ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၂/၁၅ စာ. ၁၆-၁၇
  • “ဤသူသည်ဘုရားသခင်သားတော်မှန်ပေ၏”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဤသူသည်ဘုရားသခင်သားတော်မှန်ပေ၏”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဤသူသည်ဘုရားသခင့်သားတော် မှန်ပေ၏”
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • “သေချာတယ်၊ သူဟာ ဘုရားရဲ့သားပဲ”
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှု၏လူ့ဘဝနောက်ဆုံးနေ့ရက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဝမ်းနည်းကြေကွဲမှုကို ကျော်လွှားနိုင်ခဲ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၂/၁၅ စာ. ၁၆-၁၇

ယေရှု၏ ဘဝနှင့် ဓမ္မအမှု

“ဤသူသည်ဘုရားသခင်သားတော်မှန်ပေ၏”

နေ့လည်ချိန်၊ ယေရှုသစ်တိုင်ပေါ်ရောက်ပြီးမကြာမီ ၃ နာရီကြာအံ့ဖွယ်အမှောင်ထုဖုံးလွှမ်းခဲ့သည်။ အမှောင်အတိဖုံးလွှမ်းသွားခြင်းသည် နေကြတ်ခြင်းကြောင့်မဟုတ်ပါ။ နေကြတ်ခြင်းသည် လဆန်းနေ့များတွင်သာဖြစ်လေ့ရှိပြီး၊ ပသခါပွဲခံချိန်တွင်လပြည့်သည်။ ထို့ပြင်နေကြတ်နေလျှင် မိနစ်အနည်းငယ်သာကြာသောကြောင့် ဤအမှောင်ထုသည်ဘုရားသခင်ကြောင့်ဖြစ်ရမည်။ ဤဖြစ်ရပ်သည် သခင်ယေရှုအားကဲ့ရဲ့သရော်မှုများကိုရပ်စေပြီး၊ ခနဲ့တဲ့တဲ့ပြောဆိုမှုများကိုရပ်တန့်စေခဲ့ဖွယ်ရှိသည်။

လူဆိုးတစ်ဦးသည် မိမိအဖေါ်ဖြစ်သူကိုဆုံးမပြီး မိမိအားသတိရပါဟု သခင်ယေရှုကိုတောင်းဆိုခဲ့ချိန်မတိုင်မီ အမှောင်ထုဖုံးလွှမ်းခြင်းတည်းဟူသောစိုးရွံ့ထိတ်လန့်ဖွယ်ဖြစ်ရပ်ဖြစ်ခဲ့လျှင် ဤဖြစ်ရပ်သည် ထိုလူဆိုးအားနောင်တရစေသည့်အကြောင်းရင်းတစ်ခုဖြစ်ခဲ့လိမ့်မည်။ အမှောင်ထုဖုံးလွှမ်းခဲ့ချိန်အတွင်းအမျိုးသမီးလေးဦးတည်းဟူသောသခင်ယေရှု၏မိခင်၊ သူမ၏ညီအစ်မရှာလုံ၊ မာဂဒလမာရိနှင့်တမန်တော်ယာကုပ်ငယ်၏မိခင်မာရိတို့သည် သစ်တိုင်နားသို့ချဉ်းကပ်ခဲ့ကြဖွယ်ရှိသည်။ ယေရှု၏အချစ်ဆုံးတမန်တော်ဖြစ်သောယောဟန်သည်လည်းသူတို့နှင့်အတူရှိနေသည်။

မိမိမွေးမြူပြုစုခဲ့သောသားဖြစ်သူသည် ယခုသစ်တိုင်ပေါ်ချိတ်ဆွဲလျက်ပြင်းစွာဝေဒနာခံရသောအဖြစ်ကိုကြည့်နေသောမိခင် မာရိအဖို့ သူမ၏နှလုံးသားကို “ထိုးဖောက်” သကဲ့သို့ဖြစ်ခဲ့ချေမည်တကား။ သို့နှင့်ပင်သခင်ယေရှုသည် မိမိကိုယ်တိုင်၏နာကျင်မှုကိုမစဉ်းစားဘဲ၊ မိခင်ဖြစ်သူ၏အကျိုးကိုစဉ်းစားတော်မူသည်။ ကြီးစွာအားထုတ်လျက်ယောဟန်ဘက်လှည့်ကာ မိခင်ဖြစ်သူအား “အချင်းမိန်းမ၊ သင်၏သားကိုကြည့်ပါ” ဟုမိန့်တော်မူ၏။ တစ်ဖန်မာရိဘက်သို့လှည့်၍ယောဟန်အား “သင်၏မိခင်ကိုကြည့်ပါ” ဟုမိန့်တော်မူ၏။

