ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများ မှတ်တမ်း
သူတို့ယေဟောဝါကို အားထားကြ
ဘုရားသခင်၏ကမ္ဘာသစ်အကြောင်း လူမျိုးအပေါင်းတို့သိခွင့်ရရှိကြရန် နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်းကိုဟောပြောဖို့ ယေဟောဝါသက်သေများအား ယေဟောဝါအမိန့်ရှိတော်မူသည်။ အချို့နိုင်ငံများတွင် အများအားဖြင့် ခရစ်ယာန်ဘောင်ဓမ္မဆရာများ၏ လှုံ့ဆော်မှုကြောင့် ကျွန်ုပ်တို့လုပ်ငန်းသည် ပိတ်ပင်တားဆီးမှုခံရသည်။ အာဖရိကတိုက်တစ်နိုင်ငံတွင် ဤသို့ပင်ဖြစ်ပျက်ပါသည်။ သို့သော် ထိုတွင်ရှိယေဟောဝါသက်သေများသည် ဒါဝိဒ်မင်းကြီးနည်းတူ “ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ်၍ ကြောက်စရာမရှိ” ဟုဆိုကြ၏။ (ဆာလံ ၅၆:၁၁) ထိုနိုင်ငံရှိညီအစ်ကိုများသည် ယေဟောဝါကိုအားကိုးပြီး ကိုယ်တော်၏အရေးကြီးလုပ်ငန်းတော်ကို ထမ်းဆောင်နေကြကြောင်း သူတို့၏တွေ့ကြုံမှုများကတင်ပြပါသည်။
ကျောင်းအုပ်ဖြစ်သော သက်သေခံညီအစ်ကိုတစ်ဦးသည် တိုင်းရေးပြည်ရေးကိစ္စတွင် ကြားနေမှုကိုတင်ပြကာ “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်” မည်ဟု အတိအလင်းဖေါ်ပြပြောဆိုခဲ့သည်။ (တမန်တော် ၅:၂၉) သို့နှင့် သူတို့အားပြင်းထန်စွာရိုက်နှက်၍ သစ္စာဖောက်အဖြစ်စီရင်ခံရရန် စောင့်မျှော်နေကြ၏။ သူ့အားသတ်ပစ်မည်ဟူ၍သာ အထင်ရှိကြသည်။ သို့သော် သက်သေခံဖြစ်သူသည် ယေဟောဝါကိုအားကိုးခဲ့သည်။ သစ္စာစောင့်သိသည်။ မိမိ၏ရပ်တည်ချက်၏ အကြောင်းရင်းများကို ရှင်းပြပါသည်။ ရလဒ်ကားအဘယ်နည်း။ သူ့အားတရားရုံးက တရားသေလွှတ်၍ သူအိမ်ပြန်ခွင့်ရခဲ့ရာ သူ့အားရိုက်နှက်ခဲ့သောပြည်နယ်ကိုယ်စားလှယ်များ သူ့ကိုတောင်းပန်ခဲ့ကြသည်။ ဤသစ္စာရှိသက်သေခံအား ကျောင်းဆရာအရာကိုပြန်ပေး၍ ကျောင်းအင်စပက်တော်အရာသို့ ရာထူးတိုးမြှင့်ပေးခဲ့လေသည်။
ကျောင်းတစ်ကျောင်း၏ ညှိနှိုင်းရေးမှူးသည် သက်သေခံဖြစ်သောဆရာတစ်ဦးကို ကျောင်းမှထုတ်ပစ်ခဲ့သည်။ တစ်လအကြာတွင် ဤညှိနှိုင်းရေးမှူးသည် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်ကို အထူးရှေ့ဆောင်တစ်ဦးထံမှ လက်ခံယူပြီး ကျမ်းစာသင်အံမှုကိုလက်ခံခဲ့သည်။ အခန်း ၆ ပြီးဆုံးသည့်နောက် ကျောင်းညှိနှိုင်းရေးမှူးအရာမှ သူနှုတ်ထွက်ပြီး သူနှင့်သူ၏ဇနီးတို့သည် ယေဟောဝါသက်သေများ၏ စည်းဝေးအားလုံးကိုစတက်လေတော့သည်။ တနင်္ဂနွေနေ့တစ်နေ့တွင် ကျောင်းမှထုတ်ပစ်ခံခဲ့ရသောဆရာသည် မိမိအားထုတ်ပစ်ခဲ့သူနှင့်တွေ့ဆုံ၍ ထိုသူမှာ ဝိညာဏညီအစ်ကိုတစ်ဦးဖြစ်လာရန် နီးစပ်လာနေကြောင်းသိရှိရ၍ အထူးဝမ်းသာခဲ့ရသည်။
