ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၁/၁ စာ. ၁၀-၁၅
  • သမ္မာကျမ်းစာခေတ်ပညာရေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာခေတ်ပညာရေး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘိုးဘေးများခေတ်ပညာရေး
  • ဣသရေလခေတ်ပညာရေးစနစ်
  • သွန်သင်နည်းစနစ်များ
  • သင်ရိုးညွှန်းတမ်း
  • ယဇ်ပုရောဟိတ်များ၊ လေဝိများနှင့် ပရောဖက်များ
  • အချုပ်အနှောင်ဘဝအတွင်းနှင့်နောက်ပိုင်း ပညာရေး
  • ရဗ္ဗိကျောင်းများ
  • ပညာရေး—ယင်းကို ယေဟောဝါရှင်အားချီးမွမ်းရန် အသုံးပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ရည်ရွယ်ချက်တစ်ခုရှိသောပညာရေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ကျွန်ုပ်၏ကလေး ကျောင်းနေသင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • သားသမီးတွေ ပညာတတ်ဖြစ်အောင် ဘယ်လိုကူညီနိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၁/၁ စာ. ၁၀-၁၅

သမ္မာကျမ်းစာခေတ်ပညာရေး

“ထိုစကားကို . . . သားသမီးတို့အား သွန်သင်ရမည်။”—တရားဟောရာ ၁၁:၁၉။

၁။ ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို ပညာပေးရန်စိတ်ဝင်စားတော်မူကြောင်း မည်သည့်အချက်ကဖော်ပြသနည်း။

ယေဟောဝါသည် မဟာပညာပေးရှင်ကြီးဖြစ်သည်။ ကိုယ်တော်သည် မိမိ၏ကျေးကျွန်များကို မသိနားမလည်သည့်အခြေအနေတွင် ဘယ်တော့မျှပစ်ထားတော်မမူ။ သူတို့ကို အသိပညာဝေမျှပေးရန် ကိုယ်တော်အစဉ်ဆန္ဒရှိတော်မူသည်။ ကိုယ်တော်သည် မိမိ၏အလိုတော်နှင့်နည်းလမ်းတော်များကို သူတို့အားသွန်သင်ပေးသည်။ မရေတွက်နိုင်သောနှစ်သန်းကုဋေပေါင်းများစွာကတည်းက ကိုယ်တော်၏တစ်ပါးတည်းသောသားတော်သည် အပါးတော်တွင် “လုပ်သားချုပ်” အနေနှင့် အစဉ်လေ့လာသင်ယူနေခဲ့သည်။ (သု၊ ၈:၃၀) မြေကြီးပေါ်တွင်ရှိခဲ့စဉ် ယေရှုက “ငါ့ခမည်းတော်သည် ငါ့အားနည်းပေးတော်မူသည့်အတိုင်း ငါဟောပြောသည်” ဟုပြောခဲ့သည်။ (ယောဟန် ၈:၂၈) ဘုရားသခင်အား မနှိုင်းယှဉ်နိုင်သည့်ပညာပေးရှင်အဖြစ်ရည်ညွှန်းလျက် ဧလိဟုက “ကိုယ်တော်ကဲ့သို့သွန်သင်သောဆရာသည်မည်သူနည်း” ဟုမေးခဲ့သည်။ (ယောဘ ၃၆:၂၂၊ သမ္မ) ပရောဖက်ဟေရှာယက ယေဟောဝါသည် မိမိ၏လူမျိုးအတွက် “မဟာသွန်သင်သူ” အဖြစ်ဖော်ပြပြီး ဤသို့ပရောဖက်ပြုခဲ့သည်။ “သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဆုံးမသွန်သင်တော်မူသောသူဖြစ်၍ များစွာသောစည်းစိမ်ချမ်းသာနှင့်ပြည့်စုံကြလိမ့်မည်။” (ဟေရှာယ ၃၀:၂၀၊ ကဘ။ ၅၄:၁၃) ယေဟောဝါသည် မိမိ၏အသိဉာဏ်ရှိသတ္တဝါများအား အသိဉာဏ်ပွင့်လင်းပြီး ကောင်းစွာပညာပေးခံစေလိုသည်မှာ ရှင်းနေပါသည်။

ဘိုးဘေးများခေတ်ပညာရေး

၂၊ ၃။ (က) သစ္စာရှိရှေးဘိုးဘေးများသည် မိမိတို့ကလေးများ၏ပညာရေးကို မည်သို့ရှုမြင်ကြပြီး မည်သည့်ညွှန်ကြားချက်ကို အာဗြဟံအား ယေဟောဝါပေးခဲ့သနည်း။ (ခ) အာဗြဟံ၏နောင်လာနောက်သားများအား ပညာပေးရန်ညွှန်ကြားရာတွင် မည်သည့်ထူးမြတ်သောရည်ရွယ်ချက်ပါဝင်သနည်း။

၂ ဘိုးဘေးများခေတ်တွင် အိမ်ထောင်ဦးစီးများ ဦးစားပေးလုပ်ဆောင်ရသည့်အခြေခံအလုပ်မှာ မိမိ၏ကလေးများနှင့် အိမ်သူအိမ်သားများကို သွန်သင်ပေးခြင်းဖြစ်သည်။ ဘုရားသခင်၏ကျေးကျွန်များအတွက်ဆိုလျှင် ကလေးများ၏ပညာရေးသည် ဘာသာရေးတာဝန်တစ်ရပ်ဖြစ်သည်။ ယေဟောဝါသည် မိမိ၏ကျေးကျွန်အာဗြဟံနှင့်ပတ်သက်၍ “အကြောင်းမူကား၊ သူသည် မိမိနောက်၌ဖြစ်သောသားများ၊ အိမ်သူများတို့အား ပညတ်မည့်အရာကိုငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏တရားလမ်းသို့လိုက်၍ ဟုတ်မှန်ဖြောင့်မတ်စွာကျင့်ကြလိမ့်မည်။ သို့ဖြစ်၍ ကတိတော်ရှိသည့်အတိုင်း ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် အာဗြဟံ၌ပြုရသောအခွင့်ရှိလိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။—ကမ္ဘာဦး ၁၈:၁၉။

