ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၇/၁ စာ. ၂၁-၂၃
  • ရိတ်သိမ်းချိန်တွင် ကျွန်မတုံ့ပြန်ခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရိတ်သိမ်းချိန်တွင် ကျွန်မတုံ့ပြန်ခဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်ထောင်ပြုခြင်းနှင့်စွန့်စားမှု
  • သမ္မာတရားကိုလက်ခံခြင်း
  • ကိပ်ပါးလ်မားစ်တွင်ရိတ်သိမ်းခြင်း
  • အောက်ပိုင်းဗျူခနန်သို့
  • အခြားအခွင့်အရေးနှင့်ဆုကျေးဇူးများ
  • ယေဟောဝါ၏ နည်းလမ်းတော်များအတိုင်း သားသမီးရှစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းသည် စိန်ခေါ်ချက်နှင့် ပျော်ရွှင်ဖွယ်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • နောက်ဆုံးတော့ ကျွန်မတို့မိသားစုစည်းလုံးပြီ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယေဟောဝါသည် ကျွန်တော့်အတွက် ကရုဏာရှင်ဘုရားသခင်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • နှစ်ပေါင်း ၅၀ ကျော် ‘ကူးသွားခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၇/၁ စာ. ၂၁-၂၃

ရိတ်သိမ်းချိန်တွင် ကျွန်မတုံ့ပြန်ခဲ့

ဝင်နီဖရက်ရယ်မီ ပြောပြသည်

“စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည်နည်းကြ၏။” ကျွန်မတို့သခင်ယေရှု၏ဤစကားများသည် ထိန်းသူမရှိပစ်ထားသောသိုးများနှင့်တူသည့်လူများအတွက် နက်နဲသည့်ခံစားချက်ကလှုံ့ဆော်၍ ထွက်ပေါ်လာသောစကားများဖြစ်သည်။ ကျွန်မလည်း ထိုအတိုင်းခံစားခဲ့ရပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ က ရိတ်သိမ်းခြင်းတွင်ပါဝင်ရန် သခင်အရှင်၏ဖိတ်ခေါ်ချက်ကို လိုလိုလားလားတုံ့ပြန်ဖို့ အစဉ်ကြိုးစားခဲ့သည်။—မဿဲ ၉:၃၆၊ ၃၇။

အနောက်အာဖရိကရှိ မိန်းကလေးအားလုံးဖြစ်သော ကလေးခုနစ်ယောက်ရှိ မိသားစုတစ်ခုတွင် ကျွန်မမွေးဖွားလာခဲ့သည်။ ကျွန်မတို့၏မိဘများသည် ညင်သာသော်လည်းကြပ်မတ်မှုရှိသည်။ သူတို့သည် ဘာသာတရားအလွန်ကိုင်းရှိုင်းသူများဖြစ်ကြသည်။ အပတ်စဉ် ချာ့ချ်တက်ခြင်း၊ ဥပုသ်စာဖြေကျောင်းတက်ခြင်းကို မရှောင်မလွဲခဲ့ပါ။ ကျွန်မသည် ဝိညာဏရေးရာများကိုမြတ်နိုးသဖြင့် ယင်းသည် ကျွန်မအတွက်ပြဿနာမဟုတ်ခဲ့ပါ။ ကျွန်မအသက် ၁၂ နှစ်အရွယ်တွင် ဥပုသ်စာဖြေကျောင်းတွင်သင်ပြပေးရန် ခန့်အပ်ခံခဲ့ရသည်။

