ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၁/၁ စာ. ၄-၇
  • အပြစ်ကင်းမဲ့သည့်ကမ္ဘာ—မည်သို့အားဖြင့်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပြစ်ကင်းမဲ့သည့်ကမ္ဘာ—မည်သို့အားဖြင့်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အပြစ်ဟူသည်အဘယ်နည်း
  • အပြစ်ကိုချေဖျက်ရန် လူ့အားထုတ်မှု
  • အပြစ်မှလွတ်မြောက်ခြင်း
  • အပြစ်မရှိတော့သည့်အခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • လူတွေ ဘာကြောင့် သေရတာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • “အသွေးတော်မြတ်” ဖြင့် ကယ်နုတ်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • အပြစ်
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၁/၁ စာ. ၄-၇

အပြစ်ကင်းမဲ့သည့်ကမ္ဘာ—မည်သို့အားဖြင့်နည်း

ဆောင်းရာသီ၏အရုဏ်ဦးတစ်ခု၌ တိုကျိုမြို့၏ဆိတ်ငြိမ်ရပ်ကွက်တစ်ခုတွင် ငယ်သံပါအောင်အော်ဟစ်အကူအညီတောင်းသံတစ်ခုက တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။ လူပေါင်းတစ်ဒါဇင်ခန့်တို့သည် ငါးမိနစ်မှဆယ်မိနစ်ခန့်ကြာသည့်အထိ အလိုက်ခံရသော သတင်းစာပို့သည့်မိန်းမ၏ ကြောက်ရွံ့အားငယ်သည့်အော်ဟစ်သံကို ဆက်ခါဆက်ခါဓားထိုးခံရသည့်အချိန်အထိ ကြားခဲ့ကြရသည်။ ဘာဖြစ်နေသည်ကို မည်သူတစ်ဦးတစ်ယောက်မျှ အရေးမစိုက်ကြချေ။ သူမသွေးလွန်ပြီးသေခဲ့ရသည်။ “အဲဒီလူတွေထဲကတစ်ယောက်ယောက်ဟာ ဒီမိန်းမရဲ့အော်သံကြားကြားခြင်း ရဲကိုအကြောင်းကြားခဲ့ရင် သူမအသက်ရှင်နိုင်တယ်” ဟုစစ်ဆေးရေးအရာရှိကပြောခဲ့သည်။

သေရမည့်မိန်းမ၏အသံကိုကြားသောသူတို့သည် သူမကိုလျစ်လျူရှုရုံမျှသာပြုကြသော်လည်း သူတို့သည် အပြစ်တင်ခွင့်နှင့်ကင်းသည်ဟု အမှန်အကန်ပြောနိုင်မည်လော။ သူမ၏အသံကိုကြားခဲ့သောသူတစ်ဦးက “လူသတ်မှုကိုကျွန်တော်ကြားသိရတဲ့နောက်ပိုင်း သောကြာနေ့တိုင်း ကျွန်တော့်သြတ္တပ္ပစိတ်က ကိုယ့်ကိုယ်ကိုပြန်နှိပ်စက်တယ်” ဟုပြောခဲ့သည်။ ယင်းက အပြစ်ဟူသည် အမှန်အားဖြင့်အဘယ်အရာဖြစ်ကြောင်း ကျွန်ုပ်တို့သိလိုစိတ်ကိုဖြစ်စေသည်။