၃ ဤဘုရားသခင့်ဖော်ပြချက်သည် ပညာရေးကို အလွန်အရေးကြီးသည့်အရာအဖြစ် ယေဟောဝါယူမှတ်ကြောင်း တင်ပြသည်။ မိမိတို့၏အိမ်သူအိမ်သားများအား ဘုရားသခင်၏ဖြောင့်မတ်သောနည်းလမ်းတော်နှင့် စီရင်တော်မူချက်များကိုသွန်သင်ပေးရန် ကိုယ်တော်သည် အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့အား တောင်းဆိုတော်မူခဲ့သည်။ သူတို့၏နောင်လာနောက်သားများသည် ဘုရားသခင်၏နည်းလမ်းတော်ကို လိုက်လျှောက်သည့်အခြေအနေတွင်ရှိနေစေရန်အတွက်ဖြစ်သည်။ သို့နှင့် ယေဟောဝါသည် အာဗြဟံ၏မျိုးနွယ်နှင့်ပတ်သက်သောကတိတော်နှင့် ‘မြေကြီးပေါ်ရှိလူမျိုးအားလုံး’ အတွက်ကောင်းချီးမင်္ဂလာကို ပြည့်စုံစေတော်မူမည်။—ကမ္ဘာဦး ၁၈:၁၈။ ၂၂:၁၇၊ ၁၈။

ဣသရေလခေတ်ပညာရေးစနစ်

၄၊ ၅။ (က) မည်သည့်အရာက ဣသရေလတို့၏ပညာရေးစနစ်ကို အခြားလူမျိုးများ၏ပညာရေးစနစ်နှင့် ခြားနားစေသနည်း။ (ခ) Encyclopaedia Judaica ကထင်ရှားပေါ်လွင်စေသော အခြားအရေးကြီးသည့်ခြားနားချက်များကား အဘယ်နည်း။ ဤခြားနားချက်များတွင် မည်သည့်အရာမလွဲဧကန်ပါဝင်သနည်း။

၄ Encyclopaedia Judaica စွယ်စုံကျမ်းကဖော်ပြသည်မှာ “ရှေးဣသရေလလူမျိုးအချိန်တွင် သမ္မာကျမ်းစာသည် ပညာရေးနည်းစနစ်ကိုသိနားလည်ခြင်း၏ အခြေခံဖြစ်ခဲ့သည်” ဟူ၍ဖြစ်သည်။ ဣသရေလတို့၏ ကနဦးလူသားဆရာအဖြစ် မောရှေကိုယေဟောဝါအသုံးပြုတော်မူခဲ့သည်။ (တရားဟောရာ ၁:၃၊ ၅။ ၄:၅) မောရှေသည် မိမိအားယေဟောဝါပေးသည့်နှုတ်ကပါဌ်တော်များကို ကြေညာခဲ့သည်။ (ထွက်မြောက်ရာ ၂၄:၃) ထို့ကြောင့် စင်စစ်ဆိုလျှင် ယေဟောဝါသည် ဣသရေလလူမျိုးများ၏ကနဦးပညာပေးရှင်ဖြစ်သည်။ ယင်းကိုယ်နှိုက်က ဣသရေလတို့၏ပညာရေးစနစ်ကို အခြားလူမျိုးများ၏ပညာရေးစနစ်နှင့် ကွာခြားစေသည်။

၅ အထက်ပါစွယ်စုံကျမ်းကပင် ကြေညာသည်မှာ “အီဂျစ်နှင့်မက်ဆိုပိုတေးမီးယားတို့တွင် အဆင့်မြင့်ပညာရေး သို့မဟုတ် စာပေလေ့လာရေးသည် စည်းကမ်းအရဖြစ်ပြီး ကျမ်းပြုဆရာအတန်းစားများအတွက်သာကန့်သတ်ထားကာ ဣသရေလလူမျိုးတွင်မူထိုသို့မဟုတ်ချေ။ ကွာခြားရသည့်အကြောင်းမှာ ဟေဗြဲလူမျိုးများအသုံးပြုသည့် သာ၍ရိုးရှင်းသော အက္ခရာစဉ်စနစ်ဖြင့်စာရေးခြင်းကြောင့်ဖြစ်သည်။ . . . ပညာရေးသမိုင်းအတွက် အက္ခရာစဉ်ဖြင့်စာရေးခြင်း၏အရေးကြီးမှုကို လျစ်လျူမရှုသင့်ပေ။ ယင်းတို့သည် အီဂျစ်၊ မက်ဆိုပိုတေးမီးယားနှင့် ဒုတိယထောင်စုနှစ်ခါနာန်လူမျိုးများ၏ ထုံးတမ်းစဉ်လာကျမ်းပြုဆရာတို့၏အစဉ်အလာနှင့် ခြားနားသွေဖည်သည့်အရိပ်အယောင်ပြေးသည်။ စာတတ်ခြင်းသည် ကျမ်းပြုဆရာနှင့်ယဇ်ပုရောဟိတ်အတန်းအစားများ၏ အမှတ်သညာနှင့်သီးခြားအရည်အချင်းများမဟုတ်တော့ပါ။ ခက်ခဲနက်နဲသည့် မြားသွားပုံစာ၊ အရုပ်စာတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။”

၆။ ဣသရေလလူမျိုးသည် သူတို့၏သမိုင်းစကတည်းက စာပေတတ်မြောက်သူများဖြစ်ကြောင်း မည်သည့်ကျမ်းစာအထောက်အထားများရှိသနည်း။

