“ငါ့ထံသို့ ပြန်လာကြလော့။ငါသည်လည်း သင်တို့ဆီသို့ ပြန်လာမည်”
မိသားစုသည် တောအုပ်တွင်ပျော်ရွှင်စွာအပန်းဖြေနေကြသည်။ ဗြုန်းကနဲ အငယ်ဆုံးဖြစ်သူပီတာသည် ရှဉ့်ကလေးတစ်ကောင်နောက် တောင်ကုန်းအောက် ပြေးလွှားထွက်ခွာသွားသည်။ ထိုခဏချင်းတွင် တိမ်ထုများထူထပ်လာပြီး မိုးရွာချလေသည်။ အစပထမတွင် မိုးဖွဲကလေးသာရွာနေသေးသော်လည်း တဖြည်းဖြည်းသည်းထန်လာသည်။ မိသားစုလိုက် မိမိပစ္စည်းများကိုကောက်သိမ်းကြပြီး ကားရှိရာသို့ပြေးသွားကြလေတော့သည်။ ပီတာဘယ်ရောက်နေပါလိမ့်ဟု အားလုံးသိလိုကြ၏။
ပီတာမူကား မိသားစုရှိရာသို့ပြန်လာဖို့ကြိုးစားနေရှာသည်။ မိမိသွားရာလမ်းကို ကောင်းစွာမမြင်နိုင်သည့် အခက်အခဲတွေ့ရုံမက တောင်ကုန်းပေါ်တက်ဖို့ရန်လည်း လမ်းသည်အလွန်ချောနေသည်။ ထိုအခါမမျှော်လင့်ဘဲနှင့် မိမိခြေအောက်တွင် မြေပြိုသွားပြီး တွင်းနက်တစ်ခုထဲကျသွားလေသည်။ တွင်းထဲမှကြိုးစားတက်ကြည့်သော်လည်း မြေဆီသည်အလွန်ချောနေပါသည်။
မိုးရေသည်သည်းကြီးမည်းကြီးရွာသွန်းနေ၍ ထိုတွင်းသည် ရွှံ့ဗွက်ဖြစ်လာလေသည်။ ပီတာခမျာ ရေနစ်သွားမည်ကိုစိုးရိမ်စရာရှိနေသည်။ နောက်ဆုံး သူ့အဖေသူ့ကိုပြန်တွေ့၍ ကြိုးဖြင့်ဆွဲတင်ကယ်ဆယ်ပေးခဲ့သည်။ မိသားစုထံမှ ခွဲခွာထွက်သွားခဲ့သဖြင့် ပီတာလည်းကောင်းကောင်းဆုံးမခံခဲ့ရသည်။ မည်သို့ပင်ဆိုစေ မိခင်၏ရင်ခွင်တွင် စောင်များခြုံပြီးနွေးထွေးစွာရှိနေရသည့်အတွက် ဆုံးမပြစ်တင်မှုကိုခံယူရလွယ်ကူပါသည်။
ဘုရားသခင့်လူမျိုးအလယ်တွင်ရှိခဲ့ဖူးသူအချို့၏အဖြစ်အပျက်ကို ဤတွေ့ကြုံမှုက ကွင်းကွင်းကွက်ကွက်ဖော်ပြပါသည်။ သူတို့သည် ဤအစီအစဉ်စနစ်၏တွင်းနက်ကြီးထဲကျဆင်းနေပြီး ယင်းမှထွက်ပြီး ယေဟောဝါအဖွဲ့အစည်း၏စံရိပ်ငြိမ်သို့ပြန်လာကြရန် ကြိုးစားနေကြမည်။ ယေဟောဝါရှင်သည်လည်း မေတ္တာကရုဏာဖြင့် ‘ကြိုးချပေးရန်’ အသင့်ရှိကာ လုံခြုံရာအရပ်သို့ပို့ဆောင်ပေးလိုတော်မူ၏။
ယေဟောဝါ၏ကရုဏာသက်သောဆက်ဆံမှုများ
