ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများမှတ်တမ်း
အရှေ့ ဥရောပမှ သတင်းကောင်းများ
အရှေ့ ဥရောပရှိသီအိုကရက်တစ်လယ်ကွင်းတွင် စိတ်လှုပ်ရှားဖွယ်များစွာဖြစ်ပျက်နေသည်။ အထင်ရှားဆုံးတစ်ခုမှာ ၁၉၉၁ ခု၊ ဩဂုတ်လ ၁၆ မှ ၁၈ ရက်နေ့ထိ ဇာဂရက်မြို့တွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးဖြစ်သည်။ ထိုတွင်ရှိသောသက်သေခံ ၇,၃၀၀ တို့က ၁၅ နိုင်ငံမှရောက်လာကြသောမိမိတို့၏ညီအစ်ကိုများကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသည်။ စုစုပေါင်း ၁၄,၆၈၄ ဦးတက်ရောက်ခဲ့ကြသည်။ မငြိမ်မသက်သည့်နိုင်ငံတွင် အံ့သြဖွယ်မေတ္တာနှင့်စည်းလုံးမှုတင်ပြခြင်းပါတကား။
အရှေ့ဥရောပရှိသက်သေခံများသည် စစ်မှန်သောငြိမ်းချမ်းမှုအတွက်တစ်ခုတည်းသောမျှော်လင့်ချက်ဟု သူတို့သိထားသော ယေဟောဝါ၏နိုင်ငံတော်သတင်းကောင်းကို အခြားသူများအားဟောပြောရာတွင် အလုပ်များနေကြသည်။ အချို့ဒေသများတွင် သူတို့၏ကြားနေရပ်တည်မှုကိုဆက်လက်ထိန်းသိမ်းရန် စိန်ခေါ်ခံရကြသည်။ သို့သော် လူများနားထောင်လေ့ရှိကြပြီး သက်သေခံတို့သည် ကောင်းသောတွေ့ကြုံမှုများစွာကို တင်ပြကြသည်။
မြို့တစ်မြို့တွင် အသက် ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦးသည် ထိုမြို့ရှိတစ်ဦးတည်းသောယေဟောဝါသက်သေထံမှ သတင်းကောင်းကြားနာခဲ့ရသည်။ မှန်မှန်ကျမ်းစာသင်အံမှုစတင်ပြီး သမ္မာတရားကိုလေးမြတ်မှုတိုးပွားခဲ့သည်။ မိမိသိရှိခဲ့သည့်အံ့ဖွယ်အရာများကို သူတစ်ပါးအားပြောပြလိုစိတ်ပြင်းပြသည့်အတွက် သူမ၏အတန်းဖော်များနှင့်စကားပြောရန်ကြိုးစားရာတွင် အတိုက်အခံနှင့်ကဲ့ရဲ့ပြောင်လှောင်မှုများကိုသာရင်ဆိုင်ရသည်။ အတန်းဖော်တစ်ယောက်သည် အထူးတလည်သူမအားဆန့်ကျင်သော်လည်း သူမ၏သည်းခံမှုကြောင့် အတန်းဖော်သည်အံ့သြပြီးစိတ်ထိမိခဲ့သည်။ အကြောင်းမှာ ထိုးနှက်မှုအမျိုးမျိုးကြားထဲမှ ဒေါသမထွက်သောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင် ထိုအတန်းဖော်မိန်းကလေးသည် ပိုမို၍အသေးစိတ်သက်သေခံခြင်းခံရရာ မိမိ၏ထင်မြင်ယူဆမှုမှာ မှားကြောင်း သူမ သိရှိလာသည်။ သို့နှင့် ကျမ်းစာသင်အံမှုစတင်ပြီး မူလကျမ်းစာသင်သားမိန်းကလေးနှင့် သူမ၏အဖော်သစ်မိန်းကလေးတို့သည် မိမိတို့၏မိဘ၊ ဆရာနှင့် အတန်းဖော်များ၏ဆန့်ကျင်မှုများကြားမှ မိမိတို့၏ပျော်ရွှင်မှုကို အခြားသူများအားဝေငှရန်ကြိုးစားခဲ့ကြသည်။