၆ ဣသရေလတို့သည် စာပေတတ်မြောက်သည့်လူများဖြစ်ကြောင်း သမ္မာကျမ်းစာကသက်သေထူသည်။ ကတိထားရာပြည်သို့မဝင်မီ သူတို့၏အိမ်တံခါးထုတ်နှင့်ဂိတ်ပေါက်ဝများတွင် ယေဟောဝါ၏ပညတ်တော်များကိုရေးထားရန် မှာကြားခံရကြသည်။ (တရားဟောရာ ၆:၁၊ ၉။ ၁၁:၂၀။ ၂၇:၁-၃) ထိုအမိန့်တော်သည် ပုံဆောင်သဘောအရပြောနေခြင်းမဟုတ်သဖြင့် သာမန်လူတန်းစားဣသရေလလူမျိုးတစ်ယောက်အတွက် စာမတတ်လျှင် ယင်းသည်လုံးဝအဓိပ္ပာယ်ရှိမည်မဟုတ်ချေ။ ယောရှု ၁၈:၉ နှင့် တရားသူကြီး ၈:၁၄ တို့ကဲ့သို့သောကျမ်းချက်များက ဣသရေလနိုင်ငံတွင် ဘုရင်အုပ်ချုပ်ရေးစနစ်မစတင်မီကြာမြင့်စွာကတည်းက မောရှေနှင့်ယောရှုတို့ကဲ့သို့သောခေါင်းဆောင်များအပြင် အခြားသူများလည်း စာရေးတတ်ကြကြောင်းဖော်ပြသည်။—ထွက်မြောက်ရာ ၃၄:၂၇။ ယောရှု ၂၄:၂၆။

သွန်သင်နည်းစနစ်များ

၇။ (က) ကျမ်းစာအရ ဣသရေလကလေးများအတွက် အခြေခံပညာရေးကိုမည်သူပေးသနည်း။ (ခ) ပြင်သစ်ကျမ်းပညာရှင်တစ်ဦးက ဘာပြောသနည်း။

၇ ဣသရေလနိုင်ငံတွင် ကလေးများကို အလွန်ငယ်ရွယ်စဉ်ကတည်းက ဖခင်နှင့်မိခင်နှစ်ဦးလုံးက သွန်သင်ပေးကြသည်။ (တရားဟောရာ ၁၁:၁၈၊ ၁၉။ သု၊ ၁:၈။ ၃၁:၂၆) ပြင်သစ်ဘာသာဖြင့်ထုတ်သော Dictionnaire de la Bible အဘိဓာန်တွင် စာပေပညာရှင်မန်ဇနိုးက “ကလေးငယ်သည် စကားပြောတတ်သည်နှင့် ပညတ်တော်မှအပိုဒ်အနည်းငယ်ကို စတင်သင်ယူတော့သည်။ မိခင်က ကျမ်းပိုဒ်တစ်ပိုဒ်ကို သူ့အားထပ်ခါထပ်ခါသင်ပေးမည်။ သူရသောအခါ နောက်ကျမ်းတစ်ချက်ကိုသင်ပေးမည်။ နောင်တွင် သူတို့အလွတ်ရွတ်ဆိုနိုင်သော ရေးသားထားသည့်ကျမ်းပိုဒ်များကို ကလေးများ၏လက်ထဲသို့ပေးလိုက်သည်။ ဤနည်းဖြင့် သူတို့သည် စတင်၍စာဖတ်နိုင်ကြပြီး သူတို့ကြီးလာသောအခါ ဘုရားသခင်၏ပညတ်တော်များကို ဖတ်ရှုခြင်းနှင့်တွေးတောဆင်ခြင်ခြင်းတို့အားဖြင့် ဘာသာရေးသွန်သင်ချက်များကို ဆက်လက်ခံယူနိုင်ကြသည်” ဟု ရေးသားထားသည်။

၈။ (က) ဣသရေလနိုင်ငံတွင် မည်သည့်အခြေခံသွန်သင်သည့်နည်းစနစ်ကို အသုံးပြုသနည်း။ သို့သော် မည်သည့်အရေးကြီးဂုဏ်အင်္ဂါရပ်အားဖြင့်ဖြစ်သနည်း။ (ခ) မှတ်ဉာဏ်အတွက် မည်သည့်အထောက်အကူများကိုအသုံးပြုခဲ့သနည်း။

၈ ယင်းက အခြေခံသွန်သင်နည်းစနစ်သည် အလွတ်ကျက်သင်ယူခြင်းအားဖြင့်ဖြစ်ကြောင်းတင်ပြသည်။ သင်အံလေ့လာရသော ယေဟောဝါ၏ပညတ်တော်များ၊ မိမိ၏လူများနှင့်ကိုယ်တော့်ဆက်ဆံပုံများသည် သူတို့၏နှလုံးထဲသို့စိမ့်ဝင်သွားရန်ဖြစ်သည်။ (တရားဟောရာ ၆:၆၊ ၇) ယင်းတို့ကို ဆင်ခြင်တွေးတောရန်ဖြစ်သည်။ (ဆာလံ ၇၇:၁၁၊ ၁၂) လူငယ်လူကြီးအားလုံးအတွက် မှတ်မိနိုင်စွမ်းကိုအထောက်အကူပြုသည့် အကူအညီအမျိုးမျိုးရှိခဲ့သည်။ ယင်းတို့တွင် (သု၊ ၃၁:၁၀-၃၁ ကဲ့သို့သော) မတူညီသောအက္ခရာများဖြင့် အက္ခရာစဉ်အတိုင်းအစပြုထားသည့်ဆာလံကျမ်းရှိဆက်တိုက်အခန်းငယ်များ၊ အက္ခရာစဉ်စာရေးနည်းများ (တူညီသောအက္ခရာ သို့မဟုတ် အသံထွက်ဖြင့်အစပြုသည့်ဝေါဟာရများ) သု၊ အခန်းကြီး ၃၀ ၏ဒုတိယထက်ဝက်ပိုင်းတွင် အသုံးပြုသကဲ့သို့ နံပါတ်များအသုံးပြုခြင်း တို့ပါဝင်သည်။ စိတ်ဝင်စားဖွယ်ကောင်းသည်ကား အချို့စာပေပညာရှင်များက ကျောင်းသားများ၏မှတ်ဉာဏ်လေ့ကျင့်ခန်းဟုယူဆသည့် ရှေးအကျဆုံးဟေဗြဲအရေးအသားများထဲမှတစ်ခုဖြစ်သည့် ဂေဇာပြက္ခဒိန်ပင်ဖြစ်သည်။

သင်ရိုးညွှန်းတမ်း

၉။ (က) ဣသရေလကလေးများ၏လေ့လာမှုအစီအစဉ်တွင် အရေးကြီးသောအစိတ်အပိုင်းသည် မည်သည့်အရာဖြစ်သနည်း။ (ခ) နှစ်ပတ်လည်ပွဲတော်များအကြောင်းဆိုင်ရာသွန်သင်မှုနှင့်ပတ်သက်၍ ကျမ်းစာစွယ်စုံကျမ်းတစ်ခုက ဘာပြောသနည်း။