အိမ်ထောင်ပြုခြင်းနှင့်စွန့်စားမှု

၁၉၄၁ ခု၊ ကျွန်မအသက် ၂၃ နှစ်အရွယ်တွင် အစိုးရရုံးတစ်ခုတွင် စာအုပ်များထိန်းသိမ်းခြင်းလုပ်ငန်းကိုလုပ်ကိုင်သော လစ်ချ်ဖီးလ် ရယ်မီကိုကျွန်မလက်ထပ်ခဲ့သည်။ ရုပ်ပစ္စည်းအရ ကျွန်မတို့အဆင်ပြေသော်လည်း စွန့်စားလိုစိတ်နှင့်ဤထက်ပို၍ရုပ်ပစ္စည်းကြွယ်ဝချမ်းသာလိုစိတ်များကြောင့် ၁၉၄၄ ခုနှစ်တွင် လိုင်ဘေးရီးယားသို့ ကျွန်မတို့ပြောင်းရွှေ့ခဲ့ကြသည်။ ယေဟောဝါသက်သေများ၏သာသနာပြုဖြစ်သူ ဟွိုင်းလ် အာဗင်နှင့်တွေ့ဆုံသော ၁၉၅၀ ခုနှစ်တွင် ကျွန်မခင်ပွန်းနှင့် နောက်ပိုင်းကျွန်မအတွက် ဘဝတစ်ကွေ့အပြောင်းအလဲဖြစ်ခဲ့သည်။ လေ့လာမှုသုံးပတ်ပြုလုပ်ပြီးနောက်ပိုင်းတွင် ကျွန်မခင်ပွန်းသည် ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်လာတော့သည်။

ကျွန်မခင်ပွန်းချာ့ချ်မတက်တော့သည့်အခါ ကျွန်မအလွန်တုန်လှုပ်ခဲ့ရသည်။ အမှန်မှာ သူသည် ဥပုသ်ကာလများတွင်ဥပုသ်ပင်စောင့်သည့် အလွန်အယူပြင်းထန်သောပရိုတက်စ်တင့်တစ်ဦးဖြစ်ခဲ့သည်။ လက်တွင်အိတ်ကိုင်ပြီး ပထမဆုံးအကြိမ်ဟောပြောခြင်းထွက်သောသူ့ကိုမြင်သောအခါ ကျွန်မအလွန်ဒေါသထွက်ခဲ့ရသည်။ “ရှင်ဘယ်လိုဖြစ်နေတာလဲ။ ရှင့်လိုအရေးပါအရာရောက်တဲ့လူက ဒီအရူးအမိုက်တွေနဲ့ဟောပြောဖို့လိုက်ရသလား” ဟုကျွန်မ နားပူနားဆာလုပ်လိုက်သည်။ သူကတော့အေးဆေးတည်ငြိမ်စွာပင်။

နောက်တစ်နေ့တွင် ညီအစ်ကိုအာဗင်သည် လစ်ချ်ဖီးလ်နှင့်လေ့လာမှုပြုလုပ်ရန် ကျွန်မတို့အိမ်သို့ရောက်လာသည်။ ထုံးစံအတိုင်းပင် ကျွန်မသူတို့နှင့်ခပ်ခွာခွာနေခဲ့သည်။ ယင်းကြောင့်ညီအစ်ကိုအာဗင်က ကျွန်မစာမတတ်သလောဟုမေးခဲ့ခြင်းဖြစ်ဟန်တူသည်။ ဘာ၊ ကျွန်မစာမတတ်ဘူးဟုတ်စ။ မည်မျှဒေါသထွက်ဖွယ်ကောင်းလိုက်လေခြင်း။ ကျွန်မမည်မျှပညာတတ်သည်ကို သူ့အားပြလိုက်မည်။ ဤမှားယွင်းသောဘာသာရေးကို ကျွန်မဖော်ထုတ်ပြမည်။

သမ္မာတရားကိုလက်ခံခြင်း

နောက်များမကြာမီတွင် ဧည့်ခန်းစားပွဲပေါ်တွင် ဘုရားသခင်သစ္စာတော်တည်စေသတည်း ဟူသောစာအုပ်ကို ကျွန်မသတိထားမိခဲ့သည်။ ‘ဘယ်လောက်ကဲ့ရဲ့စရာကောင်းတဲ့နာမည်လဲ။’ ‘ဘုရားသခင်ဟာ အမြဲပဲသစ္စာတည်ကြည်မှန်ကန်ခဲ့တာပဲမဟုတ်လား’ ဟုကျွန်မထင်ခဲ့သည်။ စာအုပ်ကိုဟိုတစ်ချက်ဒီတစ်ချက်လိုက်လှန်လှောကြည့်သောအခါ နောက်ထပ်အပြစ်ထောက်စရာအကွက်တစ်ကွက်ကို ချက်ချင်းထပ်တွေ့ပြန်သည်။ ယင်းက လူသားတွင် စိုးလ်တစ်ခု မရှိပါ ၊ သူကိုယ်နှိုက်က စိုးလ် ဖြစ်သည် ။ ခွေးများ၊ ကြောင်များပင်လျှင် စိုးလ် ဖြစ်သည် ဟုဆိုထားသည်။ ယင်းကကျွန်မအားအမှန်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ‘ဘယ်လောက်မိုက်မဲတဲ့သွန်သင်ချက်လဲ’ ဟုကျွန်မထင်ခဲ့သည်။

