ပျားများထံမှ သူတို့သင်ယူနိုင်
“ပျားများသိရှိထားပုံရှိသည့် အလွန်ပါးလှပ်သောအရာကိုပင် ခြောက်ထောင့်မြှောင့်ပျားလပို့ပုံစံသွင်းခြင်းသည် အခြားပုံပန်းထက် သာ၍ခိုင်မာကြောင်း လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းတွင် အင်ဂျင်နီယာများနှင့်ကုန်ပစ္စည်းဒီဇိုင်နာများ တိုး၍တိုး၍သိမြင်နားလည်လာကြပြီ။”—အောက်တိုဘာ ၆၊ ၁၉၉၁၊ The New York Times, သတင်းစာ။
ပိုးမွှားများကိုလေ့လာသုံးသပ်ခြင်းမှ လူတို့အကျိုးအမြတ်ထုတ်နိုင်ကြောင်း အံ့ဩစရာမရှိပါ။ ယုံကြည်ခြင်းပြင်းထန်သောရှေးလူကြီးယောဘ တစ်ချိန်ကဤသို့ဆိုသည်။ “သားမျိုးနှင့်မိုးကောင်းကင်ငှက်တို့ကိုမေးမြန်းလော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။ . . . ဤအမှုတို့ကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] စီရင်တော်မူကြောင်းကို ထိုတိရစ္ဆာန်တစ်ကောင်မျှမသိဘဲနေသလော။” (ယောဘ ၁၂:၇-၉) ပျားလပို့၌တွေ့ရှိနိုင်သည့်ဆဌဂံပုံစံဆဲလ်များကဲ့သို့သော သာမန်တွေ့ရှိရာတို့တွင်ပင် ဖန်ဆင်းရှင်၏ဉာဏ်ပညာတော်ထင်ရှားလှသည်တကား။
ဤဆဲလ်များ၏ဖယောင်းနံရံများမှာ ၁/၈၀ လက်မမျှထူသော်လည်း အလွန်ခိုင်ခံ့ပါသည်။ အမှန်မှာ ယင်း၏အလေးချိန်ထက် အဆ ၃၀ ခန့်သယ်ဆောင်နိုင်၏။
ဤခိုင်ခံ့ခြင်းမျိုးကို ထိခိုက်မှုများမှပစ္စည်းများကိုကာကွယ်ပေးခြင်း အစရှိသည်တို့တွင် လက်တွေ့ကျကျအသုံးပြုနိုင်ပါသည်။ ကမ္ဘာပေါ်သို့လေထီးဖြင့်ပစ်ချပေးသော စစ်သုံးကိရိယာများကိုကာကွယ်ပေးခြင်းတွင်ပင် ထိုနည်းကိုအသုံးပြုနေကြပါသည်။ The New York Times သတင်းစာက ယင်းအကြောင်းဤသို့ဆိုသည်။ “ဂျစ်ကားများကဲ့သို့လေးပင်သည့်အရာများကို ပစ်ချသည့်အခါမနာစေရန် အောက်တွင်ပျားလပို့ခုံပြားများတပ်ဆင်ထားသည်။”
အရာဝတ္တုများစွာဖြင့် ဤဒီဇိုင်းပုံစံရှိ လူ့တီထွင်ပစ္စည်းများပြုလုပ်နိုင်ပါသည်။ အများသုံးပစ္စည်းမူကား စက္ကူဖြစ်သည်။ နိုင်လွန်မျှင်ကြိုးစက္ကူနှင့်အင်တွဲကိုအသုံးပြု၍ ပျားလပို့ပုံစံပစ္စည်းများကို ကြီးမားသောလေယာဉ်အချို့၏ကိုယ်ထည်အတွင်းသို့ ထည့်သွင်းနေကြသည်။ အလေးချိန်အနည်းအကျဉ်းမျှနှင့် ခိုင်ခံ့ခြင်းရှိသည်ကိုတွေ့ရှိနေသည်။ အဘယ်ကြောင့်နည်း။ မှန်ကူကွက်များစပ်ကြားတွင် လေသာရှိရာ အလေးချိန်မဆိုစလောက်သာရှိ၏။ လေ၌လည်းအပူအအေးဓာတ်မစီးစေသည့်သတ္တိရှိသည်။
ပျားကလေးသည် ယင်းတို့အားလုံးကို “သိကျွမ်း” ထားသည်ကားမဟုတ်။ ၄င်းသည်အင်ဂျင်နီယာဘွဲ့မရရှိထားပါ။ မည်သို့ဆိုစေ၊ ဖန်ဆင်းရှင်ယေဟောဝါပေးသနားထားတော်မူသည့် ပင်ကိုယ်အသိဉာဏ်ဖြင့်သာ နေ့စဉ်လုပ်ငန်းတာကိုဆောင်ရွက်လေ့ရှိခြင်းမျှဖြစ်သည်။