၉ ဣသရေလနိုင်ငံတွင် ပညာရေးကို အရေးအဖတ်တို့ဖြင့်သာကန့်သတ်ထားခြင်းမဟုတ်ပါ။ အရေးကြီးသောဘာသာရပ်တစ်ခုမှာ ရာဇဝင်ဖြစ်သည်။ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို မျက်နှာသာပေးရာ၌ပြုသောအံ့ဖွယ်အမှုများကို လေ့လာခြင်းသည် ပညာရေး၏အခြေခံအစိတ်အပိုင်းဖြစ်သည်။ ယင်းသမိုင်းဝင်အဖြစ်မှန်များကို လူမျိုးအစဉ်အဆက်သင်ကြားကြရသည်။ (တရားဟောရာ ၄:၉၊ ၁၀။ ဆာလံ ၇၈:၁-၇) နှစ်ပတ်လည်ပွဲတော်များကျင်းပခြင်းသည် အိမ်ထောင်ဦးစီးများအတွက် မိမိတို့၏အိမ်သားများကို သွန်သင်ပေးရန် အလွန်ကောင်းမွန်သည့်အခွင့်အရေးတစ်ရပ်ဖြစ်သည်။ (ထွက်မြောက်ရာ ၁၃:၁၄။ ဝတ်ပြုရာ ၂၃:၃၇-၄၃) ဤကိစ္စနှင့်ပတ်သက်၍ The International Standard Bible Encyclopedia စွယ်စုံကျမ်းက ဤသို့ဖော်ပြထားသည်။ “အိမ်တွင် ဖခင်၏သွန်သင်ညွှန်ကြားပေးမှုနှင့် ပွဲတော်များနှင့်ပတ်သက်၍ ထင်ရှားသည့်အချက်များကိုရှင်းပြခြင်းအားဖြင့် ဘုရားသခင်သည် အတိတ်ကမိမိကိုယ်ကို မည်သို့ထင်ရှားပြသခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင် သူတို့မည်သို့နေထိုင်ကြရမည့်အကြောင်းနှင့် ဘုရားသခင့်ကတိတော်များသည် ကိုယ်တော့်လူများ၏အနာဂတ်နှင့်မည်သို့ပတ်သက်ကြောင်းတို့ကို ဟေဗြဲကလေးများသင်ယူရကြသည်။”

၁၀။ မိန်းကလေးများ၊ ယောက်ျားလေးများအား မည်သည့်လက်တွေ့လေ့ကျင့်ပေးမှုများရှိသနည်း။

၁၀ မိဘများပညာသင်ကြားပေးခြင်းတွင် လက်တွေ့လေ့ကျင့်ပေးခြင်းများလည်းပါဝင်သည်။ မိန်းကလေးများသည် အိမ်မှုရေးရာကျွမ်းကျင်မှုကို သင်ယူကြရသည်။ သု၊ ကျမ်း၏နောက်ဆုံးအခန်းကြီးက ချည်ငင်ခြင်း၊ အဝတ်ယက်ခြင်း၊ ချက်ပြုတ်ခြင်း၊ လက်မှုပညာများနှင့် အထွေထွေအိမ်တွင်းမှုစီမံကွပ်ကဲမှုများ စသည်တို့ အမျိုးမျိုးအမည်မည်ပါဝင်သည်။ ယောက်ျားလေးများသည် အများအားဖြင့် ဖခင်များ၏လုပ်ငန်းဖြစ်သော စိုက်ပျိုးရေး၊ အရောင်းအဝယ် သို့မဟုတ် လက်မှုပညာတစ်ခုခုကို သင်ယူကြရသည်။ နောက်ပိုင်းအချိန်များတွင် ဂျူးရဗ္ဗိဆရာများပြောလေ့ရှိသည်မှာ “မိမိသားကို အသုံးဝင်သည့်ပညာရပ်တစ်ခုသင်မပေးထားသူသည် ကလေးကို သူခိုးအဖြစ်ကြီးပြင်းလာအောင်ပြုခြင်းဖြစ်သည်” ဟူ၍ဖြစ်သည်။

၁၁။ ဣသရေလနိုင်ငံတွင် ပညာရေး၏အခြေခံရည်ရွယ်ချက်ကို မည်သည့်အရာကတင်ပြသနည်း။ ယင်းတွင် ယနေ့လူငယ်များအတွက် မည်သည့် သင်ခန်းစာယူဖွယ်ပါဝင်သနည်း။

၁၁ ဣသရေလလူမျိုးတွင် သွန်သင်မှုနည်းစနစ်များ၏ဝိညာဏလေးနက်မှုသည် သု၊ ကျမ်းတစ်အုပ်လုံးတွင် ထင်ရှားသည်။ ရည်ရွယ်ချက်မှာ “အတွေ့အကြုံမရှိသောသူ” ကို မြှင့်တင်ပေးသည့် ဉာဏ်ပညာ၊ စည်းကမ်းသေဝပ်မှု၊ နားလည်မှု၊ ထိုးထွင်းသိရှိမှု၊ ဆုံးဖြတ်စီရင်မှု၊ အကင်းပါးမှု၊ အသိပညာနှင့် စဉ်းစားတွေးခေါ်တတ်မှုများကို သွန်သင်ပေးရန်ဖြစ်သည်။ ဤအရာအားလုံးတို့သည် “ယေဟောဝါအားကြောက်ရွံ့ခြင်း” ပင်ဖြစ်သည်။ (သု၊ ၁:၁-၇။ ၂:၁-၁၄၊ ကဘ) ယင်းသည် ယနေ့ဘုရားသခင့်ကျေးကျွန်တစ်ဦး မိမိ၏ပညာရေးကိုတိုးတက်စေရန် လှုံ့ဆော်ပေးသင့်သည့်စိတ်ဇောဆန္ဒများကို အထူးပေါ်လွင်စေသည်။