အပြစ်ဟူသည်အဘယ်နည်း

ဂျပန်နိုင်ငံ တိုကျိုမြို့ဟိုစေးတက္ကသိုလ်ရှိ စာပေဝေဖန်ရေးသမားနှင့် ဂုဏ်ထူးဆောင်ပါမောက္ခဖြစ်သူ ဟီဒဲအိုအိုဒါဂီရိ က အပြစ်ရှိသည့်အခြေအနေအားအသိအမှတ်ပြုခြင်းကို ထောက်ပြ၍ပြောသည့်စကားကို Asahi Shimbun သတင်းစာက ဤသို့ပြန်လည်ကိုးကားတင်ပြထားသည်။ “ကလေးဘဝက ခေါင်းမာမာနဲ့ကိုယ့်ကိုယ်ကိုအရမ်းအထင်ကြီးခဲ့တာတွေ၊ ရှက်ဖွယ်မနာလိုမှုတွေ၊ လူတစ်ဦးကိုလျှို့ဝှက်လုပ်ကြံမှုတွေ စတဲ့အပြစ်တွေ ကျွန်တော့်ရဲ့စိတ်အာရုံထဲမှာပြန်ပေါ်လာတာကို ဘယ်လိုမှဖျောက်ဖျက်ပစ်လို့မရဘူး။ အဲဒီအသိတရားတွေဟာ ကျွန်တော်အခြေခံပညာကျောင်းသားဘဝကတည်းက ကျွန်တော့်ရဲ့စိတ်ထဲမှာ သံပူခတ်ထားသလိုစွဲမြဲနေပြီး ခုထိလည်းဒုက္ခပေးနေတုန်းပါပဲ။” ထိုသို့သင်ခံစားဖူးပါသလော။ မှားသည်ဟုသင်သိသောအရာတစ်ခုကို သင်လုပ်လိုက်သောအခါ အတွင်းက သင့်ကိုယ်ကိုအပြစ်တင်သည့်အသံကြားရသလော။ မည်သည့်ရာဇဝတ်မှုကိုမျှကျူးလွန်ခဲ့ခြင်းမရှိသော်လည်း သင့်စိတ်ထဲတွင် နေသားမကျသည့်ခံစားမှုများရှုပ်ထွေးနေပြီး သင့်စိတ်ကိုဖိစီးနေခြင်းဖြစ်နိုင်သည်။ ယင်းကား သင့်သြတ္တပ္ပစိတ်အလုပ်လုပ်နေခြင်းဖြစ်သည်။ သမ္မာကျမ်းစာက ယင်းအချက်ကို ဤသို့ရည်ညွှန်းဖော်ပြထားသည်။ “သာသနာပလူတို့သည် ပညတ်တရားတော်ကိုမသိဘဲ ကိုယ်အလိုအလျောက်တရားတော်ကိုကျင့်သောအခါ သူတို့သည် ပညတ်တရားတော်ကိုမသိဘဲ ကိုယ်ကျင့်တရားကိုအမှီပြုသဖြင့်လည်းကောင်း၊ ကိုယ်ကိုကိုယ်သိသောစိတ်နှလုံး (ဩတ္တပ္ပစိတ်။ ကဘ) သည် သက်သေခံသဖြင့်လည်းကောင်း၊ အချင်းချင်းဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်လည်းကောင်း၊ မိမိတို့စိတ်နှလုံးထဲ၌မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာပြကြ၏။” (ရောမ ၂:၁၄၊ ၁၅) မှန်ပါသည်။ သဘာဝအားဖြင့် လူအများစုသည် သူ့သားအိမ်ယာပြစ်မှားမှု၊ ခိုးမှု၊ လိမ်လည်မှုပြုခြင်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်ကြသည်။ သူတို့၏သြတ္တပ္ပစိတ်က အပြစ်ကို ထင်ရှားပြနေသည်။

သို့ရာတွင် ဩတ္တပ္ပစိတ်၏အသံကို လျစ်လျူရှုပါများသောအခါ ယင်းသည် သတိပေးလမ်းညွှန်မှုအဖြစ်မလုပ်ဆောင်တော့ချေ။ ယင်းသည် တုံ့ပြန်မှုကင်းမဲ့သွားပြီး ညစ်ညူးသွားနိုင်သည်။ (တိတု ၁:၁၅) မကောင်းမှုကိုသိရှိနားလည်လွယ်သည့်သဘောလည်း ဆုံးရှုံးသွားသည်။ အမှန်မှာ ယနေ့လူများ၏သြတ္တပ္ပစိတ်သည် အပြစ်နှင့်ပတ်သက်နေသရွေ့ အသေဖြစ်နေကြသည်။

