ယေရှု၏သေခြင်းအပေါ် အငြင်းပွားမှု
၃ ၃ စီအီး၊ ပင်တေကုတ္တေပွဲနေ့တွင် သုံးပွင့်ဆိုင်သေဒဏ်စီရင်မှု ဖြစ်ခဲ့သည်။ သေဒဏ်ချမှတ်ခံရသူ ယောက်ျားသုံးဦးကို ယေရုရှလင်မြို့ရိုးအပြင်သို့မောင်းနှင်သွားပြီး၊ အနိမ့်ကျဆုံး၊ အပြင်းထန်ဆုံး၊ ဝေဒနာခံစားနည်းတစ်နည်းဖြစ်သော သစ်တိုင်၌နှက်တိုင်တင် သတ်ပစ်ခဲ့ကြသည်။ ထိုသို့သောသေဒဏ်ပေးခြင်းမျိုးသည် ရောမအချိန်တွင်လုပ်ရိုးလုပ်စဉ်ဖြစ်သောကြောင့် ပသခါသတ်ဖြတ်ခဲ့မှုကို မေ့လောက်ပြီဟု ယူဆပေမည်။ အသတ်ခံရသူတစ်ဦးမှာ ယေရှုခရစ်ပင်ဖြစ်သည်။ ကိုယ်တော်၏သေခြင်းသည် အရေးပါသောဘာသာရေးပြောင်းလဲမှုနှင့် အငြင်းပွားမှုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအဖြစ်အပျက်မှာ၊ နှစ်ပေါင်းနှစ်ထောင်နီးပါးကြာပြီဖြစ်၍ သင့်အနေနှင့်ရှေးရာဇဝင်ဖြစ်ရပ်ဟု ယူမှတ်ပေမည်။ သို့သော်၊ ပေါ်ပေါက်လာသောအငြင်းပွားမှုသည် ပြေလည်ရန်ဝေးသေးကြောင်း သင်သတိပြုမိပါသလော။
သင်သိမည်ဖြစ်သည့်အတိုင်း ယေရှုသည်မိမိတို့အတွက်အသေခံခဲ့ကြောင်း သန်းပေါင်းများစွာသောသူများ ခံယူထားကြသည်။ ခရစ်တော်၏သေခြင်းသည် ရွေးနှုတ်ဖိုးနှင့်အပြစ်ဖြေရာအတွက် သော့ချက်ဖြစ်ကြောင်း၊ ကိုယ်တော်၏သေခြင်းတွင် ယုံကြည်ခြင်းသည် ကယ်တင်ရာဖြစ်ကြောင်း သူတို့စိတ်ထက်သန်စွာဖြင့် ယုံကြည်ကြသည်။ အံ့သြဖွယ်ကား၊ Anglican Theological Review တွင်ပါသောဆောင်းပါးက ဤအမြတ်တနိုးထားသောယုံကြည်မှုသည် “ဒုက္ခ” တွေ့နေရပြီဟု ဖော်ပြထားသည်။ ထို “ဒုက္ခ” သည်ဘာသာရေးခေါင်းဆောင်များထံမှ လာနေခြင်းဖြစ်သည်။
Anglican Theological Review ကရှင်းပြသည်။ “ခရစ်ယာန်များ၏အပြစ်ဖြေရာအယူဝါဒသည် ဒုက္ခနှင့်ကြုံနေရသည်။ အကြောင်းမှာ၊ ယင်း၏ကျမ်းဆိုင်ရာအခြေခံများကို စောဒကတက်ကြပြီး၊ ယင်း၏ယုံကြည်ချက်သည် ခေတ္တခံ [သက်တမ်းတို] သောထင်မြင်ချက်များဖြင့်ဝန်ပိနေကာ. . . ယင်း၏ရေပန်းစားသော ဝိညာဏဖော်ပြချက်သည် ကိုယ်ပိုင်စိတ်လှုပ်ရှားမှုနှင့် ကိုယ်ပိုင်ဖြောင့်မတ်ခြင်းအသွင်ဆောင်နေသည်။”
သင်ကယင်းသည်ဘာသာရေးအထူးပုဂ္ဂိုလ်တစ်စု၏ ခွန်းကြီးခွန်းငယ်စကားများသာဖြစ်ပြီး၊ သင်၏အသက်နှင့်ဆက်နွယ်မှုမရှိကြောင်း ယူဆပေမည်။ သို့သော်၊ ဤအကြောင်းကိုစဉ်းစားကြည့်ပါ။ အကယ်၍ယေရှု၏သေခြင်းသည် ဘုရားရှင်ရှေ့မှောက်သင်၏ရပ်တည်ချက်နှင့် (ကောင်းကင် သို့မဟုတ် အခြားတစ်နေရာတွင်) ထာဝရအသက်ရရန် သင်၏မျှော်လင့်ချက်နှင့်ဆက်နွယ်နေလျှင် ဤအငြင်းပွားမှုကို သင်စဉ်းစားသုံးသပ်ရန် လိုအပ်ပေမည်။
ခရစ်တော်သေခြင်း၏အရေးပါပုံသည် လူနားမလည်နိုင်အောင် နက်နဲရာလော။ သို့မဟုတ် ယင်းအတွက်ကျိုးကြောင်းညီသော၊ သမ္မာကျမ်းအခြေခံသော ရှင်းပြချက်ရှိပါသလော။ ဤမေးခွန်းများကို သင်စဉ်းစားထိုက်သည်။ အကြောင်းမှာ၊ သမ္မာကျမ်းစာက ခရစ်တော်နှင့်စပ်လျဉ်း၍ ဤသို့အံ့ဖွယ်ဆိုထားသောကြောင့်ဖြစ်သည်။ ‘သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေ’ မည်။—ယောဟန် ၃:၁၆။