ပိုလန်နိုင်ငံတွင် “နှစ်သက်ဖွယ်သောအရာများ” ကိုစုသိမ်းခြင်း
ပိုလန်နိုင်ငံသည် ကက်သလစ်နိုင်ငံဖြစ်သည်ဟုဆိုသည်။ စာရင်းဇယားများအရ လူဦးရေ၏ ၉၃ ရာခိုင်နှုန်းသည် ကက်သလစ်အသင်းဝင်များဖြစ်ကြသည်။ သို့ရာတွင် များမကြာမီကဖြစ်ပေါ်လာခဲ့သော နိုင်ငံရေးနှင့်လူမှုရေးပြောင်းလဲမှုများကြောင့် ပြည်သူလူထုနှင့်သူတို့၏ဘာသာရေးအပေါ် ထူးခြားစွာဂယက်ရိုက်ခဲ့ပါသည်။ မဲစာရင်းအရ ၅၀ ရာခိုင်နှုန်းမျှသာ ကက်သလစ်ဘာသာကျင့်သုံးသူများဖြစ်သည်ဟု သိရှိရသည်။
ပိုလန်နိုင်ငံတွင် ယေဟောဝါသက်သေများကို ဘာသာရေးအဖွဲ့အစည်းအဖြစ် မေ၊ ၁၉၈၉ ခုနှစ်၌ တရားဝင်အသိအမှတ်ပြုလိုက်သည်။ ထိုအချိန်ကတည်းက ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကိုဟောပြောကြေညာသူများအဖြစ် လူသစ် ၁၁,၀၀၀ ခန့်ဝင်လာခဲ့ပါပြီ။ ယခုဘုရားသခင့်နိုင်ငံတော်သတင်းကြေညာသူ ၁၀၆,၀၀၀ ကျော်တို့သည် အသင်းတော်ပေါင်း ၁,၃၀၀ ကျော်တွင်ပူးပေါင်းနေကြပါသည်။ ၁၉၉၁ ခုနှစ်၌ခရစ်တော်၏သေခြင်းကိုသတိရအောက်မေ့ရာပွဲတော်တက်ရောက်ခဲ့သူ ၂၀၀,၄၂၂ ရှိခဲ့ပါသည်။ ဤနည်းဖြင့် ‘လူမျိုးအပေါင်းတို့မှ နှစ်သက်ဖွယ်သောအရာများ’ ကိုစုသိမ်းလိမ့်မည်ဟူသောတင်ကြိုစကားများ ပိုလန်နိုင်ငံတွင် ပြည့်စုံလာပေပြီ။ (ဟဂ္ဂဲ ၂:၇) များမကြာမီက ပိုလန်နိုင်ငံတွင် ယေဟောဝါသက်သေများ၏ အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးများကိုကျင်းပခဲ့ရာ သတင်းစာခေါင်းစဉ်ကြီးများကြောင့် လူသိရှင်ကြားဖြစ်ခဲ့သည်။ သို့သော် ထိုနိုင်ငံတွင် စုသိမ်းခြင်းလုပ်ငန်းကို မည်သို့ဆောင်ရွက်နေကြောင်း အထူးသိရှိရန် တိုင်းပြည်တွင်းမှမြို့ငယ်အချို့ကို လေ့လာသုံးသပ်ကြည့်ကြစို့။
ရှေ့ဆောင်များ လမ်းဖွင့်ပေး
လူဦးရေ ၁၀,၀၀၀ ခန့်ရှိရှတွမ်မြို့သည် ဘောလ်တစ်ပင်လယ်ထဲ ဗစ်တူလာမြစ်စီးဆင်းသည့်နေရာတွင်တည်ရှိသည်။ ဟောပြောခြင်းလုပ်ငန်းနှင့်ပတ်သက်လာလျှင် ဤမြို့ကိုခက်ခဲသောရပ်ကွက်ဟုယူမှတ်ရသည်မှာ ကြာမြင့်ပေပြီ။ ၁၉၈၇ ခုနှစ်တွင် ထိုအရပ်၌ကြေညာသူရှစ်ဦးသာရှိသည်။ သို့ရာတွင် ရှေ့ဆောင်များ သို့မဟုတ် ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်သူများရောက်လာသည့်အခါ အခြေအနေပြောင်းလဲလာသည်။ ပဉ္စမအကြိမ် ရုပ်ရှင်ရုံ၌ကျင်းပသောစည်းဝေးကို စိတ်ဝင်စားသူ ၁၀၀ တက်ရောက်ခဲ့သည်။ နှစ်နှစ်တိုင်ကြိုးစားပမ်းစားအမှုဆောင်ပြီးသော် အသင်းတော်တည်ထောင်နိုင်ခဲ့သည်။ ယခုကြေညာသူ ၉၀ ရှိပြီဖြစ်၍ ကိုယ်ပိုင်နိုင်ငံတော်ခန်းမရှိနေသည့်အပြင် စည်းဝေးကိုမှန်မှန်တက်ရောက်သူ ၁၅၀ ခန့်ရှိပါသည်။
