သူတို့ထင်သည်ထက် နောက်ကျခဲ့သည်တကား
ဘီစီအီး ၆၀၉ ခုနှစ်ဖြစ်သည်။ နေရာမှာ ယေရုရှလင်မြို့၊ ဟောပြောသူမှာ ပရောဖက်ယေရမိဖြစ်သည်။ သူချစ်မြတ်နိုးသည့် သန့်ရှင်းသောမြို့တော် ယေရုရှလင်ပျက်စီးမည်အကြောင်းကို သူတင်ကူးဟောပြောခဲ့သည်။ ယုဒအမျိုးသားများ ယေဟောဝါကိုကျောခိုင်း၍ မှောက်မှားသောနတ်ဘုရားများကို ကိုးကွယ်ခြင်း၌ စုံးစုံးမြုပ်အောင် ပါဝင်ခဲ့ကြသောကြောင့် ၄င်းပျက်စီးခြင်းဘေးကြီး ကျရောက်ရခြင်းဖြစ်သည်။ ယုတ်ညံ့သောလိင်ကိုးကွယ်မှုအပါအဝင်၊ မိစ္ဆာဒိဌိနတ်ဘုရားများအား သွန်းလောင်းရာပူဇော်သက္ကာများကို ပူဇော်ခြင်း၊ နေ၊ လ၊ ကြယ်နက္ခတ်တို့ကို ကိုးကွယ်ကြခြင်း၊ ဗာလအား နံ့သာပေါင်းမီးရှို့ပူဇော်ကြသည့်ပြင် သူတို့၏သားသမီးများကို မောလုတ်ဘုရားအား ပူဇော်ခြင်းတို့ကိုပြုခဲ့ကြသည်။—၃ ဓမ္မရာဇဝင် ၁၄:၂၃၊ ၂၄။ ယေရမိ ၆:၁၅။ ၇:၃၁။ ၈:၂။ ၃၂:၂၉၊ ၃၄၊ ၃၅။ ယေဇကျေလ ၈:၇-၁၇။
သူတို့အမြင်၌ ယေရမိသည် ကပ်ဘေးသင့်ခြင်းအကြောင်း တစ်ချိန်လုံးညည်းညူတတ်သူ၊ အယူသန်သူ၊ အရာရာတိုင်းနှင့်လူတိုင်းကို ကလန်ကဆန်လုပ်သူဖြစ်သည်။ ယေရမိသည် သူတို့ကို ၃၈ နှစ်ကြာသတိပေးခဲ့သည်။ ယေရုရှလင်မြို့သားတို့သည် သူ့ကို ၃၈ နှစ်ကြာပြောင်လှောင်ခဲ့ကြသည်။ ယခုအချိန်တိုင်အောင် ပြည်သူတို့သည် ယေဟောဝါအား အရေးစိုက်စရာ ဩဇာအရှိန်အဝါရှိသူမဟုတ်ဟူ၍ဆိုကာ ပထုတ်ထားခဲ့ကြသည်။ “ထာဝရဘုရား [ယေဟောဝါ၊ NW] သည်ကျေးဇူးကိုလည်းမပြု၊ အပြစ်ကိုလည်းမပေး” ဟူ၍လည်းကောင်း၊ “ထာဝရဘုရား [ယေဟောဝါ၊ NW] သည်မြေကြီးကိုစွန့်ပစ်လေပြီ။ ထာဝရဘုရား [ယေဟောဝါ၊ NW] မမြင်” ဟူ၍လည်းကောင်း သူတို့ဆိုကြ၏။—ဇေဖနိ ၁:၁၂။ ယေဇကျေလ ၉:၉။
ပရောဖက်ယေရမိနှင့်ယေဇကျေလတို့သည် ယေရုရှလင်မြို့ပျက်စီးခြင်းအကြောင်းကို ဟောပြောလာခဲ့သော်လည်း ဘာမျှဖြစ်မလာသေးပေ။ ထို့ကြောင့် ဣသရေလလူမျိုးတို့က မိမိတို့လက်ထက်၌ ထိုသို့သောရူပါရုံ ပြည့်စုံလာမည်ကို လက်မခံဘဲ ပယ်ရှားပြီး “နေ့ရက်ကာလရွေ့လျက်ရှိ၍ ခပ်သိမ်းသောဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီ” ဟုဆိုကြ၏။ သို့ရာတွင် ယေဟောဝါ၏ဖြေကြားချက်မှာ ဤသို့ဖြစ်သည်။ “နေ့ရက်ကာလနီးပြီ၊ . . . ငါသည် ထာဝရဘုရား [ယေဟောဝါ၊ NW] ဖြစ်၏။ ငါပြောလျှင်၊ ပြောသည်အတိုင်း ပြည့်စုံလိမ့်မည်။ ပြည့်စုံချိန်လည်း မရွေ့ရ။ အချင်းပုန်ကန်တတ်သောအမျိုး၊ သင်တို့လက်ထက်၌ ငါပြောမည်။ ပြောသည်အတိုင်းလည်း ပြည့်စုံစေမည်။”—ယေဇကျေလ ၁၂:၂၂-၂၅။
