“ကြောက်ရွံ့ခြင်းသည် အစဉ်သဖြင့် ဆိုးသလော”
ကြောက်ရွံ့ခြင်းသည် ပျော်ရွှင်ခြင်းကိုဖျက်ဆီးတတ်ပြီး မျှော်လင့်ခြင်းကိုလည်း ပျက်ပြားစေတတ်သည်။ ယင်းကိုစိတ်ပိုင်းဆိုင်ရာအဆိပ်အတောက်၊ ဆင်ခြင်စဉ်းစားမှုကိုဖျက်ဆီးသည့်အရာဟူ၍ တင်စားပြောဆိုကြပြီး အဆိုးဆုံးကိုယ်ကာယဝေဒနာထက်ပင် အဖျက်စွမ်းအားကြီးသည်ဟုပင် ဆိုကြသည်။ မှန်ပါသည်။ ကြောက်ရွံ့ခြင်းမှာ အင်အားကောင်းသောစိတ်လှုပ်ရှားမှုတစ်မျိုးဖြစ်သည်။ သို့တစေ ယင်းသည်အစဉ်သဖြင့် ဆိုးသလော။
တစ်ခါမျှမရောက်ဘူးသောလမ်းတွင် ကားမောင်းနေသည်ဟုစိတ်ကူးကြည့်ပါ။ ထိုလမ်းသည် တောင်ပေါ်သို့တက်သွားကာ အကွေ့အကောက်များလာသည်။ ညအမှောင်ထုနှင့်အတူ နှင်းမှုန်များကျလာသည်။ ကားဘီးမသိမသာချော်လာသဖြင့် လမ်းကိုနှင်းဖုံးသောအမြင့်သို့ ရောက်နေပြီဖြစ်ကြောင်း သင်နားလည်လိုက်သည်။
ယခုသင်အထူးသတိထားရတော့မည်။ နှင်းဖုံးနေသောအကွေ့တစ်ခုစီကို သတိကြီးစွာနှင့်ကွေ့ပြီးတိုင်း ချော်နေသောလမ်းပေါ်တွင် ကားကိုမထိန်းနိုင်ခဲ့သော် ချောက်အတွင်းသို့အလွယ်တကူနှင့် ကျသွားနိုင်သည်ကို ပြန်တွေးမိမည်။ ထိုမျှမက အမှောင်ထဲ၌ အဘယ်အန္တရာယ်ချောင်းမြောင်းနေသည်ကိုလည်း မသိမြင်နိုင်ချေ။ ဤသို့အတွေးများဝင်လာသောအခါ၌ သင့်နှုတ်ခမ်းသည်ခြောက်လာပြီး ရင်ခုံသံလည်းပိုမြန်လာမည်။ ယခုတွင်သင်သည်အထူးသတိနှင့် ဖြစ်နေမည်။ စောစောကဘာတွေးခဲ့တွေးခဲ့ ယခုမူလောလောဆယ်လုပ်စရာကိုသာ အပြည့်အဝအာရုံစိုက်နေမည်။ ၄င်းမှာကားကိုလမ်းပေါ်တွင်ငြိမ်အောင်ထိန်း၍ မတော်တဆမဖြစ်ရအောင် သတိနှင့်ရှောင်ရှားခြင်းဖြစ်သည်။
နောက်ဆုံးတွင်လမ်းသည် အနိမ့်ပိုင်းသို့ရောက်လာသည်။ လမ်းမီးများထိန်လင်းနေပြီး နှင်းထုများလည်းမရှိတော့။ တစ်စတစ်စတင်းနေသောစိတ် လျော့သွားသည်။ သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ပေါ့သွားသည်။ စိုးရိမ်မှုသက်သက်မျှသာဖြစ်သွားသည်။
သို့သော်စိုးရိမ်မှု သက်သက်မျှသာလော။ စင်စစ်ဆိုလျှင်မဟုတ်ပါ။ ထိုသို့သောအခြေအနေမျိုး၌ ရင်ဖိုခြင်းမှာထုံးစံပင်ဖြစ်သည်။ ယင်းကြောင့်သတိဝိရိယရှိစေသည်။ ကျန်းခံ့သောကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့ကိုယ်ကျိုးနဲအောင် မိုက်ရူးရဲမလုပ်မိစေရန် အထောက်အကူပြုသည်။ မှန်ပါသည်။ ကြောက်ရွံ့ခြင်းမှာ အစဉ်သဖြင့်ဆင်ခြင်စဉ်းစားမှုကို ဖျက်ဆီးသည့်အရာ စိတ်ပိုင်းဆိုင်ရာ အဆိပ်အတောက်မဟုတ်ချေ။ အချို့အခြေအနေမျိုးအောက်၌ အကျိုးကျေးဇူးပင်ပြုတတ်သည်။
သမ္မာကျမ်းစာ၌ကြောက်ရွံ့ခြင်းအကြောင်းတင်ပြထားသည်။ ကြောက်ရွံ့ခြင်းနှစ်မျိုးအကြောင်းကို ဂရုပြုစေသည်။ တစ်မျိုးမှာအမှန်ပင် စိတ်ပိုင်းဆိုင်ရာ အဆိပ်အတောက်ဖြစ်သည်။ ကျန်တစ်မျိုးမှာ ကျန်းခံ့၍ဖြစ်ရိုးဖြစ်စဉ်ထက်မကဘဲ ကယ်တင်ခြင်းအတွက်မရှိလျှင် မဖြစ်သောအရာဖြစ်သည်။ ထိုကြောက်ရွံ့ခြင်းနှစ်မျိုးကားအဘယ်နည်း။ တစ်မျိုးကိုပျိုးထောင်ပြီး ကျန်တစ်မျိုးကိုမည်သို့ရှောင်နိုင်သနည်း။ ဤအကြောင်းကို နောက်ဆက်တွဲဆောင်းပါးတွင် ဆွေးနွေးပါမည်။