ဩတ္တပ္ပစိတ်သည် အပြစ်ကိုတိုင်းတာနိုင်သည့်တစ်ခုတည်းသောအရာလော။ သို့မဟုတ် အပြစ်တွင် မည်သည့်အရာပါဝင်သည်၊ မပါဝင်သည်ကို တိတိကျကျစံချိန်သတ်မှတ်ပေးနိုင်သည့် အရာတစ်ခုရှိသလော။ လွန်ခဲ့သည့်နှစ်ပေါင်း ၃,၀၀၀ ကျော်က ဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို ပညတ်ဥပဒေပေးတော်မူခဲ့သည်။ ဤပညတ်တော်အားဖြင့် အပြစ်သည် “အပြစ်အဖြစ်ထင်ရှားလာခဲ့သည်။” (ရောမ ၇:၁၃၊ New International Version) ယခင်က အတော်အတန်လက်ခံဖွယ်ဖြစ်ခဲ့သောအပြုအမူများပင် ယခုအခါ အပြစ်တည်းဟူသောအဖြစ်မှန်ထင်ရှားလာသည်။ ဘုရားသခင်၏လူများသည် အပြစ်သားများအဖြစ် ဖော်ထုတ်ခြင်းခံရကြပြီး အပြစ်တင်ထိုက်သည့်အခြေနေတွင်ရောက်ရှိခဲ့သည်။

ကျွန်ုပ်တို့သြတ္တပ္ပစိတ်ကသတိပေးသည့်အချက်များနှင့် မောရှေပညတ်ကသတ်မှတ်ဖော်ပြသည့်အချက်များဖြစ်သော ဤအပြစ်များသည် မည်သည့်အရာများနည်း။ ကျမ်းစာအသုံးအနှုန်းအရဆိုလျှင်မူ အပြစ်ဟူသည် ဖန်ဆင်းရှင်၏ရည်မှန်းချက်နှင့်လွဲချော်ခြင်းဖြစ်သည်။ ကိုယ်တော့်ဥပဓိရုပ်တော်၊ စံချိန်တော်၊ နည်းလမ်းတော်များနှင့် အလိုတော်တို့နှင့်မကိုက်ညီသောအရာမှန်သမျှသည် အပြစ်ဖြစ်သည်။ ကိုယ်တော်တည်ရှိစေခဲ့သောရည်မှန်းချက်များကို လိုက်၍မမီသူမည်သည့်ဖန်ဆင်းရာမဆိုအား ဆက်လက်တည်ရှိနေခွင့်ကိုယ်တော်မပြုနိုင်ပါ။ ထို့ကြောင့် ပထမရာစုနှစ်က ဥပဒေပါရဂူတစ်ဦးက ဟေဗြဲခရစ်ယာန်များအား ဤသို့သတိပေးလိုက်သည်။ “ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သောနှလုံးမရှိစေခြင်းငှာ သတိပြုကြလော့။” (ဟေဗြဲ ၃:၁၂) မှန်ပါသည်။ ဖန်ဆင်းရှင်ကိုမယုံခြင်းသည် ကြီးမားသောအပြစ်ကိုဖြစ်စေသည်။ ထို့ကြောင့် ကျမ်းစာတွင်ရှင်းပြသောအပြစ်၏နယ်ပယ်သည် အပြစ်ဟုသာမန်တွေးထင်ယူမှတ်သည့်အရာထက် သာ၍ကျယ်ပြန့်သည်။ သမ္မာကျမ်းစာက ထပ်မံ၍ဖော်ပြသည်မှာ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ” ဟူ၍ဖြစ်သည်။—ရောမ ၃:၂၃။

အပြစ်၏မူလဘူတ

ယင်းက လူသားသည် အပြစ်သားအဖြစ်ဖန်ဆင်းခံခဲ့ရသည်ဟု ဆိုလိုသလော။ မဟုတ်ပါ။ လူသားအသက်ကိုစတင်ပေးခဲ့သူ ယေဟောဝါဘုရားသခင်သည် ပထမဆုံးလူသားကို စုံလင်သည့်သတ္တဝါအဖြစ်ဖန်ဆင်းတော်မူခဲ့သည်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇။ တရားဟောရာ ၃၂:၄) သို့သော် ပထမဆုံးလူသားမောင်နှံသည် တစ်ခုတည်းသောဘုရားသခင်တားမြစ်ချက်ဖြစ်သည့် “ကောင်းမကောင်းကိုသိကျွမ်းရာအပင်” ၏အသီးကိုစား၍ ပညတ်ကိုချိုးဖောက်ခြင်းအားဖြင့် ရည်မှန်းချက်နှင့်လွဲချော်ခဲ့ကြသည်။ (ကမ္ဘာဦး ၂:၁၇) စုံလင်စွာသူတို့ဖန်ဆင်းခံခဲ့ကြရသော်လည်း ယခုသူတို့သည် သူတို့ခမည်းတော်အား အကြွင်းမဲ့နာခံမှုရည်မှန်းချက်ကို လွဲချော်ခဲ့ကြပြီး အပြစ်သားများဖြစ်လာကာ ယခုကဲ့သို့သေဒဏ်စီရင်ခြင်းခံခဲ့ကြရသည်။

