အကြီးအကဲများ—လွှဲအပ်ကြလေ
သူသည်အလွန်စိတ်ရှည်၍ နှိမ့်ချမှုရှိသောသူ၊ ဘဝအတွေ့အကြုံများကြောင့် တရားမျှတသောသဘော အပြည့်ရှိသူလည်းဖြစ်သည်။ ယင်းကြောင့် သုံးသန်းကျော်သော အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်တို့သည် သူ့အကြံဉာဏ်ကို အားထားမှီခိုကြသည်။ သူသည်လည်း သူတို့အကျိုးကို အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ပေးသည်။ နံနက်မှညဦးပိုင်းအချိန်အထိ သူတို့၏ပြဿနာများကို လက်သင့်ခံနားထောင်ပြီး ဘုရားသခင့်ပညတ်တော်များကို မည်သို့လိုက်နာကျင့်သုံးနိုင်ကြောင်း စိတ်ရှည်လက်ရှည်ရှင်းပြပေးပါသည်။ မှန်ပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ကဣသရေလလူမျိုး ၁၂ နွယ်ကို မောရှေတစ်ဦးတည်း တစ်ခဏမျှ တရားစီရင်ခဲ့ပါသည်။
သို့ရာတွင် မောရှေ၏ယောက္ခမ ယေသရောသည် အတော်အတန်စိုးရိမ်သွားပါသည်။ ဤအမှုကို မောရှေ မည်မျှကြာရှည် ဆက်ဆောင်ရွက်ပေးနိုင်ပါမည်နည်း။ ထိုကြောင့် ယေသရောဤသို့ဆိုသည်။ “သင်ပြုသောအမှုသည် မတော်မသင့်ဖြစ်၏။ သင်မှစ၍ သင်၌ပါသော ဤလူများတို့သည် အမှန်အားလျော့ကြလိမ့်မည်။ ဤအမှုသည် သင်၌အလွန်လေး၏။ တစ်ယောက်တည်း မတတ်နိုင်သောအမှုဖြစ်၏။” (ထွက်မြောက်ရာ ၁၈:၁၇၊ ၁၈) မည်သို့ပြုလုပ်နိုင်မည်နည်း။ အခြားသူတို့အား တာဝန်ခွဲဝေလွှဲအပ်ပေးရန် မောရှေအား ယေသရောအကြံပေးလေသည်။ (ထွက်မြောက်ရာ ၁၈:၁၉-၂၃) အလွန်ကောင်းသော အကြံပေတည်း။
ယနေ့ခရစ်ယာန်အသင်းတော်တွင် မောရှေကဲ့သို့သော အကြီးအကဲများစွာရှိသည်။ မိမိတို့တစ်ဦးတည်း တတ်နိုင်သည်ထက်ပို၍ ကြည့်ရှုပြုစုရန်ကြိုးစားနေကြပါသည်။ အစည်းအဝေးများအတွက် ပြင်ဆင်ရုံမက စီစဉ်ပေးပြီး အစီအစဉ်ပါတာဝန်အသီးသီးကို စည်းစနစ်ကျန၊ ထိရောက်စွာ တင်ပြပြောဆိုပေးသည်။ (၁ ကောရိန္သု ၁၄:၂၆၊ ၃၃၊ ၄၀။ ၁ တိမောသေ ၄:၁၃) အသင်းတော်ရှိသူတစ်ဦးစီ၏ လိုအပ်ရာအသီးသီးတို့ကိုလည်း အကြီးအကဲများ ပြုစုဆောင်ရွက်ပေးကြပါသည်။ (ဂလာတိ ၆:၁။ ၁ သက်သာလောနိတ် ၅:၁၄။ ယာကုပ် ၅:၁၄) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းဖြစ်သည့် အရေးတကာ့အရေးအကြီးဆုံးလုပ်ငန်းကိုလည်း ဦးစီးဦးဆောင်ပြုလုပ်ပါသည်။ (မဿဲ ၂၄:၁၄။ ဟေဗြဲ ၁၃:၇) ပြည်သူလူထုထံ စာအုပ်စာတမ်းများဝေငှပေးရန် အသင်းတော်လိုအပ်မည့်စာပေ အလုံအလောက်ရှိဖို့အတွက်လည်း သူတို့စီစဉ်ပေးရသည်။
