အကြောင်းခြင်းရာ ဖြစ်ရပ်မှန်
“ပြန်သုံးသပ်ကြည့်ခြင်း”
ကမ္ဘာဦး ၁:၁ ကဤသို့ဆိုသည်။ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။” ဆင့်ကဲအယူကို ထောက်ခံသည့် သိပ္ပံဆရာများသည် အနှစ်တစ်ရာကျော်ကပင် ဤကျမ်းချက်ကို အပြစ်ဆိုခဲ့ပြီ။ သို့ရာတွင် “ဖန်ဆင်းရှင်ရှိခြင်းကို ရှေးဦးမဆွအချိန်ကတည်းက အကောင်းဆုံးသက်သေထူချက်ကို သိပ္ပံပညာရှင်များစွာ ပြန်သုံးသပ်ကြည့်နေကြသည်” ဟု ကယ်လီဖိုးနီးယား သတင်းစာတစ်ခုဖြစ်သည့် The Orange County Register တွင်ဆိုထားသည်။
ဥပမာ၊ ဩစတြေးလျန်း ဇီဝဗေဒရှင် မိုက်ကယ်လ် ဒင်တန် ရေးသည့် Evolution: A Theory in Crisis စာအုပ်ပါ အကြောင်းတစ်ခုကို အဆိုပါဆောင်းပါးက သတိပြုစေသည်။ ဒါဝင်ရေးသားခဲ့သည့် On the Origin of Species စာအုပ်ထွက်လာသည့် အချိန်ကတည်းက ယခုအချိန်အထိ ဒါဝင်၏သီအိုရီကို ထောက်ခံသော သာဓကတစ်ချက်မျှမပေါ်လာသေးကြောင်း သူတင်ပြပြောဆိုသည်။
ထိုနည်းထပ်တူ သိပ္ပံပညာရှင်သုံးဦး ရေးသားခဲ့သည့် The Mystery of Life’s Origins: Reassessing Current Theories ကို Register သတင်းစာက ကိုးကားတင်ပြခဲ့သည်။ သတင်းစာအရ အသက်သည် မတော်တဆ အဘယ်နည်းဖြင့်မျှမဖြစ်ပေါ်လာနိုင်ဟု သူတို့ရှင်းပြထားသည်။ “အသက်၏ဇာစ်မြစ်အဖြစ် ‘ဤကမ္ဘာဂြိုဟ်ဟ် ပြင်ပရှိ ဖန်ဆင်းရှင်’ ရှိခြင်းသည် ယုံကြည်လက်ခံနိုင်ဆုံး ရှင်းလင်းချက်ဖြစ်သည်။” ဤယူဆချက်ကို ထောက်ခံသည်အနေနှင့် ဗြိတိသျှနက္ခတ်ပညာဆရာ ဖရက်ဒ် ဟွိုင်လ် (Fred Hoyle) ၏စကားကို တင်ပြခဲ့သည်။ “ပထမဆဲလ်သည် မတော်တဆဖြစ်လာသည်ဟု ဆိုခြင်းသည် လေယာဉ်အပိုင်းအစပုံ ခြံဝင်းတစ်ခုထဲ မုန်းတိုင်းတိုက်ရာမှ ဘိုအင်းဂျက် ၇၄၇ တစ်စီးဖြစ်လာသည်ဟု ယုံခြင်းနှင့်တူသည်။”
သိပ္ပံပညာရှင်အများအတွက် အချုပ်အခြာအကြောင်းရင်း ရှိသည်ဟု ထောက်ခံရန်သာဓက အထင်အရှားရှိနေသည်။ သို့သော် ဖန်ဆင်းရှင်ရှိကြောင်းကို ငြင်းဆိုဆဲသူတို့အကြောင်း မည်သို့ဆိုမည်နည်း။ ပရောဖက်ဟေရှာယ ရေးသားခဲ့သောစကားများကို ဤသူများ သုံးသပ်သင့်သည်။ “သင်တို့သည် ဖောက်ပြန်ကြသည်တကား။ အိုးထိန်းသမားကို အိုးမြေကဲ့သို့ မှတ်ရမည်လော။ လုပ်အပ်သောအရာသည် လုပ်တတ်သောသူကိုရည်မှတ်၍ ‘ဤသူသည် ငါ့ကိုမလုပ်’ ဟု ဆိုရမည်လော။”—ဟေရှာယ ၂၉:၁၆။