ကျွန်မခင်ပွန်းအိမ်ပြန်ရောက်သောအခါ သူကိုကျွန်မဒေါသတကြီးရင်ဆိုင်တွေ့တော့သည်။ “ဒီလူလိမ်တွေကပြောတယ်၊ လူမှာစိုးလ်မရှိဘူးတဲ့။ သူတို့တွေဟာ မိစ္ဆာပရောဖက်တွေပဲ။” ကျွန်မခင်ပွန်းက အတိုက်အခံလုပ်မည့်အစား “ဝင်နီ၊ အားလုံးဟာ ကျမ်းစာထဲမှာရှိပါတယ်ကွာ” ဟုကျွန်မအားအေးအေးဆေးဆေးပြောခဲ့သည်။ နောက်ပိုင်းတွင် ညီအစ်ကိုအာဗင်က ကျွန်မတို့သည် စိုးလ်များ ဖြစ် ကြောင်း၊ ကျွန်မတို့၏စိုးလ်သည် သေနိုင်ကြောင်းတို့ကို ကျွန်မ၏ကိုယ်ပိုင်ကျမ်းစာအုပ်ထဲမှ စိတ်ရှည်လက်ရှည်ထောက်ပြသောအခါ ကျွန်မအလွန်အံ့သြခဲ့ရသည်။ (ယေဇကျေလ ၁၈:၄) ကျွန်မအား အထူးသဖြင့်စိတ်ထိမိစေခဲ့သည့်ကျမ်းချက်မှာ “လူ [အာဒံ] သည် အသက်ရှင်သောစိုးလ် ဖြစ်လာသည်။” (ကဘ) ဟုဖော်ပြထားသော ကမ္ဘာဦး ၂:၇ ကျမ်းချက်ပင်ဖြစ်သည်။

ကျွန်မမည်မျှမှားခဲ့လေခြင်း။ ဓမ္မဆရာများကကျွန်မကိုလိမ်ခဲ့သည်ဟုခံစားရပြီး ချာ့ချ်ကိုဘယ်တော့မျှမတက်တော့ပါ။ ယင်းအစား ယေဟောဝါသက်သေများ၏အစည်းအဝေးများကို ကျွန်မတက်စပြုလာခဲ့သည်။ သူတို့အလယ်တွင် မေတ္တာရှိခြင်းကိုတွေ့မြင်ရခြင်းသည် မည်မျှစိတ်ထိမိစွဲငြိဖွယ်ပါတကား။ ဤကား မှန်သောဘာသာပင်ဖြစ်ရပေမည်။

ကိပ်ပါးလ်မားစ်တွင်ရိတ်သိမ်းခြင်း

နောက်သုံးလကြာသောအခါ ကျွန်မခင်ပွန်းသည် သူ၏ကုမ္ပဏီတွင် ငွေအမြောက်အမြားကို ခိုးယူခွင့်ရခဲ့သည်။ သို့သော် သူမခိုးခဲ့ပါ။ သူ့လုပ်ဖော်ဆောင်ဖက်များက သူ့အား “ရယ်မီ၊ မင်းကတော့ သေတဲ့ထိမွဲမှာပဲ” ဟုပြောကြသည်။

မည်သို့ပင်ဆိုစေ သူ၏ရိုးသားမှုကြောင့်ရာထူးတိုးခံရပြီး ကိပ်ပါးလ်မားစ်တွင်ရုံးအသစ်ဖွင့်ရန် စေလွှတ်ခံခဲ့ရသည်။ ထိုတွင်ကျွန်မတို့ဇွဲကောင်းကောင်းနှင့်ဟောပြောခဲ့ကြပြီး နှစ်လသာကြာသောအခါ ကျမ်းစာသတင်းကိုထက်သန်စွာစိတ်ဝင်စားသောအုပ်စုတစ်စုကို ကျွန်မတို့ရရှိလာခဲ့သည်။ နောင်တွင် မြို့တော်မွန်ရိုးဗီးယားသို့ ရုံးသစ်အတွက်အထောက်အကူပြုပစ္စည်းများကို လစ်ချ်ဖီးသွားယူခဲ့စဉ်က ထိုတွင်သူနှစ်ခြင်းခံခဲ့သည်။ ကိပ်ပါးလ်မားစ်တွင် သမ္မာတရားကိုစိတ်ဝင်စားသူများအားကြည့်ရှုရန်အတွက်လည်း အသင်းမထံသူအကူအညီတောင်းခံခဲ့သည်။