ထို့ပြင် တိုက်နယ်နှင့်ခရိုင်စည်းဝေးကြီးများ အစီအစဉ်တွင် အချို့အကြီးအကဲများ တာဝန်ယူ ဟောပြောရသေးသည်။ စည်းဝေးပွဲများစီစဉ်ဖွဲ့စည်းပေးရေးတွင်လည်းကောင်း၊ ဆေးရုံများနှင့်ဆက်စပ်သောကော်မတီများတွင်လည်းကောင်း သူတို့ပါဝင်ဆောင်ရွက်ကြရသေးသည်။ အချို့ဆိုလျှင် ဘုရားသခင့်နိုင်ငံတော်ခန်းမဆောက်လုပ်ရေးတွင် ပါဝင်ကူညီပေးသည်။ ယင်းတာဝန်များအပြင် မိသားစု၏တာဝန်၊ သူတို့၏ ဝိညာဏအစာကျွေးမွေးပေးရေးတာဝန်ကိုပါ ထမ်းဆောင်ပြုစုပေးရပါသည်။ (ယောရှု ၁:၈။ ဆာလံ ၁၁၀:၃။ ၁ တိမောသေ ၃:၄၊ ၅။ ၄:၁၅၊ ၁၆ နှိုင်းယှဉ်။) ဤတာဝန်အားလုံးကို ခရစ်ယာန်အမျိုးသားတချို့ မည်သို့ဆောင်ရွက်နိုင်ကြမည်နည်း။ မောရှေနည်းတူ သူတို့အတွက် ကူဖော်လောင်ဖက်လိုအပ်နေပါသည်။ လွှဲအပ်တတ်ရန်လိုပါသည်။ တာဝန်မလွှဲအပ်တတ်သူသည် စီမံခန့်ခွဲမတတ်သူဖြစ်သည်။
အခြားသူများကို လေ့ကျင့်ပေးခြင်း၏တန်ဖိုး
တာဝန်ခန့်ခွဲလွှဲအပ်ပေးရန်လိုသည့် အခြားအကြောင်းများလည်းရှိပါသေးသည်။ ယေရှု၏ငွေအခွက်များ ပုံဥပမာတွင် အရှင်သခင်တစ်ဦးသည် ခရီးရှည်မထွက်မီ မိမိကျေးကျွန်တို့ကိုခေါ်ယူပြီး တာဝန်အသီးသီးကို ခန့်ခွဲလွှဲအပ်ပေးခဲ့သည်။ (မဿဲ ၂၅:၁၄၊ ၁၅) ဤသို့ပြုခြင်းအားဖြင့် ထိုအရှင်သခင်သည် အမျိုးမျိုးသောအမှုကို စွမ်းဆောင်နိုင်ခဲ့သည်။ ဦးဆုံးအနေနှင့် မိမိခရီးထွက်နေစဉ် ကျေးကျွန်တို့သည် မိမိအစား လုပ်ငန်းဆောင်ရွက်ပေးကြသည်။ သို့ဖြစ်၍ လုပ်ငန်းမရပ်တန့်သွားခဲ့ပါ။ ဒုတိယကား၊ အပြောထက်အလုပ်တာသွားသဖြင့် ကျေးကျွန်တို့၏အရည်အချင်းနှင့် သစ္စာတည်ကြည်မှုကို သခင်လုပ်သူက အကဲခတ်ဝေဖန်နိုင်ပါသည်။ တတိယအနေနှင့်ကား ကျေးကျွန်များအား အတွေ့အကြုံ ရင့်ကျက်လာခွင့်ပေးပါသည်။
ဤပုံဥပမာသည် ယနေ့ ကျွန်ုပ်တို့အတွက် အဓိပ္ပာယ်လေးနက်သည်။ ဤကမ္ဘာမှ ယေရှုထွက်ခွာသွားစဉ်က ဘိသိက်ခံတပည့်နောက်လိုက်များအား ကိုယ်တော်သည် တာဝန်များအပ်နှင်းခဲ့သည်။ ယင်းတို့မှအကြွင်းအကျန်များသည် ဘုရားသခင့်နိုင်ငံတော်၏ ကမ္ဘာချီရေးရာတို့ကို တာဝန်ထမ်းဆောင်လျက်နေရတုန်းပင်ဖြစ်သည်။ (လုကာ ၁၂:၄၂) ဘိသိက်ခံများ၏ မျက်မှောက်ခေတ် ကြီးကြပ်ကွပ်ကဲရာကာလတွင် ယေဟောဝါ၏ကောင်းချီးကို အဖွဲ့အစည်းတော်ခံစားနေရကြောင်း ထင်ရှားပါသည်။ ယင်းကြောင့်လည်း အံ့ချီးဖွယ်ကောင်းစွာ တိုးတက်ကြီးပွားနေသည်။ စဉ်းစားကြည့်ပါက လွန်ခဲ့သောငါးနှစ်အတွင်းပင် လူသစ်ပေါင်းတစ်သန်းကျော်တို့သည် သူတို့၏ဆက်ကပ်အပ်နှံခြင်းကို ရေတွင်နှစ်ခြင်းယူခြင်းဖြင့် တင်ပြခဲ့ကြပြီ။ ယင်းအတွက်ကြောင့် အသင်းတော်သစ်ထောင်ပေါင်းများစွာ၊ တိုက်နယ်အသစ် ရာပေါင်းများစွာ တိုးများလာခဲ့ပါပြီ။
“သစ္စာနှင့်သတိပညာရှိကျေးကျွန်” အားယေရှုခရစ်သည် တာဝန်များခွဲဝေခန့်အပ်ပေးခဲ့သည်နည်းတူ သူတို့ကတစ်ဆင့် “အခြားသိုး” မှအကြီးအကဲများနှင့် ဓမ္မအမှုထမ်းများအား အသင်းတော်တာဝန်များကို ခွဲဝေလွှဲအပ်ပေးခဲ့ပါသည်။ (မဿဲ ၂၄:၄၅-၄၇။ ယောဟန် ၁၀:၁၆) မည်သို့ဆိုစေကာမူ တိုးတက်ကြီးပွားမှု များပြားလွန်းသဖြင့် တာဝန်ထမ်းဆောင်ယူနိုင်မည့် ဆက်ကပ်အပ်နှံပြီးသူ မြောက်မြားစွာလိုအပ်နေပါသေးသည်။ အဘယ်မှ ထွက်ပေါ်လာမည်နည်း။ အကြီးအကဲများ လေ့ကျင့်ပေးရန်လိုပါသည်။ သို့သော် သင့်လျော်သောတာဝန်များကို အရည်အချင်းရှိနိုင်မည့်သူတို့အား ခွဲဝေလွှဲအပ်မပေးလျှင် ဤကဲ့သို့သောသူများကို အကြီးအကဲများ မည်သို့လေ့ကျင့်ပေးနိုင်မည်နည်း။ မိမိတို့ထက်ငယ်ရွယ်သူများ၏ အရည်အချင်းနှင့် သစ္စာတည်ကြည်မှုကို အခြားအဘယ်နည်းဖြင့် အကြီးအကဲများ အကဲခတ်ကြည့်ရှုနိုင်မည်နည်း။
ခွဲဝေလွှဲအပ်ခြင်းအဓိပ္ပာယ်ကား အဘယ်နည်း
အချို့သူများအတွက် “ခွဲဝေလွှဲအပ်ခြင်း” ဟုဆိုလျှင် ဝန်ထုပ်ဝန်ပိုးချခြင်း၊ တာဝန်များရှောင်ခြင်း၊ လျစ်လျူရှုခြင်း၊ သို့မဟုတ် စွန့်လွှတ်ခြင်းအဓိပ္ပာယ်ရှိသည်။ သို့ရာတွင် “ခွဲဝေလွှဲအပ်ခြင်း” ကိုလျော်ကန်စွာအသုံးပြုမည်ဆိုလျှင် တာဝန်များကိုပြီးစီးအောင် ဆောင်ရွက်ပေးနိုင်သည့်နည်းသာဖြစ်သည်။ “ခွဲဝေလွှဲအပ်ရန်” ဟုသောအင်္ဂလိပ်ကြိယာကို ဤသို့နက်ဖွင့်ပေးထားပါသည်။ “အခြားတစ်ဦးအား အပ်နှင်းခြင်း၊ မိမိကိုယ်စား ခန့်အပ်ပေးခြင်း၊ တာဝန် သို့မဟုတ် အခွင့်အာဏာပေးခြင်း” ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ပြုလုပ်ဆောင်ရွက်ရာအတွက် ခွဲဝေလွှဲအပ်သူသာ တာဝန်ခံဖြစ်သည်။