ယဇ်ပုရောဟိတ်များ၊ လေဝိများနှင့် ပရောဖက်များ

၁၂။ ဣသရေလလူများကိုပညာပေးရာတွင် မိဘများအပြင် အခြားမည်သူများလည်းပါဝင်သနည်း။ “ပညတ်” ဟူသောဟေဗြဲစကားလုံး၏ အခြေခံအဓိပ္ပာယ်ကား အဘယ်နည်း။

၁၂ အခြေခံပညာရေးကို မိဘများကပို့ချပေးစဉ် ယေဟောဝါသည် မိမိ၏လူများအား ယဇ်ပုရောဟိတ်များ၊ ယဇ်ပုရောဟိတ်မဟုတ်သောလေဝိသားများနှင့် ပရောဖက်များအားဖြင့် ထပ်ဆင့်ပညာပေးသည်။ လေဝိအနွယ်အား အပြီးသတ်ကောင်းချီးများပေးရာတွင် မောရှေအားဖြင့်ကိုယ်တော်မိန့်တော်မူသည်မှာ “သူတို့သည် စီရင်တော်မူချက်တို့ကို ယာကုပ်အမျိုး၌လည်းကောင်း၊ တရားတော်ကို ဣသရေလအမျိုး၌လည်းကောင်း သွန်သင်ကြလိမ့်မည်” ဟူ၍ဖြစ်သည်။ (တရားဟောရာ ၃၃:၈၊ ၁၀) “ပညတ်” ဟူသောဟေဗြဲစကားလုံး (တိုရာ) သည် “ပြသရန်”၊ “သင်ကြားရန်”၊ “သွန်သင်ရန်” ဟုအဓိပ္ပာယ်ရသော ကြိယာစကားလုံးမှဆင်းသက်လာခြင်းဖြစ်သည်။ Encyclopaedia Judaica စွယ်စုံကျမ်းက “(တိုရာ) စကားလုံး၏အဓိပ္ပာယ်မှာ ‘သင်ကြားမှု’၊ ‘အယူဝါဒ’ သို့မဟုတ် ‘သွန်သင်မှု’ တို့ဖြစ်ကြသည်” ဟုဖော်ပြထားသည်။

၁၃။ ဣသရေလပညတ်ဥပဒေသည် အဘယ့်ကြောင့် အခြားလူမျိုးများ၏တရားရေးစနစ်နှင့်ကွာခြားရသနည်း။

၁၃ ယင်းကလည်း ဣသရေလလူမျိုးအား အခြားလူမျိုးများနှင့်အပြင် ခေတ်သစ်လူမျိုးများနှင့်ပင် သီးခြားဖြစ်စေသည်။ ယနေ့တိုင်းနိုင်ငံများတွင် ဥပဒေအစုအစည်းရှိကြကာ ယင်းမှအချို့အဝက်ကိုသာလူအများသိရှိကြသည်။ လူများသည် ဥပဒေကိုဆန့်ကျင်ဘက်ပြုမိလျှင် မိမိတို့ကိုယ်ကိုကာကွယ်ရန် ဈေးကြီးပေး၍ ရှေ့နေများကိုငှားရမ်းကြရသည်။ ဥပဒေကျောင်းများသည် အထူးတတ်ကျွမ်းသူများအတွက်သာလျှင်ဖြစ်သည်။ သို့သော်၊ ဣသရေလနိုင်ငံတွင် ဥပဒေသည် မိမိအားမည်သို့ဝတ်ပြုရန်၊ မိမိ၏အလိုတော်နှင့်အညီမည်သို့နေထိုင်ရန် မိမိလူမျိုးများအား ဘုရားသခင်ဖော်ပြသည့်နည်းလမ်းဖြစ်သည်။ အခြားဥပဒေပြဌာန်းချက်များနှင့်မတူဘဲ ဘုရားသခင်နှင့်ကိုယ့်အိမ်နီးချင်းကိုချစ်ရန် ပါဝင်သည်။ (ဝတ်ပြုရာ ၁၉:၁၈။ တရားဟောရာ ၆:၅) ပညတ်တော်သည် အနှစ်သာရကင်းသော ဥပဒေစာအုပ်တစ်အုပ်မဟုတ်ပါ။ ယင်းက အသက်ရှင်နေထိုင်မှုနည်းလမ်းနှင့်ပတ်သက်၍ သင်ယူရမည့် အယူဝါဒများ၊ သွန်သင်ချက်များနှင့် ညွှန်ကြားချက်များကိုပေးသည်။

၁၄။ ဝတ်ပြုရေးဆိုင်ရာယဇ်ပုရောဟိတ်အဖြစ်ကို ယေဟောဝါပစ်ပယ်ရသည့်အကြောင်းတစ်ခုကား အဘယ်နည်း။ (မာလခိ ၂:၇၊ ၈)

၁၄ ယဇ်ပုရောဟိတ်များနှင့်လေဝိများသည် သစ္စာရှိစဉ်အခါက လူများကိုသွန်သင်ရမည့်မိမိတို့၏တာဝန်ကို ပြီးမြောက်စေကြသည်။ သို့သော် ယဇ်ပုရောဟိတ်များသည် လူမျိုးကိုပညာပေးရမည့်မိမိတို့တာဝန်ကို လျစ်လျူရှုခဲ့ကြသည်ကများသည်။ ဤသို့ ဘုရားသခင့်ပညတ်တော်ဆိုင်ရာပညာပေးမှုမရှိခြင်းသည် ယဇ်ပုရောဟိတ်များကောလူများပါ ဝိညာဏဘေးအန္တရာယ်များကျရောက်စေနိုင်သည်။ ဘီ၊ စီ၊ အီး ရှစ်ရာစုနှစ်က ယေဟောဝါဤသို့ပရောဖက်ပြုတော်မူခဲ့သည်။ “ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံးကြ၏။ သင်သည် ပညာကိုပယ်သောကြောင့် ငါ့ယဇ်ပုရောဟိတ်အဖြစ်သို့မရောက်စေခြင်းငှာ သင့်ကိုငါပယ်မည်။ သင်၏ဘုရားသခင့်တရားကို သင်မေ့လျော့သောကြောင့် သင့်သားသမီးတို့ကိုငါမေ့လျော့မည်။”—ဟောရှေ ၄:၆။