ထင်သည့်အတိုင်းပင်လျှင် စတင်ဆန့်ကျင်ခံရလေတော့သည်။ သီလရှင် “ပါရဂူ” တစ်ဦးက သက်သေခံများသည် မှောက်မှားသောဝါဒများကိုသွန်သင်ပေးသည်ဟုစွပ်စွဲပြီး အသရေဖျက်ဟောပြောချက်များပေးခဲ့သည်။ သို့သော် ဖြစ်လေ့ဖြစ်ထရှိသည်အတိုင်းပင် နောက်ဆုံးသူ့ရှူးသူပတ်လေသည်။ အကြောင်းမှာ၊ သူ့ဟောပြောချက်များက လူတို့အားအဖြစ်အပျက်အမှန်ကိုသိချင်စိတ် ပေါက်ပွားစေသည်။ သို့နှင့်စူးစမ်းသူများစွာတို့သည် သမ္မာတရားသိရှိလာ၍ ယခုမှန်မှန်ရှေ့ဆောင်များဖြစ်နေကြပါသည်။ သူတို့က ‘သက်သေခံတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် သွန်သင်ပေးတဲ့လူလိုဘဲ ရှေ့ဆောင်ဖြစ်ရမယ်လို့ သမ္မာတရားသင်ယူနေတုန်းက ကျွန်တော်တို့ထင်ခဲ့တယ်’ ဟုပြောသည်။ ထိုကြောင့် အသင်းတော်တစ်ခုလုံး၌ ရှေ့ဆောင်စိတ်ဓာတ်ရှိပါသည်။
ယင်းကြောင့်လည်းထိုအရပ်တွင် အိမ်တွင်းကျမ်းစာသင်အံမှု ၁၈၀ ခန့်ရှိသည်။ သင်သည်ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်ဖြင့် အချို့ကိုပင်စာသင်ပေးနိုင်ခဲ့ပေပြီ။ တစ်ကြိမ်တည်းတွင် သမ္မာတရားကိုလည်းသူတို့သင်ယူကြ၏။ လမ်းသန့်ရှင်းရေး ထွက်လုပ်ပေးရသည့် ထောင်သားအချို့နှင့်လည်း ၁၀-မိနစ်ကြာကျမ်းစာသင်အံမှုများကို မှန်မှန်ပြုလုပ်နေပါသည်။ လမ်းသွားလမ်းလာအမျိုးသမီးတစ်ဦးက သက်သေခံညီမတစ်ဦးကို မတရားစွပ်စွဲသောအခါ ထောင်သားတစ်ဦးက ခုခံကာကွယ်ပြောဆိုပေးခဲ့သည်။ ညီအစ်မထံပြေး၍ ထာဝစဉ်အသက်ရှင်စာအုပ်ကို သူမလက်ထဲမှဆွဲယူပြီး မြှောက်ပြလျက် ဆဲဆိုခဲ့သောအမျိုးသမီးအား “စာမတတ်ဘူးလား။ ဒီမှာဘာရေးထားသလဲ။ သင်သည်ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်။ ကြားဘူးလား။ ဘုရားသခင်နဲ့သူ့ကိုကိုးကွယ်သူများကို ဘာကြောင့်စော်ကားနေတာလဲ” ဟုမေးခဲ့သည်။
အများပြောဆိုနေ
ပိုလန်နိုင်ငံတွင် တစ်ချိန်က ဒဏ္ဍာရီမြို့တော်ဖြစ်ခဲ့သော ကရူးစ်ဗီစာမြို့သည် ကက်သလစ်အမာခံမြို့တစ်မြို့ဖြစ်သည်။ ၁၉၉၀ အလယ်လောက်တွင် မြို့သား ၉,၃၀၀ အနက်သက်သေခံအနည်းငယ်သာရှိသေးသည်။ သို့သော် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ၏ကြိုးစားမှုကို ယေဟောဝါကောင်းချီးများစွာသွန်းလောင်းခဲ့သည်။