ဤရှေးသမိုင်းသည် ယနေ့အပြစ်နှင့်မည်သို့သက်ဆိုင်သနည်း။ ကျမ်းစာရှင်းပြသည်။ “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” (ရောမ ၅:၁၂) ကျွန်ုပ်တို့တစ်ယောက်မကြွင်း အမွေခံရခြင်းအားဖြင့် အပြစ်သားများဖြစ်ကြသည်။ ထို့ကြောင့် သေဒဏ်စီရင်ခြင်းအောက်သို့ ကျွန်ုပ်တို့ကျရောက်ခဲ့ရသည်။—ဒေသနာ ၇:၂၀။

အပြစ်ကိုချေဖျက်ရန် လူ့အားထုတ်မှု

အာဒံသည် မိမိ၏သားစဉ်မြေးဆက်အား အပြစ်ကိုအမွေပေးခဲ့သကဲ့သို့ ဘုရားပေးအရည်အချင်းဖြစ်သည့် ဩတ္တပ္ပစိတ်ကိုလည်းပေးခဲ့သည်။ အပြစ်ပြုခြင်းအားဖြင့် မသက်မသာခံစားစေနိုင်သည်။ ရှေ့တွင်ဖော်ပြခဲ့သကဲ့သို့ လူသားများသည် ထိုခံစားချက်ကိုလျော့ပေါ့သက်သာစေရန် နည်းလမ်းအမျိုးမျိုးကြံစည်ခဲ့ကြပြီ။ သို့တစေ ယင်းတို့သည် ထိရောက်အောင်မြင်မှုရှိသလော။

အရှေ့တိုင်းနှင့်အနောက်တိုင်းတို့တွင် လူများသည် မိမိတို့၏အဆင့်အတန်းကိုပြောင်းလဲခြင်း သို့မဟုတ် အပြစ်ရှိသည့်အခြေအနေကို ငြင်းဆန်ခြင်းအားဖြင့် အပြစ်၏အကျိုးဆက်ကိုရင်ဆိုင်ရန်ကြိုးစားကြသည်။ (၁ တိမောသေ ၄:၁၊ ၂) လူသားတို့၏အပြစ်ရှိသည့်အခြေအနေကို အဖျားတက်နေသည့်လူနာတစ်ဦးနှင့်နှိုင်းယှဉ်နိုင်သည်။ အပြစ်ကို ရောဂါလက္ခဏာပေါ်လွင်စေသည့်ဗိုင်းရပ်ပိုးနှင့်နှိုင်းယှဉ်နိုင်ပြီး အနှောင့်အယှက်ပေးသည့်သြတ္တပ္ပစိတ်ကို အလွန်အမင်းအဖျားတက်ခြင်းနှင့်နှိုင်းယှဉ်နိုင်သည်။ အဖျားတိုင်းပြဒါးတိုင်ကိုချိုးပစ်ခြင်းသည် လူနာအပြင်းဖျားနေသည့်အခြေအနေကို မပြောင်းလဲပေးနိုင်ပါ။ ခရစ်ယာန်ဘောင်တွင် အများပြုနေကြသကဲ့သို့ စာရိတ္တစံချိန်များကိုစွန့်ပယ်ခြင်း၊ ဩတ္တပ္ပစိတ်၏အချက်ပေးမှုကို လျစ်လျူရှုခြင်းတို့သည် အပြစ်ကိုပယ်ရှားပစ်ရန်အကူအညီမဖြစ်စေပါ။