၁၅။ (က) ဣသရေလလူမျိုးတွင် ဆရာများအဖြစ် ယဇ်ပုရောဟိတ်များအပြင် အခြားမည်သူများကိုယေဟောဝါပေါ်ထွန်းစေသနည်း။ သူတို့၏ပညာပေးတာဝန်နှင့်ပတ်သက်၍ ကျမ်းပညာရှင်တစ်ဦးဘာရေးသနည်း။ (ခ) ယေဟောဝါ၏အသိပညာနှင့် ကိုယ်တော့်နည်းလမ်းတော်ကို ငြင်းပယ်ကြသောကြောင့် ဣသရေလနှင့်ယုဒတို့တွင် နောက်ဆုံး ဘာဖြစ်ပျက်ခဲ့သနည်း။

၁၅ ယဇ်ပုရောဟိတ်များကဲ့သို့ပင် ပရောဖက်များကိုလည်း ပညာပေးသူများအဖြစ် ယေဟောဝါပေါ်ထွန်းစေခဲ့သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] က ‘အဓမ္မလမ်းတို့ကိုရှောင်ကြလော့။ ငါသည် သင်တို့ဘိုးဘေးတို့၌ထားသောတရား၊ ငါ့ကျွန်ပရောဖက်တို့ဖြင့်ပေးလိုက်သောတရားကို အကုန်အစင်ကျင့်၍ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ကြလော့။’” ဟု ဖတ်ရှုရသည်။ (၄ ဓမ္မရာဇဝင် ၁၇:၁၃) ပရောဖက်များ၏ ပညာပေးသူအဖြစ်နှင့်ပတ်သက်၍ ပြင်သစ်ကျမ်းပညာရှင် ရော်လန်ဒဗိုးက ဤသို့ရေးသားခဲ့သည်။ “ပရောဖက်များသည်လည်း လူများကိုသွန်သင်ညွှန်ကြားရန်တာဝန်ရှိထားကြသည်။ ယင်းသည် အနာဂတ်ကိုကြိုတင်ဟောပြောခြင်းဆိုင်ရာသူတို့လုပ်ငန်း၏ အစိတ်အပိုင်းတစ်ရပ်ပင်ဖြစ်သည်။ သူတို့၏ဟောပြောခြင်းသည် ဘုရားသခင့်နှုတ်ကပါဌ်တော်၏အခွင့်အာဏာဖြစ်ကြောင်း ပရောဖက်ပြု မှုတ်သွင်းခံရခြင်းက ထောက်မသည်။ ဘုရင်အုပ်စိုးသည့်အချိန်တွင် ပရောဖက်များသည် လူများအတွက် ဘာသာရေးနှင့်စာရိတ္တရေးသွန်သင်ပေးရသည့် ဆရာများဖြစ်ခဲ့သည်မှာ သေချာသည်။ အရေးစိုက်အခံရဆုံးသူများအစဉ်အမြဲမဟုတ်ခဲ့သည့်တိုင် သူတို့သည် အကောင်းဆုံးဆရာများဖြစ်ခဲ့ကြသည်။” ယဇ်ပုရောဟိတ်နှင့်လေဝိတို့၏ပညာပေးရန်ပျက်ကွက်မှု၊ ပရောဖက်တို့၏စကားကို အရေးစိုက်ရန်ပျက်ကွက်မှုများကြောင့် ဣသရေလတို့သည် ယေဟောဝါ၏နည်းလမ်းတော်ကိုစွန့်ပယ်ခဲ့ကြသည်။ ခ၊ သ၊ မ၊ ၇၄၀ တွင် ရှမာရိသည် အာရှုရိများလက်ထဲသို့ကျသွားပြီး ခ၊ သ၊ မ၊ ၆၀၇ ခုနှစ်တွင် ယေရုရှလင်မြို့နှင့်ဗိမာန်တော်တို့သည် ဗာဗုလုန်များအားဖြင့် ဖျက်ဆီးခံခဲ့ရသည်။

အချုပ်အနှောင်ဘဝအတွင်းနှင့်နောက်ပိုင်း ပညာရေး

၁၆၊ ၁၇။ (က) ဒံယေလနှင့်သူ၏အဖော်သုံးဦးတို့သည် မည်သည့်ပညာပေးအစီအစဉ်အောက် မလွှဲမရှောင်သာရောက်ခဲ့ရသနည်း။ (ခ) သူတို့သည် ယေဟောဝါအားသစ္စာရှိလျက်နှင့် ဤဗာဗုလုန်ပညာရေးကို မည်သို့ဆက်လက်သင်ယူနိုင်ခဲ့သနည်း။

၁၆ ယေရုရှလင်မြို့ဖျက်ဆီးမခံရမီဆယ်နှစ်ခန့်က ယေခေါနိမင်းနှင့် သူ၏မင်းသားမှူးမတ်များသည် ဗာဗုလုန်သို့ ဘုရင်နေဗုခဒ်နေဇာ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံခဲ့ကြရသည်။ (၄ ဓမ္မရာဇဝင် ၂၄:၁၅) ယင်းတို့အထဲတွင် ဒံယေလနှင့် အခြားလူငယ်မင်းမှုထမ်းသုံးဦးတို့လည်းပါသည်။ (ဒံယေလ ၁:၃၊ ၆) နေဗုခဒ်နေဇာက သူတို့လေးဦးအား “ခါလဒဲလူမျိုးတို့၏ အရေးအသားနှင့် ဘာသာစကား” များကို သုံးနှစ်အထူးသင်တန်းယူစေရန် အမိန့်ပေးခဲ့သည်။ ထို့ပြင် “ပွဲတော်မှ ကြွင်းသောအစာနှင့် သောက်တော်မူသောစပျစ်ရည်ကို နေ့တိုင်း” သူတို့ကိုပေးသည်။ (ဒံယေလ ၁:၄၊ ၅၊ ကဘ) ယင်းသည် အကြောင်းရင်းများစွာကြောင့် အလွန်ကြီးမားသောအန္တရာယ်ရှိသည်။ သင်ကြားမှုအစီအစဉ်သည် သုံးနှစ်ဘာသာစကားသင်တန်းသက်သက်မျှသာ ဖြစ်ပုံမရချေ။ ဤတွင် “ခါလဒဲလူမျိုး” ဟူသည့်ဝေါဟာရကို အချို့လူများက “သာမန်ဗာဗုလုန်လူမျိုးများအနေနှင့်မဟုတ်ဘဲ ပညာတတ်အတန်းအစားအနေနှင့်” သတ်မှတ်ဖော်ပြကြောင်း ယူမှတ်ကြသည်။ (The Soncion Books of the Bible) ဒံယေလနှင့်ပတ်သက်သောသူ၏ဋီကာ၌ စီ၊ အက်ဖ်၊ ခီးလ်က–“ဒံယေလနှင့်သူ့အဖော်များသည် ဗာဗုလုန်ရှိကျောင်းများတွင်သင်ကြားသော ခါလဒဲလူမျိုးတို့၏ ယဇ်ပုရောဟိတ်များနှင့် ပညာတတ်များ၏ဉာဏ်ပညာကို သင်ယူကြရမည်ဖြစ်သည်” ဟု ဖော်ပြထားသည်။ ဘုရင်ကျွေးသောအစားအစာများသည်လည်း မောရှေပညတ်ကတားမြစ်ထားသော စားသောက်ခြင်းဆိုင်ရာတားမြစ်ချက်များကို သူတို့အားချိုးဖောက်စေသည်။ သူတို့မည်သို့ရင်ဆိုင်ခဲ့ကြသနည်း။

