ငြိမ်းချမ်းခြင်းနှင့်လုံခြုံမှုဆိုင်ရာ သမ္မာကျမ်းစာရှုထောင့်
ကမ္ဘာ့စည်းလုံးမှုဖြစ်စရာအကြောင်းများလာ၍ ယင်းကြောင့်ငြိမ်းချမ်းခြင်းနှင့်လုံခြုံမှုရှိမည်မျှော်လင့်ခြင်းကို လူအများအပေါ်ယံသာတွေ့မြင်ကြသည်။ ဤပြောင်းလဲမှုသည် သာ၍ကောင်းသောကမ္ဘာသို့ဦးတည်သည်ဟု မျှော်လင့်ကြသည်။ သို့သော် တွေ့မြင်နေရသည့်အဖြစ်အပျက်တို့ထက် အဓိပ္ပာယ်လေးနက်ကြောင်း သမ္မာကျမ်းစာတင်ပြသည်။
ဝိညာဉ်တော်မှုတ်သွင်းခြင်းအားဖြင့် ပထမရာစုရှိ ခရစ်ယာန်အသင်းတော်တစ်ခုထံ တမန်တော်ပေါလုရေးသားခဲ့သည့်စာကြောင့် အထူးသဖြင့်ခရစ်ယာန်များအတွက် ငြိမ်းချမ်းခြင်းနှင့်လုံခြုံမှုသည် စိတ်ဝင်စားဖွယ်ဖြစ်သည်။ ယင်းကို ၁ သက်သာလောနိတ် ၅:၃ တွင်မှတ်တမ်းတင်ထားသည်။ “ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏ဟုဆိုစဉ်တွင် ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာရောက်သကဲ့သို့ သူတို့အပေါ်၌ လျင်မြန်စွာသောပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့်မရှိရကြ။” ဤကျမ်းချက်သည် အရေးကြီးသောမေးခွန်းများ ပေါ်ပေါက်စေသည်။
ငြိမ်းချမ်းခြင်းနှင့်လုံခြုံမှု —မည်သည့်အရာ၏ပဏာမနည်း
အထက်ပါပေါလု၏ရှေ့နောက်စကားများကိုဖတ်ရှုမည်ဆိုလျှင် “ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏” ဟုဆိုသူတို့မှာ နိုးကြားသောခရစ်ယာန်များမဟုတ်ဘဲ အဖြစ်မှန်ကိုသတိမရှိငိုက်မျဉ်းနေသူများဖြစ်ကြောင်း သဘောပေါက်လိမ့်မည်။ အခြေအနေအလွန်ဆိုးရွားသည်ကို သူတို့မသိကြခြင်းကား အရာခပ်သိမ်းတိုးတက်ပြောင်းလဲနေသည်ဟု သူတို့ထင်မြင်နေကြခြင်းကြောင့်ဖြစ်သည်။ သို့သော် ခရစ်ယာန်များနှင့်စပ်လျဉ်း၍ ပေါလုဤသို့ဆိုသည်။ “ညီအစ်ကိုတို့ ကပ်ကာလအချိန်များကို သင်တို့အားရေး၍ပေးလိုက်စရာအကြောင်းမရှိ။” (၁ သက်သာလောနိတ် ၅:၁) မှန်သည်၊ ဘုရားသခင့်အချိန်ဇယားကို ကျွန်ုပ်တို့သတိထားသင့်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ “သခင်ဘုရား၏နေ့ရက်” ဟုခေါ်သော ရုတ်တရက်ပျက်စီးခြင်းဘေးသည် “သူခိုးသည် ညအခါလာသကဲ့သို့ လာလိမ့်မည်” ဟုပေါလုပြောခဲ့သောကြောင့်ဖြစ်သည်။—၁ သက်သာလောနိတ် ၅:၂။
ငြိမ်းချမ်းခြင်းနှင့်လုံခြုံမှုအကြောင်းပြောဆိုရာ၌ အဘယ်အရာပါဝင်သနည်း။ အပြောသက်သက်မဟုတ်သည်မှာ ထင်ရှားသည်။ စစ်ဆင်နွှဲကြစဉ်ပင် ငြိမ်းချမ်းရေးအကြောင်း လူတို့တိုင်ပင်နှီးနှောကြသည်။ ထိုကြောင့် လူမျိုးတို့သည် ထူးခြားစွာဖြင့် ငြိမ်းချမ်းခြင်းနှင့်လုံခြုံမှုရရှိနေချိန်ကို ပေါလုရည်ညွှန်းနေခြင်းဖြစ်ပေမည်။ သို့သော် ယင်းကအပေါ်ယံမျှသာဖြစ်မည်။ အကြောင်းမှာ ရုတ်တရက်ပျက်စီးခြင်းသို့ပို့ဆောင်သော ငြိမ်းချမ်းရေးနှင့်လုံခြုံမှုသည် အစစ်အမှန်မဖြစ်နိုင်ပေ။