ခွဲဝေလွှဲအပ်လိုက်မည်ဆိုလျှင် မိမိမထိန်းချုပ်နိုင်ဘဲဖြစ်သွားမည်ကိုစိုးရိမ်သဖြင့် အချို့သူများတွန့်ဆုတ်နေကြသည်။ အမှန်ဆိုလျှင် ခွဲဝေလွှဲအပ်ခြင်းဖြင့် ထိန်းချုပ်မှုဆုံးရှုံးသွားသည်မဟုတ်ပါ။ မျက်မြင်မရဖြစ်၍ ကောင်းကင်မှအုပ်ချုပ်နေသော်လည်း ခရစ်တော်ယေရှုသည် ခရစ်ယာန်အသင်းတော်ကို ကောင်းစွာထိန်းချုပ်ကွပ်ကဲပေးနေတော်မူသည်။ ကိုယ်တော်ကတစ်ဆင့် အတွေ့အကြုံရင့်ကျက်သောအမျိုးသားတို့အား အသင်းတော်ကို တာဝန်လွှဲအပ်ထားပါသည်။—ဧဖက် ၅:၂၃-၂၇။ ကောလောသဲ ၁:၁၃။
အခြားသူများမူကား အလုပ်တာဝန်ကို ကိုယ်တိုင်ပြုလုပ်မှသာ အလျင်အမြန်ပြီးမြောက်နိုင်မည်အထင်နှင့် ခွဲဝေလွှဲအပ်ခြင်းမပြုလုပ်လိုပါ။ သို့ရာတွင် သူတစ်ထူးအားလေ့ကျင့်ပေးခြင်းအကျိုးကို ယေရှုတွေ့မြင်ခဲ့သည်။ ယေရှုထက် ပိုမိုထိရောက်စွာသွန်သင်ပေးနိုင်သူတစ်ဦးမျှ ကမ္ဘာပေါ်မရှိပါ။ (ယောဟန် ၇:၄၆) သို့တိုင် တပည့် ၇၀ တို့အားမှာကြားသွန်သင်ပြီးနောက် ဟောပြောခြင်းလုပ်ငန်းခွင်သို့ စေလွှတ်တော်မူခဲ့သည်။ သွန်သင်ခြင်းစွမ်းရည်တွင် ယေရှုနှင့်မယှဉ်နိုင်သော်လည်း သူတို့၏အောင်မြင်မှုများအတွက်ကြောင့် ဝမ်းသာအားရစွာ ပြန်လာကြပါသည်။ ယေရှုသည်လည်း သူတို့နှင့်အတူ ဝမ်းမြောက်တော်မူ၍ သူတို့အားချီးမွမ်းခဲ့သည်။ အကြောင်းမှာ၊ ကိုယ်တော်ထွက်ခွာသွားပြီးနောက် သူတို့လုပ်ငန်းဆက်လုပ်ကြရုံမက ကိုယ်တော်တစ်ပါးတည်းလုပ်ဆောင်နိုင်ခဲ့သည်ထက်ပို၍ တစ်ဖြည်းဖြည်းပြီးမြောက်အောင်ဆောင်ရွက်ကြလိမ့်မည်ကို ကိုယ်တော်သိတော်မူခဲ့သည်။—လုကာ ၁၀:၁-၂၄။ ယောဟန် ၁၄:၁၂။
ခွဲဝေလွှဲအပ်ခြင်းမည်သည် မပြုမဖြစ်သည့် အသေးအမွှားကိစ္စရပ်များကို ပြီးမြောက်ဆောင်ရွက်ပေးခြင်းကိုလည်း ဆိုလိုပါသည်။ ယေရှုမသေမီတစ်ရက်အလိုတွင် ကိုယ်တော်နောက်ဆုံးသုံးဆောင်မည့် ပသခါပွဲအတွက် ဆောင်ရွက်ဖို့လိုသောအစီအစဉ်များကို ပြုလုပ်ပေးရန် ပေတရုနှင့်ယောဟန်တို့အား တာဝန်အပ်နှင်းတော်မူသည်။ (လုကာ ၂၂:၇-၁၃) ယေရှုကိုယ်တိုင် သိုးတစ်ကောင်၊ စပျစ်ရည်၊ တဆေးမဲ့မုန့်၊ ခါးသောဟင်းရွက်ကို လိုက်ဝယ်ခြမ်းရန်၊ ခွက်ယောက်များ၊ ထင်းစည်း အစရှိသည်တို့ကို စုဆောင်းပေးရန်အတွက် ပူပန်နေစရာမလိုတော့ပါ။ ထိုအသေးအမွှားကိစ္စများကို ပေတရုနှင့်ယောဟန်တို့ ပြုလုပ်ဆောင်ရွက်ပေးကြပါသည်။