သူတို့၏သက်သေခံမှုကြောင့် အခြားအတန်းဖော်မိန်းကလေးတစ်ဦးသမ္မာတရားကိုလက်ခံလာပြန်သည်။ ယခုအတန်းထဲတွင် သူတို့သုံးဦးသည် အခြားသူများကိုကူညီလိုသည့်စိတ်ဆန္ဒရှိခြင်းနှင့် အချင်းချင်းမေတ္တာပြခြင်းတွင် ကောင်းသောပုံသက်သေဖြစ်သည်။ ထိုနောက် အခြားသောမိန်းကလေးတစ်ဦးလည်း သူတို့နှင့်ဆက်သွယ်ပြန်သည်။
ယခုအခါ ကျောင်းဝင်းအတွင်းရှိခုံတန်းရှည်တစ်ခုတွင် သူတို့လေးဦးကျမ်းစာဆွေးနွေးလေ့ရှိသည်။ လူများစွာအံ့သြလောက်အောင် သူတို့၏အရေအတွက်တိုးများလာခဲ့သည်။ အတန်းထဲမှအခြားမိန်းကလေးတစ်ယောက်သည် သူတို့၏ကောင်းမွန်သောအကျင့်ကိုအားကျလာပြီး ကျမ်းစာလေ့လာမှုတွင်ပါဝင်ရန်စိတ်ပိုင်းဖြတ်လိုက်သည်။ သူတို့ငါးဦးသည် အခြားကျောင်းသားများနှင့်ဆရာများကို သူတို့နှင့်ပါဝင်ရန် ဆက်လက်ခေါ်ဖိတ်သည်။ မည်သို့ပင်ဆိုစေ မိန်းကလေးများသည် သူတို့မိဘများ၏ဖိနှိပ်မှုကိုဆက်လက်တွေ့ကြုံနေရစမြဲဖြစ်သည်။ သူတို့မိဘများသည် သူတို့၏ကျမ်းစာ,စာပေများကိုဖျက်ဆီးပစ်ခြင်း၊ သူတို့ကိုမချေမငံဆက်ဆံခြင်းအားဖြင့် သူတို့၏ကျမ်းစာလေ့လာမှုကို ရပ်ဆိုင်းသွားအောင် အားထုတ်လုပ်ဆောင်ကြသည်။
စိတ်ဝင်စားသူတစ်ဦးတည်းနှင့်စတင်ခဲ့သောထိုသက်သေခံခြင်း၏အကျိုးကားအဘယ်နည်း။ မိန်းကလေးတစ်ဦးသည် ၁၉၉၀ ခုနှစ်ခရိုင်စည်းဝေးပွဲတွင်လည်းကောင်း၊ အခြားလေးဦးသည် ၁၉၉၁ ခုနှစ်နွေဦးရာသီတွင်ကျင်းပသော တိုက်နယ်စည်းဝေးပွဲတွင်လည်းကောင်း နှစ်ခြင်းခံခဲ့ကြသည်။ ယင်းကား ရွှင်လန်းဖွယ်အကြောင်းကြီးတစ်ရပ်ဖြစ်သည်။ ယနေ့ထိုမိန်းကလေးငါးဦးလုံးမှန်မှန်ရှေ့ဆောင်လုပ်နေကြသည်။ ထိုသို့ဖြစ်ခဲ့သည့်မြို့တွင် ယခုအခါ ကြေညာသူ ၁၁ ဦးရှိသည့်အနက် ၈ ဦးမှာ ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်နေကြသည်။
ယေဟောဝါသည် အရှေ့ဥရောပရှိ မိမိ၏သက်သေများကို ထောက်မပြီးကောင်းချီးပေးနေတော်မူသည်။ ယင်းသည် ကမ္ဘာ၏ဤအစိတ်အပိုင်းတွင်ရှိသောစိတ်ထားရိုးဖြောင့်သူများအတွက် တိုးတက်ရန်လှုံ့ဆော်မှုကြီးတစ်ခုပင်ဖြစ်သည်။