ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၈/၁၅ စာ. ၁၂-၁၇
  • ယေဟောဝါ၏ကြွယ်ဝသော ကောင်းမြတ်တော်မူခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏ကြွယ်ဝသော ကောင်းမြတ်တော်မူခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်၏ကောင်းမြတ်တော်မူခြင်း
  • ဖန်ဆင်းခြင်း၌ထင်ရှားသည့်ကောင်းမြတ်ခြင်း
  • လူသားတို့၏ကျရှုံးခြင်းနှင့်ကယ်တင်ခြင်း
  • ယနေ့ဘုရားသခင့်ကောင်းမြတ်တော်မူခြင်း
  • ဘုရားသခင့်ကောင်းမြတ်တော်မူခြင်း၏ အံ့ဖွယ်ကောင်းသောစွမ်းဆောင်မှုနယ်ပယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ယေဟောဝါ—အမြင့်မြတ်ဆုံး ကောင်းမြတ်ခြင်း စံနမူနာရှင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • “ကိုယ်တော်၏ကောင်းမြတ်ခြင်းသည် အလွန်ကြီးမြတ်လှတကား”
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ကောင်းမြတ်ခြင်း—ဘယ်လို မွေးမြူနိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၈/၁၅ စာ. ၁၂-၁၇

ယေဟောဝါ၏ကြွယ်ဝသော ကောင်းမြတ်တော်မူခြင်း

“ကိုယ်တော်ကိုခန့်ညားသူတို့အဖို့သိုမှီးထားသောကောင်းမြတ်တော်မူခြင်းသည်ကြွယ်ဝလှသည်တကား။”—ဆာလံ ၃၁:၁၉၊ NW.

၁၊ ၂။ (က) ဝေးလံသောအတိတ်ကာလ၌ အဘယ်ဧရာမလုပ်ငန်းကြီးကို ယေဟောဝါလုပ်ဆောင်တော်မူသနည်း။ (ခ) မိမိ၏ဖန်ဆင်းခြင်းလုပ်ငန်းများ၏ရလဒ်အကြောင်း ယေဟောဝါမည်သို့ဖော်ကျူးတော်မူသနည်း။

အ ခါတစ်ပါး၌ ဘုရားသခင်သည် ‘ကောင်းကင်ဘုံကိုပလ္လင်တော်အဖြစ်၊ မြေကြီးကိုခြေတင်ရာခုံအဖြစ်’ စတင်ဖန်ဆင်းတော်မူခဲ့၏။ (ဟေရှာယ ၆၆:၁) မည်သည့်အချိန်၌ ဖန်ဆင်းခဲ့သည်ကိုကား ဘုရားသခင်ထံမှသက်ရောက်သော မှတ်တမ်း၌ဖော်ပြထားခြင်းမရှိပေ။ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏” ဟူ၍သာ ရိုးရိုးလေးဖော်ပြထားသည်။ (ကမ္ဘာဦး ၁:၁) ဖန်ဆင်းရာကာလအတောအတွင်း မရေမတွက်နိုင်သော ဂက်လက်ဆီများ ဖြစ်တည်လာကြသည်။ ဂက်လက်ဆီအများ၌ ကြယ်သန်းပေါင်းများစွာပါဝင်ကြသည်။ ဂက်လက်ဆီတစ်ခု၏ အစွန်အဖျားတစ်နေရာ၌ အတန်အရာသေးငယ်ပြီး မှောင်မည်းသည့်ဂြိုဟ်များလှည့်ပတ်နေသည့် ထွန်းလင်းတောက်ပသောကြယ်တစ်လုံးတည်ရှိသည်။ ထိုဂြိုဟ်များအနက်မှ တစ်လုံးသည်ကမ္ဘာမြေကြီးအမည်တွင်လာသည်။ ကြီးမား၍ထွန်းတောက်သော ကြယ်များနှင့်နှိုင်းယှဉ်လိုက်သော် ကမ္ဘာမြေကြီးသည်မပြောပလောက်သောအရာမျှသာဖြစ်သည်။ သို့တစ်စေ၊ ယင်းသည် မိမိခြေတင်ရာခုံအဖြစ်ယေဟောဝါရည်ရွယ်ထားရာဖြစ်သည်။

၂ သို့နှင့်ယေဟောဝါသည် မိမိ၏ဖန်ဆင်းခြင်းဆိုင်ရာ စွမ်းပကားကိုကမ္ဘာဂြိုဟ်ဘက်သို့လှည့်တော်မူ၏။ ‘ဝေနေယျသတ္တဝါအပေါင်းတို့တွင်သားဦး’ ဖြစ်သူသည် ဗိသုကာချုပ်တစ်ဦးအနေနှင့် အထံတော်ပါးတွင်ခစားလျက်ရှိစဉ် ရှည်လျားသည့်ဖန်ဆင်းရာ “နေ့ရက်” ကာလခြောက်ရက်အတွင်း သေးငယ်၍မှောင်မည်းသည့် ၄င်းအစိုင်အခဲ အသွင်ပြောင်းလဲခဲ့သည်။ တင်စား၍ပြောရလျှင် ၄င်းသည်ဘုရားသခင်အတွက် တင့်တယ်သောခြေတင်ရာခုံဖြစ်လာလေသည်။ (ကောလောသဲ ၁:၁၅။ ထွက်မြောက်ရာ ၂၀:၁၁။ သု၊ ၈:၃၀) ၄င်းပေါ်တွင် အသိဉာဏ်ရှိသော သတ္တဝါအသစ်တစ်မျိုးဖြစ်သည့် လူသားကိုနေရာချထားရန် ဘုရားသခင်ကြံရွယ်ထားတော်မူ၏။ မြေကြီးမှဒြပ်စင်များဖြင့် ဖန်ဆင်းခြင်းခံရသော ကနဦးလူသားမောင်နှံတို့သည် ချစ်စရာကောင်း၍အထူးသာယာနှစ်မြို့ဖွယ်သော ဝန်းကျင်တွင်နေရာချထားခြင်းခံရကြသည်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇။ ၂:၇၊ ၈) ထူးခြားသောဤဖန်ဆင်းခြင်းလုပ်ရပ်မှ ထွက်ပေါ်လာသည့် နောက်ဆုံးအကျိုးသည် အလွန်စုံလင်ပြည့်ဝပြီး အလွန်လည်းတင့်တယ်လှပသဖြင့် ဆဌမဖန်ဆင်းရာနေ့ရက်၏နောက်ဆုံးပိုင်းဖြစ်သည့် နံနက်ပိုင်းတွင်ဘုရားသခင်၏ခံစားချက်အကြောင်းကို သမ္မာကျမ်းစာက အောက်ပါအတိုင်းဖော်ပြထား၏။ “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင် အလွန်ကောင်းသည်ကိုမြင်” တော်မူ၏။—ကမ္ဘာဦး ၁:၃၁။