သေစေတတ်သော အစွဲအလမ်း
၁၉၈၉ ဇန်နဝါရီလတွင် ဆက်တိုက် သတ်ဖြတ်ခဲ့သူ သီအိုဒေါ ရောဘတ် ဗန်ဒီ သည် ဖလော်ရီဒါတိုင်းအကျဉ်းထောင် လျှပ်စစ်ထိုင်ခုံဖြင့် သေဒဏ်ခံခဲ့ရသည်။ အမျိုးသမီး ၃၆ ဦးကို သူရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့ကြောင်း သာဓကရှိသည်။ သို့သော် ပြောဆိုခွင့်ရှိသူများက သူ၏သားကောင်များမှာ ၁၀၀ မျှရှိနိုင်သည်ဟုဆိုသည်။
သေဒဏ်စီရင်ချက်မရမီ သူ့အားမေးမြန်းစစ်ဆေးချိန်တွင် ရာဇဝတ်သားကောင် စိတ်ထား ပေါက်ပွားစေသည့် အဓိကအကြောင်းရင်းကား ညစ်ညမ်းသော စာပေ၊ ရုပ်ပုံများဖြစ်သည်ဟု ဆိုသည်။ သူ့အားမေးမြန်းစစ်ဆေးသူ ဒေါက်တာ ဂျိမ်းစ် ဒေါ့ဗ်ဆန် (Dr. James Dobson) ပြောပြချက်အရ “၁၂ သို့မဟုတ် ၁၃ သားအရွယ်ကတည်းက လမ်းဘေးဆိုင်ကြီးဆိုင်ငယ်များတွင် ညစ်ညမ်းသောစာပေ၊ ရုပ်ပုံများကိုသူ ရှာဖွေဝယ်ယူပြီး စွဲမက်စရာ အစွဲအလမ်းကြီးတစ်ခုဖြစ်လာလေသည်” ဟု Daily News သတင်းစာ၌ တင်ပြထားသည်။
ဗန်ဒီ၏ ဝန်ခံချက်သည် ယောက်ျားလေးငါးဦးကို လိင်ဆိုင်ရာ လူသတ်မှုပြုခဲ့သူ ၁၉၈၈ ခုနှစ်တွင် သေဒဏ်ရခဲ့သော အာသာ ဂဲရီ ဘိရှော့၏စကားများကို ပဲ့တင်ထပ်သည်။ ကယ်လီဖိုးနီးယားနယ် စံဒီအေးဂိုးမြို့ သတင်းစာ The Tribune အရ ညစ်ညမ်းသောစာပေ၊ ရုပ်ပုံများသည် “ငယ်ရွယ်စဉ်ကတည်းက မိမိကို ဖျက်ဆီးခဲ့ပြီး ဆုံးရှုံးနစ်မွန်းစေ” ကြောင်း ဘိရှော့ ဝန်ခံသည်။ သူ့ကိုတရားစီရင်ချိန်က သက်သေခံခဲ့သော စိတ္တဇပညာရှင်၏စကားကို ဘိရှော့က ဤသို့ ကိုးကားပြောဆိုသည်။ “ညစ်ညမ်းသောစာပေ၊ ရုပ်ပုံများကို စွဲလမ်းလာသည့်အခါ ရာဂစိတ်ပြင်းထန်လာပြီး သာမန်စိတ်ထားများ ထုံထိုင်းသွားရာ မြင်သမျှကို ပြုမူကျင့်ကြံတော့သည်။” ဘိရှော့ ဤသို့ဝန်ခံသည်။ “ကျွန်တော်ရဲ့အဖြစ်လည်း အဲ့ဒီအတိုင်းဘဲ။ ကျွန်တော်ဟာ ကလေးငယ်များနှင့် လိင်တူပြုမှုအတွက် သေဒဏ်ရသူဖြစ်သည်။ ကျွန်တော်.ကို ဒီအဖြစ်ဆိုးသို့ ရောက်စေခဲ့တာကတော့ ညစ်ညမ်းတဲ့ စာပေနဲ့ရုပ်ပုံများဘဲဖြစ်တယ်။”