လူတစ်ဦးအဖျားကျရန် ရေခဲအိပ်တင်ပေမည်။ ယင်းသို့ပြုခြင်းက သန့်စင်ရေးထုံးတမ်းစဉ်လာများကို တော်ရိလျော်ရိပြုလုပ်ခြင်းအားဖြင့် ဩတ္တပ္ပစိတ်၏နာကျင်မှုကို သက်သာစေရန်ကြိုးစားခြင်းနှင့်တူသည်။ ရေခဲအိပ်သည် ဖျားနေသူအား ခေတ္တအေးစေနိုင်မည်ဖြစ်သော်လည်း အဖျားတက်ရသည့်အကြောင်းရင်းကို မပယ်ရှင်းပေးနိုင်ပါ။ ယေရမိအချိန်က ယဇ်ပုရောဟိတ်နှင့်ပရောဖက်များသည် ထိုခေတ်ကဣသရေလလူမျိုးအား ထိုနည်းအတိုင်းကုသပေးရန်ကြိုးစားခဲ့ကြသည်။ သူတို့သည် “အားလုံးကောင်းသွားပြီ၊ အားလုံးကောင်းသွားပြီ” ဟုပြောဆိုပြီး ဝိညာဏရေးနှင့်စာရိတ္တရေးထိခိုက်ဒဏ်ရာများကို “ပေါ့လျော့စွာ” ကုသပေးကြသည်။ (ယေရမိ ၆:၁၄။ ၈:၁၁။ အမေရိကန်ဘာသာပြန်တစ်ခု) ဘာသာရေးအကြံပြုချက်တစ်ခုအတိုင်းဆောင်ရွက်ပြီး “အားလုံးကောင်းသွားပြီ” ဟုအထပ်ထပ်ပြောရုံမျှဖြင့် ဘုရားသခင့်လူမျိုးတော်၏စာရိတ္တကျဆင်းမှုကို မကုသပေးနိုင်ပါ။ သန့်စင်ရေးထုံးတမ်းများသည်လည်း ယနေ့လူတို့၏ကျင့်စဉ်ကို မပြောင်းလဲပေးနိုင်ပါ။

အဖျားရှိသူသည် အဖျားကျနည်းများအတိုင်းလိုက်လုပ်လျှင် သက်သာစေနိုင်မည်ဖြစ်သော်လည်း ထိုသူ၏ခန္ဓာကိုယ်ထဲတွင် ဗိုင်းရပ်ပိုးရှိနေဆဲဖြစ်မည်။ ဆိုးသွမ်းမှုကို ပညာရေးဖြင့်ဖြေရှင်းရန်ကြိုးစားသည့် ကွန်ဖြူးရှန်းနည်းသည် ထိုအတိုင်းပင်ဖြစ်သည်။ ယင်းသည် ပေါ်ယံအားဖြင့် လူများမကောင်းမှုကိုရှောင်ရန် အကူအညီဖြစ်စေနိုင်သော်လည်း လီ ကိုကျင့်သုံးရုံသက်သက်အားဖြင့် အပြစ်ရှိသည့်လုပ်ရပ်များကို ချိုးနှိမ်ထားရုံမျှသာဖြစ်ပြီး ဆိုးသွမ်းသည့်အကျင့်အကြံများ၏အခြေခံအကြောင်းဖြစ်သော မွေးရာပါအပြစ်ပြုလိုသည့်အခြေအနေမှ လူတစ်ဦးကိုမကယ်နှုတ်နိုင်ချေ။—က၊ ၈:၂၁။