ယေရှုလည်း ဤရုတ်တရက်ပျက်စီးခြင်းဘေးအကြောင်း ဖော်ပြပြောဆိုခဲ့သည်။ ကိုယ်တော်က ယင်းကို “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတံ့သော ကြီးစွာသောဒုက္ခ” ဟူ၍ခေါ်ဆိုထားသည်။ ယေရှုကြွရောက်တော်မမူမီ နှစ်ရာစုပေါင်းများစွာက ပရောဖက်ဒံယေလလည်း ယင်းအကြောင်းဤသို့ပြောဆိုခဲ့သည်။ “လူမျိုးတစ်စုံတစ်မျိုးမျှဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင် မဖြစ်စဖူးသောဆင်းရဲဒုက္ခကပ်ကာလသည်ရောက်လိမ့်မည်။”—မဿဲ ၂၄:၂၁။ ဒံယေလ ၁၂:၁။
ကြီးစွာသောဒုက္ခဟုခေါ်ခေါ်၊ ဆင်းရဲဒုက္ခကပ်ကာလဟုပင်ခေါ်ခေါ်၊ ပရောဖက်ပြုချက်များအရ ယင်းသည်စာတန်၏မြေကြီးပေါ်အစီအစဉ်ကို စိုးစဉ်းမျှမကျန်ကြွင်းသည်တိုင် ဖျက်ဆီးပစ်မည်ဖြစ်သည်။ ကြိုတင်ဟောထားသည့် ငြိမ်းချမ်းပြီ၊ လုံခြုံပြီဟူသောစကားသည် ဘုရားသခင့်အလိုတော်နှင့်တွေ့မည်မဟုတ်ဘဲ အမျက်တော်သာခံရမည်တည်း။—ဇေဖနိ ၃:၈ နှင့်နှိုင်းယှဉ်။
ထင်ရှားပေါ်လွင်သည့်အချိန်ကာလ
ကမ္ဘာ့စည်းလုံးရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများနှင့် ယင်းတို့ကြောင့် ငြိမ်းချမ်းခြင်း၊ လုံခြုံမှုရရှိရန်မျှော်လင့်ချက်တို့သည် ပေါလုကြိုတင်ဟောထားသည့်သတိပေးချက်၏ပြည့်စုံခြင်းဖြစ်ပါသလော။ ဤမဂ္ဂဇင်း၌ မကြာခဏတင်ပြသည့်အတိုင်း နိုင်ငံတော်တန်ခိုးအာဏာဖြင့် ကောင်းကင်၌ယေရှုကြွရောက်နေတော်မူကြောင်းနှင့်စပ်လျဉ်းသည့် ကျမ်းစာပရောဖက်ပြုချက်အမြောက်အမြားကို ၁၉၁၄ ခုနှစ်ကတည်းက ကျွန်ုပ်တို့တွေ့မြင်ခဲ့ကြရပြီ။ (မဿဲ အခန်းကြီး ၂၄၊ ၂၅။ ၂ တိမောသေ ၃:၁-၅။ ဗျာဒိတ် ၆:၁-၈) ဤကာလ၏အစကနဦးကိုတွေ့မြင်သည့်လူမျိုးဆက် အသက်ရှင်နေဆဲ လူဆိုးတို့၏ရုတ်တရက်ပျက်စီးမည့် ယေဟောဝါ၏နေ့ရက်ရောက်မည်ဟုယေရှုဖော်ပြခဲ့သည်။—လုကာ ၂၁:၂၉-၃၃။
တမန်တော်ပေါလုကလည်း အချိန်ကာလအကြောင်း ဖော်ညွှန်းသည်။ “ငြိမ်းချမ်းရေးနှင့်လုံခြုံမှုအကြောင်း လူတို့ပြောဆိုနေကြစဉ်ပင် ဘေးအန္တရာယ်ကျရောက်လာလိမ့်မည်” ဟုသူဆိုသည်။ The New English Bible အတိုင်းဖော်ပြထားသည့် ပေါလု၏ထိုစကားများအရ “သူတို့ပြောဆိုနေကြစဉ်” ပင်ကြီးစွာသောဒုက္ခဆိုက်ရောက်လိမ့်မည်။ ညအခါသူခိုးလာသကဲ့သို့ မထင်မမှတ်သည့်အချိန်တွင်ပင် ပျက်စီးခြင်းဘေးဆိုက်မည်။ ထိုအချိန်တွင် လူအများသည် သူတို့စောင့်မျှော်ခဲ့ရာ ငြိမ်းချမ်းခြင်းနှင့်လုံခြုံမှုကိုအာရုံပြုနေကြသည်။ သို့ဖြစ်၍ လက်ရှိငြိမ်းချမ်းပြီ၊ လုံခြုံပြီစကားကိုကြားနာနေရသောအခြေအနေသည် ပေါလု၏စကားများ၏ပြည့်စုံချက်ဖြစ်သည်၊ သို့မဟုတ် ငြိမ်းချမ်းပြီ၊ လုံခြုံပြီဟူ၍ပြောဆိုခြင်းသည် မည်မျှထိဖြစ်လာမည်ကို အတိအလင်းယခုမပြောနိုင်သေးသော်လည်း တစ်ခါနှင့်မျှမတူ ဤမျှပြောဆိုနေကြခြင်းကိုယ်နှိုက်က အချိန်အခါမရွေးနိုးကြားနေဖို့လိုအပ်ကြောင်း ခရစ်ယာန်များအားသတိရှိစေသည်။
ကမ္ဘာ့အာဏာစက်များအချင်းချင်း ‘ထွန်းထိုးခြင်း’
ဆင်းရဲဒုက္ခကပ်ကာလအကြောင်း ပရောဖက်ဒံယေလပြောရာတွင် အချိန်ကာလတစ်ခေတ်အကြောင်း သူဖော်ပြသည်။ ထိုဆင်းရဲဒုက္ခကပ်ကာလသည် “တောင်ဘုရင်” “မြောက်ဘုရင်” အမည်ရှိ အာဏာစက်နှစ်ခုစပ်ကြား ကြာမြင့်စွာအတိုက်အခံပြုချိန်၏အဆုံးတွင်ဖြစ်ပျက်မည်ဟု သူတင်ပြပါသည်။ (ဒံယေလ ၁၁:၅-၄၃) ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဤအာဏာရှိအုပ်စုများသည် အရင်းရှင် “တောင်ဘုရင်” နှင့်ဆိုရှယ်လစ် “မြောက်ဘုရင်” တို့ဖြစ်ကြောင်းထင်ရှားသည်။
လွန်ခဲ့သော ၄၅ နှစ်အတွင်းထင်ရှားသည့် ဤအုပ်စုနှစ်ခုစပ်ကြား ပြင်းထန်သောပြိုင်ဆိုင်မှုသည် အခွင့်အရေးသာဖို့အတွက် နပန်းသမားနှစ်ဦး၏ “တွန်းထိုး” ခြင်းနှင့်တူမည်ဟု ဒံယေလပရောဖက်ပြုသည်။ များမကြာမီက ဤတိုက်ခိုက်မှု လျော့နည်းလာပုံရှိသည်။ သို့ဖြစ်၍ လွန်ခဲ့သောနှစ်မေလတွင် ဆိုဗီယက်နိုင်ငံခြားရေးဝန်ကြီးက စစ်အေးတိုက်ပွဲပြီးဆုံးပြီဟုကြေညာခဲ့သည်။ ဇွန်လတွင် Time မဂ္ဂဇင်းကအမေရိကန်နှင့်ဆိုဗီယက်ပြည်ထောင်စု ဆွေးနွေးပွဲပြုခဲ့ခြင်းအကြောင်း ဤသို့ဆိုသည်။ “လက်နက်ထိန်းချုပ်မှုနှင့်နျူကလီးယားစမ်းသပ်မှုဆိုင်ရာ သူတို့၏သဘောတူညီချက်အချို့သည် လွန်ခဲ့သောနှစ်အနည်းငယ်ကဆိုလျှင် အံ့အားသင့်စရာကောင်းလောက်အောင် ပြီးမြောက်အောင်မြင်မှုဟုယူမှတ်ကြမည်။ ယခုမူ အားလုံးကိုထည့်တွက်သည်တိုင် ဆိုသလောက်မဟုတ်တော့ချေ။”
အင်အားကြီးနိုင်ငံများစပ်ကြား ဤသို့သင့်မြတ်ပုံရှိခြင်းသည် ယာယီလော၊ တည်မြဲမည်လောကိုကား စောင့်၍ကြည့်ရပေမည်။ သို့သော် တစ်ခုထင်ရှားနေသည်။ ယေရှုဖော်ညွှန်းခဲ့သောအချိန်ပိုင်းသည် အတော်အတန်ကြာမြင့်ပေပြီ။ ကမ္ဘာ့အဖြစ်အပျက်တို့ကလည်း တမန်တော်ပေါလုနှင့်ပရောဖက်ဒံယေလတို့ ကြိုတင်တင်ပြခဲ့သောအဖြစ်အပျက်အဆုံးသို့ရောက်နေကြောင်း ထင်ရှားသည်။ မကြာမီကဖြစ်ပျက်ခဲ့သော နိုင်ငံရေးကိစ္စများသည် ခရစ်ယာန်ဘောင်အသင်းများ၏သြဇာလွှမ်းမိုးမှု အနည်းနှင့်အများပါခဲ့သော်လည်း တည်မြဲသောငြိမ်းချမ်းရေးသို့ ဦးတည်ပေးမည်မဟုတ်ပါ။ သို့အစား ဆန့်ကျင်ရာအဖြစ်မျိုးသို့သာဦးတည်ပို့ဆောင်မည်ဟု သာဓကများကတင်ပြနေပါသည်။