ဣသရေလလူမျိုးခေတ်က ဗိမာန်တော်ကိုဆောက်ပြီးသည့်အခါ ရှောလမုန်သည် ဗိမာန်တော်အတွက်တောင်းသောဆုပတ္ထနာများကို ယေဟောဝါနားညောင်းတော်မူပါဟု အနုမောဒနာဆုပတ္ထနာပြုခဲ့သည်။ ထိုနောက်သူဤသို့ဆိုသည်။ “(မပြစ်မှားတတ်သောလူတစ်ယောက်မျှမရှိသည်ဖြစ်၍) ကိုယ်တော်၏လူ [ဣသရေလ] တို့သည် ကိုယ်တော်ကိုပြစ်မှားသောကြောင့် အမျက်တော်ထွက်၍ ရန်သူလက်သို့အပ်တော်မူသဖြင့် . . . ထိုပြည်၌အချုပ်ခံစဉ် သူတို့သည်သတိရ၍ အကျွန်ုပ်တို့သည်ပြစ်မှားပါပြီ။ မဖြောင့်သောအမှု၊ ဆိုးညစ်သောအမှုကိုပြုမိပါပြီဟု စိတ်ပြောင်းလဲ၍တောင်းပန်သဖြင့် သိမ်းသွားသောရန်သူတို့၏ပြည်၌နေစဉ် . . . သူတို့ဆုတောင်းပတ္ထနာပြုသောစကားကို ကျိန်းဝပ်တော်မူရာကောင်းကင်ဘုံ၌နားထောင်၍ သူတို့အမှုကိုစောင့်တော်မူပါ။”—၃ ဓမ္မရာဇဝင် ၈:၄၆-၄၉။
ဣသရေလလူမျိုး၏သမိုင်းတစ်လျှောက် ရှောလမုန်၏ဆုပန်ချက်ကို ကြိမ်ဖန်များစွာဖြေဆိုပေးတော်မူခဲ့သည်။ ဘုရားသခင့်လူမျိုးသည် မကြာခဏကိုယ်တော်ထံမှသွေဖည်ပြီးစွန့်တော်မူခဲ့သည်။ ထိုနောက် မိမိတို့အပြစ်ကိုအသိအမှတ်ပြုကာ ကိုယ်တော်ထံလှည့်လာကြပြန်သည်။ ထိုအခါ သူတို့အားယေဟောဝါခွင့်လွှတ်လေသည်။ (တရားဟောရာ ၄:၃၁။ ဟေရှာယ ၄၄:၂၁၊ ၂၂။ ၂ ကောရိန္သု ၁:၃။ ယာကုပ် ၅:၁၁) မာလခိမှတစ်ဆင့် ယေဟောဝါက “ဘိုးဘေးတို့လက်ထက်မှစ၍ သင်တို့သည်ငါစီရင်ထုံးဖွဲ့ချက်တို့ကိုမစောင့်၊ တိမ်းရှောင်ကြပြီ။ ငါ့ထံသို့ပြန်လာကြလော့။ ငါသည်လည်း သင်တို့ဆီသို့ပြန်လာမည်” ဟုမိန့်တော်မူခြင်းအားဖြင့် ကိုယ်တော့်လူမျိုးနှင့်အနှစ်တစ်ထောင်အတွင်း ကိုယ်တော်မည်သို့ဆက်ဆံခဲ့ရကြောင်းကို ဖော်ပြတော်မူသည်။—မာလခိ ၃:၇။
ထိမိလဲစရာအကြောင်းရင်းများ
ဣသရေလလူမျိုးနည်းတူ ယနေ့ဘုရားသခင့်လူမျိုးအဝင်အချို့သည် ယေဟောဝါအဖွဲ့အစည်းမှသွေဖည်ပြီး ခွဲခွာသွားကြပါသည်။ အဘယ်ကြောင့်နည်း။ ပထမတွင် ပီတာကဲ့သို့ပင် ရှဉ့်နောက်လိုက်သွားခြင်းဖြစ်သည့် အပြစ်မရှိဟန်တူသောအရာနောက်ပါသွားကြသည်။ အေဒါ၏အဖြစ်အပျက်တွင် ဤအတိုင်းပင်ဖြစ်ခဲ့သည်။ သူဤသို့ပြောပြသည်။ “နေ့လည်အစာစားချိန်တွင် အနီးအနားစားသောက်ဆိုင်တစ်ခုခုသို့ အတူတူသွားစားကြသည့်ထုံးစံ ကျွန်မတို့လုပ်ဖော်လုပ်ဖက်များတွင်ရှိသည်။ သို့နှင့် တစ်နေ့တာလုပ်ငန်းပြီးသည့်အခါ ကော်ဖီသွားသောက်ကြရန်ဖိတ်ခေါ်ခြင်းကို ကျွန်မလွယ်ကူစွာလက်ခံခဲ့သည်။ စည်းဝေးတက်ချိန်၊ ဟောပြောချိန်အတွက်အသုံးပြုသည့်အချိန်ကို ကျွန်မအသုံးပြုနေခြင်းမဟုတ်ပါဟု ကိုယ်ကိုယ်ကိုဆင်ခြေပေးပါသည်။ ၁ ကောရိန္သု ၁၅:၃၃ ပါစည်းမျဉ်းမူကိုချိုးဖျက်နေရာကျမည်ဟု ကျွန်မသတိမပြုမိခဲ့ပါ။