အပြစ်မှလွတ်မြောက်ခြင်း

ဘဝနှင့်အပြစ်ပြုလိုသည့်သဘောဆိုင်ရာ လူ့အတွေးအခေါ်များသည် လူတစ်ဦး၏သြတ္တပ္ပစိတ်ကို အလွန်ဆုံးငြိမ်သက်အောင်သာ ပြုလုပ်ပေးနိုင်သည်။ ယင်းတို့သည် အပြစ်ရှိသည့်အခြေအနေကို မပယ်ရှားပေးနိုင်ပါ။ (၁ တိမောသေ ၆:၂၀) ထိုသို့ပြုနိုင်ရန်နည်းလမ်းတစ်စုံတစ်ရာရှိပါသလော။ အရှေ့ဖျားဒေသတွင်ရေးသားခဲ့သော ရှေးစာအုပ်တစ်ခုဖြစ်သည့် သမ္မာကျမ်းစာတွင် အပြစ်မှလွတ်မြောက်ရန်သော့ချက်ကို ကျွန်ုပ်တို့တွေ့မြင်နိုင်သည်။ “သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း မိုးပွင့်ကဲ့သို့ဖြူလိမ့်မည်။ . . . သင်တို့သည် ကြည်ညိုနားထောင်လျှင် မြေအသီးအနှံကိုစားရကြလိမ့်မည်။” (ဟေရှာယ ၁:၁၈၊ ၁၉) ဤတွင် ယေဟောဝါရွေးချယ်ခံလူမျိုးဖြစ်သော်လည်း ကိုယ်တော်အားသမာဓိစောင့်သိခြင်းရည်မှန်းချက်လွဲချော်ခဲ့ကြသည့် ဣသရေလလူမျိုးများကို ကိုယ်တော်ပြောနေခဲ့ခြင်းဖြစ်သည်။ အလားတူမူသည် လူသားတစ်ရပ်လုံးနှင့်သက်ဆိုင်သည်။ ဖန်ဆင်းရှင်၏နှုတ်ကပါဌ်တော်များကို နားထောင်လိုသည့်ဆန္ဒတင်ပြခြင်းသည် လူတစ်ဦး၏အပြစ်ဆေးကြောသန့်စင်ခံရရန် သော့ချက်ဖြစ်သည်။

လူ့အပြစ်များကို ဆေးကြောသန့်စင်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့အား ဘာပြောထားသနည်း။ လူတစ်ဦး၏အပြစ်အားဖြင့် လူသားအားလုံးအပြစ်သားဖြစ်လာသကဲ့သို့ အခြားလူတစ်ဦး၏ ဘုရားသခင်အားစုံလင်သည့်နာခံမှုအားဖြင့် နာခံမှုရှိလူသားများသည် မိမိတို့၏ဒုက္ခဆင်းရဲခြင်းမှ လွတ်မြောက်ကြမည်ဟု သမ္မာကျမ်းစာပြောထားသည်။ (ရောမ ၅:၁၈၊ ၁၉) မည်သို့အားဖြင့်နည်း။ “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့်အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့အားအဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာပြတော်မူ၏။” (ရောမ ၅:၈) ယေရှုခရစ်သည် စုံလင်၍အပြစ်မရှိသောလူသားအဖြစ်မွေးဖွားလာပြီး လူသားများ၏အပြစ်ကို ဖျောက်ဖျက်ပေးနိုင်သည့်အနေအထားတွင် ရှိခဲ့သည်။ (ဟေရှာယ ၅၃:၁၂။ ယောဟန် ၁:၁၄။ ၁ ပေတရု ၂:၂၄) ရာဇဝတ်သားတစ်ယောက်ကဲ့သို့ နှက်တိုင်တင်၍အသတ်ခံရခြင်းအားဖြင့် ယေရှုသည် လူသားများအား အပြစ်နှင့်သေခြင်းအချုပ်အနှောင်အောက်မှ လွတ်မြောက်စေသည်။ ရောမခရစ်ယာန်များကို ပေါလုဤသို့ရှင်းပြခဲ့သည်။ “ငါတို့သည် အကျိုးနည်းရှိစဉ်တွင် [အားနည်းစဉ်တွင်၊ ကဘ] အချိန်တန်မှခရစ်တော်သည် မတရားသောသူ [ဘုရားတရားမဲ့သူ၊ ကဘ] တို့အတွက်ကြောင့် အသေခံတော်မူ၏။ . . . သို့ဖြစ်လျှင် အပြစ်တရားသည် သေခြင်းအားဖြင့်အစိုးရသည့်နည်းတူ ငါတို့သခင်ယေရှုပြုစုတော်မူ၍ ကျေးဇူးတရားသည် ထာဝအသက်နှင့်ယှဉ်သောဖြောင့်မတ်ရာသို့သွင်းခြင်းအားဖြင့် အစိုးရလေအံ့သတည်း။”—ရော၊ ၅:၆၊ ၂၁။