မိမိတို့၏ဝိညာဏခေါင်းဆောင်များ၏အရေခြုံမှုကိုသတိထားမိ၍ အထူးသဖြင့်လူငယ်များစွာတို့သည် သက်သေခံများထံလာရောက်မေးမြန်းကြသည်။ အချိန်အနည်းငယ်အတွင်းပင် အိမ်တွင်းကျမ်းစာသင်အံမှု ၂၀ စနိုင်ခဲ့သည်။ နယ်ပိုင်ဘုန်းကြီးက ယေဟောဝါသက်သေများကိုထိပါးသောဟောပြောချက်များပေးခဲ့သော်လည်း သူတို့အစည်းအဝေးများကို စိတ်ရိုးရှင်းသူများဆက်တက်ရန် စိတ်မပျက်သွားစေခဲ့ပါ။ ဆိုင်ခန်းများ၊ ပန်းခြံများနှင့်ချာ့ချ်တွင်ပင် သက်သေခံများအကြောင်းသည် လူတိုင်းပါးစပ်ဖျားတွင်ရှိနေသည်။ နောက်ခြောက်လအကြာတွင် စာအုပ်ကြီးသင်တန်းအုပ်စုကြီးနှစ်စုကို စနိုင်ခဲ့သည်။ ယခုကရူးစ်ဗီစာမြို့တွင် ယေဟောဝါကိုဝတ်ပြုသူ ၃၅ ဦးရှိသည့် တက်ကြွသောအသင်းတော်တစ်ခုရှိနေပြီ။ သူတို့သည်အိမ်တွင်းကျမ်းစာသင်အံမှု ၇၅ ခုကျင်းပနေ၍ တစ်ချိန်ကမှောက်မှားသောဘာသာတရား၏ဖမ်းချုပ်မှုအောက်ရှိ “နှစ်သက်ဖွယ်သောအရာများ” ကိုစုသိမ်းပေးခြင်းလုပ်ငန်း၌ အလုပ်များနေကြပါသည်။
ဤသူတို့အနက် အယူသီးသောကက်သလစ်အိမ်ထောင်မှ ၂၃ နှစ်သား ဘော့ဂ်ဒန်သည် တစ်ဦးအဝင်ဖြစ်သည်။ သူ့အကြောင်းသူ ဤသို့ပြောပြသည်။ “တစ်ချိန်ကကျွန်တော်ဟာသောက်စားစာရိတ္တပျက်ပြားခဲ့တယ်။ ကျွန်တော့်ကိုလူဆိုးလူမိုက်သောင်းကျန်းသူဟု ယူမှတ်ထားကြပြီး ဘယ်သူမှလည်း အရေးမစိုက်ခဲ့ဘူး။ ဒါပေမယ့်ကျွန်တော်ကျမ်းစာလည်းစလေ့လာရော အမေက သူ့ကိုယ်သူအဆိပ်သောက်သေမယ်လို့ပြောတော့တာပဲ။ အဲ့ဒီဒဏ်တွေကိုမခံနိုင်တာနဲ့ သက်သေခံများနဲ့ကျွန်တော်အဆက်ဖြတ်လိုက်တယ်။ နောက်ပိုင်းအထူးရှေ့ဆောင်များရဲ့အကူအညီနဲ့ ကျွန်တော့်အကျင့်ဆိုးတွေကို ဖြတ်ပစ်နိုင်ခဲ့တယ်။ ၁၉၉၁ ‘လွတ်လပ်မှုကိုချစ်မြတ်နိုးသူများ’ ခရိုင်စည်းဝေးပွဲတွင် ကျွန်တော်နှစ်ခြင်းယူပြီးနောက် ကျွန်တော့်ဘဝပန်းတိုင်အဖြစ် အချိန်ပြည့်ဓမ္မအမှုကိုရွေးချယ်လိုက်ပြီး အဲ့ဒီကတည်းက အရန်ရှေ့ဆောင်နေပါတယ်။”