“များမကြာမီ စနေနေ့များတွင် သူငယ်ချင်းများနှင့်အတူ အပျော်မြင်းစီးသွားသည်။ ထိုနောက်မှတစ်ဆင့် ရုပ်ရှင်ပြဇာတ်အစရှိသည်တို့ကို လိုက်သွားပါသည်။ သို့နှင့်စည်းဝေးတစ်ခါတလေလွတ်ခဲ့သည်။ နောက်ဆုံးတော့ စည်းဝေးများလုံးလုံးမတက်တော့၊ ဟောပြောခြင်းလုပ်ငန်းတွင်လည်း မပါဝင်တော့ဘဲဖြစ်လာသည်။ ကျွန်မ၏အဖြစ်ကိုအသိအမှတ်ပြုဝန်ခံမိချိန်တွင် အဖွဲ့အစည်းနှင့် လုံးဝမပေါင်းသင်းတော့သည့်အခြေအနေတွင် ကျွန်မရောက်နေပါသည်။”
အခြားအဖြစ်အပျက်များတွင်မူ ဘုရားသခင့်အမှုတော်ထမ်းရန် မထိုက်မတန်ဟုထင်မြင်စေသည့် ကြီးလေးသောလျှို့ဝှက်အပြစ်တစ်ခုခုကြောင့်ဖြစ်ပေမည်။ (ဆာလံ ၃၂:၃-၅) သို့မဟုတ် ခရစ်ယာန်ညီအစ်ကိုချင်းတစ်ဦး ပြောခဲ့သောစကားတစ်ခွန်း၊ ပြုခဲ့သောအမှုတစ်ခုကြောင့် ထိမိလဲနေကောင်းနေမည်။ ထိုသူသည် “မပြစ်မှားတတ်သောလူတစ်ယောက်မျှမရှိ” ဟူသည့်ရှောလုမုန်၏စကားကို နားမလည်သူဖြစ်သည်။—၃ ဓမ္မရာဇဝင် ၈:၄၆။ ယာကုပ် ၃:၂။
အခြားသူများမူကား ပဲ့ပြင်ဆုံးမခံရသည့်အခါ စိတ်ဓာတ်ကျသွားလိမ့်မည်။ (ဟေဗြဲ ၁၂:၇၊ ၁၁) ဥစ္စာစည်းစိမ်ရှိဘဝပုံစံ၏ဆွဲဆောင်မှုကြောင့် အချို့ဘုရားသခင့်အမှုတော်မထမ်းဆောင်တော့ပါ။ အများအားဖြင့်ဆိုလျှင် ဤလောကတွင်အောင်မြင်မှုရရှိခြင်းငှာ ဘုရားသခင့်လုပ်ငန်းတော်အတွက် အချိန်မပေးနိုင်သည့်တိုင် ဝမ်းစာရှာလုပ်ငန်း၌ ကိုယ်ကိုယ်ကိုနှစ်မြှုပ်ထားကြပြီ။ (မဿဲ ၁၃:၄-၉။ ၁ တိမောသေ ၆:၉၊ ၁၀) ဤကဲ့သို့သောသူတို့၏အခြေအနေသည် မျှော်လင့်ရာကင်းမဲ့နေပါသလော။
ယေဟောဝါ၏ဖိတ်ခေါ်ချက်ကို သင်လက်ခံမည်လော
တစ်ကြိမ်တွင် နားလည်ရခက်သောစကားတစ်ခွန်းကိုယေရှုမိန့်တော်မူခဲ့ရာ အချို့သူများထိမိလဲခဲ့သည်။ ဤသို့မှတ်တမ်းတင်ထားသည်။ “ထိုအခါမှစ၍ တပည့်တော်အများတို့သည် ကိုယ်တော်နှင့်မပေါင်းဖော်ဘဲ ဆုတ်သွားကြ၏။” သို့သော် အားလုံးထိမိလဲကြသည်မဟုတ်။ သမ္မာကျမ်းစာမှတ်တမ်းက ဤသို့ဆက်ဆိုသည်။ “ယေရှုသည် တစ်ကျိပ်နှစ်ပါးသောသူတို့အား ‘သင်တို့သည်လည်း