ဘုရားသခင်၏ကောင်းမြတ်တော်မူခြင်း

၃။ ဖန်ဆင်းခံအရာများ၌ ဘုရားသခင်၏အဘယ်ထူးခြားသောဂုဏ်ရည်တော်ပေါ်လွင်နေသနည်း။

၃ နှစ်ထောင်ပေါင်းများစွာကုန်လွန်ပြီးနောက် ထိုကနဦးလူသားမောင်နှံတို့၏ နောင်လာနောင်သားတစ်ဦးဖြစ်သူက ဖန်ဆင်းစဉ်အချိန်ကာလကို ပြန်ပြောင်းသုံးသပ်၍ ဤသို့ရေးသားခဲ့သည်။ “ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့်ထာဝရအဖြစ်တော်တည်းဟူသောမျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ထင်ရှားလျက်ရှိကြ၏။” (ရောမ ၁:၂၀) မှန်ပေသည်၊ ကမ္ဘာမြေနှင့်ယင်းအပေါ်ရှိသတ္တဝါတို့၌ တွေ့ရသည့်အမွန်မြတ်ဆုံးသောအခြေအနေက ဘုရားသခင်၏မျက်မြင်မရသော ဂုဏ်ရည်တော်များကို အံ့ဖွယ်ထင်ဟပ်လျက်ရှိသည်။ ထိုဂုဏ်ရည်တော်တို့တွင် ဘုရားသခင့်ကြွယ်ဝသော ကောင်းမြတ်တော်မူခြင်းသည်လည်းအရေးပါသည်။ သို့ဖြစ်သောကြောင့်ဖန်ဆင်းသမျှအရာတို့သည် ကောင်း၏ဟုဘုရားသခင်မိန့်မြွက်ခဲ့သည်မှာဆီလျော်လှသည်တကား။—ဆာလံ ၃၁:၁၉။

၄၊ ၅။ ကောင်းမြတ်ခြင်းကားအဘယ်နည်း။

၄ ကောင်းမြတ်ခြင်းသည် ဂလာတိ ၅:၂၂ တွင်တမန်တော်ပေါလုဖော်ပြထားသည့် ဘုရားသခင့်ဝိညာဉ်တော်အသီး၏ဆဌမမြောက်အသွင်ပြင်လက္ခဏာဖြစ်သည်။ လွန်ခဲ့သော ကင်းမျှော်စင်မဂ္ဂဇင်းလေ့လာမှုအခန်းများ၌ ဝိညာဉ်တော်အသီးငါးလုံးအကြောင်းနှင့်တကွ ရင့်ကျက်သောခရစ်ယာန်ဥပဓိရုပ်ကို တိုးတက်ကောင်းမွန်အောင်ပြုပြင်ရာတွင် ၄င်းတို့၏အရေးပါပုံတို့ကိုဆွေးနွေးခဲ့ပြီးဖြစ်သည်။aသို့သော် ကောင်းမြတ်ခြင်းကိုလည်းမမေ့ဖို့အရေးကြီးလှသည်။ ထို့ကြောင့်ဤအရည်အချင်းကို ယခုကျွန်ုပ်တို့လျောက်ပတ်စွာအာရုံပြုသွားကြမည်။

၅ ကောင်းမြတ်ခြင်းကားအဘယ်နည်း။ ကောင်းမြတ်သောအရည်အသွေး၊ ကောင်းမြတ်သောအခြေအနေ၊ စာရိတ္တမွန်မြတ်ခြင်း၊ သီလစင်ကြယ်ခြင်းဖြစ်သည်။ ထို့ကြောင့်ကောင်းမြတ်ခြင်းသည် သူတစ်ပါးအကျိုးသယ်ပိုး၍ ကောင်းကျိုးပြုသည့်အပြုသဘောဆောင်သော အရည်အချင်းတစ်ရပ်ဖြစ်သည်။ ချစ်စရာကောင်းသောဤအရည်အချင်းကို ကျွန်ုပ်တို့မည်သို့ပြသနိုင်သနည်း။ အခြေခံအားဖြင့်ယေဟောဝါကိုအတုယူခြင်းအားဖြင့်ဖြစ်သည်။ ထို့ကြောင့်ခရစ်ယာန်တစ်ဦးအနေနှင့် ကောင်းမြတ်ခြင်းကို ကျွန်ုပ်တို့မည်သို့ထင်ရှားစေနိုင်ကြောင်းကို မဆွေးနွေးမီ လူ့မိသားစုအတွက် စီမံပြင်ဆင်ပေးရာတွင်လည်းကောင်း၊ လူ့မိသားစုကြီးနှင့် ဆက်ဆံရာတွင်လည်းကောင်း မေတ္တာရှင်ဘုရားသခင်ယေဟောဝါပြသတော်မူခဲ့သည့် ကောင်းမြတ်တော်မူခြင်းအကြောင်းကို ဆန်းစစ်ကြည့်ကြပါစို့။

