံသက်သေကား ဘာကိုအလေးအနက်ထင်ရှားစေသနည်း။ အသင်းတော်တာဝန်များ၊ ဇနီးသည်နှင့်မိသားစုတာဝန်များကို ညီတူညီမျှထမ်းရွက်ပေးရန် လိုနေကြောင်းထင်ရှားသည်။ ဥပမာ၊ စည်းဝေးများပြီးသော် အကြီးအကဲများသည် ပြဿနာများဖြေရှင်း၊ ဆွေးနွေးတိုင်ပင်ခြင်းကိစ္စနှင့် အလုပ်များလေ့ရှိကြသည်။ ဖြစ်နိုင်၍ လက်တွေ့ကျမည်ဆိုလျှင်သူ၏ဇနီးနှင့်သားသမီးများအား နိုင်ငံတော်ခန်းမတွင် စောင့်နေစေမည့်အစား သူတို့ကို အိမ်ပြန်ပို့ပေးရန် စီစဉ်ပေးပါက စိတ်ပေါ့ပါးစေမည်မဟုတ်လော။ ကျမ်းစာတောင်းဆိုချက်များအရ ‘သိုးထိန်းခြင်းသည် အိမ်တွင်းမှစသည်။’ မိမိအိမ်ထောင်ကို အကြီးအကဲလျစ်လျူရှုထားမည်ဆိုလျှင် မိမိ၏ ခန့်အပ်ခြင်းကိုပင် ထိခိုက်စေနိုင်သည်။ ထိုကြောင့် အကြီးအကဲတို့ စာနာမှုရှိကြပါ။ သင့်အိမ်သူအိမ်သားတို့၏ စိတ်လှုပ်ရှားမှု၊ ဝိညာဏ နှင့် အခြားလိုအပ်ရာများကို ဖြည့်စွက်ပေးရန် ထည့်စဉ်းစားပါ။—၁ တိမောသေ ၃:၄၊ ၅။ တိတု ၁:၅၊ ၆။
၁၁၊ ၁၂။ မိသားစု၏ ထောက်ခံအားပေးမှုကို ခရစ်ယာန်လင်သားတစ်ဦး မည်သို့ရယူနိုင်သနည်း။ လင်ယောက်ျားတစ်ဦးစီ မိမိကိုယ်ကို အဘယ်မေးခွန်းများမေးနိုင်သနည်း။
၁၁ စိတ်သက်သာချမ်းမြေ့စေသည့် ခရစ်ယာန်လင်သားအနေနှင့် ထင်ရာလုပ်သူ၊ အာဏာသုံးသူ၊ မိသားစုနှင့် မတိုင်ပင်ဘဲ ဆုံးဖြတ်ချက်များပြုသူဖြစ်မည်မဟုတ်ပါ။ လုပ်ငန်းသို့မဟုတ် နေရာထိုင်ခင်း ပြောင်းရွှေ့ခြင်း၊ သို့မဟုတ် အိမ်ထောင်လိုက် အပန်းဖြေမှုနှင့်စပ်လျဉ်းသည့် ရိုးရိုးကိစ္စမျိုးကိုပင် ဆုံးဖြတ်စရာလိုအပ်လာပေမည်။ အိမ်သူအိမ်သားအားလုံးနှင့် ပတ်သက်သည့်ကိစ္စဖြစ်နေရာ သူတို့နှင့်ဆွေးနွေးတိုင်ပင်လျှင် ပညာရှိရုံမက ကြင်နာမှုပြရာမဖြစ်ပေလော။ သူတို့ပေးသောအကြံဉာဏ်များအားဖြင့် သာ၍ပညာရှိပြီး စာနာမှုပိုရှိသော ဆုံးဖြတ်ချက်ပြုရန် အထောက်အကူရရှိပေမည်။ ထိုအခါ အိမ်သူအိမ်သားအားလုံး သူ့ကိုထောက်ခံအားပေးရန် ပိုလွယ်ကူလာမည်။—သု၊ ၁၅:၂၂ နှင့်နှိုင်းယှဉ်ပါ။