ဤနည်းဖြင့်သခင်ယေရှုသည် မုဆိုးမဖြစ်နေရှာသူမိခင်ဖြစ်သူအား စောင့်ရှောက်ခြင်းတာဝန်ကို ကိုယ်တော်အထူးချစ်တော်မူသောတမန်တော်အားအပ်နှင်းသည်။ ဤသို့ပြုလုပ်ခြင်းမှာ၊ မာရိ၏အခြားသားများသည် ကိုယ်တော်အားယုံကြည်ကြောင်းမတင်ပြကြသေးသောကြောင့်ဖြစ်သည်။ မိခင်ဖြစ်သူ၏ကာယရေးလိုအပ်ချက်အပြင်ဝိညာဉ်ရေးအတွက်ပါစီစဉ်ပေးခြင်းဖြင့် ကောင်းသောပုံသက်သေပြတော်မူသည်။

မွန်းလွဲ ၃ နာရီအချိန်ခန့်တွင်သခင်ယေရှုက “ရေငတ်သည်” ဟုမိန့်တော်မူသည်။ ထိုနောက်ကိုယ်တော်၏သမာဓိအဆုံးစွန် စမ်းသပ်မှုခံစေရန်၊ ခမည်းတော်၏ကာကွယ်မှုရုတ်သွားကြောင်းခံစားရ၍ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရားအဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” ဟုကြီးသောအသံနှင့်ကြွေးကြော်တော်မူ၏။ ထိုတွင်ရပ်နေသူတချို့သည်ကြားလျှင် “သူသည်ဧလိယကိုခေါ်သည်” ဟုဆိုကြ၏။ လူတစ်ယောက်သည် ချက်ချင်းပြေး၍ရေမှိုတထွေးကိုပုံးရည်နှင့် ပြည့်စေပြီးလျှင် ကျူလုံးဖျား၌တပ်၍ ကိုယ်တော်အားသောက်စိမ့်သောငှာပေးလေ၏။ ကြွင်းသောသူတို့က “ရှိစေတော့။ ဧလိယသည်သူ့ကိုကယ်တင်ခြင်းငှာလာမည်မလာမည်ကိုကြည့်ကြကုန်အံ့ဟုဆိုကြ၏။”

သခင်ယေရှုသည် ပုံးရည်ကိုခံပြီးမှ “အမှုပြီးပြီ” ဟုကြွေးကြော်တော်မူ၏။ မှန်ပါသည်။ ခမည်းတော်သည် ကိုယ်တော်အား မြေကြီးပေါ်စေလွှတ်ပြီး ပြုလုပ်ရန်စေခိုင်းသည့်အရာမှန်သမျှကို ပြုလုပ်ပြီးခဲ့လေပြီ။ အဆုံး၌ “အိုအဖ၊ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ကိုယ်တော်အားအပ်ပါ၏” ဟုမိန့်တော်မူ၏။ ဘုရားသခင်ပြန်ပေးတော်မူမည်ဟုယုံကြည်စိတ်ချလျက် ယေရှုသည်မိမိအသက်ကိုဘုရားသခင်ထံအပ်ခဲ့သည်။ ထိုနောက်ခေါင်းတော်ကိုငိုက်စိုက်ညွတ်၍အသက်တော်ကိုစွန့်တော်မူ၏။

သခင်ယေရှုနောက်ဆုံးအသက်ရှူတော်မူချိန်တွင် မြေငလျင်ကြီးစွာလှုပ်၍ ကျောက်များကွဲကြ၏။ မြေငလျင်သည်အလွန်အင်အားကောင်းသောကြောင့် ယေရုရှလင်မြို့အပြင်ဘက်ရှိသင်္ချိုင်းတွင်းတို့သည် ကွဲအက်ဖွင့်လှစ်၍အလောင်းကောင်များသည်ပြင်သို့လွင့်စင်ကုန်ကြ၏။ အနားမှဖြတ်သန်းသွားသူများသည် လွင့်စင်နေသောအလောင်းကောင်များကိုမြင်၍မြို့ထဲသို့ဝင်ကာသတင်းကြားပြောကြ၏။