ဖန်ဆင်းခြင်း၌ထင်ရှားသည့်ကောင်းမြတ်ခြင်း

၆။ အသိဉာဏ်ရှိသောအခြားသက်ရှိပုံစံများကိုဖန်ဆင်းရန် ယေဟောဝါအား အဘယ်အရာကစေ့ဆော်တော်မူသနည်း။

၆ အသိဉာဏ်ရှိသောသတ္တဝါများအား အသက်ကိုမျှဝေခံစားစေရန် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်အား အစကနဦး၌ အဘယ်အရာကစေ့ဆော်ပေးခဲ့သနည်း။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟူသောတမန်တော်ယောဟန်ပြောဆိုရာတွင် ၄င်းမေးခွန်းကိုဖြေဆိုထားသည်။ (၁ ယောဟန် ၄:၈) မှန်ပေသည်၊ အခြားသက်ရှိပုံစံများကို ဖန်ဆင်း၍အချို့ကို ကောင်းကင်စံအိမ်၌လည်းကောင်း၊ အချို့တို့ကိုမြေကြီးစံအိမ်၌လည်းကောင်း နေရာချပေးရန် ကြီးမြတ်သောအသက်ပင်ရင်းဖြစ်တော်မူသော ကိုယ်တော်အားကိုယ်ကျိုးမဖက်သောမေတ္တာတော်က လှုံ့ဆော်ပေးခဲ့ခြင်းဖြစ်သည်။ ကောင်းကင်ဘုံ သို့မဟုတ် ကောင်းကင်သတ္တဝါများမည်သို့မည်ပုံရှိသည်ကို ကျွန်ုပ်တို့အနည်းအကျဉ်းမျှသာသိရှိကြသည်မှာ ဆိုဖွယ်မရှိပါ။ သူတို့သည် လူ့မျက်စိဖြင့်မမြင်နိုင်သော နာမ်ဝိညာဉ်များဖြစ်ပြီး သူတို့၏စံအိမ်မှာနာမ်ဝိညာဉ်လောက၌ရှိသည်။ သို့သော် လူသား,သားသမီးများအတွက် ယေဟောဝါပြင်ဆင်ပေးတော်မူသည့် သင့်ပတ်လည်ရှိ မြေကြီးစံအိမ်ကိုကြည့်လိုက်ပါ။ လူကိုယ်တိုင်ကိုလည်းဆင်ခြင်သုံးသပ်ကြည့်ပါ။ ထိုအခါ ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းဆိုင်ရာမငြင်းဆန်နိုင်သော သက်သေသာဓကများကို သင့်မျက်စိဖြင့်ဒိဌတွေ့မြင်လာပေလိမ့်မည်။

၇-၉။ ကမ္ဘာမြေနှင့် ၄င်းပေါ်ရှိလူကို ဘုရားသခင်ဖန်ဆင်းတော်မူပုံကိုကြည့်ခြင်းအားဖြင့် ကိုယ်တော့်ကောင်းမြတ်တော်မူခြင်းကို အဘယ်သို့တွေ့ရသနည်း။

၇ ယေဟောဝါသည် ကျွန်ုပ်တို့၏ကနဦးမိဘနှစ်ပါးအား အသက်ကိုပေးတော်မူ၏။ ထိုမျှမကဘဝကို အထူးသာယာပျော်ရွှင်စရာဖြစ်အောင်လည်း ဖန်တီးပေးထားတော်မူ၏။ အစချီပြောရလျှင် သူတို့၏စံအိမ်ဖြစ်သောကမ္ဘာကို လည်ပတ်နေအောင်၊ အပူအအေးမျှတအောင်၊ လေထုအလောတော်ဖြစ်အောင် ဖန်ဆင်းထားတော်မူ၏။ လူသားများ၏အကျိုးကျေးဇူးနှင့် စိတ်ချမ်းသာမှုအတွက် ဆိုစရာမရှိဆောင်ရွက်ပေးသည့် ရေ၊ နိုက်ထရိုဂျင်နှင့်အောက်စီဂျင်သံသရာများကို စတင်လည်ပတ်စေတော်မူ၏။ မြေကြီးမျက်နှာပြင်ကို အမျိုးအမည်ထောင်ပေါင်းများစွာရှိသော အပင်တို့ဖြင့်လွှမ်းခြုံတော်မူ၏။ အချို့အပင်တို့မှာ လူတို့အတွက်စားစရာဖြစ်ပြီးလျှင် အချို့တို့မှာမျက်စိပသာဒအတွက်ဖြစ်သည်။ အသွေးအရောင်စုံလင်၍ သာယာနာပျော်ဖွယ်ကောင်းသော တွန်ကျူးသံဖြင့်ကြည်နူးမှုပေးစွမ်းနိုင်သည့် ကျေးငှက်သာရကာများဖြင့် မိုးကောင်းကင်ကိုပြည့်စေတော်မူ၏။ ပင်လယ်သမုဒ္ဒရာများကို ငါးအုပ်တို့ဖြင့်လည်းကောင်း၊ ကုန်းမြေကိုသားယဉ်သားရိုင်းတိရစ္ဆာန်အမျိုးစုံဖြင့်လည်းကောင်း ပြည့်စေတော်မူ၏။ အံ့မခန်းဖွယ်ကောင်းသောရက်ရောမှုပါတကား။ ဘုရားသခင်၏စိတ်ကောင်းစေတနာကောင်း၏သာဓကပါတကား။—ဆာလံ ၁၀၄:၂၄။