၁၂ အထက်ပါစကားများအရ ခရစ်ယာန်လင်သား နှင့် ဖခင် တစ်ဦးသည် အိမ်တွင် ဆုံးမပဲ့ပြင်ပေးသူမျှသာမဟုတ်။ စိတ်သက်သာချမ်းမြေ့ လန်းဆန်းမှုပေးသူလည်း ဖြစ်ရမည်။ လင်သားများနှင့် ဖခင်များ၊ သင်တို့သည် ခရစ်တော်ကဲ့သို့သောသူများလော။ သင့်မိသားစုအား စိတ်လန်းဆန်းစေကြသလော။—ဧဖက် ၆:၄။ ကောလောသဲ ၃:၂၁။
သတိပညာနှင့် လျော်ညီစွာ အတူနေခြင်း
၁၃။ လင်သားများအား ပေတရုအဘယ်မွန်မြတ်သော ဩဝါဒပေးခဲ့သနည်း။
၁၃ ရှေ့တွင်တင်ပြနှင့်သည်အတိုင်း ပေတရု နှင့် ပေါလုနှစ်ဦးစလုံးသည် အိမ်ထောင်သည်များအတွက် ဆုံးမသြဝါဒကောင်းများ ပေးထားပါသည်။ အိမ်ထောင်သည်ဖြစ်သဖြင့် ဩဝါဒပေးရာတွင် ပေတရု၌ အခွင့်ကောင်းနှစ်ရပ်ရှိသည်။ သူ့မှာ အတွေ့အကြုံနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုပါ ခံစားရသည်။ (မဿဲ ၈:၁၄) လင်သားအားလုံးတို့အား ဤသို့ အတိအလင်း ဆုံးမပေးခဲ့သည်။ “ယောက်ျားတို့၊ . . . သတိပညာနှင့်လျော်ညီစွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူကို ပြုသင့်သည်အတိုင်း သူ့ကိုစောင့်မပြုစုကြလော့။” J. W. C. Wand ဘာသာပြန်ရှင်းလင်းချက်အရ ဤသို့ဖတ်ရသည်။ “လင်သားများလည်း ထပ်တူနည်းဖြင့် အသိစိတ်အသုံးပြုကာ ဇနီးသည်များနှင့် ဆက်ဆံရာတွင် ခရစ်ယာန်မူများကို ကျင့်သုံးကြရမည်။”—၁ ပေတရု ၃:၇။
၁၄။ ယခုအဘယ်မေးခွန်းများ ပေါ်လာသနည်း။
၁၄ ဇနီးသည်နှင့်အတူ ‘သတိပညာနှင့်လျော်ညီစွာနေခြင်း’ သို့မဟုတ် ‘ခရစ်ယာန်မူများကို အသိစိတ်ဖြင့် အသုံးပြုခြင်း’ ဟုဆိုရာ၌ ဘာကိုဆိုလိုသနည်း။ လင်သားတစ်ဦးအနေနှင့် သူ၏ဇနီးကို မည်သို့လေးစားရမည်နည်း။ ခရစ်ယာန်လင်ယောက်ျားတစ်ဦးအနေနှင့် ပေတရု၏သြဝါဒစကားကို မည်သို့နားလည်ရမည်နည်း။
၁၅။ (က) အိမ်ထောင်အချို့ အဘယ်ကြောင့်ပျက်ပြားသွားသနည်း။ (ခ) အိမ်ထောင်တစ်ခုတွင် စိန်ခေါ်ချက်တစ်ခုကား အဘယ်နည်း။
၁၅ ရုပ်ဆင်းသဏ္ဍာန် နှင့် လိင်ဆွဲဆောင်မှုသက်သက်ကြောင့် အိမ်ထောင်ပြုကြသူ များစွာရှိပါသည်။ သို့သော် ရုပ်ရည်လှခြင်း တစ်ခုတည်းနှင့် မြဲမြံသောအိမ်ထောင် ဖြစ်မလာနိုင်ပါ။ အဆင်းလှခြင်းသည် ကြာရှည်မခံချေ။ နှစ်ချီလာသော်အိမ်ထောင်ဖက်များသည် ဆံပင်ဖြူ၍ ပါးရေတွန့်လာတတ်ကြသည်။ သို့ရာတွင် အိမ်ထောင်ပြုခြင်းသည် စိတ်သဘောနှစ်ခု၊ ဥပဓိရုပ်နှစ်မျိုးနှစ်စား၊ သီးခြားနောက်ခံနှင့် ဝိညာဉ်ရေးတန်ဘိုးထားရာ နှစ်ရပ်၊ အပြင် လျှာနှစ်ခု ပေါင်းစည်းလာခြင်းဖြစ်သည်ကို သတိရပါ။ ယင်းက တကယ့်စိန်ခေါ်ချက်ဖြစ်ပေသည်။ သို့နှင့်ပင် ယင်းကိုသဘောပေါက်နားလည်ခြင်းက သာယာသောအိမ်ထောင်တစ်ခုအတွက် အရေးပါလှသည်။—သု၊ ၁၇:၁။ ၂၁:၉။
၁၆။ ‘သူမနှင့်အတူ သတိပညာရှိစွာ နေထိုင်’ ရာတွင် အဘယ်အရာ ပါဝင်သနည်း။
၁၆ ခရစ်ယာန်လင်သားတစ်ဦး သူ၏ဇနီးနှင့် “သတိပညာလျော်ညီစွာ” အတူနေရန် အမျိုးမျိုးသော သက်ညှာမှုများအနက် သူမ၏လိုအပ်ရာများကို တကယ်သိနားလည်ထားခြင်း ပါဝင်သည်။ ယင်းတို့သည် သူမ၏ ကာယလိုအပ်ရာများသာမက ထိုထက်အရေးကြီးသည်ကား သူမ၏စိတ်လှုပ်ရှားမှုဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှင့် ဝိညာဉ်ရေးဆိုင်ရာ လိုအပ်ချက်များကို သိထားရန်ဖြစ်သည်။ ‘သူမနှင့်အတူ သတိပညာရှိစွာ နေထိုင်’ မည်ဆိုလျှင် ဘုရားပေးတာဝန်ကို ခင်ပွန်းဖြစ်သူ သိရှိထားမည်။ သူမ၏ ဣတ္ထိယသိက္ခာကိုလည်း သူလေးစားမည်။ ယင်းကား ပေတရုခေတ်ရှိ နော့စ်တစ်များ (Gnostics) ၏အယူအဆနှင့် ဆန့်ကျင်သည်။ သူတို့က “အမျိုးသမီးများကို နိမ့်ကျ၍၊ ကာမဆိုင်ရာ မသန့်ရှင်းသူများ” ဟုယူမှတ်သည်။ (The Anchor Bible) ပေတရု၏စကားများကို ခေတ်သစ်စပိန်ဘာသာပြန်ကျမ်းက ဤသို့တင်ပြသည်။ “လင်သားများမူ သင်တို့ပေါင်းစပ်ဘဝတွင် လိမ္မာရေးခြားမှုရှိပါ။ မိန်းမ၏ သာ၍နွဲ့လျသောကိုယ်ကာယကြောင့် သူမကိုသက်ညှာမှုပြပါ။” (Nueva Biblia Española) ယင်းကား လင်သားများ တစ်ခါတစ်ရံ မေ့တတ်သည့် အချက်ဖြစ်သည်။
၁၇။ (က) ‘အားနည်းသော ဣတ္ထိလိင်’ ၏ “နွဲ့လျသောကိုယ်ကာယ” တွင် အခြားအရာများအနက် အဘယ်အရာပါဝင်သနည်း။ (ခ) ဇနီး၏သိက္ခာကို လေးမြတ်ကြောင်း လင်သားတင်ပြနိုင်သည့် နည်းတစ်နည်းကား အဘယ်နည်း။
