ကမ္ဘာသစ်အစီအစဉ်ကို ရှာပုံတော်ဖွင့်ခြင်း
“ကျွ န်ုပ်တို့ကို ဤကမ္ဘာသစ်သို့လမ်းညွှန်သော ကိုယ်တိုင်ဖန်တီးရာမြေပုံများမရှိပါ။ နှစ်ပေါင်း ၉၀ တိုင် စစ်မှု၊ ပဋိပက္ခနှင့်မယုံသင်္ကာဖြစ်သော လောကကိုပြန်ရှုစားစဉ် ငြိမ်းချမ်းသာယာ၊ လွတ်လပ်ကြီးပွားသော ရာစုနှစ်သစ်၊ အနှစ်တစ်ထောင်ကာလအသစ်သို့လည်း မျှော်ကြည့်ကြစို့။”
ထိုသို့ ၁၉၉၀ ဇန်နဝါရီ ၁ ရက်နေ့တွင် ယူအက်စ်သမ္မတဂျော့ဘုရှ် မိန့်မြွက်ခဲ့သည်။ ထပ်တူသတင်းမျိုးတွင် ဆိုဗီယက်သမ္မတဂေါ်ဘာချက်ဗ်က ၁၉၉၀ ပြည့်နှစ်များအတွင်း “ကမ္ဘာပေါ်မှ စိုးရိမ်ကြောက်ရွံ့မှု၊ မသင်္ကာမှု၊ လက်နက်အပိုလျှံ၊ ခေတ်နှောင်းသည့် နိုင်ငံရေးအမြင်များနှင့်စစ်မှုဆိုင်ရာအယူအဆများ၊ လူအချင်းချင်း၊ ပြည်နယ်အချင်းချင်း ဟန်ဆောင်အတားအဆီးများမရှိစေရန်” အားလုံးဝိုင်းဝန်းကူညီကြစို့ဟုဆိုကြောင်း ဂျပန်ပြည်၏ ၁၉၉၀ ဇန်နဝါရီ ၃ ရက်နေ့စွဲပါ Mainichi Daily News ကဆိုသည်။
မျှော်လင့်ချက်ကြီးမားကြကြောင်း ထင်ရှားပေသည်။ နောက်တစ်နှစ်အကြာတွင်လည်း ထိုသို့ဖြစ်ဆဲပင်။ ၁၉၉၁ ဇန်နဝါရီ ၂၉ ရက်နေ့၌ ပြည်ထောင်စုအစိုးရထုတ်ပြန်ချက်တွင် သမ္မတဘုရှ်သည် ပါးရှန်းပင်လယ်ကွေ့စစ်ပွဲကိုရည်ညွှန်းပြီး ဤသို့ဆိုသည်။ “အန္တရာယ်ကြုံနေသည်ကား တိုင်းနိုင်ငံငယ်လေးတစ်ခု [ကူဝိတ်] မျှမကဘဲ ကမ္ဘာသားအပေါင်းတို့၏အရေးဖြစ်သည့် ငြိမ်းချမ်းလုံခြုံမှု၊ လွတ်လပ်မှုနှင့် ဥပဒေစိုးမိုးခြင်းအတွက် နိုင်ငံအသီးသီးကြိုးစားနေကြသည့် ကမ္ဘာအသစ်တည်းဟူသော ကြီးမားသည့်ရည်မှန်းချက်ကို ထိခိုက်နစ်နာစေနေသည်။”
ဒုက္ခကင်းရှင်းသည့် ရှာပုံတော်မဟုတ်
ကမ္ဘာသစ်အစီအစဉ်ကို လူအပေါင်းရှာပုံတော်ဖွင့်ကြရာတွင် တားဆီးဟန့်တားသည့်အခက်အခဲပြဿနာများစွာရှိပါသည်။ လက်နက်ကိုင်ဆန့်ကျင်မှုများက အမှန်ဟန့်တားပေသည်။ ထိုအချိန်ကအီရတ်နှင့်ကူဝိတ်တွင် ဖြစ်ပွားနေသောအရေးအခင်းအကြောင်း ၁၉၉၁ ဇန်နဝါရီ ၂၈ ရက်ထုတ် Time မဂ္ဂဇင်းကဤသို့ဆိုသည်။ “ဗုံးများကျပြီး ဒုံးကျည်များပျံသန်းနေစဉ် ကမ္ဘာအသစ်အတွက်မျှော်လင့်ချက်သည် ဖြစ်ရိုးဖြစ်စဉ်အတိုင်းပင် ပျက်ပြုန်းသွားရတော့သည်။” ထိုဂျာနယ်က ဤသို့ဆက်ပြောသည်။ “ဝါကြွားပြောဆိုနေကျစမြဲ ကမ္ဘာသစ်အစီအစဉ် တည်ရှိပြီ သို့မဟုတ် တည်လုနီးပြီဟူ၍ မည်သူမျှအထင်မမှားသင့်ပါ။”