၈ ဘုရားသခင် လူဖန်ဆင်းပုံကိုယခုကြည့်ပါဦး။ သူ၏လက်တံခြေတံတို့သည် ဟန်ချက်ထိန်းရန်နှင့် သက်သောင့်သက်သာသွားလာရွေ့ရှားနိုင်ရန်အတွက် အလောတော်ဖြစ်သည်။ ဤသို့ဖြင့်သူ့ပတ်လည်ရှိမြေကြီးပေါ်တွင် ဖောဖောသီသီတွေ့ရသောအရာဝတ္ထုများမှ အစားအစာနှင့်အခြားလိုအပ်ရာများကိုသူ ရယူနိုင်သည်။ ယေဟောဝါသည် ရသာဖူးများကိုစီမံပေးထားသဖြင့် စားသောက်ခြင်းမှစွမ်းအင်ရရှိရေးအတွက် အသုံးအဆောင်ပစ္စည်းတစ်ခုကို လျှပ်စစ်ထုတ်ပေါက်နှင့်ဆက်သွယ်လိုက်သကဲ့သို့ ယန္တရားဆန်ဆန်လုပ်ဆောင်ခြင်းသက်သက်သာမဟုတ်တော့ပေ။ စားသောက်ခြင်းကို နှစ်သက်ပျော်ရွှင်စရာဖြစ်အောင် ဖန်တီးထားသည်ဖြစ်ရာ စားသောက်ခြင်းသည် ဗိုက်ပြည့်ရုံလောက်သာမဟုတ်ဘဲ ရသာရုံကိုပါနှိုးဆွပေးသည်။ ယေဟောဝါသည် နားကိုပေးထားသည့်ပြင် သဒ္ဒါရုံအတွက်သာယာနာပျော်ဖွယ်ကောင်းသော အသံအမျိုးမျိုးကိုပါ ဖန်တီးပေးထားတော်မူ၏။ တစ်သွင်သွင်စီးဆင်းနေသောစမ်းချောင်းကလေး၏ ငြိမ့်ညောင်းသာယာသောအသံ၊ ချိုးကူသံ၊ သို့မဟုတ် နို့စို့ကလေးငယ်တစ်ဦး၏သဘောကျ၍ ပီတီဝေဖြာသည့်ရယ်မောသံတို့ကို ကြားရသည်မှာ ကြည်နူးဖွယ်ကောင်းလှသည်တကား။ မှန်ပေသည်၊ ဖန်ဆင်းချိန်မှစ၍ မကောင်းမှုအမျိုးမျိုးဖြစ်ပျက်လာခဲ့သည့်တိုင် အသက်ရှင်ခြင်းသည် ဆက်၍ရွှင်လန်းစရာဖြစ်နေခြင်းအတွက် ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းကို ကျေးဇူးတင်ထိုက်ပေသည်။

၉ အခြားသောအာရုံများကိုလည်းကြည့်လိုက်ပါဦး။ ကျွန်ုပ်တို့မျက်စိပသာဒအတွက် နှစ်မြို့ဖွယ်ကောင်းသောအရောင်အသွေးမည်မျှစုံလင်များပြားလှသည်တကား။ မွှေးကြိုင်သင်းပျံ့သောပန်းရနံ့ကို ရှူရှိုက်ရသည်မှာမည်မျှအားရကျေနပ်ဖွယ်ပါတကား။ “ကျွန်ုပ်သည်ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့ဖွယ်ဖြစ်” သည်ဟု ယေဟောဝါအား ဆာလံဆရာကချီးမွမ်းခဲ့သည်မှာအံ့သြစရာမဟုတ်ပေ။—ဆာလံ ၁၃၉:၁၄။

လူသားတို့၏ကျရှုံးခြင်းနှင့်ကယ်တင်ခြင်း

၁၀။ ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းကို လူအများမည်တုံ့ပြန်ခဲ့ကြပြီနည်း။ သို့တစေ ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းမှ သူတို့အဘယ်သို့အကျိုးကျေးဇူးဆက်လက်ခံစားရကြသနည်း။

၁၀ ဝမ်းနည်းစရာကောင်းသည်မှာ အချိန်အတန်ကြာသော် ကျွန်ုပ်တို့၏မိဘနှစ်ပါးသည် သူတို့အပေါ်ဘုရားသခင်ပြသတော်မူသည့် ကောင်းမြတ်တော်မူခြင်းရှိသမျှကို လေးမြတ်သည့်သဘောမရှိကြောင်းပြသခဲ့ကြသည်။ ယေဟောဝါ၏အမိန့်တော်များကို မနာခံဘဲ ကိုယ်တော်ပြဌာန်းသည့်တစ်ခုတည်းသော ကန့်သတ်ချက်ကိုချိုးဖောက်ချိန်၌ ထိုသို့ပြုခဲ့ကြသည်။ အကျိုးဆက်အဖြစ်သူတို့နှင့်တကွ သူတို့၏သားမြေးတို့သည် ဝမ်းနည်းခြင်း၊ ဆင်းရဲဒုက္ခနှင့်သေခြင်းတို့ကိုခံစားကြရသည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇။ ၃:၁၆-၁၉။ ရောမ ၅:၁၂) နာခံမှုကင်းမဲ့သည့် ထိုလုပ်ရပ်ဖြစ်ပွားချိန်မှစ၍ နှစ်ထောင်ပေါင်းများအတွင်း လူသားထုအများသည် ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းကို အလေးဂရုမပြုဘဲနေခဲ့ကြသည်၊ သို့မဟုတ် တန်ဖိုးထားလေးမြတ်ခြင်းမရှိကြောင်းပြသခဲ့ကြသည်။ သို့သော်လည်း ကျေးဇူးမသိတတ်သော၊ တန်ဖိုးထားလေးမြတ်ခြင်းမရှိသောလူတို့သည် ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းမှ အကျိုးကျေးဇူးခံစားရလျက်ပင်ရှိသည်။ အဘယ်နည်းအားဖြင့်နည်း။ တမန်တော်ပေါလုက အရှေ့အလယ်ပိုင်းဒေသမှ လုတ္တရမြို့သားများအားအောက်ပါအတိုင်းရှင်းပြခဲ့သည်။ “သင်တို့အားကျေးဇူးပြုလျက်၊ အစာအာဟာရနှင့်ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ၊ မိုးကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံတို့ကိုသီးစေတတ်သောဥတုကိုပေးတော်မူသောအားဖြင့် ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူ။”—တမန်တော် ၁၄:၁၇။