ဘီစီအီး ၆၀၉ ခုနှစ်တွင် ယေဟောဝါ၏နှုတ်ထွက်စကား ပြည့်စုံစေမည့်အချိန် ရောက်ရှိလာသည်။ နှစ်ပေါင်းလေးဆယ်နီးပါး ယေရမိသတိပေးပြီးနောက် ယေရုရှလင်မြို့သည် ဗာဗုလုန်တပ်၏ ဝိုင်းရံခြင်းကိုခံရလေသည်။ ဆယ့်ရှစ်လလွန်သော် မြို့ရိုးတို့သည် ကျိုးပေါက်၍ ဗိမာန်တော်သည် မီးလောင်ပြာကျပြီး ပြည်သူအများမှာ ဗာဗုလုန်သို့ သုံ့ပန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရလေသည်။ တင်ကူးဟောပြောထားသည့်အတိုင်း ထိုမြို့သည် ဓားဘေး၊ ငတ်မွတ်ခြင်းဘေးနှင့်ရောဂါဘေးတို့ဖြင့် ပျက်စီးခဲ့လေသည်။—၄ ဓမ္မရာဇဝင် ၂၅:၇-၁၇။ ၂ ရာဇဝင်ချုပ် ၃၆:၁၇-၂၀။ ယေရမိ ၃၂:၃၆၊ ၅၂:၁၂-၂၀။
ယေရမိမှန်ကန်ခဲ့သည်။ ထိုပြည်သူများအတွက် မှားခဲ့သည်။ သူတို့ထင်သည်ထက် နောက်ကျခဲ့သည်တကား။ ထိုဗျာဒိတ်ရူပါရုံသည် ဝေးလံသောအနာဂတ်နှစ်များအတွက်မဟုတ်ပေ။ သူတို့ခေတ်အတွက်ပင်ဖြစ်ခဲ့သည်။
ဤဖြစ်ရပ်ကား သမိုင်းသက်သက်မျှသာမဟုတ်ပေ။ ယေရုရှလင်မြို့အပေါ် ဖြစ်ပျက်ခဲ့ရာများသည် ပရောဖက်ပြုချက်နှင့်ဆိုင်သည်။ လာလတံ့သောအရာကို ကြို၍ညွှန်ပြခဲ့သည်။ မျက်မှောက်ခေတ် ခရစ်ယာန်ဘောင်သည် ခရစ်တော်၏နာမတော်ကိုခံယူလျက် ဘုရားသခင်နှင့်ပဋိညာဉ်ဆိုင်ရာဆက်ဆံရေး ထူထောင်ထားသည်ဟု အခိုင်အမာဆိုသော်လည်း ရှေးယေရုရှလင်မြို့သားတို့၏ခြေရာအတိုင်း လိုက်လျှောက်နေသည်။ ခြုံ၍ကြည့်လျှင် ခရစ်ယာန်ဘောင်မှအသင်းများသည် ဒိဌိအယူဝါဒများကို သွန်သင်နေကြသည်။ လိင်ဆိုင်ရာစာရိတ္တဖောက်ပြန်ပျက်ပြားနေကြသည်။ ဆင့်ကဲဖြစ်စဉ်ကို လက်ခံယုံကြည်၍ ဘုရားသခင်အားဖန်ဆင်းရှင်အဖြစ်မှ ပထုတ်ထားကြသည်။ မမွေးသေးသည့် ကလေးသန်းပေါင်းများစွာကို အဆင်ပြေသက်သာမှုတည်းဟူသော ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ခြင်းကို မသိကျိုးကျွန်ပြုနေကြသည်။ ယေဘုယျအားဖြင့် လူတို့၏ကျိုးကြောင်းဆင်ခြင်တုံတရားများကို လက်ခံ၍ သမ္မာကျမ်းစာကို ဒဏ္ဍာရီယုံတမ်းစကားအဖြစ် သဘောထားကာ ဘေးဖယ်ထားကြသည်။
ယေရုရှလင်မြို့သားများသည် ယေရမိကို ပြောင်လှောင်သရော်ခဲ့ကြသကဲ့သို့ ယနေ့ခရစ်ယာန်ဘောင်သည် ယေဟောဝါသက်သေများကို ပြောင်လှောင်သရော်ကြသည်။ အာမဂေဒုန်၌ကျရောက်မည့်ပျက်စီးခြင်းနှင့်ပတ်သက်၍ သက်သေခံများ၏သတိပေးချက်ကို အချည်းနှီးစကားများအဖြစ်သဘောထားကာ ဘေးချိတ်ထားကြသည်။ ‘ဘုရားသခင်သည် ကမ္ဘာကိုစိတ်မဝင်စားပါ။ ကောင်းကင်ကို ကိုယ်တော်အုပ်ချုပ်ပါစေ၊ ကမ္ဘာမြေကြီးကို ကျွန်တော်တို့ချယ်လှယ်မည်။ အာမဂေဒုန်လာလျှင်လည်း ကျွန်တော်တို့မျိုးဆက်မှာတော့ ဖြစ်မှာမဟုတ်ဘူး။ ဒီအကြောင်းကို အရင်ကလည်း ကြားဖူးနေကျပဲ။ ဒီအတွက်နှင့် အလိမ်မိခံမည်မဟုတ်’ ဟုသူတို့ဆိုကြသည်။
ယင်းသည် သမိုင်းတစ်ပတ်လည်ခြင်းဖြစ်မည်လော။ မိမိတို့ထင်သည်ထက် နောက်ကျနေကြောင်း သန်းပေါင်းများစွာသောလူတို့တွေ့ရဦးမည့်အချိန် နောက်တစ်ကြိမ်ရောက်လာမည်လော။