ဝန်ချတောင်းပန်ခဲ့သော လူသတ်သမားများက ညစ်ညမ်းသောစာပေနှင့်ရုပ်ပုံများသည် အလွန်ပျက်စီးဆိုးရွားကြောင်း ဝန်ခံထားသည်တိုင် ယင်းကို အန္တရာယ်မပေးသော ပျော်ရွှင်မှုဟု သတ်မှတ်သူများ ရှိနေတုံးပင်။ ဤကဲ့သို့သောသူများအတွက် ဟေရှာယ ၅:၂၀ ပါ သတိပေးချက်သည် အလွန်သင့်တော်ပေသည်။ “မကောင်းကို အကောင်း၊ အကောင်းကို မကောင်းဟုခေါ်တတ်သောသူ၊ အလင်းအရာ၌ အမိုက်၊ အမိုက်အရာ၌ အလင်းကို . . .အလွဲယူတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။”
နက်နဲရာမဟုတ်
ယူနိုက်တက်အသင်း တရားဟောဆရာမ ဖိလစ္စ စမစ် (Phyllis Smith) က ဓမ္မဆရာအချို့၏ ယုံကြည်ချက်သည် ကင်ဆာရောဂါသည်များ၏ မေးခွန်းများကြောင့် စိုးရိမ်ဖွယ်ဖြစ်နေသည်ဟု ကနေဒါသတင်းစာ The Toronto Star ၌ပါသည်။ စမစ်၏အဆိုအရ “မည်သူမျှနားမလည်သည့် အသက်ရှင်ခြင်းနှင့် သေခြင်းဆိုင်ရာ နက်နဲရာများအကြောင်း သေခါနီးသူများ မေးမြန်းတတ်ကြသည်။ မေးခွန်းတိုင်းအတွက် အဖြေရှိထားရမည်အထင်ကြောင့် အတိုက်အခံပြုခံနေရသည်ဟု မယူဆသင့်။” ဖြေဆိုရခက်သော ဝိညာဏမေးခွန်းများ ပေါ်လာသည့်အခါ ဓမ္မဆရာများသည် “ဘုရားသခင်ကို ခုခံကာကွယ်ပေးဘို့ မလိုဘူး” ဟုစမစ်ပြောသည်။
အသက်ရှင်ခြင်း၊ သေခြင်း နှင့်ပတ်သက်သည့် မေးခွန်းအားလုံးကို လူတိုင်းမဖြေတတ်သည်မှန်သော်လည်း ကျမ်းစာကဖြေဆိုပေးထားပါသည်။ ဘုရားသခင့်အမှုဆောင်များဟု အခေါ်ခံသူများသည် ကိုယ်တော်၏နှုတ်ကပတ်ကို သိနားလည်သင့်သည်မဟုတ်လော။ တမန်တော်ပေတရုက ယုံကြည်သူချင်းတို့သည် “မျှော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား . . . ပြန်ပြောခြင်းငှာ ကာလအစဉ်မပြတ် အသင့်ရှိနေ” သင့်သည်ဟုဆိုသည်။ (၁ ပေတရု ၃:၁၅) လူသေများ၏အခြေအနေ၊ သေမျိုးဖြစ်သူတို့အတွက် အနာဂတ်မျှော်လင့်ချက်များအကြောင်း ရှေးခရစ်ယာန်များ နားလည်ရန် အခက်အခဲမကြုံခဲ့ပါ။ “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ” ဟုဒေသနာ ၉:၅ ဆိုထားသည်ကို သူတို့သိသည်။ တပည့်တော်တို့အား ယေရှုက “သင်္ချိုင်းများမှာရှိသောသူ အပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လတံ့” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၅:၂၈၊ ၂၉) ဘုရားသခင်၏ စစ်မှန်သောအမှုဆောင်များအတွက် သေခြင်းနှင့်ရှင်ခြင်းသည် နက်နဲ၍ ဖြေရှင်းရခက်သောအရာ မဟုတ်ပေ။