၁၁။ ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းသည် လူသားများအဖို့ကြည်နူးနှစ်သက်စရာကောင်းသောစံအိမ်ကို စီမံပေးခြင်းအပြင် ထိုထက်မကအဘယ်နည်းဖြင့်ဆောင်ရွက်ပေးသနည်း။

၁၁ သို့ရာတွင် ဘုရားသခင်သည် ကမ္ဘာပေါ်တွင်ကြွယ်ဝပေါများ၍နှစ်သက်ဖွယ်ကောင်းသော၊ အသက်ရှင်ခြင်းကိုထောက်ပံ့ပေးသည့် အရာများကိုဆက်လက်ပေးကမ်းခြင်းလောက်နှင့် မိမိ၏ကောင်းမြတ်တော်မူခြင်းကို ဘောင်ခတ်ထားတော်မမူပေ။ ထိုထက်မကပြုတော်မူ၏။ ယေဟောဝါသည် အာဒံ၏သားမြေးတို့အပြစ်များကို ဖြေလွှတ်ရန်အသင့်ရှိသည့်ပြင် လူသားထဲမှသစ္စာရှိသူတို့နှင့် ဆက်ဆံရေးကိုဆက်လက်၍ပြုစုပျိုးထောင်တော်မူ၏။ ယေဟောဝါက ‘မိမိ၏ကောင်းမြတ်တော်မူခြင်းရှိသမျှကို [မောရှေ၏] ရှေ့မှောက်၌ရှောက်သွားစေမည်’ ဟူ၍ကတိထားတော်မူချိန်၌ ဘုရားသခင်ကောင်းမြတ်တော်မူခြင်း၏ ဤသွင်ပြင်လက္ခဏာကို မောရှေအားဂရုပြုစေခဲ့သည်။ ထိုအခါမောရှေသည် “ [ယေဟောဝါ၊ ယေဟောဝါ] သနားသောသဘော၊ ကျေးဇူးပြုသောသဘော၊ စိတ်ရှည်သောသဘော၊ ကရုဏာနှင့်သစ္စာကြွယ်ဝသောသဘောရှိတော်မူထသော၊ အထောင်အသောင်းတို့အား ကရုဏာကျေးဇူးတရားကို စောင့်တော်မူထသော၊ မတရားစွာကျင့်ခြင်း၊ တရားတော်ကိုလွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်များကိုဖြေလွှတ် . . . တော်မူသောဘုရားသခင်” ဟုကြွေးကြော်သည်ကိုကြားရလေ၏။—ထွက်မြောက်ရာ ၃၃:၁၉။ ၃၄:၆၊ ၇။ သမ္မ။

၁၂။ မောရှေပညတ်တရားမှ အဘယ်စီမံချက်များက ယေဟောဝါ၏ကောင်းမြတ်တော်မူခြင်းကိုဖော်ကျူးသနည်း။

၁၂ မောရှေလက်ထက်၌ ယေဟောဝါသည်ကြံရွယ်ခြင်းမရှိဘဲ အပြစ်ပြုမိသူများ ယာယီ သို့မဟုတ် အထိမ်းအမှတ်ဖြစ်သောအပြစ်လွှတ်ခြင်းရရှိနိုင်သည့် တရားဝင်စနစ်တစ်ရပ်ကို ထွန်းသစ်စဣသရေလနိုင်ငံအတွက်တည်ထောင်တော်မူ၏။ မောရှေဖျန်ဖြေစေ့စပ်ပေးသည့် ပညတ်ပဋိညာဉ်အားဖြင့် ဣသရေလလူမျိုးသည် ဘုရားသခင်၏အထူးလူမျိုးဖြစ်လာပြီး သူတို့၏အပြစ်များနှင့်မစင်ကြယ်သောအပြုအမူများကို ဖြေလွှတ်မည့်တိရစ္ဆာန်ယဇ်အမျိုးမျိုးကို ယေဟောဝါထံပူဇော်ရန် သင်ကြားခံရကြသည်။ ဤသို့ဖြင့် မစုံလင်သည့်သဘောသဘာဝရှိနေစေကာမူ နောင်တရသောဣသရေလလူမျိုးသည် လက်ခံနိုင်ဖွယ်အခြေအနေဖြင့် ယေဟောဝါအထံတော်သို့ ဆက်လက်၍ချဉ်းကပ်နိုင်ကြသည့်ပြင် မိမိတို့၏ကိုးကွယ်မှုကို ကိုယ်တော်နှစ်သက်တော်မူကြောင်းသိရှိကြသည်။ ပညတ်တရားအောက်ရှိ ထိုနိုင်ငံ၏နိုင်ငံသားတစ်ဦးဖြစ်သူ ရှင်ဘုရင်ဒါဝိဒ်သည် ဤကိစ္စတွင် ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းကိုသိရှိကြောင်း အောက်ပါအတိုင်းထုတ်ဖော်ပြောဆိုခဲ့သည်။ “အကျွန်ုပ်၏ငယ်ပြစ်များကိုလည်းကောင်း၊ ကျူးလွန်ခြင်းများကိုလည်းကောင်း သတိရတော်မမူဘဲ၊ ကောင်းမြတ်တော်မူခြင်းကိုထောက်၍မေတ္တာကျေးဇူးတော်အလျောက်အကျွန်ုပ်ကိုသတိရတော်မူပါ။”—ဆာလံ ၂၅:၇။ သမ။

၁၃။ အပြစ်ဖြေလွှတ်ခြင်းအတွက် တိရစ္ဆာန်ယဇ်ထက်ပို၍ထိရောက်မှုရှိသောနည်းကို ယေဟောဝါမည်သို့စီမံပေးတော်မူခဲ့သနည်း။