၁၇ ဇနီးသည်သည် အဘယ်ကြောင့် “သာ၍နွဲ့လျသောကိုယ်ကာယ” ရှင်ဖြစ်ရသနည်း။ အကြောင်းအမျိုးမျိုးအနက် သူမ၏ သားသမီးမွေးဖွားခြင်း ဆုကျေးဇူးကြောင့်ဖြစ်သည်။ သူမ၏မွေးဖွားပေးခြင်း စွမ်းရည်ကြောင့် လစဉ်ရက်အနည်းငယ်တွင် အားအင်လျော့နည်းစိတ် သို့မဟုတ် စိတ်ရောလူပါ ပင်ပန်းတတ်သည်။ ယင်းကို လင်သားဖြစ်သူ ထည့်မစဉ်းစားဘဲ နေ့တိုင်းသာ ဇနီးနှင့်နှီးနှောလိုပါက သူမ၏သိက္ခာကို မလေးစားရာကျသည်။ ထိုသို့ဆိုလျှင် သတိပညာနှင့်လျော်ညီစွာမဟုတ်၊ အသိဉာဏ်ကင်းမဲ့ပြီး အတ္တဆန်စွာ ပေါင်းသင်းနေထိုင်ကြောင်း တင်ပြနေသည်။—ဝတ်ပြုရာ ၁၈:၁၉။ ၁ ကောရိန္သု ၇:၅။
အားနွဲ့သူများကို လေးစားစွာ ဆက်ဆံခြင်း
၁၈။ (က) လင်ယောက်ျားအချို့ အဘယ်အပြုသဘောမပါသော အကျင့်ရှိတတ်သနည်း။ (ခ) ခရစ်ယာန်လင်သားတစ်ဦး မည်သို့ကျင့်ကြံသင့်သနည်း။
၁၈ မိမိဇနီးကို ချစ်မြတ်နိုး၍ လေးစားကြောင်း ပြနိုင်သည့် အခြားနည်းတစ်နည်းကား သူမနှင့် သူမ၏ အရည်အချင်းများကို တန်ဘိုးထားကြောင်း ပြခြင်းဖြင့်ဖြစ်သည်။ လင်ယောက်ျားအနေနှင့် မိမိဇနီးအား ကဲ့ရဲ့ရှုတ်ချသည့် အကျင့်ပါနေတတ်မည်။ သို့မဟုတ် ဇနီးသည် သူ၏နောက်စရာ၊ ပြောင်စရာ ဖြစ်နေမည်။ ဤကဲ့သို့ လင်သားအနေနှင့် ပြုခြင်းဖြင့် မိမိကို အထင်ကြီးကြမည်ဟု ယူဆပေမည်။ အမှန်မှာ ထိုသို့ယူဆကြမည့်အစား ဇနီးကိုအမြဲအရှက်ခွဲနေမည်ဆိုလျှင် မေးမြန်းစရာကား ဤကဲ့သို့ ကဲ့ရဲ့စရာသာကောင်းသော အမျိုးသမီးကို သူအဘယ်ကြောင့် ထိမ်းမြားခဲ့ရသနည်း။ ဤသို့သော အကျင့်မျိုးကို စိတ်ချလုံခြုံမှုမရှိသော လင်သားတစ်ဦးသာ အသုံးပြုတတ်သည်ကား အမှန်။ ချစ်မြတ်နိုးတတ်သော လင်သားမူကား သူ၏ဇနီးကို လေးစားကြောင်း တင်ပြမည်။—သု၊ ၁၂:၁၈။ ၁ ကောရိန္သု ၁၃:၄-၈။
၁၉။ မိမိ၏ဇနီးကို လင်သားအနေနှင့် အဘယ်ကြောင့်မနှိမ်သင့်သနည်း။
၁၉ အချို့နိုင်ငံများတွင် ကျိုးနွံဟန်ဖြင့် မိမိတို့၏ဇနီးသည်များကို နှိမ်သည့်ထုံးစံရှိသည်။ ဥပမာ၊ ဂျပန်အမျိုးသားတစ်ဦးသည် သူ၏ဇနီးအား “ဂူစိုင်” (Gusai) ဟူ၍မိတ်ဆက်ပေးမည်။ အဓိပ္ပာယ်ကား ‘အသော၊ သို့မဟုတ် ဉာဏ်မရှိသောမိန်းမ’ ဖြစ်သည်။ ယင်းသို့ဆိုရခြင်းကား ကြားလိုက်သူသည် ထိုအမျိုးသမီးကို ချီးမွမ်းလိုက်၍ အခြေအနေကို တည်ငြိမ်စေရန်ဖြစ်သည်။ ခရစ်ယာန်လင်သားတစ်ဦးသည် ဤကဲ့သို့ ပြောဆိုပြုမူပါက ပေတရုဆုံးမသကဲ့သို့ သူ၏ဇနီးကို ‘လေးစားစွာ ဆက်ဆံနေခြင်း’ ဖြစ်မည်လော။ ရှုထောင့်တစ်ဖက်မှ ကြည့်သော် ကိုယ်နှင့်စပ်ဆိုင်သူအား အမှန်ကို ပြောဆိုရာကျပါမည်လော။ မိမိကြင်ဖေါ်သည် အနုံအအ’ ဖြစ်သည်ဟု သူတကယ် ယူမှတ်သလော။—ဧဖက် ၄:၁၅၊၂၅၊ ၅:၂၈၊ ၂၉။