အပြည်ပြည်ဆိုင်ရာဝိုင်းဝန်းဖေးမမှု တစ်ခါမျှမတွေ့ရသေးပေ။ ယင်းက ကမ္ဘာသစ်အစီအစဉ်တည်ထောင်ရေးအတွက် လူ့ကြိုးပမ်းမှုများကို ဟန့်တားပါသည်။ The World & I (၁၉၉၁၊ ဇန်နဝါရီ) စာစောင်ပါ ပြန်တမ်းတစ်ခုအရ သုတေသီများသည် “အင်အားကြီးနိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒများနှင့် ကမ္ဘာသစ်အစီအစဉ်ကို ယင်းတို့မည်သို့သြဇာလွှမ်းမည်အကြောင်း” စစ်ဆေးကြည့်ကြသည်။ တည်းဖြတ်သူက အဆုံး၌ဤသို့ဆိုသည်။ “အခြေအနေအကောင်းဆုံးအချိန်၌ပင်လျှင် စစ်ဆင်နွှဲခြင်းနှင့်ငြိမ်းချမ်းခြင်းစပ်ကြားရှိစည်းမျဉ်းသည် အလွန်သေးမျှင်လှကြောင်း သမိုင်းကတင်ပြပါသည်။ အထူးသဖြင့်အဓိကအင်အားကြီးနိုင်ငံများအချင်းချင်းနှင့် အပြည်ပြည်ဆိုင်ရာဝိုင်းဝန်းကူညီမှုသည် စစ်အေးမှကမ္ဘာသစ်အစီအစဉ်သို့ အောင်မြင်စွာကူးပြောင်းရန် အရေးပါလှပေသည်။”
များစွာသောသူတို့မြင်ယောင်သည့်ကမ္ဘာသစ်အတွက် ပတ်ဝန်းကျင်ပြဿနာများသည်လည်း အဟန့်အတားဖြစ်စေသည်။ (a Worldwatch Institute ပြန်တမ်းဖြစ်သည့်) State of the World 1991 တွင် ဘရောင်း (Lester R. Brown) ကဤသို့ဆိုသည်။ “အစီအစဉ်သစ်သည် အဘယ်ပုံစံဖြစ်မည်ကို မည်သူမျှတပ်အပ်မပြောနိုင်ပါ။ သို့သော် နောက်လူမျိုးဆက်အတွက် အလားအလာရှိသောအနာဂတ်ကို ပုံသွင်းပေးရမည်ဆိုလျှင် ဤဂြိုဟ်၏ဝန်းကျင်ဖျက်ဆီးရေးကို ပြုပြင်ပေးရန်ဧရာမကြိုးပမ်းမှုသည် လာမည့်ဆယ်စုနှစ်ပေါင်းများစွာအတွင်း ကမ္ဘာ့ရေးရာကိစ္စကြီးဖြစ်ရလတံ့။” လေထုညစ်ညမ်းမှုသည် “မြို့ကြီးပြကြီးမြောက်မြားစွာတွင် ကျန်းမာရေးထိခိုက်သည့်အဆင့်သို့ရောက်နေပြီး တိုင်းနိုင်ငံများစွာတွင် ကောက်ပဲသီးနှံကိုဖျက်ဆီးနေသည့်အဆင့်တိုင် ဆိုးရွားနေပြီ” ဟုထိုတွင်သတိပြုစေသည်။ ဆက်၍ဤသို့ဆိုသေးသည်။ “ဤဂြိုဟ်ပေါ်နေထိုင်သူဦးရေ တိုးများလာလေ သစ်ပင်နှင့်တိရစ္ဆာန်အမျိုးပေါင်း လျော့နည်းလာလေဖြစ်သည်။ ဇာတိဒေသဖျက်ဆီးမှုနှင့်ညစ်ညမ်းမှုတို့က ကမ္ဘာမြေကြီး၏ဇီဝရုပ်ခြားနားမှုကို လျော့နည်းစေသည်။ အပူချိန်တိုးများလာခြင်းနှင့် အိုဇုန်းလွှာပျက်ပြုန်းခြင်းတို့ကြောင့် ဆုံးရှုံးမှုများ တိုးများစေနိုင်သည်။”
ထိုကြောင့် ကမ္ဘာအသစ်အစီအစဉ်တစ်ခုကို လူတို့ရှာပုံတော်ဖွင့်ခြင်းကား ပြဿနာအပြည့်ရှိနေကြောင်း ထင်ရှားပေသည်။ ရှာပုံတော်အောင်မြင်မည်လော။ ကမ္ဘာအသစ်တည်လုနီးပြီဟု ဆိုနိုင်ပါမည်လော။ ဆိုနိုင်ပါက မည်သို့ရောက်ရှိလာမည်နည်း။