မည်ကဲ့သို့သောလူမျိုးကို သင်နှစ်မြို့သနည်း
“သတို့သမီးအလိုရှိသည်။ အသားဖြူဖြူ ပိန်ပိန်ပါးပါးဖြစ်ရမည်။ ဘွဲ့ရပြီးသူ သို့မဟုတ် ဘွဲ့လွန်ပညာသင်ကြားနေသူကို ဦးစားပေးမည်။ လူရတတ်အထက်တန်းလွှာမှဖြစ်ရမည်။ အလားတူအလွှာကို ဦးစားပေးမည်။”
အိန္ဒိယနိုင်ငံထုတ်သတင်းစာတစ်စောင်တွင် အိမ်ထောင်ဖက်ရှာခြင်းဆိုင်ရာ ကြော်ငြာဆန်းကို အထက်ပါအတိုင်းသင်ဖတ်ရပေမည်။ အခြားသောကမ္ဘာ့ဒေသများတွင် အလားတူအဖြစ်မျိုးကို သင်တွေ့နိုင်ဖွယ်ရှိသည်။ အိန္ဒိယနိုင်ငံတွင် သတို့သားလောင်း၏မိဘများက ထိုကြော်ငြာမျိုးကို ထုတ်ဆင့်လေ့ရှိသည်။ ယင်းကိုပြန်ကြားရာတွင် ဆာရီအနီရောင်ဝတ်ပြီး ရွှေငွေရတနာမြောက်မြားစွာဝတ်ဆင်ထားသော မိန်းကလေး၏ဓာတ်ပုံပါပေမည်။ ယောက်ျားလေး၏မိသားစုက သဘောကျလျှင် အိမ်ထောင်ပြုရန်ဦးတည်သည့်စေ့စပ်ပွဲစတင်လေတော့သည်။
တန်ဖိုး၏ယေဘုယျစံချိန်များ
အိန္ဒိယနိုင်ငံတွင် အသားဖြူသည့်သတို့သမီးတောင်းဆိုခြင်းသည် မဆန်းတော့ပေ။ အကြောင်းမှာ ဟိန္ဒူအသိုင်းအဝိုင်းတွင် ဇာတ်နိမ့်သူများဟုသတ်မှတ်ခံရသူများသည် အသားမဲသူများဖြစ်သည်ဟူသော အမြစ်တွယ်နေသည့်ယုံကြည်ခြင်းကြောင့်ဖြစ်သည်။ မကြာသေးမီက အိန္ဒိယရုပ်မြင်သံကြားအစီအစဉ်က တစ်ယောက်ကအသားဖြူပြီး ကျန်တစ်ယောက်ကအသားမဲသော မိန်းကလေးနှစ်ယောက်၏ဇာတ်လမ်းကို တင်ဆက်ခဲ့သည်။ အသားဖြူသောမိန်းကလေးသည် ရက်စက်ကြမ်းကြုတ်ပြီး သဘောထားယုတ်သူဖြစ်ကာ အသားမဲသောမိန်းကလေးက ကြင်နာတတ်ပြီးနူးညံ့သိမ်မွေ့သူဖြစ်သည်။ မှော်အတတ်ပညာအားဖြင့် အသားဖြူသောမိန်းကလေးသည် ပြစ်ဒဏ်ပေးခံရသည့်အနေနှင့် အသားမဲသွားပြီး အသားမဲသောမိန်းကလေးက ဆုချခံရသည့်အနေနှင့် အသားဖြူသွားသည်။ ဇာတ်လမ်း၏သင်ခန်းစာက အဆုံးတွင်ကောင်းမြတ်ခြင်းသည် အောင်ပွဲဆင်ကြောင်းထင်ရှားသော်လည်း အသားဖြူခြင်းသည် နှစ်မြို့ဖွယ်ဆုလာဘ်ဖြစ်ကြောင်း တင်ပြသည်။