ထွက်သွားခြင်းငှာအလိုရှိကြသလော’ ဟုမေးတော်မူလျှင် ရှိမုန်ပေတရုက ‘သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့သွားရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သောစကားသည် ကိုယ်တော်၌တည်ပါ၏။’” (ယောဟန် ၆:၆၆-၆၈) ယေရှုထံမှထွက်သွားမည်ဆိုလျှင် အလွန်မှားလိမ့်မည်အကြောင်းကို ယေရှု၏တမန်တော်များသည် ပညာရှိစွာသဘောပေါက်ကြသည်။
သွေဖည်ခဲ့သူအချို့သည် နောက်ဆုံး ထပ်တူပင်နားလည်လာကြသည်။ ဘုရားသခင့်အဖွဲ့အစည်းမှ ထွက်သွားခဲ့ခြင်းသည် အမှားကြီးမှားပြီး ယေဟောဝါနှင့်ခရစ်တော်၌သာ အသက်သို့ပို့ဆောင်သောတရားစကားများရှိကြောင်း အသိအမှတ်ပြုလာကြသည်။ ဤသို့အသိအမှတ်ပြုသည်နှင့် ပြန်ဆင်ခြင်ကြည့်ပြီး ခွင့်လွှတ်ပေးပါရန် ယေဟောဝါအားအသနားခံ၍ ကိုယ်တော်ထံပြန်လှည့်လာရန် ဘယ်တော့မျှနောက်မကျလွန်းသည်ကိုလည်း သူတို့အသိအမှတ်ပြုသင့်သည်။ ယေဟောဝါကိုယ်တော်တိုင်ပင် “ငါ့ထံသို့ပြန်လာကြလော့။ ငါသည်လည်း သင်တို့ဆီသို့ပြန်လာမည်” ဟုဖိတ်ခေါ်တော်မူသည်။—မာလခိ ၃:၇။
ယေဟောဝါအမှုတော်ကိုထမ်းဆောင်ခြင်းမှအပ စိတ်ရင်းမှန်သောခရစ်ယာန်တစ်ဦးသည် အဘယ်နေရာ၌ ပျော်ရွှင်မှုရရှိနိုင်မည်နည်း။ ဘုရားသခင့်အဖွဲ့အစည်းအဝင် အတန်ကြာဖြစ်ပြီးနောက်မှ ရွှေ့လျားမျောပါသွားခဲ့မည်ဆိုလျှင် ပြင်ပလောကတွင် သူ့အတွက်အဘယ်အရာရှိသနည်း။ အဓမ္မမှုတိုးသည်ထက်တိုးများနေသောလောကအဝင် ယခုသူဖြစ်လာနေကြောင်း ချက်ချင်းသိမြင်ရလိမ့်မည်။ ဟန်ဆောင်မှု၊ မုသာ၊ လိမ်လည်မှုနှင့်စာရိတ္တယိုယွင်းမှုများ ပြည့်နှက်နေသည့်အစီအစဉ်စနစ်တွင် မိမိပါဝင်ပတ်သက်နေကြောင်း သူတွေ့ရှိရလိမ့်မည်။ ကလေးငယ်ပီတာအတွက် စိုးရိမ်ဖွယ်ဖြစ်ခဲ့သည့် ရွှံ့ဗွက်တွင်းကဲ့သို့ပင် အန္တရာယ်ထူပြောပြီး နေမထိထိုင်မသာဖြစ်သောလောကအဝင် ဖြစ်နေပါလိမ့်မည်။ သတိပြန်ရပြီး သူ၏ထာဝရအသက်ရရေးအတွက် စိုးရိမ်ဖွယ်ဖြစ်နေကြောင်း သိမြင်လာသည့်အခါ ယင်းအခြေအနေမျိုးမှ လွတ်လွတ်ကင်းကင်းရှိနိုင်ရန် အလျင်အမြန်အကူအညီရှာကြံသင့်သည်။ သို့နှင့်ပင် ပြန်လှည့်လာရန်လွယ်ကူလိမ့်မည်မဟုတ်ပါ။