နှစ်ဆယ့်တစ်နှစ်အရွယ်ဆွာဗိုမာသည် နတ်ဝိဇ္ဇာအတတ်နှင့်စာတန့်ဂိုဏ်းတွင်နစ်မွန်းနေသူဖြစ်သော်လည်း သမ္မာကျမ်းစာက ထိုအကျင့်များကိုရှုတ်ချထားကြောင်းသဘောပေါက်သည်နှင့် ယင်းတို့ကိုစွန့်ပစ်ခဲ့သည်။ “ဒါပေမယ့်စာတန့်အနှောင့်အယှက်ကို ဆက်ခံရတယ်။ တစ်ညဓာတ်စက်ကိုမဖွင့်ထားဘဲနဲ့ စာတန်နဲ့ပတ်သက်တဲ့သီချင်းများကို ကျွန်တော်ကြားတယ်။ ဒါတောင်မာရ်နတ်ဝတ်ပြုမှုနဲ့ပတ်သက်သမျှကို ကျွန်တော်ရှင်းပစ်ပြီးသားဖြစ်တယ်။ အဲ့ဒါနဲ့ယေဟောဝါကိုဆုတောင်းလိုက်တယ်။ ဘုရားသခင်ကြောင့် ဝိညာဏတည်ငြိမ်မှုပြန်ရလာတာ။ ကျွန်တော့်မိဘများတိုက်တွန်းလို့ စိတ္တဇဆရာဝန်ဆီမှာရောဂါကုတယ်။ သူကကျွန်တော့်အခြေအနေအရမ်းတိုးတက်လာတယ်၊ ကျန်းမာသွားပြီလို့ဆိုတယ်။ ကျွန်တော့်ဆေးစာရွက်မှာသူက ‘ယေဟောဝါသက်သေများကြောင့် ရောဂါပျောက်ပြီ’ ဟုရေးမှတ်ထားတယ်။”
လောကီစိတ်ဓာတ်ကိုငြင်းဆန်ခြင်း
ကရူးစ်ဗီစာမြို့၏အနောက်တောင်ဘက်တွင် ရှရိုဒါ စလောန်စကာမြို့ရှိပါသည်။ လူဦးရေ ၉,၀၀၀ ရှိဤမြို့ကလေးတွင်လည်း “နှစ်သက်ဖွယ်သောအရာများ” ရှိကြောင်းထင်ရှားနေပါသည်။ လွန်ခဲ့သောလေးနှစ်အချိန်တွင် ကျွန်ုပ်တို့၏ဝိညာဏညီအစ်မတစ်ဦးတည်းသာရှိသည်။ ယခုမူ ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာသူ ၄၇ ဦးရှိနေပြီ။ သက်သေခံအများသည် နတ်ဝိဇ္ဇာတတ်သူ၊ မူးယစ်ဆေးဝါးစွဲသူ၊ စာရိတ္တပျက်ပြားသူများဖြစ်ခဲ့ကြသည်။ ဤသို့ဖြစ်ရခြင်းမှာ ဝိညာဉ်ရေးအရပြစ်တင်ရှုတ်ချဖို့သာတတ်ပြီး အကူအညီမပေးတတ်သည့် ဝိညာဉ်ရေးစိတ်ထားမရှိသောအသင်းတော်ကြောင့် အဓိကဖြစ်ရသည်ဟု သူတို့ယူဆကြ၏။ သက်သေခံများသည်လူတို့အား စိတ်သက်သာရာကိုပေးနေကြပါသည်။
အသင်းတော်ရှိလူငယ်များသည် မိမိတို့ကျောင်းကို ဟောပြောခြင်းလုပ်ငန်းအတွက် မိမိတို့၏ကိုယ်ပိုင်ရပ်ကွက်ဖြစ်စေခဲ့ပြီ။ “ကျွန်မကျောင်းနေဖက်များက ‘ပျိုတုန်းနုတုန်းပျော်စမ်းပါ’ ဟုမကြာခဏပြောသည်” ဟူ၍ ၁၈ နှစ်သမီးကာဇာပြောပြ၏။ “ဒါပေမယ့် ကျွန်မဘာပြဿနာမှမတက်ခဲ့ဘူး။ ကျွန်မဘဝဟာလည်း တကယ်အဓိပ္ပာယ်ရှိတယ်။ ကျောင်းမှာဘဲ ကျမ်းစာသင်အံမှုတွေပြုလုပ်တယ်။ အိမ်အလုပ်နဲ့ကိုယ်ပိုင်လေ့လာမှုကိုလည်း မလစ်ဟင်းစေဘူး။ ‘ပျိုတုန်းနုတုန်းပျော်စမ်းပါ’ လို့ကျွန်မကိုပြောတဲ့မိန်းကလေးတွေ အခုကလေးတွေရလို့ ပြဿနာအမျိုးမျိုးနဲ့လုံးပမ်းနေကြတယ်။”