၂၀။ (က) လင်နှင့်မယားစပ်ကြား အဘယ်ဆန့်ကျင်သော အခြေအနေမျိုး ပေါ်ပေါက်တတ်သနည်း။ (ခ) ယင်းကို မည်သို့ရှောင်နိုင်သနည်း။
၂၀ နိုင်ငံတော်ခန်းမ၌သာမဟုတ် အိမ်တွင်သော်လည်းကောင်း၊ အခြားအဘယ်နေရာ၌မဆို မိမိဇနီးသည် ခရစ်ယာန်ညီအစ်မတစ်ဦးဖြစ်ကြောင်း မေ့လျော့ခြင်းဖြင့်ပင် လင်သားအနေနှင့် မေတ္တာမဲ့ပြီး လေးစားမှုမရှိပြုမူမိမည်။ ခန်းမတွင် ရည်မွန်၍ကျေးဇူးပြုတတ်သော်လည်း အိမ်တွင်မူကား ရိုင်းပြ၍ခက်ထန်ရန် လွယ်ကူလှသည်။ ထိုကြောင့် ပေါလု၏သြဝါဒသည် အလွန်သင့်လျော်ပါသည်တကား။ “ငြိမ်သက်ခြင်းနှင့်လည်းကောင်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်လည်းကောင်း ယှဉ်သောအရာတို့ကို မှီအောင်လိုက်ကြကုန်အံ့။” “ငါတို့ရှိသမျှသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကို ထောက်၍ သူ့ကိုတည်ဆောက်စေခြင်းငှာ သူ၏အလိုသို့လိုက်ကြကုန်အံ့။” (ရောမ ၁၄:၁၉။ ၁၅:၂) လင်သား သို့မဟုတ် ဇနီးတမျှ နီးစပ်သော ကိုယ်နှင့်စပ်ဆိုင်သူဟူ၍ မရှိပါ။
၂၁။ ဇနီးသည်များကို အားပေးရန် လင်ယောက်ျားများ ဘာလုပ်နိုင်သနည်း။
၂၁ ထိုကြောင့် ကြင်ဖေါ်ကိုချစ်ခင်သော ခရစ်ယာန်လင်သားတစ်ဦးသည် စကားဖြင့်လည်းကောင်း၊ အပြုအမူအားဖြင့်လည်းကောင်း မြတ်နိုးကြောင်းတင်ပြမည်။ အမည်မပေါ် ကဗျာဆရာတစ်ဦးတင်ပြဖူးသည်အတိုင်း
“အိမ်ထောင်ရေးပဋိပက္ခသောကစပ်ကြား
စားဝတ်နေရေးလုံးပန်း၊ ပင်ပန်းနေရငြား
သင့်ချစ်ဇနီးကို မြတ်နိုးလေးစား
နှုတ်မြွက်ပြောဆို အသိပေး။
သင့်ကိုသူပိုင်၊ သူမတစ်ဦးတည်းသာ သင့်ပိုင်ရှင်
သူသည်လည်း သင့်ပိုင်ဆိုင်ရာ အမှန်ပင်
ကျောက်ဂူထွင်းရချိန်ခါ မရောက်ခင်
နှုတ်မြွက်ပြောဆို အသိပေး။