၁၃ အချိန်တန်သောအခါ ယေဟောဝါ၏ကောင်းမြတ်တော်မူခြင်းသည် ကိုယ်တော်အား သာ၍ထိရောက်ပြီး တည်မြဲသောအပြစ်ဖြေလွှတ်နည်းကို စီမံပေးရန်စေ့ဆော်ပေးသည်။ ဒါဝိဒ်မင်း၏နောင်လာနောက်သားတစ်ဦးဖြစ်သော ယေရှု၏ပူဇော်သက္ကာအားဖြင့် ထိုသို့စီမံတော်မူခဲ့သည်။ (မဿဲ ၁:၆-၁၆။ လုကာ ၃:၂၃-၃၁) ယေရှုသည်ဒုစရိုက်ပြုတော်မမူ။ သို့ဖြစ်သောကြောင့် ကိုယ်တော်သေလွန်စဉ်၌ ယဇ်အဖြစ်ပူဇော်လိုက်သည့် ကိုယ်တော့်အသက်တော်သည် ကြီးမားသည့်တန်ဖိုးရှိသည်။ ယင်းကိုအာဒံ၏အပြစ်ရှိသော သားမြေးအကျုံးဝင်သောရွေးနှုတ်ဖိုးအဖြစ် ဘုရားသခင်လက်ခံတော်မူ၏။ တမန်တော်ပေါလုဤသို့ရေးသားခဲ့သည်။ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ဘုရားသခင့်ရှေ့တော်၌အသရေပျက်ကြပြီ။ ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဖိုးကိုမပေးဘဲ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်ရကြ၏။ . . . ယေရှုခရစ်၏အသွေးတော်ကိုယုံကြည်ခြင်းအားဖြင့် ထိုခရစ်တော်ကိုအပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှာ ခန့်ထားတော်မူပြီ။”—ရောမ ၃:၂၃-၂၆။

၁၄။ ရွေးနှုတ်ဖိုးပူဇော်သက္ကာအားဖြင့် လူသားများအဖို့ အဘယ်အံ့ဖွယ်မျှော်လင့်ချက်များ အကောင်အထည်ပေါ်လာသနည်း။

၁၄ ယေရှု၏ရွေးနှုတ်ဖိုးပူဇော်သက္ကာကို ယုံကြည်ခြင်းသည် ခရစ်ယာန်များအတွက်အကျိုးများစွာ ပြီးမြောက်အောင်ဆောင်ရွက်ပေးသည်။ ဣသရေလလူမျိုးအတွက် ပညတ်တရားအောက်ရှိ ယဇ်ကောင်များပြီးမြောက်အောင်ဆောင်ရွက်ပေးနိုင်သည်ထက်များစွာသာလွန်သည်။ ယင်းရွေးနှုတ်ဖိုးကြောင့် အရေအတွက်အကန့်အသတ်ရှိသော ခရစ်ယာန်တို့ကိုဖြောင့်မတ်ကြောင်းကြေညာ၍ ဘုရားသခင့်သားများအဖြစ် ကိုယ်တော့်ဝိညာဉ်တော်အားဖြင့် မွေးစားတော်မူ၏။ ဤသို့ဖြင့် သူတို့သည် ယေရှု၏ညီတော်များဖြစ်လာကြကာ ကိုယ်တော်နှင့်အတူကောင်းကင်နိုင်ငံတော်တွင် စိုးစံရန်နာမ်ဝိညာဉ်သတ္တဝါများအဖြစ် ရှင်ပြန်ထမြောက်မည့်မျှော်လင့်ချက်ရှိလာကြသည်။ (လုကာ ၂၂:၂၉၊ ၃၀။ ရောမ ၈:၁၄-၁၇) ဤသေးငယ်သောကမ္ဘာဂြိုဟ်ပေါ်တွင်နေထိုင်သောသတ္တဝါများအတွက် ဤသို့သောကောင်းကင်မျှော်လင့်ချက်မျိုး ဘုရားသခင်ဖွင့်ပေးတော်မူသည်ကို စိတ်ကူးကြည့်လိုက်ပါ။ ၄င်းမျှော်လင့်ချက်ကို စိတ်စွဲလမ်းကြသောလူနည်းစုလေးတစ်ခု ယခုတိုင်ကျန်ကြွင်းလျက်ရှိသေးသည်။ သို့သော်အခြားသောခရစ်ယာန်သန်းပေါင်းများစွာအတွက်မူကား ရွေးနှုတ်ဖိုးကိုယုံကြည်ကြောင်းတင်ပြခြင်းဖြင့် အာဒံနှင့်ဧဝဆုံးရှုံးခဲ့ရာဖြစ်သည့် ဥယျာဉ်ကဲ့သို့သောကမ္ဘာ၊ ပရဒိသုတွင် ထာဝရအသက်ကိုစံစားရမည့်လမ်းစပွင့်လာသည်။ ပညတ်ပဋိညာဉ်တစ်ခုတည်းအနေဖြင့် ဆည်းကပ်သူတို့အတွက် ကောင်းကင်ဆိုင်ရာအနာဂတ်မျှော်လင့်ချက်ဖြစ်စေ၊ မြေကြီးဆိုင်ရာအနာဂတ်မျှော်လင့်ချက်ဖြစ်စေမပေးစွမ်းနိုင်ပေ။