ဒေသခံကျောင်းများစွာတွင် ကင်းမျှော်စင်အသင်း၏စာပေများကို လူကြိုက်များနေသည်။ ဥပမာ၊ ပိုလန်စကားသင်ဆရာမက စာစီစာကုံးရေးသည့်အခါ နိုးလော့မဂ္ဂဇင်း၏ပုံစံအတိုင်း ရိုးရိုးလေးရေးကြရန် မှာကြားသည်။ School and Jehovah’s Witnesses ဘရိုရှာသည် အလွန်အသုံးဝင်ကြောင်း အရန်ရှေ့ဆောင်အီဗာတွေ့ရှိခဲ့ပါသည်။ “ဒီဘရိုရှာကို ကျွန်မတကယ်တန်ဖိုးထားတယ်။ ဆရာဆရာမများလည်း ဖတ်ပြီးနေပြီ။ စည်းဝေးကြီးများကိုတက်ဖို့ အခွင့်တိုင်ကြားတဲ့အခါ ဘာအခက်အခဲမှ မကြုံခဲ့ဘူးဖူး။” လူငယ်များ၌ ဤသို့သောချီးမွမ်းဖွယ်စိတ်ထားမျိုးရှိသည့်အတွက် ယေဟောဝါအမှန်စိတ်ကြည်နူးပေမည်။—သု၊ ၂၇:၁၁။
ခေါင်းမာသောအကျဉ်းသားများ ပြောင်းလဲလာ
ရှရိုဒါ စလောန်စကာမြို့၏အရှေ့ဘက်တွင် အကျဉ်းထောင်နှစ်ခုရှိသော စကဲလ်စာ အပေါစကယားမြို့ရှိသည်။ တစ်ခုကား၊ ပြုပြင်၍မရသောပြစ်မှုပြုသူများအတွက် လုံခြုံမှုအပြည့်ရှိအကျဉ်းထောင်ဖြစ်သည်။ သက်သေခံများသည် ဤအကျဉ်းထောင်နှစ်ခုသို့မှန်မှန်သွားပြီး မှောက်မှားသောဘာသာတရားကမ္ဘာ့အင်ပါယာဖြစ်သည့် မဟာဗာဗုလုန်၏အချုပ်သားများလည်းဖြစ်ကြသော အကျဉ်းသားများထံ သမ္မာတရားကိုဟောပြောလေ့ရှိသည်။—ဗျာဒိတ် ၁၈:၁-၅။
အကျဉ်းသားတစ်ဦးစီနှင့်သော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း သက်သေခံများကျမ်းစာလေ့လာခဲ့ရာ အချို့သည် နှစ်ခြင်းခံယူပြီးကြပြီ။ သူတို့စီရင်ချက်အတိုင်း ခံသွားရကြမည်ဖြစ်သော်လည်း အခြားအကျဉ်းသားများအား သတင်းကောင်းကိုတက်ကြွစွာဟောပြောနေဆဲရှိသည်။ နှစ်ခြင်းအတွက်ပြင်ဆင်နေသည့် အကျဉ်းသားတစ်ဦးသည် ထူးခြားစွာပြောင်းလဲလာသည့်အတွက် ထောင်မှူးတို့က သူ့အား တစ်ပတ်တစ်ခါအိမ်ပြန်ခွင့်ပြုခဲ့ပါသည်။ အခြားသူတို့ကလည်း မိမိတို့သည် ထောင်ထဲမှ ရာဇဝတ်သားများအဖြစ်မဟုတ်ဘဲ ယေဟောဝါသက်သေများအဖြစ်ထွက်လာကြရန် စိတ်ဆုံးဖြတ်ထားကြောင်း မိသားစုများထံ စာရေးအကြောင်းကြားကြသည်။
ဘာသာရေးခေါင်းဆောင်များလာခဲ့ကြသော်လည်း အဘယ်အကျိုးမျှမဖြစ်ထွန်းခဲ့ကြောင်း အကျဉ်းထောင်တစ်ခု၏ထောင်မှူးတစ်ဦးကပြောပြသည်။ သို့နှင့် “ဒီလူတွေကို ခင်ဗျားတို့ဘယ်လိုပြုပြင်ပြောင်းလဲစေနိုင်တာလဲ” ဟုသက်သေခံများအားသူမေးမြန်းသည်။ မိသားစုထံအကျဉ်းသားတစ်ဦးရေးပို့သည့်စာတစ်စောင်၌ အဖြေရှိသည်။ “ဤအကျဉ်းထောင်ထဲမှာ ယေဟောဝါသက်သေများက အုပ်ချုပ်ရေးအသစ်ဖြစ်တဲ့ ယေဟောဝါရဲ့နိုင်ငံတော်ဟာ ကမ္ဘာတစ်ဝန်းလုံးကို မကြာခင်အုပ်စိုးတော့မယ့် ဘုရားသခင်ရဲ့ဝမ်းသာစရာကတိတော်အကြောင်း ပြောပြတယ်။ ကျမ်းစာဖော်ပြချက်နဲ့အညီ ကျွန်တော့်အရင်ဘဝလမ်းစဉ်အကြောင်းကို ထောင်ထဲမှာ စစ်ဆေးသုံးသပ်ကြည့်ဖို့အခွင့်ရခဲ့တယ်။ ဒါနဲ့ကိုယ့်ဘဝကို ကိုယ်ရှက်လာပြီး လူလွတ်ဖြစ်လာချင်ရုံမက ဘုရားသခင့်နိုင်ငံတော်သားတစ်ဦးဖြစ်ချင်လာတယ်။ ဒီကနေ့ ကျွန်တော်ဟာယေဟောဝါရဲ့ နှစ်ခြင်းခံပြီးသားသက်သေတစ်ဦးဖြစ်နေပါတယ်။”