ဤအစွဲအလမ်းများကို ရှေးခေတ်က လေမွေလမင်းကြီး၏မယ်တော် အတိအလင်း ထောက်ခံထားသည်။ စံပြဇနီးသည်ကို ဤသို့သူဖေါ်ပြခဲ့သည်။ “သူ၏သားတို့သည် တစ်သံတည်းဖြင့် ချီးမြှောက်ကြ၏။ သူ၏ခင်ပွန်းကလည်း ‘များစွာသောအမျိုးသမီးတို့သည် ကောင်းမွန်စွာပြုလုပ်ကြသော်လည်း ရှင်မသည် ထိုသူတကာတို့ထက် လွန်ကဲပြီ’ ဟုချီးမွမ်း၏။” (သု၊ ၃၁:၁၊ ၂၈၊ ၂၉။ The New English Bible) လင်ယောက်ျားတို့၊ သင်တို့ကြင်ဖေါ်ကို အမြဲချီးမွမ်းကြသလော။ သို့မဟုတ် ပိုးပန်းချိန်ခါစကား ဟူ၍သာ ယူမှတ်နေကြသလော။
၂၂၊ ၂၃။ အောင်မြင်သောအိမ်ထောင်တစ်ခုသည် အဘယ်အရာပေါ် အခြေပြုသနည်း။
၂၂ ဤဆွေးနွေးသုံးသပ်ချက်တို့မှ သိရှိရသည်ကား မိမိအိမ်ထောင်တွင် မြတ်နိုးလေးစားမှုတင်ပြခြင်းငှာ အိမ်သို့လစာမှန်မှန်ယူခဲ့ရုံမက ပြုလုပ်စရာများစွာလိုအပ်ကြောင်းထင်ရှားပါသည်။ အောင်မြင်သောအိမ်ထောင်တစ်ခုသည် ချစ်ခင်ရင်းနှီး၊ သစ္စာရှိ၍ စာနာတတ်သော ဆက်ဆံမှုပေါ် အခြေခံသည်။ (၁ ပေတရု ၃:၈၊ ၉) နှစ်ရှည်လများ ကုန်လွန်လာသည့်အခါ လင်နှင့်မယား စပ်ကြားအရည်အချင်းနှင့် အားသန်ရာတို့ကို တန်ဖိုးထားကာ အားနည်းချွတ်ချော်မှုများကိုကား လျစ်လျူရှု၊ ခွင့်လွှတ်တတ်ကြစဉ် သူတို့နှောင်ကြိုး ပိုမိုခိုင်မြဲ တွယ်တာလာလိမ့်မည်။—ဧဖက် ၄:၃၂။ ကောလောသဲ ၃:၁၂-၁၄။
၂၃ ယောက်ျားဖြစ်သူသည် မြတ်နိုးလေးစားမှုကို ဦးစီးဦးဆောင် တင်ပြမည်ဆိုလျှင် တစ်အိမ်ထောင်လုံး ကောင်းချီးရမည်အမှန်။ သို့သော် သာယာသောအိမ်ထောင်တစ်ခုတွင် ခရစ်ယာန်ဇနီးသည် အဘယ်ကဏ္ဍတွင် ပါဝင်တာဝန်ထမ်းဆောင်သင့်သနည်း။ ယင်းနှင့် အခြားဆက်စပ်သော မေးခွန်းများကို နောက်ဆက်တွဲ ဆောင်းပါးတွင် ဆွေးနွေးတင်ပြထားသည်။
သင်မှတ်မိသလော
▫ သာယာသောအိမ်ထောင်တွင် မည်သူ့ကဏ္ဍသည် အဓိကဖြစ်သနည်း။ အဘယ်ကြောင့်နည်း။
▫ ခရစ်တော်၏ စိတ်လန်းဆန်းမှုရှိစေသော ပုံသက်သေကို လင်ယောက်ျားများ မည်သို့အတုယူနိုင်သနည်း။
▫ အသင်းတော်နှင့် အိမ်ထောင်ရေးတာဝန်များကို မည်သို့ညီမျှစွာ ပြုလုပ်ရန် လိုအပ်သနည်း။
▫ လင်သားသည် ‘ဇနီးနှင့်အတူ သတိပညာရှိစွာ မည်သို့နေထိုင်’ နိုင်မည်နည်း။
▫ ‘အားနွဲ့သူအဖြစ် လေးစားစွာဆက်ဆံခြင်း’ ကား အဘယ်နည်း။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
သိုးထိန်းခြင်းလုပ်ငန်းသည် အိမ်တွင်းမှ စတင်ကြောင်း သဘောထားညီမျှသော အကြီးအကဲသိသည်