၁၇ ဂျူးလူငယ်မင်းမှုထမ်းလေးဦးတို့၏ ပြောရေးဆိုခွင့်ရှိသူအနေနှင့် ဒံယေလက မိမိတို့၏သြတ္တပ္ပစိတ်ကိုဆန့်ကျင်ပြီးစားသောက်မည်မဟုတ်ကြောင်းကို အစမှနေ၍အသေးစိတ်ရှင်းပြခဲ့သည်။ (ဒံယေလ ၁:၈၊ ၁၁-၁၃) ယေဟောဝါသည် သူတို့၏ခိုင်မြဲသောရပ်တည်မှုကို ကောင်းချီးပေးတော်မူခဲ့ပြီး တာဝန်ခံဗာဗုလုန်အရာရှိ၏နှလုံးသားကို ပျော့ပျောင်းစေခဲ့သည်။ (ဒံယေလ ၁:၉၊ ၁၄-၁၆) ဤဟေဗြဲလူငယ်များ၏ မသင်မနေရသုံးနှစ်ကြာဗာဗုလုန်ယဉ်ကျေးမှုသင်ရိုးက ယေဟောဝါ၊ ကိုယ်တော့်စင်ကြယ်သောဝတ်ပြုရေးတို့နှင့် သူတို့၏ခိုင်မြဲသည့်ဆက်သွယ်မှုကို မပြတ်တောက်စေခဲ့ကြောင်း သူတို့လေးဦးလုံး၏နောက်ပိုင်းအသက်တာက သံသယကင်းစင်စွာသက်သေထူသည်။ (ဒံယေလအခန်းကြီး ၃ နှင့် ၆) ဤသုံးနှစ်ကြာ ဗာဗုလုန်အဆင့်မြင့်ပညာသင်ကြားမှုတွင် ကိုယ်စိတ်နှစ်ဖြာထိခိုက်ပျက်ပြားမှုမရှိအောင် သူတို့အားယေဟောဝါကူညီခဲ့သည်။ “ဘုရားသခင်သည် ထိုလုလင်လေးယောက်တို့အား အထူးထူးသောသိပ္ပံအတတ်ပညာတို့ကိုသိစေခြင်းငှာ ထိုးထွင်း၍နားလည်နိုင်သောဉာဏ်သတ္တိကို ပေးသနားတော်မူ၏။ ဒံယေလသည်လည်း ဗျာဒိတ်ရူပါရုံနှင့်အိပ်မက်ကို နားလည်နိုင်သောဉာဏ်ပညာနှင့်ပြည့်စုံ၏။ ရှင်ဘုရင်မေးတော်မူသမျှသောအတတ်ပညာကို ထိုလုလင်တို့သည် နိုင်ငံတော်၌ရှိသမျှသော မာဂုပညာရှိ၊ ဗေဒင်တတ်များထက် သာ၍ ဆယ်ဆတတ်ကြသည်ကို တွေ့မြင်တော်မူ၏။”—ဒံယေလ ၁:၁၇၊ ၂၀။

၁၈။ ဗာဗုလုန်အချုပ်အနှောင်မှလွတ်ပြီးနောက်ပိုင်း ယုဒနိုင်ငံတွင် မည်သည့်ပညာရေးစနစ်ကို ဆက်လက်ကျင့်သုံးခဲ့သနည်း။

၁၈ ဗာဗုလုန်အချုပ်အနှောင်မှလွတ်မြောက်ပြီးနောက်ပိုင်း “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှာလည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌သွန်သင်ခြင်းငှာလည်းကောင်း သဘောကျသောသူ” ဧဇရအားဖြင့် ပညာပေးအစီအစဉ်ဆက်လက်ပြုလုပ်ခဲ့သည်။ (ဧဇရ ၇:၁၀) ယင်းသို့ပြုရာတွင် “လူများတို့အား ပညတ္တိကျမ်းစာအနက်ကို ပြန်ကြား” ပြသော သစ္စာရှိလေဝိသားများ၏အကူအညီကို သူရရှိသည်။ (နေဟမိ ၈:၇) ဧဇရသည် ကျမ်းပညာရှင်နှင့် “ကျွမ်းကျင်သောကျမ်းကူးသူ”၊ သို့မဟုတ် ကျမ်းပြုဆရာဖြစ်ခဲ့သည်။ (ဧဇရ ၇:၆) သူ့အချိန်မှစ၍ ကျမ်းပြုဆရာများသည် အဖွဲ့လိုက်အနေနှင့်ထင်ရှားလာခဲ့သည်။

