ကျန်းမာမှုနှင့်ပျော်ရွှင်ခြင်း—သင့်အတွက် ဖြစ်နိုင်မည်လော
မစုံလင်သော လူယောက်ျားနှင့်မိန်းမစရှိကတည်းက သူတို့သည် ကျန်းမာရေးနှင့်ပျော်ရွှင်မှုကို တောင့်တခဲ့ကြသည်။ ယင်းတို့သည် လူသားတို့တောင့်တရာများထဲမှ အရေးကြီးဆုံးနှစ်ခုဖြစ်သော်လည်း ၄င်းတို့သည်ရှောင်ဖယ်နေကြသည်။
လူတို့သည်ယင်းကိုအတော်လေ့လာခဲ့ပြီး၊ ဤသုတေသနအပေါ် အကြံဉာဏ်များစွာပေးခဲ့သည်။ ဒေါက်တာဒဲန်နစ်ဂျက်ပီက “ယနေ့တွင်၊ တာရှည်သောကျန်းမာရေးနှင့် ကုသမှုသည် သင်၏စရိုက်ကိုယ်နှိုက်ပေါ်မူတည်လေ့ရှိသည်” ဟုဆိုသည်။ တစ်ခါတွင်အာဗြဟံလင်ကွန်းက “လူတို့သည် သူတို့ပျော်ရွှင်ရန်ဆုံးဖြတ်သည့်အလျောက် ပျော်ရွှင်ကြသည်” ဟုဆိုခဲ့သည်။ သင်သဘောတူပါသလော။ ပျော်ရွှင်မှုအပေါ် သင်၏တောင့်တမှု မည်မျှပြင်းထန်ပါသနည်း။ ကျန်းမာရေးကောင်းရရှိရန် ယင်းအပေါ်မည်မျှမူတည်ပါသနည်း။
လူတို့သည် ပျော်ရွှင်မှုအတွက် နေရာတကာတွင် မကုန်ဆုံးနိုင်တော့ဟုထင်ရသော သဲလွန်စများနောက်လိုက်ကြသည်။ သူတို့သည်အတွေးအခေါ်၊ စိတ်ပညာ၊ အဘိဓမ္မာများကို စူးစမ်းခဲ့ကြသည်။ ပျော်ရွှင်မှုရှာရာ၌အချို့သည် သိပ္ပံ၊ ဝိဇ္ဇာနှင့်တေးဂီတများကို စူးစမ်းခဲ့ကြသည်။ စစ်မှန်သောပျော်ရွှင်မှု၏အဓိကအပိုင်းသည် ကျန်းမာရေးကောင်းရှိခြင်းနှင့် ဆက်နွယ်နေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ “သင့်ကျန်းမာရေးကောင်းလျှင် အရာခပ်သိမ်းရသလောက်နီးပါးရှိပြီ” ဟုကျော်ကြားသော တီဗွီကြော်ငြာတစ်ခုကဆိုသည်။
ယင်းကိုလိုက်လျှောက်လျက်၊ လူအများသည် နည်းလမ်းမှန်သည်ကော၊ မမှန်သည်ကောကျန်းမာရေးသီအိုရီအမျိုးမျိုးကို စူးစမ်းခဲ့ကြသည်။ စာကြည့်တိုက်အားလုံးနီးပါးပင် မကုန်ဆုံးနိုင်သော ဖြစ်နိုင်ဖွယ်ဓာတ်စာစားနည်းနှင့် ကုသနည်းများကိုဖော်ပြသည်။ “ရှေးခေတ်ကတည်းမှစ၍ ကျန်းမာရေးအကြောင်းစာအုပ်များစွာ ရေးသားခဲ့သည်” ဟုထင်ရှားသောနှလုံးပါရဂူ ဒေါက်တာပေါလ်ဒုလေဝှိုက်က မှတ်ချက်ချခဲ့သည်။ “အကောင်းဆုံးမှာ၊ နှစ်ပေါင်းတစ်ထောင်ခန့်ကရေးသားခဲ့သော Regiment of Helthe စာအုပ်ပင်ဖြစ်သည်။”
သို့ပင်ငြားလည်း၊ ကျန်းမာရေးနှင့်ပျော်ရွှင်မှုကို ရှာဖွေခြင်းသည် လူအများစုအတွက် စိတ်ဓာတ်ကျဖွယ်ဖြစ်နေခဲ့သည်။ ကျွန်ုပ်တို့၏အခြေအနေသည် မည်မျှတိုးတက်ခဲ့သည်ကို ထောက်ရှုလျက်ယင်းကြောင့် သင်အံ့သြမိပါသလော။ သိပ္ပံသည်ဖျားနာခြင်း၊ အိုမင်းခြင်းနှင့်သေခြင်းကို မဖယ်ရှားနိုင်ကြောင်း ထင်ရှားနေပါသည်။
သို့သော်ကျွန်ုပ်တို့တွင် ပျော်ရွှင်မှုကိုတိုင်းထွာရန်နည်းလမ်းနှင့် ယင်းသည်ဘာဖြစ်သည်ကို ကောင်းစွာမဖော်ပြနိုင်သေးခြင်းကို သင်သိလျှင်ထပ်၍အံ့သြဦးမည်လော။ “ပျော်ရွှင်မှုအပေါ် သုံးသပ်ခြင်း” ဟောပြောချက်တွင် ပီရာတရပ်ဒ်ရှာဒါက “နှစ်ရာစုပေါင်းများစွာပင် ယင်းကိုများလှစွာသောစာအုပ်များ၊ စူးစမ်းမှုများ၊ တစ်ဦးချင်းနှင့်အဖွဲ့လိုက်သုတေသနပြုမှုများ၊ တစ်ခုပြီးတစ်ခုပြုလုပ်ခဲ့ကြပြီး၊ ဝမ်းနည်းဖွယ်ကား၊ တစ်သဘောတည်းထိုင်ရန် လုံးဝမအောင်မြင်ကြချေ။ ကျွန်ုပ်တို့အများစုအတွက်မူအဆုံး၌၊ ဆွေးနွေးခန်းတစ်ခုလုံးမှ တစ်ခုတည်းသောလက်တွေ့ကျကျ ဆုံးဖြတ်ချက်မှာ အချည်းနှီးသာဟူ၍ဖြစ်သည်။”
သင်ကော ပျော်ရွှင်မှုနှင့်စပ်လျဉ်း၍ ထိုသို့ပင်ထင်မြင်ပါသလော။ သင့်ကိုယ်ကိုသင် ရိုးသားသောမေးခွန်း အချို့မေးပါလေ။ သင်သည်ယခုအမှန်ပင် ပျော်ရွှင်ပါသလော။ သို့မဟုတ်စစ်မှန်သော ပျော်ရွှင်မှုသည် ကောင်းကင်၌သာ တွေ့မည်လော။ ကျွန်ုပ်တို့သည်ကျန်းမာမှုနှင့်ပျော်ရွှင်မှုကို ဤမြေကြီးကိုယ်နှိုက်တွင်ပင်ရရှိရန် တကယ့်အလားအလာရှိပါသလော။