၁၅။ သတင်းကောင်း၌အဘယ်အရာပါဝင်သနည်း။

၁၅ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်သက်ဝင်လှုပ်ရှားစေသည့် ဤအစီအစဉ်နှင့်ဆိုင်သောသတင်းတရားကို “သတင်းကောင်း” ဟူ၍ခေါ်ဝေါ်ထားသည်မှာ အလွန်ဆီလျှော်လှပေသည်။ အကြောင်းမှာ ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းထင်ဟပ်ပေါ်လွင်လျက်ရှိသောကြောင့်တည်း။ (၂ တိမောသေ ၁:၉၊ ၁၀) သမ္မာကျမ်းစာ၌ သတင်းကောင်းကိုရံဖန်ရံခါ “နိုင်ငံတော်ဆိုင်ရာဤသတင်းကောင်း” ဟူ၍ခေါ်ဝေါ်သည်။ ယနေ့ဤသတင်းကောင်းသည် ရှင်ပြန်ထမြောက်သည့်ယေရှု၏အုပ်ချုပ်မှုအောက်တွင် နိုင်ငံတော်တည်ထောင်ပြီဟူသော အမှန်တရားကိုမဏ္ဍိုင်ပြုလျက်ရှိသည်။ (မဿဲ ၂၄:၁၄။ သက။ ဗျာဒိတ် ၁၁:၁၅။ ၁၄:၆၊ ၇) သို့ရာတွင် ၄င်းသတင်းကောင်း၌အခြားအကြောင်းအရာများစွာပါဝင်သည်။ အထက်၌ကိုးကားဖော်ပြထားသည့် တိမောသေအားပေါလုပြောကြားသောစကားပြဆိုသည့်အတိုင်း ကျွန်ုပ်တို့အဖို့ယေရှုရွေးနှုတ်ဖိုးပူဇော်သက္ကာပူဇော်ခဲ့သည်ကို သိကျွမ်းခြင်းလည်းပါဝင်သည်။ ၄င်းပူဇော်သက္ကာသာမရှိပါက ယေရှု၏နိုင်ငံတော်နှင့်မြေကြီးမှရွေးနှုတ်သည့် ၁၄၄,၀၀၀ သောယဇ်ပုရောဟိတ်နှင့် ရှင်ဘုရင်များအကြောင်းမဆိုထားနှင့် ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေး၊ ကျွန်ုပ်တို့၏ကယ်တင်ခြင်းတို့သည် ဖြစ်လာနိုင်စရာရှိမည်မဟုတ်ပေ။ ရွေးနှုတ်ဖိုးသည် ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းဆိုင်ရာအံ့ဖွယ်ကောင်းသော ထင်ရှားဖော်ပြချက်တစ်ရပ်ပါတကား။

ယနေ့ဘုရားသခင့်ကောင်းမြတ်တော်မူခြင်း

၁၆၊ ၁၇။ ဟောရှေ ၃:၅ သည် (က) ဘီစီအီး ၅၃၇ ခု၌ (ခ) စီအီး ၁၉၁၉ ခု၌ အသီးသီးမည်သို့ပြည့်စုံခဲ့သနည်း။

၁၆ “နောက်ဆုံးသောနေ့ရက်များ” ကိုမျှော်မြင်လျက် တမန်တော်ပေါလုက “လူတို့သည် . . . အကောင်းကိုမနှစ်သက်သူ” များဖြစ်ကြလိမ့်မည်ဟုသတိပေးခဲ့သည်။ (၂ တိမောသေ ၃:၁-၃၊ သမ) ရက်ရောခြင်းနှင့်အိမ်နီးချင်းကောင်း ပီသခြင်းကဲ့သို့သောသာမန်ကောင်းမြတ်သည့်လုပ်ရပ်များကိုပင် တန်ဖိုးထားလေးမြတ်ကြမည်မဟုတ်ပေ။ ထို့ကြောင့်ဟောရှေ ၃:၅ မှအောက်ပါစိတ်ချမ်းမြေ့ဖွယ်ကောင်းသောပရောဖက်ပြုချက်သည် အားတက်ဖွယ်ကောင်းလှပေသည်။ “ဣသရေလအမျိုးသားတို့သည် ပြန်လာ၍၊ သူတို့ဘုရားသခင် [ယေဟောဝါ] ကိုလည်းကောင်း၊ သူတို့ရှင်ဘုရင်ဒါဝိဒ်ကိုလည်းကောင်းရှာ၍ နောင်ကာလ၌ [ကောင်းမြတ်ခြင်း] ကျေးဇူးတော်ခံအံ့သောငှာ [ယေဟောဝါ] ထံတော်သို့တုန်လှုပ်လျက်ပြေးကြလိမ့်မည်။”

၁၇ ဤပရောဖက်ပြုချက်သည် ဘီစီအီး ၅၃၇ ခုတွင်ဗာဗုလုန်နယ်နှင်ခံဘဝမှ ကတိထားရာပြည်တော်သို့ ဂျူးလူမျိုးပြန်လာကြသည့်အခါ ပထမအကြိမ်ပြည့်စုံခဲ့သည်။ မျက်မှောက်ခေတ်တွင်ဝိညာဏဣသရေလလူမျိုးအကြွင်းအကျန်တို့ စာတန်၏အဖွဲ့အစည်းမှ ထွက်လာပြီး ယေဟောဝါနှင့်ကိုယ်တော့်ကောင်းမြတ်တော်မူခြင်းကို ဇွဲကောင်းကောင်းနှင့်စ၍ရှာကြသည့် ၁၉၁၉ ခုတွင်၄င်းပရောဖက်ပြုချက်စတင်ပြည့်စုံလာသည်။ ယေရှုခရစ်တော်သည် “သူတို့ရှင်ဘုရင်ဒါဝိဒ်” အဖြစ်ကောင်းကင်ဘုံတွင် ၁၉၁၄ ခုမှစ၍ စိုးစံလျက်ရှိကြောင်း သူတို့တွေ့ရှိလာသည်။ ကောင်းကင်ဘုံမှကိုယ်တော့်ကြီးကြပ်မှုအောက်တွင် သူတို့သည်ဤသတင်းကောင်းကို လူမျိုးအပေါင်းတို့အား ကြေညာသည့်တာဝန်ကိုစိတ်အားထက်သန်စွာ လက်ခံလိုက်ကြသည်။ ဤသို့ဖြင့် သူတို့မဿဲ ၂၄:၁၄ (NW) ၌မှတ်တမ်းတင်ထားသော အောက်ပါတာဝန်ကိုစတင်၍ထမ်းဆောင်လာကြသည်။ “လူမျိုးအပေါင်းတို့အားသက်သေအဖြစ် [တည်ထောင်ပြီးသော] နိုင်ငံတော်ဆိုင်ရာဤသတင်းကောင်းကို လူနေရပ်မြေတစ်ပြင်လုံးအနှံ့ဟောရလိမ့်မည်။ သို့ပြီးမှအဆုံးရောက်လိမ့်မည်။”