အခြားအကျဉ်းထောင်တစ်ခုတွင် လူသတ်မှုအတွက် ၂၅ နှစ်ထောင်ဒဏ်သင့်နေသူများရှိသည်။ ဤသူတို့အနက် ၁၂ နှစ်ဦးနှင့်ကျမ်းစာသင်အံမှု မှန်မှန်ပြုလုပ်နေပါသည်။ တစ်ယောက်က ယေဟောဝါကိုဆက်ကပ်အပ်နှံပြီး နှစ်ခြင်းယူခဲ့ပါပြီ။ အခြားသူတို့လည်း ထိုသို့ပြုလုပ်ကြရန် ကြိုးစားနေကြသည်။ ယေဟောဝါသက်သေများ၏ ပညာပေးနည်းလမ်းများထိရောက်ကြောင်းကို အသိအမှတ်ပြုကာ ထောင်မှူးက ဤသို့ဆိုသည်။ “ကျွန်တော့်မှာ အကျဉ်းသား ၁၂ ယောက်တည်းရှိတာမဟုတ်ဘူး။ ၆၀၀ ရှိတယ်။ သူတို့ဘဝကို ပြန်ထူထောင်ပေးဖို့ ကူညီပေးပါ။ လိုသမျှကိုပေးပါ့မယ်။ ဒါပေမယ့် အစီအစဉ်ကို ကျေးဇူးပြုပြီးပြင်ဆင်ပေးပါ။ သူတို့ကို ဂရုစိုက်ပေးပါအုံး။”
ထိုသို့ပင်ညီအစ်ကိုများပြုလုပ်ကြသည်။ ဘဝအတွက်ရည်ရွယ်ချက်၊ အနာဂတ်နှင့်ဆိုင်သောမျှော်လင့်ချက်၊ မကောင်းသောအကျင့်များကို စွန့်ပစ်ခြင်း၏အရေးကြီးမှုနှင့်စပ်လျဉ်းသော ကျမ်းစာအစီအစဉ်ကိုသူတို့တင်ဆက်ပေးသည်။ ယေဟောဝါသက်သေခံတစ်ဦးဖြစ်လာ၍ အချိန်တန်သော် အသင်းတော်အကြီးအကဲတစ်ဦးဖြစ်လာခဲ့သည့် ယခင်ကအကျဉ်းသားတစ်ဦးဖြစ်ခဲ့သူ၏တွေ့ကြုံမှုများကို သူတို့ပြောပြသည်။ အလင်းတရားရရှိလာသော စိန်သူခိုးဖြစ်ပြီးမူးယစ်ဆေးဝါးအလွဲသုံးသူတစ်ဦး၏ အထုပ္ပတ္တိများမှပေါ်လွင်ချက်များကိုလည်း သက်သေခံများတင်ပြပြောဆိုသည်။aဤအစီအစဉ်ကိုကြားနာခဲ့သောအကျဉ်းသား ၂၀ တို့သည်လည်း အလွန်စိတ်ဝင်စားသွား၍ မေးခွန်းများမေးမြန်းကြရုံမက ကျမ်းစာသင်အံမှုများတောင်းဆိုကြသည်။
ယုံကြည်ခြင်းနှင့်ခံနိုင်ရည် စမ်းသပ်ခံရ
လူဦးရေ ၁၂,၀၀၀ ရှိလူဗာချွတ်ဖ်မြို့သည် ယူကရိန်းနယ်စပ်မြို့ငယ်ကလေးတစ်မြို့ဖြစ်သည်။ ဒေသခံကြေညာသူ ၁၂ ဦးကိုကူညီပေးရန် ရှေ့ဆောင်များရောက်ရှိလာသည့် ၁၉၈၈ ခုနှစ်တွင်ဧဝံဂေလိသတင်းဟောပြောခြင်းလုပ်ငန်းသည် အရှိန်ရလာသည်။ ယခု တက်ကြွသော ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၇၂ ဦးရှိကာ ဆောက်ပြီးခါစနိုင်ငံတော်ခန်းမတွင် ကျင်းပသော ၁၉၉၁ သတိရအောက်မေ့ပွဲသို့ လူ ၁၅၀ တက်ရောက်ခဲ့သည်။