ယနေ့အကြီးအကဲများသည် ယေရှု၏ပုံသက်သေကိုအတုယူမည်ဆိုလျှင် ထပ်တူအကျိုးကျေးဇူးများ ခံစားနိုင်ပါမည်။ ဥပမာ၊ စာအုပ်စာတမ်းများကိုတာဝန်ယူသူသည် လာမည့်ကန်ပိန်းအတွက် လိုအပ်မည့်စာပေများကို မှာယူပေးရန် တာဝန်အပ်နှင်းနိုင်သည်။ လွန်ခဲ့သောကန်ပိန်းများတွင် ထပ်တူစာပေများကို မည်သို့အသုံးပြုခဲ့ကြောင်း မှတ်တမ်းများကိုပြန်စစ်ဆေးကြည့်ခြင်းအားဖြင့် မည်သို့ဆုံးဖြတ်ဝေခွဲနိုင်မည်အကြောင်း ညွှန်ကြားပေးနိုင်သည်။ သက်ဆိုင်သည့်မှာယူရာပုံစံကို မဖြည့်စွက်မီ အသင်းတော်ရပ်ကွက်၏ အခြေအနေကိုလည်း ထည့်အကဲခတ်သုံးသပ်ကြည့်နိုင်ပါသည်။ ထိုနောက် ပုံစံစာရွက်ကို အသင်းတော်အတွင်းရေးမှူး စစ်ဆေးပေးစေရန် ပေးအပ်နိုင်ပါမည်။ စာအုပ်စာတမ်းအမှုထမ်းသည် မိမိတာဝန်ကို တတ်သိနားလည်သွားပြီဆိုလျှင် မှာယူရာပုံစံစာရွက်ပေါ်ပါ စုစုပေါင်းကိန်းဂဏန်းများသည် အတော်အသင့်ဖြစ်နေပါက အတွင်းရေးမှူးသည် မှတ်တမ်းဟောင်းများကို ပြန်၍စစ်ဆေးနေစရာလိုတော့မည်မဟုတ်ပါ။ ဤသို့ခွဲဝေလွှဲအပ်ခြင်းအားဖြင့် စာအုပ်စာတမ်းမှာယူခြင်းကိစ္စကို သက်ဆိုင်သူများအတွက် လွယ်ကူစေမည်ကား ရှင်းနေပါသည်။
ဤသို့သောအကျိုးကျေးဇူးများကိုထောက်ရှုထားခြင်းအားဖြင့် ခွဲဝေလွှဲအပ်ခြင်းကိစ္စကို မည်သို့ထိရောက်စွာ ပြုလုပ်နိုင်ပါမည်နည်း။
မည်သို့ခွဲဝေလွှဲအပ်နိုင်
တာဝန်ကိုရှင်းပြပါ။ ဦးဆုံးအနေနှင့် အဘယ်မည်သောအကျိုးရလဒ်များကို တွေ့ရှိလိုကြောင်း သိနားလည်စေပါ။ “ငါပြန်၍မလာမီတိုင်အောင် ကုန်သွယ်ခြင်းအမှုကိုပြုကြလော့” ဟုကျွန်ဆယ်ဦးတို့အား ယေရှု၏ဥပမာမှငွေရှင် “အမတ်” ကြီးမှာကြားခဲ့သည်။ (လုကာ ၁၉:၁၂၊ ၁၃) သခင်အရှင်က ကျွန်တစ်ဦးစီအား ပေးအပ်ထားသည့်ငွေနှင့် သူတို့ကုန်သွယ်ကြရန်၊ သူပြန်လာသည့်အခါ ရသည့်အမြတ်ကို တင်ပြစေရန် အလိုရှိခဲ့သည်။ သူတို့ဘာလုပ်ရမည်ကို ကောင်းစွာသိကြပါသည်။ ယနေ့ဘုရားသခင့်နိုင်ငံတော်ခန်းမဆောက်လုပ်ရေးအစီအစဉ်တွင် ဤမူကို မည်သို့အသုံးပြုနိုင်မည်နည်း။ ဥပမာအနေနှင့်၊ အိမ်ခေါင်မိုးကိုပြုပြင်ရန် တာဝန်ရရှိထားသောညီအစ်ကိုသည် အဘယ်ပစ္စည်းမျိုးကိုအသုံးပြုရမည်၊ ယင်းကို အဘယ်နေရာတွင်ရရှိနိုင်သည်၊ ရာသီဥတုအခန့်သင့်မည်ဆိုလျှင် အဘယ်အချိန်တွင် စတင်အလုပ်လုပ်ရမည် အစရှိသည်တို့ကို သိထားရပါမည်။ ဤသို့သော်လမ်းညွှန်ချက် အတိအကျရရှိထားခြင်းအားဖြင့် စနစ်တကျစီမံကွပ်ကဲပေးနိုင်စေသည်။