အသင်းမသည် ညီအစ်ကိုနှင့်ညီအစ်မဖော့စ်တို့ကို ကိပ်ပါးလ်မားစ်သို့စေလွှတ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ ညီအစ်မဖော့စ်သည် ကျွန်မအတွက်အလွန်တန်ဖိုးရှိသောအကူအညီဖြစ်ခဲ့ပြီး ၁၉၅၁ ခု၊ ဒီဇင်ဘာတွင် ကျွန်မသည် ယေဟောဝါထံဆက်ကပ်အပ်နှံကြောင်း နှစ်ခြင်းခံခြင်းဖြင့်တင်ပြခဲ့သည်။ ယခုအခါကျွန်မလည်း ‘ထာဝရအသက်ရှင်ခြင်းအလိုငှာ အသီးအနှံကိုစုသိမ်း’ ခြင်းတွင် ခါတိုင်းထက်လုပ်ဆောင်ရန်ဆုံးဖြတ်လိုက်သည်။ (ယောဟန် ၄:၃၅၊ ၃၆) ၁၉၅၂ ခုဧပြီလရောက်သောအခါ အချိန်ပြည့်ရှေ့ဆောင်လုပ်ငန်းကို ကျွန်မစတင်လုပ်ကိုင်ခဲ့သည်။

ကျွန်မ၏ကြိုးစားမှုကို ယေဟောဝါချက်ချင်းကောင်းချီးပေးခဲ့သည်။ တစ်နှစ်အတွင်း လူငါးဦးကို ဆက်ကပ်အပ်နှံပြီးနှစ်ခြင်းယူသည်အထိ ကျွန်မကူညီနိုင်ခဲ့သည်။ ယင်းတို့ထဲမှ လွီဇာ မကန်တာ့ရှ်ဆိုသူမှာ ထိုအချိန်က လိုင်ဘေးရီးယားနိုင်ငံသမ္မတဖြစ်သူ ဒဗလျူ၊ ဗီ၊ အက်စ်၊ တပ်ဘ်မင်၏ဝမ်းကွဲတော်စပ်သူဖြစ်သည်။ သူမသည် နှစ်ခြင်းခံခဲ့ပြီး အချိန်ပြည့်ဓမ္မအမှုဆောင်ခြင်းတွင်ပါဝင်ကာ ၁၉၈၄ ခုနှစ်ကွယ်လွန်ချိန်ထိ ဘုရားသခင်အားဆက်လက်သစ္စာတည်ကြည်ခဲ့သည်။ သမ္မတကို အကြိမ်ပေါင်းများစွာသူမ သက်သေခံခဲ့သည်။

အောက်ပိုင်းဗျူခနန်သို့

၁၉၅၇ ခုနှစ် ကျွန်မတို့ထံခရိုင်ကြီးကြပ်မှူးလာရောက်လည်ပတ်သောအခါ ကျွန်မနှင့်ကျွန်မခင်ပွန်းတို့သည် အထူးရှေ့ဆောင်လုပ်ရန် ဖိတ်ခေါ်ခြင်းခံခဲ့ရသည်။ ကျွန်မတို့ဆုတောင်းဆုံးဖြတ်ခဲ့ကြပြီး တာဝန်ကိုလက်ခံခဲ့ကြသည်။ လစ်ချ်ဖီးလ်က ကိပ်ပါးလ်မားစ်တွင် သူ၏လောကအလုပ်နှင့်ပတ်သက်၍ လက်စသတ်စရာများရှိသေးသည့်အတွက် လုပ်ငန်းစတင်ဖွင့်လှစ်ရမည့်နယ်မြေသစ်ဖြစ်သော အောက်ပိုင်းဗျူခနန်သို့ ကျွန်မအလျင်သွားခဲ့သည်။