၁၉၉၁ ခု၊ ဇွန်လတွင် လူဗာချွတ်ဖ်မြို့သို့ ဒုတိယမြောက်ပုပ်ရဟန်းမင်းဂျောန်ပေါလ် အလည်အပတ် ရောက်ရှိလာသည်။ သို့သော် ယင်းကြောင့်လူတို့တွင် စစ်မှန်သောယုံကြည်ခြင်း မတိုးများလာခဲ့ပါ။ ဘဝ၏ရည်ရွယ်ချက်၊ အနာဂတ်အတွက်မျှော်လင့်ချက်နှင့်စပ်လျဉ်း၍ လူတို့သိချင်စမြဲသိချင်နေ၍ သံသယများရှိမြဲရှိနေဆဲဖြစ်သည်။ ဓမ္မဆရာတို့ထံမှ ကျေနပ်ဖွယ်အဖြေများမရရှိသည့်အခါ ယေဟောဝါသက်သေတို့ကို လာမေးမြန်းတတ်ကြသည်။ ဤသို့ပြုလုပ်သည့်အတွက် မိမိတို့ဘာသာကိုကျောခိုင်းပုံရှိနေသဖြင့် အစပထမတွင်စိတ်အနှောင့်အယှက်ဖြစ်ကြငြား သူတို့သိရှိလာသည့်သမ္မာတရားက မှန်ကန်စွာဆုံးဖြတ်ခဲ့ကြောင်း သဘောပေါက်စေသည်။
ယခုမှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်နေသော အောန်နိုရာတာ၏ အဖြစ်အပျက်သည် ဥပမာတစ်ရပ်ပင်ဖြစ်သည်။ လွန်ခဲ့သောတစ်နှစ်က အာပတ်ဖြေချိန်တွင် ဘုရားသခင့်နာမတော်ကအဘယ်သို့နည်းဟု ဘုန်းကြီးအားမေးမြန်းခဲ့သည်။ “ချစ်ခြင်းမေတ္တာဖြစ်တယ်။ အဲ့ဒါ ကိုယ်တော်ရဲ့အတင့်တယ်ဆုံးအမည်ဘဲ” ဟုဖြေဆိုပေးသည်။ ဆက်ပြီးသူက “မင်းဟာ မှင်စက်တစ်စက်ချခံရတဲ့ ကျောက်သလင်းလိုကြည်လင်တဲ့ ရေတစ်ပုံးနဲ့တူတယ်။ အဲ့ဒါရဲ့အကျိုးဆက်တွေကို မပြောင်းလဲနိုင်တော့ဘူး။” သို့နှင့်သူမ,လိုရာအဖြေကိုရရှိလေသည်။ “အဲ့ဒီအချိန်မှာဘဲ ကျွန်မ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။ အဲ့ဒါလဲ မပြောင်းမလဲနိုင်တဲ့ ဆုံးဖြတ်ချက်ပါ” ဟုအောန်နိုရာတာပြောပြသည်။
လူဗာချွတ်ဖ်မြို့တွင်အလင်းတရားရလာသူတိုင်းနီးပါးသည် တစ်ယူသန်သူများ၏အတိုက်အခံကို အပြင်းအထန်ခံခဲ့ရ၏။ သို့သော် ယင်းသည် ယေဟောဝါဘက်ရပ်တည်ပြီး သမ္မာတရားကိုလက်မခံရန် အဟန့်အတားမဖြစ်ခဲ့ပါ။
အဲလ်ဇ်ဘိုင်တာ ဤသို့ပြောပြသည်။ “အစကတော့ အိမ်မှာကျွန်မကိုရိုက်တယ်။ ထိုနောက် နိုင်ငံတော်ခန်းမအထိလာပြီး . . . အိမ်ကိုပြန်ဆွဲခေါ်သွားပြီး အထုံးပါတဲ့တုတ်နဲ့ကျွန်မကို ‘ဆုံးမကြ’ တယ်။ သက်သေခံများနဲ့ပေါင်းသင်းရမလားဆိုပြီး ခြေဆုံးခေါင်းဆုံးရိုက်နှက်ထိုးကြိတ်ကြတယ်။ ဒဏ်ရာဒဏ်ချက်များလွန်းလို့ ကျွန်မကိုဆေးရုံတင်ရတဲ့အထိဖြစ်သွားတယ်။ ဒါပေမယ့်ယေဟောဝါကူညီပေးလို့ နာလန်ပြန်ထူနိုင်ခဲ့တယ်။ တစ်အိမ်ထောင်လုံး ကျွန်မကိုစွန့်ပစ်တယ်။ အဲ့ဒီအကြောင်းကို ဘုန်းကြီးဆီသွားပြောပြတဲ့အခါ သူက ‘နည်းနည်းလေးအရိုက်ခံရရုံနဲ့ ပြစ်တင်စကားလာပြောရလား’ လို့ကျွန်မကိုရှုတ်ချတယ်။”