လုပ်ငန်းတစ်ခု၌ မည်သူမည်ဝါပါဝင်သည်ကို ရှင်းပြရုံသာမက အဘယ်အရာများကိုဆုံးဖြတ်ပေးနိုင်ကြောင်း နှင့် အဘယ်ကိစ္စများကိုမူ အခြားသူတစ်ဦးအား မေးမြန်းရမည်အကြောင်း သိရှိထားနှင့်စေရန် အရေးကြီးသည်။ သေးငယ်သောအမှုကိစ္စများကို တရားစီရင်ခွင့်ရှိကြသော်လည်း ကြီးလေးသောအမှုများကိုမူကား မိမိကိုယ်တိုင်ကိုင်တွယ်မည်ဟု မောရှေသည် မိမိလွှဲအပ်ထားသူများအား သိရှိနားလည်စေပါသည်။—ထွက်မြောက်ရာ ၁၈:၂၂။
တာဝန်များအပ်နှင်းရာတွင် တာဝန်တစ်ခုတည်းကို နှစ်ဦးနှစ်ယောက်အား အပ်နှင်းမိလျက်သား ဖြစ်နေခြင်းကို ရှောင်ကြဉ်ရန်သတိပြုပါ။ တာဝန်တစ်ခုတည်းကို တစ်ယောက်ထက်မက ထမ်းဆောင်ရန် အပ်နှင်းခံရလျှင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာတတ်ပါသည်။ ဥပမာ၊ ယေဟောဝါသက်သေများ၏ စည်းဝေးပွဲကြီးတစ်ခုတွင် သန့်ရှင်းရေးဌာနရော၊ အစားအသောက်ဌာနပါ စားသောက်စင်များကို သန့်ရှင်းရေးပြုလုပ်ပေးရန် တာဝန်အပ်နှင်းခံရမည်၊ သို့မဟုတ် ဧည့်ကြိုဌာနရော၊ နှစ်ခြင်းပေးဌာနပါ ဗတ္တိဇံပေးနေစဉ် ရှုစားသည့်ပရိသတ်ကို ညွှန်ကြားပေးရန် တာဝန်ရထားမည်ဆိုလျှင် မည်သို့ဖြစ်ပျက်သွားမည်ကို စဉ်းစားကြည့်ပါ။
တတ်စွမ်းသူများကို ရွေးချယ်ပါ။ မောရှေအား ယေသရောဤသို့အကြံပေးသည်။ “လူအပေါင်းတို့အထဲက တတ်စွမ်း၍ဘုရားသခင်ကိုကြောက်ရွံ့လျက် ရိုးသားဖြောင့်မတ်သူများကို ရွေးကောက်၍ လူများအပေါ် ခန့်ထားရမည်။” (ထွက်မြောက်ရာ ၁၈:၂၁၊ The New English Bible) အမျိုးသားတစ်ဦးသည် ဦးဆုံး ဝိညာဏအရည်အချင်းများ ပြည့်မီရမည်ကား ထင်ရှားပါသည်။ ရှိထားသည့်အလုပ်တာဝန်ကို ထမ်းဆောင်ပေးရန် “တတ်စွမ်း” သည်မစွမ်းသည်ကိုသိရှိနိုင်ရန် လူတစ်ဦး၏စိတ်သဘောထား၊ အတွေ့အကြုံ၊ လေ့ကျင့်မှု၊ စွမ်းရည်များ အစရှိသည်တို့ကို ထည့်စဉ်းစားပေးရမည်။ သို့ဖြစ်၍ အထူးဖော်ရွေပျူငှာပြီး ကူညီမစလိုသည့်စိတ်ထားရှိသူသည် မဂ္ဂဇင်းဌာန သို့မဟုတ် ဧည့်ကြိုအဖြစ်ဆောင်ရွက်ရန် တတ်စွမ်းသူဖြစ်မည်။ ထပ်တူသဘောအတိုင်းပင် အသင်းတော်အတွင်းရေးမှူးကို အကူအညီပေးမည့်သူတစ်ဦးကို