ကျွန်မရောက်သောအခါ မက်ကလင်းမိသားစုထံတွင် တည်းခိုရသည်။ နောက်တစ်နေ့တွင် ထုံးစံရှိသည့်အတိုင်း ပီလီလူမျိုးများ၏လက်ထောက်အကြီးအကဲတစ်ဦးထံ ကျွန်မကိုခေါ်သွားသည်။ အကြီးအကဲနှင့်သူ့မိသားစုတို့က ကျွန်မကိုလှိုက်လှိုက်လှဲလှဲပင်ကြိုဆိုကြပြီး သူ့အိမ်တွင်ရှိသောလူနည်းစုကလေးကို ကျွန်မသက်သေခံခဲ့သည်။ လက်ထောက်အကြီးအကဲနှင့်သူ့ဇနီးတို့အပါအဝင် ထိုနေ့တွင် ကျွန်မသက်သေခံသောသူခြောက်ဦးထက်မနည်းတို့သည် တဖြည်းဖြည်း သက်သေခံများဖြစ်လာကြသည်။

မကြာမီ တက်ရောက်သူ ၂၀ ထက်မနည်းသော ကင်းမျှော်စင် သင်တန်းကို ကျွန်မဦးဆောင်ရသည်။ ယေဟောဝါကို လုံးလုံးလျားလျားကျွန်မအမှီသဟဲပြုခဲ့ရပြီး ကိုယ်တော့်သိုးတော်စုကိုကြည့်ရှုနိုင်ရန် လိုအပ်သည့်ခွန်အားနှင့်အရည်အချင်းများကို ကျွန်မအားပေးတော်မူခဲ့သည်။ လက်ပန်းကျခြင်း သို့မဟုတ် အရည်အချင်းမပြည့်မီခြင်းတို့ကဲ့သို့ကျွန်မခံစားရသောအခါ ရှေးအချိန်ကသစ္စာရှိသူများ၊ အထူးသဖြင့် ယေဟောဝါပေးသည့်တာဝန်ကို မကြောက်မရွံ့ထမ်းဆောင်ခဲ့သော ဒေဗောရ၊ ဟုလဒကဲ့သို့သောအမျိုးသမီးများကို ကျွန်မပြန်သတိရသည်။—တရားသူကြီး ၄:၄-၇။ ၁၄-၁၆။ ၄ ဓမ္မရာဇဝင် ၂၂:၁၄-၂၀။

အောက်ပိုင်းဗျူခနန်တွင်နေပြီးသုံးလအကြာ၊ ၁၉၅၈ ခုနှစ်မတ်လရောက်သောအခါ ကျွန်မထံ တိုက်နယ်ကြီးကြပ်မှူး ဂျွန်၊ ရှားရုခ်ရောက်လာမည့်အကြောင်းကြားစာကို ကျွန်မလက်ခံရရှိခဲ့သည်။ ပရိသတ်များစွာဆန့်လောက်သည့်အိမ်အောက်ထပ်ခန်းတစ်ခုကို ကျွန်မငှားလိုက်သည်။ ထိုနောက် ညီအစ်ကိုရှားရုခ်ကိုကြိုရန် အထက်ဗျူခနန်သို့ကျွန်မထွက်ခဲ့သည်။ သို့သော် သူရောက်မလာခဲ့ပါ။ မှောင်ရီသန်းချိန်အထိကျွန်မစောင့်ပြီးနောက်ပိုင်း အောက်ပိုင်းဗျူခနန်သို့မောပန်းနွမ်းနယ်စွာ ကျွန်မပြန်ခဲ့ရသည်။

ညသန်းခေါင်အချိန်ခန့်တွင် တံခါးခေါက်သံကြားရသည်။ ကျွန်မတံခါးဖွင့်လိုက်သောအခါ တိုက်နယ်ကြီးကြပ်မှူးညီအစ်ကိုရှားရွခ်ကိုသာမက သူနှင့်တစ်ကြိမ်တည်းရောက်လာသောကျွန်မ၏ခင်ပွန်းကိုပါ အံ့သြကျေနပ်ဖွယ်တွေ့လိုက်ရသည်။ ကျွန်မကိုသူတို့မည်သို့ရှာတွေ့ကြသနည်း။ မုဆိုးတစ်ယောက်ကိုသူတို့တွေ့ကြပြီး လူများကိုယေဟောဝါအကြောင်းလိုက်ဟောပြောသောအမျိုးသမီးတစ်ယောက်ကိုသိသလောဟုမေးခဲ့ကြသည်။ “ဟုတ်ကဲ့” ဟုသူဖြေကြားပြီး ကျွန်မနေရာကိုညွှန်ပြလိုက်ခြင်းဖြစ်သည်။ အောက်ပိုင်းဗျူခနန်တွင် နေသောသုံးလကလေးအတွင်း ကျွန်မ၏အလင်းကို ထိုမျှတောက်ပစွာထွန်းလင်းခဲ့ခြင်းအတွက် ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။—မဿဲ ၅:၁၄-၁၆။