လူသားတစ်ရပ်လုံးအတွက် ခရစ်တော်အသေခံခဲ့ခြင်းနှင့် အာဒံကြောင့် တိမ်းစောင်းသွားသည့်ချိန်ခွင်လျှာကို ပြန်လည်တည့်မတ်ပေးခြင်းကို “ရွေးနှုတ်ခြင်း” အစီအစဉ်ဟုခေါ်သည်။ (မဿဲ ၂၀:၂၈) အဖျားတက်စေသည့်ရောဂါပိုးကို တိုက်ဖျက်သည့်ဆေးဝါးနှင့် ယင်းကိုနှိုင်းယှဉ်နိုင်သည်။ လူသားများအတွက် ယေရှု၏ရွေးနှုတ်ဖိုးကိုအသုံးပြုခြင်းအားဖြင့် အပြစ်ကြောင့်ဖြစ်ပေါ်နေသည့်လူသားများ၏အခြေအနေဆိုး—သေခြင်းပါအပါအဝင်—ကို ကုသပျောက်ကင်းနိုင်သည်။ ဤကုသနည်းစနစ်ကို သမ္မာကျမ်းစာ၏နောက်ဆုံးစာစောင်တွင် ပုံဆောင်သဘောဖြင့်ဖော်ပြထားသည်။ “ထိုမြစ်နှစ်ဖက်၌လည်းကောင်း အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတစ်ဆယ့်နှစ်မျိုးကိုသီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏အနာရောဂါငြိမ်းစရာဖို့ဖြစ်၏။” (ဗျာဒိတ် ၂၂:၂) စဉ်းစားကြည့်ပါ။ ပုံဆောင်အသက်မြစ်ရေသည် လူသားများ၏အနာကိုငြိမ်းစေနိုင်သောအရွက်များရှိ အသက်ပင်များအလယ်တွင် စီးဆင်းနေသည်။ ဤဘုရားမှုတ်သွင်းခံပုံဆောင်အမှတ်လက္ခဏာသည် ခရစ်တော်၏ရွေးဖိုးပူဇော်သက္ကာကိုအခြေပြုပြီး လူသားများပြန်လည်စုံလင်သည့်အခြေအနေရောက်စေရန် ဘုရားသခင့်အစီအစဉ်ကို ကိုယ်စားပြုသည်။

ဗျာဒိတ်ကျမ်းစာစောင်ပါပရောဖက်ပြုရူပါရုံများသည် မကြာမီအကောင်အထည်ပေါ်လာတော့မည်။ (ဗျာဒိတ် ၂၂:၆၊ ၇) လူသားများအတွက် ယေရှု၏ရွေးနှုတ်ခြင်းပူဇော်သက္ကာ၏တန်ဖိုးကို အပြည့်အဝအသုံးပြုခြင်းအားဖြင့် စိတ်နှလုံးဖြောင့်မတ်သူများသည် စုံလင်လာကြပြီး “ဘုရားသခင်သားတို့၏ ထူးမြတ်သောလွတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာ” ကိုခံစားကြရမည်။ (ရောမ ၈:၂၁) ကျမ်းစာပရောဖက်ပြုချက်များပြည့်စုံခြင်းက ထိုထူးမြတ်သည့်လွတ်ခြင်းချမ်းသာနီးပြီဖြစ်ကြောင်းကို ဖော်ပြသည်။ (ဗျာဒိတ် ၆:၁-၈) မကြာမီ ဘုရားသခင်သည် ဆိုးသွမ်းသောကမ္ဘာကိုပယ်ရှားပြီး လူသားများသည် ပရဒိသုကမ္ဘာတွင် ထာဝရအသက်ကိုစံစားကြရမည်။ (ယောဟန် ၃:၁၆) ယင်းသည် အပြစ်ကင်းမဲ့သည့်ကမ္ဘာအမှန်ဖြစ်လာပေမည်တကား။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေရှု၏ရွေးဖိုးပူဇော်သက္ကာသည် ဤမိသားစုကဲ့သို့ထာဝရပျော်ရွှင်မှုကိုစံစားရစေမည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