ရွေးကောက်သည့်အခါ ထိုသူသည် စနစ်တကျလုပ်ကိုင်လေ့ ရှိမရှိကို ထည့်တွက်ပါမည်။ အသေးအမွှားကိစ္စလေးများကို ထိုသူဂရုစိုက်တတ်ပါသလော။ စိတ်ချအားထားနိုင်သူ ဖြစ်သလော။ အတွင်းရေးကို ထိန်းသိမ်းထားတတ်သူ ဖြစ်သလော။ (လုကာ ၁၆:၁၀) မရှိမဖြစ်သည့် ဝိညာဏအရည်အချင်းများအပြင် ဤကဲ့သို့သောအရေးကိစ္စများကို ထည့်တွက်ခြင်းအားဖြင့် သက်ဆိုင်ရာလုပ်ငန်းအတွက် အသင့်တော်ဆုံးသောသူကို တာဝန်ပေးခြင်းငှာ အကူအညီများစွာဖြစ်မည်။
လိုအပ်သောပစ္စည်းဥစ္စာများ အလုံအလောက် ပေးအပ်ထားပါ။ အပ်နှင်းထားသောတာဝန်တစ်ခုကို ပြီးစီးနိုင်ရန် အသုံးပြုစရာပစ္စည်းများ ရှိထားရန်လိုမည်။ ပစ္စည်းကိရိယာ၊ ငွေကြေး သို့မဟုတ် ကူဖော်လောင်ဖက် လိုကောင်းလိုမည်။ ပစ္စည်းဥစ္စာအလုံအလောက် အပ်နှင်းထားပါ။ ဥပမာ၊ ဘုရားသခင့်နိုင်ငံတော်ခန်းမကိုပြုပြင်ရန် ညီအစ်ကိုတစ်ဦးအား တာဝန်ပေးထားပေမည်။ အဘယ်အမှုများကိုပြုလုပ်ရမည်ဟု သူ့အားမှာကြားထားပေမည်။ တစ်ကြိမ်တည်း လိုအပ်မည့်ပစ္စည်းပစ္စယများဝယ်ခြမ်းရန် ငွေအနည်းအကျဉ်းလည်း လိုပေမည်။ သို့မဟုတ် ကူညီပေးမည့်သူလည်းလိုကောင်းလိုမည်။ ထိုကြောင့်သူ့အားကူညီပေးရန် အကြီးအကဲများ မှာကြားလိမ့်မည်။ သို့မဟုတ် ‘ညီအစ်ကို မည်သူမည်ဝါသည် ခန်းမအတွက် လိုအပ်ရာများပြုလုပ်မည်ဖြစ်၍ သူ့အားအကူအညီပေးရန် သင်တို့အားတောင်းဆိုလိမ့်မည်’ ဟုအသင်းတော်ကိုကြေညာပေးနိုင်သည်။ ဤသို့ကြိုစီစဉ်ပေးခြင်းအားဖြင့် လိုအပ်သည့်ပစ္စည်းပစ္စယများကိုမပေးထားဘဲ တာဝန်လွှဲအပ်ခြင်းကို ပြုမိစေမည်မဟုတ်ပါ။ ယင်းကို စီမံအုပ်ချုပ်ရေးအကြံပေးသူတစ်ဦးက “တစ်ဝက်တစ်ပျက်လွှဲအပ်ခြင်း မပြုနှင့်” ဟုပေါ်လွင်စွာဖော်ပြသည်။
တာဝန်များလွှဲအပ်သည့်အခါ မည်သူမည်ဝါသည် သင့်ကိုယ်စား ပြုလုပ်ဆောင်ရွက်မည်ကို အကြောင်းကြားပါ။ သင့်ကိုယ်စား ပြုမူဆောင်ရွက်ခြင်းသည်လည်း အထောက်အမတစ်ခုဖြစ်သည်။ “ပရိသတ်အပေါင်းတို့ရှေ့ ၌” ယောရှုအား ဣသရေလလူတို့၏ခေါင်းဆောင်သစ်အဖြစ် တာဝန်လွှဲအပ်ခဲ့သည်။ “သင်၏ဘုန်းအသရေအချို့ကို သူ့အပေါ်၌တင်ထားလော့” ဟုမောရှေမှာကြားခံခဲ့ရသည်။ (တောလည်ရာ ၂၇:၁၈-၂၃) အသင်းတော်တွင်မူကား တာဝန်အသီးသီးရရှိထားသူ၏ နာမည်စာရင်းကို ကြော်ငြာသင်ပုန်းပေါ် ကပ်ထားပေးခြင်းဖြင့် ထပ်တူပင်ပြုမူနိုင်ပါသည်။