သင်သည် ယေဟောဝါထံပြန်လှည့်လာရန်ကြိုးစားခဲ့သော်လည်း အခက်အခဲကြုံတွေ့ခဲ့သူဖြစ်နေပါသလော။ သို့ဆိုလျှင် သင်သည် အကူအညီလိုအပ်နေကြောင်း အသိအမှတ်ပြုပါ။ ဘုရားသခင့်အဖွဲ့အစည်းရှိ သင့်ညီအစ်ကိုညီအစ်မများ သင့်အားကူညီပေးရန် အသင့်ရှိနေကြကြောင်း ယုံကြည်စိတ်ချပါ။ သို့သော် သင့်ဆန္ဒကိုယေဟောဝါရှေ့မှောက် ကြိုးစားတင်ပြရမည်။ ‘သတိပြန်ရပြီး’ ‘ယေဟောဝါထံတကယ်ပြန်လာ’ ရန်အချိန်တန်ပေပြီ။—၃ ဓမ္မရာဇဝင် ၈:၄၇။
ပြန်လာရန်အကူအညီရရှိခဲ့
ယေဟောဝါထံပြန်လာရန် အေဒါအား အဘယ်အရာအကူအညီပေးခဲ့ကြောင်း သူပြောပြပါသည်။ “အခန့်သင့်အချိန်မှာဘဲ ကျွန်မကိုကျမ်းစာသင်ပေးခဲ့တဲ့ညီအစ်မက သူနှင့်အတူ တိုက်နယ်စည်းဝေးတက်ဖို့ ခေါ်ဖိတ်တယ်။ သူဟာ တကယ်ချစ်စရာကောင်းတယ်။ သူ,ကျွန်မကို နည်းနည်းမှ အပြစ်မတင်ဘူး။ တစ်ချိန်လုံး မေတ္တာဘဲပြတယ်။ နောက်ဆုံးအကြိမ်စည်းဝေးတက်ခဲ့တာ တစ်နှစ်တောင်ရှိခဲ့ပြီ။ ဒါပေမယ့် လောကကြီးဟာ တကယ့်ကိုဟာတာတာဖြစ်ပြီး လောကရဲ့တောက်ပမှုအနောက်မှာ ဝမ်းနည်းကြေကွဲခြင်း၊ စိတ်ဓာတ်ကျစရာ၊ စာရိတ္တယိုယွင်းမှုများသာရှိနေပါလားဆိုတာကို ကျွန်မစဉ်းစားနေမိတယ်။ ဒါနဲ့ဘဲ စည်းဝေးတက်မယ်လို့စိတ်ဆုံးဖြတ်လိုက်တယ်။ စည်းဝေးကျင်းပတဲ့ခန်းမရောက်တဲ့အခါ နောက်ဆုံးခုံတန်းဆီသွားပြီး ချောင်ထဲမှာကြိုးစားပုန်းခဲ့တယ်။ ညီအစ်ကိုများ လာစကားပြော မေးမြန်းမှာကိုစိုးရိမ်ခဲ့တယ်။
“ဒါပေမယ့် စည်းဝေးအစီအစဉ်မှာ ကျွန်မတကယ်လိုအပ်နေတဲ့ဆုံးမစကားများကို ကြားနာခဲ့ပါတယ်။ စည်းဝေးပွဲပြီးတဲ့အခါ ယေဟောဝါလူမျိုးဆီပြန်လာရုံမကဘူး စိတ်နှလုံးအကြွင်းမဲ့နဲ့ ကိုယ်တော်ကိုဝတ်ပြုမယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။ ညီအစ်ကိုများကလည်း ကျွန်မကိုလှိုက်လှိုက်လှဲလှဲကြိုဆိုကြတယ်။ ဒါနဲ့ဘဲ ‘သမီးမိုက်’ ပြန်လာခဲ့ရော။” (လုကာ ၁၅:၁၁-၂၄) ထိုအဖြစ်အပျက်သည် အတော်ကြာခဲ့ပေပြီ။ ယခုအေဒါသည် အချိန်ပြည့်အမှုတော်ဆောင်လုပ်ငန်းကို ၂၅ နှစ်ကျော်ထမ်းဆောင်ခဲ့ပေပြီ။