ညီအစ်ကိုရှားရုခ်လည်ပတ်ချိန်အတွင်း အများဆုံးတက်ရောက်သူ ၄၀ ရှိခဲ့၍ ကျွန်မတို့ပျော်ခဲ့ရသည်။ နောက်ပိုင်းတွင် တိုးတက်အောင်မြင်သည့်အသင်းတော်အဖြစ်တည်ထောင်နိုင်ခဲ့ပြီး အစည်းဝေးခန်းမတစ်ခုကို ကျွန်မတို့ဆောက်လုပ်နိုင်ခဲ့သည်။ သို့သော် ဘဝတွင် အမြဲဒုက္ခကင်းသည်မဟုတ်ချေ။ ဥပမာ၊ ၁၉၆၃ ခုနှစ်ရောက်သောအခါ ကိုလာဟွန်းတွင် ဘာသာရေးနှိပ်စက်ညှဉ်းပန်းမှုဖြစ်ပွားရာ ကျွန်မခင်ပွန်းအဖမ်းခံရပြီး ထောင်ကျခဲ့သည်။ ဆေးရုံတက်ယူရသည့်အထိ ပြင်းထန်စွာရိုက်နှက်ခံခဲ့ရသည်။

သူဆေးရုံဆင်းပြီးမကြာမီ၊ ထိုနှစ်အတွင်းပင် ဘန်ဂါ၌ခရိုင်စည်းဝေးပွဲကြီးကျရောက်သည်။ နောက်ဆုံးနေ့တွင် ကျွန်မတို့အားလုံးကိုစစ်သားများဝိုင်းထားလိုက်ပြီး သားရဲရုပ်တုကိုကိုးကွယ်ရန်အမိန့်ပေးလိုက်သည်။ ကျွန်မတို့ငြင်းဆန်ကြသောအခါ ကျွန်မတို့အား အတင်းအဓမ္မလက်ကိုအပေါ်သို့မြှောက်ခိုင်းပြီး နေကိုတည့်တည့်ကြည့်ခိုင်းသည်။ ကျွန်မတို့ထဲမှအချို့ကိုလည်း သေနတ်ဒင်ဖြင့်ရိုက်ကြသည်။ ကျွန်မ၏သမာဓိကိုဆက်လက်စောင့်ထိန်းနိုင်ရန်အတွက် “သူတို့ကိုမကြောက်ကြနှင့်” ဟူသောဘုရားသခင့်နိုင်ငံတော်သီချင်းကို တိုးတိုးဆိုခဲ့သည်။ ထို့နောက်စစ်သားများသည် ကျွန်မတို့ကို ညစ်ပတ်ပေရေနေသောအကျဉ်းထောင်ထဲသို့ထည့်လိုက်သည်။ သုံးရက်ကြာသောအခါ နိုင်ငံခြားသားများကိုပြန်လွှတ်လိုက်သဖြင့် လစ်ချ်ဖီးလ်နှင့်ကျွန်မတို့သည် ဆီအဲရာလေယွန်သို့နယ်နှင်ခံလိုက်ရသည်။ နောက်တစ်နေ့တွင် ဒေသခံသက်သေခံများအား ပြန်လွှတ်ပေးလိုက်ကြသည်။