သူတို့၏ဆုံးဖြတ်ချက်များကို ထောက်ခံပါ။ ယခု တာဝန်ရရှိသူသည် လုပ်ကိုင်ရမည့်အလုပ်ကို ဆောင်ရွက်နိုင်ပေပြီ။ သို့သော်သူ၏ဆုံးဖြတ်ချက်များကို သင်သဘောတူထောက်ခံမည်ဆိုလျှင် သူ့အတွက် အားပေးမှုဖြစ်မည်။ ဥပမာ၊ တာဝန်ရထားသည့်ညီအစ်ကို ပြုလုပ်ထားပုံနှင့်ခြားနားစွာ သင်သည် အကြီးအကဲတစ်ဦးအနေနှင့် ဘုရားသခင့်နိုင်ငံတော်ခန်းမစင်မြင့်ပေါ်တွင် အသံချဲ့စက်နှင့်ထိုင်ခုံ အစရှိသည်တို့ကို အဘယ်နေရာတွင်ရှိစေလိုသည့် မိမိကြိုက်နှစ်သက်ရာရှိပေမည်။ သို့ရာတွင် စင်မြင့်ကိုပြင်ဆင်ရသည့်ညီအစ်ကိုအား သူ့အလုပ်ကိုသူ စိတ်တိုင်းကျလုပ်ခွင့်ပြုမည်ဆိုလျှင် သူသည် ကိုယ့်အစွမ်းကိုယ်စိတ်ချလာ၍ အတွေ့အကြုံရရှိလာပေမည်။ ထို့ပြင် ယခင်ပြင်ဆင်ပုံထက်ပင် တိုး၍ကောင်းမွန်နေပေမည်။ စီးပွားရေးအကြံပေးသူတစ်ဦးက “မည်သို့လုပ်ကိုင်ရမည်ကိုမဟုတ် အလုပ်ကိုတာဝန်လွှဲအပ်လိုက်ပါ။ . . . အများအားဖြင့်ဆိုလျှင် စိတ်ကူးဉာဏ်စွမ်းထွက်ပေါ်လာစေသည်။”
စကားအားဖြင့် ထွန်တုံးကိုင်လုပ်ဆောင်နေသောညီအစ်ကိုသည် အခြေအနေကိုအသိဆုံးဖြစ်၍ သက်ဆိုင်ရာပြဿနာများကို သဘောပေါက်ပါလိမ့်မည်။ သို့ဖြစ်၍ ပြဿနာဖြေရှင်းပေးရန် အကောင်းဆုံးနည်းများဖြင့် ပြုလုပ်ဆောင်ရွက်ပါလိမ့်မည်။ ဘေးပန်းမှသူများ မသိမမြင်သည့်ကိစ္စများကိုလည်း သူကိုင်တွယ်နေရပေမည်။ ထိုကြောင့်ခရစ်ယာန်အကြီးအကဲတစ်ဦးက အတွေ့အကြုံရင့်ကျက်သော လက်ထောက်တစ်ဦးအကြောင်း ဤသို့ဆိုသည်။ “အဲ့ဒီမြေကွက်မှာ ကျောက်ခဲတွေရှိတယ်လို့ သူပြောယင် သူ့စကားကိုကျွန်တော် စိတ်ချနိုင်တယ်။”
မှန်ပါသည်။ ခရစ်ယာန်အကြီးအကဲများအတွက် အလွန်တန်ဖိုးရှိအထောက်အမသည် လမ်းပြညွှန်ကြားသည်အတိုင်း ကူညီစောင်မပေးရန်အသင့်ရှိကြသော စွန့်စားလုပ်ကိုင်သူ ညီအစ်ကိုညီအစ်မများ ဖြစ်သည်။ အကြီးအကဲများ၊ ဤတန်ဖိုးကြီးမားသည့် အသုံးကျရာကို သုံးစွဲကြပါလေ။ တာဝန်ခွဲဝေလွှဲအပ်ခြင်းသည် ကျိုးနွံစိတ်၏လက္ခဏာ တစ်ရပ်ဖြစ်၍ စိတ်ဖိစီးမှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုကို လျော့နည်းစေသည်။ ဤသို့အားဖြင့် သင်ပိုမိုထမ်းဆောင်နိုင်မည်သာမက အခြားသူများအားလည်း လိုအပ်သောအတွေ့အကြုံကိုရရှိစေသည်။