လမ်းလွဲခဲ့သော အခြားသူတစ်ဦး၏ အဖြစ်အပျက်သည်လည်း ထပ်တူပင်ဝမ်းသာစရာဖြစ်လာသည်။ အကြီးအကဲအချို့သည် ဟိုစေးအား ကျမ်းစာမူထက် မိမိတို့အတွေးအခေါ်ဖြင့် ဆုံးမပဲ့ပြင်ခဲ့သည်။ ဟိုစေးသည် စိတ်ဓာတ်ကျ၊ စိတ်နာကြည်းစွာဖြင့် မလှုပ်ရှားတော့သည့်အခြေအနေသို့ နောက်ဆုံးရောက်ခဲ့ပါသည်။ ရှစ်နှစ်တိုင် ဘုရားသခင့်လူမျိုးမှခွဲခွာနေခဲ့၍ ထိုအတောအတွင်း မယုံကြည်သူနှင့်အိမ်ထောင်ပြုပြီး သားသမီးများရခဲ့ရာ တစ်ဦးကို ကက်သလစ်အသင်း၌ နှစ်ခြင်းယူခွင့်ပင်ပြုခဲ့သည်။
နောက်ဆုံးတွင် တိုက်နယ်ကြီးကြပ်မှူးသည် သူ့ထံသိုးထိန်းလည်ပတ်မှုပြုခဲ့ပြီး၊ အကြီးအကဲများအား ထပ်တူပင်ပြုလုပ်ပေးရန်မှာကြားခဲ့ခြင်းကြောင့် အကူအညီရရှိခဲ့သည်။ သူပြန်ထူထူထောင်ထောင်ရှိလာပြီး ဇနီးဖြစ်သူပင် သမ္မာတရားကိုစိတ်ဝင်စားလာသည်ကိုတွေ့ရှိသဖြင့် ဝမ်းသာခဲ့ရသည်။ ယခုဟိုစေးသည် အသင်းတော်တွင် အကြီးအကဲအရာ၌ အမှုထမ်းဆောင်နေသည်။ ဤတွေ့ကြုံမှုနှစ်ခုတင်ပြသည့်အတိုင်းပင် ပြန်လာရန် ယေဟောဝါ၏မေတ္တာပါဖိတ်ခေါ်ချက်ကိုလက်ခံသူများကို ကိုယ်တော်ကောင်းချီးမပေးဘဲမနေပါ။
သို့သော် ဤကဲ့သို့သောကောင်းချီးများကိုခံစားလိုလျှင် ကမ်းလှမ်းပေးသည့်အကူအညီကို အစအဦးတွင် ကျေးဇူးတင်စွာဖြင့်လက်ခံယူသင့်သည်။ အသင်းတော်အများတွင် ညီအစ်ကိုများသည် မလှုပ်ရှားတော့သည့်သူများကိုသတိရကာ သူတို့ထံကြိမ်ဖန်များစွာသွားပြီး ကူညီပေးတတ်ကြပါသည်။ ဤကဲ့သို့သောအကူအညီမျိုးကိုလက်ခံခြင်းသည် ယေဟောဝါ၏ကရုဏာကိုတန်ဖိုးထားလေးစားကြောင်း တင်ပြခြင်းဖြစ်သည်။—ယာကုပ် ၅:၁၉၊ ၂၀။
အမှန်သော်ကား၊ “ငါ့ထံသို့ပြန်လာကြ” ဟူသောယေဟောဝါ၏ဖိတ်ခေါ်ချက်ကိုလက်ခံရန်အချိန်သည် ဤအချိန်ပင်ဖြစ်သည်။ (မာလခိ ၃:၇။ ဟေရှာယ ၁:၁၈) ဆက်၍မဆိုင်းငံ့နေပါနှင့်။ ကမ္ဘာ့အဖြစ်အပျက်များသည် ထူးခြားစွာဖြင့် အလျင်အမြန်ရှေ့သို့ချီနေပြီ။ ရှေ့တစ်ကွေ့တွင်ရှိသောမုန်တိုင်းကာလအတွင်း ကျွန်ုပ်တို့ရှိသင့်သည့် အကောင်းဆုံးနေရာသည် ယေဟောဝါ၏ကာကွယ်စောင့်ရှောက်မှုအောက် လုံခြုံမှုရှိသည့် ကိုယ်တော့်အဖွဲ့အစည်းအတွင်းဖြစ်သည်။ ယေဟောဝါ၌ခိုလှုံသူများသာလျှင် ကိုယ်တော်၏အမျက်တော်ထွက်ရာနေ့ရက်အတွင်း အမျက်တော်မှ ပုန်းရှောင်နေနိုင်ရန် ခိုင်လုံသောမျှော်လင့်ချက်ရှိပါသည်။—ဇေဖနိ ၂:၂၊ ၃။
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
“ငါ့ထံသို့ပြန်လာကြလော့” ဟူ၍ယေဟောဝါ၏ဖိတ်ခေါ်ချက်ကို သင်လက်ခံမည်လော