အခြားအခွင့်အရေးနှင့်ဆုကျေးဇူးများ

ဆီအဲရာလေယွန်တောင်ပိုင်းရှိ ဘိုးအသင်းတော်နှင့်ကျွန်မတို့ပေါင်းရန် တာဝန်ပေးခံရသည်။ နယာလာသို့မပြောင်းမီ ထိုအသင်းတော်တွင် ကျွန်မတို့ရှစ်နှစ်ကြာအမှုဆောင်ခဲ့ရသည်။ နယာလာတွင် ကျွန်မ၏ခင်ပွန်းသည် အရန်တိုက်နယ်ကြီးကြပ်မှူးအဖြစ်ခန့်အပ်ခံခဲ့ရာ ကျွန်မလည်း ဤလုပ်ငန်းတွင် သူနှင့်အတူပါဝင်လုပ်ဆောင်ခွင့်ကိုရရှိခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များအလယ်လောက်တွင် ကျွန်မတို့အိစ်ဖရီးတောင်းအသင်းတော်သို့ပြောင်းရွှေ့ခံခဲ့ရပြန်သည်။

ကျွန်မကျမ်းစာသင်ပေးခဲ့သောသူများသည် စစ်မှန်သောဝတ်ပြုရေးသို့ရောက်ရှိလာသည်ကိုတွေ့မြင်ရသည့်ဆုကျေးဇူးကို ခံစားရသည်။ ကျွန်မအတွက် “ထောက်ခံစာ” အနေနှင့် ဝိညာဏသားမြေး ၆၀ ကျော်ရှိသည်။ (၂ ကောရိန္သု ၃:၁) အချို့တို့သည် အပြင်းအထန်ပြောင်းလဲမှုများပြုလုပ်ခဲ့ရသည်။ ဥပမာ၊ အလာဒူရာဂိုဏ်းတွင် ပရောဖက်မဖြစ်ခဲ့သော ဗစ်တိုးရီးယား ဒိုက်ခ် ပင်ဖြစ်သည်။ ၁ ယောဟန် ၅:၂၁ ကိုဆင်ခြင်းသုံးသပ်ပြီး နောက်ဆုံးတွင် သူမ၏အဆောင်အယောင်များ၊ ကြည်ညိုလေးမြတ်သည့်ပစ္စည်းများစွာကို စွန့်ပစ်ခဲ့သည်။ သူမ၏ဆက်ကပ်အပ်နှံခြင်းကို ရေနှစ်ခြင်းအားဖြင့်တင်ပြခဲ့ပြီး နောက်ဆုံးတွင်အထူးရှေ့ဆောင်တစ်ဦးဖြစ်လာကာ မိမိ၏ဆွေမျိုးသားချင်းများသမ္မာတရားကိုလက်ခံလာအောင် ကူညီပေးလျက်ရှိသည်။

ကျွန်မတို့၏ ၄၄ နှစ်မြောက်လက်ထပ်မင်္ဂလာအခန်းအနားအပြီး လပိုင်းအနည်းငယ်အကြာ ၁၉၈၅၊ ဧပြီတွင် ကျွန်မခင်ပွန်းကို သေခြင်းအားဖြင့်ဆုံးရှုံးခဲ့ရသည်။ သို့သော် ကျွန်မတစ်ယောက်တည်းမဖြစ်ခဲ့ပါ။ အချိန်ပြည့်ဓမ္မအမှုဆောင်အဖြစ် ကျွန်မ၏အကူအညီရှင်ယေဟောဝါအား ဆက်လက်၍အမှုဆောင်သည်။ ကိုယ်တော်အားသိလာအောင်ကျွန်မကူညီပေးခဲ့သောလူများနှင့် ကျွန်မအထူးတလည်အကျွမ်းဝင်လာခဲ့သည်။ သူတို့သည် ထူးခြားသောအဓိပ္ပာယ်ဖြင့် မိသားစုများဖြစ်ကြသည်။ သူတို့ကိုကျွန်မချစ်ခင်ပြီး သူတို့ကလည်း ကျွန်မကိုချစ်ခင်ကြသည်။ ကျွန်မဖျားနာသည့်အခါ ကျွန်မကိုပြုစုရန် သူတို့အပြေးရောက်လာကြပြီး ကျွန်မလည်း သူတို့ကိုကူညီသည်။

ယင်းတို့ကို အစမှတစ်ဖန်ကျွန်မပြန်လုပ်ရမည်ဆိုပါက ယေဟောဝါ၏လုပ်ဖော်ဆောင်ဖက်အဖြစ် ကျွန်မ၏တံစဉ်ကိုဝမ်းမြောက်ဝမ်းသာကိုင်ပြီး ရိတ်သိမ်းခြင်းတွင်ပါဝင်မည်ကိုပြောဖို့မလိုတော့ပါ။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယခု ဝင်နီဖရက် ရယ်မီ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