ရဗ္ဗိကျောင်းများ

၁၉။ မြေကြီးပေါ်သို့ယေရှုရောက်ခဲ့စဉ်က ဣသရေလနိုင်ငံတွင် မည်သည့်ပညာပေးသူအတန်းအစားများပေါ်ပေါက်လာခဲ့သနည်း။ ကိုယ်တော်နှင့်တပည့်တော်များသည် ဂျူးအဆင့်မြင့်ပညာသင်ကျောင်းများကို မတက်ရောက်ခဲ့ခြင်း၏ အရေးကြီးသောအကြောင်းများကား အဘယ်နည်း။

၁၉ ယေရှုမြေကြီးပေါ်ရှိခဲ့စဉ်က ကျမ်းပြုဆရာများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ထက် လူ့ထုံးတမ်းစဉ်လာများကိုပို၍လိုက်သော လက်ရွေးစဉ်အကျော်အမော်ဆရာသမားအတန်းစားဖြစ်လာခဲ့ကြသည်။ သူတို့သည် လေးစားကြည်ညိုဖွယ်ကောင်းသည့် “ကျွန်ုပ်၏ (ဂုဏ်အသရေရှိ) လူကြီးမင်း” ဟုအဓိပ္ပာယ်ရသော “ရဗ္ဗိ” ဟုအခေါ်ခံလိုကြသည်။ (မဿဲ ၂၃:၆၊ ၇၊ အောက်ခြေမှတ်ချက်) ခရစ်ယာန်ဂရိကျမ်းစာများတွင် ကျမ်းပြုဆရာများသည် အချို့သောသူများကိုယ်နှိုက်က ပညတ္တိကျမ်းဆရာများဖြစ်သော ဖာရိရှဲများနှင့်ဆက်နွယ်နေကြသည်။ (တမန်တော် ၅:၃၄) သူတို့၏ထုံးတမ်းစဉ်လာများနှင့် “ရှေးလူဟောင်းတို့ဆက်ခံသောနည်းဥပဒေသ” များအားဖြင့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အခြေမခိုင်အောင်လုပ်သည့် ထိုအဖွဲ့နှစ်ဖွဲ့လုံးအား ယေရှုအပြစ်တင်တော်မူခဲ့သည်။ (မဿဲ ၁၅:၁၊ ၆၊ ၉) ယေရှုနှင့်ကိုယ်တော့်တပည့်တော်အများစုတို့သည် ရဗ္ဗိကျောင်းများတွင် ပညာဆည်းပူးခဲ့ကြသူများမဟုတ်သည်မှာ အံ့ဩစရာမဟုတ်ပေ။—ယောဟန် ၇:၁၄၊ ၁၅။ တမန်တော် ၄:၁၃။ ၂၂:၃။

၂၀။ ကျမ်းစာခေတ်ကပညာပေးအစီအစဉ်များကို ပြန်လည်လေ့လာသုံးသပ်ခြင်းက ကျွန်ုပ်တို့အား ဘာကိုဖော်ပြပြီး ယေဟောဝါ၏ကျေးကျွန်များသည် ပညာရေးလိုအပ်ကြောင်း ဘာကဖော်ပြသနည်း။

၂၀ ကျမ်းစာခေတ်ကပညာရေးစနစ်ကို ဤသို့ရှုမြင်သုံးသပ်ခြင်းက ယေဟောဝါသည် မိမိ၏လူများအတွက် မဟာသွန်သင်ပြသပေးရှင်ဖြစ်ကြောင်းတင်ပြသည်။ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် မောရှေအားဖြင့် လိုလေသေးမရှိသည့်ပညာရေးစနစ်ကို ဖွဲ့စည်းပေးတော်မူခဲ့သည်။ သို့ရာတွင် အချိန်ကြာလာသောအခါ ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် ဆန့်ကျင်သောအရာများကိုသွန်သင်သည့် ဂျူးအဆင့်မြင့်ပညာရေးထွန်းကားလာခဲ့သည်။ ထိုဂျူးပညာသင်ကျောင်းများကို ယေရှုမတက်ခဲ့သော်လည်း ကိုယ်တော်သည် ပြိုင်ဘက်ကင်းသည့်ဆရာတစ်ဆူဖြစ်ခဲ့သည်။ (မဿဲ ၇:၂၈၊ ၂၉၊ ၂၃:၈။ ယောဟန် ၁၃:၁၃) မိမိ၏တပည့်တော်များအားလည်း အစီအစဉ်စနစ်၏နောက်ဆုံးရောက်သည့်အထိ သွန်သင်မှုပြုလုပ်ပေးရန် တာဝန်ပေးခဲ့သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ထိုသို့ပြုနိုင်ရန် သူတို့သည် ကောင်းသောဆရာများဖြစ်ရမည်ဖြစ်ပြီး ယင်းအတွက် ပညာကိုဆည်းပူးရန်လိုအပ်သည်။ ထို့ကြောင့် ယခုအခါတွင် စစ်မှန်သောခရစ်ယာန်တစ်ဦးသည် ပညာရေးကို မည်သို့ရှုမြင်သင့်သနည်း။ ဤမေးခွန်းကို နောက်ဆောင်းပါးတွင် သုံးသပ်စစ်ဆေးသွားမည်။

မှတ်ဉာဏ်စစ်ဆေးခြင်း

▫ ယေဟောဝါသည် မိမိ၏လူများကို ပညာပေးရန်စိတ်ဝင်စားတော်မူကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့်စိတ်ချနိုင်သနည်း။

▫ ဣသရေလလူမျိုး၏ပညာရေးစနစ်သည် အခြားလူမျိုးများနှင့် မည်သည့်အချက်များတွင် ခြားနားသနည်း။

▫ ဣသရေလကလေးသူငယ်များသည် မည်သည့်ပညာရေးကို လက်ခံရရှိခဲ့သနည်း။

▫ ဣသရေလနိုင်ငံတွင် မည်သည့်သင်ကြားမှုနည်းစနစ်ကိုအသုံးပြုခဲ့သနည်း။

▫ ယေရှုနှင့်တပည့်တော်များသည် အဘယ့်ကြောင့် ဂျူးအဆင့်မြင့်ပညာသင်ကျောင်းများကို မတက်ကြသနည်း။

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ဗာဗုလုန်မှမသင်မနေရပညာရေးသည် ဒံယေလနှင့်သူ့အဖော်များအား ယေဟောဝါကိုစွန့်ပယ်မသွားစေခဲ့ပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