၁၈။ သတင်းကောင်းကြေညာရာတွင် ဝိညာဏဣသရေလလူမျိုးအကြွင်းအကျန်တို့နှင့်မည်သူတို့ ပူးပေါင်းလာကြသနည်း။

၁၈ ယနေ့ဘိသိက်ခံအကြွင်းအကျန်များနှင့်အတူ “လူအုပ်ကြီး” ပူးပေါင်းလာကြသည်။ သူတို့လည်းအလားတူ ယေဟောဝါ၏ကောင်းမြတ်တော်မူခြင်းကိုချီးကျူးကြသည်။ (ဗျာဒိတ် ၇:၉) ယခုအခါ လေးသန်းကျော်သောသူတို့သည် လူမျိုးအပေါင်းအားသတင်းကောင်းကြေညာခြင်းအားဖြင့် ရူပါရုံတွင်တမန်တော်ယောဟန်မြင်ရသော ကောင်းကင်တမန်၏အောက်ပါစကားသံကို ပဲ့တင်ထပ်စေလျက်ရှိသည်။ “ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့။”—ဗျာဒိတ် ၁၄:၇။

၁၉။ ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းဆိုင်ရာ အကြီးဆုံးသာဓကများကိုဖော်ပြပါ။

၁၉ ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းဆိုင်ရာ အကြီးဆုံးသာဓကတစ်ရပ်မှာ လက်စသတ်လုနီးသော ဤလုပ်ငန်းတော်တွင်လုပ်ဖော်ကိုင်ဖက်များအဖြစ် ကျွန်ုပ်တို့အားပါဝင်လုပ်ကိုင်စေခြင်းဖြစ်သည်။ “ပျော်ရွှင်သောဘုရားသခင်၏ဘုန်းအသရေနှင့်ပြည့်စုံသောသတင်းကောင်း” လွှဲအပ်ခံရသည်မှာ ကြီးမြတ်သည့်အခွင့်ထူးတစ်ရပ်ပါတကား။ (၁ တိမောသေ ၁:၁၁၊ NW) အခြားသူတို့အား ဤသတင်းကိုဟောပြော၍သွန်သင်ပေးခြင်းအားဖြင့် ဘုရားသခင့်ဝိညာဉ်တော်ဆိုင်ရာအရေးကြီးသည့် အသီးဖြစ်သောကောင်းမြတ်ခြင်းကို ကျွန်ုပ်တို့အဆင့်မြင့်မြင့်ထင်ရှားဖော်ပြကြသည်။ ဤသို့ဖြင့်ကျွန်ုပ်တို့သည် အောက်ပါအတိုင်းပြောဆိုခဲ့သောဘုရားသခင့်ရှေးအစေခံ ဒါဝိဒ်၏စိတ်နေစိတ်ထားမျိုးပိုင်ဆိုင်ကြသည်။ “သူတို့သည်အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဖို့ရာမြွက်ဆို၍ ဖြောင့်မတ်တော်မူခြင်းအရာကို ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။”—ဆာလံ ၁၄၅:၇။

၂၀။ ကောင်းမြတ်ခြင်းနှင့်စပ်လျဉ်းသောအဘယ်အကြောင်းအရာများကို နောက်ဆောင်းပါးတွင်ဆွေးနွေးမည်နည်း။

၂၀ သို့ရာတွင် သတင်းကောင်းဟောပြောခြင်း၌ပါဝင်ခြင်းသည် ကျွန်ုပ်တို့ဘဝအသက်တာတွင် ကောင်းမြတ်ခြင်းကို ပြသနိုင်သည့်တစ်ခုတည်းသောနည်းလမ်းဖြစ်သလော။ မဟုတ်ပါ။ “ချစ်တော်မူသောသားသမီးများအနေနှင့် ဘုရားသခင်ကိုအတုယူသူများ” ဖြစ်ကြရန် ကျွန်ုပ်တို့ကိုအားပေးထားသည်။ (ဧဖက် ၅:၁၊ NW) ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းသည် နည်းမျိုးစုံဖြင့်ထင်ရှားသည့်နည်းတူ ကျွန်ုပ်တို့၏ကောင်းမြတ်ခြင်းသည်လည်း ဘဝကဏ္ဍအသီးသီးပေါ်တွင် သက်ရောက်မှုရှိစေသင့်သည်။ အချို့ကိုနောက်ဆောင်းပါးတွင် ဆင်ခြင်သုံးသပ်ပါမည်။

[အောက်ခြေမှတ်ချက်များ]

a ဝိညာဉ်တော်အသီးတစ်လုံးစီမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ကိုယ်ကိုချုပ်တည်းခြင်းတို့ဖြစ်ကြသည်။

သင်ရှင်းပြနိုင်သလော

▫ ဖန်ဆင်းထားသည့်အရာက ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းကို မည်သည့်နည်းဖြင့်ထင်ဟပ်စေသနည်း။

▫ နောင်တရသောလူသားများ၏အပြစ်ကို ဖြေလွှတ်ရန်အတွက် အဘယ်အစီအစဉ်များကို ယေဟောဝါပြုလုပ်တော်မူခဲ့သနည်း။

▫ ဟောရှေ ၃:၅ ပြည့်စုံချက်တွင် ဘိသိက်ခံအကြွင်းအကျန်များသည် အဘယ်အချိန်တွင် ယေဟောဝါနှင့်ကိုယ်တော့်ကောင်းမြတ်တော်မူခြင်းထံ ပြန်လာခဲ့ကြသနည်း။ သို့နှင့်အဘယ်အခွင့်အရေးရရှိခဲ့သနည်း။

▫ ယနေ့ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းဆိုင်ရာ အကြီးဆုံးသာဓကတစ်ရပ်ကားအဘယ်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