ထိုလူမျိုးရေးနှင့်ဆိုင်သောအယူအဆများသည် ထင်သည်ထက် ပို၍အမြစ်တွယ်နေတတ်လေ့ရှိသည်။ ဥပမာ၊ အာရှတိုက်သားတစ်ဦးသည် အနောက်နိုင်ငံသို့သွားရောက်လည်ပတ်ရာတွင် မိမိ၏အသားအရောင်ကြောင့် သို့မဟုတ် မျက်လုံးစွေခြင်းကြောင့် မချေမငံဆက်ဆံခံရသည်ဟု သူမြည်တမ်းပေမည်။ ထိုအပြုအမူသည် သူ့အားစိတ်အနှောင့်အယှက်ဖြစ်စေပြီး သူ့တွင်ခွဲခြားခံရစိတ်ဖြစ်ပေါ်လာပေမည်။ သို့သော် သူ့ဇာတိဒေသသို့ပြန်ရောက်သောအခါ သူနှင့်မတူသောအခြားလူမျိုးအုပ်စုကို ထိုနည်းအတိုင်းသူဆက်ဆံပေမည်။ ယခုအချိန်၌ပင်လျှင် လူတစ်ဦးက အခြားလူတစ်ဦး၏တန်ဖိုးကို အဆုံးအဖြတ်ပေးရာတွင် အသားအရောင်နှင့်လူမျိုးရေးနောက်ခံတို့သည် အဓိကကျသည့်အချက်အဖြစ်ပါဝင်နေသည်။
“ငွေမူကား အရာရာ၌နိုင်တတ်၏” ဟု ရှေးခေတ်က ဘုရင်ရှောလမုန်ရေးသားခဲ့သည်။ (ဒေသနာ ၁၀:၁၉) မှန်လိုက်လေခြင်း။ စည်းစိမ်ချမ်းသာသည်လည်း လူများ၏အမြင်ကို အကျိုးသက်ရောက်တတ်သည်။ မည်သည့်နည်းဖြင့်ကြီးပွားချမ်းသာသည်ကို မေးခွန်းထုတ်ခဲ့ကြသည်။ လူတစ်ဦးသည် အလုပ်ကြိုးစားသောကြောင့် သို့မဟုတ် ဂရုတစိုက်စီစဉ်ကြပ်မတ်မှုကြောင့် သို့မဟုတ် မရိုးသားမှုကြောင့် ကြီးပွားချမ်းသာလာသလောဟူသည် အရေးမကြီးပါ။ စည်းစိမ်ချမ်းသာသည် တရားသဖြင့်ရသည်ဖြစ်စေ၊ မတရားသဖြင့်ရသည်ဖြစ်စေ စည်းစိမ်ရှင်ကို လူအများအထင်ကြီးနှစ်မြို့စေသည်။
ဤအပြိုင်အဆိုင်လောကတွင် အဆင့်မြင့်ပညာရေးသည်လည်း အလွန်အထင်အမြင်ကြီးစရာတစ်ခုဖြစ်သည်။ ကလေးငယ်တစ်ဦးမွေးဖွားလာသည်နှင့်တစ်ပြိုင်နက် သူ၏မိဘများသည် သူ့ပညာရေးအတွက် ငွေကြေးအမြောက်အမြားစတင်စုဆောင်းရန် လှုံ့ဆော်ခံရတော့သည်။ ကလေးအသက်နှစ်နှစ်သုံးနှစ်ရောက်လာသောအခါ တက္ကသိုလ်ဘွဲ့ရသည်အထိ ရှည်လျားသောပညာသင်ခရီးအတွက် ဦးဆုံးခြေလှမ်းဖြစ်သည့် ကောင်းသောကလေးထိန်းကျောင်း သို့မဟုတ် မူကြိုကျောင်းကိုထားရန်အတွက် ဗျာများကြရပြန်သည်။ ဂုဏ်ရှိသောဒီပလိုမာဘွဲ့များသည် အခြားသူများ၏နှစ်မြို့မှုနှင့် လေးစားမှုကိုဖြစ်စေသည်ဟု အချို့လူများကယူဆဟန်ရှိသည်။
အသားအရောင်၊ ပညာရေး၊ ငွေကြေး၊ လူမျိုးရေးနောက်ခံ—ယင်းတို့သည် လူတစ်ဦးက အခြားသူများကို ဆုံးဖြတ်သည့် သို့မဟုတ် စွဲလမ်းယူမှတ်သည့်စံချိန်ဖြစ်လာသည်။ ယင်းတို့က သူတို့မည်သူအားမျက်နှာသာပေးပြီး မည်သူအားမနှစ်မြို့ကြောင်းကို အဆုံးအဖြတ်ပေးသည့်အကြောင်းရင်းများဖြစ်ကြသည်။ သင်ကောမည်သူ့ကိုနှစ်မြို့သနည်း။ ငွေဂုဏ်ရှိသူ၊ အသားဖြူသူ သို့မဟုတ် အဆင့်မြင့်ပညာတတ်သူသည်သာ နှစ်မြို့မှုနှင့်ရိုသေလေးစားမှုပို၍ခံရထိုက်သည်ဟု သင်ယူမှတ်သလော။ သို့ဆိုလျှင် သင်ထိုသို့ယူဆရသည့်အကြောင်းရင်းကို လေးလေးနက်နက်ပြန်သုံးသပ်ရန်လိုအပ်ပေသည်။
