“အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယား”
“သူ့သားအိမ်ယာပြစ်မှားခြင်းသည် နေ့စဉ်အဖြစ်အပျက်ကဲ့သို့ပင်ဖြစ်ချေပြီ။” ပါရဂူများစွာ ထိုသို့ဆိုကြကြောင်း Los Angeles Times ကဖော်ပြသည်။ ထိုသို့ပြောဆိုကြသဖြင့် သင်အံ့အားသင့်သွားသလော။ မည်သို့ပင်ဆိုစေ စိတ္တဇပညာရှင် ဖရန့်ခ် ပစ်တ်မဲန်ဆိုသူက လင်ယောက်ျား ၅၀ ရာခိုင်နှုန်းနှင့် ဇနီးသည် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းခန့်သည် သစ္စာဖျက်ခဲ့ဖူးသည်ဟုခန့်မှန်းပါသည်။ ထိုသို့မှန်လျှင် ရှိရှိသမျှအိမ်ထောင်သည်တစ်ဝက်နီးပါးသည် လင်မယားသစ္စာဖျက်ကြသည်။
ယင်းကြောင့် စာရိတ္တပျက်ပြားနိုင်သည်ဟုဆိုလိုပါသလော။ လုံးဝမဟုတ်ပါ။ လမ်းပေါ်တွင် ရာဇဝတ်မှုတိုးပွားလာခဲ့သည့်အတွက် သူတစ်ပါးပစ္စည်းခိုးယူနိုင်သည်ဟု မဆိုနိုင်သကဲ့သို့ပင် သစ္စာဖျက်မှုတိုးများလာသည့်အတွက် ယင်းသို့ပြုခြင်းသည် မမှန်ကန်ပါ။ စာရိတ္တပျက်ပြားမှုသည် နာကြည်းစရာဖြစ်သည်။ ဥပမာ၊ လူတို့သာ သီလရှိမည်ဆိုလျှင် ယနေ့လူ့လောကတစ်ခွင် ဒုက္ခတွေ့နေစေသည့် လိင်ဖောက်ပြန်မှုကြောင့် ကူးစက်လာသောအသက်အန္တရာယ်ရှိစေသည့်ရောဂါဆိုးများကို လွယ်ကူစွာထိန်းချုပ်တားဆီးပေးနိုင်ပါသည်။ လူတို့သာ ဤမျှလိင်မဖောက်ပြန်ခဲ့ပါမူ လူသတ်ကောင် အေအိုင်ဒီအက်စ်ရောဂါသည် ယခုကဲ့သို့ခြေကုပ်မိနေမည်မဟုတ်ပါ။
ထို့ပြင် ခေတ်အဆန်ဆုံး၊ “အမြင်အကျယ်” ဆုံးသူတို့ပင် မိမိတို့အိမ်ထောင်ဖက်များသည် သစ္စာဖျက်ပါမူ အလွန်စိတ်ထိခိုက်နာကြည်းတတ်ကြသည်။ တစ်ကြိမ်တည်းသာသစ္စာဖျက်ခဲ့သည့်အတွက် ဘဝတစ်ဝက်ထိတိုင် မပျောက်ကင်းနိုင်အောင် အနာတရဖြစ်စေနိုင်သည်။
သို့သော် အရေးအကြီးဆုံးအချက်ကား အိမ်ထောင်ရေးနှင့်ဆိုင်သောသစ္စာပြုချက်ကို အရေးမထား၊ ကိုယ်ထင်ရာစိုင်းခြင်းသည် အိမ်ထောင်ပြုခြင်းအမှုကိုတီထွင်သော ဘုရားသခင်ကို မလေးမခန့်ပြုခြင်းနှင့် တူသည်။ သမ္မာကျမ်းစာ ဤသို့ဆိုသည်။ “ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှု . . . သည်အသရေရှိစေလော့။” ဤသို့လည်းသတိပေးထားပါသည်။ “မတရားသောမေထုန်ကိုပြုသောသူနှင့် သူ့မယားကိုပြစ်မှားသောသူကို ဘုရားသခင်စစ်ကြောစီရင်တော်မူလိမ့်မည်။”—ဟေဗြဲ ၁၃:၄။
သို့ဖြစ်သောကြောင့် ပညာရှိတို့သည် ဤမှုတ်သွင်းခံစကားများကို နာခံကြသည်။ “အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့။” (သု၊ ၅:၁၈) သူတို့အိမ်ထောင်ဖက်များနှင့်အတူ ကျေနပ်ရောင့်ရဲပြီးစိတ်ချမ်းသာလိုကြသည်။ ဤသို့ပြုခြင်းအားဖြင့် သူတို့၏ကာယနှင့်စိတ်ဓာတ်ကျန်းမာရေးကို ကာကွယ်ပေးသည်သာမက ထိုထက်အရေးကြီးသည်ကား ထိမ်းမြားခြင်းကိစ္စကို တီထွင်တော်မူသောအရှင် ကြီးမြတ်သောယေဟောဝါဘုရားသခင်ကို ဂုဏ်တင်ချီးမြှင့်ကြပါသည်။