ထို့ပြင်ယေရှုသေဆုံးချိန်၌ ဘုရားသခင်ဗိမာန်တော်ရှိ သန့်ရှင်းရာဌာနနှင့် အလွန်သန့်ရှင်းရာဌာနကို ပိုင်းခြားထားသော ကန့်လန့်ကာကြီးသည်အပေါ်စွန်းမှအောက်စွန်းတိုင်အောင်စုတ်ကွဲသွားသည်။ အလွန်လှပစွာမွမ်းမံချယ်သထားသော ထိုကန့်လန့်ကာသည်ပေ၆၀ ခန့်မြင့်ပြီးအလွန်လေးသည်။ ဤအံ့ဖွယ်သရဲဖြစ်ရပ်သည် သားတော်ကိုသတ်ဖြတ်သူများကို ဘုရားသခင်အမျက်ထွက်တော်မူကြောင်းထင်ရှားပြသည့်အပြင် ကောင်းကင်တည်းဟူသောအလွန်သန့်ရှင်းရာဌာနထဲသို့ဝင်ရန် ယခုယေရှု၏သေခြင်းဖြင့်သာဖြစ်နိုင်ကြောင်းဖေါ်ပြသည်။

မြေငလျင်နှင့်ဖြစ်ပျက်သည့်ဖြစ်ရပ်များကို ကြုံတွေ့ခံစားရသူလူအများတို့သည်အလွန်တရာကြောက်ရွံ့ကြ၏။ အဆုံးစီရင်ရာတွင် တာဝန်ခံဖြစ်သူတပ်မှူးသည် ဘုရားသခင်ဘုန်းတော်ကိုချီးမွမ်းလေသည်။ “ဤသူသည်ဘုရားသခင်သားတော်မှန်ပေ၏” ဟုကြွေးကြော်သည်။ ပိလတ်မင်းရှေ့မှောက်တွင် သခင်ယေရှုအစစ်ခံချိန်၌ဘုရားသခင်၏သားတော်အရာနှင့်ပတ်သက်၍ ဆွေးနွေးစဉ် ထိုနေရာတွင်သူရှိခဲ့ဖွယ်ရှိသည်။ ယခုတွင်မူ၊ သခင်ယေရှုသည်ဘုရားသခင်သားတော်ဖြစ်ကြောင်းသဘောပေါက်သွားသည်။ မှန်ပါသည်။ ကိုယ်တော်သည်အသက်ရှင်ခဲ့သမျှသူတို့တွင် အကြီးမြတ်ဆုံးဖြစ်သည်။

ဤအံ့ဖွယ်အခြင်းအရာများကိုတွေ့မြင်သောအခြားသူများသည်လည်း အလွန်တရာဝမ်းနည်းစရာနှင့်ရှက်ဖွယ်ဖြစ်ကြောင်းပြသည့်အနေနှင့် ရင်ဘတ်ကိုခတ်လျက်အိမ်သို့ပြန်သွားကြ၏။ မြင်ကွင်းကိုအဝေးမှရပ်ကြည့်နေကြသော ယေရှုတပည့်တော်မအများတို့သည်လည်း ဤအရေးပါသောအဖြစ်အပျက်များကြောင့် လွန်စွာစိတ်မကောင်းဖြစ်ကြ၏။ တမန်တော်ယောဟန်လည်း အနီးတွင်ရှိနေသည်။ မဿဲ ၂၇:၄၅–၅၆။ မာကု ၁၅:၃၃–၄၁။ လုကာ ၂၃:၄၄–၄၉၊ ၂:၃၄၊ ၃၅။ ယောဟန် ၁၉:၂၅–၃၀။

◆ ၃ နာရီကြာအမှောင်ထုဖုံးလွှမ်းမှုသည် နေကြတ်ခြင်းကြောင့်ဟုအဘယ်ကြောင့်မပြောနိုင်သနည်း။

◆ မသေဆုံးမီကလေးတွင်သက်ကြီးရွယ်အိုမိဘများအတွက်စီမံပေးမှုနှင့်ပတ်သက်ပြီးအဘယ်ကောင်းသောပုံသက်သေတင်ပြခဲ့သနည်း။

◆ မသေဆုံးမီသခင်ယေရှုပြောသွားသောပြောဆိုချက်လေးရပ်ကားအဘယ်နည်း။

◆ မြေငလျင်လှုပ်ခြင်းကအဘယ်အရာများကိုဖြစ်စေပြီး၊ ဗိမာန်တော်ကန့်လန့်ကာနှစ်ခြမ်းစုတ်ကွဲသွားခြင်း၏ထူးခြားမှုကားအဘယ်နည်း။

◆ အံ့ဖွယ်ဖြစ်ရပ်များသည် အဆုံးစီရင်ရာတွင်တာဝန်ခံဖြစ်သူတပ်မှူးကို မည်သို့ထိခိုက်ခဲ့သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