ယင်းတို့သည် တော်မှန်သောစံချိန်များလော
Hindu World စာစောင်က “ဇာတ်နိမ့်သူများထဲကတစ်စုံတစ်ယောက်သည် ပုဏ္ဏားတစ်ဦးကိုသတ်သည်ဆိုလျှင် ထိုသူသည် သေသည်အထိ နှိပ်စက်ညှဉ်းဆဲခြင်းကိုခံရမည်ဖြစ်ပြီး သူ၏ပစ္စည်းဥစ္စာအားလုံး မင်းဘဏ္ဍာအဖြစ်သိမ်းကာ သူ၏စိုးလ်သည်လည်း ထာဝရပြစ်တင်ခံရပေမည်။ တစ်ဦးတစ်ယောက်ကိုသတ်သောပုဏ္ဏားတစ်ယောက်မူ ဒဏ်ငွေသာဆောင်ရပြီး ဘယ်တော့မျှသေဒဏ်စီရင်ခြင်းမခံရပေ” ဟုမှတ်သားဖော်ပြထားသည်။ ယင်းစာအုပ်သည် ရှေးခေတ်ကအကြောင်းကိုပြောဆိုထားသော်လည်း ယခုခေတ်ကောမည်သို့ရှိသနည်း။ ဤ ၂၀ ရာစုအတွင်း၌ပင်လျှင် လူမျိုးရေးငဲ့ကွက်မှုနှင့် အမျိုးတူဘာသာတူသူလူစုများတစ်ခုနှင့်တစ်ခုစပ်ကြား တင်းမာမှုများကြောင့် သွေးချောင်းစီးခဲ့ရသည်။ ယင်းသည် အိန္ဒိယနိုင်ငံတစ်ခုတည်းတွင် ဖြစ်နေခြင်းမဟုတ်ပါ။ မုန်းတီးမှုနှင့်အကြမ်းဖက်မှုများကို စဉ်ဆက်မပြတ်တိုးတက်ဖြစ်ပေါ်စေသော တောင်အာဖရိကတွင်လူဖြူလူမဲခွဲခြားရေးဝါဒ၊ အမေရိကန်နိုင်ငံတွင်လူအမျိုးအနွယ်ဆိုင်ရာငဲ့ကွက်မှု၊ ဘော်လ်တစ်တွင်လူမျိုးရေးခွဲခြားမှုများ—ယင်းတို့အားလုံးသည် မွေးရာပါသာလွန်မြင့်မြတ်မှုအယူအဆကြောင့် ဖြစ်ရခြင်းဖြစ်သည်။ လူမျိုး သို့မဟုတ် အသားအရောင်ကြောင့် လူတစ်ဦးအားအခြားတစ်ဦးထက်သာ၍မျက်နှာသာပေးခြင်းသည် ကောင်းကျိုးနှင့်ငြိမ်သက်မှုကို မဖြစ်ထွန်းစေသည်မှာ သေချာပါသည်။
စည်းစိမ်ဥစ္စာကောမည်သို့နည်း။ လူအချို့တို့သည် ရိုးသားစွာကြိုးစား၍ ကြီးပွားချမ်းသာလာကြသည်မှာ ဆိုဖွယ်မရှိပါ။ သို့သော် ဒုစရိုက်လောကမှရာဇဝတ်ကောင်များ၊ မှောင်ခိုကုန်သည်များ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများ၊ တရားမဝင်လက်နက်ရောင်းဝယ်သူများစသည်တို့သည် ကျိကျိတက်ချမ်းသာကြွယ်ဝနေကြသည်။ ထိုသူများမှအချို့တို့သည် အလှူဒါနအဖွဲ့များ သို့မဟုတ် ဆင်းရဲသားများအားကူညီထောက်ပံ့ရေးအသင်းများသို့ လှူဒါန်းကြပေမည်။ သို့သော် သူတို့ကျူးလွန်သောရာဇဝတ်မှုများက မရေမတွက်နိုင်သောလူများစွာတို့အား ဆင်းရဲဒုက္ခနှင့်သောကဝေဒနာတို့၏သားကောင်ဘဝသို့ရောက်စေသည်။ ပြောရမည်ဆိုလျှင် လာဘ်စားသူများ သို့မဟုတ် သင်္ကာမကင်းဖွယ်လုပ်ငန်းများတွင်ပါဝင်သူများသည် သူတို့ထုတ်လုပ်သည့်အရာ သို့မဟုတ် လုပ်ဆောင်မှုတို့သည် ညံ့ဖျင်း၍ ပျက်ကွက်လာလျှင် ပျက်စီးဆုံးရှုံးမှု၊ ထိခိုက်နစ်နာမှုနှင့် သေဆုံးမှုများကိုဖြစ်စေနိုင်သည်။ အမှန်မှာ စည်းစိမ်ချမ်းသာကြွယ်ဝမှုကိုယ်နှိုက်သည် နှစ်မြို့မှုကိုအဆုံးအဖြတ်ပေးရန် အခြေအမြစ်မဟုတ်ပါ။
ပညာရေးကောမည်သို့နည်း။ လူတစ်ဦး၏အမည်နောက်တွင်ရှိသော ဘွဲ့ဒီကရီတသီတတန်းကြီးက ထိုသူသည် ရိုးသား၍ဖြောင့်မတ်မှန်ကန်သူဖြစ်ကြောင်း အာမခံပေးပါသလော။ ယင်းက သူသည် မျက်နှာသာပေးခံရသင့်သည်ဟု ဆိုလိုပါသလော။ ပညာရေးသည် လူတစ်ဦးအား အမြင်ကျယ်စေပြီး မိမိတို့၏ပညာကို အများကောင်းကျိုးအတွက်အသုံးပြုသူအချို့တို့သည် လေးစားဂုဏ်ပြုခံထိုက်သည်ဟုယူမှတ်နိုင်သည်။ သို့သော် လူ့ရာဇဝင်တွင် ပညာတတ်လူတန်းစားများ၏ခေါင်းပုံဖြတ်ခြင်းနှင့် ဖိစီးနှိပ်ကွပ်ခြင်းများကိုခံရကြသော လူများအကြောင်း အလျှံပယ်တွေ့ရသည်။ ယနေ့တက္ကသိုလ်နှင့်ကောလိပ်များတွင် ဖြစ်ပျက်နေသည်များကို သုံးသပ်ကြည့်ပါဦး။ ကျောင်းနယ်မြေဒေသများသည် မူးယစ်ဆေးဝါးအလွဲသုံးခြင်းနှင့် လိင်ဆိုင်ရာကူးစက်ရောဂါများဖြင့် ဘေးသင့်နေပြီး ကျောင်းသားများစွာတို့သည် ငွေကြေး၊ အာဏာ၊ ကျော်ကြားမှုစသည်တို့သက်သက်အတွက် ကျောင်းတက်ကြခြင်းဖြစ်သည်။ လူတစ်ဦး၏ပညာရေးတစ်ခုတည်းက ထိုသူ၏စာရိတ္တကိုအမှန်ဖော်ပြသည့် စိတ်ချနိုင်သောညွှန်တံဖြစ်ဖို့ဝေးလေစွ။
အသားအရောင်၊ ပညာရေး၊ ငွေကြေး၊ မျိုးနွယ်ဆိုင်ရာနောက်ခံ သို့မဟုတ် အလားတူအခြားအကြောင်းများသည် လူတစ်ဦး၏တန်ဖိုးမှန်ကိုအဆုံးအဖြတ်ပေးရန် ခိုင်လုံသောအခြေအမြစ်များမဟုတ်ကြပါ။ အခြားသူများ၏နှစ်မြို့မှုကိုခံရရန် ဤအရာများအပေါ်အာရုံစိုက်နေခြင်းကို ခရစ်ယာန်များမလုပ်သင့်ပါ။ သို့ဆိုလျှင် လူတစ်ဦးသည် မည်သို့ယူမှတ်ခံရသင့်သနည်း။ မည်သည့်စံချိန်များအားဖြင့် အဆုံးအဖြတ်ခံရသင့်သနည်း။