ထိုနိုင်ငံမှ အခြားတွေ့ကြုံမှုတစ်ခုက ယေဟောဝါသက်သေများသည် ယေဟောဝါ၏အစီအစဉ်များနှင့်လုပ်ငန်းတော်ကို တန်ဖိုးထားလေးစားပြီး အဖွဲ့အစည်းသန့်ရှင်းရေးကို ဂရုပြုကြောင်း တင်ပြပါသည်။ သီးခြားရပ်ကွက်တစ်ခု၌ အမှုဆောင်ရွက်သော အထူးရှေ့ဆောင်တစ်ဦးသည် အတိုက်အခံများစွာကြုံတွေ့နေရ၏။ ထိုအရပ်သားမဟုတ်သည့် လူမျိုးခြားဖြစ်သဖြင့်လည်း ရွာထဲမှ သူ့အားနှင်ထုတ်လိုကြသည်။ သို့ရာတွင် ရွာသူကြီးက သူ၏ကောင်းမွန်သောစာရိတ္တကိုတင်ပြပြီး သူ၏ဓမ္မအမှု၏အကျိုးကျေးဇူးများကိုထောက်ပြကာ သူ့အားနှင်ထုတ်ရန် ခွင့်မပြုခဲ့ပါ။ ဤအထူးရှေ့ဆောင်ရောက်လာကတည်းက အခွန်အတုတ်တို့ကိုပေးဆက်ခြင်းဖြင့် အာဏာစက်များကို ရိုသေလေးစားမှုပြနေကြောင်း၊ ပတ်စဉ်ပင် ရပ်ကွက်လိုက်လမ်းပြုပြင်ရေးလုပ်ငန်းကို လူတို့လုပ်ကိုင်နေကြကြောင်း ရွာသူကြီးသတိပြုမိသည်။—ရောမ ၁၃:၁၊ ၇။
ထိုနောက် တစ်ညတွင်အခြားသက်သေခံတစ်ဦးသည် သက်သေခံမဟုတ်သူ အမျိုးသမီးတစ်ဦးနှင့် မတရားမေထုန်ပြုနေချိန်တွင် ပက်ပင်းတိုးတွေ့ရှိခဲ့သည်။ သို့နှင့် နာမည်အကြီးအကျယ်ပျက်ခဲ့လေသည်။ အထူးရှေ့ဆောင်အား သူကြီးရှေ့ခေါ်ဆောင်ခဲ့ပြီး သူကြီးက “ဒီမှာ မတရားမေထုန်ပြုတဲ့ ခင်ဗျားတို့ညီအစ်ကို။ မင်းတို့ယေဟောဝါသက်သေများ အခြားဘာသာတွေနဲ့ ဘာမျှမထူးမခြားဘူး” ဟူ၍ကဲ့ရဲ့ခဲ့သည်။ သို့ရာတွင် အထူးရှေ့ဆောင်က ဤသို့ရှင်းပြသည်။ “ကျွန်တော်တို့မစုံလင်ကြသော်လည်း အခြားဘာသာများနှင့်မတူပါ။ ကြီးလေးတဲ့အပြစ်ပြုသူများကို ကျွန်တော်တို့ မသိကျိုးကျွံပြုပြီးမနေကြပါ။”
မတရားမေထုန်ပြုသောသက်သေခံသည် ထောင်ဒဏ်သင့်ခဲ့၍ ဒဏ်ငွေလည်းပေးရသည်။ နောင်တမယူသော ပြစ်မှားသူအဖြစ် အသင်းတော်မှလည်း နှင်ထုတ်ခြင်းခံခဲ့ရသည်။ ဤစီရင်ချက်ကို သူကြီးအတော်ပင်သဘောကျခဲ့သည်။ ယေဟောဝါသက်သေများကို ကဲ့ရဲ့ရှုတ်ချသူတို့နှုတ်များကိုလည်း ပိတ်ဆို့စေခဲ့သည်။ ရွာသူကြီးကဤသို့ပြောသည်။ “ယေဟောဝါသက်သေများကို မပုတ်ခတ်ပါနဲ့။ သူတို့မှာ သမ္မာတရားရှိတယ်။ အခြားဘာသာတွေ ဒီလိုအရေးယူတာမတွေ့ရဘူး။”
ထိုနိုင်ငံရှိ သစ္စာစောင့်သိသောသက်သေခံများသည် ဆာလံ ၃၇:၃ ပါသြဝါဒကိုလိုက်နာကြသည်။ “ထာဝရဘုရား [ယေဟောဝါ၊ NW ] ကိုခိုလှုံ၍ ကောင်းသောအကျင့်ကိုကျင့်လော့။ ပြည်တော်၌နေ၍ သစ္စာတရားကို ကျက်စားလော့။” ဤခရစ်ယာန်များနည်းတူ ကျွန်ုပ်တို့လည်း ယေဟောဝါကိုအားကိုးကြမည်လော။