အခြားညီအစ်မတစ်ဦး ဤသို့ပြန်ပြောပြသည်။ “ဘာသာဝင်တိုင်းရဲ့တာဝန်လို့ ကျွန်မယူမှတ်တဲ့ လက်ဝါးကပ်တိုင်လမ်းကိုလျှောက်ဖို့ နှစ်စဉ်ဘဲချဲန်စတာကိုပါမြို့ကိုသွားတယ်။ အခုထိကျွန်မဒူးမှာ အမာရွတ်တွေရှိသေးတယ်။” ၁၈ နှစ်အရွယ်တွင်သမ္မာတရားရလာသည်နှင့် မိမိ ချာ့ချ်မတက်တော့ဘူးဟု ဘုန်းကြီးရောမိသားစုကိုပါအကြောင်းကြားသည်။ သို့နှင့်အပြင်းအထန်အရိုက်ခံခဲ့ရသည်။ “ဦးနှောက်မှာဒဏ်ရာရသွားတဲ့အထိ အခြေအနေဆိုးခဲ့တယ်။ ဒါပေမယ့် ‘လွတ်လပ်မှုချစ်မြတ်နိုးသူများ’ ခရိုင်စည်းဝေးကိုတက်နိုင်တဲ့အထိ ဆေးရုံမှာသက်သာသွားတယ်။ ချဲန်စတာကိုပါမြို့မှာတစ်ခါမှမတွေ့ခဲ့ဘူးတဲ့ စစ်မှန်တဲ့စည်းလုံးမှုနဲ့ချစ်ခြင်းမေတ္တာကို တစ်ယူသန်စိတ်မရှိသူတို့အလယ်မှာ တွေ့လိုက်ရလို့ ကျွန်မမျက်ရည်တောင်ကျမိတယ်။ ယေဟောဝါရဲ့ကောင်းမြတ်ခြင်းကိုခံစားခဲ့ရပြီး ကိုယ်တော်ကိုအားကိုးတတ်လာရတဲ့အတွက် အရမ်းဝမ်းသာတာဘဲ” ဟုသူမပြောသည်။ မိမိတို့ဝန်ထုပ်များကို ကိုယ်တော်အပေါ်ချထားသူများအား ယေဟောဝါခွန်အားပေးပြီးထောက်မသည်ကား အမှန်ပင်။—ဆာလံ ၅၅:၂၂။
အခြားနေရာများ၌ကဲ့သို့ပင် ဤနိုင်ငံတွင်လည်း “သူ၏အထဲကထွက်ကြလော့” ဟူသောဆင့်ခေါ်သံကို မဟာဗာဗုလုန်၌ချုပ်နှောင်ခံနေရသူများစွာ ယခုနာယူနေကြပါသည်။ ယေဟောဝါအလိုတော်ရှိပါက ကိုယ်တော်၏သတ္တိရှိသောလူတို့သည် ပိုလန်နိုင်ငံတစ်လျှောက် ပျံ့နှံ့နေသော “နှစ်သက်ဖွယ်သောအရာများ” ကိုဆက်စုသိမ်းနေကြမည်။ “ရေငတ်သောသူသည် ‘လာပါစေ။’ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ။”—ဗျာဒိတ် ၁၈:၄။ ၂၂:၁၇။
[အောက်ခြေမှတ်ချက်များ]
a Awake! October 8, 1983, pages 16-19, and November 22, 1987, pages 21-3 ကိုရှု။
[စာမျက်နှာ ၂၄ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ
ရှတွမ်မြို့
ပိုဇနန်မြို့
ကရူးစ်ဗီစာမြို့
ဝါဆောမြို့
ပိုလန်နိုင်ငံ
ရှရိုဒါ စလောန်စကာမြို့
ချဲန်စတာကိုပါမြို့
စကဲလ်စာ အပေါစကယားမြို့
လူဗာချွတ်ဖ်မြို့
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
လန်နိုင်ငံ ကရူးစ်ဗီစာမြို့တွင် သတင်းကောင်းဟောပြောနေစဉ်